"ရှောင်နျန် ရှင်... ရှင် ဒီကလေးကို မကြည်ရင် ကျွန်မ ဖျက်ချနိုင်တယ်။"
"အဲဒီလိုတွေ ထပ်မပြောပါနဲ့ ယွဲ့ယင်။ ငါ မင်းအနားယူဖို့ ဒီကိုခေါ်လာတာ။ နောက်ပိုင်း ကလေးကိုပြုစုပျိုးထောင်ဖို့ စိုးရိမ်နေရင် ဒီထက်စိုးရိမ်စရာမလိုဘူးလို့ ပြောချင်တယ်။"
အိမ်တော်ငယ်ထဲရှိ ပြတင်းပေါက်နားတွင် ဖုန်းနျန် မတ်တပ်ရပ်နေသည်။ ခေါင်းမော့၍ ပင်မနေအိမ်ဆီ သူ တစ်ချက်လှမ်းကြည့်၏။ တန်ဖိုးကြီးကြီး တည်ဆောက်ထားသော ပင်မနေအိမ်သည် အသက်မပါသော ညအမှောင်နှင့် တစ်သားတည်းဖြစ်နေသည့်အတိုင်း မည်းနက်လို့။
စိတ်ပျက်၍ ဝမ်းနည်းနေသော အစိမ်းရောင်မျက်ဝန်းတစ်စုံက သူ့စိတ်ထဲ ပေါ်လာသည်။
အရုဏ်တက် ဆယ့်နှစ်နာရီပင် ကျော်သွားပြီဖြစ်ပြီး ရှန်ကျီးနန်လည်း အိပ်မောကျနေလောက်သည်။
ရပ်ကွက်ထဲတွင် ပေါက်ကွဲမှုဖြစ်ခဲ့စဉ်က သူသည် ကိုယ်ဝန်နှင့် ကျန်းယွဲ့ယင်အား ချက်ချင်း ကာကွယ်ပေးခဲ့သည်။ ကျန်းယွဲ့ယင် ကိုယ်ဝန်လွယ်ထားရသည်ဆိုသော အချက်မှလွဲ၍ သူ့ရင်ထဲတွင် နောင်တ တချို့ပါ ကျန်ခဲ့သည်။
ဒါဟာ သုံးနှစ်ကြာမှ သူမြတ်နိုးခဲ့ရသော လရောင်ဖြူလေးကို ပထမဆုံး ပြန်တွေ့ရခြင်းဖြစ်သည်။ သူ့ဘက်က ယုံကြည်ရန်တွန့်ဆုတ်နေလျှင်တောင် ကျန်းယွဲ့ယင်အပေါ် မည်သည့် ခံစားချက်မျှ မရှိတော့သည်ကိုတော့ ဝန်ခံရမည်။
သူ့နှလုံးသား ပြောင်းလဲသွားခဲ့ပြီ။ ကျန်းယွဲ့ယင်အား သူ မချစ်တော့ပေ။
ဖုန်းနျန်တစ်ယောက် သူ့စိတ်ထဲတွင် မျှော်လင့်မထားသည့် ဆုံးဖြတ်ချက်တစ်ခုပါ ချမှတ်ခဲ့၏။ ရှန်ကျီးနန်နှင့် ကောင်းကောင်းမွန်မွန်ဖြတ်သန်းရန် သူ တွေးသည်။
ရှန်မိသားစုသည် သူတို့နှင့် ထိုက်တန်သည့်အတိုင်း ဒေဝါလီခံခဲ့ရ၏။
လွန်ခဲ့သောငါးနှစ် ရှန်ကျီးနန်၏ ဘဝသည် သိပ်မကောင်းမွန်ခဲ့။ ဒါဟာ သူ စိတ်လိုလက်ရပြုမူခဲ့သောအမှားအတွက် ပြန်ပေးဆပ်ရခြင်းဟု ယူဆနိုင်သည်။
ရပ်ကွက်ထဲမှာတုန်းက ကျန်းယွဲ့ယင်ကို ကာကွယ်ဖို့သာ သူ ဦးစားပေးခဲ့သည်။ ထို့ကြောင့် ရှန်ကျီးနန် လှိုက်၍ ဝမ်းနည်းသွားပုံပေါ်၏။ အစက ရှန်ကျီးနန်ကို ကယ်ရန်ပါ စီစဉ်ထားခဲ့ပေမဲ့ တွန့်ဆုတ်မှုကြောင့် ကျန်းမုန့်ရှန်က အစား ဝင်ရောက်လာခဲ့သည်။
ရှန်ကျီးနန်အပေါ် ကောင်းပေးပြီး ရှန်ကျီးနန်၏ အဖေအား စစ်ဆေးရုံ၌ ကုသမှုခံယူရန် သူ လုပ်ပေးနိုင်သည်။
ထိုအချိန် ကျန်းယွဲ့ယင်၏ ရှိုက်သံက ဖုန်းနျန်ကို လက်ရှိအချိန်ဆီ သတိပြန်ဝင်လာစေသည်။ တစ်ခါက သူ ချစ်ခဲ့ဖူးသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးက သူ့အား ဝမ်းနည်းမှုပြည့်လျှံသော မျက်ရည်ဝိုင်းသည့်မျက်ဝန်းတို့ဖြင့် ကြည့်နေသည်လေ။
"ရှောင်နျန် ရှင် ကျွန်မကို စိတ်ပျက်နေပြီလား... အရင်က ကျွန်မ အိမ်ထောင်ကျခဲ့ဖူးလို့လား?"
ကျန်းယွဲ့ယင် ငိုသည်ကိုမြင်ရတော့ သူ့အား ဝမ်းနည်းစေသော်လည်း ထင်ထားသလောက် မကြေကွဲချေ။
ဖုန်းနျန်၏ စိတ်ထဲတွင်မူ ရပ်ကွက်ထဲမှာတုန်းက ဝမ်းနည်းဖွယ် မျက်ဝန်းများနှင့် သူ့အား ကြည့်နေခဲ့သော ရှန်ကျီးနန်၏ ပုံရိပ်တို့သာ အထပ်ထပ် မြင်ယောင်နေလေသည်။
မနက်ဖြန်တော့ ရှန်ကျီးနန်အကြိုက် နှင်းဆီဖြူတစ်စီးလောက်ကို ခူး၍ သူ၏အိုမီဂါအား ပေးရမည်။ သည်လိုဆို ရှန်ကျီးနန်လည်း ပျော်ပြီး ကွာရှင်းမည့်ကိစ္စအား ထပ်တလဲလဲပူဆာတော့မည် မဟုတ်ပေ။
ရှန်ကျီးနန်၏နှုတ်မှ ထွက်ကျလာသော "ကွာရှင်း" ဟူသည့်စကားလုံးကို သူမကြားချင်။ လွန်ခဲ့သည့် သုံးနှစ်ကတည်းကနေ ယခုအထိ မကြိုက်ခဲ့ချေ။
သူက ကျန်းယွဲ့ယင်ကို စိတ်မကောင်းဖြစ်စေပြီး ရှန်ကျီးနန်က ကျန်းယွဲ့ရှင်ကို နာကျင်စေသည်။ ဘဝတစ်လျှောက်လုံး သူတို့နှစ်ယောက်ဟာ အချင်းချင်း နှိပ်စက်ခံသွားရဖို့ ထိုက်တန်သည်။
"တောင်းပန်ပါတယ် ယွဲ့ယင်။ ငါ့မှာ အိမ်ထောင်နဲ့။"
ထိုအခါ ကျန်းယွဲ့ယင်သည် ဖုန်းနျန်အား မယုံနိုင်စွာကြည့်လို့ ပို၍ ဝမ်းပန်းတနည်း ငိုကြွေးတော့သည်။ "ဒါဆို ရှန်ကျီးနန်ကြောင့် ရှင် ကျွန်မကို ငြင်းလိုက်တာလား? သူ့ကြောင့် ကျွန်မတို့ ကွဲကွာရတာရော ကျွန်မ မချစ်တဲ့လူနဲ့ရပြီး မြို့တော်ကနေ ထွက်သွားရတာကိုရော ရှင် မှတ်မိသေးရဲ့လား?"
ကျန်းယွဲ့ယင်မှာ ငိုလွန်း၍ အသံတို့ပင် မောဟိုက်လာသည်။ သံကုန်ဟစ်၍ သူမ အော်ပြောလိုက်သည်။ "ကျွန်မတို့ဘဝကို သူ ဖျက်ဆီးခဲ့တာတောင် ဘာကြောင့် သူ့ကို ချစ်သွားနိုင်ရတာလဲ... သူတို့တွေလို့ ဘာကြောင့် သူ့ကိုမှ ချစ်ရတာလဲ?!"
ချစ်တယ်? သူဟာ ရှန်ကျီးနန်ကို မည်သို့ချစ်သွားသနည်း?
ဖုန်းနျန်ကိုယ်တိုင်လည်း သူ ဘာကြောင့် ရှန်ကျီးနန်ကို ချစ်သွားမှန်း စဉ်းစားနေဆဲဖြစ်သည်။ ကျန်းယွဲ့ယင်ပြောသည့် "သူတို့" ဟူသည့် အဓိပ္ပါယ်အား သူ လျစ်လျူရှုလိုက်၏။
ပြီး ခေါင်းယမ်း၍ "ငါ သူ့ကို မချစ်ပါဘူး။ အိမ်ထောင်ပြုလိုက်ကတည်းက ငါးနှစ်လုံးလုံး သူ ကောင်းကောင်း မနေခဲ့ရဘူး။ ရှန်အိမ်တော်က ဒေဝါလီခံသွားရတယ်။ သူ့အစ်ကိုနဲ့ အစ်မ မိသားစုတွေလည်း ပြိုကွဲသွားတယ်။ သူ့လုပ်ရပ်တွေအတွက် ရှန်ကျီးနန် ပြန်ပေးဆပ်ခဲ့ရတာ။"
ကျန်းယွဲ့ယင်၏ ခံစားချက်တို့ မတည်ငြိမ်။ ဖုန်းနျန်သည်မူ သမားတော်နှင့် သူနာပြုများကို ခေါ်ထားပေခဲ့ကာ ထွက်သွားလေသည်။
ဥယျာဉ်ထဲ ခဏအကြာထိ လျှောက်ပတ်၍ နှင်းဆီဖြူတစ်ပွင့်ခူးကာ တိတ်ဆိတ် မည်းမှောင်သော အိမ်တော်ထဲသို့ သူ ဖြည်းညင်းစွာ လှမ်းဝင်လာသည်။
အရင်က သူ ပြန်လာတိုင်း ဧည့်ခန်း မဟုတ် စာကြည့်ခန်းတွင်သာ အိပ်တတ်သည်။ သို့သော် ယနေ့တော့ ဖုန်းနျန်တစ်ယောက် သူတို့နှစ်ယောက်၏ အိပ်ခန်းတံခါးဝတွင် အမှတ်တမဲ့ ရပ်မိသည်။
ဘာပဲဖြစ်ဖြစ် ရှန်ကျီးနန်ဟာ သူ၏ အိုမီဂါဖြစ်သည်။ မနက်က ရုတ်တရက် ဗိုက်ထအောင့်သည့် ကျန်းယွဲ့ယင်ကြောင့်သာ မဟုတ်ပါက ရှန်ကျီးနန် နိုးလာသည်အထိ သူ စောင့်ပေးခဲ့မည်ပဲဖြစ်သည်။
အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ချိန် ဖုန်းနျန် နှုတ်ခမ်းတို့ တင်းတင်းစေ့၍ လည်ချောင်း ကျပ်လာသည်။ သို့သော် နောက်တဒင်္ဂ၌ သူ တောင့်တင်းသွားခဲ့သည်။
အိပ်ခန်းမှာ လေထဲပျံ့လွင့်လာသော နှင်းဆီဖြူတို့၏ မွေးရနံ့သင်းသင်းမှလွဲ၍ ဗလာနတ္ထိဖြစ်နေလေသည်။