[ပိုက်ဆံချေးခြင်း]
လီဟဲဖဥ်က ကျေးလက်မှာ မွေးဖွားခဲ့တာ ဖြစ်၏။ သူက ငယ်ရွယ်စဉ်မှာ လွန်စွာထက်မြက်ပြီး တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့သည်။ ထိုနှစ်မှာ ရွာကနေ တက်ခွင့်ရသော ပထမဆုံး တက္ကသိုလ်ကျောင်းသား ဖြစ်သည်။ သူက အိမ်ထောင်စုမှတ်ပုံတင်ကို ကျေးလက်ကနေ မြို့ပြကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ကာ ဘွဲ့ရပြီးနောက် လျင်မြန်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆုံးရထားကို စီးပြီး နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာကြွယ်ဝမှု အများအပြား စုဆောင်းနိုင်ခဲ့လေသည်။
သူက သူ့ဇာတ်မြစ်ကို မမေ့ဘဲ တစ်ဦးတည်းသော အစ်ကိုကို စီးပွားရေးလုပ်ရန် လက်တွဲခေါ်ခဲ့ပြီး ထိုအစ်ကို၏ မိသားစုကိုပါ ချမ်းသာအောင် လုပ်ပေးခဲ့၏။
ထိုနှစ်များအတွင်း သူက အောင်မြင်သော အသက်မွေးဝမ်းကြောင်းနှင့်အတူ အချစ်ရေးမှာပါ အလွန်အောင်မြင်ခဲ့သည်။ သူ သွားသည့်နေရာတိုင်းတွင် အားကျခံခဲ့ရ၏။ ရုပ်ရည်လည်း ကြည့်ကောင်းလေရာ ကျောက်ချိုးဘေးတွင် အတူယှဉ်ရပ်လိုက်ခြင်းက နှစ်ယောက်သားကို ပြီးပြည့်စုံသည့် လိုက်ဖက်မှုတစ်ခု ဖြစ်စေခဲ့ပြီ ဖြစ်သည်။ သားဖြစ်သူ၏ ပုံပျက်နေသော လိင်အင်္ဂါတစ်ခုမှ လွဲ၍ သူတို့အတွက် ဘာမှ အဆင်မပြေတာမရှိခဲ့ဟုပင် ပြောနိုင်ပေသည်။
ကိစ္စများက ချောမွေ့စွာ လည်ပတ်နေ၍ ဖြစ်နိုင်၏။ စွန့်စားရခြင်းကို အရမ်းကြီး သတိကြီးကြီးမထားမိခဲ့ပေ။ သူက အန္တရာယ်များသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်ခဲ့မိကာ အိမ်ခြံမြေစီးပွားရေးတွင်
သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုအားလုံးကိုပါ ထိုအထဲ ထည့်ထားခဲ့ရုံမက သူ့အကြီးဆုံးအစ်ကိုကိုပါ ကြွယ်ဝမှုများကို ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်ခဲ့သေးကာ ရင်ဘတ်ကိုပုတ်လျှက် အာမခံခဲ့သေး၏။
"ဒါက သေချာပေါက်ကို ငွေဖြစ်မှာ..အစ်ကို့ ပိုက်ဆံတွေ ဆုံးသွားရင် အစ်ကို့ရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ပြားမကျန် ကျွန်တော် ပြန်ပေးမယ်"
သို့ပေမဲ့ ဤကမ္ဘာတွင် တစ်ရာ ရာခိုင်နှုန်းသေချာသည့်အရာဟူ၍ မရှိပါချေ။ အထက်မှ ပေါ်လစီများ ပြောင်းလဲသွားသည်နှင့် တစ်ချိန်က တန်ဖိုးကြီးကုန်စည်များသည်လည်း မည်သူမှမလိုချင်သည့် ရွှံ့များအဖြစ် ပြောင်းသွားကာ လီဟဲဖဥ်မှာ ဒေဝါလီ ခံသွားရတော့သည်။
သူ့ဘဝ၌ ဤသို့သော ရိုက်ခတ်မှုမျိုးကို မခံခဲ့ရဖူးပေ။ သူ စိတ်ဓာတ်ကျကာ အရက်အလွန်အကျွံသောက်ခဲ့၏။ တခြားသူများက ဖျောင်းဖျနေခဲ့ပေမဲ့လည်း ကားမောင်းခဲ့ချိန်၌ မတော်တဆဖြစ်ခဲ့လေသည်။
ထိုအချိန်မှစကာ လီမိသားစု၏ဘဝက မြေငလျှင်လှုပ်သလိုပြောင်းလဲ၍ အောက်ဆုံးထိ ကျသွားခဲ့ရ၏။
ပထမဆုံး သူ့၏ ယခင်က သူငယ်ချင်းကောင်းများသည် သူနှင့် ပေါင်းသင်းခြင်းမှ ရပ်လိုက်ကြသည်။ ထို့နောက်တွင် လီဟဲဖဥ်၏အစ်ကိုဖြစ်သူက အကြွေးတောင်းရန် ရောက်လာ လေတော့၏။
သူ့အစ်ကိုအကြီးဆုံးက ညီအစ်ကိုသံယောဇဉ်ကြောင့် အလွန်အကျွံ မလုပ်ပေမဲ့လည်း အကြီးဆုံးမရီးကတော့ ဘာကိုမှ ဂရုမစိုက်ပေ။
သူမလာတိုင်း လူတိုင်းသိသည့် ပြဿနာတစ်ခုကို ဖန်တီးခဲ့သည်ပင်။ တစ်ခါတုန်းက လီလီက သူမသားနှင့်တောင် ရန်ဖြစ်ခဲ့သေးသည်။
အငြင်းပွားမှုတွေ အများကြီး ဖြစ်ပြီးနောက် နောက်ဆုံးမှာ နှုတ်ဖြင့် သဘောတူညီချက် သတ်မှတ်ခဲ့ကြတာ ဖြစ်သည်။
ထို့နောက်မှာတော့ အနှီမိသားစုက သူတို့ကတိကို မတည်ချင်ကြတော့သည်မှာ သိသာလှပေသည်။
အပြင်ဘက်မှ ဆူညံသံများကြောင့် လီဟဲဖဥ်လည်း နိုးနေခဲ့ပြီပင်။ ကား မတော်တဆဖြစ်ပြီးနောက်တွင် သူက လုံးဝကြီး ပြောင်းလဲသွားခဲ့သည်။ လူက အိုမင်းကာ ပိန်ကျသွားပြီး ရိရင်းစွဲအသက်ထက် နှစ်၂၀စာလောက် အိုကျသွားကာ အသံက ခပ်အက်အက်ဖြစ်လာသည်။
အသံကို ကြားချိန်၌ သူက ဒေါသထွက်သွားကာ စိုးရိမ်တကြီး ဖြစ်သွားပြီး မျက်ရည်တွေ စီးကျလာလျှက် သူ့ခန္ဓာကိုယ်ကို အတင်းရွှေ့ဖို့ ကြိုးစားလိုက်သည်။ သို့ငြား ဘယ်ဘက်လက်လေး လှုပ်ရသည်က လွဲ၍ ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လုံးဝ ခံစားချက် မရှိလောက်အောင် လေးလံနေ၏။
အပြင်ဘက်ရှိ စကားများသံများကို သူကြားနေရတော့ ပို၍ စိတ်လှုပ်ရှားလာသည်။ သူက ဘယ်လက်ဖြင့် စောင်ကို ဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ အော်ခေါ်လိုက်၏။
"ရှောင်ချိုး…ရှောင်ချိုး...."
ကျောက်ချိုးက ခင်ပွန်းဖြစ်သူခေါ်သံကိုကြားတော့ အမြန်ဝင်လာကာ စောင်ကိုကောက်၍ သူ့ကိုပြန်ခြုံပေးလိုက်သည်။
"စိတ်မပူပါနဲ့…အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်"
လီဟဲဖဥ်က သူမလက်ကို အမြန်ဆွဲကာ တင်းတင်းကြပ်ကြပ်ကိုင်လျှက်
"ကိုယ့်ကိုကူပေး..ကိုယ်အပြင်ထွက်ပြီး စကားပြောမယ်..ကိုယ်..."
"မလိုပါဘူးရှင်..လီလီ ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်"
ကျောက်ချိုးလည်းပဲ ထိတ်လန့်နေခဲ့ဖြစ်သည်။ သူမက သားဖြစ်သူအတွက် စိုးရိမ်နေရသလို ခင်ပွန်းကိုလည်း အားနာမိသည်။
ဘာလုပ်ရမည်မှန်း မသိတော့ပေ။
"မလှုပ်နဲ့နော်။ ကျွန်မ လီလီ့ကိုသွားကြည့်ပြီး ဒေါသအလျှောက် မပြုမူဖို့ ပြောလိုက်မယ်"
သူ မတတ်နိုင်သည်ကို သိ၍ လီဟဲဖဥ်မှာ ဒေါသကို ဖိနှိပ်ထားရုံသာတတ်နိုင်ကာ အက်ရှရှဖြင့် ပြောလိုက်၏။
"သွားလိုက်ဦး။ သားကို မခံစားရစေနဲ့"
ကျောက်ချိုးက မျက်ရည်သုတ်ကာ အပြင်ထွက်သွားလိုက်သည်။ အပြင်၌ လီလီနှင့် ခင်ပွန်း၏ မရီးဖြစ်သူတို့ ထိပ်တိုက်ရင်ဆိုင် စကားများနေကြနေဆဲဖြစ်ကာ နှစ်ဖက်လုံးက အရှိန်အဟုန်ဖြင့် တစ်ယောက်ကတစ်ယောက်ထက်ပို၍ မလျှော့စတမ်းပင်။
"နင့်မှာ ပိုက်ဆံမရှိရင် နင်တို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်ကြလေ။ ဘာပဲဖြစ်ဖြစ် နင့်အမေက အိုမှမအိုသေးပဲ။
နင့်အဖေ မတော်တဆဖြစ်ပြီးကတည်းက သူ့ကို ယောကျာ်းတွေအများကြီးက လိုချင်နေကြတာမလား။ နင့်မှာလည်း မိန်းမပစ္စည်းပါတာပဲ။ တက္ကသိုလ်တက်နေတာပဲဆိုတော့ ဈေးမြင့်မြင့်နဲ့ ရောင်းလို့ရရင်လည်း ရမှာပေါ့။ အကြိမ်နည်းနည်းလောက် ရောင်းလိုက်ပြီးရင် ငါတို့မိသားစုကို တင်နေတဲ့အကြွေးတွေ ဆပ်နိုင်မှာပဲ"
သူမပြောတာတွေက ရိုင်းစိုင်းလှတာကြောင့် လီလီက လက်သီးကျစ်ကျစ်ဆုပ်ကာ ရေခဲတမျှအေးစက်သည့်မျက်နှာဖြင့်
"ကျွန်တော့်ကို လက်ပါဖို့ ဖိအားမပေးနဲ့!"
"လုပ်လေ လုပ်စမ်းပါ။ နင် ငါ့မျက်နှာကို အရင်က မရိုက်ဖူးလို့လား"
သူမက ရုတ်တရက် အင်္ကျီကြယ်သီးဖြုတ်လိုက်ကာ မြေပေါ်ထိုင်ချ၍ စတင်ငိုကြွေးတော့သည်။
"မတရားလိုက်တဲ့ ဘဝ။ လူကို အကြွေးတင်ထားတဲ့သူကများရက်စက်ပြီး အာဏာရှင်ဆန်ပြနေတယ်။ ပြီးတော့ လူကြီးဖြစ်တဲ့ ငါ့ကိုတောင် ရိုက်ဖို့ လုပ်သေးတယ်... အမလေးဟဲ့. ငါ့ဘဝ... ရိုက် ..နင် ဒီနေ့ ငါ့ကို သေလောက်အောင် ရိုက်လိုက်။ သတ်မယ်ဆိုရင်တောင် နင် ငါ့အကြွေးကို ဆပ်ရမှာပဲ. မဟုတ်ရင် ငါ့သားက ဘယ်လိုလုပ် လက်ထပ်နိုင်မှာတဲ့လဲ..."
ပတ်ဝန်းကျင်တွင် လူများ စုလာသည်နှင့်အမျှ လီဟဲဖဥ်၏ မရီးက ပိုပို၍ မသမာဖြစ်လာကာ သူမဆံပင်ကိုပင်ဆွဲ၍ အဝတ်တွေ ချွတ်လေတော့၏။ ကျောက်ချိုးမှာ သည်းမခံနိုင်တော့ပေ။ မြင်ကွင်းကြောင့် တခြားသူများ လက်ညိုးထိုးကာ ဝေဖန်ကြသည်ကို သည်းမခံနိုင်တော့ဘဲ သူမမှာ နာကျင်မှုကို သည်းခံရင်း သွားကူပြီး စကားကောင်းကောင်း ပြောဖို့ ဟန်ပြင်လိုက်သည်။ သို့ပေမဲ့ လီလီက သူမကို အမြန်တားလိုက်ကာ လက်ကို ဆွဲထားကာ အိမ်ထဲဝင်၍ တံခါးပိတ်ထားလိုက်တော့သည်။
သို့ပေမဲ့ တံခါး ပိတ်ထားလျှင်တောင်မှ မငြိမ်းချမ်းသွားပါချေ။ တစ်ဖက်လူက တံခါးကို ထုရိုက်လာပြီး ကျိန်ဆဲလာကာ စကားလုံးတိုင်းက ယခင်ထက်ပို၍ ရွံစရာကောင်းလာ၏။ ကျောက်ချိုးက ထပ်ပြီး ငိုလာပြန်သည်။ အိပ်ခန်းထဲရှိ လီဟဲဖဥ်သည်လည်း သက်ပြင်းချနေတော့သည်။
လီလီသည် တစ်ညလုံး မအိပ်ရသေးသည်မို့ ယခုတော့ မူးဝေသလို ခံစားနေရပြီး နားထင်က ကိုက်ခဲလာ၏။
သူက အရင်ဆုံး မိခင်ဖြစ်သူကို အိပ်ခန်းထဲ ဝင်နေရန် ဖျောင်းဖျကာ နူးညံ့စွာပြောလိုက်၏။
"မေမေက ဖေဖေနဲ့ သွားနေနေလိုက်ပါ။ ကျွန်တော် နည်းလမ်းရှာလိုက်ပါ့မယ်"
ကျောက်ချိုးက မျက်လုံးထဲ မျက်ရည်အပြည့်ဖြင့် မေးလာသည်။
"သားဘာလုပ်နိုင်မှာလဲ..လီလီ၊ အစွန်းရောက်မဲ့ဟာတွေ မလုပ်ပါနဲ့ကွယ်"
"မလုပ်ပါဘူး"
လီလီက သူမကို ပြုံးပြလိုက်သည်။
"ကျွန်တော့်မှာ အရမ်းချမ်းသာတဲ့ အခန်းဖော်တစ်ယောက်ရှိတယ်လို့ ပြောဖူးတယ်မလား။ ကျွန်တော် သူဆီက ချေးကြည့်လိုက်မယ်"
ကျောက်ချိုးက နည်းနည်းစိုးရိမ်သွား၏။
"ဒါပေမဲ့ ပိုက်ဆံအဲ့လောက်ပမာဏကို သူများက ချေးပေးပါ့မလား"
လီလီကပြောလိုက်သည်။
"ကျွန်တော် ကြိုးစားကြည့်ပါမယ်"
တကယ်တော့ သူများဆီမှ ပိုက်ဆံချေးရသည်ကို သူသဘောမကျပေ။ ထို"ချေးငှားခြင်း" အစား သူ့ခန္ဓကိုယ်ကိုပေးရမည်ဆိုလျှင်တောင် တစ်ခုခုဖြင့်သာ လဲလှယ်လိုက်ချင်သည်။
ဒါက လီလီကို ပိုပြီး စိတ်သက်သာရာရစေကာ "ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ" ဟူသည့် ကြောက်ရွံ့မှုကို ခံစားနေစရာ မလိုပေ။ ထို့ကြောင့် နှစ်နှစ်အတွင်းမှာ ယန်ကျိက သူ့ကို အခက်အခဲရှိပါက ကူညီဖို့ တွန့်ဆုတ်မှာ မဟုတ်ကြောင်း၊ ပြန်ဆပ်ဖို့တောင် မလိုကြောင်း အရိပ်အမြွက် ပြောနေခဲ့ပေမဲ့ လီလီက ငြင်းဆိုနေခဲ့တာချည်းပင်။
သို့ပေမဲ့ အခုတော့ သူ၏ လုပ်ရိုးလုပ်စဥ်ကို ရိုက်ချိုးရတော့မည်ဖြစ်သည်။
ငိုသံများနှင့် အပြင်မှ တံခါးထုသံများကို သည်းခံရင်း ဖုန်းထုတ်ကာ ယန့်ကျိနှင့် စကားပြောခန်းကိုရှာလိုက်ပြီး အသက်တစ်ရှိုက်အတွင်း စာနှစ်ကြောင်းရိုက်လိုက်၏။:
[ငါ အခု ပိုက်ဆံလိုနေလို့။ မင်းငါ့ကို အခု သုံးသိန်းလောက် ချေးပေးနိုင်မလား]
[ငါ အတိုးပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း တစ်ခြား အလဲအလှယ်အနေနဲ့ မင်းငါ့ဆီက ဘာဖြစ်ဖြစ်တောင်းဆိုလို့ရတယ်]
သူက မိန်းမတစ်ယောက်မဟုတ်ပေမဲ့ သူ့စကားလုံးများက ဒွိဟသဘောသက်ရောက်နေဆဲဖြစ်၏။ ဤသည်တို့က လီလီ မသိစိတ်ဖြင့် ရိုက်လိုက်သော စကားလုံးများဖြစ်သည်။
အကြောင်းမူ ဤခေတ်တွင် ငွေချေးပေးရခြင်းက ခက်ခဲကြောင်း သူသိထား၍ပင်။
၎င်းက ပမာဏကြီးမားသည့် ပိုက်ဆံများဖြစ်ကာ ယန့်ကျိက သူ့ကို ချေးပေးချင်နေသရွှေ့ မည်သည့်အဖိုးအခကိုမဆို သူပေးဖို့ရန် ဆန္ဒရှိလေ၏။
ပုံမှန်ဆို ယန့်ကျိက သူ့မက်ဆေ့ကို စာအမြန်ပြန်တတ်ပေမဲ့ ဤတစ်ကြိမ်မှာတော့ နှစ်မိနစ်ကြာသည်အထိ တုံ့ပြန်မှု မရှိလာပေ။ အပြင်ဘက်မှ ဆူညံသံများကြောင့် မိနစ်တိုင်းက ခက်ခဲလှသည်။
[မင်းဘာလို့ စာမပြန်တာလဲ… အလုပ်ရှုပ်နေတာလား]
လီလီက စိတ်ဆင်းရဲလှကာ မေးမြန်းရန် ဖုန်းခေါ်ဖို့ပြင်လိုက်စဉ် သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားပြီး မရင်းနှီးသည့် နံပါတ်တစ်ခုက မျက်နှာပြင်ထက် ခေါ်ဆိုသူအဖြစ် ပေါ်လာလေသည်။
ရည်ညွှန်းကုတ်က သူတက်နေသော မြို့အပိုင်ကပင်။
လီလီက ဖုန်းကို ချက်ချင်း ကိုင်လိုက်ကာ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"အားကျိလား"
ဖုန်းတစ်ဖက်ရှိလူက ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလာ၏။
"ငါ"
ယန့်ဝမ် ဖြစ်လေသည်။
လီလီသည် ထိုသူက ဘာကြောင့် ဖုန်းခေါ်သလဲဟု မေးဖို့ရန်အထိ မတုံးတာကြောင့် ညင်သာစွာသာခေါ်လိုက်၏။
"ကော"
ယန့်ဝမ်၏အသံက အေးစက်နေဆဲပင်။
"ငါ့ကို ဘဏ်အကောင့်နံပါတ် ပေး"
သူက ထပ်ဖြည့်ပြောလာ၏။
"အပေးအယူက ဒီနေ့ကစပြီး သက်ရောက်မှု ရှိမယ်"
ဘယ်လောက်အကြွေးယူရမလဲကို တစ်ပြားချင်းထိုင်ကာ တွက်ချက်နေသော သားအမိအား ဖုန်းကတဆင့် ငွေလွှဲပေးပြီးနောက် ထိုနှစ်ယောက်က ကျေနပ်စွာ ထွက်သွားတော့လေသည်။
ငှားထားသည့် အိမ်ငယ်လေးမှာ နောက်ဆုံးတော့ ပြန်လည်အေးချမ်းသွားခဲ့ပြီပင်။
တံခါးပိတ်ပြီးနောက် ကျောက်ချိုးက စိုးရိမ်တကြီးမေးလာသည်။
"သားရဲ့ပိုက်ဆံက....တကယ်ပဲ သားရဲ့ အခန်းဖော်ချေးပေးလိုက်ဝာာလား?"
လီလီကပြောသည်။
"ဒါပေါ့"
ကျောက်ချိုးမျက်မှောင်ကြုတ်သွား၏။
"သားက တက္ကသိုလ်ကျောင်းသားပဲရှိသေးတာလေ။အဲ့လောက်ငွေအများကြီးကို ဘယ်လိုလုပ်ပြီး ချေးပေးနိုင်တာလဲ။ လီလီ သားတို့ကြားမှာ...."
"သူက ယောကျာ်းလေးပါ"
လီလီက တမင်တကာရယ်လိုက်ကာ
"ကျွန်တော်တို့ကြားမှာ ဘာဖြစ်လာနိုင်မှာလဲ မေမေရဲ့…တကယ်ကို အတွေးလွန်နေပြီပဲ။ သူက ချမ်းသာပြီး ကြင်နာတတ်ရုံပါ။ တကယ်တော့ သူက ကျွန်တော်တို့ မိသားစု ဒုက္ခရောက်နေတာ သိထားပြီး ကူညီပေးချင်နေတာ ကြာပြီ။ အခုလောက်ထိ မဆိုးခဲ့လို့ သူ့ကို ငြင်းခဲ့တာ။ အခု ကျွန်တော် ရှင်းမပြရသေးခင်မှာပဲ သူက မတုံ့ဆိုင်းဘဲ ငွေလွှဲလာပေးတော့တာပဲ"
သူ့လေသံက အေးဆေးပြီး တည်ငြိမ်လှရာ ကျောက်ချိုးကနောက်ဆုံးတော့ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချနိုင်သွား၏။
"လီလီ သားက အရမ်းလှပြီး သားရဲ့ကိုယ်ကလည်း ပုံမှန်မဟုတ်ဘူး။ တစ်ယောက်ယောက် သားကို အနိုင်ကျင့်မှာကို မေမေ စိတ်ပူတယ်"
သူမက နှာခေါင်းတစ်ချက်ရှုပ်လိုက်ကာ ဆိုနင့်သောအသံဖြင့်
"မိသားစုပြဿနာကြောင့် သားရဲ့ ခွဲစိတ်မှုနှောင့်နှေးသွားရတာ။ စိတ်မပူနဲ့နော် နောက်ကို အမေ အလုပ်ပိုကြိုးစားလုပ်ပြီး ပိုက်ဆံရှာမယ်။ ပြီးတော့ သားအတွက် ခွဲစိတ်ဖို့ ငွေလုံလောက်အောင် သေချာပေါက် စုဆောင်းပေးမယ်။ ဒါမှ သားရဲ့ နောင် လက်တွဲဖော်မိန်းကလေးနဲ့ ဆက်ဆံရေးကို မနှောင့်နှေးစေမှာ"
*****
ဤဖြစ်ရပ်ကြောင့် မိသားစု၏ အကြွေးများ ပြန်ဆပ်ရပြီးပေမဲ့လည်း မည်သူမှ စိတ်မအေးနိုင်ခဲ့ကြပေ။
ကျောက်ချိုးက အလုပ်ချိန်ကျော်သွားရတာကြောင့် နေ့တစ်ဝက်ခွင့်ယူလိုက်သည်။ ပိတ်ရက်အတွက် သူမက ချက်ပြုတ်ရန် အသီးအရွက်တချို့ဝယ်ဖို့ ဈေးကိုအမြန်သွားလိုက်၏။
ငှားထားသည့်အိမ်၏ မီးဖိုချောင်က သေးလှပေမဲ့ ကျောက်ချိုးက သန့်ရှင်းမှုကိုမြတ်နိုးတာကြောင့် အရွယ်အစားသေးပေမဲ့လည်း လုံးဝညစ်ပတ်နေတာမျိုးမရှိပေ။ မီးဖိုနှင့် လေစုပ်စက်တောင် သန့်ရှင်းအောင် သုတ်ထားသည်။ သူမက ထမင်းတစ်အိုးကို အမြန်တည်ကာ ဟင်းနှစ်မျိုးနှင့် ဟင်းချိုတစ်ခွက်ကို ချက်၍ စားပွဲသေးလေးကို အိပ်ခန်းထဲရွှေ့ကာ ပြုံးလျှက်ပြောလိုက်၏။
"ဒီနေ့ မိသားစုပြန်စုံတဲ့ အထိမ်းအမှတ်လေးနဲ့ စားကြတာပေါ့"
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ဝက်နံရိုး၏ မွှေးရနံ့၊ အဟာရပြည့်သောစွပ်ပြုတ်တို့ဖြင့် ဟင်းပွဲတိုင်းက အရသာကောင်းလှ၏။ ထမင်း၏အနေအထားသည်ပင်ကောင်းမွန်လှကာ ကျောက်ချိုးကို စားဖိုးမှုတစ်ယောက်အဖြစ် ပြောင်းလိုက်သည့်နှယ်ပင်။
သို့ပေမဲ့ အမှန်တရားကတော့ သူမချက်ပြုတ်တတ်သည်မှာ နှစ်အနည်းငယ်လောက်သာရှိသေးတာ ဖြစ်သည်။
သူမဖခင် ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူက အပြင်းအထန်နေမကောင်းဖြစ်ကာ ခင်ပွန်းက အကြောသေသွားပြီး သားဖြစ်သူက ငယ်ရွယ်သေးသည်။ ဝန်အားလုံးက ကျောက်ချိုး၏ ပုခုံးပေါ် စုပုံကျလာခဲ့ရလေသည်။
ထိုအချိန်က ကျောက်ချိုးဟာ ချက်ပြုတ်နည်းကို သင်ယူခဲ့ရသည်။ ချက်ပြုတ်ခြင်းက သူမအတွက်တော့ စိန်ခေါ်မှုတစ်ခုပင်။ အစပိုင်း၌ ထမင်းအိုးထဲ ရေမည်မျှထည့်ရမည်ကိုပင် သူမမသိခဲ့။ ထမင်းက မနပ်ခြင်း မဟုတ်လျှင် အစားအသောက်များက မကျက်တာမျိုးနှင့် အရသာမရှိသလို ငန်လွန်းတာမျိုးဖြစ်ခဲ့ဖူးပေမဲ့ ထိုအရာအားလုံးကို ဂရုစိုက်ဖို့ သူမက အလုပ်များလွန်းခဲ့သည်။ သူမက ချက်ပြုတ်ပြီးလျှင် အလုတ် နည်းငယ်လောက်သာ စားသောက်ပြီး ဆေးရုံသို့ပြန်သွားရတတ်သည်။
သူမ၏ ဘဝမည်မျှခက်ခဲကာ မိသားစုစီးပွားရေး အခြေအနေ မည်မျှ ဆိုးဝါးသည်ကို သိသော လီလီသည် သူမချက်ပြုတ်ပေးခဲ့သော အစားအသောက်များကို ဘယ်တုန်းကမှ မဖြုန်းတီးခဲ့ဖူးချေ။
မျိုချရန်မည်မျှခက်နေပါစေ ကိစ္စမရှိ၊ သူက သူမကိုအမြဲချီးကျူးကာ တစ်လုတ်ချင်းစားခဲ့သည်သာ။
ထမင်း မကျက်တကျက်ကို အများကြီး စားခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့မှာ အစာအိမ်ရောဂါ ဖြစ်လာပြီး အခုထိ တစ်ခါတလေ ဖြစ်နေတုန်းပင်။
"နံရိုး အနံ့လေးကအရမ်းကောင်းတာပဲ"
လီလီက တစ်ခုယူကာ ကျောက်ချိုးပန်းကန်ထဲ နောက်တစ်ခုယူထည့်ပေးလိုက်သည်။
ကျောက်ချိုးကရယ်လိုက်၏။
"သားကြိုက်တယ်လား"
"အများကြီးကြိုက်တယ်"
ကျောက်ချိုး အတော်လေးပျော်သွား၏။
သူမက ဘာသာ အများကြီးမစားခဲ့ဘဲ ခင်ပွန်းကိုသာအရင်ကျွေးနေခဲ့လေ၏။ လီဟဲဖဥ်မှာက စားသောက်ချင်စိတ်နည်းပါးလွန်းကာ အလုတ်အနည်းငယ်စားပြီးနောက်မှာ ထိုသူက ပါးစပ်မဖွင့်ချင်တော့ပေ။ ကျောက်ချိုးက သူ့ကို မည်သို့ပင် ချော့မော့နေပါစေ သူက မစားတော့။
စိတ်အခြေနေကလည်း မကောင်းနေပေ။ သူကပုံမှန်ဆိုလျှင် နှုတ်နည်းလှပေမဲ့ သားဖြစ်သူပြန်လာချိန်များတွင်တော့ တစ်ခုခု ပြောတတ်ခဲ့ပေမဲ့ ယနေ့မှာတော့ စကားတစ်လုံးမှ ပြောမလာချေ။
နေ့လည်ခင်း ကျောက်ချိုး အလုပ်သွားချိန်၌ လီလီက ဖခင်ဖြစ်သူကို ဂရုစိုက်ပေး၏။ လူကြီးဝတ် ဒိုက်ပါကိုလဲပေးကာ တစ်ဖက်လှည့်စေ၍ သန့်စင်ပေးပြီး ကျောပြင်မှ ယောင်ယမ်းနေသည်များကို ဆေးလိမ်းပေးကာ အိပ်ရာခင်းလဲလိုက်သည်။
လဲထားသည့် အိပ်ရာခင်းကို လျှော်ဖို့ရန် ယူထုတ်လာချိန်တွင် နောက်ဆုံးတော့ ဖခင်ဖြစ်သူ၏ စကားသံကို ကြားလိုက်ရသည်။
"သားကို ဒုက္ခပေးမိလို့ အဖေတောင်းပန်ပါတယ်ကွယ်”
သူ့အသံက အက်ရှကာ နောင်တတရားဖြင့် ပြည့်နေ၏။
လီလီ သွားတင်းတင်းစေ့လိုက်ပေမဲ့ နှာခေါင်းကတော့ ကျိန်းစပ်သွားရလေသည်။