[ ဧည့်ခံခြင်း]
ယန့်မိသားစုအိမ်က အမှန်ကိုကြီးမားလှသည်မှာ စံအိမ်ဝောာ်တစ်ခုအလားပင်။ အပြင်ပိုင်းဧရိယာကသာကြီးသည်မဟုတ် အိမ်တွင်းပိုင်းကလည်း အလွန်ကြီး၏။ အိမ်ထဲတွင် အရွယ်အစားမတူသည့် ဧည့်ခန်းလေးခုရှိကာ အိမ်က ဝင်္ကပါတစ်ခုကဲ့သို့ပင်။
ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ပါက တည်နေရာသိနိုင်ဖို့ရန်ပင် ခက်ခဲနိုင်ပေသည်။
ဖေဖေယန့်တွင် မြေအောက်ဝိုင်သိုလှောင်ခန်းလည်းရှိကာ ဤတစ်ကြိမ်၌ လူငယ်အုပ်စုအမျိုးသားများမှာ တကယ်ကို ဉာဏ်အလင်းပေါက်သွားခဲ့ကြလေသည်။
"မသိတဲ့သူတစ်ယောက်ယောက်သာဆို မင်းတို့မိသားစုက ဝိုင်ရောင်းတယ်လို့ ထင်ကုန်ကြတော့မှာပဲ။ မင်းတို့စုဆောင်းထားတဲ့ ဝိုင်တွေက အရမ်းများလွန်းနေတာမဟုတ်ဘူးလား"
အခန်းဖော်များအားလုံး အံ့ဩမှင်သက်နေကြကာ ထိုအထဲမှတစ်ယောက်ဆိုလျှင် မနေနိုင်စွာ သက်ပြင်းချလိုက်သေး၏။
ယန့်ကျိက ပြုံးကာပြောသည်။
"အရင်က ငါ့အမေက ဝိုင်ဆိုင်ဖွင့်ချင်ခဲ့တာလေ။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူက ဝိုင်တွေအများကြီး စုဆောင်းမိခဲ့တယ်။ အဲ့အထဲကတချို့တလေကတော့ သူများတွေပေးထားတာ။
မင်းတို့ ဘာသောက်ချင်လဲ။ဒီနေ့စမ်းသောက်ကြည့်လို့ရတယ်။ တကယ်လို့ ကြိုက်တယ်ဆိုရင် မင်းတို့မိဘတွေကိုပေးဖို့ ပုလင်းလိုက်ပြန်ယူသွားလို့ရတယ်”
"အား ယန့်လူကြီးမင်းက အရမ်းရက်ရောတာပဲ!"
လူအုပ်စုက စတင် မြည်ကြွေးလာကြကာ ပတ်ဝန်းကျင်ကို ကြည့်ရှူကြတော့သည်။ သို့ပေမဲ့ တစ်စုံတစ်ယောက်ကိုတိုက်မိကာ ဝိုင်စင်မှ ဝိုင်ပုလင်းများ ကျကွဲမှာစိုး၍ သူတို့၏ လှုပ်ရှားမှုများကိုတော့ အလွန် ဂရုတစိုက်ရှိကြ၏။
လီလီက မလှုပ်ပေ။ ထို့ကြောင့် ယန့်ကျိက သူ့ကိုမေးလိုက်သည်။
"မင်း တစ်ပုလင်းလောက် ယူမသွားချင်ဘူးလား?"
လီလီက ခေါင်းခါကာပြော၏။
"အိမ်မှာ သောက်မဲ့သူမရှိဘူး"
သူနှင့် သူ့မိခင်က သောက်ရတာမကြိုက်သလို သူ့ဖခင်ကလည်း အကြောသေနေသည့် လူနာဖြစ်တာကြောင့် အရက်ကို ထိလို့မရပေ။
ယန့်ကျိက သူ့မိသားစုအခြေအနေအကြောင်းတစ်စုံတစ်ရာသိပြီးသားဖြစ်တာကြောင့် သူအမှားပြောမိသလို ခံစားလိုက်မိကာ အမြန် ပြောလိုက်၏။
"မင်းရဲ့ ဆွေမျိုးဖြစ်ဖြစ် သူငယ်ချင်းကိုဖြစ်ဖြစ်လည်း ပေးလို့ရတယ်လေ"
လီလီက ပြုံးကာပြောလိုက်ပြန်သည်။
"ငါ့မှာ ဆွေမျိုးမရှိဘူး။ သူငယ်ချင်းတွေအားလုံးကလည်း ဒီမှာပဲလေ"
ဤစကားပြောချိန်၌ သူ့မျက်နှာထက် ဝမ်းနည်းခြင်းမရှိပေ။ ထိုအစား သူက အတော်လေး သက်တောင့်သက်သာဖြစ်နေပုံပေါ်၏။
အသားကင်နှင့် ဝိုင်နီက ထူးခြားသည့်အရသာတစ်ခုပင်။ စားသောက်ကြပြီးနောက် သူတို့က လျှောက်ပတ်ဆော့ကစားကြတော့သည်။ ဘတ်စကတ်ဘော ပွဲအနည်းငယ် ကစားကြပြီးနောက် ဗီဒီယိုဂိမ်းဆော့ရန် ဂိမ်းခန်းသို့ ဆက်သွားလိုက်ကြသည်။
ငွေရှာရန်အတွက် မဟုတ်သည့်အခါမျိုးတွင် လီလီက ဂိမ်းကစားရတာကို မကြိုက်ပေ။ ထို့ကြောင့် သူက ဒီအတိုင်းထိုင်ကာ ဖုန်းသာသုံးနေလိုက်သည်။ ယန့်ကျိက သူ့ကိုဆွဲထူ၍ အခန်းတစ်ခုဆီခေါ်သွား၏။
သူက အပြုံးနှင့် ပြောလာသည်။
"ငါ့အမေနဲ့ သူ့သူငယ်ချင်းတွေ ဖဲကစားနေကြတာ လူတစ်ယောက်လိုနေလို့။ ချောင်အာ မင်း တိုကင်တွေနဲ့ ဝင်လောင်းလို့ရတယ်။ တိုကင်တွေက ငါ့ဟာပဲ။ တကယ်လို့ ငါနိုင်ရင် မင်းကို အကျိုးအမြတ်ခွဲပေးမယ်။ တကယ်လို့ ငါရှုံးသွားရင် မင်းပြန်ပေးစရာမလိုဘူး"
အခန်းထဲတွင် အမျိုးသမီးသုံးယောက်ရှိ၏။ အားလုံးက မေမေယန့်အရွယ်တွေချည်း ဖြစ်သည်။ တစ်ယောက်က ယန့်ကျိ၏အဖေဘက်မှတော်သော အဒေါ်(ရှောင်ကူး)ဖြစ်ကာ နောက်တစ်ယောက်က အမေဘက်မှတော်သော အဒေါ်(ကျို့မား)ဖြစ်သည်။
"ဒါက မသင့်တော်...."
မေမေယန့်က သူမလက်ကို အမြန်ဝှေ့ယမ်းပြလာသည်။
"အဆင်ပြေတယ် အဆင်ပြေတယ် ရှောင်ချောင်ရေ အန်တီတို့နဲ့ လာကစားပေးပါဦး။ သူတို့ အမျိုးသားတွေက တော်ပြီဆိုတော့ ထောင့်တစ်နေရာလွတ်နေတာလေ”
လီလီက ဝင်ထိုင်လိုက်ရကာ ယန့်ကျိကိုမော့ကြည့်ပြီး အသံတိုးတိုးဖြင့်မေးလိုက်၏။
"မင်းဟာအကုန် ပေးတာလား”
ယန့်ကျိက သူ့ကို မျက်တောင်ခတ်ပြကာပြောသည်။
"သေချာတာပေါ့။ ကစားမှာသာ ကစားစမ်းပါ"
သူက တမင်ကို အသံတိုးမထားလေရာ လူတိုင်းကြားလိုက်ရ၏။ မေမေယန့်က ရယ်ကာ ပြောလာသည်။
"ရှောင်ချောင်က ကျွမ်းကျင်ပုံပဲ”
ယန့်ကျိကပြောသည်။
"ဒီလိုရှိတယ်လေ.. ဖဲကစားတဲ့အချိန်မှာတော့ ချောင်အာကို အိပ်ဆောင်က ဘယ်သူမှ အနိုင်မရဖူးဘူး"
မေမေယန့်က ပြုံးကာဖြင့်
"ဒါပေမဲ့ ဒါက မာကျောက်လေ။ မေမေတို့သုံးယောက်က မာကျောက် ခဏခဏဆော့တတ်လို့ စံချိန်လည်း မဆိုးဘူးနော်။ အားကျိ …ဒီနေ့သားရထားတဲ့ စာအိတ်နီတွေအားလုံး မကုန်စေနဲ့နော်"
ယန့်ကျိက နှုတ်ခမ်းပင့်ကာ ပြောလာ၏။
"ကြိုးစားကြည့်ပေါ့။ကျွန်တော်က ကျွန်တော်တို့ရဲ့ချောင်အာအပေါ် ယုံကြည်ချက်မြင့်မြင့်ရှိတယ်လေ!"
ယန့်ကျိက ဂိမ်းစသည်နှင့် ချက်ချင်းထွက်မသွားခဲ့ပေ။ ယခုကစားနေသည့် မာကျောက်က လီလီ ယခင်က ကစားဖူးသည်နှင့်တော့ အနည်းငယ်ကွာသည်။ ယူနီဗာဆယ်ကတ်ဖြစ်သည့် အနီရောင် အလယ်ကတ်ကို ထပ်ပေါင်းထား၏။ တစ်ခြားသောစည်းမျည်းများကြောင့် လီလီ ပထမဆုံးပွဲ၌ တိုကင်တစ်ခုရှုံးသွားခဲ့ပေမဲ့ မည်သို့ကစားရမည်ကို အမြန်ပင် နားလည်သွားသည်။ ဒုတိယပွဲစဉ်မှစကာ သူက သုံးပွဲဆက်တိုက်နိုင်သွား၏။ နောက် တစ်ပွဲရှုံးပြီးနောက် နောက် နှစ်ပွဲဆက် နိုင်သွားပြန်လေသည်။
ယန့်ကျိ၏အဒေါ်(ရှောင်ကူး)က လန့်သွားကာ ပြုံး၍ပြောလာသည်။
"အားကျိ…သားဒီနေ့ အကူညီရှာလာတာလား။ သားရဲ့ အတန်းဖော်က အရမ်းကံကောင်းနေတယ်နော်"
ယန့်ကျိက ပြုံးကာဖြေသည်။
"သူကအရမ်းတော်တယ်လို့ ကျွန်ဝော်ပြောသားပဲ။ သူက ကတ်တွေကို တွက်နိုင်တယ်။ အရင်က ကျွန်တော် အန်တီတို့ကိုအမြဲရှုံးခဲ့တာ။ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော် ပြန်နိုင်ရမယ်"
အဒေါ်(ကျို့မား)က ပြုံးကာပြောလာ၏။
"စကားကို စောစောမပြောနဲ့ဦးလေ။ဒါက အခုမှ အစပဲရှိသေးတာကို"
သို့ပေမဲ့ လီလီ၏ ကံကမူ အမြဲကောင်းနေကာ ဂိမ်း ဆယ်ပွဲမှာ ခြောက်ပွဲ သို့မဟုတ် ခုနှစ်ပွဲနိုင်ခဲ့ကာ အံဆွဲထဲ နိုင်ထားသည့် တိုကင်များ တိုးလာခဲ့ပြီ ဖြစ်သည်။
လီလီသည် ထိုတိုကင်တစ်ပြားက ဘယ်လောက်ပမာဏကို ကိုယ်စားပြုမှန်း မသိတာကြောင့် သူငွေ ဘယ်လောက်နိုင်သည်ဖြစ်စေ ဘာစိတ်ဖိအားမှမရှိချေ။
လူကြီး ၃ယောက်ကတော့ သူနိုင်တာကို ကြည့်ရင်း ပြုံးနေဆဲဖြစ်ကာ မည်သည့် ခံစားချက်မျှ မပြသလာပါချေ။
ယန့်ကျိသည် ကြည့်နေရင်း လမ်းခုလတ်၌ ဆွဲခေါ်ခံသွားရလေရာ သုံးယောက်သားက စကားပြောရတာ ပိုမိုလွယ်ကူလာပြီး မေမေယန့်က သူ့သားငယ်၏ အတင်းအဖျင်းများအကြောင်းကိုပင် လီလီကို မေးမြန်းလာသည်။
"လတ်တလော အားကျိမှာ ချစ်သူကောင်မလေး ရှိနေလား"
လီလီခေါင်းခါလိုက်၏။
"လတ်တလောတော့ မရှိပါဘူး"
မေမေယန့်က အနည်းငယ် ကူကယ်ရာမဲ့သွား၏။
"နောက်ဆုံးမိန်းကလေးနဲ့က မြန်မြန်ကြီး ပြတ်သွားပြီလား။ကောင်မလေးကို အရင်ကမြင်ဖူးတယ်။ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူနဲ့ အရမ်းလှတာလေ"
ယန့်ကျိ၏ နောက်ဆုံး ရည်းစားက ဆံပင်တိုတိုနှင့်ဖြစ်ကာ ဆံပင်ရှည်နှင့်တစ်ယောက်သည်က ထိုမတိုင်ကတစ်ယောက်သာ။ သို့ပေမဲ့ လီလီက ဘာကိုမှ ထုတ်မပြောလိုက်ပေ။
"ဒီတစ်ခေါက် လမ်းခွဲရတဲ့ အကြောင်းပြချက်က ဘာတဲ့လဲ။ ရှောင်ချောင် သားသိလား"
လီလီက ခေါင်းခါပြလိုက်သည်။
"ကျွန်တော်မသိဘူး။ သူတို့တစ်ခုခုကြောင့် စကားများခဲ့ကြတဲ့ ပုံပါပဲ"
မေမေယန့်က ပို၍ပင် ကူကယ်ရာမဲ့လာ၏။
"အဲဒါ သူ့ရဲ့ အကျင့်လေ။ ဒီကလေးက အသက်ဆယ့်သုံးနှစ်လောက်ကတည်း ရည်းစားတွေစထားခဲ့တာ ဘယ်တော့မှ မရပ်ဘူး။ သူတို့ထဲက ဆယ်ယောက် ရှစ်ယောက်လောက်ပဲ အန်တီသိတယ်။ မသိတာကတော့ ဘယ်နှစ်ယောက်မှန်း မရေနိုင်တော့ဘူး”
ငယ်ရွယ်သည့်အမျိုးသမီးက ပြုံးလိုက်ကာ ပြောလာသည်။
"ဒါက ဘာလို့ဆို ကျွန်မတို့ရဲ့ အားကျိက ဆွဲဆောင်မှုရှိပြီး ချောနေလို့လေ။ ဒါကြောင့် မိန်းကလေးတွေက သူ့ကို စွဲလမ်းနေကြတာပေါ့"
"ဒါပေမဲ့ မဟုတ်သေးဘူးလေ။ ပြောရရင် သမီးရည်းစားဆက်ဆံရေးမှာ စိတ်ရင်းမမှန်ရင် သူများကို နာကျင်စေတာပဲ။ ခံစားချက်ပဲ နာကျင်ရင် တော်သေးတယ်။ ခန္ဓာကိုယ်ပါ ထိခိုက်လာရင်ဘယ်လိုလုပ်မလဲ။ အမှန်အတိုင်းပြောရရင် တစ်နေ့နေ့မှာ မိန်းကလေးတစ်ယောက်က ဗိုက်တစ်လုံးနဲ့ရောက်လာပြီး ကျွန်မတို့အိမ်ကို အရှက်ခွဲမှာ တကယ်စိုးရိမ်မိတယ်”
အဒေါ်(ရှောင်ကူး)ဖြစ်သူက ပြုံးလိုက်ကာပြောလာသည်။
"အဲ့လိုဆို အားဝမ်က ပိုတော်တယ်ပြောရမယ်။ သူက ကျောင်းမှာတုန်းကလည်း ထိပ်တန်းကျောင်းသား။ အလုပ်ကိစ္စအတွက်လည်း စိတ်ပူစရာမလိုဘူး။ အသက်မွေးဝမ်းကြောင်းကလည်း ခိုင်မာနေပြီးသား….ပင်ကိုယ်စရိုက်ကလည်း တည်ငြိမ်တယ်"
မေမေယန့်က ကူကယ်ရာမဲ့စွာပြုံး၍ သက်ပြင်းချလိုက်သည်။
"သူက တကယ်ကို လူကောင်းလေးပါ။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး တစ်ခုရှိတာက သူက ရည်းစားရှိမနေတာပဲ။ အသက်သုံးဆယ်နီးပါးတောင်ရှိနေပြီကိုသူ့ချစ်သူကောင်မလေးဆိုတဲ့ အရိပ်အယောင်လေးတောင် မတွေ့ရဘူး။ ကျွန်မ သူ့ကို အများကြီး မိတ်ဆက်ပေးဖူးပေမဲ့ သူက အမြဲတမ်း အလုပ်များတာကို အကြောင်းပြပြီး သွားမတွေ့တာ ဖြစ်ရင်ဖြစ် မဟုတ်ရင် တစ်ခါ တွေ့ပြီးနောက်ပိုင်း ထပ်မတွေ့တော့ဘူး ဆိုတာမျိုးပဲပြောတယ်လေ။ ဟင်း…..သားနှစ်ယောက်က ဘာလို့အရမ်း အစွန်းနှစ်ဖက်ကိုရောက်နေရလဲ မသိပါဘူးရှင်….ဟန်ချက်ညီနေရင် ပိုကောင်းမှာပဲကို"
မေမေယန့်က ယန့်ဝမ်အကြောင်းထည့်ပြောလာတာကို လီလီကြားတော့ တခဏလောက် ကြောင်နေမိကာ ကတ်အမှားပင်ဆွဲမိသွားရသည်။ သူတုံ့ပြန်လာသည့်အချိန်တွင် ကတ်ကို ထည့်ကစားလိုက်ပြီးဖြစ်လေသည်။
သူ ဘာခံစားချက်မှ မပြခဲ့။အဒေါ်(ကျို့မား)ဖြစ်သူက အတင်းအဖျင်းလေသံနှင့်ပြောလာသံကိုကြားလိုက်ရပြန်သည်။
"အားဝမ်က တစ်ခါမှ ချစ်သူ မထားဖူးဘူးလား"
မေမေယန့်က ခေါင်းခါလိုက်၏။
"ကျွန်မသိသလောက်တော့ မထားဖူးဘူး"
သူမက ထပ်ဖြည့်ပြော၏။
"ဒါကြောင့်မို့ ကျွန်မ ရှဲ့မိသားစုရဲ့ သမီးလေးကို ဒီနေ့ ဖိတ်လိုက်တာလေ။ ကောင်မလေးက အရပ်အတော်ရှည်ပြီး လိမ္မာတယ်။ ကောင်မလေးက အားဝမ်နဲ့ လိုက်ဖက်ညီလောက်တယ်ထင်လား”
အခြားအမျိုးသမီးနှစ်ယောက်က ခေါင်းအခါခါညိတ်ကာ
"ကောင်းမွန်တဲ့ လိုက်ဖက်မှုပဲ"
မေမေယန့်က ပြုံးကာဆိုသည်။
"ကျွန်မ အားဝမ်ကို ကောင်မလေးဘယ်သွားသွား အဖော်လုပ်ပေးဖို့ အထူးတလည် တောင်းဆိုထားတယ်။ နှစ်ယောက်ကြား မီးစလေးတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ရတာပဲ"
မီးပွားတောက်မယ်မထင်ဘူး။
အန်တီ့ရဲ့ အကြီးဆုံးသားက ဂေးလေ။
လီလီက ဒီစကားကို စိတ်ထဲကနေ ပြောလိုက်ပေမဲ့ မျက်နှာပေါ်မှာတော့ မပေါ်စေရပါချေ။
သူက လက်ဆန့်ကာ ကတ်တွေကို ထိလိုက်ရင်း လက်မနှင့် ပွတ်သပ်လိုက်သည်။ မျက်လုံးဖြင့် မကြည့်ဘဲနှင့်တောင် သူနိုင်မည်ဆိုတာ သိပေသည်။
"ရှောင်ချောင်က ထပ်နိုင်ပြန်ပြီလား။ မင်းကံကောင်းလိုက်တာ"
မေမေယန့်က ပြုံးကာမေးလာ၏။
"အရင်က သား ခဏခဏ ကစားဖူးတာလား"
လီလီက ခေါင်းခါပြလိုက်ကာ နာခံသလိုပြုမူလိုက်၏။
"ခဏခဏရယ်တော့ ဟုတ်ပါဘူး။ကျွန်တော် ကစားခဲပါတယ်။ ဒီနေ့က ကံကောင်းသွားရုံပါ"
မေမေယန့်က ပြုံးကာဆို၏။
"အရမ်း မနှိမ့်ချပါနဲ့ကွယ်။ အားကျိက သားကတ်တွေ တွက်နိုင်တယ်လို့ ပြောသွားတာကို"
"တကယ်တော့ ဒါက အရမ်း ရိုးရှင်းပါတယ်...."
လီလီက ဂရုတစိုက်ဖြင့် သူရှာတွေ့ထားသည့် ကျွမ်းကျင်မှုအကြောင်း ပြောပြလိုက်သည်။
အလယ်တန်းကျောင်း တတိယနှစ်မှာ သူ ကတ်ဆော့ဖို့ သင်ယူခဲ့တာကလည်း ပိုက်ဆံရှာဖို့ပင်။
သူတို့နေထိုင်သည့် လမ်းကြားအ၀င်မှာ သက်ကြီးရွယ်အို အမျိုးသမီးအချို့က ကတ်ဆော့လေ့ရှိပြီး အနိုင်အရှုံးတွေကို ရှင်းဖို့ စက္ကူပိုက်ဆံတွေကို တိုက်ရိုက်သုံးခဲ့ကြသည်။
လီလီဟာထိုအချိန်၌ ပိုက်ဆံတအားလိုအပ်နေကာ ပိုက်ဆံမြင်ပါက သူ့မျက်လုံးတွေက အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာတာကြောင့် မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
ကြည့်နေရင်းဖြင့်ပင် သူသည် စည်းမျဉ်းတွေကို အမြန် နားလည်သွားသည်။ သူဆော့ပါက ကတ်တွေကို ဘယ်လိုဆော့မလဲဆိုတာကိုပါ စိတ်ထဲမှာအကြိမ်များစွာမှာ ပုံဖော်ကြည့်လေ့ရှိသည်။
စိတ်ကူးထဲကအတိုင်း ကတ်တွေကို သူ့နည်းလမ်းနှင့် ဆော့ပါက ဂိမ်းကို နိုင်လာက်မည်ပင်။
နောက်ပိုင်း သူတို့က လူရှာနေချိန်၌လီလီသည် မမေးဘဲ မနေနိုင်ခဲ့ချေ။
"ကျွန်တော် ပါလို့ရမလား"
သက်ကြီးရွယ်အိုတွေ ဆော့သည့် ပိုက်ဆံပမာဏက နည်းတာကြောင့် သူ့မှာ ဆော့ဖို့ ပိုက်ဆံမရှိမှာကို မစိုးရိမ်ဘဲ သဘောတူခဲ့ကြ၏။ လီလီက တစ်နာရီထိုင်ပြီး သူ့အတွက် သုံးရက်စာ စားစရိတ်ကို နိုင်ခဲ့လေသည်။
သို့ပေမဲ့ လောင်းကစားတွင် အမြဲတစေအနိုင်ရခြင်းဆိုသည်မှာ မရှိနိုင်မှန်း သူကောင်းကောင်း သိထားပြီးဖြစ်သလို ၎င်းက စွဲလမ်းတတ်မှန်းလည်း သိသည်။ ထို့ကြောင့် သူက ပိုက်ဆံတကယ်လိုအပ်မှသာ ဝင်ထိုင်ဆော့တတ်ပေသည်။
သူ၏ "သင်ကြားခြင်း" ကို နားထောင်ပြီးနောက် မေမေယန့်က ပြုံးကာဆိုသည်။
"လူငယ်တွေက တကယ်ကို ထက်မြက်ကြတာပဲ။ မာကျောက်ကစားတာတောင်မှ ဂဏန်းသင်္ချာကို ထည့်သုံးနိုင်ကြတယ်။ အန်တီတို့ မင်းကို မနိုင်နိုင်တာ မဆန်းတော့ပါဘူး"
သူမပြောပြီးသည်နှင့် တံခါးက တွန်းဖွင့်ခံလိုက်ရကာ ဝင်လာသူက ယန့်ဝမ်ဖြစ်ပြီး အရပ်ရှည်ရှည်နှင့် မိန်းကလေးတစ်ယောက်က နောက်မှ လိုက်လာသည်။ ထိုမိန်းကလေးက မေမေယန့်ပြောဖူးသည့် ရှဲ့မိသားစုမှ သမီးဖြစ်လိမ့်မည်ပင်။
မေမေယန့်က ချက်ချင်းပင် ပျော်ရွှင်စွာမေးလိုက်၏။
"သားတို့ ဈေးဝယ်ထွက်ပြီး ပြန်လာကြတာလား”
လီလီက တံခါးကိုကျောပေးထိုင်နေတာဖြစ်သည်။မေးသံကြားတော့ သူက လှည့်ကြည့်လိုက်ရာ ယန့်ဝမ်၏ အကြည့်နှင့် ဆုံမိသွားပြီးနောက် တစ်ဖက်လူက အမြန်ပင် အကြည့်ရွေ့သွားလေသည်။
ထို့နောက်မှာ လီလီက ရှဲ့မျိုးရိုး မိန်းကလေးထံ အကြည့်ပို့လိုက်သည်။
တစ်ဖက်လူက မိန်းကလေးတွေထဲမှာ တကယ်ကို အရပ်ရှည်လှ၏။ ၁၇၀စင်တီမီတာလောက်ရှိသည်။ သူမက တစ်ဆက်တည်းဂါဝန်ကို ဝတ်ထားကာ ကောင်းမွန်စွာ ချုပ်လုပ်ထားသည့် အဝတ်အထည်က သူမကို ပို၍ သွယ်လျကာ ခြေရှည်ပိုရှည်သွားစေသည်။
သူမ၏ ခါးက အတော်လေးသွယ်လျလှ၏။ အသားအရေက အတော်လေးဖြူဖွေးလျှက် မိတ်ကပ်ကလည်း မထူဘဲ မျက်နှာပုံသဏ္ဍာန်က တောက်ပကာ လှပပြီး ရှည်လျားနက်မှောင်သည့် မဆိုစလောက် ခပ်ကောက်ကောက် ဆံနွယ်တို့က သူမကို လိမ္မာရေးခြားရှိပုံပေါ်စေလေသည်။
ယန့်ဝမ်က အသံပြန်ပြုကာ မိန်းကလေးက ရှက်နေသည့်ပုံဖြင့် “အန်တီ” ဟု နှုတ်ဆက်လာသည်။
မေမေယန့်က မိတ်ဆက်ပေးလာ၏။
"ဒါက ရှဲ့မိသားစုရဲ့ အငယ်ဆုံးသမီးလေး ယင်းယင်းတဲ့။ သူက ကျောင်းဆရာမလေးလေ။ လှကလည်း လှနေရော"
အဒေါ်ဖြစ်သူက ဝင်ပြောသည်။
"သမီးက ကျောင်းဆရာမလား? အရမ်းကောင်းတာပဲ"
ကျို့မားဖြစ်သူက ပို၍ တည့်တိုးပင်ပြောလာ၏။
"မိန်းကလေးနဲ့ အားဝမ်က နတ်ဖက်တဲ့စုံတွဲလေးပဲ”
သူတို့က တကယ်ကို လိုက်ဖက်လှသည်။ ယန့်ဝမ်သာ မိန်းကလေးများကို သဘောကျတတ်သည် ဆိုလျှင်ပေါ့။
လီလီက မနေနိုင်စွာ စိတ်ထဲမှ အန္တရာယ်ရှိသောအတွးများတွေးနေခဲ့မိ၏။
မေမေယန့်က သူတို့ကို ထိုင်ခိုင်းလိုက်ကာ မိန်းကလေးကို ခုံနေရာပေးလိုက်သည်။
"အားဝမ် မေမေ့ကို နှစ်ပွဲလောက် ကူဆော့ပေး။ မေမေ့ရဲ့တိုကင်တွေ ဆက်တိုက်ရှုံးနေတာ ကုန်တော့မယ်"
ယန့်ဝမ်က မာကျောက်ဘယ်လိုဆော့ရတယ်ဆိုတာ တကယ် သိတယ်ပေါ့လေ။
လီလီ အနည်းငယ် အံ့ဩသွားပေမဲ့ တစ်ဖက်လူက မကန့်ကွက်ဘဲ မေမေယန့်၏ ခုံတွင် ဝင်နေရာယူလိုက်သည်ကို မြင်တော့ ထိုသူ တကယ်ဆော့တတ်လောက်မှန်း သိလိုက်လေသည်။
စိတ်လှုပ်ရှားစရာ မလိုပေမဲ့ ဘာ့ကြောင့်မှန်းမသိ သူ့ကိုယ်က ရုတ်တရက် တောင့်တင်းသွားရ၏။ မေမေယန့်က ဘေးတွင်ရှိနေဆဲဖြစ်ကာ ပြောလာသည်။
"ရှောင်ချောင်က အံ့ဖွယ်ရာလေးပဲ။ သားညီလေး ဘယ်လိုတောင်ကောင်းတဲ့ အကူညီကို ခေါ်ခဲ့တာလဲ မေးကြည့်ဦး! သူက မေမေတို့ပိုက်ဆံတွေအားလုံးကို အနိုင်သိမ်းခိုင်းဖို့ လုပ်နေတာ။ ရှောင်ချောင်ကိုကြည့်လိုက် သူ့အံဆွဲထဲမှာ တိုကင်တွေ ပြည့်လုနီးပါးရှိနေပြီ။
လီလီက အမြန်ပင် ကျိုးနွံစွာပြောလိုက်သည်။
"မဟုတ်တာ.. မဟုတ်တာ"
သူက ပြုံးကာ ယန့်ဝမ့်ကိုပြောလိုက်၏။
"ကော ဆော့တာတော့ တကယ်တော်မှာပဲနော်"
သူက တမင်တကာပင် "ကော" ဟူသည့် စကားလုံးကို အသားပေး ဖိပြောလိုက်သည်။ အခြားသူများကတော့ ကွာခြားချက်ကို သတိမပြုမိပေမဲ့ ယန့်ဝမ်ကတော့ ခံစားမိမှာပင်။ သို့ငြား သူက ဘာတုံ့ပြန်မှုမှ မပြသလို တန့်သွားခြင်းပင်မရှိ။ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာလေသည်။
"ကစားပြီးရင် မင်းသိပါလိမ့်မယ်"