နေပူချိန်ပြင်းနေသော်လည်း သစ်ပင်ရိပ်များကတော့ အေးချမ်းလှသည်။ လေလာ သူ(မ)၏ဒူးကိုပိုက်ရင်း ခင်းထားသော အဝတ်အခင်းလေးပေါ်၌ ထိုင်နေ၏။ ညှိုးနွမ်းတော့မည့်နှင်းဆီပင်များကို ဘီလ်နှင့် အခြားသောဥယျာဉ်ခြံအလုပ်သမားများက အာရုံစိုက်ကာ တူးဆွနေကြသည်။
အိမ်တော်အနောက်ဘက်ရှိဥယျာဉ်ထဲတွင် နှင်းဆီပန်းမျိုးကွဲများစွာရှိသည်။ နှင်းဆီပန်းများကို ဘာ့ဂ်အင်ပါယာ၏ ကိုယ်စားပြုပန်းများဟုပြောကြပြီး မြို့စားကြီး၏အမေနှင့်အဖွားတို့ နှစ်သက်သောပန်းများလည်းဖြစ်ပေ၏။
တောထဲမှ သေနတ်သံများကြားနေရသော နောက်ထပ်တစ်ရက်ဖြစ်သည့်အတွက် အိမ်ငယ်လေးအနီးတွင် လေလာ စိတ်ရှုပ်စွာဖြင့် လျှောက်သွားနေခဲ့သည်။ သူ(မ)၏ ယခုလို စိတ်ရှုပ်နေသည့်ပုံစံကို ဘီလ် မမြင်ဖူးခဲ့သည့်အတွက် သူ(မ)ကို ဥယျာဉ်ထဲခေါ်သွားရန်ဆုံးဖြတ်လိုက်၏။ သေနတ်သံများနှင့် ဝေးကွာသွားသောအခါ သူ(မ) စိတ်အေးချမ်းသွားလေသည်။
ဦးလေးဘီလ်က နေပူထဲမှာ အလုပ်လုပ်နေရတဲ့အချိန် သူ(မ) အခုလိုအနားယူနေတာက ကောင်းပါ့မလား။
လေလာ စိတ်မသက်သာသောအကြည့်များဖြင့် ဘီလ်ကိုကြည့်လိုက်၏။ သူ(မ) ဖြည်းဖြည်းချင်း မျက်လုံးများမှိတ်ကာ သက်ပြင်းချလိုက်သည်။ သူ(မ) သူ့ကိုကူညီလျှင် သူစိတ်ဆိုးရလိမ့်မည်ဟု ဦးလေးဘီလ်က ခြိမ်းခြောက်ပြောဆိုလိမ့်မည်။ စကားနားမထောင်သောကလေးများကို သူမုန်းသည်ဟု သူ(မ)ကိုပြောခဲ့ဖူး၏။ လေလာ၏စိတ်ထဲ အဆင်မပြေဖြစ်နေသော်လည်း သူအလုပ်ပြီးသည်အထိစောင့်ရန် ဆုံးဖြတ်လိုက်သည်။
သူ(မ) စိတ်လေးလံစွာ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ မရင်းနှီးသောကောင်းလေးတစ်ယောက် သူ(မ)ရှေ့တွင်ရပ်၍ ကြည့်နေသည်ကိုတွေ့လိုက်ရ၏။ သပ်သပ်ရပ်ရပ်ဝတ်စားထားသော ထိုကောင်လေးက လေလာနှင့် သက်တူရွယ်တူဖြစ်ပုံပင်။
"ဟေး။"
နှစ်ဦးသား အကြည့်ချင်းဆုံသွားချိန်၌ ထိုကောင်လေးက သူ(မ)ကို တောက်ပစွာပြုံးပြ၍ နှုတ်ဆက်လာ၏။ သူက ကြည့်ကောင်းသော ငွေရောင်ဆံပင်လေးများရှိသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
"မင်းက ဒီမှာနေတာလား။"
ထိုကောင်လေးက သူ(မ)ကိုကြည့်၍ သိချင်စွာမေးလာခဲ့သည်။
"ဟုတ်တယ်။ ဦးလေးဘီလ်နဲ့လေ။"
လေလာက မျက်လုူံများမှေးကျဥ်း၍ ပြန်ဖြေလိုက်၏။
"မစ္စတာဘီလ်လား။ ဟို ကြောက်စရာကောင်းတဲ့ ဥယျာဉ်မှူးကြီးကိုပြောတာလား။"
"ကြောက်စရာမကောင်းပါဘူး။"
"တကယ်လား။ ငါတော့ ကြောက်စရာကောင်းတယ်လို့ထင်တာပဲ။"
သူက ထိုသို့ပြောပြီး ခေါင်းကိုအနည်းငယ်စောင်းလိုက်ကာ လေလာ၏ဘေးမှာ ဝင်ထိုင်လိုက်သည်။
" နင်လည်း ဒီမှာနေတာလား။"
လေလာ သတိထား၍မေးလိုက်၏။ ကောင်လေးက ပြုံးပြကာ ခေါင်းခါပြလာခဲ့သည်။
"မဟုတ်ဘူး။ အဖေနဲ့ လိုက်လာတာ။ သူက ဟာဟက်ဒ်အိမ်တော်ရဲ့ မိသားစုဆရာဝန်လေ။ မဒမ်နော်မာကို ဆေးစစ်ပေးဖို့ ရောက်နေတာ။ ငါလည်း တစ်ခါတလေဆို အဖေနဲ့လိုက်လာတတ်တယ်။ မဒမ်နော်မာကလည်း ခွင့်ပြုပေးထားတယ်။"
"သဘောပေါက်ပြီ။"
"မင်း အသက်ဘယ်လောက်လဲ။"
"ဆယ့်နှစ်နှစ်။"
"ငါနဲ့အတူတူပဲ။ ဒါပေမဲ့ မင်းက လူကောင်သေးနေတယ်။"
သူက လေလာကို စိုက်ကြည့်ပြီး ရယ်လိုက်၏။ လေလာတစ်ယောက် စိတ်တိုသွားသောကြောင့် သူ(မ)၏ပါးပြင်များ နီရဲလာခဲ့သည်။
"နင်လည်း လူကောင်သေးတာပဲ။"
"အတန်းထဲမှာ ငါက အရပ်အရှည်ဆုံး။"
ကောင်လေးက သူ့ကျောကိုဆန့်ပြပြီး အရပ်ရှည်ကြောင်း ပြလိုက်သည်။ တကယ်ကိုပင် သူက သူ့အသက်အရွယ်ထက်ပို၍ အရပ်ရှည်နေလေ၏။
"ဘယ်လိုပဲဖြစ်ဖြစ်... ဦးလေးဘီလ်ထက်တော့ ပုပါသေးတယ်။"
လေလာက တီးတိုးပြောလိုက်၏။ လေလာ၏စကားများကြောင့် ထိုကောင်လေးက ရယ်မောလိုက်လေသည်။ သူ့ပုံစံက ကံကောင်းပျော်ရွှင်သော ကလေးတစ်ယောက်၏ပုံစံပင်။
"ဟေး၊ မစ္စတာဘီလ်ထက် အရပ်ရှည်တဲ့ ကလေးရောလူကြီးပါ တွေ့ဖို့ခက်တယ်နော်။"
"ဒါတော့ မပြောတတ်ဘူးလေ။"
လေလာတစ်ယောက် အကြောင်းအရင်းမရှိဘဲ အခင်းဘေးမှမြက်ပင်များကို ဆွဲနှုတ်လိုက်သည်။ သူ(မ)၏လက်ချောင်းလေးများမှာ ဖြည်းဖြည်းချင်း အစိမ်းရောင်ဖြစ်လာလေ၏။ ထိုကောင်လေး မြန်မြန်ထွက်သွားဖို့ကို သူ(မ) မျှော်လင့်နေသော်လည်း သူကတော့ ထွက်သွားမည့်အရိပ်အယောင်ပင်မပြပေ။
"နင် နည်းနည်းလောက်လိုချင်လား။" အခင်း၏အစွန်ဘက်ရှိ ခြင်းတောင်းထဲမှမက်မွန်သီးများကို လေလာ အာရုံစိုက်မိသွားပြီး သူ့ကိုမေးလိုက်၏။ ကောင်လေးက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလာသည်။
လေလာ သူ(မ)၏သားရေအိတ်ထဲမှ အိတ်ဆောင်ဓားလေးကို ထုတ်ယူလိုက်၏။ သူ(မ) မက်မွန်သီးကို ညင်သာစွာလှီးဖြတ်နေသည့်မြင်ကွင်းအား ထိုကောင်လေးက အာရုံစိုက်၍ကြည့်နေခဲ့သည်။
"မင်းက ရယ်ရတယ်နော်။ ဘာလို့ မိန်းကလေးတစ်ယောက်ရဲ့ အိတ်ထဲမှာ ဓားရှိနေတာလဲ။"
"ငါ့ကို မရယ်နဲ့။ ဒါ ဦးလေးဘီလ် ပေးထားတာ။"
လေလာ စိတ်ရှုပ်စွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ လှီးထားသော မက်မွန်သီးထက်ဝက်အား သူ့ကိုပေးလိုက်သည်။ မက်မွန်သီး၏ ချိုမြိန်သောရနံ့တို့က ကလေးနှစ်ယောက်၏နှာခေါင်းထဲ သင်းပျံ့ဝင်ရောက်သွား၏။
"မင်း ဘာလို့စိတ်ညစ်နေတာလဲ။ တစ်ခုခုဖြစ်လို့လား။"
မက်မွန်သီးစားနေရင်း ကောင်လေးက မေးလာခဲ့သည်။
"မြို့စားကြီးနဲ့ သူ့မိတ်ဆွေတွေ ငှက်ပစ်နေကြတုန်းပဲ။"
လေလာက ရိုးသားစွာဖြေလိုက်သည်။ ကောင်လေးကလည်း ခေါင်းကိုတစ်ဖက်စောင်းလိုက်ကာ ပြဿနာကဘာလဲဆိုသည်ကို စဥ်းစားနေခဲ့၏။
"အဲ့ဒါ ဘာဖြစ်လို့လဲ။"
"သူတို့စိတ်ပျော်ဖို့အတွက်နဲ့ ငှက်တွေကိုသတ်နေတာလေ။"
"ဒါက အမဲလိုက်တာမဟုတ်ဘူးလား။"
"နင်လည်း ဒီလိုပဲတွေးတာလား။"
လေလာ သူ(မ)၏အစိမ်းရောင်မျက်ဝန်းများဖြင့် ထိုကောင်လေးကို တင်းမာစွာကြည့်လိုက်သည်။ လေလာ့အမြင်အရ ထိုကောင်လေးအနေနှင့် ကြီးမားရှည်လျားသော အမဲလိုက်သေနတ်ကြီးကို ကိုင်နိုင်မည့်ပုံမပေါ်ပေ။
"အာ... မဟုတ်ပါဘူး။"
ကောင်လေးက ပြင်းထန်စွာ ခေါင်းခါပြလာသည်။
"ငါ မထင်ပါဘူး။ အဲ့ဒါက ရက်စက်လွန်းတယ်လေ။"
ကောင်လေး ပြန်ဖြေသောအခါ လေလာ၏မျက်နှာထက် ပြုံးယောင်သန်းလာခဲ့သည်။
"မက်မွန်သီး စားချင်သေးလား။"
တောက်ပသောအသံဖြင့် လေလာက မေးလိုက်၏။ ကောင်လေးကလည်း ခေါင်းထပ်ညိတ်ပြခဲ့သည်။ နောက်ထပ် မက်မွန်သီးတစ်လုံးကို ခွဲလိုက်ပြီး ပိုကြီးသောအပိုင်းကို ထိုကောင်လေးအား ကမ်းပေးလိုက်သည်။ ထိုကောင်လေးက သူ၏အချိုးမကျသော အင်္ကျီကော်လံကို ပြင်ဆင်နေရင်း ပါးပြင်များ နီရဲလာခဲ့၏။
"ကိုင်းလ်! ကိုင်းလ်!"
အော်သံတစ်ခု ထွက်ပေါ်လာ၏။ မက်မွန်သီးအစေ့ကို ထွေးထုတ်ကာ ထိုကောင်လေးက မတ်တတ်ထရပ်လိုက်သည်။
"ငါ သွားရတော့မယ်။"
"ဟုတ်ပါပြီ။ နှုတ်ဆက်ပါတယ်။"
"ကိုင်းလ် အက်တ်မန်။"
ကောင်လေးက လက်ဆန့်ပေးလာ၏။
"ငါ့နာမည်ပါ။ မင်းကရော။"
"ငါက လေလာ။ လေလာ လူဝဲလင်။"
လေလာ အနေရခက်စွာဖြင့် သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ မက်မွန်သီးစားထားသောကြောင့် စေးကပ်ကပ်ဖြစ်နေသော ၎င်းတို့၏လက်ကလေးများဖြင့် ငြိမ်းချမ်းရေးယူနေသကဲ့သို့ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
"နှုတ်ဆက်ပါတယ် လေလာ။ နောက်မှတွေ့မယ်။ နောက်တစ်ခါကျ ပိုပြီးအရသာရှိတဲ့စားစရာ ယူလာခဲ့မယ်။"
ကောင်လေးက ခပ်ဝေးဝေးကနေ လှမ်းအော်လာခဲ့သည်။
သူ(မ) ဤအိမ်တော်တွင် ဆက်နေ၍ရ၊ မရနှင့် သူနှင့်ထပ်တွေ့ဖြစ်၊ မတွေ့ဖြစ်က မသေချာသောကြောင့် လေလာ ရိုးရှင်းစွာပဲ လက်ပြနှုတ်ဆက်လိုက်သည်။
ကိုင်းလ် ထွက်သွားပြီးနောက် လေလာ၏နေရာလေးမှာ တစ်ဖန်အေးချမ်းသွားခဲ့၏။
ပျံ့လွင့်လာသော နှင်းဆီပန်းရနံ့များကို ရှူရှိုက်ရင်း ဦးလေးဘီလ် အလုပ်ပြီးမည့်အချိန်ကို လေလာ စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ခဏအကြာမှာတော့ သူ(မ)အိပ်ပျော်သွားကာ နေဝင်ချိန်၌ ဦးလေးဘီလ် သူ(မ)၏နာမည်ကိုခေါ်လာတော့မှ မျက်လုံးများပွင့်လာသည်။
လေလာလည်း နေရာမှထကာ အိတ်လွယ်လိုက်ပြီး အခင်းကိုသိမ်းလိုက်သည်။
"ဦးလေးဘီလ် သမီး ကလေးတစ်ယောက်နဲ့တွေ့ခဲ့..."
သူ(မ)နှင့်အတူ မက်မွန်သီးစားခဲ့သော ကောင်လေးအကြောင်း လေလာ ပြောပြဖို့လုပ်လိုက်စဉ် တောအုပ်ထဲမှထွက်လာသောလူတစ်စုကြောင့် မပြောခဲ့ရပေ။ ၎င်းတို့က မြို့စားဟာဟက်ဒ်နှင့် သူ၏မိတ်ဆွေများပင်။
မက်သိုင်းရပ်စ်တစ်ယောက် နှင်းဆီခြံ၏အလယ်မှာ ရပ်လိုက်သည်။ ဥယျာဉ်မှုးဘီလ်ရမ်မာက မြို့စားကို ဦးညွတ်လိုက်၏။ မကြာခင်မှာပဲ သူ့အနောက်တွင် ကလေးတစ်ယောက်ရှိနေသည်ကို မက်သိုင်းရပ်စ် မြင်လိုက်ရသည်။
"မတွေ့တာကြာပြီ မစ္စတာရမ်မာ။" မက်သိုင်းရပ်စ် ခေါင်းညိတ်ပြလိုက်၏။ သူနှင့်အတူ အမဲလိုက်ခဲ့ကြသူများကလည်း မြို့စား၏အနောက် မလှမ်းမကမ်းတွင်ရပ်နေကြသည်။
"သူ(မ)ကို အာဗစ်မှာ အချိန်တစ်ခုအထိ နေခိုင်းမလို့ပါ။"
အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့်အကြည့်ဖြင့် မြို့စားကို ဘီလ်ရမ်မာ တင်ပြလိုက်သည်။
ကောင်မလေး၏ကျောကို ဘီလ် လက်ဖြင့်ထိလိုက်ပြီး အရှေ့ကိုတိုးလာခိုင်းလိုက်ချိန်မှာ ကောင်မလေးက တုံ့ဆိုင်းစွာဖြင့် မြို့စား၏အရှေ့သို့ ခြေတစ်လှမ်းတိုးလာလိုက်၏။ သူ(မ)၏ တောက်ပနေသောရွှေရောင်ဆံပင်များကြောင့် ထိုကလေးမလေးကို မက်သိုင်းရပ်စ် မှတ်မိသွားခဲ့သည်။ သူ့သေနတ်နှင့် ပစ်မိတော့မလိုဖြစ်သွားသူပင်။ ထိုကလေးမလေးကို ငှက်ဟုထင်ကာ သူပစ်မိတော့မလိုဖြစ်သွားခဲ့သည်။
"ကျွန်တော် မဒမ်နော်မာနဲ့ မဒမ်အဲလက်ဆာတို့ရဲ့ ခွင့်ပြုချက်ကိုရထားပေမဲ့ မြို့စားရဲ့ သဘောတူမှုကို လိုသေးတယ်ထင်လို့ပါ။"
ဘီလ်ရမ်မာ နောက်တစ်ကြိမ် ဦးညွတ်လိုက်ပြန်သည်။ သူ့ဘေးမှ ကလေးမလေးကလည်း ဦးညွတ်လိုက်သည်။
မက်သိုင်းရပ်စ် ကလေးမလေးကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။ အကြည့်ချင်းဆုံသွားချိန်မှာ ကလေးမလေးက သူ့ကို မျက်မှောင်ကြုတ်ကာကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ မျက်လုံးကျဉ်းလေးများနှင့် နှုတ်ခမ်းဖူးဖူးလေးများ။ သူ(မ)၏အမူအရာက ၎င်းတို့ တောအုပ်ထဲမှာ ပထမဆုံးတွေ့ဆုံခဲ့ချိန်ကအတိုင်းပင်။
"မင်းက အဲ့ဒီကောင်မလေးပဲ။ တောအုပ်ထဲမှာ နေတဲ့တစ်ယောက်လေ။"
အနောက်ဘက်မှ မက်သိုင်းရပ်စ်၏ဝမ်းကွဲဖြစ်သူ ရီရက်တီက လှမ်းပြောလာသည်။ မျက်နှာနီနီနှင့်ကလေးမလေးက ရှက်ရွံ့စွာဖြင့် ဥယျာဉ်မှူး၏အနောက်သို့ ဝင်ပုန်းလိုက်၏။ တောအုပ်ထဲတွင် သူမြင်ခဲ့သော မိန်းကလေးကလည်း ထိုအတိုင်းပင်။ မြို့စားနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့်တစ်ပြိုင်နက် သူ(မ)က အပင်နောက်မှာ ပုန်းကွယ်သွားတတ်သည်။ မက်သိုင်းရပ်စ် အမဲလိုက်ပြီးတော့မှ သူ(မ)က ပြန်ထွက်လာပြီး ငှက်သေများကို မြေမြှုပ်ပေးတတ်၏။
"ရပါတယ်။ အဆင်ပြေသလိုလုပ်ပါ မစ္စတာရမ်မာ။"
မက်သိုင်းရပ်စ်က ပြုံးလိုက်ပြီး တိုတိုတုတ်တုတ်အဖြေပြန်ပေးလိုက်သည်။ ဥယျာဉ်မှူးက တောအုပ်ထဲမှာ မည်သည်ကိုပျိုးထောင်ထားသည်ဖြစ်ပါစေ သူ့ကိစ္စမဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် သခင်လေး။"
ဘီလ် သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ မက်သိုင်းရပ်စ်က မေးငေါ့ကာ ဘီလ်ကိုခေါင်းညိတ်ပြပြီးနောက် ထွက်သွားခဲ့လေ၏။
မြို့စားကြီး သူ(မ)တို့ကိုအား ဖြတ်ကျော်သွားချိန်၌ သူဖမ်းမိထားသော သားကောင်များအား လက်ထဲမှာအပြည့်ကိုင်ထားရင်း သူ့အနောက်ကနေလိုက်သွားကြသော အလုပ်သမားများကို လေလာ မြင်တွေ့လိုက်ရသည်။ စိတ်မချမ်းမြေ့စရာသွေးရနံ့များသည် ကလေးမလေး၏နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့၏။ လေလာ၏ပခုံးများ ဆတ်ခနဲတုန်ယင်သွားခဲ့ပြီး မျက်လုံးများကို ဖိမှိတ်ထားလိုက်သည်။
ဦးလေးဘီလ်က ကြီးမားပြီးနွေးထွေးသော သူ၏လက်ဖဝါးများဖြင့် လေလာ၏ တုန်ယင်နေသောပခုံးများကို ပုတ်ပေးနေခဲ့သည်။
***
Aurora Novel Translation Team