[ မိသားစု သောင်းပြောင်းထွေလာ ]
ပိတ်ရက် တစ်ခုလုံးအတွင်း တခြားသူများ ပျော်ရွှင်နေကြချိန် လီလီကတော့ ဖခင်၏ ရုပ်ပိုင်းဆိုင်ရာကုသမှုများအတွက် ဆေးရုံကိုခေါ်သွားပေးရင်း အလုပ်ရှုပ်နေခဲ့၏။
လီဟဲဖဥ်၏ ကျောရိုးတစ်ခုလုံးက ပြင်းထန်စွာထိခိုက်ခဲ့ရကာ အနည်းငယ် လှုပ်ရှားနိုင်သေးသည့် ဘယ်ဘက်လက်မှလွဲ၍ တကိုယ်လုံး အကြောသေသွားခဲ့တာ ဖြစ်သည်။ ကုသမှုက သူ့အတွက် တကယ်တမ်း သိပ်အကျိုးမရှိပေမဲ့ ဘာမှ မလုပ်တာထက်တော့ ကောင်းပါ၏။ ထို့အပြင် သူ့ကြွက်သားများမှာ အချိန်အတော်အကြာကပင် ပိန်လှီလာပြီဖြစ်ရာ ပုံမှန် နှိပ်နယ်မှုမျိုးလုပ်ပေးရန် လိုအပ်ပေသည်။
လီဟဲဖဥ်ကမူ ဆေးရုံသို့ သိပ်မသွားချင်ပေ။
"မသွားနဲ့တော့။ ပိုက်ဆံကိုစုထားလိုက်တာက ဘာပဲဖြစ်ဖြစ် အကောင်းဆုံးပဲလေ"
လီဟဲဖဥ် ၏ အသံထဲ ကံကြမ္မာအပြောင်းအလဲတို့ ပြည့်နေ၏။ ပျော်ရွှင်တက်ကြွမှုတို့ ပြည့်ခဲ့ဖူးသည့် လူငယ်လေးက ပြောင်းလဲသွားနှင့်ခဲ့ချေပြီ။
သူ့မျက်လုံးတွေတောင် အရင်လို မတောက်ပတော့။
"သားအတွက် ဖေဖေက ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာလည်း များနေပါပြီ။ ဒါတွေ မလုပ်ပေးပါနဲ့တော့"
လီလီက သူနှင့် ပြိုင်ငြင်းမနေပေမဲ့ ပြောလိုက်သည်။
"ဖေဖေမသွားဘူးဆိုရင် မေမေဝမ်းနည်းရလိမ့်မယ်"
သူချစ်ရသည့် အမျိုးသမီးက သူ့အတွက် သည်လောက်ထိ ဒုက္ခခံနေရတာကို မြင်တော့ လီဟဲဖဥ်၏နေ့ရက်တိုင်းက ဖြည်းဖြည်းချင်း လှီးဖြတ်ခံနေရသည့်နှယ် ညှဉ်းပန်းခံနေရသည်။ သူက သူမကိုထပ်ပြီး မခံစားစေချင်တော့ပါချေ။
ထို့ကြောင့် သူ့မှ တိတ်ဆိတ်၍သာ နေလိုက်တော့သည်။
ကာယကုထုံးအတွက် သွားချိန်တွင် လီလီက အပြင်ဘက်တွင် စောင့်နေပေး၏။ သူက ဖုန်းယူသွားခွင့် မရှိတာကြောင့် ငှားထားသော အိမ်ဆီသို့ တက္ကစီးငှားကာ ဖခင်နှင့်အတူပြန်ရန် ထိုနေရာတွင် ထိုင်ကာ ဖခင်ပြန်ထွက်လာမည်ကိုသာစောင့်နေခဲ့ရသည်။
ကျောက်ချိုးက စူပါမားကပ် ဝန်ထမ်းအဖြစ် အလုပ်ရထားတာ ဖြစ်၏။ လစာကမမြင့်ပေမဲ့ ကံကောင်းသည်က အိမ်နှင့်နီးကာ ခင်ပွန်းဖြစ်သူအတွက်ချက်ပြုတ်ရန်နှင့် ထိုသူ့ကိုဂရုစိုက်ပေးရန် အချိန်ရသည်ပင်။
လီလီ ပြန်ရောက်လာတော့ သူမက ပိုသက်သာသွားသည်။ ခင်ပွန်းသည်၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးဖို့လည်း မလိုတော့သလို သူ့အတွက် ချက်ပြုတ်ပေးဖို့လည်း မလိုတော့။ အိမ်ပြန်ရောက်ပါက ပူပူနွေးနွေး ထမင်းဟင်းတွေပင် စားရသေးသည်။
ထို့ကြောင့် သူမက အရင်ကထက် ပိုပြုံးလာပေသည်။ တစ်ညနေမှာ သူမက ရုတ်တရက် ပြောလာသည်။
"လီလီ မေမေ အလုပ်ပြောင်းချင်တယ်"
လီလီက သူမကိုကြည့်လိုက်သည်။
ကျောက်ချိုးက အသာအယာပြောလာသည်။
"တစ်ယောက်ယောက်က မေမေ့ကို နာနီအလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးထားတယ်။ အဲဒီအိမ်က အဘွားက ကိုယ်တစ်ပိုင်းအကြောသေနေလို့ ခြေထောက်တွေ မလှုပ်နိုင်ဘူး။ အဲ့ဒါကြောင့် သန့်ရှင်းရေးလုပ်ပေးဖို့နဲ့ တစ်နေ့ သုံးနပ် ချက်ကျွေးပေးဖို့ လူလိုတယ်။ သူ့သားနဲ့ ချွေးမကလည်း အတူနေတာဆိုတော့ ညဘက်မှာ လူနှစ်ယောက်အတွက် ထပ်ချက်ပေးရမယ်။ ကလေးတွေ မရှိတော့ ကလေးထိန်းဖို့တော့ မလိုဘူး။ နေရာကလည်း သိပ်မဝေးဘူး။ လစာကလည်း စူပါမားကတ်မှာ အလုပ်လုပ်တာထက် တစ်လကို နှစ်ထောင် ပိုတယ်။ မေမေက သင့်တော်တယ်လို့ ထင်တယ်။ လီလီ..သား ဘယ်လိုထင်လဲ"
သူမ နာနီသွားလုပ်မည်ဆိုတာကိုကြားတော့ လီလီက မသိလိုက်စွာ ခေါင်းယမ်း၍မျက်မှောင်ကကြုတ်သွားပြီး ပြောလိုက်သည်။
"ဘယ်လိုလုပ် နာနီ လုပ်မှာလဲ။တစ်ဖက်လူတွေက စိတ်သဘောမကောင်းဘဲ မေမေ့ကို ဒေါသထွက်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ။ သူတို့တွေ မေမေ့ကို တမင်တကာ အရှက်ရအောင် လုပ်ကြရင် ဘယ်လိုလုပ်မလဲ"
ကျောက်ချိုးကပြောလိုက်၏။
"မေမေတော့ မထင်ပါဘူး။ မေမေ့ကို မိတ်ဆက်ပေးတဲ့ အစ်မကြီးကအရမ်းကောင်းတဲ့လူလေ။ သူပြောတာက တစ်ဖက်လူက စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့သူတဲ့။ သူ မေမေ့ကို အရှက်ရအောင် မလုပ်လောက်ပါဘူး။
ပြီးတော့ မေမေလုပ်သင့်တာတွေပဲလုပ်မှာမို့ အရှက်ရစရာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။ ဟုတ်တယ်မလား”
သူမက နှာခေါင်းကိုထိလိုက်ကာ
"အဲ့အလုပ်က နှစ်ထောင်ပိုရမှာ။ မေမေ့ကြိုးစားကြည့်ချင်တယ်။ တစ်ဖက်လူကမေမေ့မှာ အတွေ့အကြုံရှိတယ်ဆိုတာ ကြားထားပြီး အင်တာဗျူးလာဖြေစေချင်နေတာ။
သူတို့က မေမေ့ရဲ့ မိသားစုအခြေအနေကိုသိထားလို့ နေ့လည်ခင်းမှာ နှစ်နာရီလောက် အိမ်ပြန်လို့ရတယ်လို့လည်း ကတိပေးထားတယ်။ ပြီးတော့ သူ့သားနဲ့ ချွေးမပြန်လာတဲ့ ညနေပိုင်းဆို အိမ်ပြန်လို့ရပြီတဲ့။ မေမေအလုပ်ဆင်းရင် သားရဲ့ဖေဖေကို ဂရုစိုက်ပေးလို့ရနေတုန်းပဲလေ"
လီလီက မလိုလားဆဲပါပေ။
"မေမေ…မေမေ့မှာ ကိုယ်တစ်ပိုင်းသေနေတဲ့လူကို မဖို့ရွှေ့ဖို့ ခွန်အားတွေ ဘယ်မှာရှိလို့လဲ”
ကျောက်ချိုးးက ပြုံးကာပြောလာ၏။
"မေမေအရင်ကနဲ့ မတူတော့ပါဘူး။ မေမေက သားဖေဖေကိုတောင် မ,နိုင်သေးတာပဲ….တစ်ဖက်လူက အမျိုးသမီးတစ်ယောက်ဆိုတော့ ပိုတောင်လုပ်နိုင်သေးတယ်"
ယခင်က တစ်ခါမျှ အလေးအပင်မ,မခဲ့ရသော အမျိုးသမီးဟာ ခုတော့ဖြင့် သူမခင်ပွန်းကို မ,နိုင်လှည့်နိုင်သည့် ခွန်အား ရှိနေခဲ့ပြီဖြစ်ကာ ရံဖန်ရံခါ၌ နေရောင်ခံနိုင်ရန် အပြင်သို့ပင် သယ်သွားပေးတတ်သေး၏။
သူမက ဂုဏ်ယူသည့် လေသံအရိပ်အမြွတ်လေးနှင့် ပြုံးကာ ပြောလာခဲ့တာဖြစ်ပေမဲ့ လီလီကတော့ ရင်နာကာ ဝမ်းနည်းမှုကိုသာ ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက်တွင် သူက ပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်တော် မေမေနဲ့ တစ်ခေါက်လောက် လိုက်ကြည့်ဦးမယ်"
တစ်ဖက်လူက ပြောရဆိုရ ခက်ခဲကာ အထက်စီးဆန်လျှင်တော့ ထိုသို့မတရားမှုမျိုးကို သူ့မိခင်အား မခံစားစေချင်ပါပေ။
•••••••
အိမ်ပြန်ရောက်ပြီးကတည်းက လီလီက နေ့တိုင်း အစောကြီးထတတ်သည်။ သူက ဖုန်းကို ဖွင့်လိုက်ချိန်တွင် ယန့်ကျိက သူ့ကို မက်ဆေ့မြောက်အများပို့ထားတာကို တွေ့လိုက်ရသည်။အားလုံးက ဓာတ်ပုံများဖြစ်ပြီး ထိုအထဲမှတချို့က ရှုခင်းပုံများဖြစ်၏။ အများစုက ဆယ်လ်ဖီပုံများသာ။ သူက နိုင်ငံခြားရောက်နေခဲ့သည်မို့ ထိုနေရာ၏ နေရောင်က တောက်ပနေလျှက် ပင်လယ်ကပြာလဲ့သန့်ရှင်းနေပြီး ကြည့်ရုံဖြင့်ပင် လူများကို ပျော်ရွှင်စေရသည်။
ယန့်ကျိက တစ်ခါတစ်လေ၌ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးလှကာ ဆယ်လ်ဖီအားလုံးနီးပါးက သူ၏ ဝမ်းဗိုက်ကြွက်သားများကို ဖော်ပြထားသည်ချည်းဖြစ်ပြီး ပရိယာယ်ပါပါဖြင့် ပြောတတ်သေး၏။
"ချောင်အာ… ငါမင်းရဲ့ တပ်မက်မှုတွေကို ကျေနပ်အောင်လုပ်ပေးမယ်"
လီလီက ရွှင်မြူးကာ အသံပို့ခလုတ်ကိုနှိပ်၍ ပြောလိုက်၏။
"သတိထားနေ။ ငါ မင်းရဲ့ ဒီဓာတ်ပုံတွေအားလုံးကို ပရင့်ထုတ်ပြီး ရောင်းစားပစ်မယ်။ ဈေးကောင်းကောင်းနဲ့ ရောင်းရနိုင်လောက်တယ်နော်။ မင်း ဓာတ်ပုံတွေအများကြီး ရိုက်ထားလောက်တယ်မလား။ ရေသူမလိုင်းပေါ်အောင်ရိုက်တာက ပိုကောင်းလိမ့်မယ်"
မီးဖိုချောင်ထဲမှာ အလုပ်များနေသည့် ကျောက်ချိုးက လီလီဟာ သူ၏ အတန်းဖော်ထံစာပို့နေမှန်း မသိတာကြောင့် အပြင်ကို လှမ်းကာ မေးလာ၏။
"လီလီ…ဘာရေသူမလဲ"
လီလီက ပြုံးကာပြောလိုက်သည်။
" ဘာမှ မဟုတ်ပါဘူး…ကျွန်တော့် အခန်းဖော်နဲ့ စကားပြောနေတာ"
"သားကို ပိုက်ဆံချေးပေးတဲ့ အခန်းဖော်လား”
"ဟုတ်တယ်"
လီလီက လိမ်လိုက်သည်။ ထိုနေ့က ဖုန်းခေါ်လာသူမှာ ဘာကြောင့် ယန့်ဝမ်ဖြစ်နေမှန်း သူ မသိပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက သူပို့လိုက်သည့်မက်ဆေ့ကို တစ်ဖက်လူမြင်သွားတာကြောင့် သူ့ကိုဖုန်းခေါ်လာတာဖြစ်မည်။
ဤသည်က ယန့်ကျိ၏ နောက်ပိုင်းတုံ့ပြန်မှုများမှတဆင့် ယူဆခဲ့တာ ဖြစ်ပေမဲ့ ပြောနိုင်သည့်တစ်ခုတည်းသောအရာကတော့ ယန့်ဝမ်ဟာ မက်ဆေ့ကို ဖတ်ပြီးသည်နှင့် ဖျက်ပစ်လိုက်ကာ ယန့်ကျိဖုန်းထဲမှ သူ့နံပါတ်ကို ရှာယူပြီး သူ့ကို ခေါ်ခဲ့တာပင်။
"သူ့နာမည်က ယန့် ဘာကြီး...."
လီလီကဖြေသည်။
"ယန့်ကျိ.. ပွဲအခမ်းအနားရဲ့ ယန့်.. လှပတဲ့ ရှုခင်းနဲ့ လပြည့်ဝန်းရဲ့ကျိ"
"ဟုတ်သား.. ဟုတ်သား ယန့်ကျိ။ သူ မေမေတို့မိသားစုကို အများကြီး ကူညီပေးထားတာပဲ သူ့ကိုကျေးဇူးတင်သင့်တယ်။ သူကအခုဘယ်မှာလဲ။ ဗီဒီယိုကောလ်ခေါ်ဖို့ အဆင်ပြေရဲ့လား။ မေမေသူ့ကိုကျေးဇူးတင်စကားပြောသင့်လား”
လီလီက အမြန်ပြောလိုက်၏။
" မလိုပါဘူး။ သူက နိုင်ငံခြားမှာ ကျွန်တော်တို့နဲ့ အချိန်ကွာတယ်လေ။ သူအခု အိပ်နေလောက်ပြိ။ ကြည့် သူက ကျွန်တော့်ရဲ့ မက်ဆေ့ကိုတောင် စာမပြန်သေးဘူး"
ကျောက်ချိုးက သူ့လက်ကို ပွတ်ကာ ပြောလာသည်။
“ဒါဆိုလည်း နောက်မှ အချိန်တစ်ခုရွေးကြတာပေါ့။ မေမေတို့ သူ့ကို ဒီလောက် ကျေးဇူးကြွေးကြီးတင်နေတာ။ သူ့ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။ ဘာပေးရမလဲ မသိဘူး။အိမ်မှာလည်း သိပ်မရှိဘူး.. သာမန်အရာတွေဆိုရင် သူက အထင်သေးလောက်မယ်နော်..."
"ကိစ္စမရှိဘူးရယ်။ သူက အရမ်းရက်ရောတာ။ ဒီလိုအရာမျိုးတွေကို ဂရုမစိုက်တတ်ဘူး"
"သူက စိတ်မရှိဘူးဆိုရင်တောင် လျူလျူရှုလိုက်လို့မရဘူးလေ။ ဒါနဲ့ သားမနက်ဖြန် ကျောင်းပြန်သွားရမှာမလား။ မေမေမနက်ဖြန်စောစောထပြီး သားပြန်ရင်ယူသွားဖို့ ကိတ်မုန့်ဖုတ်ပေးလိုက်မယ်။ ဒါက မေမေရဲ့ ကျေးဇူးတင်တဲ့လက်ဆောင်ပဲ"
"အဲ့ဒါက မလိုပါဘူး"
"လိုတယ်..လုပ်ရမယ်"
ကျောက်ချိုးကရယ်လိုက်၏။
“အခွင့်အရေးရခဲ့ရင် သူ့ကို အိမ်ကိုဖိတ်ရမယ်။ သူ့အတွက် အရသာရှိတဲ့ဟင်းလေးတွေ ချက်ကျွေးရအောင်လို့"
လီလီခမျာ သူမကို ထပ်နားမချနိုင်တော့တာကြောင့် လွှတ်ထားလိုက်ရတော့သည်။
°°°°°°°°°
သားအမိနှစ်ယောက်က မနက်စာစားလိုက်ကြပြီးနောက် လီဟဲဖဥ်အား လုပ်ပေးစရာရှိတာ လုပ်ပေးခဲ့ကာ အပြင်ထွက်လာလိုက်ကြသည်။
ဦးတည်ရာက အမှန်ကို ငှားထားသည့်အိမ်နှင့် သိပ်မဝေးပေ။ အိမ်တံခါးကနေ ဘတ်စ်ကားသုံးမှတ်တိုင်စာသာ ဝေးပြီး လမ်းလျှောက်လျှင်ပင် နာရီဝက်ထက် ပိုမကြာနိုင်ပါပေ။
ဝန်ဆောင်မှုပေးရမည့် မိသားစုက အိမ်ရာဝင်းအသစ်တွင် နေထိုင်ကြကာ သူတို့ ဝင်လာနိုင်ရန် ဝင်ခွင့်ကတ်အတွက် အချိန်အတော်ကြာအထိ အောက်ထပ်တွင် စောင့်နေခဲ့ကြရ၏။
အပေါ်ထပ် တက်သွားပြီးနောက် တံခါးဖွင့်ပေးလာသူက အသက်သုံးဆယ်လောက်သာရှိဦးမည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက ယဉ်ကျေးသိမ်မွေ့ပေမဲ့ မျက်လုံးတွေက ကျောက်ချိုး၏မျက်နှာပေါ်ကို နှစ်စက္ကန့်လောက် စိုက်ကြည့်ပြီးမှ ပြုံးကာ ပြောလာလေသည်။
"ဝင်လာခဲ့ပါ"
အိမ်ကကျယ်ဝန်းကာ ဂရုစိုက်ပေးရမည့် သက်ကြီးရွယ်အိုအမျိုးသမီးက သိပ်မကြီးသေးဘဲ အသက် ခြောက်ဆယ်ဝန်းကျင်သာရှိသေးသည်။ သူမက သပ်သပ်ရပ်ရပ်ဝတ်ထားကာ ကျက်သရေရှိ၏။ အနက်ရောင် ပုံစံကွက်များပါသည့် ချီဖောင်ကို ဝတ်ထားကာ ဆံပင်ကို သေသေသေပ်သပ်ဖြီးသင်ထားသည်။ သူမ၏ မျက်နှာသွင်ပြင်က တည်တင်းကာ လူများကိုကြည့်သည့်အခါ၌ အနည်းငယ် လေးနက်၏။
သူမအကြောင်း ပိုသိပြီးနောက် သူမက ဆရာမတစ်ယောက်ဖြစ်ခဲ့ဖူးပြီး ကားမတော်တဆကြောင့် အောက်ပိုင်းသေခဲ့ရသည်ကိုသိလိုက်ရသည်။
အမျိုးသားက သူ့ကိုယ်သူ စူးထျန်ချင်းအဖြစ် မိတ်ဆက်လာသည်။ သူကပြောသည်။
"ကျွန်တော့်မေမေက ဂရုစိုက်ရအရမ်းလွယ်ပါတယ်။ အသန့်ကတော့အရမ်းကြိုက်တယ်။ အစားအသောက်တွေကတော့ ခပ်ပေါ့ပေါ့အရသာကိုကြိုက်တယ်။
အခြေခံလှုပ်ရှားမှုလောက်တော့ သူ့ဟာသူ လုပ်နိုင်တယ်။ဝှီးချဲကိုလည်း တွန်းတတ်တယ်။ သူ့ကို ရေချိုးပေးဖို့ပဲလိုတာ။ အိမ်သာကိုလည်း သူ့ဘာသာသူသွားနိုင်တယ်။ အိမ်က အိမ်သာက စမတ်အိမ်သာဆိုတော့ ဒါအတွက် အကူအညီမလိုပါဘူး”
ထို့နောက် သူက မိတ်ဆက်ပေးလာ၏။
"ပြီးတော့ ကျွန်တော့် အမျိုးသမီးနဲ့ ကျွန်တော်က နှစ်ယောက်စလုံး အလုပ်လုပ်နေကြတာ။ ကုမ္ပဏီက နေ့လည်စာကျွေးတော့ ညစာပဲပြင်ပေးဖို့လိုတယ်။ အလုပ်ဆင်းချိန်ကတော့ ကျွန်တော်တို့ပြန်လာတဲ့အထိစောင့်ပေးရလိမ့်မယ်။ ကျွန်တော့်အလုပ်ဆင်းချိန်က ငါးနာရီခွဲ ၊ခြောက်နာရီဆို အိမ်ရောက်ပြီ၊။
ကျွန်တော့်အမျိုးသမီးရဲ့ အလုပ်ချိန်ကတော့ အတိအကျမရှိဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ ခင်ဗျားတို့အိမ်ကအခက်အခဲတွေကို ကျွန်ဝောာ်တို့ သိတာမို့ အကြာကြီး မနှောင့်နှေးစေရပါဘူး”
ကျောက်ချိုးက အရာရာတိုင်းကို အတော်လေး စိတ်တိုင်းကျနေ၏။ သူမက အသာအယာပြောလိုက်သည်။
"သန့်ရှင်းရေးအတွက် ကျွန်မအတတ်နိုင်ဆုံး သေချာပေါက် ကြိုးစားမှာပါ။ ဒါပေမဲ့ အစားအသောက်အကြိုက်ကတော့ မသေချာလှဘူး။ ဆရာမလျိုကို စိတ်မကျေနပ်စေနိုင်ရင်...."
စူးထျန်ချင်းက သူမကို ပြုံးကာကြည့်လာ၏။
"အရင် ကြိုးစားကြည့်ရင်ရော။ နေ့လည်စာအတူတူ စားလိုက်ကြမယ်လေ”
ကျောက်ချိုးက သူမသားကိုကြည့်ကာ သူ့အမြင်ကိုမေးလိုက်သည်။ လီလီက သူမအတော်လေး စိတ်လှုပ်ရှားနေပြီး ထို ဆရာမသည်လည်း သိပ်ပြီး ကျိုးကြောင်း မသင့်တာမျိုး မဖြစ်လောက်ဟုတွေးကာ တွန့်ဆုတ်စွာနှင့်ပင် သဘောတူပြီး ခေါင်းညိတ်ပြလိုက်ရသည်။
ကျောက်ချိုး၏ ချက်ပြုတ်စွမ်းရည်က တကယ်ကိုကောင်းလှ၏။ လီဟဲဖဥ်၏ နေ့စဉ် စားသောက်သည့်ပုံစံကလည်း ပေါ့ပါးကာ အာဟာရရှိနေရန်လိုအပ်တာကြောင့် သူမချက်ပေးသည့် ဟင်းသုံးခွက်နှင့် စွပ်ပြုတ်တစ်ပွဲက အရသာရှိလှသည်။ အရသာခံပြီးနောက် သူတို့အားလုံးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
ထို့ကြောင့် သူတို့က နေ့လည်ပိုင်းတွင် ခြောက်လစာချုပ်ချုပ်လိုက်ကြသည်။ ကြားခံကော်မရှင် မရှိဘဲ လစာကလည်း သာမန် နာနီတွေထက် အနည်းငယ် ပိုမြင့်၏။
ကျောက်ချိုးက လစာပိုမြင့်သည့်အလုပ်ကို ပြောင်းရခြင်းအား အလွန်ပျော်နေပုံရသည်။ သူမက ပြန်သွားချိန်၌ ခင်ပွန်းသည်အား ပျော်ရွှင်စွာပြောပြလိုက်သည်။
သို့ပေသိ လီဟဲဖဥ်ကသိပ်မပျော်ဘဲ သက်ပြင်းချလာသည်။
သူ့ကိုယ်သူ အပြစ်တင်နေမှန်း ကျောက်ချိုးက သိတာမို့ သူ့ကို နှစ်သိမ့်ပေးလိုက်၏။
"အဆင်ပြေပါတယ်။ အခုကျွန်မ လစာမြင့်မြင့်ရနေပြီလေ။ ပြီးတော့ လီလီက နှစ်နှစ်အတွင်း ဘွဲ့ရတော့မှာ။ အဲ့ဒီအခါကျရင် ကျွန်မတို့ အတူတူငွေရှာနိုင်ပြီ။
ငွေက ဘဝကို သေချာပေါက် ပိုကောင်းအောင်လုပ်ပေးနိုင်တယ်။ နောက်ပိုင်း ဆေးပညာတွေ ပိုတိုးတက်လာရင် ရှင်လည်း ပြန်ပြီး မတ်တပ်ရပ်လာနိုင်မှာ။ အဲ့ဒီအချိန်ဆို လီလီလည်း ခွဲစိတ်နိုင်ပြီးတော့ ချစ်သူရ အိမ်ထောင်ကျပြီး ကလေးတွေ ရပြီးတော့ ကျွန်မတို့ မိသားစုလည်း ပျော်ရွှင်ချမ်းမြေ့ရတော့မှာ"
သူမ၏လေသံထဲ အားပေးခြင်းနှင့် မျော်လင့်ချက်များအပြည့်ပင်။ သို့ပေမဲ့ လီဟဲဖဥ်မှာ ပို၍ခါးသက်ခြင်းကိုသာ ခံစားလိုက်ရာ အက်ရှရှအသံဖြင့် ပြောလာ၏။
"ကိုယ် မင်းကို ဘာမှ မပေးနိုင်ဘူး။ ကိုယ်မရှိရင် မင်းတို့ကောင်းကောင်း နေနိုင်လိမ့်မှာ"
ကျောက်ချိုးက အလျင်စလိုပြောလိုက်သည်။
"ပေါက်ကရတွေ မပြောစမ်းပါနဲ့!"
သူမ ပြစ်တင်စကားဆိုလိုက်ပေမဲ့လည်း မျက်လုံးများကတော့ မထိန်းနိုင်စွာ ရဲတက်လာဆဲပင်။
°°°°°°°°
နောက်တစ်နေ့မနက်တွင် ကျောက်ချိုးက လတ်ဆတ်သည့် ပါဝင်ပစ္စည်းများ သွားဝယ်ကာ ကိတ်မုန့်လုပ်သည်။ တစ်မနက်လုံး ကြိုးစားအားထုတ်ပြီးနောက် မွှေးကြိုင်ချိုမြိုင်သည့် ပင်လုံးကြိုင်ကိတ်လေး ရလာခဲ့လေသည်။
သူမက ထုတ်ပိုးပေးဖို့ သက်သက်ပင် တမင်ဝယ်ထားကာ ဂရုတစိုက် ထုတ်ပိုးလိုက်၏။ ထို့နောက် ဟန်းမိတ်ပစ္စည်းတွေလုပ်တုန်းက ထည့်ပေးဖို့ ဝယ်ထားရသည့် အိတ်အပိုဖြင့်
ဂရုတစိုက်ထည့်ကာ လီလီကို ကမ်းပေးလိုက်သည်။
"သား ဒါကို ဂရုစိုက်ရမယ် မပြားစေနဲ့နော်။ ပြားသွားရင် ကြည့်ကောင်းတော့မှာ မဟုတ်ဘူး"
"ဟုတ်ပါပြီ.. ကျွန်တော် နားလည်ပါတယ်"
"သား လက်မှတ်ရပြီလား”
"မရသေးဘူး"
လီလီမျက်မှောင်ကြုတ်သွားရသည်။ ဒီရက်ပိုင်း သူ့စိတ်က အခြေအနေမကောင်းလှ။ သူ့အဖေနှင့် အမေအတွက် စိတ်ပူနေရရာ လက်မှတ် ကြိုဝယ်ဖို့ မေ့သွား၏။
ခုအချိန်မှာ ပိတ်ရက်တို ပြီးသွား၍လူတော်တော်များများ ကျောင်းပြန်ကြမှာ ဖြစ်ရာ လက်မှတ်တွေက ရှားပါးနေသည်။
ကျောက်ချိုးက ပြောလာသည်။
"ဘတ်စ်ကားလက်မှတ် ဝယ်မယ်ဆိုရင်ရော"
"ကျွန်တော် ထပ်ရှာကြည့်လိုက်ဦးမယ်”
ဘတ်စ်ကားလက်မှတ်များမှာ ရထားလက်မှတ်ထက် သုံးဆလောက် ပိုဈေးကြီးရာ ငွေအပိုသုံးရမည်ကို သူက တွန့်ဆုတ်နေခဲ့၏။
သို့ပေမဲ့ နာရီဝက်လောက် လိုက်ကြည့်တာတောင်မှ လက်မှတ်ကျန် မရှိဖြစ်နေဆဲသာ။ နောက်ဆုံးမှာ သူက အပလီကေးရှင်းတစ်ခု ဒေါင်းလုတ်ဆွဲပြီး လင့်ခ်ကို သူ့ကျောင်းဆောင်ဆီပို့ကာ သူငယ်ချင်းများအား လက်မှတ်ဝယ်ပေးရန် အကူအညီတောင်းရတော့သည်။
အခန်းဖော်တချို့က လီလီကို ကူညီရှာပေးကြရင်း ယန့်ကျိကမူ တိုက်ရိုက် ဖုန်းခေါ်လာလေသည်။
"ချောင်အာ.. မင်း လက်မှတ်မဝယ်ရသေးဘူးလား”
"ငါ ဝယ်ဖို့မေ့သွားလို့"
ယန့်ကျိကပြုံးလိုက်ကာ
"ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။ မင်းကအရမ်းတုံးတာပဲ။ ငါ မင်းအတွက် နည်းလမ်းရှာပေးမယ်"
နှစ်မိနစ်ကြာပြီးနောက် သူက ဖုန်းပြန်ခေါ်လာ၏။
"လက်မှတ်မဝယ်နဲ့။ ခုလေးတင် ငါ့အစ်ကိုက မင်းတို့ဘက်ကနေ ဖြတ်ပြန်ဖို့ ရှိတယ်တဲ့။မင်းကို လိုက်ပို့ပေးဖို့ ငါ သူ့ကို ပြောထားတယ်”