အိပ်ရာပေါ်ကနေ ရှန်ကျီးနန် ထလိုက်သည်။ အဖြူရောင်ဝတ်ရုံသည် အေးစက်သော ကြမ်းပြင်ပေါ် လျှောကျသွား၏။ ထို့နောက် ပြတင်းပေါက်ဆီ ဖြည်းညင်းစွာ တိုးကပ်သွားသည်။ ပြတင်းပေါက်မှ ကြည့်ပါက နေအိမ်အနောက်ဘက်ရှိ ခြံဝန်းငယ်ကို မြင်နိုင်သည်။
ခြံဝန်းငယ်ကို တောက်ပလင်းထိန်စွာ မီးထွန်းထားပေမဲ့ ရှန်ကျီးနန်၏ မျက်ဝန်းတို့ထဲမှ အလင်းရောင်ကတော့ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။
လူတစ်ယောက်၏ မင်္ဂလာဦးအခန်းသည် ဟာလာဟင်းလင်း။ စစ်သူကြီးအိမ်တော်သို့ သူပြောင်းလာသည့် ပထမနေ့ကတည်းက ရှန်ကျီးနန်အဖို့ နွေးထွေးမှု တစ်စက်ကလေးမျှ မခံစားရပေ။ နေအိမ်အနောက်ဘက်ရှိ ခြံဝန်းငယ်ကို တည်ဆောက်ပြီးနောက် ဖုန်းနျန် အိမ်တွင် မရှိချိန်ဆို ထိုနေရာဆီ ရှန်ကျီးနန် သွားနေတတ်သည်။ ထိုဘေးမဲ့တောအသေးစားလေးဟာ သူပိုင်သည်၊ သူ၏ လုံခြုံဘေးကင်းသော နိဗ္ဗာန်ဘုံလေးဖြစ်သည်သူ၍ ထင်မှတ်ထားသည်မှာ ကျန်းယွဲ့ယင်၏ ရောက်ရှိမှုက သူ့ကိုယ်ပိုင်စိတ်ကူးယဉ်အိမ်လေးကို မဖျက်စီးခင်အထိ ဖြစ်သည်။
ဖုန်းနျန်၏ အသေးစိတ်ဂရုစိုက်ပေးမှုကို ကျန်းယွဲ့ယင်ကျတော့ အလွယ်ကလေး ရသည်။ အိမ်တော်ဆီ မျက်နှာပြောင်တိုက်၍ ဝင်လာပြီး သူ၏ ဝန်းငယ်လေးကို ပိုင်စိုးပိုင်နင်း နေရာယူထား၏။
စစ်သူကြီးအိမ်တော်တွင် သူ့အတွက် ဘယ်မှာ နေရာ ရှိတော့မည်နည်း?
သူသည် စစ်သူကြီးနေအိမ်ကို မပိုင်ပေ။ ထိုအရာဟာ သူ့အိမ် မဟုတ်ချေ။
ကတိတို့ဟာ ဘက်လိုက်၍ ပြောင်းလဲနိုင်သကဲ့သို့ လူတို့၏ စိတ်နှလုံးသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။
အချစ်သည် အချိန်နှင့်အမျှ ပျက်စီး ယိုယွင်းတတ်သည်။ အလှပဆုံး မျက်နှာသည်ပင် တဖြည်းဖြည်း မှေးမှိန်သွားတတ်သည်လေ။
ခုနက အသက်မဲ့၍ ဖျော့တော့သွားသော သူ၏ အကြည့်တို့သည် တဖြည်းဖြည်း မီးလို တောက်လက်လာပြန်၏။
စိတ်ဆုံးဖြတ်ပြီးသွားသကဲ့သို့ ရှန်ကျီးနန်သည် စာရွက်တစ်ရွက်ကိုဖြဲ၍ ဖောင်တိန်နှင့် ခပ်သောသောရေးခြစ်လိုက်သည်။
[အရှင်မင်းကြီး လွန်ခဲ့တဲ့ငါးနှစ်က အရှင်ပေးခဲ့တဲ့ကတိဟာ အခုထိ မှန်ကန်ပါသေးသလား?]
ရှန်ကျီးနန် သူ၏ ဝိဉာဉ်သားရဲကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ ခိုဖြူလေးသည် ညတွင် အတောင်ဖြန့်၍ ရှန်ကျီးနန်၏ လက်ချောင်းတို့ပေါ် အသာ လာနားသည်။
"အရှင်မင်းကြီးဆီ သွားချေ။" ပြတင်းပေါက်အပြင်ဘက်ဆီ လက်ချောင်းတို့မြှင့်လိုက်သောအခါ ခိုဖြူလေးလည်း အတောင်တဖျပ်ဖျပ်ခပ်လျက် တော်ဝင်နန်းတော်ဆီ ဦးတည် ပျံသန်းသွားလေတော့သည်။
ဘီတာမှ အပ အယ်ဖာနှင့် အိုမီဂါတို့တွင် ၎င်းတို့၏ ဝိဉာဉ်သားရဲ နိုးထနိုင်သော ဖြစ်နိုင်ချေရှိသည်။ သူတို့၏ ကိုယ်ပိုင်အဆင့် တိုးတက်လာသည်နှင့်အမျှ ဝိဉာဉ်သားရဲများသည် ပို၍ အားကြီးသော ဆင့်ပွားအသွင်တစ်မျိုးအထိပင် ပြောင်းလဲနိုင်သည်။ ဆင့်ပွားအသွင်ရှိသော အယ်ဖာဖြစ်စေ အိုမီဂါဖြစ်စေ တစ်ဝက်တပျက် အသွင်ပြောင်းခြင်းပြီးနောက် ကိုယ်ပိုင်ဝိဉာဉ်သားရဲနှင့် ဆက်စပ်သော သဘာဝလွန်အစွမ်းသတ္တိကိုပင် ပိုင်ဆိုင်နိုင်လေသည်။
ဖုန်းနျန်၏ ဆင့်ပွား ဝိဉာဉ်သားရဲပုံစံသည် ခံ့ညားထည်ဝါသော ဒဏ္ဍာရီလာ ယူနီကွန်းသတ္တဝါဖြစ်၏။ တစ်စိတ်တပိုင်း အသွင်ပြောင်းလိုက်လျှင် ဖုန်းနျန်သည် ဦးချိုတစ်စုံပေါက်၍ သူ၏ကိုယ်အား မပျက်စီးနိုင်သော အကြေးခွံများက ဖုံးအုပ်သွားတတ်သည်။
ဖုန်းနျန်၏ ဝိဉာဉ်သားရဲအား ရှန်ကျီးနန် ကိုယ်တိုင် မမြင်ဖူးချေ။ သူ့အား မုန်းတီးနေသူဟာ သူ့ရှေ့တွင် ဘာကြောင့် ဝိဉာဉ်သားရဲကို ဆင့်ခေါ်ပြမည်နည်း? ရပ်ကွက်တုန်းမှာလို ဖုန်းနျန်သည် သူ့အား ကိုယ်တိုင်ကိုယ်ကျ မကယ်ခဲ့လျှင်တောင် သူ့ကို ကာကွယ်ရန် ဝိဉာဉ်သားရဲအား ဆင့်ခေါ်နိုင်ရက်နှင့်။
ဖုန်းနျန် မဆင့်ခေါ်ခဲ့ပါ။
ဖုန်းနျန်၏ ဝိဉာဉ်သားရဲကို ရှန်ကျီးနန် နားလည်ခြင်းမှာ စစ်ပွဲများ ရှေ့တန်းမှလာသော သတင်းများကြောင့်သာ ဖြစ်သည်။
ဧကရာဇ် ဟွားချန်းရွှမ်၏ ဝိဉာဉ်သားရဲအကြောင်းကို သိသလိုမျိုး ဗီဒီယိုနှင့် သတင်းများမှ အခြေတည်၍ သိရခြင်းဖြစ်သည်။
ဟွားချန်းရွှမ်၏ ဆင့်ပွားဝိဉာဉ်သားရဲပုံစံသည် နဂါးနက်ဖြစ်၏။ ဂလက်ဆီအင်ပါယာ၏ တည်ထောင်သူ ဧကရာဇ်အဖြစ် ထိုစွမ်းအားကြီးသော အယ်ဖာ စစ်တိုက်မထွက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ တစ်စိတ်တပိုင်းအသွင်ပြောင်းသော ဟွားချန်းရှန်ကို ဒေတာထဲမှတစ်ဆင့်သာ သူ တွေ့ဖူးသည်။
အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်နေသော မြွေနဂါးအမြီးသည် ထူးထဲရှည်လျားသည်။ အားပြင်းပေမဲ့ ထူးဆန်းသည်။ ထိုအမြီးအပြင် ဟွားချန်းရွှမ်တွင် ဦးခေါင်းထိပ်၌ နဂါးဂျိုတစ်စုံလည်း ပါရှိသည်။
ဝမ်းနည်းစရာမှာ ဖုန်းနျန်နှင့် ဟွားချန်းရွှမ်တို့၏ ပထမဆုံး ဝိဉာဉ်သားရဲများဟာ မည်သည့်ပုံစံရှိမှန်း တစ်ယောက်မျှ မသိကြခြင်းဖြစ်သည်။
ရှန်ကျီးနန်အတွက်မူ ကံကောင်းထောက်မစွာ ငယ်စဉ်ကတည်းက သူ၏ ဝိဉာဉ်သားရဲကို နိုးထစေနိုင်ပြီး ထိုအရာဟာ ခိုဖြူတစ်ကောင်ဖြစ်သည်။
မျှော်စင်ပေါ်တွင် ဖမ်းမိသော ခိုဖြူသည် လွတ်လပ်ခွင့်မရှိ။
လေထဲမှာ အတောင်ဖြန့်၍ ပျံသန်းနေသင့်သည့် ခိုဖြူသည် ဖုန်မှုန့်များကြား ကြေမွရသည်။
အခန်းထဲမှ ထွက်လာပြီး ရှန်ကျီးနန်တစ်ယောက် အသိစိတ်မဲ့စွာ လှေကားမှ ဆင်း၍ စစ်သူကြီးအိမ်တော်၏ ဟာလာဟင်းလင်း ပင်မ ဇိမ်ခံနေအိမ်မှ လျှောက်ထွက်သွားလေသည်။
နှင်းဆီဖြူတို့ပြည့်နှက်နေသော ဥယျာဉ်ထဲမှာ သူ ရပ်နေသည်။ တစ်ခါကတော့ ဒါတွေဟာ ဖုန်းနျန် သူ့အတွက် စိုက်ပေးထားသည့် နှင်းဆီဖြူများပဲဖြစ်မည်ဟု တုံးတုံးအအ သူ တွေးဖူးသည်။ နောက်ကျမှ နှင်းဆီဖြူဟူသည် ကျန်းယွဲ့ယင်အကြိုက်ဆုံး ပန်းဖြစ်နေမှန်း သိခဲ့ရ၏။
သူ့နောက်တွင်မူ အနက်ရောင်အိမ်တော်ဟာ သားရဲချောက်နက်သဖွယ် မားမားကြီးတည်နေသည်။ ခပ်လှမ်းလှမ်း၌ သူ ဘယ်တော့မျှ မပိုင်ဆိုင်ရသော လင်းထိန်ဆဲ ဝန်းငယ်တစ်ခုရှိသည်။
နှင်းဆီပန်းတို့၏ ရနံ့သင်းသင်းသည် ခိုဖြူလေး သယ်လာသော ပြန်ကြားချက်နှင့်အတူ လေထဲ လွင့်ပျံလာခဲ့သည်။