no

Font
Theme

အာဗစ်တွင် နွေရာသီကို လာရောက်ကုန်ဆုံးမည့် ဆွေမျိုးများ အလည်အပတ်လာကြမည်။ လူမှုရေးအရ တွေ့ဆုံပွဲများရှိသည်။ နောက်လတွင် ရွက်လွှင့်ထွက်ခွာမည့် ကုန်သွယ်ရေးသင်္ဘော၏ အာမခံကိစ္စရှိသည်။


လှည်းအနောက်တွင်ထိုင်နေသော မက်သိုင်းရပ်စ်က အိမ်တော်ထိန်းဟက်ဆန် မိသားစု၏ လုပ်ဆောင်နေဆဲကိစ္စများ တင်ပြနေသည်ကို နားထောင်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက်သို့ကြည့်နေခဲ့၏။ မက်သိုင်းရပ်စ်က ဟက်ဆန်၏စကားများကို အကျဉ်းချုံးအဖြေ သို့မဟုတ် ခေါင်းငြိမ့်၍သာပြန်ပြောခဲ့သည်။ ဒါရိုက်တာများမှာ လုပ်ငန်းကိစ္စအတွက် တာဝန်ရှိသူများဖြစ်ပြီး မက်သိုင်းရပ်စ်၏အဖွားနှင့်အမေသည် မိသားစုကိစ္စများကို တာဝန်ယူထားကြ၏။ သို့သော် အတည်တကျ ဆုံးဖြတ်ချက်ချရန်က မြို့စားဟာဟက်ဒ်၏တာဝန်ဖြစ်သည်။ ထို့ပြင် မက်သိုင်းရပ်စ် ထိုနေရာ၌ရှိနေသည်မှာ အသက်ဆယ့်နှစ်နှစ်အရွယ်ကတည်းကပင်။


မက်သိုင်းရပ်စ်တို့ ဟာဟက်ဒ်အိမ်တော်သို့ သွားသည့်လမ်းရှိ သစ်ပင်များစီတန်းနေသော လမ်းပေါ်ကိုရောက်ချိန်မှသာ ဟက်ဆန်၏တင်ပြမှုက ပြီးဆုံးသွားခဲ့သည်။


မက်သိုင်းရပ်စ်က သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်ကာ ရင်းနှီးနေသောမြင်ကွင်းများကို ကြည့်လိုက်၏။ လမ်း၏ဘေးဘီဝဲယာတွင် ရှိနေကြသောသစ်ပင်များက အချင်းချင်း လက်ဆွဲနှုတ်ဆက်နေကြသကဲ့သို့ ကွေးညွတ်နေကြသည်။ လှုပ်ယမ်းနေသော သစ်ရွက်များကြား ထိုးဖောက်နေသော နေရောင်ခြည်ကြောင့် လမ်းပေါ်တွင် လှပသောအရိပ်ကလေးများ ထင်ဟပ်နေ၏။


လမ်းကိုဖြတ်ကျော်ကာ ခြံဝန်းထဲ ရောက်သွားသည်နှင့် နက်ပြာရောင်အိမ်ခေါင်မိုးနှင့် အဖြူရောင်အိမ်တော်ကို အလိုအလျောက်မြင်လိုက်ရသည်။ အရှေ့တံခါးတွင် သူ့အဖွားနှင့်အမေက မိသားစု၏အကြီးအကဲကို ကြိုဆိုရန်စောင့်နေကြ၏။ သူ၏ ပုံစံကျနေပြီဖြစ်သောလည်စီးကို မက်သိုင်းရပ်စ်တစ်ယောက် ပြန်၍ပြင်ဆင်နေစဉ် လှည်းတံခါးပွင့်သွားခဲ့သည်။


"ကြိုဆိုပါတယ် မက်သိုင်းရပ်စ်။"


အာဗစ်မြို့၏ မြို့စားကတော်ဟောင်းဖြစ်သူ နော်မာ ကတ်သရီးနား ဘွန် ဟာဟက်ဒ်က သူ(မ)၏မြေးကို တောက်ပသောအပြုံးနှင့် ကြိုဆိုလိုက်သည်။ မက်သိုင်းရပ်စ်လည်း ခေါင်းငုံ့ကာ သူ့အဖွား၏အနမ်းကို လက်ခံခဲ့သည်။ အနောက်တွင်ရပ်နေသော အဲလက်ဆာ ဘွန် ဟာဟက်ဒ်က ပို၍တည်ငြိမ်သောအမူအရာဖြင့် မက်သိုင်းရပ်စ်ထံ ချဉ်းကပ်လာသည်။


"အရပ်ပိုရှည်လာတာပဲ။"


သူ(မ)က ပြုံးလိုက်ကာ သူ့ကို နွေးထွေးစွာပွေ့ဖက်လိုက်သည်။ သူ(မ)၏သားကဲ့သို့ပင် သူ(မ)၏ နက်မှောင်နေသော ဆံနွယ်များက နွေရာသီ၏နေရောင်ခြည်အောက်မှာ တောက်ပနေလေ၏။


မက်သိုင်းရပ်စ်က ပြန်၍ပြုံးပြခဲ့သည်။ တန်းစီ၍စောင့်နေကြသော အခြားအလုပ်သမားများနှင့် နှုတ်ဆက်သည်မှာလည်း ထိုအတိုင်းပင်။ မက်သိုင်းရပ်စ်သည် ယဉ်ကျေးသောအမူအရာနှင့် သင့်လျော်သောနှုတ်ဆက်မှုကို သူ၏အလုပ်သမားများထံ ရှင်းရှင်းလင်းလင်းပြသလိုက်၏။ သူက ဤမိသားစု၏ ပြီးပြည့်စုံသောပိုင်ရှင်၊ မြို့စားဟာဟက်ဒ်ဖြစ်သည်။


သူ့အမေနှင့်အဖွားကြားတွင် ရပ်နေပြီးနောက် မက်သိုင်းရပ်စ်က ဦးဆောင်လိုက်ပြီး ဧည့်ခန်းကိုဖြတ်သွားလိုက်၏။ လှေကားပေါ်သို့မတက်မီ သူက ခေါင်းမော့လိုက်ကာ နေ့ခင်းဘက်တွင်တောင် ထွန်းလင်းတောက်ပနေသော မီးဆိုင်းကြီးကိုကြည့်လိုက်သည်။ မီးဆိုင်း၏အလွန်တွင် ဟာဟက်ဒ်မိသားစုဟု မျက်နှာကြက်တွင် ရိုက်နှက်ထားသော စာလုံးများရှိ၏။


သူသည် ဟာဟက်ဒ်မိသားစုဝင်တစ်ယောက်ပင်။


၎င်းက ဉာဏ်ပညာရှိသူ၊ ကျက်သရေရှိသူနှင့် မဆုတ်မနစ်ကြိုးစားတတ်သူ၏ အခြားအမည်တစ်ခုလည်းဖြစ်သည်။


သူ၏ကိုယ်ပိုင်ဘဝတွင် မက်သိုင်းရပ်စ်၌ မကျေနပ်ချက်များနှင့် သံသယဝင်စရာများ မရှိခဲ့ပေ။ သူက သူနေထိုင်ရမည့်ဘဝကို သတိပြုမိသလို လက်လည်းလက်ခံနိုင်၏။ သူ့ဘဝကို အသက်ရှူနေခြင်းကဲ့သို့ လွယ်ကူစွာစီမံနိုင်သည်။


သူ့အကြည့်ကို အောက်ဘက်သို့ပြန်ပြောင်းကာ မက်သိုင်းရပ်စ်က ခြေလှမ်းကျယ်များနှင့် လှေကားပေါ် တက်သွားလိုက်သည်။


အိမ်တော်၏ပိုင်ရှင် အိမ်ထဲသို့ ဘေးကင်းစွာဝင်သွားတော့မှ အလုပ်သမားများက အသက်ကောင်းကောင်းရှူနိုင်တော့သည်။


အာဗစ်ရှိလူများသည် မြို့စားဟာဟက်ဒ်ကို ကြိုဆိုရန်အတွက် ရက်အနည်းငယ်ကပင် ကြိုတင်ပြင်ဆင်နေခဲ့ကြ၏။ သူရောက်လာချိန်တွင် သူ့မြေပေါ်တွင်ရှိနေသော အရာအားလုံးနှင့် လူတိုင်းလူတိုင်း ပြီးပြည့်စုံနေရန်လိုအပ်သည်။ အလုပ်သမားများက အကောင်းဆုံးပုံစံဖြစ်နေရမည်။ အာဗစ်၏ မဖိတ်ခေါ်ထားသောဧည့်သည်ဖြစ်သူ လေလာ လူဝဲလင်လည်း မကင်းလွတ်ပေ။


~~~~


"မြို့စားကြီး အထဲဝင်သွားပြီလား။"


အလုပ်သမားများ၏ အစွန်ဆုံးတွင်ရပ်နေသော လေလာက စိတ်ပျက်နေသောအသံဖြင့် ပြောလိုက်သည်။ ဘီလ် ဝယ်ပေးထားသော ဆင်စွယ်ရောင်ဝတ်စုံသည် ထိုမိန်းကလေး၏ လှုပ်ရှားမှုအတိုင်း လှုပ်ခါနေ၏။


"မြို့စားကြီးဟာဟက်ဒ်ကို တောအုပ်ထဲမှာ တွေ့ရမှာပါ။ အဲ့တော့မှ ခွင့်ပြုချက်တောင်းရမယ်။"


ဘီလ် ရမ်မာက သူ(မ)ကို ပြန်ဖြေလိုက်ကာ တောအုပ်ထဲသို့လျှောက်သွားလိုက်သည်။ လေလာလည်း သူ့နောက်ကနေ ပြေးလိုက်သွားခဲ့သည်။


"မြို့စားကြီးလည်း တောအုပ်ကိုသဘောကျတာလား။"


"အင်း ဟုတ်တယ်။ သူက အမဲလိုက်ရတာ သဘောကျတယ်လေ။"


"အမဲလိုက်တာလား။ တောအုပ်ထဲမှာလေ။"


လေလာ၏မျက်လုံးများမှာ ပို၍ပြူးကျယ်သွားသည်။ ဘီလ်က ကလေးမလေးကိုငုံ့ကြည့်ပြီး ပြောလိုက်၏။


"ဒီမိသားစုအတွက် တောအုပ်ကအမဲလိုက်ကွင်းဆိုတာ ပုံမှန်ပဲ။"


"ဒါဆို သူက ငှက်တွေကိုလည်း အမဲလိုက်တာပဲလား။"


"မြို့စားကြီးက ငှက်တွေကိုအမဲလိုက်ရတာ အကြိုက်ဆုံးပဲ။"


ဘီလ် ပြောလိုက်သောစကားကြောင့် လေလာက လမ်းလျှောက်နေရာမှ ရပ်တန့်သွားခဲ့သည်။ သူပြောလိုက်မိသည့်အရာကို နားလည်သွားကာ ဘီလ်လည်း ချောင်းဟန့်လိုက်လေ၏။


သူ(မ)ကို သင့်လျော်သောစကားများဖြင့် လိမ်လည်ကာ စိတ်သက်သာရန်ပြောမည်ဟု တွေးမိသော်လည်း မြို့စားဟာဟက်ဒ်က ရက်အနည်းငယ်အတွင်း အမဲလိုက်ကွင်းကို ရောက်လာလိမ့်မည်။ သူ၏ အဖြူရောင်မုသားများဖြင့် သူ(မ)ကို စိတ်သက်သာစေရန် ကြိုးစားလိုက်လျှင် ကလေးအတွက် ပို၍ကြီးမားသောထိတ်လန့်မှုကို ပေးမိသွားမှာစိုးရိမ်မိသည်။


"မြို့စားကြီးရဲ့ သေနတ်ပစ်အစွမ်းကိုမြင်ရင် မင်း အံ့သြသွားလိမ့်မယ်။ သူက အသက်ငယ်သေးပေမဲ့ အရမ်းတော်တဲ့ပစ်ခတ်ရေးသမားတစ်ယောက်။"


ထိုမိန်းကလေးငယ်ကို စိတ်အဆင်ပြေစေရန် တစ်ခုခုပြောရမည်ဟု ဘီလ် တွေးမိသဖြင့် ဤသို့ပြောလိုက်ခြင်းပင်။ သို့သော် လေလာကတော့ ငိုတော့မလို ဖြစ်နေလေပြီ။


"ဘာလို့ သူက ငှက်ဖမ်းရတာကြိုက်တာလဲ။ အိမ်တော်မှာ အဲ့လိုအစားအသောက်တွေ အများကြီးရှိတာကိုလေ။"


"ဂုဏ်သရေရှိလူတစ်ယောက်အတွက်တော့ အမဲလိုက်တယ်ဆိုတာ အပျင်းပြေသဘောမျိုးပဲလေ။ ငှက်တွေက ပစ်ဖို့အတွက် စိတ်ဝင်စားစရာအကောင်းဆုံးပစ်မှတ်ပဲ၊ ပြီးတော့..."


ဘီလ်တစ်ယောက် သူဘာပြောမိသည်ကို နားလည်သွားကာ လေလာကို လှည့်ကြည့်လိုက်သည်။ သူကြည့်လိုက်သောအခါ လေလာ၏ စိတ်တိုနေသောမျက်နှာကို တွေ့လိုက်ရ၏။


ဘာလို့ ဒီလောက်ထိ ငှက်တွေကိုသဘောကျနေရတာလဲ။


ဘီလ် အော်မိတော့မလိုဖြစ်သွားသည်။ သူ ကလေးမလေး၏စိတ်ခံစားချက်ကို ဂရုစိုက်ပြီး ဤကိစ္စများအား အဘယ့်ကြောင့် စိတ်ရှုပ်ခံပြီးရှင်းပြနေကြောင်းကို ဘီလ်နားမလည်နိုင်ပေ။ သူဆက်ပြောလျှင် သူ(မ) ငိုတော့မည်ဖြစ်သည့်အတွက် ဘီလ်လည်း တိတ်တဆိတ်သာနေလိုက်ရတော့သည်။


ငိုနေသော လေလာ။


ကလေးများ ငိုနေသောမြင်ကွင်းကို သူမုန်းသည်။


ခဏတာတွန့်ဆုတ်နေပြီးနောက် ဘီလ် လမ်းပြန်လျှောက်လိုက်သည်။ ကလေးမလေးက ပခုံးများတွဲကျလျက်ဖြင့် သူ့ခြေလှမ်းအတိုင်း လိုက်လာခဲ့၏။ ဆင်စွယ်ရောင်ဝတ်စုံသစ်ကို ဝတ်ထားရသောကြောင့် စိတ်လှုပ်ရှားနေခဲ့သော ကလေးမလေးကို မတွေ့ရတော့ပေ။


"မြို့စားကြီး အမဲလိုက်ရတာကို မုန်းသွားရင်ကောင်းမယ်။"


အတော်ကြာတိတ်ဆိတ်နေခဲ့သော ကလေးမလေးက သတိလက်လွတ်ပြောလိုက်သည်။


"သူ အမဲလိုက်ရတာကို ငြီးငွေ့သွားနိုင်လား။"


လေလာက မျှော်လင့်ချက်တို့ပြည့်နှက်နေသော မျက်လုံးများဖြင့် ဘီလ်ကို ကြည့်လိုက်သည်။ ဘီလ် မလုံမလဲဖြစ်ကာ လည်ပင်းအကြောဆန့်၍သာ သူ(မ)ကိုပြန်ဖြေနိုင်ခဲ့၏။


သူ(မ)၏ ဆုတောင်းများပြည့်လာမည်ဟု လေလာ ယုံကြည်ထားသည်။


ပြန်လာပြီး တစ်ပတ်လောက်ကြာသည်အထိ မြို့စားကို အမဲလိုက်ကွင်းအနီးတွင် မတွေ့ခဲ့ရပေ။ သူ့ကိုတွေ့ရန်အတွက် အိမ်တော်သို့လာရောက်ကြသော ဧည့်သည်များကို ဂရုစိုက်နေရသောကြောင့် အလုပ်ရှုပ်နေတာကြောင့်ဖြစ်မှန်း သဘောပေါက်နားလည်စေနိုင်သည်။


နေ့တိုင်းဆိုသလို အိမ်တော်တွင် ဆူညံသောတွေ့ဆုံပွဲများ ကျင်းပနေသော်လည်း တောအုပ်ထဲတွင်တော့ တိတ်ဆိတ်နေ၏။ နွေရာသီ ကုန်ဆုံးတော့မည်ဖြစ်သည်။ ငှက်ပေါက်ကလေးများက ဥထဲမှထွက်လာပြီဖြစ်သလို ယခင်က အဖူးအငုံများဖြစ်သော နှင်းဆီရိုင်းများလည်း ယခု လှပစွာဖူးပွင့်နေကြလေပြီ။ တောထဲတွင်ဖြစ်နေသော ပြောင်းလဲမှုလေးများကို လေလာ စပ်စုလေ့လာနေခဲ့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment