no

Font
Theme

[ဖုန်းကောလ်]

တစ်နာရီ မပြည့်ခင်မှာပင် လီလီ၏ တောင်ပုံရာပုံတိုကင်တို့က တစ်ဝက်လောက် လျှော့ကျသွားပြီ ဖြစ်သည်။

ယန့်ဝမ်က ထိပ်တန်းကစားသမားဖြစ်ကာ လီလီက သူ့ကို အကြိမ်ပေါင်းများစွာ ပိတ်တားခဲ့၏။ သူက ကတ်ရေတွက်ရာတွင် တော်သလို ပြိုင်ဘက်ကလည်း သူ့ထက် မလျော့ခဲ့ပေ။

ရထားသမျှပြန်ပေးရသည့်အလှည့်၌ ယခင်က အများကြီး မနိုင်ခဲ့ဖူးသည့် အသက်ကြီးသူများအတွက် အကူအညီဖြစ်ခဲ့ကာ သူတို့ရှုံးထားသည့် ငွေတချို့ပင် ပြန်နိုင်သွားလေသည်။

မေမေယန့်က ထွက်မသွားဘဲ သူတို့ဘေးတွင်ထိုင်ပြီးကစားသည်ကိုကြည့်နေသည်။ ယန့်ဝမ်လက်ထဲရှိ ကတ်များကို သူမမြင်သွားကာ အကြိမ်အနည်းငယ်ကြည့်ပြီးနောက်မှာ မနေနိုင်ဘဲ ပြောမိတော့သည်။

"ရှောင်ချောင်…သားနဲ့ အားဝမ်တို့နှစ်ယောက်စလုံးက အံ့ဩစရာပဲ။ သားတို့နှစ်ယောက်စလုံးက တစ်ယောက်လက်ထဲမှာ ရှိနေတဲ့ ကတ်တွေကိုတစ်ယောက်က တွက်နိုင်တဲ့ပုံပဲ။ ပြီးတော့ သားတွက်သမျှ တစ်ခုမှ မမှားဘူးရယ်"

ယန့်ဝမ် ရုတ်တရက် ပြောလာ၏။

"သူ့နာမည်က လီလီ"

သူ့နာမည်အရင်းကို ကြားလိုက်ချိန်မှာ လီလီ ခဏလောက် ကြောင်သွားသည်။ မေမေယန့်ကလည်း တုံ့ပြန်မှု နှေးကွေးသွားကာ မကြာခင်မှာ ရယ်လာလေ၏။

"အန်တီလည်း သားကို အားကျိခေါ်သလို ခေါ်ရင်းနဲ့ အသားကျသွားတာပဲ"

သူမက လီလီကိုကြည့်ကာမေးလာ၏။

"အန်တီ ဒီလိုခေါ်တာက မယဉ်ကျေးရာမကျဘူးမလား"

လီလီက အမြန်ခေါင်းခါလိုက်သည်။

"ကိစ္စမရှိပါဘူးခင်ဗျ အဲ့လိုကြားရတာ ကျွန်တော် အသားကျနေပါပြီ"

ယန့်ဝမ် အမှားပြင်ပေးလာသည်က သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့ပေမဲ့ သူထိုအကြောင်း နားမလည်လိုက်ခင်မှာပဲ ယန့်ကျိကဝင်လာသည်။

ညစာစားပွဲက စတင်တော့မှာဖြစ်သည်။

အံဆွဲထဲတွင် တိုကင်အများအပြားကျန်နေ‌သေး၏။ တခြားသုံးယောက်က ရှုံးခဲ့ကာ လီလီသာ အနိုင်ရသူဖြစ်သည်။ လီလီက ထို တိုကင်များ ဘယ်လောက်တန်မှန်း မသိလေကာ အမျိုးသမီးများ သူတို့ပိုက်ဆံအိတ်ကိုဖွင့်၍ ငွေစက္ကူပမာဏများစွာ ဆွဲထုတ်လာချိန်မှ လောင်းကြေးက အတော်များမှန်း သူသဘောပေါက်သွားတော့သည်။

"ဝေါင်း…ကျွန်တော် ယွမ် တစ်သောင်းနီးပါးတောင် နိုင်လိုက်တာပဲ။ အရင်က ဒီလောက်အများကြီး တစ်ခါမှ မနိုင်ခဲ့ဖူးဘူး"

ယန့်ကျိက အတော်လေးပျော်နေကာ ပိုက်ဆံတွေရေရင်း မရေနိုင်လေတော့။ တခြားသူတွေ ထွက်သွားပြီးနောက်မှတော့ သူက ပိုက်ဆံအားလုံးကို လီလီ့လက်ထဲ လွှဲပေးလိုက်လေသည်။

"ငါ မင်းကို ခွဲပေးမယ်"

လီလီလန့်သွားကာ သူ့ကို သတိပေးလိုက်၏။

"မင်း အရင်းကိုတောင် မနှုတ်ထားဘဲနဲ့ ဒါက ခွဲပေးတာ မဟုတ်တော့ဘူးလေ…မင်းငါ့ကို အကုန်ပေးနေတာ မဟုတ်ဘူးလား"

ယန့်ကျိက ပြုံးကာပြောသည်။

"ငွေရင်းက အများကြီး မရှိပါဘူး။ ပြီးတော့ ဒါက မများဘူးလေ။ မင်းက အများကြီးနိုင်ထားတာဆိုတော့ သေချာပေါက်မင်းကို အားလုံးပေးရတာပေါ့"

သူက ပိုက်ဆံကို လီလီ့အိတ်ကပ်ထဲ အတင်းထိုးထည့်ကာ လီလီကလည်း ငြင်းသည်။

"အများကြီး ငါမယူနိုင်ဘူး"

အဆုံးမှာတော့ လီလီသည် ယွမ်တစ်ထောင်သာ ယူထုတ်လိုက်ကာ သူ့အိပ်ကပ်ထဲ ထည့်လိုက်တော့သည်။

******

ညစာသည် ပို၍ပင် ကိန်းကြီးခမ်းကြီးနိုင်ပုံပေါ်သည်။ လူအယောက် သုံးဆယ်မှ ငါးဆယ်အထိ ဆန့်သည့် ယန့်မိသားစု၏ အရှည်ဆုံးစားပွဲတွင် အနောက်တိုင်းအစားအသောက်များ တည်ခင်းထား၏။ ထိုပေါ်တွင် ခင်းကျင်းထားသည့် အလှပန်းအိုးများ၊ အကောင်းစားဝိုင်များနှင့်အတူ အလယ်၌ သုံးလွှာ ကိတ်တစ်လုံးရှိနေသည်။

လီလီက အခန်းဖော်များနှင့်အတူထိုင်ကာ မသက်မသာဖြစ်ခြင်း ရှိမနေခဲ့ပေ။ သို့ပေမဲ့ တခြားသူများ သောက်နေချိန်၌ သူက ဝိုင်ကို မထိဘဲ ပုံမှန်ဆိုလျှင် မစားနိုင်သည့် အရသာရှိသော အစားအသောက်များအပေါ်သာ အာရုံစိုက်နေမိသည်။

စားသောက်နေချိန်တစ်ဝက်၌ ယန့်ကျိက ဝိုင်တစ်ခွက်နှင့်ရောက်လာကာ သူ့မျက်နှာချောချောက သူ့ရှေ့ရောက်လုနီးနီး အနေအထား၌ ပြံး၍ပြောလာသည်။

"ချောင်အာ..မင်း ငါနဲ့အတူ တစ်ခွက် သောက်ပေးနိုင်မလား"

လီလီက ခေါင်းမာ၏။

"မသောက်ဘူး။ ငါအဆောင်ကိုပြန်ရမှာ ပြီးရင် မနက်ဖြန် အိမ်ပြန်မလို့"

သူက နှစ်ရက်တည်း ဆိုလျှင်တောင်မှ ပိတ်ရက်ရတိုင်းမှာ အိမ်ပြန်ရန် ရွေးချယ်တတ်သည်။

"‌ဒီနေ့က ငါ့မွေးနေ့လေ။ ငါ့ရဲ့ တောင်းဆိုမှုက အရေးကြီးဆုံးဖြစ်ရမှာ မဟုတ်ဘူးလား"

ယန့်ကျိက သိသိသာသာကို မူးနေပြီဖြစ်ကာ အနည်းငယ်တွယ်ကပ်နေသည်။

"ငါ့အိမ်မှာ အခန်းတွေအများကြီးရှိတယ်။ အဲ့ဒါကြောင့် မနက်ဖြန် မင်း ဒီကနေပဲ ဘူတာကို တန်းသွားလိုက်လို့ရတယ်လေ"

"ငါ့ ခရီးဆောင်အိတ်က အဆောင်မှာလေ"

ယန့်ကျိကပြောသည်။

"မင်းအတွက် တစ်ယောက်ယောက်ကို ယူပေးဖို့ လွှတ်လိုက်မယ်"

လီလီက သူ့မျက်နှာကို တွန်းထုတ်လိုက်ကာပြောလိုက်၏။

"မင်းနဲ့အတူသောက်ပေးဖို့ တခြားတစ်ယောက်သာ သွားရှာစမ်းပါ။ ငါ့အစားအသောက်တွေကို လာပိတ်မနေနဲ့။ ငါ နောက်ထပ် နာနတ်သီး မှိုစတူးထပ်လိုချင်သေးတယ်"

ယန့်မိသားစု တည်ခင်းသည့် ဟင်းပွဲတိုင်းက ရှားပါး၏။

ဤနေရာရှိ အစားအသောက်များမှာ တခြားနေရာတွင် မရနိုင်တာကြောင့် တစ်ခုကိုမှ အလွတ်မခံနိုင်ပေ။

အငြင်းခံလိုက်ရပြီးနောက် ယန့်ကျိက မကျေမနပ်ဖြစ်သွားပေမဲ့ သူ့ကို ဆက်မစတော့ပေ။ ထိုအစား သူက တခြားသူငယ်ချင်းများနှင့် သွားသောက်တော့သည်။

ညစာစားပြီးနောက် လူကြီးများက လက်ဖက်ရည်သောက် စကားပြောကြရန် တခြားဧည့်ခန်းများသို့သွားကြပြီး ညစာစားပွဲက လူငယ်များအတွက် အဓိက ပွဲကျင်းပရာဖြစ်လာသည်။

ကိတ်ကို အပိုင်းသေးသေးလေးများစိတ်လိုက်ပေမဲ့ စားသူ သိပ်မရှိချေ။ လူတိုင်းက ပျော်ရွှင်နေကြကာ လီလီကမူ မထိန်းနိုင်စွာဖြင့် ညစာစားပြီးနောက် တစ်စိတ်လောက် ယူစားလိုက်သေးသည်။

သူ အတော်လေးဗိုက်ပြည့်သွားပြီး လေချဥ်တက်လုနီးပါးဖြစ်ချိန်တွင်မှ စားသောက်ခြင်းကို ရပ်လိုက်၏။

အတင်းအားဓမ္မ အရက်သောက်ခိုင်းခြင်းမှ ရှောင်နိုင်ရန် လီလီက စားသောက်သည့်နေရာမှ ထွက်ကာ အပြင်ထွက် လမ်းလျှောက်နေလိုက်သည်။

ယန့်မိသားစုခြံဝန်းထဲတွင် မီးရောင်များစွာရှိတာကြောင့် အပင်များက သိပ်သည်းနေပေမဲ့လည်း အလင်းရောင်က မှိန်ကျမနေခဲ့ပေ။ လီလီ လမ်းအကြာကြီး မလျှောက်ရသေးခင်မှာပင် ရှေ့၌ ရင်းနှီးသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

ထိုနှစ်ယောက်က ယန့်ဝမ်နှင့် ရှဲ့ယင်းယင်းတို့ဖြစ်ကြောင်း သူ မှတ်မိသွားသည်။ သူ နှုတ်မဆက်ရသေးခင်၌ အိတ်ကပ်ထဲမှ ဖုန်းက ထမြည်လာခဲ့လေသည်။

သူက ဖုန်းသံတိုးထားသည်မို့ ရှေ့က နှစ်ယောက်ကို သိပ်ပြီး အာရုံမစိုက်စေလိုက်ပေ။ လီလီက ဖုန်းကိုထုတ်ကာ ခေါ်ဆိုသူကို ကြည့်လိုက်၍

ချောင်တစ်နေရာရှာလိုက်ကာ ဖုန်းဖြေလိုက်သည်။

"မေမေ ဘာဖြစ်လို့လဲ"

အသံက အလွန်နူးညံ့ပြီး လုံးဝ ဟန်ဆောင်ထားသည့် နူးညံ့မှုမျိုး မဟုတ်ဘဲ စိတ်နှလုံးထဲက နူးညံ့မှုမျိုး ဖြစ်၏။

သူ့ကို လျစ်လျူရှုရန် ပြင်ထားသည့် ယန့်ဝမ်မှာ ထိုအသံကို ကြားချိန်၌ အနည်းငယ် အံ့ဩသွားလေသည်။

ရှဲ့ယင်းယင်းသည်လည်း ကြားလိုက်လေရာ သူမက တီးတိုးပြောလာသည်။

"အားဝမ်ကော… ဟိုဘက်မှာ တစ်ယောက်ယောက် ဖုန်းပြောနေတာပဲ"

ယန့်ဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"သူများကို မနှောက်ယှက်မိအောင် နည်းနည်းဝေးဝေးကို သွားကြတာပေါ့"

ရှဲ့ယင်းယင်းက ရှက်သွေးဖြာသွားကာ တီးတိုးဆို၏။

"ကောင်းပါပြီ"

"လီလီ သားမနက်ဖြန် ရထားအတွက် လက်မှတ်ဝယ်ထားလား"

လီလီကဖြေလိုက်သည်။

“ဟုတ်.. မနက်ဖြန်မနက် ရှစ်နာရီ နှစ်ဆယ်ရထားလေ။ နေ့လည်ခင်းလောက် ရောက်လိမ့်မယ်"

သူက မိခင်ဖြစ်သူ ရထားအချိန်မေးနေသည်ဟု ထင်တာကြောင့် အသေးစိတ်ပြောပြလိုက်၏။

လီလီ့အမေ ကျောက်ချိုးက မေးလာသည်။

"သား ပိတ်ရက် ဘယ်နှစ်ရက် ရတာလဲ”

"ငါးရက်လေ"

"သားရဲ့သူငယ်ချင်းတွေမှာ အပြင်ထွက်လည်ကြဖို့ အစီစဉ် မရှိကြဘူးလား"

လီလီက အနည်းငယ် အံ့အားသင့်သွားပေမဲ့ အလေးအနက် ပြန်ဖြေလိုက်ဆဲပင်။

"ဟုတ်..တကယ်တော့.. ပိတ်ရက်တိုတိုပဲဆိုတော့ တော်တော်များများကခရီးထွက်ဖို့ စီစဉ်ထားကြတယ်။ သူငယ်ချင်းတွေထဲကတစ်ယောက်ဆို နိုင်ငံခြားတောင် သွားမလို့တဲ့"

သူက ယန့်ကျိအကြောင်း ပြောနေခြင်းပင်။ ယန့်ကျိက တကယ်ကို နိုင်ငံခြားသွားမှာဖြစ်ကာ ဗီဇာရထားပြီးဖြစ်ပြီး လေယာဉ်လက်မှတ်ပါ ဖြတ်ပြီးဖြစ်၏။

"တခြားကျောင်းသားတွေကရော"

"တချို့က အိမ်ပြန်ကြမှာ။တချို့က အချိန်ပိုင်းအလုပ်သွားလုပ်ကြမှာ.. အများစုကတော့ ရှုခင်းတွေသွားကြည့်ဖို့ စီစဉ်ထားကြတယ်။

ဘေးချင်းကပ်မြို့မှာ တောင်တွေ ရေကန်တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရှုခင်းနေရာတွေရှိတယ်။ ပြောကြတာတော့ ရှုခင်းတွေက တအား လှတယ်တဲ့ "

ကျောက်ချိုးက စိတ်ဝင်တစားရှိနေပုံပင်။

"ဘယ်ရှုခင်းနေရာလဲ။ သားသူတို့နဲ့ အတူသွားချင်လား"

သူမိခင်လေသံ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နောက်ဆုံးတော့ လီလီ နားလည်သွားပြီဖြစ်၏။

"မေမေ.. ကျွန်တော့်ကို ပြန်မလာစေချင်တာလား"

ကျောက်ချိုးကပြောသည်။

"အင်း….သားအလုပ်တွေအရမ်းလုပ်ထားတာလေ။ တက္ကသိုလ်လည်းတက်နေပေမဲ့ အမြဲတမ်း အချိန်ပိုင်းတွေပဲလုပ်နေတာ။ မေမေတို့ သားကို ဘယ်တုန်းကမှ စားစရိတ် မပေးခဲ့ရတာတောင် သားကအမြဲငွေပြန်ပို့ပေးနေလိုက်သေးတယ်။ သားအဖေ ဒီတစ်လောမှာ သက်သာလာပြီဆိုတော့ သားပြန်လာပြီး ဒုက္ခမခံသင့်ဘူးလို့ မေမေထင်တယ်။ ပိတ်ရက်တွေမှာ အတန်းဖော်တွေနဲ့ အပြင်ထွက် လည်ပတ်လိုက်ပါလား"

မိခင်ဖြစ်သူ၏ လေသံက အလွန် နူးညံ့နေ၏။ သူမက တောင်ပိုင်းသူဖြစ်ကာ စကားကို အမြဲ ဖြည်းဖြည်းနှင့် နူးညံ့စွာပြောတတ်သည်။ လီလီက သူမနှင့်စကားပြောရကို အမြဲသဘောကျခဲ့၏။

သို့ပေသိ သူက မိခင်နှင့်အနီးကပ်ရှိသူမို့ တစ်ခုခုက မူမမှန်ကြောင်း ပြောနိုင်သည်။ လီလီ မျက်မှောင်ကြုတ်သွားကာ မကောင်းသည့်ခံစားချက်ရောက်လာ၏။

"မေမေ ဘာဖြစ်လို့လဲ.. တစ်ခုခုဖြစ်လို့လား”

ကျောက်ချိုး၏လေသံက အနည်းငယ် အထိတ်တလန့်ဖြစ်သွားကာ အလောတကြီးနိုင်သွားသည်။

" မဖြစ်ပါဘူး.. ဘာမှမဖြစ်ဘူး။ မေမေကသားကို အနားယူစေချင်ရုံပါ။ တခြားဘာမှ မရှိပါဘူး"

"မေမေ့ရဲ့ အသံကနေ ကျွန်တော်​ခံစားမိနေတယ်"

သူက ပို၍ပင် မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။

"မေမေ သားကိုဘာလို့ ပြန်မလာစေချင်တာလဲ။ အဲ့ဒီမိသားစုက အကြွေးတောင်းဖို့ ရောက်လာတာလား"

ကျောက်ချိုးက ငြင်းလာသည်။

"မဟုတ်တာ။ သား အလုပ်အရမ်းပင်ပန်းနေတယ်လို့မေမေထင်လို့ပါကွယ်....."

လီလီကတော့ အလွန် သေချာနေခဲ့၏။

"သူတို့က အကြွေးလာတောင်းတာ သေချာတယ် မဟုတ်လား။ ဒါကြောင့် မေမေက ကျွန်တော့်ကို ပြန်မလာစေချင်တာ မဟုတ်လား"

သူက နည်းနည်း စိတ်တိုသွား၏။

"အရစ်ကျ ပြန်ဆပ်ဖို့ သဘောတူထားတာပဲ မဟုတ်လား။ ကျွန်တော်လည်း လတိုင်း ငွေကို အချိန်မှန် လွှဲပေးနေတာပဲလေ။ ဘာလို့ သူတို့က အခု ထပ်လာရတာလဲ"

သူက စိုးရိမ်တကြီးဖြင့်

"သူတို့က မေမေ့ကို အနိုင်ကျင့်တာများ ရှိသေးလား။ ရိုက်နှက်တာ ရှိလား။ ဆဲဆိုတာရော ရှိလား"

ကျောက်ချိုးက မငြင်းနိုင်တော့တာကြောင့် ထုတ်သာပြောနိုင်တော့သည်။

"မရိုက်ပါဘူးကွယ်။ အခုခေတ်က ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းလေ။ သူတို့က ဘယ်လိုလုပ် ရိုက်ရဲမှာလဲ... ဆဲလည်း မဆဲပါဘူး။ စိတ်မပူပါနဲ့.. မေမေက သားရဲ့ခေါင်းမာတဲ့ စရိုက်ကိုသိလို့ အရင်ကလို့ ရန်ပွဲထပ်ဖြစ်ရင် မကောင်းလောက်ဘူးထင်လို့လေ....မေမေ သားထိခိုက်နာကျင်တာ မမြင်ချင်တော့ဘူးကွယ်...."

သူမနောက်ဆုံးဝါကျကိုပြောလာချိန်တွင် လည်ချောင်းက ဆို့နင့်သွားလေသည်။

"ကျွန်တော် မလုပ်ပါဘူး"

လီလီ သွားစေ့ကာ သူ့လေသံကို တည်ငြိမ်အောင်ကြိုးစား၍

"မငိုနဲ့။ မေမေအိမ်မှာဆိုရင် တံခါးကို သော့ခတ်ထား။ ညဘက်မှာ ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့နော်။ မနက်စောစောလက်မှတ်ရှိသေးလား ကျွန်တော် ကြည့်လိုက်ဦးမယ်။ တကယ်လို့ရှိမယ်ဆိုရင် ဖြစ်နိုင်သမျှစောစောပြန်လာခဲ့မယ်"

သူက သူမကို ထပ်ပြီး နှစ်သိမ့်ပေးလိုက်၏။

"စိတ်မပူပါနဲ့..မေမေ့မှာ သားရှိတယ်နော်"

ဤဝါကျက တစ်ဖက်ရှိလူကို နည်းနည်းလောက် အသံကျယ်ကျယ် ငိုသွားအောင် လုပ်လိုက်မိ၏။ လီလီက သူမကို နူးနူးညံ့ညံချော့မော့ပြီးမှသာ ဖုန်းချလိုက်သည်။

ဆယ်မိနစ်မပြည့်ခင်မှာပင် သူ့ခံစားချက်များ ကောင်းရာမှ ဆိုးသွားခဲ့ပြီပင်။ စိတ်ထဲထပ်ပြီး စတင်လေးလံလာပြန်၏။

လေးလံလွန်းတာကြောင့် ယခုလေးတင် စားခဲ့သည့် အစားအစာများကတောင် မအီမသာဖြစ်စေသည့် ဝန်ထုတ်တစ်ခုကဲ့သို့ဖြစ်လာခဲ့လေသည်။

သစ်ပင်ပင်စည်တစ်ဖက်၌ အကြာကြီး ရပ်နေခဲ့ပြီးနောက်မှာ လီလီက နောက်ဆုံးတော့ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်ကာ အိမ်ဆီသို့ အမြန် လျှောက်သွားလိုက်သည်။

ယန့်မိသားစုက ဘတ်စ်ကားမှတ်တိုင်မရှိဘဲ တက္ကစီငှားရန်ပင် ခက်ခဲသည့် လူချမ်းသာရပ်ကွက်‌တွင် နေထိုင်ကြတာဖြစ်သည်။ လီလီက သူ့ကို ကျောင်းပြန်ပို့ပေးမည့် တစ်ယောက်ယောက်ကို ရှာနိုင်ရန် ယန့်ကျိကို လိုအပ်နေသည်။

ထိုသူက သူငယ်ချင်းများနှင့် သောက်စားကာ အချိန်ကောင်းလေးပိုင်ဆိုင်နေလေရာ သူပြန်တော့မည်ကိုကြားတော့ အနည်းငယ် ရှုပ်ထွေးသွား၏။ တစ်ခဏအကြာ၌ သူကပြောလာသည်။

"မင်းက ဘာလို့ပြန်မှာလဲ.. အစောကြီး ရှိသေးတယ်လေ"

လီလီပြောလိုက်သည်။

"အိမ်မှာ တစ်ခုခုဖြစ်နေလို့ စောစောပြန်သွားချင်တာ"

သူ့လက်မှတ်ကို အောင်အောင်မြင်မြင်လဲနိုင် မလဲနိုင်တော့ မသိ။ သူသိသည်က ဤနေရာတွင် ကြာကြာဆက်မနေနိုင်တော့သည်ကိုသာ။

မီးရောင်တောက်တောက်အောက်၊ စည်ကားသက်ဝင်ကာ ရယ်မောသံများရှိနေသည့် အရပ်တွင် သူ ရှိမနေသင့်။ သူက ‌ကျဉ်းမြောင်း မှောင်မိုက်ပြီး စိတ်ဆင်းရဲဖွယ်အရပ်မျိုးတွင်သာ ရှိနေသင့်ပေသည်။

ယန့်ကျိက သူ့ကို မတားတော့။ သူက ဝိုင်ခွက်ကိုချလိုက်ပြီး ချက်ချင်း ဒရိုင်ဘာလိုက်ရှာပေးလာသည်။ တခဏလောက် ရှာပြီးနောက်တွင် ရှိသမျှ ဒရိုင်ဘာ သုံးယောက်စလုံးမှာ ဧည့်သည်လိုက်ပို့နေကြမှန်း သိလိုက်ရသည်။ အမြန်ဆုံးတစ်ယောက်သည်ကား ပြန်ရောက်ရန် နာရီဝက်လောက် ကြာဦးမှာဖြစ်သည်။

ဤသည်ကို သိပြီးနောက် လီလီက စိတ်လျှော့လိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ဒါဆိုလည်း ငါ နာရီဝက်စောင့်လိုက်မယ်လေ"

ယန့်ကျိက ရုတ်တရက် ပြောလာသည်။

"ဒါပေမဲ့ ငါ့အစ်ကိုက ခဏနေရင် အစ်မယင်းယင်းကို ပြန်ပို့ပေးတော့မှာ။ မင်းကိုပါ ကျောင်းပြန်လိုက်ပို့နိုင်မလားလို့ ငါသူ့ကို သွားမေးလိုက်မယ်။

သူက မေးမြန်းဖို့ရန် အမြန်ထွက်သွားကာ ငါးမိနစ်ကြာပြီးနောက်မှာတော့ လီလီက ယန့်ဝမ်၏ကားပေါ် ရောက်နေပြီဖြစ်လေသည်။

ယန့်ဝမ်၏ကားက ကားကိုယ်ထည် ခပ်ကြီးကြီးနှင့် အတွင်း ပိုင်းနေရာကျယ်ကျယ်ပါသော Business car အမျိုးအစားကားဖြစ်သည်။

ကားရောက်လာချိန်၌ လီလီက နောက်ခုံမှာ အရင်ဆုံးဝင်ထိုင်လိုက်သည်။

ရှဲ့ယင်းယင်းက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခရီးသည်ခုံရှိရာ တံခါးကို ဖွင့်လိုက်လေသည်။

ကားထဲရှိလေထုက လတ်ဆတ်လှကာ ရေမွှေးရနံ့လည်း မရှိပေ။ ရှဲ့ယင်းယင်းက ယန့်ဝမ်ကို အရင်ကျေးဇူးတင်စကား ဆိုလာသည်။ သူမ၏ လေသံက အလွန် ညင်သာနေလျှက်ပင်။

"အားဝမ်ကော…. အပင်ပန်းခံပေးလို့ ကျေးဇူးပါပဲ"

ယန့်ဝမ်ကပြောလာသည်။

"ရပါတယ်"

သူတို့၏ စကားအသွားအလာကို နားထောင်ပြီး လီလီကလည်း အတုခိုးကာ ကျေးဇူးတင်စကား​ပြောလိုက်သည်။ ဤတစ်ကြိမ်၌ ယန့်ဝမ်က ပြန်မဖြေဘဲ ရှဲ့ယင်းယင်းကိုသာ မေးလာသည်။

"လိပ်သာက ဇစ်ကျင်းလမ်း ဟုတ်တယ်မလား"

ရှဲယင်းယင်းက ပြုံးကာဆိုသည်။

"ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မက အလျင်မလိုပါဘူး။ အားဝမ်ကော… အားကျိရဲ့သူငယ်ချင်းကို ကျောင်းအရင်ပြန်ပို့ပေးလိုက်ရင်ရော

….. ကျွန်မကိုနောက်မှ လိုက်ပို့ပေးလို့ရပါတယ်"

အလွန် စဉ်းစာပေးတတ်သည့် မိန်းကလေးတစ်ယောက်ပင်။

ယန်ဝမ်မှာသာ ထိုနှယ် တူညီသည့် ရည်ရွယ်ချက်မျိုး ရှိနေပါက သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ဤညမှာ အလျင်အမြန် တိုးတက်လာမည်ဟု လီလီ အာမခံရဲသည်။

သို့ငြား ယန့်ဝမ်ကဂေးသာ။

သေချာလေ၏။ မကြာခင်မှာပင် သူ ယန့်ဝမ်ပြောသည်ကိုကြားလိုက်ရလေသည်။

"မင်းကို အရင်ပို့ပေးမယ်… မင်းရဲ့ လိပ်စာက ပိုနီးတယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment