ဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေသော ကျန်းယွဲ့ယင်မှာ အံ့ဩမှုအတိုင်းသား။ သူမ ဖုန်းနျန်ကို ခပ်တိုးတိုးပြောလိုက်သည်။ "ရှောင်နျန် ရှင့်ဇနီးနဲ့ ပြောစရာရှိရင် ကျွန်မ အရင်သွားတော့မယ်။"
ထိုအခါ ဖုန်းနျန်က မနီးမဝေးမှ ရှန်ကျီးနန်ကို မနှစ်မြို့ဟန် ကြည့်သည်။ ရှန်ကျီးနန်၏ စကားလုံးနှင့် အပြုအမူများကို စိတ်ဆိုးသလိုမျိုး။ ဒါပေမဲ့ ဘေးနားတွင် ကျန်းယွဲ့ယင်ရှိနေသဖြင့် သူ စိတ်ထိန်းထားသည်။
ရှန်ကျီးနန်က ဖုန်းနျန်သည် အရင်က တစ်ခါမျှ မမြင်ဖူးသော နူးညံ့သည့် အမူအရာဖြင့် ကျန်းယွဲ့ယင်အား လှည့်ကြည့်သည်ကို တွေ့၏။ "ဘာမှ မဟုတ်ဘူး။ သူ ထပ်ပြီး စိတ်လွတ်နေတာ။ မင်းကို အရင် ပြန်လိုက်ပို့မယ်။"
ရှန်ကျီးနန်တစ်ယောက် ဖုန်းနျန်၏ လျစ်လျူရှုခြင်း ခံရကာ အနီးရှိ စစ်သားတို့သည် သူ့အား သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ကြည့်နေကြသည်ကိုလည်း သတိပြုမိ၏။ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် လက်သီးဆုပ်၍ ပြန်ဖြေလျော့ကာ "ငါလည်း သွားမယ်!"
ဘယ်လိုမျက်နှာပင်ဖြစ်စေ၊ မည်သို့သော သိက္ခာပင်ဖြစ်စေ သူ့အဖေ၏ သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသောအခါ ဘာက အရေးကြီးဦးမည်နည်း? သည်ကနေ့ ရှန်ကျီးနန်သည် သူ၏သိက္ခာကို ဂရုမစိုက်လျှင်တောင် သူကတော့ ဖုန်းနျန်နောက် အရှက်မရှိ လိုက်ရဦးမည်။ သူ့တွင် စကားပြောဖို့ အခွင့်အရေးလေးတောင် မရှိသည်ကို မယုံကြည်နိုင်ပေ။
အရင်ကဆို အေးစက်စက် အဆက်ဆံခံရလျှင် ရှန်ကျီးနန်သည် သူကိုယ်တိုင် ထွက်သွားတတ်၏။ သို့သော် သည်ကနေ့ ရှန်ကျီးနန်တစ်ယောက် ခေါင်းမာမာဖြင့် သူ့နောက် ဆက်လိုက်နေလိမ့်မည်ဟု ဖုန်းနျန် မထင်ထားချေ။ ဖုန်းနျန်လည်း သူ့အား သတိပေးသလို လှည့်ကြည့်လိုက်သည်။
ထိုစဉ် အနီးအနားရှိ ရုတ်တရက်ပြင်းထန်သော ပေါက်ကွဲမှုသည် မြေပြင်ကိုပင် တုန်ခါသွားစေ၏။
အားပြင်းသော သက်ရောက်မှုက ပို၍ နီး နီးလာသည်။ ရှန်ကျီးနန် အထိတ်တလန့်ဖြင့် မြေပေါ် လဲကျသွားသည်။ သူ့ကို ကာကွယ်ရန် အနားတွင် ပေါ်လာဖို့ မျှော်လင့်ချက်နှင့် သူ၏အယ်လ်ဖာကို ချက်ချင်း ကြည့်လိုက်မိသည်။
ပေါက်ကွဲမှု ဖြစ်သည်နှင့် ချက်ချင်းပင် သူ၏ အယ်လ်ဖာသည် ပေါက်ကွဲမှုဖြစ်သော ဦးတည်ဘက်ကို ကျောပေး၍ လန့်ဖျပ်နေသည့် ကျန်းယွဲ့ယွင်အား သူ၏ရင်အုပ်ကျယ်ကြီးဖြင့် ကာကွယ်ပေးနေခဲ့သည်။
မြေပြင်ပေါ်တွင် ထိုင်နေရင်းမှ ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်တို့အား ရှန်ကျီးနန် အူတူတူ ကြည့်နေမိသည်။ စစ်မြေပြင်တွင် လူထောင်ပေါင်းများစွာအား တိုက်ခိုက်ခဲ့သော စစ်သူကြီးသည် သည်အချိန်မှာတော့ သူ့ကို ကြည့်ဖို့တောင် တွန့်တိုနေ၏။
လွန်ခဲ့သည့်ငါးနှစ်က အေးစက်စက်အကြမ်းဖက်မှု၊ ရှုတ်ချခံရမှုနှင့် နှုတ်ဖြင့် အရှက်ခွဲခံရမှုတို့သည် ယခုအချိန်မှာဖြစ်သော စိတ်ပျက်ဝမ်းနည်းမှုတို့နှင့် နှိုင်းစာပါက ပြောပလောက်စရာ မရှိပေ။
ဖုန်းနျန်သည် သူ့အား ဘယ်တုန်းကမျှ မချစ်ခဲ့သလို သူ၏ သေခြင်း၊ ရှင်ခြင်းကိုလည်း ဂရုမစိုက်ပေ။
ရှန်ကျီးနန် ရယ်ချင်သည်။ သူ အင်မတန် ဉာဏ်နည်းခဲ့၏။ ဘာကြောင့် ထိုမျှလောက် ရူးနှမ်းခဲ့သနည်း?
မနီးမဝေးမှ ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်ကို ပိတ်ကာ၍ ခပ်မြင့်မြင့် ပုံရိပ်တစ်ခုက သူ့ရှေ့ လာရပ်သည်။
ရှန်ကျီးနန် မော့ကြည့်လိုက်လျှင် သူ၏ မျက်ဝန်းစိမ်းတို့နှင့် ကျန်းမုန့်ရှန်၏ အေးစက်ခက်ထန်သော မျက်နှာ တွေ့ဆုံသွားသည်။
"စိတ်မရှိပါနဲ့"
ဟုပြောကာ ကျန်းမုန့်ရှန်သည် ခါးကိုင်း၍ သူ၏ ဝတ်ရုံကို ချွတ်ကာ ရှန်ကျီးနန်အား ခေါင်းစခြေဆုံး လွှမ်းခြံပေးလိုက်လေသည်။ မြေပြင်ပေါ် အလျားလိုက်လဲလျောင်းနေသော ရှန်ကျီးနန်ကို ပွေ့မပြီးနောက် အမြှောက်ကျည်ကဲ့သို့နှုန်းဖြင့် သူ့အား ချက်ချင်း ခေါ်သွားတော့သည်။
အယ်ဖာသည် ပို၍ အားကြီးလေ သူ၏ ခန္ဓာကိုယ်နှင့် တက်ကြွမှုလည်း ပို၍ သန်မာလေဖြစ်သည်။
သူတို့၏ ကာယစွမ်းအင်၊ မြန်နှုန်းနှင့် ရုန်းပြန်နိုင်စွမ်းသည် သာမန်လူများထက် ကျော်လွန်၏။
ထိုသို့သောသူမျိုးနှင့် ဆက်နွယ်ခြင်းအားဖြင့် အိုမီဂါသည် အယ်ဖာ၏ စိတ်စွမ်းအင်ကို ကျေနပ်စေရုံသာမက အယ်ဖာ၏ တက်ကြွမှုကိုလည်း မျှဝေသုံးစွဲခွင့်ရသည်။
ဘီတာတို့သည် အယ်ဖာများနှင့် မပေါင်းစပ်နိုင်သဖြင့် အယ်ဖာ၏ အသက်ရှည်မှုကိုလည်း မမျှဝေနိုင်ချေ။
ဒါကြောင့်ပင် အယ်ဖာနှင့် အိုမီဂါသာ အတူတကွ ပေါင်းစပ်နိုင်ခြင်းဖြစ်ပေသည်။
ဂလက်ဆီအင်ပါယာတွင် တိုင်းပြည် စတင် တည်ထောင်ကတည်းက ယခုအထိ အားအကြီးဆုံး အယ်ဖာသည် သူတို့၏ ဦးဆုံး ဧကရာဇ် ဟွားချန်းရွှမ် ဖြစ်၏။
လွန်ခဲ့သော နှစ်ရာကျော်လောက်က နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသော ဟွားချန်းရွှမ်သည် နဂါးငွေ့တန်းဂလက်ဆီကို သိမ်းပိုက်ပြီး ဂလက်ဆီ အင်ပါယာအား စတင် တည်ထောင်ခဲ့သည်။
ယနေ့အထိ အင်ပါယာအား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော် ရှိပြီဖြစ်သည်။ သို့ဆိုစေကာမူ ဟွားချန်းရွှမ်သည် အလွန်ငယ်ရွယ်ချောမောသော အသွင်အပြင်မျိုး ပိုင်ဆိုင်ထားတုန်းဖြစ်သည်။ ဒါဟာ သူ၏ ကြီးမားသော ခွန်အားကို သက်သေပြရာလည်း ရောက်၏။
သူသည် ဂလက်ဆီအင်ပါယာ၏ သစ္စာတရား၊ တော်ဝင်မြို့သူ မြို့သားများ၏ နတ်ဘုရား ဖြစ်သည်။
သူသည် လွန်ခဲ့သောငါးနှစ် ဖုန်းနျန်းအား ရှန်ကျီးနန် လက်ထပ်ယူရန် စိတ်အားထက်သန်ခဲ့သော တိုက်ရိုက် အကြောင်းအရင်းလည်းဖြစ်၏။
ရှန်ကျီးနန်တွင် လျို့ဝှက်ချက်တစ်ခု ရှိသည်။ သူ၏ အသက်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့တွင် အင်ပါယာပြည်သူများ၏ နတ်ဘုရားဟု တင်စားခံရသော ဟွားချန်းရွှမ်နှင့် တွေ့ဆုံခဲ့သည်။