[မွေးနေ့ပွဲအခမ်းအနား]
မျှော်လင့်ထားသည့်အတိုင်း ယန့်ကျိက သူ့မွေးနေ့ပါတီသို့ လူအများကြီး ဖိတ်ကြားထား၏။ လီကျစ်ပင်းမှလွဲ၍ အိပ်ဆောင်ရှိ လူအားလုံး ဖိတ်ကြားခံရကာ ဤတစ်ကြိမ်၌ ပါတီကို သူ့အိမ်တွင် ကျင်းပမည်ဖြစ်သည်။
ယန့်ကျိမိသားစုက ချမ်းသာကြောင်းကို အိပ်ဆောင်ရှိလူအားလုံးသိထားကြပြီးပေမဲ့ လီလီမှလွဲ၍ မည်သူမှ ဤအိမ်သို့ အဖိတ်မခံရဖူးလေရာ သူတို့အားလုံးက ဤတစ်ကြိမ်ဖိတ်ကြားခံရခြင်းကြောင့် စိတ်လှုပ်ရှားနေကြသည်။
ပွဲအခမ်းအနားအတွက် ပိုသင့်တော်စေရန် အဝတ်အစားအသစ်များ သို့မဟုတ် အနောက်တိုင်းဝတ်စုံအသစ်များ ဝယ်သင့်သည်လားကိုပင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
လုခယ်ရွှမ်က ယန့်အိမ်ကိုရောက်ဖူးသည့် တစ်ဦးတည်းသောသူဖြစ်သော လီလီကိုပင် မေးလိုက်သေး၏။
"အားကျိရဲ့အိမ်က တကယ်အရမ်းကြီးတာလား? ဘယ်လောက်တောင် ခမ်းနားတဲ့အိမ်မျိုးလဲ"
လီလီက ဂရုတစိုက်တွေးကာ
"အဲ့ဒါက ရဲတိုက်ကြီးလိုပဲ။ဒါပေမဲ့ ရုက္ခဗေဒဥယျာဉ်နဲ့လည်းတူတယ်။ ပြီးတော့ ပတ်ပတ်လည်ကလည်း သူတို့
အိမ်တွေပဲ"
လုခယ်ရွှမ်အသက်တစ်ချက်ရှိုက်သွင်းလိုက်ရသည်။
"အရမ်းကြီးတာပဲလား"
"အရမ်းကြီးတယ်။ ရေကူးကန်နဲ့ ဘတ်စကတ်ဘောကွင်းလည်းပါတယ်လေ"
"ဝေါင်း.. အံ့ဩစရာပဲ"
တစ်ခြားအခန်းဖော်တစ်ယောက်က အာမေဋိတ်ပြုလာလျှက် ရုတ်တရက် ပြောလာသည်။
"အားကျိရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့ပါတီက ကြီးကြီးမားမားဖြစ်မှာဆိုတော့ ငါတို့ သူ့ကိုပေးမဲ့လက်ဆောင်က နည်းနည်းလောက် စုတ်ပြတ်မနေလောက်ဘူးလား။ စကားမစပ် ချောင်အာ..မင်း ဘာလက်ဆောင်ပေးမှာလဲ"
လီလီက ပြောလိုက်သည်။
"ဖိနပ်တစ်ရံ"
"ဘာတံဆိပ်လဲ.. ငါ့ကိုတစ်ချက်လောက် ပြပါလား။ ငါ့ရဲ့လက်ဆောင်က အရမ်းပေါ့ပေါ့တန်တန်များဖြစ်နေမလား ကြည့်ချင်လို့"
တခြားသူများကလည်း သူတို့ ပြင်ဆင်ထားသည့်လက်ဆောင်ကို ထုတ်လာကြသည်။ ယန့်ကျိက ရက်ရောလှသည်။ သူ့အခန်းဖော်များ၏ မွေးနေ့တိုင်းမှာ
လက်ဆောင်ပေးတတ်သည်ပင် ဖြစ်၏။ ပစ္စည်များ၏တန်ဖိုးမှာ အနည်းဆုံး ယွမ်တစ်ထောင်ကျော်တာကြောင့် သူတို့အနေဖြင့် အတော်လေးဈေးပေါသည့်အရာမျိုး ပြန်ပေးဖို့မကောင်းချေ။ထို့ကြောင့်၊ အများစုက နာမည်ရှိ ဘရန်းပစ္စည်းများဖြစ်ကြလေသည်။
လီလီက သူ့ကိုယ်ပိုင် လော့ကာကိုဖွင့်၍ အတွင်းရှိဘူးကို ယူလိုက်ချင်းမှာပင် တစ်ခုခုမှားနေပြီကို ခံစားမိလိုက်သည်။
ဘူးက ပေါ့ပါးလွန်းနေကာ အထဲတွင် လွတ်နေ၏။
ဖိနပ်များက ပေါ့ပါးသည့်ပုံစံဖြင့် ရောင်းချတာဖြစ်ပေမဲ့လည်း ဤလောက်ထိ မပေါ့ပါးပေ။ လီလီ မျက်မှောင်ကြုတ်သွားကာ လက်ဆောင်အိတ်ထဲမှ ဖိနပ်ဘူးကို ယူထုတ်လိုက်သည်။
ဖွင့်ကြည့်လိုက်တော့ အထဲတွင် ဗလာဖြစ်နေလေသည်။
သူ့မျက်နှာက ထူးဆန်းနေသည်ကိုမြင်တော့ လုခယ်ရွှမ်က လျှောက်လာကာ မေးလာသည်။
"ဘာဖြစ်လို့လဲ"
လီလီကပြောလိုက်သည်။
"ငါ့ဖိနပ်တွေကို အခိုးခံလိုက်ရပြီ"
သူ ဤသို့ပြောလိုက်ချိန်၌ လူတိုင်း အံ့ဩသွားလေသည်။ မည်သို့ဆိုစေ လီလီကမူ အမြန် တုံ့ပြန်လာကာ အိပ်ဆောင်တွင် ကန့်လန့်ကာပိတ်ထားသော တစ်ခုတည်းသော ကုတင်ဆီ လျှောက်သွားလိုက်၏။
သူက ကန့်လန့်ကာကို ဆတ်ခနဲ ဆွဲဖွင့်လိုက်ကာ အထဲတွင် ဖုန်းကစားနေသည့် လီကျစ်ပင်းအားအော်ပစ်လိုက်သည်။
"ပြန်ပေးစမ်း !"
လီကျစ်ပင်းလန့်သွားကာ သူ့မျက်နှာက ဖြူဖျော့သွား၏။ အပြစ်ရှိစိတ်ကြောင့် ဆိုသည်လားကိုတော့ ပြောရန်ခက်ပေမဲ့ သူက မကြာခင်မှာပင် တင်းမာသွားလေကာ
"မင်း ဘာဖြစ်နေတာလဲ ဘာကို ပြန်ပေးလဲ”
လီလီက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။
"မင်းယူသွားတဲ့ ငါ့ဖိနပ်တွေ ပြန်ပေး!'
လီကျစ်ပင်းက ပြန်အော်လာသည်။
"ဘယ်သူက မင်းဖိနပ်ကိုယူလို့လဲ! မင်း ဖိနပ်ဝယ်ထားတယ်ဆိုတာတောင် ငါ သိမနေတာ ငါက ဘယ်လိုလုပ် ယူနိုင်မှာလဲ။ ငါ့ကို ကောလဟာလတွေ လာမစွပ်စွဲနဲ့ !”
လီလီက သူ့ကို စူးစူးရဲရဲကြည့်ကာ
"ပြန်ပေး!"
သူက ပုံမှန်ဆိုလျှင် ကောင်းမွန်စွာ ပြုမူတတ်ကာ ပင်ကိုယ်စရိုက်က ကောင်းမွန်သည့်ပေါက်၍ ယုန်ဖြူလေးလို အေးအေးနေတတ်ပေမဲ့ ဒေါသထွက်လာချိန်မှာတော့ တကယ်ကို ကြောက်စရာကောင်းသည်မို့ ဘယ်သူမှ ဝင်မဆွဲရဲကြချေ။
လီကျစ်ပင်းက အနည်းငယ်တုန်လှုပ်သွားသည်မှာ အသိသာပင်။ သူ့အသံက တင်းမာနေလျှက်
"ငါမယူဘူးလို့ ပြောပြီးပြီလေ။ ငါယူပါတယ်လို့ ပြနိုင်တဲ့ သက်သေက ဘယ်မှာလဲ။ ပြီးတော့ ဒီလို နာမည်ကြီးဘရန်းတံဆိပ်ဖိနပ်ကို ဝယ်ဖို့ မင်း တတ်နိုင်လို့လား။ အွန်လိုင်းက ဘူးခွံကိုဝယ်.. ဗီရိုထဲ တမင်ထည့်ထားပြီး အခုလိုငါ့ဆီက ငွေညစ်ချင်နေတာ မဟုတ်ဘူးလား”
လီလီ သွားစေ့ကာ ပြောလိုက်သည်။
"ငါ့ကို ရဲခေါ်အောင် ဖိအားမပေးနဲ့!"
လီကျစ်ပင်း၏အသံက ပိုကျယ်လာ၏။
"ရဲခေါ်လိုက်စမ်းပါ! အခုချက်ချင်း ရဲခေါ်လိုက်! ဘယ်သူ့ကိုလာပြီး ခြိမ်းခြောက်နေတာလဲ။ မင်းမှာ ဘာသက်သေမှ မရှိဘဲနဲ့ မင်းပစ္စည်းကို ငါယူပါတယ်လို့ ဘာနဲ့ သက်သေပြမှာလဲ?"
လီလီကပြောလိုက်သည်။
"ဘူးကို လက်ဗွေရာစစ်ဖို့ ယူသွားလို့ရတယ်"
ထိုစကားကိုကြားတော့ လီကျစ်ပင်း၏ အမူအယာပြောင်းသွားကာ သူ့နောက်ကျောက တောင့်သွားပြီး ဂဏှာမငြိမ်လေတော့။
"မင်းရဲ့ လက်ဗွေရာတွေ အဲ့ဒီအပေါ်မှာ ရှိနေခဲ့ရင် ခိုးမှုနဲ့ မင်း တရားစွဲခံရမယ်။ မင်း ကျောင်းကနေ အပြစ်ပေးတာခံမလား တိုက်ရိုက် ကျောင်းထုတ်တာခံမလား? လီကျစ်ပင်း..မင်း အဲ့လောက်ထိ လုပ်ချင်တယ်ဆိုတာ သေချာပြီလား”
လီလီက သူ့အား နီးနီးကပ်ကပ်စိုက်ကြည့်လျှက် တစ်လုံးချင်းပြောလိုက်သည်။
"အရင်ဆုံး ပစ္စည်းကို အခုချက်ချင်းပြန်ပေး။ ဒုတိယအနေနဲ့ ငါ့ကိုတောင်းပန်။ တတိယက ဒီအိပ်ဆောင်ကနေ ပြောင်းသွားလိုက်တော့"
ဤသည်က ညိနှိုင်းနေခြင်းမဟုတ်။ တိုက်ရိုက်အမိန့်ပေးနေခြင်းသာ။
လီကျစ်ပင်း လုံးဝ အထိတ်တလန့်ဖြစ်သွား၏။ သူက အကြိမ်ကြိမ် ပါးစပ်ဖွင့်လာပေမဲ့ ဘာကိုမှ မပြောနိုင်ပေ။ တခဏအကြာ၌သူက ခြောက်ကပ်စွာပြောလာသည်။
"မင်းဘာလို့ငါ့ကို လာခြိမ်းခြောက်နေတာလဲ။မင်း...မင်း ရဲသွားတိုင်လိုက်လေ..."
လီလီက ပြော၏။
"မင်းထပ်စဉ်းစားဖို့ နောက်ထပ်အချိန်ဆယ်စက္ကန့် ထပ်ပေးမယ်"
အခြေအနေက တင်းမာနေလေရာ လုခယ်ရွှမ်က မနေနိုင်ဘဲ ဝင်ပြောရတော့သည်။
"လီကျစ်ပင်း မင်းတကယ်ယူထားတာဆိုရင် လက်မလွန်ခင် ပြန်ပေးလိုက်ပါ။ စနောက်တာဆိုရင်တောင် အကန့်အသတ်ရှိသင့်တယ်လေ။ ဟုတ်တယ်မလား..ငါတို့တွေ အိပ်ဆောင်တစ်ခုတည်းမှာ အကြာကြီးနေလာခဲ့ကြတာပဲ။ ငါတို့ ဘယ်သူကိုမှ မပြောပါဘူး"
မျက်လုံးလေးလုံးက သူ့ကိုစိုက်ကြည့်နေလျှက် လီလီ၏ ထက်ရှသည့် အကြည့်နှင့်ဆုံတော့ လီကျစ်ပင်းမှာ နောက်ဆုံး မျက်ရည် မထိန်းနိုင်တော့ပေ။ သူက အိပ်ရာထဲမှ ထွက်လာကာ သူ့လော့ကာထဲမှ အဝတ်များကို ထုတ်လိုက်၏။
သူက ကျောပိုးအိတ်ထဲတွင် ဖွက်ထားသည့် ဖိနပ်ကို ယူထုတ်လိုက်ကာ လီလီကိုင်ထားသည့် ဖိနပ်ဘူးထဲ ဒေါသတကြီး ပစ်ထည့်လိုက်ကာ အော်လိုက်သည်။
"ငါတောင်းပန်တယ်.. ရပြီလား"
တစ်ဖက်လူ၏ တောင်းပန်ခြင်းက စိတ်ရင်းမပါလေကာ လီလီကလည်း ဂရုစိုက်ဖို့ပျင်းလေသည်။
°°°°°°
ယန့်ကျိ၏ မွေးနေ့က ပိတ်ရက်တိုမတိုင်ခင် တစ်ရက်တွင်ဖြစ်၏။ မသွားခင်တွင် လီလီက သူ၏ လက်ဆောင်ကိုထုတ်ပိုးကာ အိပ်ဆောင်ရှိ တခြားသူများ၏လက်ဆောင်ထုတ်ပိုးရာတွင်လည်း ကူညီပေးခဲ့၏။
သူက ထုတ်ပိုးကာ ဖဲကြိုးနှင့် လုပ်ထားသည့် နှန်းဆီပန်းလေးဖြင့် ကပ်လိုက်သည်။ သူ့အခန်းဖော်များက သူ့ကျွမ်းကျင်မှုကို ဆက်တိုက်ချီးကျူးနေလေရာ လီလီက ပြုံးကာဖြင့် ကျိုးနွံစွာပြောလိုက်၏။
"ဘာမှ အထူးတလည်မဟုတ်ပါဘူး"
ဆောင်းရာသီပိတ်ရက်များစွာအတွင်း သူတို့မိခင်များ၏လက်မှုအလုပ်များကို ကူညီပေးခဲ့ကြရသည့် မည်သူမဆို ဤမျှသော ကျွမ်းကျင်အဆင့်သို့ ရောက်နိုင်ကြသည်ချည်းသာ။
ယန့်ကျိက အတော်လေး တွေးပေးတတ်သူပင်။ သူက သူတို့အား ကိုယ်ဘာသာ မလာစေပေ။ ကျောင်းမှလူများကိုကြိုရန် မီနီဘတ်စ်တစ်စီးကို တကယ်ကြီး စင်းလုံးငှားပြီး ဘတ်စကတ်ဘောအသင်းနှင့်အတူ သူ့အိမ် တံခါးရှေ့အရောက် ခေါ်ဆောင်စေ၏။
ကားပေါ်မှ ဆင်းပြီး အိမ်ထဲဝင်လိုက်ကြသည့် အခန်းဖော်များမှာ ယန့်မိသားစုအိမ်က မည်မျှကြီးမားကြောင်း နောက်ဆုံးတော့ နားလည်သွားခဲ့ကြပြီပင်။
အဝင်ဝသံတံခါးသည်ပင် ကြီးမားလှ၏။ အထဲဝင်လိုက်ပြီးနောက် အပေါ်ထပ်နှင့် ပင်မအိမ် ခေါင်မိုးတို့ကိုသာ မြင်ရသည်။ ကျန်သည်များကတော့ စိမ်းလန်းစိုပြေသည့် အပင်များဖြင့် ဖုံးကွယ်ခံထားရခြင်းကြောင့်ပင်။ နွေရာသီ၌ ပန်းပင်များပြည့်ပြည်ဝဝဖူးပွင့်နေကြလျှက် လမ်းတလျှောက်လည်း ပန်းရနံ့များသင်းနေလျှက် ရှိသည်။
ကြမ်းပြင်တွင်အနီရောင်ကော်ဇောပင်ခင်းထားသေးလေ၏။
"ဒီမြင်ကွင်းကြီးက မကြီးလွန်းဘူးလား”
တစ်စုံတစ်ယောက်က ကင်မရာကိုင်ကာ ရိုက်ကူးနေသည်ကိုမြင်ချိန်မှာ လုခယ်ရွှမ်က မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။
သူတို့က ဝတ်လာသည့် အဝတ်အစားများက ပွဲနှင့် မသင့်တော်မည်ကို အနည်းငယ် စိတ်ပူနေခဲ့ကြပြီး ၀တ်စုံပြည့်နှင့် အမိုက်စား couture ဂါဝန်များကို ၀တ်ဆင်ထားသည့် လူအုပ်နှင့် ဝင်မဆံ့နိုင်မည်ကို စိုးရိမ်ခဲ့ကြပေမဲ့လည်း သူတို့မြင်လိုက်ရသည်က မိသားစုဝင်များအားလုံးသည် အရေးကြီးသည့် ပွဲအခမ်းအနား ကျင်းပနေခြင်း မဟုတ်သည့်အတိုင်း ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားကြလျှက် ယန့်ကျိသည်ပင် ပေါ့ပေါ့ပါးပါးသာဝတ်ထားကာ ညစာပါတီကို သူငယ်ချင်းနှင့် ဆွေမျိုးများကိုသာ ဖိတ်ထားခဲ့ခြင်းဖြစ်၏။
အစားအသောက်သည်ပင် ရိုးရိုးရှင်းရှင်း အသားကင်ဖြစ်သည်။
ဘတ်စကတ်ဘောအသင်းမှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြလေသည်။
" ဒါက ငါတို့ရဲ့ အားသာချက်ပဲဟ"
ပါဝင်ပစ္စည်းများသည်သာ ပုံမှန်ဆိုင်လေးများနှင့် လုံးဝကိုကွဲပြားသွားတာ ဖြစ်သည်။ အမဲသားနှင့် သိုးသားတို့မှာ လတ်ဆတ်နူးညံလှ၏။ လက်မောင်းဝက်မျှကြီးသော ပုစွန်ထုတ်ကြီးများ အပါအဝင် ပင်လယ်စာများစွာလည်းရှိလေကာ လီလီတို့တစ်သိုက် မမြင်ဖူးကြသည့်
မျိုးစုံသည့် ဂဏန်းများနှင့် တခြား စားဖွယ်စုံများကပါ စားပွဲ၏ နေရာအတော်များများကို ယူထားလေသည်။
ဖိတ်ခေါ်ထားသည့် စားဖိုမှူးအဖွဲ့မှာ ကျွမ်းကျင်သူများဖြစ်ရာ ကူညီပေးဖို့ အမှန်ပင် မလိုအပ်ပေမဲ့ အပျော်အနေဖြင့် သူတို့က အကင်စက်တစ်ခုတောင်းကာ သူတို့ဘာသာ အသားကင်လိုက်ကြသည်။
လူငယ်ကောင်လေးများ အတူစုနေသည့်အခါ တက်ကြွသက်ဝင်နေ၏။ တခဏအတွင်း နေရာက လူများနှင့် စည်းကားလာကာ ယန့်မိသားစုမှ ငယ်ရွယ်သည့် ဧည့်သည်များကို အတူလာကစားချင်အောင် ဆွဲဆောင်သွားရလေသည်။
စားသောက်နေစဥ် တစ်ဝက်၌ ယန့်ကျိ မိဘများက လာရောက်နှုတ်ဆက်ကြသည်။
ယန့်ဝမ်သည်လည်း သူ့ဖခင်နှင့်အတူလိုက်ပါလာလေသည်။
လီလီ အရပ်က သတိမထားမိနိုင်ဖွယ်ဖြစ်ကာ ဘတ်စကတ်ဘောအသင်း၏ အရပ်မြင့်မြင့် ကစားသမားများအလယ်၌ သူက ပို၍ပင် သေးကွေးနေသေး၏။ ထိုသူတို့၏ ကိုယ်ဖြင့် ပိတ်ထားခံရလုနီးပါးပင်။
သို့ငြား ကြားအဟလေးထဲကနေ ယန့်ဝမ်၏မျက်နှာကို မြင်နိုင်သေးပေသည်။ ယခုက သူတို့၏"အပေးအယူ" ကိစ္စပြီးနောက် ပထမဆုံး ပြန်လည် တွေ့ဆုံရခြင်းဖြစ်သည်။
ယန့်ဝမ်က ယနေ့တွင် ပုံမှန် အနောက်တိုင်းဝတ်စုံကို မဝတ်ထားခဲ့ဘဲ ပေါ့ပေါ့ပါးပါး အဝတ်အစားကိုသာ ဝတ်ထား၏။ အနှီ ပေါ့ပေါ့ပါးပါးအဝတ်စားများမှာ သူ့အား ခြေတံရှည်၍ အရပ်မြင့်ပုံပေါ်နေစေဆဲဖြစ်ပြီး ချောမောနေဆဲပင်။
ထို့အပြင် ဆံပင်အား နောက်လှန်တင်မထားခြင်းကြောင့် ပို၍ ငယ်ရွယ်ပုံပေါ်နေကာ သူတို့ထက် နှစ်နှစ်
သုံးနှစ်လောက်သာ ကြီးသည့်ပုံပေါ်လေသည်။
အမူအယာကလည်း အေးစက်မနေလေသည့်အပြင် အနည်းငယ်ပင် သိမ်မွေ့နေသေး၏။
နေရောင်က သူ၏ ပါးလျလျ နှုတ်ခမ်းပေါ်ကို ကျရောက်လာကာ အလင်းရောင်သဲ့သဲ့ကို ဖန်တီးပေးနေလျက်သား။
လီလီသည် ထိုညက နှစ်ယောက်သား အနမ်းပေးခဲ့သော ခံစားချက်ကို ရုတ်တရက် တွေးမိသွားရသည်။ သူ့နှလုံးသားက တဒုတ်ဒုတ်ခုန်သွားပြီး ချက်ချင်းပဲ ခေါင်းကို လှည့်လိုက်မိတော့လေသည်။
သူအသိပြန်မဝင်လာခင်မှာ လက်ကောက်ဝတ်က ရုတ်တရက် တစ်စုံတစ်ယောက်၏ ဖမ်းဆွဲခြင်းခံလိုက်ရကာ အရပ်မြင့်မြင့် အမျိုးသားများကြားမှ ဆွဲထုတ်ခံလိုက်ရ၏။ ထို့နောက် ယန့်ကျိက သူ့ပခုံးကို ဖက်လျှက် ပြောလာလေသည်။
"ဒါက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ။ မေမေ…သူ့ကို ရှောင်ချောင်လို့ ခေါ်လို့ရတယ်”
လီလီ အသိပြန်ဝင်လာကာ ယန့်ကျိက သူ့သူငယ်ချင်းများနှင့် မိဘတွေကို မိတ်ဆက်ပေးနေမှန်း နားလည်သွားရသည်။
လီလီ အရင်က ယန့်အိမ်ကိုရောက်ဖူးပေမဲ့ သူမိဘများနှင့် ဆုံရန် တစ်ခါမှ အခွင့်မကြုံခဲ့ပေ။ ယခုက သူတို့တွေ ပထမဆုံး ဆုံရခြင်းဖြစ်ပေသည်။
ယန့်ကျိ အမေကို မြင်ရချိန်၌ လီလီပထမဆုံး တွေးမိတာက သူမက တအားငယ်သည် ဆိုတာပင်။
သည်လောက်ကြီးကောင်ကြီးမား သားနှစ်ယောက်ရှိသည့်ပုံ မပေါက်လောက်အောင် ငယ်တာကြောင့် သူက မသိစိတ်အရ အသံကို နှိမ့်ပြီး ယန့်ကျိကိုမေးလိုက်မိလေသည်။
"သူက မိထွေးလား"
ယန့်ကျိက ရွှင်မြူးသွားလေကာ ရှေ့နောက် ယိမ်းထိုးလောက်အောင် ရယ်လာသည်။ မေမေယန့်က မကြားလိုက်ပေမဲ့ သူမလည်း မထိန်းနိုင်စွာ လိုက်ရယ်မိပြီး မေးလာလေသည်။
"ဘာဖြစ်လို့လဲ"
လီလီ သူ့ကို မတားလိုက်နိုင်ခင်မှာ ယန့်ကျိက ထုတ်ပြောလိုက်ပြီပင်။
"ချောင်အာက မေမေ့ကို ကျွန်တော့် မိထွေးလားဆိုပြီးမေးနေလို့"
သူ့ပတ်လည်ရှိ မျက်လုံးများက သူ့အပေါ်စူးကျလာသည်။ လီလီမှာ ခဏလောက် ရှက်သွားမိပြီး မျက်နှာအနီရောင်ပြောင်းသွားကာ အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်။ အန်တီအရမ်းငယ်နေတာ မြင်လို့ပါ..."
နုပျိုမှုကြောင့် ချီးမွမ်းခံရသည်ကို မကြိုက်သည့် အမျိုးသမီးမရှိလေကာ မေမေယန့်သည်လည်း ခြွင်းချက်မဟုတ်ပေ။ ဤအချိန်၌ သူမ၏အပြုံးက ပိုပြီးတောက်ပသွားကာ အပြုံးနှင့် ပြောလာ၏။
"ဒီကလေးက ချီးကျူးတဲ့နေရာမှာ အရမ်းတော်တာပဲ။ အန်တီက ဒီလိုကြားရတာကို အရမ်းဝမ်းသာတာ"
သူမက လီလီလက်ကိုပင် ကိုင်ကာ ပြောလာသည်။
"သားက ရှောင်ချောင်လား။ အားကျိ သားအကြောင်းပြောတာတွေကြားဖူးတယ်။ အိပ်ဆောင်မှာ သားကသူ့ကို အများကြီး ကူညီပေးဖူးတယ်တဲ့"
“သားက သူ့အဝတ်တွေတောင် ကူလျှော်ပေးဖူးတယ်ဆို။ ဒီကလေးက အရမ်းပျင်းတာလေ။ သူ့ကို အဲ့လောက် အလိုမလိုက်နဲ့။ နောက်တစ်ခါဆို သူ့ရဲ့ ညစ်ပတ်နံစော်တဲ့ အဝတ်တွေကို အဝတ်လျှော်စက်ထဲသာ ပစ်ထည့်ထားလိုက်။ သားကိုယ်သား ပင်ပန်းခံနေစရာမလိုဘူးနော်"
လီလီသည် သူက အခွင့်ရေးကောင်းတွေ အများကြီး ယူထားမိ၍ လုပ်အားဖြင့်ပြန်လည်ပေးဆပ်ခြင်းဖြစ်ကြောင်းပြောဖို့ရန် ရှက်ရွံ့မိတာကြောင့် သူက ကြုံသလိုသာ ခေါင်းညိတ်လိုက်မိသည်။
ယန့်ကျိက သူ့သူငယ်ချင်းတစ်ယောက်ချင်းစီကို မိတ်ဆက်ပေး၏။ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သည့် ဖေဖေယန့်က အံ့ဩစရာကောင်းအောင် အတော်လေး ကြင်နာတတ်သည်။
မေမေယန့်ကလည်း တက်ကြွကာ သူတို့လာသည့်အတွက် အတော်လေး ပျော်ရွှင်နေလေသည်။
သူမသား၏ မွေးနေ့ပါတီအတွက် ကျေးဇူးတင်မှုကိုပြပြီးနောက် မိခင်ဖြစ်သူက ဆိုလာသည်။
"ပျော်ကြနော်..လူငယ်တွေ သောက်စားကြလည်း အဆင်ပြေတယ်။ အများကြီးသောက်မိသွားရင် အိမ်မှာ အိပ်လို့ရတဲ့ နေရာတွေရှိတယ်နော်။ တစ်ခုခုလိုတာရှိရင် ပြောသာ ပြောလိုက်ကြ"
လူအုပ်စုက ရှက်ကိုးရှက်ကန်းဖြင့်ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်ကဲ့ပါဗျ"
မိသားစုလေးယောက်က ဧည့်သည်များကို ဧည့်ခံရန် တခြားနေရာသို့ ထွက်သွားကြပြီ ဖြစ်သည်။
လီလီသည် ထွက်သွားသော ယန့်ဝမ်၏နောက်ကျောကိုကြည့်ကာ "ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဘလော့ခ်ပစ်တာလဲ" ဟု မေးချင်စိတ်ကို မနည်းထိန်းနေရသည်။
တကယ်တော့ မမေးလည်းပဲ အကြောင်းရင်းကို သူ့နှလုံးသားထဲမှ သိပါပေ၏။
ထိုညက အနှီလူ လုပ်ခဲ့ရသည့်အကြောင်းရင်းက သူဟာ "အားကျိကို အကူအညီသွားတောင်းမယ်" ဟူ၍ နှိုးဆွမိခဲ့ခြင်းကြောင့်ပင် မဟုတ်လား။
သူ့ညီလေး ဂေးဖြစ်မှာကို မလိုလားလို့ သူ့ကိုယ်သူ ဂေးဖြစ်စေခဲ့တာများလား..။
သို့ပေမဲ့ မည်သို့ပင်ဖြစ်စေ သူတို့အတူအိပ်ခဲ့ကြသည် မဟုတ်ပါလားလေ။
သူ့ကိုမြင်ချိန်မှာ သည်လောက် အေးစက်နေဖို့ လိုအပ်ပါရဲ့လား။
ယင်းက ညစ်ပတ်သည့်တစ်စုံတစ်ရာကို ကြည့်နေသလို ခံစားရစေဆဲပါပင်။