ချက်ချင်းဆိုသလို ရှန်ကျီးနန် ပြူးတူးပျာတာဖြစ်သွားပြီး မြစိမ်းရောင် မျက်အိမ်တို့ထဲ အယ်ဖာ၏ အေးစက်စက်မျက်နှာက ထင်ဟပ်နေသည်။ သက်မ ကျိတ်ရှိုက်ကာ အယ်ဖာ၏ သန်မာထွားကျိုင်းသော လက်မောင်းများကို ဖမ်းကိုင်လိုက်သည်။
"မင်္ဂလာဦးညကျမှ အမှတ်အသားပေးမယ်လို့ ကတိပေးခဲ့တာလေ။" ဆို၍ ရှန်ကျီးနန်က အသံကို တည်ငြိမ်နိုင်သမျှ တည်ငြိမ်အောင် လုပ်ယူပေမဲ့ တုန်ယင်နေသောအသံထဲ အကြောက်တရားတစွန်းတစတော့ ပါနေသေးသည်။
မည်သူက အင်ပါယာ၏ ဧကရာဇ်နှင့် ပြိုင်ပြီး ဈေးစစ်ရဲမည်နည်း။
ဟွားချန်းရွှမ်ဘက်မှ အမှတ်အသားပေးဖို့ အဆိုပြုလာသည်ကို မည်သူက ငြင်းပယ်ရဲမည်နည်း။
ရှန်ကျီးနန်တွင် ခိုင်မာသော အကြောင်းပြချက် ထောင်သောင်းမက ရှိနေစေကာမူ သူရင်ဆိုင်နေရသည့်လူဟာ သာမန်လူမဟုတ်ဘဲ ဂလင်ဆီအင်ပါယာ၏ ဧကရာဇ် ဖြစ်နေသည်ပင်။ ထို့ကြောင့် ဟွားချန်းရွှမ်၏ စကားက ဥပဒေထက် ပိုထိရောက်၏။
"ဪ ငါပြောခဲ့တာပဲ။" အင်ပါယာ အုပ်ချုပ်သူသည် ကတိကဝတ်ကို အမြဲဖြည့်ဆည်းနိုင်သလို မဖြည့်ဆည်းဖို့ လုပ်ပိုင်ခွင့်လည်း ရှိသည်။
ဟွားချန်းရွှမ်တွင် လုပ်ချင်ရာလုပ်၍ရသည့် အင်အား အလုံအလောက်ရှိ၏။ လူ့ကျင့်ဝတ်နှင့် ဥပဒေများသည် အင်ပါယာကိုအုပ်ချုပ်ရန် သူ၏ အသုံးချကိရိယာများသာဖြစ်ကာ သူ့အတွက် ဘယ်တော့မျှ အနှောင်အဖွဲ့ ဖြစ်လာမည် မဟုတ်ပေ။
သူ၏အိုမီဂါလေးအား စိတ်အေးချမ်းမှု ပေးစွမ်းချင်သော်ငြား ရှန်ကျီးနန်ကို သူ မစဘဲလည်း မနေနိုင်။
"အခုချက်ချင်း မင်းကို အမှတ်အသားပေးမယ် ဆိုရင်ရော။" ပြောပြီး ဟွားချန်းရွှမ်သည် ရှန်ကျီးနန်အား အိပ်ရာဆီ ခေါ်သွား၏။ သူ့ကိုယ်သူ သာယာမှုကို စွဲလန်းသည့်လူစားမျိုး ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်မှတ်ခဲ့ပေမဲ့ ထိုသာယာမှုအား ခံစားခြင်းကနေလည်း သူ့ကိုယ်သူ ရပ်တန့်လိုက်မည် မဟုတ်ချေ။
ရှန်ကျီးနန်၏ လှပသောမျက်နှာနှင့် နူးညံ့သောကိုယ်ခန္ဓာကို သူ သဘောကျသည်။
အုပ်ချုပ်သူဘုရင် တစ်ယောက်အနေနှင့် အင်ပါယာ၏အောင်နိုင်သူ ဖြစ်စေ၊ အိုမီဂါများကို အောင်နိုင်သည်ဖြစ်စေ သူ၏အလိုဆန္ဒတို့အား ချုပ်တည်းထားစရာမလိုပေ။
ဟွားချန်းရွှမ်၏ မေးခွန်းက ရှန်ကျီးနန်အား လမ်းပျောက်စေသည်။
တစ်ခဏအထိ ရှန်ကျီးနန် ကြောင်နနဖြစ်သွားကာ မျက်ဝန်းထောင့်၌ တွဲခိုနေသော မျက်ရည်လေးတစ်စက်က ရှိနေသေးသည်။ စိုစွတ်နေသော မျက်တောင်တို့မှာ မိုးရေစိုနေသော တောင်ပံနှစ်ဘက်ကဲ့သို့ တစ်ချိန်တည်းမှာ သနားစရာကောင်းသလို အေးချမ်းဖွယ်လည်းအတိ။
"အရှင်မင်းကြီး..." နူးညံ့သောအိပ်ရာပေါ် ရှန်ကျီးနန် လဲလျောင်းလျက်။ ဟွားချန်းရွှန် သူ၏ အပေါ်ဝတ်ရုံကိုချွတ်လိုက်သောအခါ ပေါ်ထွက်လာသည့် အယ်ဖာ၏ တုနှိုင်းမဲ့ သန်မာခံ့ညားသော ခန္ဓာကိုယ်အား သူ ကြည့်မိသည်။
ထိုသို့သောကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းမဟုတ်ပေ။ လေထုထဲ၌ တိုးများထူထဲလာသည့် အယ်ဖာဖယ်ရိုမုန်းမှတဆင့် ထိုအယ်ဖာ လုပ်ဖို့ကြံနေသည့်အရာကို ရှန်ကျီးနန် သိမြင်နိုင်သည်။
တကယ်ဆို ဒါဟာ အမြဲတမ်း အတူတူပင်။ ဟွားချန်းရွှမ် သူ့ဆီလာသည့်အခါတိုင်းဟာ သူနှင့် အိပ်ဖို့သာ ဖြစ်၏။
အထူးသဖြင့် အယ်ဖာသည် သူ၏ကိုယ်ခန္ဓာကို ကြိုက်နှစ်သက်ပြီး တစ်ခါတလေဆို သူ့အား နဖူးမှနေ၍ ခြေထောက်အထိ ကိုယ်တစ်လျှောက် အနမ်းပေးကာ အရသာရှိသည့်အစားအစာအား ကုန်အောင် စားပစ်သကဲ့သို့ ခန္ဓာကိုယ်အတွင်းအပြင် အယ်ဖာ၏ ပေါများသောဖယ်ရိုမုန်းနှင့် လွှမ်းခြုံထားတတ်သည်။
ဤကဲ့သို့ ကြိမ်ဖန်များစွာ နက်နဲသော ထိတွေ့ဆက်ဆံမှုကြောင့် သူ့အား ဟွားချန်းရွှမ် ချက်ချင်း အမှတ်အသားမပေးလျှင်တောင် ဟွားချန်းရွှမ်၏ ကလေးအား ကိုယ်ဝန်ဆောင်ရဖို့ သိပ်ကြာတော့မည်မထင်ဟု ရှန်ကျီးနန် သံသယဝင်မိသည်။
"မိဖုရား နန်းတက်ပွဲက ပြင်ဆင်ဖို့ အချိန်ယူရတယ်။ မင်းကို အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲလုပ်ပေးမယ်။" အိုမီဂါ၏အပေါ်တင်ထားသော အယ်ဖာ၏လက်က အရိပ်ထင်နေသည်။
ရှန်ကျီးနန် အနည်းငယ် မိန်းမောသွား၏။ ခမ်းနားသည့် မင်္ဂလာပွဲ၊ သူလည်းပဲ တစ်ချိန်က ခမ်းနားသည့် မင်္ဂလာပွဲ လုပ်ခဲ့ဖူးသည်။
မျက်နှာနှင့် ဦးခေါင်းအား အဖြူရောင် လွှားဇာဖြင့်ဖုံးအုပ်ထား၍ မြင်ကွင်းတို့ဝါးနေသဖြင့် သူဟာ အနာဂတ်၏ လှပသော စိတ်ကူးများထဲမှာသာ နစ်မျောခဲ့ပြီး သူ့ဘေးရှိလူ၏ မျက်နှာထက်ရှိ မနှစ်မြို့မှုကိုတော့ မမြင်ခဲ့ချေ။
ဒါဟာ သူတို့၏ မင်္ဂလာဦးညတွင် ဖုန်းနျန်က သူ့အား အင်မတန်ရက်စက်သည့်အကြည့်ဖြင့် မကြည့်ခင်အထိဖြစ်သည်။ ဖုန်းနျန်ပြောလိုက်သည့် စကားတစ်လုံးတိုင်းတွင် လှောင်ပြောင်မုန်းတီးမှု အပြည့်။
[သရုပ်ဆောင်လို့ ဝပြီလား။ မင်းတို့ ရှန်အိမ်တော်က ငါနဲ့ ယွဲ့ယင်ကိုခွဲပြီး ဒီလို ယုတ်မာတဲ့နည်းနဲ့ ငါ့ကို အတင်း လက်ထပ်ဖို့ တွန်းအားပေးတယ်။ ဘာလဲ၊ အခု မင်းကပါ ငါနဲ့တွဲပြီး အရှက်မရှိ ဟန်ဆောင်ချင်သေးတာလား။]
[ဟင့်အင်း... ငါ တကယ် မသိတာပါ...]
[တော်လောက်ပြီ ရှန်ကျီးနန်။ ငါ့ဘက်က မင်းကို ညီလေးတစ်ယောက်လိုပဲ ထင်ခဲ့ပေမဲ့ မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒအတွက်နဲ့ ဒီလို ဆက်စုပ်စရာလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီအိမ်ထောင်ရေးက အရင်ကတည်းက နှစ်ဦးသဘောတူမဟုတ်ခဲ့လို့ မင်းကို ငါ့အိုမီဂါအနေနဲ့ ဆက်ဆံလိမ့်မယ်လို့ လုံးဝ မထင်နဲ့!]
ဟွားချန်းရွှမ်သည် ရှန်ကျီးနန်၏ အင်္ကျီကော်လံစကို အသာဆွဲလျက် လက်ချောင်းတို့က အိုမီဂါ၏ နူးညံ့လှပသော လည်ဟိုက်ရိုးတလျှောက် ပွတ်သပ်နေကာ တိုးဖျစွာ ပြောသည်မှာ "ဘာတွေ တွေးနေတာလဲ။"
"အရှင်မင်းကြီး။ ကျွန်တော်က လက်ထပ်ပြီးသား၊ မင်္ဂလာလည်း ဆောင်ဖူးပါတယ်။ အဲဒါကိုမှ ထပ်ဆောင်ရင်..." ရှန်ကျီးနန်၏ စိတ်တို့ အနည်းငယ် ပရမ်းပတာ ဆန်နေသည်။ မင်္ဂလာပွဲလုပ်သည်၊ မလုပ်သည်ကို သူ တကယ် ဂရုမစိုက်ပါ။
အရင်က ဖုန်းနျန်၏ စကားတို့ကို ပြန်တွေးရုံနှင့် သူ့အား လွမ်းမောတသစေသည်။
ဘဝတွင် သူ၏ ပထမဆုံး မင်္ဂလာပွဲဟာ မလိုချင်သောအမှားတစ်ခုသာ။
ေနာက်ထပ်သာ မင်္ဂလာပွဲထပ်ရှိမည်ဆိုပါက အရင်က သူ ရိုးရိုးသားသား ေတွးဖူးသလိူမျိုး နှစ်ဦးသေဘာတူဖြစ်မည် မထင်ပေ။
"ဘယ်သူက ဘာပြောရဲမလဲ။" ဟွားချန်းရွှမ်က ရှန်ကျီးနန်၏ ဆံနွယ်ကို သူ့နှုတ်ခမ်းနားဆီ မယူပြီး နမ်းရှုတ်ကာ စနောက်သည်။ "တခြားလူတွေရဲ့ အထင်ကို စိုးရိမ်တာလား၊ ဒါမှမဟုတ် မင်းရဲ့ ခင်ပွန်းဟောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာလား။"
"မဟုတ်ရပါဘူး! အရှင်မင်းကြီး။ ကျွန်တော် သူနဲ့ပတ်သက်ပြီး မစိုးရိမ်ဘူး..." ဤစကားဟာ အင်မတန် အန္တရာယ်များ၏။ ရှန်ကျီးနန် စိတ်အားထက်ထက်သန်သန်နှင့် ကန့်ကွက်သည်။ "သူ့အပေါ် ခံစားချက် မရှိတော့ပါဘူး..."
ထိုအခါ ဟွားချန်းရွှမ်က အသာပြုံး၍ "အရမ်းလည်း စိတ်မလှုပ်ရှားပါနဲ့။ ငါကိုယ်တော်က သဘောထားသေးသိမ်သူမျိုး မဟုတ်ဘူး။ နန်းတော်မှာနေရတဲ့ဘဝက အတော်လေး ငြီးငွေ့စရာပဲလေ။ ဘာကြောင့် မင်းကိုယ်မင်း ပိတ်လှောင်ထားမှာလဲ။"
ရှန်ကျီးနန်၏ ပါးပြင်ပေါ် လက်ဖဝါးအုပ်တင်ရင်း ဟွားချန်းရွှမ်က ဆိုသည်။ "နှစ်ထောင်ပေါင်းများစွာနေရတာ အရမ်း ပျင်းရိစရာကောင်းတယ်။ အခု မင်းက ငါ့အပိုင်ဖြစ်လာတော့ မင်းလည်းပဲ ငါ့ရဲ့ဘဝသက်တမ်းကို မျှနေရတော့မယ်။ သူများတွေ ငါကိုယ်တော်ရဲ့အပိုင်ကို ထိတာမကြိုက်ပေမဲ့ မင်းကိုလည်း အဆုံးမရှိတဲ့ အထီးကျန်မှုထဲမှာ ညှိုးရော်သွားအောင် ပိတ်လှောင်မထားချင်ဘူး။"
ရှန်ကျီးနန် အနည်းငယ် တုံ့ဆိုင်းသွားသည်။ "အရှင်မင်းကြီး၊ ဘာကိုဆိုလို..."
သူ့အား စိတ်ပိုင်းဆိုင်ရာ သစ္စာမဲ့ဖောက်ပြားရန် ခွင့်ပြုလိုက်သည်လား။
ဒါမှမဟုတ် ရှန်ကျီးနန်၏ရင်ထဲတွင် မည်သူပဲရှိပါစေ ဂရုမစိုက်သည်လား။
"မင်းရဲ့ခင်ပွန်းဟောင်းကို တွေ့ချင်ရင် ငါမတားဘူး။ ဒါပေမဲ့ တစ်ခုတော့ နားလည်ထား။" ပြောရင်း ရှန်ကျီးနန်၏မေးဖျားကို အသာ ဖျစ်ညှစ်လျက် "မင်းရဲ့ ဒီခန္ဓာကိုယ်၊ ဆံချည်တစ်မျှင်တိုင်းက ငါကိုယ်တော်ရဲ့ အပိုင်ပဲဆိုတာ။"
"လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံရတဲ့ စာငှက်ကလေးထက်ဆိုင်ရင် မင်းရဲ့ ဝိညာဉ်သားရဲအဖော် ခိုဖြူလေးလို ပျော်ရွှင်ပြီး လွတ်လပ်ပါစေလို့ ငါ မျှော်လင့်တယ် ရှန်ကျီးနန်။"
ထင်သည့်အတိုင်း ဟွားချန်းရွှမ်သည် သူ့အား အမှတ်အသားမပေးခဲ့သော်ငြား တစ်ညလုံးနီးပါး ရှန်ကျီးနန်ကို အလုပ်ရှုပ်စေခဲ့သည်။
ထိုအပြင် တစ်ညလုံးမနေဘဲ ညလယ်ခေါင်ကြီးမှာ ချက်ချင်း ထထွက်သွား၏။
ရှန်ကျီးနန်တစ်ယောက် အေးစက်ပြီးသား စောင်ကို ပိုက်ရင်း အိပ်ရာပေါ် ထထိုင်နေသည်။ ပြူတင်းအပြင်ဘက်ရှိ လရောင်သည် လေပြည်လေညင်းလေး တိုက်ခတ်သွားသည့်နှယ် အေးမြ၍ သစ်ကိုင်းတို့မှာ တရှဲရှဲ မြည့်နေတော့သည်။
ဧကရာဇ်၏ နှလုံးသားသည် ပင်လယ်ကြမ်းပြင်ရှိ အပ်တစ်ချောင်းလို နက်နဲလှပေစွ။
ဟွားချန်းရွှမ် စိတ်ကောင်းနေလား၊ မကောင်းနေလား သူ ဝေခွဲမရ။
အကယ်၍ ခံစားချက်ကောင်းနေလျှင် ညလယ်ခေါင်ကြီး ထထွက်သွားမည်မဟုတ်။
ခံစားချက်မကောင်းလျှင်လည်း မသွားခင် သူ့အား သန့်ရှင်းပေးခဲ့မည်မဟုတ်။
သေချာသည့်တစ်ခုတည်းသောအရာမှာ ဟွားချန်းရွှမ်သည် သူ့အား နန်းတော်ဟူသော လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားမည့်လူမျိုး မဟုတ်ဟူ၍။ ရှန်ကျီးနန် တခြားသူများနှင့် မရေမရာဆက်ဆံရေးရှိလျှင်တောင် စိတ်ဆိုးမည်မဟုတ်ပေ။
အကြောင်းကား ဟွားချန်းရွှမ်၏ အိုမီဂါအနေဖြင့် သူ၏ကိုယ်ခန္ဓာအား ကျိန်းသေပေါက် ဧကရာဇ်သာ ပိုင်ဆိုင်ကြောင်း သေချာစေရမည်။
ဤသည်ကို ဟွားချန်းရွှမ်သည် သူ့အား နှစ်ပေါင်းအကြာကြီး ညှိုးရော်နေမည့် ပန်းပွင့်လေး မဖြစ်စေချင်၍ လုံလောက်သည့်လွတ်လပ်မှုပေးခြင်းဟု သဘောပေါက်နိုင်၏။ ဧကရာဇ်၏နံဘေး၌ အချိန်ကြာကြာပွင့်လန်းရန်အတွက် သာယာဖွယ်ခံစားချက်ကို ထိန်းသိမ်းခြင်းဟာ မရှိမဖြစ်လိုအပ်သည်။
တခြားသူများနှင့် ပရောပရည်လုပ်ရလောက်အောင်အထိ ရှန်ကျီးနန် မတုံးအပေမဲ့ သူ့အား လွတ်လပ်မှုပေးသည့် ဟွားချန်းရွှမ်၏သဘောထားကတော့ အတိုင်းအဆမရှိ ပျော်ရွှင်မှုကို ယူလာပေးသည်။
အမြဲကလေးမွေးပြီး နန်းတော်မှာသာ ပိတ်လှောင်ခံရတော့မည်ဟု သူ စိတ်ကူးယဉ်ဖူးသော ကြောက်စရာဘဝမျိုး ဖြစ်လာမည် မဟုတ်တော့။ အရင်က သူလုပ်ချင်ပေမဲ့ လုပ်ခွင့်မရခဲ့သော အရာများကို ဖန်တီးရန် အချိန်ရပြီဖြစ်သည်။
LAI
1 year ago
မြန်မာ နဲ့ မရသေးဘူးလား