no

Font
Theme

ဆင်းရဲသောအသိုင်းအဝိုင်းမှ အမျိုးသမီးများအတွက်တော့ လှပမှုမှာ အဆိပ်အတောက်တစ်ခုပင်။ ထိုအရာကြောင့် ဒုက္ခများလာနိုင်၏။ ထို့ကြောင့် ထိုကလေးမလေးကို ယုံကြည်စိတ်ချရသောနေရာသို့ ဘီလ် ပို့ထားလိုခြင်းဖြစ်သည်။ မိဘမဲ့ဂေဟာက ကလေးများ၏ဘဝကို ဖျက်ဆီးသည့်နေရာဟု သူ ယုံကြည်ထားသည့်အတွက် ထိုနေရာကတော့ လုံခြုံသည့်နေရာမဟုတ်ပေ။


စိတ်ပျက်စရာလောကကြီး။ စိတ်ပျက်စရာလူတွေ။


ဘီလ်တစ်ယောက် ကလေးမလေးကို သူ့ဆီသို့ စောင့်ရှောက်ရန်ပို့လိုက်သူများအား ဆဲဆိုပြီးနောက် ကျန်နေသေးသောအရက်များကို ဆက်သောက်လိုက်သည်။ အနှီစိတ်သောကရောက်စရာများ ဘီလ် ရမ်မာ၏ဘဝထဲသို့ အဘယ့်ကြောင့်ရောက်လာသည်ကို သိရန်ခက်ခဲလှသည်။ ပန်းပင်များ၊ သစ်ပင်များနှင့်သာ ပြည့်နှက်နေခဲ့သော သူ၏ဘဝလေး ပြန်လည်ရောက်ရှိလာဖို့ကိုသာ သူမျှော်လင့်မိသည်။


"ဦး။ သမီး ငွေရှာနိုင်ရင် ငွေသုံးဖို့အတွက်လည်း ရှက်စရာမလိုဘူးမလား။"


သူ(မ)၏အစားအသောက်များကို စားနေရင်း လေလာက မေးလိုက်သည်။


"ဒါပေါ့။ မင်း လိုချင်တာရှိလို့လား။"


"သမီးရဲ့ မှတ်စုစာအုပ်ကုန်သွားပြီမို့ အသစ်တစ်အုပ် ဝယ်ချင်လို့ပါ။"


"ဝယ်လိုက်လေ။"


"သမီး ရောင်စုံခဲတံတွေရော ဝယ်နိုင်မယ်ထင်လား။"


"ရတာပေါ့။"


"ဦး လိုချင်တာရောရှိသေးလား။"


"ဘာလို့လဲ။ ဦးအတွက်လည်း တစ်ခုခုဝယ်ပေးမလို့လား။"


"ဟုတ်။"


"ဦးက အရမ်းစျေးကြီးတဲ့အရာတွေကို လိုချင်ရင် မင်းဘယ်လိုလုပ်မလဲ။"


လေလာ၏မျက်နှာအမူအရာက တည်တံ့သွား၏။ ထိုမိန်းကလေး အတည်ပေါက်တွေးတောလိုက်တိုင်း သူ(မ)၏ မျက်လုံးအိမ်များက ပို၍ကျယ်လာပြီး နက်မှောင်လာကာ ပို၍ချစ်စရာကောင်းလာစေခဲ့သည်။


ဘီလ် ကလေးမလေး၏ခွက်ထဲသို့ ပန်းသီးဖျော်ရည်ထည့်ပေးရင်း ရယ်မောလိုက်သည်။


လေလာလည်း ခွက်ကိုမြှောက်ကာ ခွက်ချင်းတိုက်ရန် ဘီလ်ကိုပြောလိုက်သည်။ ဘီလ်ကလည်း သူ့ခွက်ကိုမြှောက်၍ ကလေးမလေး၏ခွက်နှင့် တိုက်လိုက်သည်။ ထို့နောက် လေလာတစ်ယောက် ဖျော်ရည်ကို တစ်ခါတည်းနှင့်ကုန်အောင်သောက်ပစ်လိုက်၏။


ကလေးမလေးထံတွင် သူ၏သောက်တတ်သည့်အကျင့်မျိုး ကူးစက်သွားမည်ကို ဘီလ် စိတ်ပူလာမိသည်။


လေလာ အရက်သမားဖြစ်လာမည်ဟူသောအတွေးကြောင့် ဘီလ် ခေါင်းယမ်းလိုက်၏။


ဒါကို ဒီနေ့တစ်ရက်ပဲ ခွင့်ပြုတာပါ။


ဘီလ် သူ့ကိုယ်သူ ဖျောင်းဖျလိုက်ခြင်းပင်။


ရှည်ကြာလှသောနေ့ရက်များက တရွေ့ရွေ့ကုန်ဆုံးနေပြီး ထိုနေ့ရက်ရှည်များတွင် ဘီလ်တစ်ယောက် လေလာ့ကိုမမွေးစားနိုင်သော အကြောင်းပြချက်နှင့် သူ(မ)ကိုပို့ရမည့်နေရာအား စဉ်းစားနေခဲ့သည်။


လေလာဟူသော ချစ်စရာကောင်းသည့် ဒုက္ခအိုးလေးက သူ၏ဘဝထဲ ရုတ်တရက်ရောက်လာခဲ့၏။


ဘီလ်၏ အဆုံးမရှိသော တွေးတောမှုများအတွင်းမှာ လေလာတစ်ယောက် ကြီးထွားလာခဲ့သည်။


လေလာ့အတွက် ဘီလ်ဝယ်ပေးထားသော အဝတ်အစားသစ်များက တိုသွားခဲ့ပြီး နို့နှစ်လိုဖြူဖွေးနေသော သူ(မ)၏ခြေသလုံးများတောင် ပေါ်နေလေပြီ။ လေလာအတွက် ပြင်ပေးထားသော ဂိုထောင်ကဲ့သို့အခန်းမှာလည်း ယခု အမျိုးသမီးတစ်ယောက်၏ အခန်းအသွင် ပြောင်းလဲသွားပြီဖြစ်၏။ တောအုပ်ထဲတွင် ပတ်သွားနေတတ်သော ကလေးမလေးက ယခုဆို သိမ်မွေ့သောခြေလှမ်းများဖြင့် လမ်းလျှောက်နေတတ်သော အရွယ်ရောက်ပြီးမိန်းမပျိုလေးအသွင် ပြောင်းလဲလာခဲ့ချေပြီ။


ဘီလ်က ထိုင်ခုံတွင်ထိုင်နေပြီး စူးစမ်းလိုသည့်အကြည့်ဖြင့် လေလာကိုကြည့်လိုက်သည်။ ခြင်းတောင်းထဲတွင် ရက်စ်ဘယ်ရီသီးများ အပြည့်ထည့်ထားသော မိန်းကလေးငယ်က ဘီလ်ကို လက်ဝှေ့ယမ်းပြလာ၏။


"ဦး။ ဒီနေ့ အစောကြီးပြန်ရောက်နေတာပဲ။"


လေလာက ကခုန်နေသကဲ့သို့ ပေါ့ပါးသောခြေလှမ်းများဖြင့် ပြေးလာခဲ့သည်။ ဆွဲဆောင်မှုရှိသော သူ(မ)၏ရွှေရောင်ဆံပင်များကို ကျစ်ဆံမြီးတစ်ချောင်းကျစ်ထားပြီး ကောက်ရိုးဦးထုပ်၏အောက်မှာ လှုပ်ယမ်းနေလေ၏။ မိန်းကလေးငယ်၏ နီရဲနေသောပါးနှစ်ဖက်မှာ ဘီလ်စိုက်ပျိုးထားသော နှင်းဆီပန်းလေးများကဲ့သို့ လန်းဆန်းနေသည်။


"မင်း တောထဲသွားခဲ့ပြန်ပြီထင်တယ်။"


"ဟုတ်။ ဒီမှာလေ၊ ကောင်းကောင်းခူးလာနိုင်ခဲ့တယ်ဟုတ်?"


လေလာတစ်ယောက် ဂုဏ်ယူစွာဖြင့် သူ(မ)၏ခြင်းတောင်းကို မပြလာသည်။


"မနက်ဖြန်လည်း နည်းနည်းသွားခူးဦးမယ်။ သမီး ရက်စ်ဘယ်ရီယိုလုပ်မလို့။"


"မင်း စီးပွားရေးတစ်ခုခု လုပ်မလို့လား။"


"ဒါကလည်း မကောင်းတဲ့အကြံတော့ မဟုတ်ပါဘူး။"


လေလာက တောက်ပစွာပြုံးလိုက်ပြီးနောက် ဘီလ်၏ဘေးရှိခုံတစ်ခုံမှာ ဝင်ထိုင်လိုက်၏။ ထိုနေရာတွင် ထိုင်ခုံနှစ်ခုံရှိနေသည်ကို ဘီလ် ရုတ်တရက်ဆိုသလို သတိထားမိသွားသည်။ ထိုင်ခုံနှစ်ခုံတည်းသာမဟုတ်။ သူ မသိလိုက်ခင်မှာပင် အိမ်ငယ်လေးထဲမှအရာအားလုံးက နှစ်ယောက်စာဖြစ်သွားခဲ့သော်လည်း လေလာ့ကိစ္စကို ဘာဆက်လုပ်ရမည်အား ဘီလ် ယခုအချိန်ထိ မဆုံးဖြတ်နိုင်သေးပေ။


ခြင်းတောင်းကို ကြမ်းပြင်ပေါ်ချကာ လေလာ မက်မွန်သီးတစ်လုံးကို မွှေနှောက်ရှာလိုက်သည်။ ထို့နောက် မက်မွန်သီးကို ဘီလ်ထံပေးလိုက်၏။ ဘီလ်က ထိုမက်မွန်သီးကိုယူကာ အလယ်ကနေခွဲလိုက်ပြီး ပိုကောင်းသောအခြမ်းအား လေလာကို ပေးလိုက်သည်။


နှစ်ဦးသား ဘေးချင်းကပ်ထိုင်ကာ မက်မွန်သီးစားနေရင်း တောအုပ်အား ကြည့်နေခဲ့ကြ၏။ သစ်ရွက်များ အချင်းချင်းပွတ်တိုက်သံနှင့် ငှက်ကလေးများ၏အော်သံမှာ လေလာ၏အသံကဲ့သို့ ကြည်လင်ပြတ်သားနေသည်။


"နွေရာသီ ရောက်လာပြန်ပြီပဲ။"


ဘီလ် တိတ်တဆိတ်ရေရွတ်လိုက်သည်။ လေလာက တိတ်ဆိတ်သောအပြုံးဖြင့် ဦးထုပ်ချွတ်ကာ လက်ဆန့်လိုက်သည်။ သားရေလွယ်အိတ်ဟောင်းက လေလာ၏ဒူးပေါ်ကျသွားသည်အား မြင်လိုက်ရသောအခါ ဘီလ် ရယ်မောလိုက်မိသည်။ ၎င်းက သူ(မ)ရောက်လာသည့်နှစ်တွင် သူပေးခဲ့သည့် ပထမဆုံးအရာပင်။


"အဲ့ဒီ ဟောင်းနေတဲ့အိတ်ကြီးကို မစုတ်မချင်း သယ်သွားနေဦးမှာလား။"


"အဲ့ဒါက သက်တောင့်သက်သာရှိလို့ သမီးသဘောကျတယ်။ ပြီးတော့ အသုံးဝင်နေသေးတာပဲလေ။"


လေလာလည်း အိတ်ကိုကိုင်ကာ လှုပ်ပြလိုက်သည်။ အထဲမှ လှုပ်နေသောအသံများကို ဘီလ် ခန့်မှန်းကြည့်နိုင်ပေ၏။ ခဲတံထည့်သည့်သံဘူး၊ အိတ်ဆောင်ဓား၊ မှတ်စုစာအုပ်အဟောင်းများ၊ လှပသောငှက်မွေးနှင့် ပန်းပွင့်ချပ်များ၊ တချို့သောကိစ္စများတွင် သူ(မ)က ပြောင်းလဲမသွားခဲ့ပေ။


ဤသည်မှာ ပုံမှန်ညနေခင်းဖြစ်သည်။


လေလာက နေလှန်းထားသည့်အဝတ်များကို သွားသိမ်းနေချိန်တွင် ဘီလ်က ထင်းခွဲနေလိုက်၏။ သူ(မ) အစွမ်းအစအပြည့်နှင့် ညစာပြင်နေရင်း ကြက်များနှင့် ဆိတ်များကို အစာကျွေးရန်လည်း မမေ့ခဲ့ပေ။ နှစ်ဦးသား စားပွဲခုံမှာမျက်နှာချင်းဆိုင်ထိုင်လိုက်ချိန်မှာတော့ နေဝင်သွားခဲ့လေပြီ။


"မနက်ဖြန် ကိုင်းလ် လာလိမ့်မယ်။ သမီးတို့ စာအတူလုပ်ပြီး ညစာစားကြမှာ။ အဆင်ပြေတယ်မလား။"


အနံမွှေးကြိုင်နေသော ဟင်းပွဲများကို ချလိုက်ရင်း လေလာ မေးလိုက်သည်။


"သူ့အိမ်မှာ ကောင်းကောင်းကျွေးထားနိုင်တဲ့ ချမ်းသာတဲ့အဖေရှိနေတာကို ဘာလို့အဲ့ကောင်က ငါ့အိမ်ကိုပဲလာနေရတာလဲ။"


"ဦး သူ့ကိုဒီလိုပြောနေပေမဲ့ သူ့ကိုသဘောကျတယ်မလား။"


"ကံမကောင်းစွာနဲ့ပဲပေါ့။"


ဘီလ်က နှာမှုတ်လိုက်သည်။ လေလာ ရယ်မောကာဖြင့် ခွက်တစ်ဝက်ဖြည့်ထားသောအရက်ခွက်ကို သူ့ရှေ့ချပေးလိုက်၏။


"ဘာလဲ။ ဘာလို့ အပြည့်မဖြစ်ရတာလဲ။"


"ဦးရဲ့ ကျန်းမာရေးအတွက် ဒါကိုဖြတ်ရမယ်။"


"ဟိုအစားကြူးတဲ့အက်တ်မန် ပြောလိုက်တာလား။"


"ဦးလေး!"


"ဘာမှအသုံးမကျတဲ့အကောင်။"


ဘီလ်က ကြိမ်းဝါးလိုက်လေ၏။ သို့သော် လေလာ၏စကားကိုတော့ မဆန့်ကျင်ခဲ့ပေ။


~~~~


ညစာစားပြီးချိန်မှာ ညနက်သွားပြီဖြစ်သည်။ လေလာ စားပွဲကိုရှင်းလင်းလိုက်ပြီးနောက် ရေချိုးကာ အခန်းသို့ပြန်လာခဲ့သည်။ သူ(မ) အိပ်ချင်နေသော်လည်း ခုံပေါ်ရှိမီးအိမ်ကိုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ စာမေးပွဲ နီးကပ်လာလေပြီ။ သူ(မ)၏ ပျော်ရွှင်စရာနွေရာသီအားလပ်ရက်က ထိုစာမေးပွဲအပေါ် မူတည်နေ၏။


ညလယ်တွင် ငှက်များအော်နေသောအသံက လေနှင့်အတူ လွင့်မျောလာခဲ့သည်။ စာရွက်ပေါ်တွင် အမှတ်ခြစ်နေသောသူ(မ)၏ခဲတံမှအသံက ထိုအသံများနှင့် ရောနှောသွားလေ၏။


အချိန်အတော်ကြာတဲ့အထိ စာလေ့လာခြင်းကို အာရုံစိုက်နေခဲ့သော လေလာတစ်ယောက် ခဲတံကိုလွှတ်လိုက်ရတော့သည် - မျက်လုံးများ ဝေဝါးလာခြင်းနှင့်အတူ ၎င်းကြောင့် ခေါင်းကိုက်လာသောကြောင့်ပင်။ နဂိုကတည်းက အမြင်အာရုံကောင်းမွန်မနေခဲ့ဘဲ ယခု ပို၍ဆိုးဝါးလာခဲ့၏။ သူ(မ) ငယ်ငယ်လေးကတည်းကပင် ကောင်းကောင်းမြင်ရဖို့အရေး မျက်လုံးများမှေးကျဥ်း၍ ကြည့်ခဲ့ရသည်။


မီးအိမ်ကိုပိတ်ကာ လေလာတစ်ယောက် ခုတင်ပေါ်လှဲလိုက်သည်။ လေလာ သူ(မ)နှင့်အဆင်ပြေမည့် မျက်မှန်တစ်လက်ကို ဝယ်ချင်နေခဲ့၏။


'ရက်စ်ဘယ်ရီယို ဘူးနှစ်ဆယ်။ ဟင့်အင်း၊ ဘူးသုံးဆယ်မှရမှာလား။'


မည်သို့ပင်ဆိုစေ၊ ရနိုင်ဖို့အတွက် အဝေးကြီးလိုနေသေးသည်။


သူ(မ)၏ပြဿနာကို ဦးလေးဘီလ်အား ပြောပြလိုက်ပါက အဆင်ပြေသွားမည်ဆိုသော်လည်း သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမည်ကို လေလာ စိတ်ပူမိ၏။ သူက သူ(မ)ကို အများကြီးထောက်ပံပေးထားပြီးဖြစ်ရာ ပြန်မပေးနိုင်မည်ကို သူ(မ) စိုးရိမ်နေခဲ့သည်။


သူ(မ)ကို ကျောင်းထားပေးမည်ဟု သူပြောလာသောနေ့မှာ လူအများက သူ့ကိုရယ်မောခဲ့ကြသည်။ မိဘမဲ့ကလေးတစ်ယောက်ကို ကျောင်းထားပေးခြင်းက အကျိုးမရှိဟု ၎င်းတို့က ပြောခဲ့ကြ၏။ သူ(မ)ကြီးလာလျှင် ဟာဟက်ဒ်မိသားစုတွင် အိမ်ဖော်ဖြစ်လာမည်ဟုလည်း ၎င်းတို့က ပြောခဲ့ကြသည်။ သို့သော် ဘီလ်က ဆုံးဖြတ်ချက်ခိုင်မာသူပင်။ သူ လေလာ့ကို နေ့တိုင်းပြောတတ်သည်က 'လေလာ၊ မင်းက သိပ်ကိုတော်တဲ့ လူကြီးတစ်ယောက်ဖြစ်လာတော့မှာ။'


လေလာ မျက်လုံးမှိတ်လိုက်သည်နှင့် ခေါင်းကိုက်ပျောက်သွားခဲ့သည်။ လေလာ အိပ်ချင်နေသော်လည်း သူ(မ) အိပ်ဖို့ကြိုးစားလေလေ သူ(မ)၏စိတ်က ပို၍ကြည်လင်လာလေလေပင်။ ပုံမှန်အတိုင်းပဲ သူ(မ)၏စိတ်ထဲ အတွေးများစွာ ပြည့်လာခဲ့သည်။


ငှက်များ ဆောင်းခိုပြန်လာခြင်း။ နွေရာသီ အစီအစဉ်များ။ နေ့စဉ်သတင်းစာမှ လျှို့ဝှက်ဆန်းကြယ်ဝတ္ထု၏ လက်သည်တရားခံ။ ပြီးတော့ မြို့စားဟာဟက်ဒ်။


ထိုနာမည် သူ(မ)စိတ်ထဲဝင်လာသည်နှင့် လေလာ မျက်လုံးဖွင့်လိုက်၏။ ရင်းနှီးနေသော အမှောင်ထုနောက်တွင်ပြတင်းပေါက်၏အလွန်မှ မြင်ကွင်းကို သူ(မ)မြင်နိုင်ပေသည်။


အနည်းငယ်လှုပ်ခါနေသောသစ်ကိုင်းများ၊ ထိုသစ်ကိုင်းများ၏အလွန်တွင် ကြယ်ရောင်လရောင်ဖြင့် လှပနေသောညကောင်းကင်ယံကြီး။


အဝေးမှ ဝေဝေဝါးဝါး အဖြူရောင်အလင်းများကို မြင်လိုက်ရသောအခါ လေလာ အသက်ရှူနှုန်းမြန်ဆန်လာ၏။


ကောလိပ်မှဘွဲ့ရပြီးပြီဖြစ်သော မြို့စားကြီးက မိသားစုဓလေ့အရ တော်ဝင်စစ်ရေးသင်တန်းဆင်းပြီးနောက်တွင် တပ်ထဲ၌ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရသည်။ သူက နိုင်ငံရပ်ခြားတွင် ရှေ့တန်းတာဝန်ကိစ္စများ သွားနေရသည့်အတွက် အိမ်တော်သို့ပြန်မလာသည်မှာ နှစ်အနည်းငယ်ကြာနေလေပြီ။ ထိုအချိန်များက လေလာနှင့် တောအုပ်ထဲမှငှက်ကလေးများအတွက် အေးချမ်းသောအချိန်လည်းဖြစ်ခဲ့သည်။


သို့သော် ယခုနွေရာသီ၌ သူပြန်လာတော့မည်။


အာဗစ်၏သခင် မြို့စားဟာဟက်ဒ်။


...


TN: ဒါက ဆယ့်နှစ်နှစ်အရွယ်လေလာရဲ့အဆုံးသတ်ပါ!


အခု မြို့စားပြန်ရောက်လာပြီး လေလာလည်း အရွယ်ရောက်လာပြီမို့ ဇာတ်လမ်းအစစ်အမှန်က စတင်တော့မှာပါ။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment