no

Font
Theme

အချိန်တစ်ခုကြာတဲ့အထိ လေလာ အမြင်မှားနေသည်ဟု ထင်နေမိသည်။


သူ(မ)က မကြာခဏလည်း အမြင်မှားတတ်နေ၏။ သူ(မ)၏အမြင်အာရုံက မကောင်းမွန်သောကြောင့် အပင်မှကြွေကျလာသော သစ်သီးကို ရှဉ့်တစ်ကောင်ဟု မြင်မိသလို ရေထဲပေါ်နေသည့်သစ်ကိုင်းကိုလည်း လူတစ်ယောက်ဟု မကြာခဏအထင်မှားတတ်လေသည်။


သို့သော် ယခုတစ်ခါမှာတော့ အမြင်မှားနိုင်စရာမရှိပေ။ ၎င်းမှာ သေချာပေါက် လူတစ်ယောက်ဖြစ်သည်။ ထို့ပြင် ထိုသူက ယောက်ျားတစ်ယောက်ပင်။ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ဗလာကျင်းနေသော အမျိုးသားတစ်ယာက်ဖြစ်နေ၏။ ရေစိုပြီး နက်မှောင်နေသည့် သူ၏ဆံပင်များ သူ(မ)၏အမြင်အာရုံထဲသို့ ရောက်လာသောအခါ သူ(မ)ကိုယ်သူ(မ)အမြင်မှားနေသည်ဟု မငြင်းဆန်နိုင်တော့ပေ။


ယခုအချိန်၌ ရေတွင်ပေါ်နေသူမှာ မြို့စား မက်သိုင်းရပ်စ် ဘွန် ဟာဟက်ဒ် ဆိုသည်မှာ မငြင်းဆိုနိုင်တော့ပေ။


အံ့သြသွားသော လေလာတစ်ယောက် သူ(မ)၏လက်ထဲမှသတင်းစာကို အောက်သို့ပစ်ချလိုက်မိ၏။ သူ(မ)သာ သစ်ကိုင်းကို အလိုအလျောက် မဖမ်းဆုပ်ထားနိုင်ခဲ့လျှင် သူ(မ)လည်း သတင်းစာနှင့်အတူ အောက်သို့ပြုတ်ကျသွားမည်ဖြစ်သည်။


ထိုစဥ် သူ(မ)၏အသိစိတ်က သူ(မ)ကိုပြောကြားနေ၏။


မျက်လုံးမှိတ်ထားလိုက်။ မဟုတ်သေးဘူး၊ အပင်ပေါ်ကနေ အမြန်ဆုံးဆင်းပြီး တောထဲကနေ ထွက်ပြေးလိုက်တော့။ ဒါမှမဟုတ် အနည်းဆုံးတော့ ထိတ်အလန့်တကြားအော်လိုက်ချည်။


သို့သော်လည်း လေလာလုပ်နိုင်သည်ကတော့ အဝတ်အစားများမပါသော အမျိုးသားအား ဆွံ့အစွာကြည့်နေမိခြင်းပင်။ ၎င်းသည် တကယ်ကို မြို့စားဟာဟက်ဒ် ဖြစ်နေ၏။ ထိုလူက ဗလာကျင်းနေသော သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်လိုစိတ်မရှိဘဲ ရေပေါ်တွင် ဆက်၍မျောနေလျက်ရှိသည်။


ထိုလူ ရေစီးကြောင်းနှင့်အတူ ပါသွားလျှင်ကောင်းပေမည်။


လေများ စတင်တိုက်ခတ်လာချိန်တွင် ရုတ်တရက်ဆိုသလို မြို့စားက လေလာရှိနေသော မြစ်ကမ်းအနီးသို့ ကူးခတ်လာလေ၏။


"အား၊ မဟုတ်ဘူး။"


လေလာ၏အော်သံမှာ ကြည်လင်နေသော ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားလေသည်။


"မဟုတ်ဘူး! မလာနဲ့! လာလို့မရဘူး!"


လေလာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မဝံ့မရဲနှင့် သစ်ပင်ပေါ်ကနေ ဆင်းလာခဲ့လိုက်၏။


သူ(မ) မြို့စားကိုအရိုအသေပြုရန် သတိမရခဲ့ပေ။ ဘယ်အရာကိုမှ သူ(မ)မတွေးနိုင်တော့ချေ။ လေလာ သူ(မ)၏ ခြင်းတောင်းနှင့်ဦးထုပ်ကိုလည်း ချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့၏။ သူ(မ)၏ခြေထောက်များက မည်မျှမြန်မြန်ပြေးနေသည်ကိုပင် သတိမထားမိတော့ဘဲ တောထဲသို့ပြေးနေမိသည်။


"လေလာ!"


အိမ်ငယ်လေးဆီ ပြန်သောလမ်းတွင် လေလာတစ်ယောက် ကိုင်းလ်နှင့်တိုက်မိခဲ့ခြင်းပင်။ နားမလည်နိုင်ဖြစ်နေသော ကိုင်းလ်က လဲကျမတတ်ဖြစ်နေသည့် လေလာကို လှမ်းဖမ်းလိုက်၏။


"မင်း ဘယ်ရောက်နေတာလဲ။ မင်း အိမ်မှာမရှိလို့ ငါလိုက်ရှာနေတာ။"


"ကိုင်းလ်၊ ကိုင်းလ် ငါဘာလုပ်သင့်လဲ။"


ရူးတော့မည့်လူတစ်ယောက်ကဲ့သို့ လေလာ အသက်ပြင်းပြင်းရှူ၍ အက်ရှရှအသံဖြင့် ရေရွတ်နေမိ၏။


"ဘာလို့လဲ။ ဘာဖြစ်ခဲ့တာလဲ။ တောရိုင်းကောင်နဲ့ တွေ့ခဲ့တာလား။"


လေလာတစ်ယောက် အဆက်မပြတ်ခေါင်းခါနေချိန်တွင် လမ်းအနောက်ဘက်သို့ ကိုင်းလ် လှည့်ကြည့်လိုက်သည်။ မြင်ကွင်းထဲတွင် ဘာမှရှိမနေပေ။ သူတို့ရှေ့တွင် ရှိနေသည်မှာလည်း ပုံမှန်တောအုပ်ပင်။


"ဒါဆို ဘာဖြစ်လာတာလဲ။ ဘာဖြစ်လို့ အရမ်းအံ့သြထိတ်လန့်နေရတာလဲ။"


"...ငါဘာလုပ်သင့်လဲ။"


လေလာ မျက်ရည်စများဖြင့် မြေပေါ်သို့လဲကျသွားသည်။ သူ(မ)၏အေပရွန်စနှင့် မျက်နှာကိုအုပ်၍ အတော်ကြာခေါင်းခါလိုက်၏။


သူ(မ) မမှတ်မိချင်သော်လည်း ကောင်းမွန်စွာတည်ဆောက်ထားသော ခန္ဓာကိုယ်ပုံရိပ်ကတော့ သူ(မ)၏ဦးခေါင်းထဲ ပေါ်လာနေသေးသည်။


လေလာ သူ(မ)၏ဆံပင်များကို ဆွဲစုပ်လိုက်၏။


"ငါဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ ကိုင်းလ်။"


"ဘာဖြစ်နေတယ်ဆိုတာကို ပြောပြမှ အဖြေရှာပေးနိုင်မှာလေ။ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။"


ကိုင်းလ် မျက်မှောင်ကြုတ်ကာ လေလာ့အရှေ့တွင် ဒူးထောက်ချလိုက်သည်။ မကြာခင်မှာပင် လေလာ၏မျက်နှာက မှည့်နေသောရက်စ်ဘယ်ရီကဲ့သို့ နီရဲလာတော့၏။


"ဟေး၊ မင်း ဘာမြင်ခဲ့တာလဲ။ သရဲ မြင်ခဲ့တာလား။"


ကိုင်းလ်တစ်ယောက် စတင်၍ ရယ်မောလိုက်တော့သည်။


မဟုတ်ဘူး။


လေလာ ပြောပြချင်နေသော်လည်း သူ(မ)၏နှုတ်ခမ်းများက ပွင့်ဟမလာခဲ့ပေ။


၎င်းမှာ သရဲထက် ပိုကြောက်စရာကောင်းသည့် အရာတစ်ခုဖြစ်နေသည်။


သူ(မ)၏ အပူတပြင်းမောဟိုက်သံများကြားမှ အသံတိတ်ရေရွတ်လိုက်သောစကားများက ထွက်ကျလာခဲ့သည်။


~~~~


သူ့အရှေ့တွင်ဖြစ်သွားခဲ့သော အရိုင်းဆန်သည့်မြင်ကွင်းမှာ မယုံကြည်နိုင်စရာကောင်းလွန်းသဖြင့် မက်သိုင်းရပ်စ် အသက်ရှုရန်ပင် မေ့လျော့နေခဲ့၏။ စိုစွတ်နေသော သူ၏ဆံပင်များမှ ရေစက်များသည် နှာခေါင်းပေါ်ထိ ကျဆင်းနေသည်။


လှေရုံရှိရာ ဆိပ်ကမ်းသို့ကူးသွားပြီးနောက် မက်သိုင်းရပ်စ်လည်း အဝတ်စိုများကိုဝတ်ကာ ထိုသစ်ပင်ကြီးထံ ပြန်လာခဲ့လိုက်သည်။ လေလာတစ်ယောက် သူ(မ)၏ ပစ္စည်းများအားလုံးကိုထားခဲ့ပြီး ပြေးသွားခဲ့ခြင်းဖြစ်၏။


လေလာကျန်ခဲ့သည့်အရာများကို မက်သိုင်းရပ်စ် ယူကြည့်လိုက်၏။ အပင်အောက်ရှိ ခြင်းတောင်းကြီးတစ်ခုနှင့် ဦးထုပ်တစ်လုံး၊ မြေပြင်ပေါ်ရှိ သတင်းစာနှင့် ရေစိုနေသော လက်ကိုင်ပုဝါတစ်ထည်ပင်။


ခြင်းတောင်းနှင့်အပြည့် ရက်စ်ဘယ်ရီများကို မြင်လိုက်ရသောအခါ သူစိတ်မပါစွာ ရယ်လိုက်မိသည်။ သူ(မ)က အာဗစ်တောအုပ်ထဲမှာပေါက်နေတဲ့ ရက်စ်ဘယ်ရီတွေအားလုံးကို ခူးမလို့လား။ ထိုမိန်းကလေး သူ(မ)၏လက်သွယ်သွယ်လေးများဖြင့် အနှီခြင်းတောင်းကြီးကို သယ်လာသည်အား တွေးမိလိုက်သောအခါ သူအံ့သြမိသွား၏။


တွေးကြည့်လိုက်တော့မှ၊ ဤသစ်ပင်က သူ ထိုကလေးမလေးကို ပစ်မိတော့မလိုဖြစ်ခဲ့သည့် အပင်ဖြစ်နေ၏။


လှပသည့်သစ်ပင်ကြီးကို မက်သိုင်းရပ်စ် မော့ကြည့်လိုက်သည်။ ထိုအချိန်တုန်းက သစ်ကိုင်းပေါ်တွင်ထိုင်ကာ သူ့ကိုကြည့်နေသောမျက်နှာလေးကိုလည်း သူမှတ်မိနေသေး၏။ သူ ရယ်မောလိုက်တော့သည်။


မဟုတ်သေးပါဘူး၊ သူ(မ)က အပင်ပေါ်တက်ပြီး ကစားနေတုန်းပဲလား။


သူ(မ)အနောက်သို့လိုက်မည်ဟု သူတွေးလိုက်မိသော်လည်း စိတ်ပြောင်းသွားကာ အိမ်တော်ထံ ဦးတည်လိုက်တော့၏။


နေ့လယ်ခင်းတွင် မိသားစုလုပ်ငန်း၏ဒါရိုက်တာနှင့် တွေ့ဆုံရန် မက်သိုင်းရပ်စ် စီစဉ်ထားသည်။ လုပ်ငန်းခွင်စီမံခန့်ခွဲမှု၌ တိုက်ရိုက်ပါဝင်မနေသော်လည်း အစီအစဉ်များကို ကြည့်ရှုရန်ကတော့ သူ၏တာဝန်ဖြစ်၏။ သူ့လက်အောက်ငယ်သားများ၏ လုပ်ရည်ကိုင်ရည်နှင့် ဖွဲ့စည်းပုံများကိုလည်း သူကြည့်ရဦးမည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment