no

Font
Theme

မင်မင်းဆက် အခန်း ၂။

လူကောင်းတွေက ကံကောင်းတယ်။

အစေခံကောင်လေးက ငွေလဲဖို့ ဘဏ်ကို သွားစဉ်တွင် လင်းယွမ်က ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထုပ်ပိုးရန် စွန့်ပစ်ဘုရားကျောင်း၌ နေခဲ့၏။ တကယ်တမ်း ထုပ်ပိုးစရာ များများစားစားမရှိသော်လည်း သူ့ထံ၌ ထို့ထက် ပိုကောင်းကောင်းလုပ်စရာ ရှိမနေချေ။

သူ၏ ခန္ဓာကိုယ်မှာ ဤကိုယ်ထဲသို့ စရောက်ကာစ အဖျားအမြင့်ဆုံး အချိန်တုန်းက အတိုင်း လက်ရှိတွင် အားနည်းနေသေးသည်။ မူလပိုင်ရှင်က အဆုံးထိ မတောင့်ခံနိုင်ဘဲ ဘဝကူးသွား၏။ ထို့ကြောင့် ခန္ဓာကိုယ်ကို ရယူချိန်တွင် ရွေးချယ်စရာမရှိဘဲ မူလပိုင်ရှင်၏ နေရာဝင်၍ အဖျားကို ဆက်လက် တိုက်ခိုက်ခဲ့ရသည်။ သူဟာ အဆုံးထိ ခံနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်နှင့် သူ့အခြေအနေက အင်မတန် ကြမ်းတမ်းနေရာ အမြန်ပြန်လည်ကောင်းမွန်ရန် ခဲယဉ်းလှသည်။

လင်းယွမ်မှာ တကယ်တမ်းတွင် ဤသည်မှာ ဝါဂွမ်း

အထည်များ ရနေပြီဖြစ်သည့် ယွမ်မင်း‌ဆက်ခေတ်ဖြစ်သောကြောင့် အတော်ဝမ်းသာမိသည်၊ မဟုတ်ပါက သူနှင့် အစေခံလေးတို့မှာ ဤစွန့်ပစ်ဘုရားကျောင်းကို ရှာတွေ့သည်အထိ တောင့်ခံနိုင်ခဲ့လိမ့်မည်မဟုတ်ဘဲ လမ်း၌ပင် အေးခဲကာ သေသွားနိုင်၏။

"သခင်လေး!" အစေခံလေးက ၎င်းတို့၏ ယာယီခိုလှုံရာသို့ ပြန်ပေးလာသည်။ သူဟာ အပေါင်‌ဆိုင်မှ သူ၏ ဝါဂွမ်းခြုံထည်ကိုပင် ပြန်ရွေးလာခဲ့သေးသည်။

ဝါဂွမ်းခြုံထည်ကို ပြန်ခြုံလိုက်ပြီးနောက် လင်းယွမ်မှာ နောက်ဆုံးတွင် ဂွမ်းစောင်အစုတ်လေးထဲမှ ထွက်ရဲသွားပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် အပါတ်က ကြမ်းပေါ်၌ အိပ်နေခဲ့ရလေရာ ခြုံစောင်မှာ အင်မတန် ညစ်ပတ်နေပြီပင်။ သူနှင့် အစေခံလေးတို့ကလွဲလျှင် သူဖုန်းစားများကပင် ဤစွန့်ပစ် ဘုရားကျောင်း၌ မနေလိုကြ၊ ၎င်းက ပျက်စီးယိုယွင်းနေကာ ခါးသက်ဖွယ်လေအေးအေးများကို မကာကွယ်ပေးနိုင်ပေ။ ကျေးဇူးတင်ဖွယ်ကောင်းစွာ ၎င်း

တို့အနေဖြင့် ယခု နေရာမှ ထွက်ခွာကာ စားသောက်ဆိုင်၌ နေနိုင်ပြီဖြစ်သည်။ သူ အပြည့်အဝပြန်ကောင်းလာသည်နှင့် လင်းယွမ်မှာ အသင့်တော်ဆုံးပစ္စည်းများဝယ်ဖို့ စီစဉ်ထားသည်။

ထယ်၂၀၀မှာ ပမာဏ နည်းနည်းလေးမဟုတ်ဘဲ ပျမ်းမျှ မိသားစုဝင် ၃ဦး၏ နှစ်စဉ်အသုံးစရိတ်သာ ၂ထည်ရှိလျှင် ၎င်းကို ကောင်းကောင်းမွန်မွန်နေထိုင်နိုင်သည်ဟု ယူဆနိုင်သည်။

အမှန်ကိုဆိုရလျှင် လင်းယွမ်မှာ ယွမ်မင်းဆက်ခေတ် အစပိုင်း၌ မရောက်ခဲ့ခြင်းက ကံကောင်းသည်ဟု ခံစားရ၏။ ထိုကာလမှာ ငရဲတမျှပင်။ ထိုစဉ်က ယွမ်မင်းဆက်ခေတ်၏ အရာရှိများမှာ လုံးဝ စာမတတ်ဘဲ တရုတ်ပြည်မကြီးကို မြင်းကျောပေါ်၌ နေရင်း အုပ်စိုးခဲ့ကြသည်။ ၎င်းတို့ထံ၌ အုပ်ချုပ်ရေး အသိပညာလည်း မရှိကြရာ ၁၀နှစ်အရွယ်ကလေးများက အစိုးရရာထူးများကို ရနိုင်ကြသည်။ ရလာဒ်အနေဖြင့် ကလေးအရာရှိများကို ဒီတိုင်း လွှတ်ထားကာ အကျင့်ပျက်ခြစားမှုများက ပေါများလာသည်။

လက်ရှိကာလကလည်း ခက်ခဲသော်ငြား အစောပိုင်းနှစ်များနှင့် စာလျှင် များစွာပိုကောင်းပါ၏။

"ကျွန်တော် လိုက်မေးပြီးပြီ၊ မြို့တော်ရဲ့ မြောက်ဘက်ပိုင်းမှာ အသန့်ရှင်းဆုံးလို့ ပြောလို့ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်တဲ့။" အစေခံက လင်းယွမ်ကို လမ်းလျှောက်ရင်း တွဲပေးထားသည်၊ "အပေါ်ခန်းတွေက ဒင်္ဂါး ၂၀ဝကျတယ်"

လင်းယွမ်က ခေါင်းခါ၏၊ "အပေါ်ခန်းတွေမယူဘူး၊ အောက်ခန်းတွေကရော ဘယ်လောက်လဲ?"

အစေခံကောင်လေး: "ဒင်္ဂါး ပြား၈၀"

လင်းယွမ်: "ဒါဆို အောက်ခန်းတစ်ခန်းယူလိုက် ငါတို့ အတူသုံးလို့ရတယ်"

မည်သို့ဖြစ်ဖြစ် လွန်ခဲ့သည့် အပတ်မှာ အများစုက အတူတူပင်၊ အပေါ့အလေးမှလွဲ၍ နေစရာနေရာကို မျှဝေခဲ့ကြသည်။

၎င်းတို့ လက်ရှိ ရောက်နေသော မြို့လေးကို ဝူမြို့တော်ဟုခေါ်ပြီး ကျန်းနန်နှင့် အတော်နီးပါ၏။ လင်းယွမ်က ကျန်းမာရေး အပြည့်အဝ ပြန်ကောင်းပြီးနောက် ဤနေရာတွင် သူ၏ ပိုင်ဆိုင်မှုကို ဝယ်ယူရန် စီစဉ်ထားသည်။ ကျန်းနန်မှာ ချန်ရော့လျန်၊ ကျန်းရှစ်ချိန်နှင့် ဖန်ကိုးကျန်တို့ အင်အားများ စုပေါင်းထား‌သော တည်နေရာဖြစ်သည့်အလျောက် သတ်မှတ်ချက်များကို ကျော်လွန်နေသည်။ ကျန်းနန်မှာ တိုက်ပွဲများစွာ၏ ဗဟိုဖြစ်နေပြီး သူ့လို ငါးလေးတစ်ကောင်က ဝေးဝေးနေလျှင် ပိုကောင်းသည်။

စားသောက်ဆိုင်၏ အောက်ထပ်အခန်းများမှာ မကြီးမားလှသော်လည်း အတော်ကို သန့်ရှင်းပါ၏။ စားပွဲထိုးက ၎င်းတို့ သန့်ရှင်းရန်အတွက် ရေတစ်ပုံးပင် ယူလာပေးသေးသည်။ လင်းယွမ်က နှစ်ယောက်စာ အစားအသောက်မှာ၍ ၎င်းတို့ နှစ်ယောက်အတွက် အဝတ်အသစ်နှစ်စုံ ဝယ်ပေးရန် ကူညီဖို့ရာ စားပွဲထိုးလေးအား ဘောက်ဆူးပေးလိုက်သည်။

"ကျွန်တော်နဲ့ ထားခဲ့ပါ" စားပွဲထိုးလေးက ပြုံးလျက် ထွက်ခွာသွားသည်၊ လက်တိုလက်တောင်းအလုပ်မှာ

သူ့အတွက် အကျိုးအမြတ်နည်းနည်းရ‌ဖို့ နေရာချန်ထားကာ များများစားစားမဟုတ်ပါသော်လည်း အရေးပါသည့်အရာတော့ ဖြစ်နေဆဲပင်။

၎င်းတို့၏ အစားအသောက်များက အချိန်သတ်မှတ်ထားသည့်အတိုင်း ရောက်လာပြီး အရွက်တစ်ပန်းကန်နှင့် အသားတစ်ပန်းကန်ပါကာ နှစ်ခုစလုံးကို ဝက်ဆီဖြင့် ကြော်ထားသည်။ အရသာမှာ ကောင်းသော်လည်း ၎င်းတို့အနေဖြင့် အမြန်စားရမည်၊ မဟုတ်ပါက အစားအသောက်များအေးသွားသည်နှင့် အဆီခဲများဖြစ်သွားလိမ့်မည်။ပန်းကန် ၂ပန်းကန်သာပါသော်လည်း ပမာဏက လုံလောက်သည်ထက် ပို၏။ လင်းယွမ်က ထမင်းလိုက်ပွဲတစ်ပန်းကန်နှင့်တင် ဗိုက်လုံးဝ ပြည့်သွားသည်။

အစေခံကောင်လေးက စားသောက်ဆိုင်၌ ကြိုရန် ဆေးပင်အချို့ သွားဝယ်လိုက်သည်။ ဖျားနာမှုက သင့်အပေါ် မြေပြိုခြင်းလို လျင်လျင်မြန်မြန်ရောက်လာတတ်ပြီး ပိုးချည်ရစ်သကဲ့သို့ နှေးနှေး

လေးထွက်သွားတတ်သည်၊ သို့သော်လည်း သင့်တင့်သည် နွေးထွေးမှုနှင့် အစားအသောက်တို့ကြောင့် လင်းယွမ်မှာ အမြန် ပြန်ကောင်းလာပြီး အများဆုံး ၃ရက်သာကြာခဲ့၏။

ဝူမြို့တော်အား ကြီးမားသည်ဟု ယူဆ၍ မရနိုင်ဘဲ ၎င်း၏ လူဦးရေမှာ ၁သောင်း ၂သောင်းဝန်းကျင်သာရှိသည်။ လမ်းရှိ ပျံကျဈေးသည်များကလည်း များများစားစားမရှိ‌ပေ၊ ရာသီဥတုက အေးလှသည်ဖြစ်ရာ ၎င်းကိုလည်း နားလည်ပေးနိုင်ပါ၏။ သို့သော် လမ်းပေါ်တွင် အေးစက်စက်လေများကြောင့် ခိုက်ခိုက်တုန်နေကြသည့် လက်လုပ်လက်စားအလုပ်သမားများနှင့် သူဖုန်းစားများတော့ ရှိနေသည်။

၎င်းတို့အနေဖြင့် ဆောင်းရာသီကို အံတုကျော်ဖြတ်နိုင်မည်၊ မကျော်ဖြတ်နိုင်မည်ကတော့ မသိရပေ။

"ဖောက်သည်ကြီး၊ တုန်တုန်အိအိ တို့ဟူးတစ်ပန်းကန်လောက် စားသွားပါဦး! ပူပူနွေးနွေးလေးနော်! အစာအိမ်ကို အနွေးဓာတ်ပေးလိုက်ပါဦး!"

"ဖောက်သည်ကြီး ကျွန်မတို့ရဲ့ ပန်ကိတ်တွေက ဝူမြို့တော်မှာ အရသာအရှိဆုံးဆိုပြီး နာမည်ကြီးပါတယ်၊ စမ်းစားကြည့်ပါဦး"

အပြုံးများချိတ်ဆွဲထားကြသည့် ပျံကျဈေးသည်များ၏ ပါးပြင်များမှာ အေးစက်နီရဲနေပါသော်လည်း ၎င်းတို့၏ ပစ္စည်းများကို ဆက်လက် ကြေငြာနေကြဆဲပင်။

လင်းယွမ်က အစေခံကောင်လေးနှင့် အတူလျှောက်လာပြီး ၎င်းတို့ဘေးပတ်လည်မှ ဆင်းရဲသည့် ပြည်သူများအလည်တွင် ထင်းထင်းကြီးဖြစ်နေသည်။ မည်သို့ဆိုစေ မူလပိုင်ရှင်မှာ မြေရှင်မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး မွေးကတည်းက ဆင်းရဲ ကြမ်းတမ်းမှုကို မတွေ့ကြုံခဲ့ဖူးချေ။ ထို့အပြင် အစောပိုင်းနှစ်များအတွင်း အရေးအဖတ်များကိုသာ သင်ယူခဲ့ပြီး မည်သည့် ပင်ပန်းမှုကိုမှ မကြုံခဲ့ရချေ။ သူ၏ ပုံမှန့်နေ့စဉ်ဘဝမှာ နေရောင် သို့မဟုတ် လေပြင်းတို့ မသက်ရောက်နိုင်မည့် အိမ်တွင်း၌ နေခဲ့ရသဖြင့် ကြွယ်ဝသည့် သခင်ငယ်လေးတစ်ဦး

အသွင် ကြီးပြင်းလာခဲ့ရ၏။

အစေခံကောင်လေးကမူ ဇစ်မြစ်မှာ အစေခံဖြစ်လျှင်သော်မှ တကယ်တမ်း ၇နှစ်သားအရွယ်ကတည်းက လင်းယွမ်နံဘေး၌ စတင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ သခင်လေး၏ လိုအပ်ချက်များကို ဂရုစိုက်ရရုံသာ ဖြစ်၏။ သူဟာ ဘယ်တုန်းကမှ အစာရေစာနှင့် နွေးထွေးသော အဝတ်များမပြတ်လပ်သလို စကားလုံးအချို့ကိုပင် မှတ်မိနိုင်သေးသည်။ သာမန်မိသားစု၏ ကလေးအချို့နှင့် ယှဉ်လျှင် သူ၏ အခြေအနေကပင် များစွာ ပိုကောင်းနေသေး၏။

၎င်းတို့၏ လမ်းမထက် ပေါ်ထွက်လာမှုက ‘လူချမ်းသာများ’ဟူသည့် စကားလုံးများကို ချိတ်ဆွဲထားသလို သိသာ ထင်ရှားနေလေသည်။

"သခင်လေး!"

လင်းယွမ်မှာ အဆောက်အအုံတစ်ခုကို ဖြတ်သန်းခဲ့ရုံသာ ရှိသေးချိန်တွင် စုတ်ပြတ်နေသည့် အမျိုးသမီး

တစ်ဦးက သူ့ခြေထောက်ကို ဖမ်းဆွဲလာသည်။ သူမ၏ သွင်ပြင်အတွက် ပြောစရာများစွာ ရှိနေ၏၊ အင်မတန် ညစ်ပတ်နံစော်နေပြီး ဆံပင်က အဆီနှင့် အညစ်အကြေးတို့ဖြင့် ဖုံးလွှမ်းလျက် နီးနီးကပ်ကပ်ကြည့်ပါက သန်းများကိုပင် မြင်နိုင်သည်။ လက်တစ်ဘက်က လင်းယွမ်၏ ခြေထောက်ကို ကိုင်ထားပြီး နောက်တစ်ဘက်က ကလေးတစ်ယောက်ကို ရှေ့သို့ ဆွဲထား၏။

"သခင်လေး!" အမျိုးသမီးက ငိုချင်းချလိုက်သည်၊ "ကျေးဇူးပြုပြီး သူ့ကိုဝယ်ပါ၊ သူ့ကိုဝယ်ပါ အလကားပါ!"

"သူက အကုန်လုပ်နိုင်ပါတယ်! သခင်လေးအတွက် အလုပ်အားလုံး လုပ်ပေးပါလိမ့်မယ်! သူက အားလည်းကောင်းပါတယ်!"

ပြောရင်းဖြင့် သူမဟာ ဦးခိုက်လာကာ အင်မတန်နှံ့စပ်လျက် ဟန်ဆောင်မှုလေး အနည်းမျှပင် မရှိဘဲ လင်းယွမ်မှာ သူမ၏ နဖူးက မြေပြင်နှင့် ထိတိုက်နေကာ သွေးများစိမ့်ထွက်လာသည့် အသံဖျော့ဖျော့

ကိုပင် ကြားနေနိုင်သည်။ ငိုချင်းချနေရင်းဖြင့်ပင် သူမဟာ၊ "သခင်လေး သူ့ကို ဝယ်ပါ၊ သူ့ကိုဝယ်ပါ!"

ထိုကလေးမှာ သူ၏ မိခင် ဒူးထောက်သည်ကို မြင်သော် လိုက်ထောက်ပြီး ဦးပါခိုက်လာသည်။ ၈နှစ်အရွယ်ကလေးများမှာ လောကကြီးကို နားလည်စပြုနေကြပြီဖြစ်သည်။ သူ၏ မိသားစုမှာ အငှားလယ်သမားများဖြစ်ကြပြီး ပြီးခဲ့သည့်နှစ်က သူ၏ ဖခင်မှာ အမှားတစ်ခုလုပ်မိသောကြောင့် မြေရှင်က ငှားရမ်းပေးထားသောမြေကို ပြန်ယူခဲ့သည်။ သူ၏ ဖခင်ကလည်း သေလုနီးပါး အရိုက်ခံခဲ့ရ၏။ သူ၏ မိခင်ကမူ သူနှင့် သူ၏ အစ်ကို နှစ်ဦးတို့နှင့်အတူ ထွက်ပြေးလာခဲ့သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့က လမ်း၌ သေဆုံးသွားခဲ့ကြပြီး တစ်ယောက်က ဆာလောင်ခြင်းကြောင့်ဖြစ်ကာ နောက်တစ်ယောက်က ခိုးယူခဲ့သဖြင့် တခြားရွာသားများ သေအောင် ရိုက်သတ်သည်ကို ခံခဲ့ရသည်။

သူနှင့် သူ၏ မိခင်က အိမ်ခြေမဲ့များလို ခြေဦးတည့်ရာ လျှောက်သွားခဲ့ရင်း နောက်ဆုံး၌ ဤမြို့လေးကို ရောက်လာခဲ့ကြသည်။ ၎င်းတို့ထံတွင် ဆက်သွားရန် အင်အားမရှိတော့ရာ ဤမြို့၏ သူဖုန်းစားများသာ ဖြစ်လာကြတော့၏။ သို့သော်လည်း သူ့မိခင်ဖြစ်သူ၏ ကျန်းမာရေးမှာ အချိန်ကြာလာသည်နှင့် အမျှ ချို့တဲ့လာကာ သူ တောင်း၍ ရထားသော အစားအစာများကလည်း ၎င်းတို့၏ အသက်ကို ထိန်းထားနိုင်ရုံသာဖြစ်ပြီး ဆာလောင်‌နာကျင်မှုများမှ ရှောင်ကွင်းဖို့ မလုံလောက်ပေ။

မူလက ၎င်းတို့အား စားစရာပေးမည့် မုန့်ဆိုင်ရှင်တစ်ဦးရှိသော်လည်း ဆိုင်ကို ယခုတွင် ပိတ်လိုက်ပြီဖြစ်ရာ ၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက်က ကုန်ဆုံးသွသည်။ ယခင်ညက သူ၏ မိခင်က ပြောခဲ့၏၊ "လိမ်လိမ်မာမာနေ၊ မေမေက သားကို မိသားစုကောင်းကောင်းဆီ ကောင်းပေးမယ်၊ သားရဲ့ ဝမ်းစာကို ဖြည့်နိုင်မှာပါ"

သူက မေးလိုက်၏၊ "မေမေရောပဲလေ၊ ကျွန်တော်တို့အတူတူ စားလို့ရတာပဲ"

သူ၏ မိခင်က ပြုံးရုံသာ ပြုံးသည်။

သူမဟာ ဤမျှ အသက်ကြီးရင့်နေပြီဖြစ်ပြီး ကလေး ၃ယောက် မွေးခဲ့သည်။ သူမထံ၌ မည်သည့် အလှအပမှ မရှိသော ကြမ်းတမ်းသည့် ခြေလက်များသာ ရှိပါ၏။ လူချမ်းသာမိသားစုများမှာ ၈နှစ်အရွယ် ကလေးတစ်ဦးအတွက် အိမ်ဝယ်ပေးကောင်းပေးနိုင်သော်လည်း လောကကြီးတွင် ကြာရှည်မခံတော့မည့် အသက်ကြီးကြီး သူဖုန်းစားမအတွက် အိမ်ဝယ်ပေးမည်တော့ မဟုတ်တန်ရာ။ သူမဟာ သူမထံတွင် အိမ်ရှိနေဆဲ အချိန်ကို ပြန်တွေးမိပါသည်။သူမ၏ ခင်ပွန်းမှာ အလုပ်ပြီးမြောက်ရန် သူ၏ ခွန်အားကို သုံးဖို့ အသင့်ဖြစ်နေတတ်သည့် လူရိုးတစ်ဦးဖြစ်သည်။ သူမ၏ အကြီးဆုံးသားက သူမခင်ပွန်းနှင့် ဆင်တူကာ ပါးစပ်ဆော့တတ်သော်လည်း အနာခံဆုံးကလေးပင်။ သူမ သားလတ်က အနည်းငယ်ပိုမို ထက်မြတ်ပြီး သူအရွယ်ရောက်လာလျှင် မြို့တော်၌ စီးပွားလုပ်၍ မိသားစုတစ်ခုလုံး ထိုနေရာ၌ နေဖို့ခေါ်သွားကာ ပိုကောင်းသည့် ဘဝကို ပိုင်ဆိုင်ကြမည်ဟု အမြဲပြောလေ့ရှိသည်။

မိသားစုတစ်စုက တခဏအတွင်း ပျောက်ကွယ်သွားခဲ့ပါ၏။

သူမ၏ သားအငယ်ဆုံးကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် ဤမျှကြာရှည်ခံနိုင်ခဲ့မည်ဟု မထင်ချေ။ အခါးသီးဆုံးကာလအတွင်းတွင် သူမဟာ သူမသားနှင့်အတူ သေကြောင်းကြံဖို့ပင် စဉ်းစားခဲ့သည်။ ကျောက်တုံးတစ်တုံးယူ၍ ပထမဆုံး သူမသားကို သေအောင် ထုကာ နောက်တွင် မာကြောသည့် မျက်နှာပြင်နှင့် တိုက်၍ မိမိဘဝကို အဆုံးသတ်မည်ဟုပင်။

သို့သော် သူမသားငယ်၏ မျက်လုံးများကိုကြည့်ရင်း မခံစားနိုင်တော့ပေ၊ တစ်ခုတည်းသော ရွေးချယ်မှုက မျက်ရည်သုတ်၍ ရှေ့ဆက်ဖို့ဖြစ်၏။

"တော်ပြီ! ဆက်မလုပ်ပါနဲ့တော့!" လင်းယွမ်မှာ အကြိမ်ရေအနည်းငယ်ခန့် တားဆီးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ချေ။

ထို့နောက်မှသာ အမျိုးသမီးနှင့် ကလေးက ရပ်လိုက်၏။ သွေးများစီးကျနေသည့် နဖူးနှင့်အတူ အမျိုးသမီး၏ မျက်လုံးများမှာ စိတ်ပျက်အားငယ်မှု

တို့ ပြည့်နေသည်၊ "သခင်လေး၊ သူ့မှာ တကယ်ပဲ ခွန်အားရှိပြီး အလုပ်လုပ်နိုင်ပါတယ်၊ ပိုက်ဆံမလိုပါဘူး ကျွန်မ ရောင်းပေးပါမယ်၊ အစေခံစာချုပ်မှာ လက်မှတ်ထိုးပြီး သူ့ကို ကြိုက်တာခိုင်းပါ သခင်လေး၊ ကျေးဇူးပြုပြီး သူ့ကို ဝယ်ပေးပါ သခင်လေးရယ်!"

သူမဟာ သားဖြစ်သူအား ဝယ်ဖို့ လင်းယွမ်ကို တောင်း‌ဆိုနေသည် မဟုတ်၊ ရှင်သန်ဖို့ အခွင့်အရေးပေးရန် တောင်းဆိုနေခြင်းပါပင်။

"အရင် ထလိုက်ပါ" လင်းယွမ်က သူ၏ နားထင်ကို လက်ဖြင့် ထောက်၍ ခေါင်းကိုက်ကိုက်ဖြင့် ပြောလိုက်သည်။ "ရပ်ပြီး ပြောပါ"

အမျိုးသမီး၏ ဒူးများက အေးခဲတောင့်‌တင်းနေပြီး ထရပ်ရန် ရုန်းကန်နေရသည်။ ကောင်လေးကလည်း သူမဘေးတွင် ရပ်၍ လင်းယွမ်ကို မော့ကြည့်ရန် မဝံ့ရဲပေ။

လင်းယွမ်က မေးလိုက်သည်၊ "မင်း ဘာလုပ်နိုင်လဲ?"

အမျိုးသမီး၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း ပြန်ဖြေလာသည်၊ "ကိုးဇီက နွားကျောင်းနိုင်ပါတယ်! လယ်လည်း စိုက်နိုင်တယ်! ကာယလုပ်သားလည်း လုပ်နိုင်ပါတယ်!"

လင်းယွမ်လည်း ထပ်မေးသည်၊ "စာရောတတ်လား?"

အမျိုးသမီး၏ ပခုံးများက လျှောကျသွား၏၊ " စာတော့ မ၊ မတတ်ပါဘူး...."

လင်းယွမ်မှာ ရိုးသားစွာဖြင့် လူကောင်းတစ်ယောက်ဖြစ်လိုခဲ့သော်လည်း သူ၏ ယခင်ဘဝတွင် အခွင့်အရေးမရခဲ့ပေ။ ကောလိပ်ဘွဲ့ရပြီးနောက် သူဟာ အပြုံးများနောက်တွင် တိုက်ခိုက် အကွက်ချခြင်းတို့ ပြည့်နေသည့် အလယ်အလတ် ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ သူ၏ အစောပိုင်းရက်များမှာ ခက်ခဲပြီး လူသစ်နှင့် လှေကား အောက်ထစ်ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင်တာဝန်များအပြင် စီနီယာ လုပ်ဖော်ကိုင်ဖက်များ၏ အလုပ်များစွာကိုပါ လုပ်ရပေသည်။

အလုပ်ကောင်းကောင်းလုပ်လျှင် သူ၏ လုပ်ဖော်ကိုင်ဖက်နှင့် အထက်လူကြီးတို့မှာ ချီးကျူးထံရကာ ဘောနပ်စ်များရကြသည်။ ကောင်းကောင်းမလုပ်ပါက သူတစ်ယောက်တည်းသာ ဝေဖန်ပြစ်တင်ခံရကာ လစာ အလျှော့ခံရ၏။

သူဟာ အလုပ်ပြောင်းဖို့ စဉ်းစားခဲ့သော်လည်း မည်သည့် ပိုကောင်းသော ရာထူးကိုမှ မရှာနိုင်ခဲ့ပေ။ သူ၏ ကောလိပ်အထူးပြုက မူလကကို မကျော်ကြားလှရာ တစ်ခုတည်းသော ရွေးချယ်စရာက ဆက်နေဖို့သာ ရှိသည်။

ထို့ကြောင့် သူဟာ အခွင့်အရေးတစ်ခုရှာ၍ သူ၏ စီနီယာများအား အချက်အလက်စုဆောင်းသည်ကို ကူညီရချိန်တွင် သူဟာ အရေအတွက်အမှားများကို အထူးတလည် အစားသွင်း၍ ထိုစီနီယာ၏ နာမည်ကိုသာ စာရင်းသွင်းခဲ့သည်။ ထို့နောက် အထက်လူကြီးများ ရှာတွေ့သွားချိန်တွင် စီနီယာက သူ့အပေါ် အပြစ်တင်လာခဲ့သော်လည်း ကုမ္ပဏီက ထိုစီနီယာမှာ အလုပ်၌ အနိုင်ကျင့်တတ်ပုံနှင့် သူ၏ပုံစံအမှန်

ကို ရင်းနှီးပြီးသားဖြစ်သဖြင့် မည်သူကမှ အမှန်ကို မယုံဘဲ ထိုစီနီယာကို အလုပ်ထုတ်လိုက်သည်။

အထက်လူကြီးကိုမူ သူဟာ အရင်ဆုံး အမူးတိုက်ပြီးနောက် ပြိုင်ဘက်ကုမ္ပဏီ၏ သူဌေးထံ သူ လုပ်ဆောင်နေသည့် စီမံကိန်း၏ လုပ်ငန်းလျှို့ဝှက်ချက်များကို ထိုသူဌေးဖုန်းအား သုံး၍ ပို့ပေးလိုက်ပြီး ကျရှုံးမှုကို ဖြစ်စေခဲ့သည်။ သူကိုယ်တိုင်ကမူ ပုံမှန်အလုပ်သမားအဖြစ်မှ ဌာန၏ ခေါင်းဆောင်အဖြစ် ရာထူးအတိုးခံခဲ့ရ၏။

အလုပ်နေရာတွင် လင်းယွမ်မှာ ရေထဲမှ ငါးလိုပင် လက်အောက်ငယ်သားများ၏ ထောက်ခံမှုကို ရရှိပြီး သူဌေး၏ နှစ်ခြိုက်မှုကို ခံရကာ ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။ ၎င်းတို့အားလုံးကို လူကောင်းတစ်ယောက်၏ လုပ်ရပ်များဟု မယူဆနိုင်ပေ။ လင်းယွမ်ကိုယ်တိုင်သည်ပင် သူသာ လူကောင်းတစ်ယောက်ဖြစ်လျှင် သူ့လိုလူကို မိတ်ဆွေဖွဲ့လိုလိမ့်မည်မဟုတ်ဟု တွေးမိသည်။

"ခင်ဗျားရော လယ် ဘယ်လိုစိုက်ရမလဲသိလား?"

လင်းယွမ်က အ‌မျိုးသမီးကို မေးလိုက်၏။

အမျိုးသမီးက စိတ်ရှုပ်ထွေးသွားဟန်ရသော်လည်း သူမသားက ချက်ချင်းဖြေပေးလာသည်၊ "သခင်လေး ကျွန်တော့်မေမေ သိပါတယ်၊ သူ လယ်စိုက်နိုင်ပါတယ်! ကျေးဇူးပြုပြီး ကျွန်တော့်မေ‌မေကိုလည်း ဝယ်ပေးပါ!"

"အစာစားရဖို့ပါပဲ! ပိုက်ဆံမလိုပါဘူး! သခင်လေး! ကျွန်တော်တို့ နွားနဲ့ မြင်းတွေလို သခင်လေးအတွက် ကြိုးစား အလုပ်လုပ်ပေးပါ့မယ်!"

"ကောင်းပြီလေ" လင်းယွမ်က အစေခံကောင်လေးအား ဒင်္ဂါးဆယ်ပြားထုတ်ဖို့ အချက်ပြလိုက်၏၊ "စားစရာ တစ်ခုခုသွားဝယ်ကြပါ။ နောက် ၃ရက် မွန်းလွဲကျရင် ဒီမှာ ကျွန်တော့်ကို စောင့်နေ"

အမျိုးသမီးရော ကလေးမှာ တစ်ဖန် ဒူးထောက်လိုက်ကြပြန်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး၊ ကျေးဇူးတင်ပါတယ် သခင်လေး"

အစေခံကောင်လေးက သူ့သခင်လေး၏ ကြင်နာမှုနှင့် နေသားကျနေပြီဖြစ်သောကြောင့် သူသိလိုသည့် တစ်ခုတည်းသော အရာမှာ: "သခင်လေး၊ ဘာလို့ သူတို့ကို ဒင်္ဂါးဆယ်ပြားပေးတာလဲ၊ သူတို့ မလာတော့ရင်ရော? ကျွန်တော်တို့ အရှုံးမပေါ်ဘူးလား?"

လင်းယွမ်: "သူတို့ မလာရင်လည်း ပိုက်ဆံကို စေတနာနဲ့ စွန့်ကြဲတယ်လို့ စဉ်းစားရုံပေါ့"

ပြောရလျှင် ပိုင်ဆိုင်မှုရရှိပြီးနောက် ပထမဆုံးခြေလှမ်းမှာ အလုပ်သမားများ ပိုမို ခန့်အပ်ရန်ဖြစ်သည်။ သူနှင့် အစေခံကောင်လေး လူနှစ်ဦးရှိသာရှိသည်က လုံလောက်ဖို့ လိုသေးသည်။ ရှေးခေတ်လူများက အစေခံစာချုပ်များတွင် လက်မှတ်ရေးထိုးလိုက်သည်နှင့် သခင့်အပိုင် ဖြစ်သွားပြီး ထွက်မသွားနိုင်တော့သဖြင့် နာခံမှုမရှိမည်ကို စိုးရိမ်ဖို့်မလိုပေ။

ထပ်ပေါင်းဆိုရသော် သူဟာ မူလပိုင်ရှင်အတွက် သူတော်ကောင်းအလုပ်များမှတဆင့် ကံကောင်းမှုကို စုဆောင်းပေးနိုင်ဖို့ မျှော်လင့်သည်၊ ထိုမှသာ သူလည်း ခေတ်သစ်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်

မွေးဖွားပြီး လူကောင်းဖြစ်လာလိမ့်မည်။

၎င်းက သူ၏ကိုယ်ပိုင်စိတ်အေးချမ်းမှုနှင့် အသိတရားကြောင့်သာ ဖြစ်၏။

အပိုင်း (၂) ပြီး...✨

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment