[အိမ်အပြန်]
ဆယ်မိနစ်ကျော် ကြာပြီးနောက် ယန့်ဝမ်၏ လက်ထောက်ဟု ဆိုသူထံမှ လီလီထံ ဖုန်းဆက်လာကာ သူ့လိပ်စာအတိအကျကိုမေးလာသည်။ ရှင်းလင်းစွာမေးမြန်းပြီးနောက်တွင် တစ်ဖက်လူက မိနစ်နှစ်ဆယ်အတွင်းရောက်မည်ဟု ဆိုလာ၏။
ကျောက်ချိုးက လီလီအတွက် ခရီးဆောင်အိတ်ကြိုတင် ပြင်ဆင်ပေးနှင့်ပြီးသားဖြစ်သည်။ သူမသွားခင်မှာ သူမကညွှန်ကြားချက်များစွာပေးပြီး နူးညံ့စွာပြောလာ၏။
"စာကြိုးစားနော်။ အိမ်အကြောင်း အမြဲ မတွေးနဲ့။ မေမေက သားအဖေကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"
လီလီကလည်း သူမကိုပြောလာသည်။
"မေမေလည်း အလုပ်မှာ ပင်ပန်းတာတို့ စိတ်အဆင်မပြေတာတို့ဖြစ်လာရင် အလုပ်သာထွက်လိုက်ပါ။ ကျွန်တော့်မှာ ပိုက်ဆံရှာဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ ပြီးတော့ ကျွန်တော် ဘွဲ့မရခင်ထိလည်း မိသားစုကို သေချာပေါက် ထောက်ပံ့နိုင်ပါတယ်”
ကျောက်ချိုးက မျက်လုံးထဲ မျက်ရည်တို့ဖြင့်
ပြုံးကာ ခေါင်းညိတ်သည်။
လီလီက အိတ်ကိုကျောမှာလွယ်လျှက် လမ်းကြားထဲကနေ ထွက်ကာ သဘောတူထားသည့်နေရာရောက်သည်အထိ လမ်းအရှည်ကြီး လျှောက်လိုက်ရ၏။
ခဏလောက် စောင့်ပြီးနောက် အနက်ရောင် ဗောက်စ်ဝက်စ်ဂွန် ကားတစ်စီး သူ့ရှေ့တွင် ဖြည်းဖြည်းချင်း ရပ်လာလေသည်။
ကားပြတင်းတံခါးမှန်ကျသွားပြီးနောက် ပြုံးနေသည့်မျက်နှာတစ်ခု ပေါ်လာရင်း ပြောလာ၏။
" လူကြီးမင်းလီ ကျေးဇူးပြုပြီး ကားပေါ်တက်ပါ"
လီလီသည် ယန့်ဝမ်တစ်ယောက် ကားထဲတွင် မရှိလောက်ဟုတွေးလိုက်ပေမဲ့ သူနောက်ခန်းတံခါးဖွင့်လိုက်ချိန်တွင် ထိုသူက နောက်ခုံတွင် တကယ်ကြီးထိုင်နေတာကို တွေ့လိုက်ရသည်။
ဒါနဲ့များ ခင်ဗျားရဲ့ လက်ထောက်ကနေတဆင့် ဘာလို့များ ဆက်သွယ်ခိုင်းနေသေးတာလဲ။
ယန့်ဝမ့်က သူ့ကို အထင်သေးနေကြောင်း လီလီခံစားမိနေရာ ထိုနေ့က ဘာကြောင့်ကူညီခဲ့မှန်း နားမလည်ပါချေ။
ယန့်ကျိကို သူပို့လိုက်တဲ့စာက အဓိပ္ပါယ်နှစ်ခွထွက်စေပေမဲ့လည်း တကယ်တော့ ပိုက်ဆံချေးတဲ့ကိစ္စလေ။ ကိုယ့်ကိုယ်ကိုယ် ရောင်းစားတာမဟုတ်တာမို့ သူ့ကို အထင်သေးလို့မရဘူး မဟုတ်လား။
ထို့ပြင် ယန့်ကျိလို သံမဏိအဖြောင့်က ဘယ်မှာ လွယ်လွယ်ကွေးသွားနိုင်ပါအံ့လေ။
သို့ပေမဲ့ တစ်ဖက်လူက အဆုံးမှာ သူ့ကိုကူညီပေးနေဆဲဖြစ်တာကြောင့် လီလီ၏သဘောထားက အလွန်ကောင်းမွန်နေခဲ့၏။
"ကော ကျွန်တော့်ကို တင်ခေါ်ပေးတာ ကျေးဇူးတင်ပါတယ်"
သူက ရှေ့မှာထိုင်နေသည့် လက်ထောက်ကိုပါပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမှန်းမသ်ိလို့...."
လက်ထောက်က ပြုံးကာ အမြန်ပြောလာ၏။
"ကျွန့်တော် မျိုးရိုးနာမည်က ယွမ်ပါ။ ယွမ်ဟုန်ပေါ်.. ကျွန်တော်က မင်းထက်တော့ ကြီးလိမ့်မယ်။ ကျွန်တော့်ကို ပေါ်ကောလို့ ခေါ်လို့ရတယ်"
"ဟုတ် ကျေးဇူးပါ ပေါ်ကော အပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ်"
လီလီတွင် ခရီးဆောင်အိတ် အများကြီးမပါတာကြောင့် သူက နောက်ဖုံးထဲကို မထည့်လိုက်ဘဲ သူ့ခြေထောက်ပေါ်သာ တိုက်ရိုက်တင်ထားလိုက်၏။
ယန့်ဝမ်က ပေါ်ထွက်ပြီးကတည်းက စကားဝင်မပြောခဲ့ပေ။ ထို့ပြင် သူ၏ မျက်လုံးတို့က အနည်းငယ်အေးစက်စက်သည့်ပုံပေါက်နေ၏။ လီလီက ကားတံခါးပိတ်ပြီးမှသာ သူ့ဘက်ကနေ “ဟင်း” ဟူသော အသံထွက်လာသည်။
ယွမ်ဟုန်ပေါ်က ရှင်းပြလာ၏။
"ဆရာက ဒီနှစ်ရက်အတွင်း အမှုတစ်ခုနောက်ကိုလိုက်နေရတာ။ မနေ့ညကလည်း မအိပ်ရသေးဘဲ အိပ်မလို့ လုပ်နေတာ"
သူကပြုံးလိုက်ပြန်ကာဆိုပြန်၏။
" မင်း ခါးပတ်ပတ်ထားလိုက်ဦး။ ကျွန်တော်တို့အခု ထွက်တော့မှာ အဝေးပြေးလမ်းက နည်းနည်း လမ်းကြပ်နေတာ။ နောက်ခန်းထဲမှာ စားစရာနဲ့ သောက်စရာတချို့ရှိတယ်။ ယူစားလို့ရတယ်နော်"
"ကျေးဇူးတင်ပါတယ်"
လီလီက ချိုသာစွာ ပြုံးပြလိုက်၏။ သူက ခါးပတ်ကို ပတ်လိုက်ပြီးနောက်တွင် ယန့်ဝမ်က သူ့ကို ကြည့်နေတာကို သတိထားမိသွားရာ ချိုသာစွာ ပြုံးပြလိုက်သည်။
သူက အတော်လေး ကြည့်ကောင်း၏။ လီကျစ်ပင်း ပြောသလို သူက ဆွဲဆောင်မှုရှိကာ မိန်းမလှများထက်တော့ လုံးဝကို မလျှော့ပါချေ။ အပြုံးကပင် အတော်လေး ညှို့ဓာတ်ရှိလှသည်။ ယွမ်ဟုန်ပေါ်တောင်မှပင် သူ့အပြုံးကို မြင်တော့ ကြောင်အမ်းသွားသေးသည်။
သို့ပေသိ ယန့်ဝမ့်မျက်နှာထက်မှာတော့ ဘာအမူအရာမှ ရှိမနေခဲ့ပါပေ။
လီလီကတော့ စိတ်မပျက်။ ကားစထွက်ပြီးနောက် သူက အသံတိုးကာ တစ်ဖက်လူကိုပြောလိုက်သည်။
" ကျွန်တော်က ခင်ဗျား အားကျိနဲ့အတူ ခရီးထွက်နေတယ် ထင်တာ"
ယန့်ဝမ်ကဖြေသည်။
"မဟုတ်ဘူး"
သူ့အသံက ပုံမှန်ထက် အနည်းငယ်ပို အက်ရှနေခဲ့ကာ အချိန်အတော်ကြာအထိ အနားမယူခဲ့ရပုံရသည်။ သူက တကယ်ကိုမေးလာ၏။
"သူ မင်းနဲ့ နေ့တိုင်းဆက်သွယ်နေတာလား"
"မဟုတ်ပါဘူး။ တစ်ခါတလေ မက်ဆေ့ပို့ရုံပါ"
ယန့်ဝမ်က အဖြေရပြီးနောက် ဘာမှ ထပ်မပြောတော့။ လီလီက တခဏအကြာ သူ့ကိုကြည့်လိုက်တော့ ထိုသူက မျက်လုံးမှိတ်ကာ အနားပြန်ယူနေပြီကို တွေ့လိုက်ရသည်။
အမှန်ပင် အဝေးပြေးလမ်းက မြောက်များလှသော ကားများ အဆုံးကိုပင် မမြင်ရနိုင်သည်အထိ လမ်းက ပြည့်ကျပ်နေခဲ့၏။ ပုံမှန်ဆိုလျှင် တစ်နာရီ မိုင် ၁၂၀ ဖြင့် မောင်းနေကျလူများမှာ တစ်နာရီ မိုင်ခြောက်ဆယ်လောက်ဖြင့် မောင်းနိုင်လျှင်တောင် ကံကောင်းလှပြီဖြစ်သည်။
လမ်းပိတ်နေရသည့်အရေးထဲမှာပင် ယာဥ်တိုက်မှုတစ်ခုက ဖြစ်ပွားသွားရာ
လုံးဝ ရပ်တန့်သွားကုန်ကြရတော့သည်။
ယွမ်ဟုန်ပေါ်က လုံးဝကို ပင်ပန်းနေပြီဖြစ်သည်။ သူက အိပ်ချင်ပြေစေရန် ကွမ်းသီးစေ့များစွာ ဝါးနေခဲ့ကာ ဆေးလိပ်ပင် သောက်ချင်ခဲ့ပေမဲ့ မီးမညှိမိခင်လေးတိုင်းမှာ သူ့ကိုယ်သူ ထိန်းထားနေခဲ့ရ၏။
လမ်းက ပုံမှန်ဆိုလျှင် သုံးနာရီသာ မောင်နှင်ရန် လိုအပ်ပေမဲ့ ယခုတော့ ခြောက်နာရီကြာသွားခဲ့ပြီဖြစ်ကာ ဦးတည်ရာသို့ရောက်ရန် ကီလိုမီတာ ရှစ်ဆယ် လိုနေသေးလေသည်။
"ကျပ်လိုက်တဲ့ကားတွေ"
ယွမ်ဟုန်ပေါ် မျက်မှောင်ကြုတ်နေ၏။
"ဒီကားတွေအားလုံးဘယ်ကနေ ရောက်လာတာလဲတောင် မသိဘူး"
လီလီကမေးလိုက်သည်။
"ကျွန်တော် ခဏလောက် မောင်းပေးရမလား”
ယွမ်ဟုန်ပေါ် : "မင်း မောင်းတတ်လို့လား"
နှစ်ယောက်သားက လမ်းတစ်လျှောက် စကားအများကြီးပြောခဲ့ကြသည်ဖြစ်ရာ အချင်းချင်း ရင်းနှီးသွားပြီ ဖြစ်ပြီး စကားအသွားအလာကလည်း ပို၍ ပေါ့ပေါ့ပါးပါးဖြစ်လာသည်။
လီလီကပြောလိုက်သည်။
"ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်တော့ ကားမောင်းလိုင်စင်ဖြေခဲ့တာ"
သူ့မှာ လိုင်စင်ဖြေဖို့ ပိုက်ဆံမရှိပေမဲ့ယန့်ကျိက သူတစ်ယောက်တည်းဆိုလျှင် ပျင်းတာကြောင့် သူ့ကိုပါ လိုင်စင်ဝင်ဖြေစေခဲ့တာ ဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော် မောင်းတာက ကြုံတောင့်ကြုံခဲပါ။ ပြီးတော့ လမ်းပေါ်မှာ နှစ်ခါပဲမောင်းဖူးတာ"
လီလီက အတော်လေး ယုံကြည်ချက်ရှိနေ၏။
"ဒါပေမဲ့ အခု ကားက ဖြည်းဖြည်းချင်းသွားနေရတာဆိုတော့ ကျွန်တော် အဆင်ပြေမယ်ထင်ပါတယ်"
ယွမ်ဟုန်ပေါ်က တကယ်ကို ပင်ပန်းနေပြီဖြစ်ကာ တစ်လမ်းလုံး ဘရိတ် နင်းလာရသည့် သူ့ခြေထောက်တို့လည်း ထုံထိုင်းနေခဲ့ဖြစ်ဖြစ်တာကြောင့် ဆွဲဆောင်ခံလိုက်ရ၏။ သူ တုံ့ဆိုင်းနေဆဲမှာပင် ယန့်ဝမ်က ရုတ်တရက် ထပြောလာလေသည်။
"ငါမောင်းမယ် "
ကားလမ်းလုံးဝ
ပိတ်ဆို့သွားချိန်၌ သူတို့က လူလဲလိုက်ကြကာ ယန့်ဝမ်က အမိန့်ပေးလာသည်။
"မင်း ရှေ့မှာလာထိုင်"
လီလီသည် ဘာကြောင့်မှန်းနားမလည်ပေမဲ့ နာခံစွာပင် ခုံပြောင်းထိုင်ပေးလိုက်သည်။
လက်ထောက်ထက် အရပ်ပိုရှည်သည့် ထိုအမျိုးသားက ထိုင်ခုံကို ချိန်ညှိကာ မေးလာသည်။
"စားစရာတစ်ခုခုရှိလား"
ယွမ်ဟုန်ပေါ်မပြောလိုက်ရသေးခင်၌ လီလီက အမြန်ပြောလာ၏။
"ကျွန်တော့်မေမေ လုပ်ပေးလိုက်တဲ့ ကိတ်မုန့်ရှိတယ်။ နည်းနည်းလောက် စားမလား"
သူ မေးလိုက်ပြီးမှ နောင်တရသွားသည်။
ဒါက သူ့မိခင်၏ စေတနာဖြစ်ရာ အငြင်းစကားမျိုး မကြားချင်ပေ။ ဖြစ်ချင်တော့ ဒီလူ၏ သူ့အပေါ်ထားသည့် သဘောထားအရ ငြင်းလာမည်ကလည်း တစ်ရာရာခိုင်နှုန်းသေချာနေပေသည်။
ကျောပိုးအိတ်ကို ဇစ်ပိတ်တော့မည့်လက်က လေထဲတွင်တန့်သွားချိန်မှာပင် ယန့်ဝမ်၏စကားသံက ထွက်လာသည်။
"မြည်းကြည့်ရအောင်"
ထိုစကားကြောင့် လီလီလက်ချောင်းထိပ်တွေက အနည်းငယ် ထုံကျင်သွားကာ ရင်ဘတ်ထဲထိ ပျံ့နှံ့သွားရသည်။ ဘာကြောင့် သည်နှယ် ခံစားရမှန်း သူ နားမလည်ချေ။ သူက အလျင်အမြန် လျစ်လျူရှုပစ်လိုက်၍သာ ကျောပိုးအိတ်ကို ဖွင့်ပြီး
ကျောက်ချိုးထုတ်ပိုးပေးလိုက်သည့် ကိတ်မုန့်ဘူးကိုထုတ်ကာ အမြန်ဖြည်လိုက်၍ တစ်ဖက်လူကို တစ်ဘူး ကမ်းပေးလိုက်သည်။
ရှေ့ကားများ စတင်ရွှေ့လျားနေပြီဖြစ်ရာ ယန့်ဝမ်က ဟန်းဘရိတ်ကို လွှတ်၍ ပြောလာ၏။
"ငါ့ကိုပေး"
သူ့ကို ခွံ့ကျွေးစေလိုသည့် အဓိပ္ပါယ်ပင်။
လီလီက တစ်ဖဲဖဲ့လိုက်ကာ သူ့နှုတ်ခမ်းနားဆီ ပို့ပေးလိုက်၏။ ယန့်ဝမ်က အနည်းငယ် ခေါင်းငုံ့ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ သူက လီလီနှင့်အသားချင်းထိမှာ စိုးပြီး ရှင်းလင်းလှသော ရှုထောင့်ကနေ ထိလိုက်တာပေမဲ့ လီလီကတော့ ဝိုးတဝါး ခံစားလိုက်ရသည်။
ပင်လုံးကြိုင်ကိတ်၏ ရနံ့က ကားထဲ ပြည့်သွား၏။ ယွမ်ဟုန်ပေါ်သည်လည်း ဗိုက်ဆာလာကာပြောလာသည်။
"ကျွန်တော်လည်း မြည်းကြည့်လို့ရမလား? အနံ့ကအရမ်းကောင်းတာပဲ”
လီလီက တစိတ်ကမ်းပေးလိုက်သည်။
"တကယ်စားကောင်းတာပဲ။ ကျွန်တော်တို့ဝယ်လာခဲ့တဲ့ကိတ်ထက် ပိုစားကောင်းတယ် ခြောက်လဲမခြောက်သလို ဆီလည်း လုံးဝမများဘူး"
ယွမ်ဟုန်ပေါ်ကချီးကျူးလာသည်။ နောက်တစ်စိတ်လောက် ထပ်တောင်းချင်ပေမဲ့ သူက သူဌေးဖြစ်သူ၏မျက်နှာကို ကြည့်ပြီး ပါးစပိတ်ပိတ်ထားလိုက်ရ၏။
လီလီကလည်း မုန့်ခွံ့လိုက်၊ ရေတိုက်လိုက်ဖြင့် တွဲဖက်ယာဥ်မောင်းတာဝန်ကို အပြည့်အဝ ထမ်းဆောင်ပေးခဲ့လေသည်။
ကီလိုမီတာရှစ်ဆယ်ရှိသည့် ဦးတည်ရာကိုတော့ နှစ်နာရီကြာမှာ ရောက်သွားခဲ့ကြ၏။
သူတို့မြို့ကိုရောက်ချိန်တွင် လီလီက ကျောင်းကိုအရင်ပို့ပေးရန် မတောင်းဆိုခဲ့ပေ။ သူက ဒီအတိုင်းပြောလိုက်၏။
"ကျွန်တော့်ကို ဘတ်စ်ကားမှတ်တိုင်မှာ ချပေးခဲ့ရင် အဆင်ပြေပါတယ်"
ယွမ်ဟုန်ပေါ်က ပြုံးကာပြောလာသည်။
"အဲ့လိုမရဘူးလေ။ ကျွန်တော်တို့က တာဝန်လက်ခံထားရတာ။ နေရာအထိရောက်အောင် မပို့ပေးရင် အားကျိက ကျွန်တော့်ကို ပြသနာရှာလိမ့်မယ်”
သူက ထပ်ဖြည့်ပြော၏။
"ဆရာ့ကိုအရင် ပို့ပေးလိုက်မယ်။ ပြီးမှ ကျွန်တော် မင်းကိုကျောင်းလိုက်ပို့ပေးမယ်"
"အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်"
လီလီသည် ယန့်ဝမ်က ယန့်မိသားစုအိမ်ကိုပြန်မည်ဟုထင်လိုက်ပေမဲ့ တစ်ခြား အိမ်ရာတစ်ခုဖြစ်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။ ကားက လုံးချင်းဗီလာများပြည့်နေသည့် အိမ်ရာထဲ တန်းတန်းမတ်မတ်ဝင်သွား၏။ သိပ်ပြီး ကြီးမားပုံမပေါ်ပေမဲ့လည်း တည်နေရာကြောင့် ၎င်း၏ တန်ဖိုးက အတော်လေးမြင့်မားနေဆဲသာ။
ကားက ဗီလာများထဲမှ တစ်ခုရှေ့တွင် ရပ်သွား၏။ ယန့်ဝမ်က မောင်းဝင်မသွားဘဲ ကားခါးပတ်ကိုဖြုတ်ကာ ကားပေါ်မှ ဆင်းသွားသည်။
ထိုမှသာ လီလီသည် ကားပိုင်ရှင်က ယွမ်ဟုန်ပေါ်ဖြစ်ကြောင်းနားလည်သွားလေသည်။
ယွမ်ဟုန်ပေါ်လည်း ကားထဲမှ ထွက်လာ၏။ လက်ထောက်တစ်ယောက်အနေဖြင့် သူက ယန့်ဝမ်၏ပစ္စည်းအားလုံးကို ယူကာကမ်းပေးလိုက်သည်။
"ဆရာ.. မနက်ဖြန်မှတွေ့ပါမယ်"
ယန့်ဝမ်က ပြန်ပြောသည်။
"မနက်ဖြန်မှတွေ့မယ်"
သို့ပေမဲ့ သူက အိမ်ထဲသို့ ချက်ချင်းလှည့်ဝင်မသွားသေးဘဲ ထိုအစား ခရီးသည်ခုံတွင် လုံခြုံစွာ ထိုင်နေသည့် လီလီကိုကြည့်လာကာ မဆိုစလောက် မျက်မှောင်ကြုတ်သွားလျှက်
"မင်းဘာလို့ ကားပေါ်ကမဆင်းလာတာလဲ”
ယွမ်ဟုန်ပေါ်က ခဏလောက်ကြောင်အမ်းသွားပေမဲ့ လီလီကတော့ လျင်မြန်စွာနားလည်လိုက်ကာ ကားတံခါးဖွင့်လို့ ဆင်းလိုက်၏။
ယွမ်ဟုန်ပေါ်ကပြောလာသည်။
"ဆရာ…ဆရာက ရက်နည်းနည်းလောက် ပင်ပန်းထားတာမဟုတ်လား… ကျွန်တော်သူ့ကို ပြန်ပို့ပေးလိုက်ပါ့မယ်"
ယန့်ဝမ်က တည်ငြိမ်စွာဆို၏။
"မလိုဘူး။ မင်းပြန်လို့ရပြီ"
ယွမ်ဟုန်ပေါ်တစ်ယောက် ထပ်ပြီး နားချဖို့လုပ်ပေမဲ့ ယန့်ဝမ့်က အိမ်ထဲဝင်သွားနှင့်ပြီဖြစ်ကာ လီလီကလည်း နောက်ကလိုက်သွားလေပြီ ဖြစ်လေသည်။
°°°°°°
မိန်းခလုတ်ဖွင့်လိုက်ချိန်တွင် ဗီလာတစ်ခုလုံး မီးလင်းထိန်သွား၏။ အဖြူ၊ အနက်နှင့် မီးခိုးရောင် အိမ်တွင်းအလှဆင်ထားသော အဆောက်အဦးတစ်ခုလုံးဟာ ယန့်ဝမ်က လူတွေကို ပေးသည့် ခံစားချက်နှင့် တူလောက်အောင် လွန်စွာ စတိုင်ကျပြီး တည်ကြည်နေစေသည်။
လီလီသည် သူနှင့်နှစ်ယောက်တည်းရှိချိန်၌ သက်တောင့်သက်သာ မရှိသလို ပိုပြီးတောင် စိတ်မသက်မသာ ဖြစ်နေသည်။ သူက ပြုံးကာ "ကော" ဟုခေါ်လိုက်၍ခေါင်းစောင်းလျှက် သူ့ကိုကြည့်လိုက်၏။
"ဒီည ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို လိုအပ်လားဟင်"
ယန့်ဝမ်က လက်ထဲမှ အိတ်ကို ချလိုက်ကာ တည်ငြိမ်စွာပြောလာသည်။
"မင်းကို တရားဝင်စာချုပ်မှာ လက်မှတ်ထိုးခိုင်းမလို့"
ရှေ့နေများက မတူပေ။ သူတို့က နှုတ်စကားများကို မယုံတတ်ကြ။ အဖြူနှင့်အမဲ စာချုပ်ပေါ်မှ လက်မှတ်ကသာ သူတို့ကို စိတ်အေးလက်အေးရှိစေသည်။
ယန့်ဝမ်ကဆို၏။
"မင်းရဲ့ အတန်းအချိန်စာရင်း မိတ္တူတစ်ခု ငါ့ကိုပို့ပေးထား”
လီလီက သူ့ဖုန်းကို လှုပ်ခါပြကာ အပြစ်ကင်းသည့်ပုံလေးဖြင့် ကြည့်လျှက်
"ခင်ဗျားကျွန်တော့်ရဲ့ ဝီချက်ကို ဘလော့ခ်ထားတာလေ။ ဘယ်လိုလုပ်ပို့ပေးလို့ရမှာလဲ"
ယန့်ဝမ်ကပြောသည်။
"စာမက်ဆေ့"
"စာတစ်ကြောင်းကို တစ်ယွမ်ကျတယ်။ အရမ်းဈေးကြီးတယ်လေ ကောရဲ့။ ကျွန်တော့ကို ဝီချက်မှာ ပြန်အပ်လိုက်ရင်ရော ဘယ်လိုလဲ”
ယန့်ဝမ်က သူ့ကိုလျစ်လျူရှုထားကာ ခေါင်းငုံ့၍ သူ့ဖုန်းကို တစ်ခုခုလုပ်လိုက်၏။ တစ်မိနစ်ကြာပြီးနောက် လီလီက ဖုန်းဘေလ် တစ်ထောင်ဖြည့်ထားပြီးသည့် စာတိုတစ်ခု လက်ခံရရှိလိုက်လေသည်။
ယန့်ဝမ်က သူ့ကို ကြည့်လာပြန်ကာ
"ငါ့ဆီပို့ပေး။ ပြီးတော့ ခဏနေ မင်းစားဖို့ တစ်ခုခုလုပ်လို့ရတယ်။ မီးဖိုခန်းက ဟိုဖက်မှာ။ ရေခဲသေတ္တာထဲမှ အသင့်စားစားစရာတွေလည်းရှိတယ်"
ထိုသူက အိမ်ပေါ်ထပ်တက်သွား၏။
လီလီက သူ့ဓာတ်ပုံအယ်လ်ဘမ်ထဲမှ အတန်းအချိန်စာရင်းကို ရှာလိုက်ကာ ယန့်ဝမ်ထံ ပို့ပေးလိုက်ပြီးနောက် မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။
ယန့်ဝမ်၏ မီးဖိုခန်းက အေးစက်သည့်လေထုနှင့် ပြည့်နေပေမဲ့ အိုးများ၊ ဒယ်အိုးများနှင့် ဟင်းခတ်ပစ္စည်းများအားလုံးမှာ အသုံးပြုထားကြောင်းသိသာလှ၏။ သူရေခဲသေတ္တာဖွင့်လိုက်ချိန်တွင် အရာအားလုံးက စနစ်တကျ စီထားလျှက် ဟင်းသီးဟင်းရွက်များကိုပင် ဘူးထဲသေချာထည့်သိမ်းထားကာ ပလက်စတစ်အိတ်ဖြင့် ထုတ်ပိုးထားသည်များ မရှိသလောက်ပင်။
လီလီက ဖက်ထုပ်နှစ်ပန်းကန်ထုတ်လိုက်ကာ ချက်လိုက်၏။ ချက်ပြုတ်ပြီးချိန်၌ သူကအရင်မစားလိုက်ဘဲ အိမ်ပေါ်ထပ်ကို တက်သွားလိုက်သည်။
သစ်သားလှေကားက နင်းတက်လိုက်ချိန်တွင် အသံအများကြီး မထွက်လာပေ။ လီလီသည် ယန့်ဝမ့်အခန်းကို မသိတာကြောင် သူ့ကိုရှာနေရင်း ခေါ်လိုက်ရုံသာတတ်နိုင်ခဲ့၏။
အခန်းတံခါးအားလုံးက ပိတ်ထားတာကြောင့် သူက ဒီအတိုင်း ဖွင့်မရပေ။ တံခါးတစ်ခုစီတိုင်းကို တံခါးလိုက်ခေါက်ရင်းဖြင့်သာ နောက်ဆုံး တံခါးတစ်ချပ်က ပွင့်သွားလေသည်။
အင်္ကျီဝတ်မထားသည့် ယန့်ဝမ်က တံခါးဝတွင်ပေါ်လာ၏။ သူ့မျက်နှာကအေးစက်နေပြန်လျှက်
"ဘာကိစ္စလဲ"
ထိုသူက ခုလေးတင်ရေချိုးထားသည်မှာ သိသာသည်။ သူ့ကိုယ်ထက်မှာ ရေစက်များ ရှိနေဆဲဖြစ်ကာ ဆံပင်တို့က စွတ်စို၍ တစ်ချောင်းစီ နဖူးပေါ်ကျနေလျှက် ရုပ်ရည်ကို ပို၍ချောမောသွားစေသည်။
အသားအရည်က အတော်လေးဖြူဖွေး၏။ ကြွက်သားတို့က သိပ်ပြီး ထင်းထွက်မနေပေမဲ့ ရင်အုပ်ကြွက်သားရော ဗိုက်ကြွက်သားတို့ပါ အလွန်လှသည်။ရေစီးကြောင်းတစ်ခုက ဗိုက်ကြွက်သားများမှတဆင့် စီးကျသွားကာ ရေသူမလိုင်းအောက်သို့ တဖြည်းဖြည်းလျောကျသွား၏။
လီလီ၏နှလုံးသားလေးက ရုတ်ချည်း ထုံထိုင်းသွားရလေသည်။
ယခင်က အဝတ်ဗလာဖြင့် ယောကျ်ားများကို သူ မမြင်ဖူးတာမဟုတ်ပါပေ။ လွန်ခဲ့သည့် နှစ်ရက်ကပင် ယန့်ကျိက ရေသူမလိုင်းပေါ်သည့် သူ့ဓာတ်ပုံများပို့ပေးခဲ့သေးပေမဲ့ သူ ရယ်သာရယ်ချင်နေခဲ့ပြီး တခြားခံစားချက်များ မရှိခဲ့။
ယခုအခိုက်အတန့်တွင်မူ သူ့ပါးပေါ်၌ ထိန်းမရသည့် ပူလောင်မှုလေးတစ်ခုက ထိုးတက်လာလေသည်။
လီလီအား ရှက်သွေးဖြာစေသည်က အလွန် ဖြစ်တောင့်ဖြစ်ခဲပင်။ သူက မိသားစုပြဿနာအခက်အခဲကြုံရကတည်းက အနှီခံစားချက်တွေကို လွှင့်ပစ်ခဲ့တာဖြစ်သည်။ သို့ပေသိ ခုချိန်မှ ထင်မထားစွာ ပြန်ပေါ်လာခဲ့လေသည်။ စကားပြောချိန်မှာတောင် သူ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရလျက်သား။
"ဖက်ထုပ်....တွေ....ကျက်ပြီ"