ကလာရ်ဒင်းက သူ(မ)၏မေးစေ့ကိုလက်ထောက်ရင်း သက်ပြင်းချလိုက်၏။ ကွေးညွတ်နေသော သူ(မ)၏ အညိုရောင်ဆံပင်များက သူ(မ)သက်ပြင်းချလိုက်သောကြောင့် လှုပ်ခါသွားခဲ့သည်။
မြို့စားကတော်ဘရန့်ဒ်က သူ(မ)၏သမီးကို ကြည့်လိုက်၏။
"ကလာရ်ဒင်း အမျိုးသမီးတစ်ယောက်လို ပြုမူစမ်းပါ။"
မြို့စားကတော်၏ ဆုံးမစကားများထဲမှာ စိတ်မရှည်သည့်လေသံတို့ ပို၍ကြီးထွားလာသည်။ ကလာရ်ဒင်းကို အမျိုးသမီးဟုခေါ်ရန် ငယ်သေးသော်လည်း သူ(မ)က သိပ်မကြာခင်မှာ အာဗစ်၏ မြို့စားကတော်ဖြစ်လာမည့်သူပင်။ ကလာရ်ဒင်း၏မိခင်က သူ(မ)သမီး၏ မရင့်ကျက်သောအပြုအမူကြောင့် သက်ပြင်းချနေမိသည်။
"ဒါပေမဲ့ သမီး အရမ်းပျင်းတယ်။"
ကလာရ်ဒင်းက ညည်းတွားလိုက်သည်။ လက်ဖက်ရည်ဝိုင်းမှာ လက်ဖက်ရည်သောက်နေကြသည့် အခြားသောဂုဏ်သရေရှိအမျိုးသမီးများက စိတ်တိုနေဟန်ပေါ်သော ဆံပင်အညိုရောင်နှင့်မိန်းကလေးကို စိုက်ကြည့်နေကြသည်။
"ဒါဆို သမီးရဲ့ ဝမ်းကွဲမောင်နှမတွေနဲ့သွားကစားလေ။"
မြို့စားကတော်ဘရန့်ဒ်က ဒေါသထွက်လာသဖြင့် မျက်နှာကြီးနီရဲလာ၏။ သူ(မ)၏သမီးကတော့ သူ(မ)အမေ စိတ်တိုနေသည်ကို သတိထားမိပုံမပေါ်ပေ။
"သူတို့က သမီးကို ရှိနေတယ်လို့တောင်မထင်ကြဘူး။ ပြီးတော့ သမီး နားမလည်တဲ့စကားတွေကိုပဲ ပြောနေကြတာ။"
ကလာရ်ဒင်း၏ စိတ်ရှုပ်နေသောအမူအရာကြောင့် အမျိုးသမီးများက ပြုံးလိုက်၏။
"ဟုတ်ပါတယ် ပျင်းဖို့ကောင်းမှာပါ။ ကလာရ်ဒင်းမှာ သူ(မ)နဲ့ရွယ်တူသူငယ်ချင်းမရှိဘူးလေ။"
အဲလက်ဆာ ဘွန် ဟာဟက်ဒ်ကလည်း သူ(မ)ပေါင်ပေါ်မှ အဖြူရောင်ခွေးလေးကို ပွတ်သပ်နေရင်း ခေါင်းညိတ်လိုက်သည်။
"တွေ့လား။ မဒမ်ဟာဟက်ဒ်က နားလည်တယ်။"
သူ(မ)၏နာကျင်မှုကို နားလည်သူနှင့်တွေ့လိုက်ရသည့်အတွက် ကလာရ်ဒင်း၏နှုတ်ခမ်းထက် အပြုံးများပွင့်လန်းလာသည်။
"အဲ့ဒီကလေးက ဘယ်သူလဲ။"
ကလာရ်ဒင်းက ဥယျာဉ်ထဲသို့ကြည့်လိုက်ပြီးနောက် မိန်းကလေးငယ်တစ်ယောက်ကို ရုတ်တရက်လက်ညှိုးထိုးပြလိုက်သည်။ အမျိုးသမီးများအားလုံးက သူ(မ)ညွှန်ပြသည့်နေရာကို ကြည့်လိုက်ကြ၏။ သူ(မ)ပြောသောကလေးမလေးက ဥယျာဉ်မှူးနှင့်စကားပြောနေသည်။
"သူ(မ)နဲ့ ကစားလို့ရလား။ သူ(မ)က သမီးနဲ့ရွယ်တူပဲထင်တယ်။"
"အင်း... သူ(မ)က နိုင်ငံခြားကလာတဲ့ မိဘမဲ့လေးမလား။ ဒီလိုကလေးမျိုးက သမီးသူငယ်ချင်းလုပ်ဖို့ မသင့်တော်ပါဘူး။"
"အဆင်ပြေပါတယ်။ ခွေးတစ်ကောင်နဲ့ ကစားနေရတာထက်တော့ ပိုပျော်စရာကောင်းမှာပါ။"
ကလာရ်ဒင်း၏အသံက တည်ငြိမ်ကာ ဟန်ဆောင်မှုကင်းမဲ့သည်။ အရှက်ရမှူကြောင့် ပေါက်ထွက်တော့မတတ်နီရဲနေသော သူ(မ)အမေ၏နားရွက်များမူ သူ(မ) မမြင်ခဲ့ပေ။ အဲလက်ဆာ ဘွန် ဟာဟက်ဒ်က ရယ်မောလိုက်ပြီး ခေါင်းလောင်းတီးလိုက်သည်။
"အဲ့ဒီကလေးမလေးကို ခေါ်လာခဲ့။"
သူ(မ)သခင်မ၏အခေါ်ကြောင့် အိမ်ဖော်တစ်ယောက် ရောက်လာခဲ့သည်။
"ဥယျာဉ်မှူးမွေးစားထားတဲ့ ကလေးမလေးလေ။"
~~~~
ထိုအိမ်ဖော်က လေလာကို သူ(မ)မသိသော လောကကြီးထံခေါ်လာခဲ့သည်။ ထိုနေရာက ချိုချဉ်ရောင်အဝတ်အစားများဝတ်ဆင်ထားကြသည့် ဂုဏ်သရေရှိလူများထိုင်နေသော အဖြူရောင်အိမ်တော်ကြီး၏အရိပ်အောက်ပင်။
"သူ(မ)က ချစ်စရာလေးပဲ။"
အမျိုးသမီးတစ်ယောက်က ချီးကျူးလိုက်သည်။
"သဘောကျရဲ့လား ကလာရ်ဒင်း။"
လေလာကိုကြည့်ရှုလိုက်ပြီးနောက် ဆံပင်အနက်ရောင်နှင့် အမျိုးသမီးက သူ(မ)ဘေးမှ အညိုရောင်ဆံပင်နှင့်ကလေးမလေးကို လှည့်ကြည့်လိုက်သည်။ ကလာရ်ဒင်းဟုခေါ်သည့်ကလေးမလေးက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် မဒမ်ဟာဟက်ဒ်။"
လေလာ သူ(မ)အရှေ့မှလူများကို ကြည့်နေလိုက်သည်။ ထိုအမျိုးသမီးများ ဘာပြောနေသည်ကို သူ(မ)နားမလည်ချေ။ သူ(မ)က ဦးလေးဘီလ်၏အိမ်သို့သာ ပြန်သွားချင်နေခဲ့သော်လည်း သူ(မ)၏ဆန္ဒကို မည်သူကမှ မြင်ပုံမပေါ်ပေ။
အမျိုးသမီးတစ်ယောက်က တီးတိုးအမိန့်ပေးလိုက်သောအခါ အိမ်ဖော်က လေလာ၏လက်ကိုဆွဲ၍ အခန်းထဲသို့ခေါ်သွားခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် လေလာ ဇိမ်ကျသောရေချိုးခန်းထဲမှာ ရေချိုးဖူးခဲ့ပြီး အလွန်နူးညံ့သော အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ခဲ့ရသည်။ လေလာ၏ ရှုပ်ပွနေသောဆံပင်များကို ထိုအိမ်ဖော်က ကြမ်းတမ်းစွာဖြီးသင်ပေးနေသော်လည်း သူ(မ) နာကျင်မှုကိုသည်းခံထားလိုက်၏။ သူ(မ) အမှားတစ်ခုခုလုပ်လိုက်မိလျှင် ဦးလေးဘီလ်၏အလုပ်ကို ထိခိုက်လိမ့်မည်ဟု သူ(မ)ယုံကြည်နေသောကြောင့်ပင်။
"မိန်းကလေးကလာရ်ဒင်းက မြို့စားဘရန့်ဒ်ရဲ့သမီး။ သူ(မ)အရှေ့မှာ မဆင်မခြင်မပြုမူရဘူး။ သဘောပေါက်ရဲ့လား။"
လေလာကို အိမ်တော်၏ဒုတိယအထပ်သို့ ခေါ်လာသည့် အိမ်ဖော်အမျိုးသမီးက သတိပေးလာခဲ့သည်။
လေလာ ခေါင်းညိတ်ပြလိုက်၏။ အိမ်ဖော်အမျိုးသမီးက ပန်းချီဆွဲသည့်အခန်းတံခါးကို ဖွင့်လိုက်သည်။ ကလာရ်ဒင်းက ၎င်းတို့ကို တည်ငြိမ်စွာနှုတ်ဆက်လာသည်။
"ဟယ်လို။ နာမည် ဘယ်လိုခေါ်လဲ။ အသက်ကရော။"
ကလာရ်ဒင်းက ခေါင်းငုံ့လိုက်ပြီးနောက် လေလာနှင့်အကြည့်ချင်းဆုံရန် ကြိုးစားခဲ့သည်။
"လေလာ လူဝဲလင်ပါ။ အသက်က ဆယ့်နှစ်နှစ်ပါ။"
"တကယ်လား။ နင်က လူကောင်သေးတော့ အသက်ငယ်မယ်ထင်တာ။"
လူကောင်သေးသည်ဟု အပြောခံရသည်ကို လေလာမကြိုက်သော်လည်း စိတ်ထိန်းထားခဲ့သည်။ သူ(မ) ထိုစကားများကိုနားထောင်ရင်း ဦးလေးဘီလ်အတွက် စိတ်တည်ငြိမ်အောင်လုပ်လိုက်၏။
စန္ဒယား၊ သီချင်းသံ၊ ပန်းအလှဆင်ခြင်း။
ကလာရ်ဒင်းက ဟိုဟာဒီဟာပြောလိုက်သော်လည်း လေလာလုပ်တတ်သောအရာမရှိပေ။
အံစာပစ်၊ စာလုံးဆက်ကစားနည်း၊ စစ်တုရင်။
ကလာရ်ဒင်း၏ အခြားသောကမ်းလှမ်းချက်များကလည်း အလားတူပင်။
ကလာရ်ဒင်း၏နှုတ်ခမ်းထက်တွင် ထင်ရှားသောအပြုံးတစ်ခုပေါ်လာပြီး စားပွဲပေါ်မှအရုပ်များနှင့် လေလာ့ကို တစ်လှည့်စီကြည့်လိုက်သည်။
"သနားစရာပဲ။"
ကလာရ်ဒင်းက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။ လေလာလည်း ကူကယ်ရာမဲ့စွာဖြင့် စားပွဲပေါ်မှအရုပ်များကို စိုက်ကြည့်နေလိုက်၏။
"နင်က ဘာမှမသိဘူးပဲ။"
လေလာ၏ခုံသို့ လျှောက်လာရင်း ကလာရ်ဒင်းက သက်ပြင်းချလိုက်ပြန်သည်။ စိတ်ပျက်သည့် သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အမြွက်တို့ကို မထင်ဟပ်စေဖို့ကြိုးစားနေသော သူ(မ)၏နူးနူးညံ့ညံ့အသံလေးက လေလာ့ကို ပို၍အရှက်ခွဲနေသလိုပင်။
အနည်းဆုံးတော့ တစ်ခုခုပြန်ပြောသင့်သည်ဟု လေလာ ခံစားလိုက်ရသော်လည်း သူ(မ)၏ပါးစပ်က ပွင့်မလာခဲ့ပေ။ ဤအခြေအနေတွင် ယဉ်ကျေးသောစကားတစ်ခုခု ပြောရန်လည်း ခက်ခဲပေသည်။ ကံကောင်းစွာဖြင့် လေလာ၏စကားပြန်ကိုမစောင့်ဘဲ ကလာရ်ဒင်းက တစ်ဖက်လှည့်သွားခဲ့သည်။
တံခါးမပိတ်လိုက်မီ ကလာရ်ဒင်းက သူ(မ)ဘာသာ ရေရွတ်လိုက်သည်။ "ဘာလဲဟာ။ ခွေးတစ်ကောင်ထက်တောင် ပိုကောင်းမနေဘူး။"
ကလာရ်ဒင်းထွက်သွားပြီးနောက် ပန်းချီဆွဲသည့်အခန်းထဲတွင် လေလာတစ်ယောက်တည်း ကျန်နေခဲ့၏။
လေလာ ထွက်သွားချင်နေသော်ငြား သူ(မ)ပြန်လာနိုင်လောက်သည်ဟု တွေးလိုက်မိပြီး ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် နေ့လယ်ခင်းနေရောင်ဖျော့ဖျော့က ရွှေအိုရောင်အတိ ပြောင်းလဲသွားခဲ့သော်လည်း ကလာရ်ဒင်းက ပြန်ရောက်မလာခဲ့ပေ။
ညနေခင်းရောက်တော့မှ လေလာကိုခေါ်လာခဲ့သော အိမ်ဖော်က ပြန်ရောက်လာခဲ့၏။
"ပြန်လို့ရပြီ။"
အိမ်ဖော်အမျိုးသမီး၏အသံက ယခင်ကထက် ပို၍နူးညံ့နေသည်။
"မင်း ဒီအဝတ်အစားတွေကို ယူသွားလို့ရတယ်လို့ သခင်မက ပြောလိုက်တယ်။ ပြီးတော့ ဒါရောပဲ။"
အိမ်ဖော်အမျိုးသမီးက တောက်ပနေသော ရွှေဒင်္ဂါးပြားကို လေလာ့ထံ ပေးလာသည်။ လေလာတစ်ယောက် နေရာတွင် မလှုပ်မယှက်ဖြစ်နေချိန် အိမ်ဖော်အမျိုးသမီးက ဒင်္ဂါးပြားကို သူ(မ)လက်ထဲ ထိုးထည့်ပေးလာခဲ့၏။
"ယူလိုက်။ အကြီးတွေက မင်းကိုပေးရင် ကျေးဇူးတင်မှယဉ်ကျေးရာရောက်တယ်။ နားလည်ရဲ့လား။"
***
Aurora Novel Translation Team