"ရှန်ကျီးနန်။ ကျန်းယွဲ့ယင်နဲ့ ငါက ရိုးရိုး သူငယ်ချင်းတွေ။ အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ သူ့ဂုဏ်သိက္ခာကို မထိပါးနဲ့။" ဟူ၍ ဖုန်းနျန်က မျက်မှောင်ကြုတ်သည်။
ရှန်ကျီးနန်က စိတ်လှုပ်ရှားစွာဖြင့် "ကိုယ်ပြောတာ ကိုယ်ယုံရဲ့လား? သူ့ယောက်ျားက ဆုံးပြီးခါစပဲရှိသေးတယ်။ မင်းက မနေနိုင်ဘဲ သူ့ကို အိမ် ခေါ်လာတာလေ။"
ရှန်ကျီးနန်၏ သည်းခံစိတ်သည်လည်း အတိုင်းအတာရှိသည်။ သူ ဖုန်းနျန်ကို မေးချင်မိသည်။ တစ်စုံတစ်ယောက်အား အိမ်ကိုခေါ်လာတုန်းက သူ၏သိက္ခာကိုရော ထည့်စဉ်းစားပေးခဲ့ရဲ့လားဟူ၍။
သို့သော် ထိုသို့မေးလိုက်လျှင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရုံသာရှိမည်။
သေချာပေါက် ဖုန်းနျန်သည် စဉ်းစားမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဖုန်းနျန်ဂရုစိုက်သည်မှာ သူမဟုတ်ဘဲ ကျန်းယွဲ့ယင်ဖြစ်နေ၍။
ဖုန်းနျန် အနည်းငယ်တော့ ကသိကအောက်ဖြစ်သွားသည်။ သူ၏လေသံဟာ ပို၍ အေးစက်လာကာ "ယွဲ့ယင်ရဲ့ မိဘတွေက မရှိတော့ဘူး။ သူ့သူငယ်ချင်းအနေနဲ့ ငါ သူ့ကို ကူညီလို့မရဘူးလား?"
"ကျန်းယွဲ့ယင်က ကျန်းအိမ်တော်က။ သူ့မှာ မိဘတွေမရှိတော့ရင်တောင် တခြားဆွေမျိုးတွေရှိတယ်။ ကျန်းမုန့်ရှန်သာ သူ့အဆင့်အာဏာနဲ့ဆို သွေးနီးဆွေမျိုးတစ်ယောက်ကို မစောင့်ရှောက်နိုင်ဘူးလား? မင်းပဲ သူ့ကို စောင့်ရှောက်မှ ရမှာလား?"
"ယွဲ့ယင်က ကိုယ်ဝန်နဲ့။ သူ သက်သောင့်သက်သာဖြစ်အောင် ဒီအိမ်တော်မှာ ခဏနေခိုင်းထားရုံပဲ။ ရှန်ကျီးနန် မင်း အဲဒီအကြောင်းကို မတွေးလို့မရဘူးလား?" ဖုန်းနျန်လိုလူမျိုးသည် ရှန်ကျီးနန်ကို ဖြေရှင်းချက် ပေးခဲသော်လည်း ထိုဖြေရှင်းချက်ဟာ သူ့အား ပိုလို့ပင် စိတ်မသက်မသာဖြစ်စေ၏။
"ကိုယ်ဝန်" ဟူသည့် စကားလုံးကိုကြားသောအခါ စောင်အောက်မှ ရှန်ကျီးနန်၏ လက်တို့သည် အတင်းဖိနှိပ်မျိုသိပ်ထားရသော ခံစားချက်များစွာကြောင့် အထိန်းအကွပ်မဲ့ တုန်ယင်လာတော့သည်။
ကျန်းယွဲ့ယင်၏ဗိုက်ထဲမှကလေး၏အဖေသည် မည်သူမှန်း ဘယ်သိမည်နည်း?
ရှန်ကျီးနန်လည်း သူ့ကိုချစ်သည့်ခင်ပွန်းနှင့် ကလေးလေးတစ်ယောက်ရှိရန် စိတ်ကူးယဉ်ဖူးသည်။
သို့သော် ဖုန်းနျန်သည် သူ့အား မချစ်၊ မထိတွေ့ပေ။
သူတို့သာ မကွာရှင်းလျှင် သည်တစ်သက် ဘယ်သောအခါမျှ ကလေးရတော့မည်မထင်။
"ဖုန်းနျန် ငါ မင်းကို အထင်သေးရအောင် မလုပ်ပါနဲ့။ ကျန်းယွဲ့ယင်ကို အိမ်ခေါ်လာကတည်းက မင်းရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်တယ်။ ငါက မင်းကိုလက်ထပ်ရအောင် တွန်းအားပေးခဲ့တာ။ ငါ့အမှားပါ။ ဒါပေမဲ့ အခု အရာအားလုံး အဖတ်ဆယ်ပြီးပုံပဲ။ တို့တွေ ကွာရှင်းလိုက်တာနဲ့ မင်းနဲ့ မိန်းကလေးကျန်းလည်း တရားဝင် ပွင့်ပွင့်လင်းလင်း အတူနေထိုင်လို့ရပြီလေ။"
ဒါတွေဟာ ရှန်ကျီးနန်အတွက် ရင်နှင့်ရင်းသော စကားလုံးများဖြစ်ပြီး သူပြောလိုက်သည့် စကားတစ်လုံးချင်းစီတိုင်းက သူ၏နှလုံးသားကို ဓားနှင့် မွှန်းနေသကဲ့သို့။
"ငါနဲ့ ယွဲ့ယင် ဘာမှမဆိုင်ဘူးလို့ ပြောပြီးပြီလေ ရှန်ကျီးနန်။ သူ ကိုယ်ဝန်ရှိနေတယ်။ မင်းရဲ့ အခြေအမြစ်မရှိတဲ့စကားတွေက သူ့အတွက် ဘယ်လောက်အအန္တရာယ်များလဲ တွေးမိရဲ့လား? မင်းလေ ဘာလို့ ထင်တိုင်းကြဲပြီး မောက်မာနေသေးတာလဲ? မင်းကြောင့်သာမဟုတ်ရင် အရင်သုံးနှစ်တုန်းက ယွဲ့ယင် မြို့တော်ကထွက်သွားဖို့ တွန်းအားပေးခံရမှာမဟုတ်ဘူး။ သူ့အပေါ် လိပ်ပြာမလုံသလို မခံစားရဘူးလား?"
ဖုန်းနျန်၏ ပြစ်တင်ဝေဖန်မှုက ရှန်ကျီးနန်အား ကူကယ်ရာမဲ့ဖြစ်အောင် ဟားတိုက်စေချင်၏။
လွန်ခဲ့သည့် ငါးနှစ်က ဇာတ်တိုက်ထားသော လက်ထပ်စာချုပ်အား ရှန်ကျီးနန်မသိသည်ကို ဖုန်းနျန် မယုံနိုင်။ ထို့အပြင် လွန်ခဲ့သည့် သုံးနှစ်က ကျန်းယွဲ့ယင်၏ ရပ်ဝေးအိမ်ထောင်ရေးအတွက်လည်း ရှန်ကျီးနန်အပေါ်ကိုသာ သူ အပြစ်ပုံချထားသည်။
သူမသိဘူးဟု ရှန်ကျီးနန် မည်မျှ ရှင်းပြပါစေ ဖုန်းနျန်ကတော့ ရှန်ကျီးနန်ကို လိမ်နေသည်ဟုသာ ခံငြင်းခဲ့သည်။
ဖုန်းနျန်၏အကြည့်ထဲမှ ရွံရှာစက်ဆုပ်မှုကို မမြင်ချင်သဖြင့် ရှန်ကျီးနန် မျက်နှာလွှဲလိုက်သည်။ ထိုလူကို ထပ်မချစ်တော့ဟု ဆုံးဖြတ်ထားပေမဲ့လည်း နာကျင်၏။
ရှန်ကျီးနန်က ပြန်ခံပြောသည်။ "တစ်ခုခုလုပ်ပြီးရင်တော့ သူများတွေရဲ့အပြောကို မကြောက်နဲ့ပေါ့။ လူတကာရဲ့အပြောခံရမှာ ကြောက်ရင် မလုပ်နဲ့။ မိန်းကလေးကျန်းရဲ့ ဂုဏ်သိက္ခာအတွက် စိုးရိမ်ပေးမယ့်အစား သူ့ကို ပြန်ပို့ဖို့ ဘာကြောင့် ကျန်းမုန့်ရှန်ကို မခေါ်တာလဲ? သူတို့က မျိုးရိုးတူ မိသားစုတွေပဲ။ သူ့ကို အိမ်ခေါ်ပြီးစောင့်ရှောက်ဖို့ဆိုရင် မင်းထက် ကျန်းမုန့်ရှန်မှာ အကြောင်းပြချက် ပိုများတယ်လေ။"
ဖုန်းနျန်က ကျန်းယွဲ့ယင် နာကျင်မှာကိုတော့ ကြောက်သည်။ သူ့အတွက် ကျတော့ရော?
သူလည်း လူပဲမဟုတ်ပါလား?
ဖုန်းနျန် ကျန်းယွဲ့ယင်ကို အိမ်ခေါ်လာတုန်းက သူဟူသည့် ရှန်ကျီးနန်ကိုရော ထည့်စဉ်းစားခဲ့ရဲ့လား?
မစဉ်းစားပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကိုမချစ်မနှစ်သက်၍ဖြစ်သည်။
ကျန်းယွဲ့ယင်အား သူအတော်လေး မနာလိုဖြစ်မိသည်။ ကျန်းယွဲ့ယင်ဟာ အချစ်ခံရပေမဲ့ သူ့ဘက်မှာတော့ တစ်ယောက်မျှ မရှိချေ။
"ကျန်းမုန့်ရှန်! ကျန်းမုန့်ရှန်နဲ့! ကျန်းမုန့်ရှန်ကို ကြိုက်နေလို့ ငါနဲ့ကွာရှင်းဖို့ ဒီလောက် စိတ်အားထက်သန်နေတာလား? ရှန်ကျီးနန် ငါ မင်းကို ပြောပြီးသား။ ဒီတစ်သက် ကွာရှင်းဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့!"
ပြော၍ ဖုန်းနျန်သည် တံခါးကို ဝုန်းခနဲပိတ်၍ ထွက်သွားတော့၏။
ပုံမှန်ဆို သူတို့တွေ မျက်နှာချင်းဆိုင် တွေ့ခဲသည်။ ယခုလည်း ပျော်စရာမပါဘဲ ခွဲခွာရပြန်သည်။
ရှန်ကျီးနန် အားနည်းပျော့ခွေစွာ အိပ်ရာပေါ် လဲကျသွားသည်။ ပြင်းထန်သော ငြင်းခုံစကားများမှုပြီးတော့ ဟင်းလင်းပြင်အခန်းထဲတွင် တိတ်ဆိတ်မှုသာ ကြီးစိုးလာလေသည်။
အစက သူ ဖုန်းနျန်နှင့် စကားမများချင်ခဲ့ပေ။ ဖုန်းနျန်အား သူ့အဖေကို ကယ်ဖို့ နည်းလမ်းရှာပေးစေချင်သည်ဟု ပြောရန်သာဖြစ်သည်။ ဤသည်ကို ဘာကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရသနည်း?
မျက်ရည်ခိုးသုတ်ရင်း ရှန်ကျီးနန် ဆက်သွယ်ရေး လက်ကောက်ကို မြှောက်၍ ဖုန်းနျန်အား သူ့အဖေကို တခြားဆေးရုံဆီ ကူရွှေ့ပေးရန် မေးလိုက်သည်။
သို့သော် ရှန်အိမ်တော်အပေါ် ဖုန်းနျန်၏ သဘောထားကို စဉ်းစားကြည့်မိတော့ သူ မျှော်လင့်ချက်မဲ့ရသည်။
ယခုနေတော့ ထိုသို့တွေးရန် အသုံးမဝင်သေး။ သူ ဖုန်းနျန်ဆီ အသံမက်ဆေ့ခ်ျ ထပ်ပို့လိုက်ပြန်သည်။ "ဖုန်းနျန် ဒီည ဆယ့်နှစ်နာရီမတိုင်ခင် အကြောင်းပြန်ပေးပါ။"
နေ့ခင်းကနေ ညလယ်အထိ ထိုင်စောင့်နေသော ရှန်ကျီးနန်သည် အစာမစား၊ ရေလည်းမသောက်ပေ။ ပြတင်းပေါက်ဆီသို့သာ တိတ်တဆိတ် ငေးကြည့်နေလေသည်။
အိမ်တော်ထိန်းက သူ့အား တစ်ခုခုစားရန် ခဏခဏလာချော့မော့ပေမဲ့ သောကရောက်နေသောစိတ်ကြောင့် သူ စားချင်စိတ်မရှိချေ။ ဖုန်းနျန်ဟာ ကျန်းယွဲ့ယင်အား ပင်မအိမ်တော်အနောက်ဘက်ရှိ ဝန်းငယ်ထဲခေါ်သွားပြီးကတည်းက လုံးဝပြန်ထွက်မလာတော့ကြောင်း အိမ်တော်ထိန်းဆီမှ ကြားသိရသည်။
ရှန်ကျီးနန် အချိန်ကို ကြည့်လိုက်သည်။ ညလယ်သို့ ရောက်လာပေမဲ့ ဖုန်းနျန် ပြန်မပြောသေးချေ။
သူ့ပါးကို လက်နှင့် စမ်းမိတော့ အေးစက်စိုစွတ်လို့။
အချစ်မခံရခြင်း၏ မျက်ရည်တို့သည် ကျဆင်းရန် အကြွင်းမဲ့ မထိုက်တန်။
ရယ်စရာတော့ကောင်းသည်။ ဘာကြောင့်ငိုနေရသနည်း? သူငိုလျှင်တောင် သနားမည်သူ တစ်ယောက်မျှ ရှိမနေ။
ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်ဟာ ကလေးဘဝကတည်းက အချစ်ဦးများ။ ပါရမီဖြည့်ဖက်များဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် သိပ်လည်းချစ်ကြသည်။
သို့သော် ဖုန်းနျန် ဘာကြောင့် မေ့နေသနည်း? ကလေးဘဝတွင် ဖုန်းနျန်နှင့် ပထမဆုံးတွေသည့်လူဟာ သူဖြစ်ပြီး အသက်ကြီးလာလျှင် သူ့အားလက်ထပ်ယူ၍ ဘဝတစ်လျှောက်လုံး ကောင်းကောင်းမွန်မွန်ဆက်ဆံပါမည်ဟု ကျိန်ဆိုခဲ့သူဟာ ဖုန်းနျန်ဖြစ်သည်။
"လူလိမ်။" လူလိမ်တွေဟာ အချစ်နှင့် မတန်ဟု ရှန်ကျီးနန် အခါခါ ရေရွတ်သည်။
"ဖုန်းနျန် လူလိမ်ကြီး။ သေသင့်တဲ့ လူယုတ်မာ။ ဝူး--"