no

Font
Theme

အပိုင်း (၅) ✨အနာဂတ်လက်အောက်ငယ်သားတွေကို ကိုင်တွယ်ဖို့...။

အာ့လျန်က သူ၏ထမင်းပန်းကန်ထဲ ယုန်သားတစ်တုံးထည့်၍ အချဉ်အနည်းငယ်ပါ ထည့်လိုက်သည်။ သူဟာ စကားပင်မပြောနိုင်ဘဲ ပါးစပ်ထဲသို့ အရသာရှိသည့်အစားအသောက်ကို သိပ်ထည့်နေရင်း အလုပ်များနေ၏။ သူ စားရင်း တွေးမိလေသည်၊ သခင်လေးသာ ဤနေရာမှာရှိနေပါက သူ သေချာပေါက် အဆူခံရလိမ့်မည်ပင်။

"ဘာလို့ အဒေါ်တို့ နှစ်ယောက်မစားကြတာလဲ?" အာ့လျန်က စစ်ညန်နှင့်ကိုးဇီတို့မှာ ထမင်းထဲ ဂေါ်ဖီများသာ ထည့်နေကြသည်ကို မြင်သော် စိုးရိမ်စွာဖြင့် ပြောလိုက်မိသည်၊ "ဒါက မဟုတ်သေးဘူးလေ၊ အသားမစားရင် ဘယ်လိုလုပ် ကိုယ်အလေးချိန်တက်လာတော့မှာလဲ? သခင်လေးက ကျွန်တော် အရမ်းပိန်လို့ဆိုပြီး အမြဲ ဆူနေတာ။"

အာ့လျန်က ပြောရင်း မိမိကိုယ်ကို ကျေနပ်နေ၏၊ "အတိတ်မှာ ကျွန်တော့်ကို သခင်လေးရဲ့ အစေခံ

ကောင်လေးအဖြစ် ရွေးခဲ့တာကလည်း ကျွန်တော်က အားလုံးထဲ အဝဆုံးဖြစ်နေတာကြောင့်ပဲ!"

အသက် ၈နှစ်ပြည့်ပြီးနောက် သူဟာ ပိန်ကျသွားသည်မှာ နှမျောစရာပင်၊ အိုင်း~

စစ်ညန်က ကြည်နူးဟန်ဖြင့် ထမင်းကို ဝါးနေ၏။ သူမ၏ ယခင်အိမ်တွင် ကောက်ရိတ်သိမ်းမှု များချိန်၌ပင် ဤမျှလောက် စားကောင်းသည့် ထမင်းမျိုး မရှိခဲ့ပေ။

အများဆုံးစားရသည်မှာ ဖွဲနုနှင့် ပဲတို့ရောထားသော ဆန်ဖြူအချို့သာ ရှိ၏။ ထို့အပြင် ၎င်းက အကောင်းဆုံးနေ့များ၌သာ ဖြစ်သည်။

သူမဟာ မျက်နှာလိုမျက်နှာရ ပြုံးပြလိုက်၏၊ "အဒေါ်က အသားစားရတာမကြိုက်ဘူး"

ကိုးဇီကလည်း လိုက်ပြောလာသည်၊ "ကျွန်တော်လည်း အသားစားရတာ မကြိုက်ဘူး"

အာ့လျန်မှာ ကျန်သည့် ယုန်သားတုံးများကို စားရင်း အထူးဆန်းဆုံးအရာကို စဉ်းစားမိသွားသည်၊ "ဒီလောကမှာ ဘုန်းကြီးတွေအပြင် တကယ်ပဲ အသားစားရတာ မကြိုက်သူတွေ ရှိတာပဲ။ ထူးဆန်းလိုက်တာ"

အာ့လျန်၏ အမြင်တွင် ဤလောက၌ အသားထက်ပို အရသာရှိသည့် အရာမရှိပေ။ စစ်ညန်က အသံတိုးတိုးဖြင့် မေး၏၊ "အာ့လျန်၊ သခင်လေးမှာ မကြိုက်တာ ဘာညာရှိလားဟင်? အဒေါ်က ပညာမတတ်တဲ့သူဆိုတော့ ကောင်းကောင်းတာဝန်မထမ်းဆောင်နိုင်မှာ စိုးမိတယ်။"

အာ့လျန်က အရိုးတစ်ခုကို ထွေးထုတ်လိုက်ရင်းဖြင့်၊ "ကျွန်တော်တို့ သခင်လေးက စိတ်ထားအကောင်းဆုံးပဲ၊ ဗုဒ္ဓနှလုံးသားမျိုးတောင် ရှိတဲ့သူဗျ။ အဒေါ်တို့ တာဝန်တစ်စိတ်တပိုင်း ဖြစ်နေသရွေ့ သူတောင်းဆိုသမျှကို လုပ်သာလုပ်ပေးလိုက်ပါ၊ ကျန်တာကိုတော့ စိုးရိမ်နေဖို့ မလိုပါဘူး"

ကိုးဇီမှာ သေသေသပ်သပ်ဖြင့် ထမင်းကို မြိုချရင်း

အာ့လျန်ထွေးထုတ်ထားသော အရိုးထံတွင် ကပ်ကျန်နေသည့်အသားအချို့ကို ကြည့်လိုက်ပြီး မျက်လုံးပင် မလွှဲချင်ပေ။

ကံမကောင်းစွာဖြင့် အာ့လျန်က အကြည့်ကို နားမလည်ပါချေ။ သူဟာ ဤသားအမိတို့က ၎င်းတို့ အစားစာရာ၌ အသားမပါသည်ကို အကျင့်ဖြစ်သွားပြီး ရလာဒ်အနေဖြင့် အသားမစားနိုင်တော့ဟုသာ ထင်သွားခဲ့၏။ ထို့ကြောင့် သူလည်း စိတ်ရှင်းရှင်းဖြင့် အသားအားလုံးကို စားပစ်လိုက်တော့သည်။

စားပြီးနောက်တွင် အာ့လျန်က ယုန်သားအနံ့သင်းနေသော လေချဉ်တက်လိုက်သည်။

"စစ်ညန်၊ အဒေါ့်ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုက အတော်ကို ကောင်းတာပဲ" အာ့လျန်က နှုတ်ခမ်းပေါ်ရှိ အဆီများကို သုတ်လိုက်သည်၊ "ဆီများများပါတော့ အရသာက ပိုကောင်းသွားတယ်"

စစ်ညန်မှာ ယခုအထိ မူးဝေနေဆဲပင်၊ "ဆီတွေအများကြီး ဖြုန်းမိသွားတယ်!"

သူမ၏ ဘဝတွင် မည်သည့်ဟင်းတစ်ပန်းကန်ပေါ်တွင်မှ ထိုမျှ များပြားလှသော ဆီများ မထည့်ခဲ့ဖူး‌ပါချေ။ ၎င်းအား ဆီထည့်ခြင်းဟုပင် မသတ်မှတ်နိုင်တော့ဘဲ ဆီလောင်းထည့်ခြင်းဟု ဆိုရမည်။

ဂေါ်ဖီထုပ်များကို စားနေချိန်တွင်လည်း သူမဟာ ဆီအရသာကို ရနိုင်သည်။ ထမင်းနှင့် ရောနယ်လိုက်လျှင် ၎င်း၏ အရသာမှာ ပြောမပြနိုင်လောက်အောင် ကောင်းလှ၏။

အာ့လျန်က လက်ဝေ့ယမ်းလိုက်၏၊ "သခင်လေးအတွက် အလုပ်ကောင်းကောင်းလုပ်ပေးနေသရွေ့ သခင်လေးကလည်း ကောင်းကောင်းဆက်ဆံမှာပါ!"

သူဟာ မိမိဘာသာ စဉ်းစားနေမိသည်၊ သခင်လေး၏ ပဲပိစပ်ဆီကို ထုတ်လိုက်သည်နှင့် ဆီကို ရေလိုပင် သောက်နိုင်လိမ့်မည်ပင်။

"အာ ဟုတ်သားပဲ၊ ကျွန်တော် အထည်လိပ်တစ်ခု ဝယ်လာတယ်၊ အဒေါ်နဲ့ ကိုးဇီတို့ အဝတ်ချုပ်ဖို့

အတွက်ပဲ။" အာ့လျန်က ပြော၏၊ "သခင်လေးရဲ့ အမိန့်အရပါ။"

စစ်ညန်မှာ အံ့ဩသွားကာ ကမန်းကတန်းပြောလိုက်၏၊ "ကျွန်မ ကျွန်မတို့နဲ့ မတန်......"

သခင်လေးမှာ ၎င်းတို့အား ခိုလှုံရာ၊ စောင်များပါသည့် အိပ်ရာနှင့် စားစရာတို့ကို ပေးခဲ့သည်။ သူမ ယခင်က မိုးရွာသည့်နေ့များ၌ ယိမ်းထိုးနေတတ်‌သော မြက်ခြောက်တဲလေးတွင် နေထိုင်စဉ်ကနှင့် ယှဉ်လျှင် ဘဝမှာ များစွာ ပိုကောင်းလာသည်။ ထို့အပြင် ၎င်းသာမက အဝတ်အစားသစ်များလည်း ရရှိသေးသည်!

လယ်သမားမိသားစုများတွင် အမျိုးသားများသာ အဝတ်အစားသစ်များကို ရရှိသည်။ ၎င်းတို့ဝတ်သည့် အဝတ်များ ဟောင်းလာသည်နှင့် အမျိုးသမီးများက ၎င်းကို ဖာထေး၍ ဝတ်ဆင်ကြရ၏။ အဝတ်များ အရမ်းစုတ်သွားလျှင် အမျိုးသမီးများအနေဖြင့် ၎င်းတို့အား အရွယ်အစားသေးအောင် ပြောင်းချုပ်၍ ကလေးများထံ ပေးကြသည်။မွေးကတည်းက သူမဟာ ဘယ်တုန်းကမှ အဝတ်သစ်များကို မဝတ်ခဲ့ရဖူးချေ။ ၎င်းတို့အား အမြဲ တစ်ယောက်ယောက်က ပိုင်ဆိုင်ထားဖူးပြီးသားပင်။

"အဝတ်အစားအသစ်တော့ မလိုပါဘူး" စစ်ညန်က ပြောရင်း မျက်ရည်များပင် ကျဆင်းလာသည်။ သူမဟာ မကြာခဏ သူမယောက်ျားနှင့် ကလေးများကို ဦးစားပေးရသဖြင့် အစားကိုလည်း ပြည့်ပြည့်ဝဝ မစားနိုင်ခဲ့ပေ။ ထိုအစား အဆာခံနိုင်ရန် ရေသောက်ခဲ့ရပြီး ဤနေရာသို့ လာသည့်လမ်းတွင် သစ်ခေါက်များနှင့် မြေစာဥများကို အထောက်အကူဖြစ်အောင် စားခဲ့ရသေးသည်။

သူမဟာ အရိုးစုလို ပိန်ပါးကာ၊ အသားအရည်က ရာသီဥတုဒဏ်ခံထားရပြီး ပါးလျကာ လက်မောင်းများကလည်း သစ်ပင်အကိုင်းလွတ်နှင့်ပင် ဆင်တူနေသေးသည်။ သူမ၏ မျက်ရည်များထံတွင် သစ်တော်ပန်းပွင့်ပေါ်ရှိ မိုးရည်စက်လို ဆွဲဆောင်မှုလည်းမရှိသလို အလှလေးတစ်ဦး၏ မျက်နှာထက်မှ မျက်ရည်များနှင့်လည်း မတူပေ။ ၎င်းက လူများကိုသာ

ဝမ်းနည်းစေသည်။ ကိုးဇီကလည်း ပြော၏၊ "အစ်ကို အာ့လျန်၊ ကျွန်တော့်မေမေနဲ့ ကျွန်တော် ဘာအင်္ကျီအသစ်မှ မလိုပါဘူး။"

အာ့လျန်က အံ့ဩသွားကာ၊ "မင်းတို့ မအေးဘူးလား?"

၎င်းတို့နှင့် မတူညီစွာ အာ့လျန်မှာ မိသားစု အစေခံဖြစ်သောကြောင့် သူ၏ မိဘများက သူ မ‌မွေးခင်ကပင် လင်းမိသားစု အစေခံများဖြစ်ခဲ့သည်။ ၎င်းတို့ထံ၌ ကိုယ်ပိုင် ပိုင်ဆိုင်မှုလည်း ဘာမှ မရှိဘဲ လင်းမိသားစုအိမ်တော်၌ နေထိုင်၍ လင်းမိသားစု အဝတ်များကို ဝတ်ရသည်။ ၎င်းတို့ တစ်ဘဝလုံး မွေးရာမှ သေဆုံးသည်အထိ လင်မိသားစု၌သာ ကုန်ဆုံးခဲ့သည်။

ထို့ကြောင့် သခင်က ၎င်းတို့အား ဘာပေးပေး ၎င်းတို့ထံတွင် မည်သည့် သံသယမှမရှိသလို မထိုက်တန်ဟု တွေးဖူးသည်လည်း မရှိပါစေ။

ထို့ကြောင့် အာ့လျန်မှာ ဤသားအမိ၏ ခံစားချက်ကို

နားမလည်နိုင်ဖြစ်နေသည်။ ကိုးဇီက သူ၏ အင်္ကျီကော်လံကို ဆွဲ၍ အာ့လျန်အား အတွင်းတွင် သိပ်ထည့်ထားသည့် မြက်ခြောက်ကို ဂုဏ်ယူစွာ ပြလိုက်၏၊ ကျွန်တော် လုံးပြီး ကိုယ့်ဘာသာ ထည့်ထားတာ အရမ်းနွေးပါတယ်"

အာ့လျန်က ၎င်းကို ထိဖို့လက်လှမ်းလိုက်သည်။ ၎င်းတို့အား လုံးထားရာ နူးညံ့နေပြီး ထင်ထားသလို ခပ်စူးစူးဖြစ်မနေဘဲ အသားနှင့် ကပ်နေသဖြင့် ကိုးဇီပြောသလို နွေးထွေးနေသည်။

"ငါအရင်က ဒါမျိုး မလုပ်ကြည့်ဖူးဘူး!" အာ့လျန်က စိတ်ဝင်စားသွားပုံရသည်၊ "နောက်ကျရင် ငါ့ကိုလည်း မြက်ခြောက်တချို့ ထည့်ဖို့ ကူညီပေးပါဦး"

သူဟာ ၎င်းကို ကစားစရာလို သတ်မှတ်ထားသည်။

အာ့လျန်က လင်းယွမ်နှင့် တစ်အိပ်ရာတည်း အတူ အိပ်ဖြစ်သည်။ နေရာက သိပ်မကြီးလှရာ သူဟာ အာ့လျန်အား ကြမ်းပြင်၌ အိပ်ရာမခင်းခိုင်းနေတော့ပေ။ အာ့လျန်က လူကောင်သေးသေးနှင့် ကလေးဖြစ်နေ

ဆဲဖြစ်ပြီး နေရာများများစားစားမယူချေ။ ထို့အပြင် လူနှစ်ဦးဆိုလျှင် ပို၍ နွေးထွေးစွာ အိပ်ရသည်။

"ကျွန်တော် သခင်လေးအတွက် ရေနွေးအိတ်သွားဝယ်ပေးခဲ့သင့်တယ်" အာ့လျန်မှာ သူဟာ အလုံအလောက် အာရုံစိုက်ခဲ့သည်ဟု မထင်သဖြင့် အပြစ်ရှိစိတ်ဖြစ်လာ၏၊ "ကျွန်တော် တကယ်ကြီး အဲ့လိုအရေးကြီးတာကို မေ့သွားတယ်။ အဖေသာကြားရင် သေချာပေါက် ကျွန်တော့်ကို ဆူမှာပဲ။"

လင်းယွမ်မှာ အာ့လျန်ပေါ်သို့ လက်မောင်းတစ်ဖက်တင်လိုက်ရင်း အိပ်ချင်မူးတူးဖြင့် ပြောလာသည်၊ "အိပ်တော့ မင်းအဖေက ဒီမှာ မရှိဘူး"

အာ့လျန်လည်းအနည်းငယ်မျှ ပိုမို ပွစိပွစိလုပ်နေသေးသော်ငြား လင်းယွမ်က မသိတော့ဘဲ အိပ်မောကျသွားတော့၏။

နောက်နေ့မနက်ခင်း အစောပိုင်းတွင်ပင် စစ်ညန်မှာ မနက်စာ ကြက်ဥလိပ်၊ ဂျုံမုန့်ချောင်းကြော်တို့ အပြင် တို့ဖူးဆိုင်များမှ ပဲနို့ပဲ ဝယ်ကာ ပြင်ပြီးသွား

သည်။ ကိုးဇီကလည်း စောစောထ၍ ခြံဝန်းကို လှဲကျင်းနေ၏။

စစ်ညန်က စိတ်ပူနေဆဲဖြစ်ပြီး ချက်ပြုတ်ခြင်းမှာ အင်မတန် ပေါ့ပါးသော အလုပ်ဟု ခံစားရသည်။

မနက်စာစားပြီးနောက်၌ လင်းယွမ်က အာ့လျန်အား အိမ်ကို စောင့်ကြည့်ရန် နေခိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ စားသောက်ဆိုင်၌ နေရာသီးသန့်ဖယ်ထားရန်ပြောဖို့ ထွက်လာလိုက်သည်။ အိမ်တွင် လူသိပ်မရှိဆဲဖြစ်ပြီး အထူးသဖြင့် လူဆိုးများကို မောင်းထုတ်ပေးမည့် သန်မာထွားကြိုင်းသောလူများပင်။

မူလပိုင်ရှင်၏ အပါးတော်မြဲအစ်ကိုသာ ဤနေရာ၌ ရှိပါလျှင် ထို တောင့်တင်းသော ခန္ဓာကိုယ်က လူသားလက်နက်ဖြစ်လာမည်မှာ မလွဲပင်။

မကြာသေးခင်က သူတွေ့ခဲ့သော မုဆိုးမှာလည်း အဆင်ပြေသော်လည်း အမြဲတမ်းအလုပ်ဖြစ်သည်က ရှားတတ်သော တံခါးစောင့်၊ ကိုယ်ရံတော်လိုမျိုး ယာယီအလုပ်ကို စိတ်မဝင်စားသည်က ဆိုးလှ၏။

ဆိုင်နေရာ သီးသန့်ဖယ်ခိုင်းပြီးနောက် လင်းယွမ်မှာ ကျန်းကွေ၏ အိမ်သို့ သွားလည်လိုက်သည်။ ကျန်းကွေ ငှားထားသည့် နေရာမှာ လင်းယွမ်နေရာထက်ပင် ပိုသေးသော်လည်း ကျန်းကွေ၊ သူ့ဇနီးနှင့် ကလေးသာမက သူ၏ မိဘများနှင့် ယောက္ခများလည်း နေကြသည်။

သူ၏ ယောက္ခမများကလည်း ကျန်းကွေတို့ မိသားစုနှင့် အတူနေသည်ကို မြင်ပြီးနောက် လင်းယွမ်မှာ မနေနိုင်အောင် သက်ပြင်းချလိုက်မိသည်။ ကျန်းကွေမှာ လူကြီးလူကောင်းဖြစ်ဖို့ ဝေးနေသေးသော်လည်း လူဆိုးဟုလည်း ယူဆမရနိုင်ပေ။သူ၏ ယောက္ခမများက အသက်ကြီးရင့်လာပြီဖြစ်သော်လည်း ၎င်းတို့၏ သားအရင်းများက ၎င်းတို့ နေထိုင်ရေးကို ထောက်ပံ့ရန် စိတ်ထဲမရှိကြပေ။ ၎င်းတို့၏ သမီးဖြစ်သူ ကျန်းကွေ၏ ဇနီးမှာ လက်ထပ်ပြီးကတည်းက အခြားမိသားစုဝင်ဖြစ်သွားပြီဖြစ်ရာ သူမ၏ သက်ကြီးမိဘများကို စောင့်ရှောက်ဖို့ မပြောဝံ့ခဲ့ပေ။ ကျန်းကွေက သူ့ဇနီးအနေဖြင့် အကြိမ်များ

စွာ တိတ်တိတ်လေး‌ငိုနေတတ်သည်ကို သတိထားမိပြီး ရလာဒ်အနေဖြင့် ၎င်းတို့အား သူ့အိမ်သို့ ခေါ်ကာ ဂရုစိုက်ဖို့ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ပါ၏။

သူဟာ လူတစ်ဦးတည်းဖြစ်သော်လည်း သူ့ကို ထည့်မတွက်ထားလျှင် လူ ၆ဦးကို ထောက်ပံ့ရပေမည်။

လင်းယွမ်လည်း ကျန်းကွေအား တာဝန်ယူတတ်သော လူကောင်းဟု ယူဆ‌နိုင်ကြောင်း တကယ်ပဲ စဉ်းစားမိလိုက်၏။

"ဦးလေးကျန်း ကျွန်တော်က အစ်ကို ကျန်းရဲ့ သူငယ်ချင်းဖြစ်ပြီး ဒီကို တစ်ခုပို့ပေးဖို့ လာတာပါ" လင်းယွမ်က တံခါး အပြင်ကနေ အော်ပြောလိုက်သည်။

တစ်ဘက်မှ တံခါးဖွင့်လိုက်သံကို ကြားလိုက်ရကာ ဂွမ်းအင်္ကျီဝတ် လူအိုကြီးတစ်ယောက်ပေါ်လာ၏၊ "ဘာများလဲကွယ်"

လင်းယွမ်လည်း စာပို့ကဒ်ကို လှမ်းပေးလိုက်သည်၊ "မနေ့က မေ့သွားလို့ပါ၊ အစ်ကိုကျန်းကို အစ်ကို

တောက်ဆီ ဒီဖိတ်စာလေး ပို့ပေးဖို့ ဒုက္ခပေးရတော့မယ်။"

လူအိုကြီးမှာ စာမဖတ်နိုင်ပေ။ ကဒ်ထံ အကြည့်ကို စူးစိုက်ထားရင်း ခေါင်းမူးသည်ကိုသာ ခံစား‌ရ၏။ သူဟာ ခေါင်းငြိမ့်၍.. "ရပါတယ်၊ အခု သွားလို့ရပါပြီ"

လင်းယွမ်: "ဟုတ်ကဲ့ပါ၊ ဒါဆိုရင် အရင်သွားနှင့်ပါပြီ ဦးလေးကျန်း"

ဦးလေးကျန်းက လက်ယမ်းပြရင်း နားလည်ကြောင်းပြ‌နေသည်။

နေ့လည်စာကို အိမ်၌ စားဖြစ်သည်။ စစ်ညန်ကမူ သူမ၏ လက်ရှိ အခြေအနေကို သဘောကျနေသဖြင့် သူမ၏ အချက်အပြုတ်ကျွမ်းကျင်ပုံက ပျမ်းမျှသာသာ ဖြစ်နေခြင်းမှလွဲ ဆီနှင့်ဆားကို ဖောဖောသီသီသုံးတတ်လေရာ အရသာက အပြင်ဆိုင်များမှ အစားအသောက်များထက် ပိုအရသာရှိသည်။

လင်းယွမ်လည်း နေ့လည်စာစားပြီးနောက် တစ်ရေးအိပ်လိုက်ပြီး တစ်ဖန် မိမိဘာသာ မြို့တစ်ပါတ် လျှောက်သွားရန် ထွက်လာခဲ့၏။

အလုပ်သမား အယောက် ၂၀မှာ မလုံလောက်သော်လည်း လင်းယွမ်ထံ၌ သူ၏ ကိုယ်ပိုင်အစီစဉ်များရှိပေသည်။

အစ်ကိုတောက်က ယုံကြည်ရလို့လား? သူ့ရဲ့ လက်အောက်ငယ်သားတွေကရော ဘယ်လိုနေမလဲ? လင်းယွမ်မှာ အမှောင်ထဲ လုံးဝရောက်နေသဖြင့် ကျန်းကွေကို အနာဂတ်ဝင်ငွေများထဲမှ ရာခိုင်နှုန်းတစ်ခု ပေးခဲ့ခြင်းပင်။

အကျိုးအမြတ်များ မျှဝေခြင်းဖြင့် ကျန်းကွေမှာ ကိစ္စကို အလေးအနက် လုပ်ဆောင်လိမ့်မည်။ ပဲပိစပ်ဆီက ပိုက်ဆံမည်မျှလုပ်နိုင်ကြောင်း သူမြင်ပြီးသည့်နောက်တွင် သူ့ဘက်ကို လုံး‌ဝရောက်လာလိမ့်မည်။

ထို့အပြင် ဝင်ငွေ၏ ၁၀%နှင့်ဆိုလျှင် သစ္စာဖောက်

မည်ကို စိုးရိမ်ဖို့ မလိုချေ။

၎င်းတို့မှာ ယခုတွင် တစ်လှေတည်း စီးနေကြသဖြင့် ကုန်သည်အဆင့်အတန်းရှိသူတစ်ဦးအဖြစ် စာရင်းသွင်းခြင်းတွင် ဖြစ်စေ လုပ်ငန်းလည်ပတ်ခြင်းတွင်ဖြစ်စေ ကျန်းကွေလည်း ပါဝင်လုပ်ဆောင်ရမည်သာ။

ပိုက်ဆံက လူတစ်ဦး၏ ဆန္ဒကို လှုပ်ခါနိုင်ပြီး အထူးသဖြင့် ကျန်းကွေထံတွင် လုပ်ကျွေးရန် မိသားစုကြီးတစ်ခုရှိသည်။

ယခုမှစ၍ ၎င်းတို့မှာ ကြိုးတစ်ချောင်းထက်မှ နှံကောင်များဖြစ်ကြ၏။

အကျိုးအမြတ်ဖြင့် ချိတ်ဆက်ထားခြင်းကသာ လင်းယွမ်၏ စိုးရိမ်မှုများကို ရပ်တန့်နိုင်သည်။ သူဟာ အချိန်ကြာ အလုပ်‌နေရာ စီစဉ်ခြင်းအတွက် ပါဝင်ခဲ့ပြီး ညီအစ်ကိုဖြစ်စေ မိတ်ဆွေဖြစ်စေ ယုံကြည်မှုကတော့ မရှိပေ။

အကျိုးအမြတ်နှင့် အမြတ်အစွန်းတို့မှ ပြုလုပ်ထားသော အချိတ်အဆက်များကသာ ချိုးဖျက်မရနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ထိုလူ အယောက် ၂၀အတွက် လင်းယွမ်မှာ ၎င်းတို့အား ၎င်းတို့ကိုယ်ပိုင်အလုပ်များ၏ ထိပ်ဆုံးတွင် စီမံခန့်ခွဲမည့်တာဝန်ကို ပေးဖို့စီစဉ်ထားသည်။

ထိုလူများမှာ မြေအောက်လောကအကြား ရောနှောနေခြင်း၌ အတွေ့အကြုံရှိသဖြင့် ၎င်းတို့ ရှိနေလျှင် ကျန်သူများမှာ ပြဿနာ ရှာဝံ့မည်မဟုတ်ပေ။

သူကိုယ်တိုင်အတွက်မူ သူလုပ်စရာလိုသည်မှာ ဂိုဏ်းခေါင်းဆောင် အစ်ကိုတောက်၏ ထောက်ပံ့မှုကို ရရှိရန်ဖြစ်သည်။

ဘယ်လိုလဲ? လွယ်ပါတယ်။ နောက်ထပ် ဝင်ငွေ ၁၀%ကို မျှဝေပေးလိုက်။

လူတိုင်းမှာ အကျိုးအမြတ်မျှဝေခြင်း၌ ဆက်စပ်နေ

လျှင် လူတိုင်း လွယ်ကူသလို ခံစားရလိမ့်မည်။

လင်းယွမ်က သီးသန့်နေရာယူထားသည့်ဆိုင်၌ စောစောစောင့်ကာ ပေါ့ပေါ့ပါးပါးချည်အင်္ကျီတစ်ထည် ဝတ်ထားရင်း ဆိုင်၏ ဖောက်သည်များကို လေ့လာနေသည်။ လုပ်ငန်းမှာ လူအုပ်ကြီးနှင့် အမြန်အဆန်လှုပ်ရှားတတ်သော စားပွဲထိုးများနှင့်အတူ ကောင်းစွာ လုပ်ကိုင်နေပုံရသည်။

သူဟာ မန်နေဂျာက ပေသီးတွက်ခုံနှင့်တွက်ချက်ရင်း အလုပ်များသောနေရာ၌ ဗျာများနေပုံရသည်ကိုလည်း တွေ့ရသည်။

လင်းယွမ်၏ နေရာမှာ လှေကားအဆင်းမြင်ကွင်းနှင့် ဒုတိယထပ်တွင် ရှိသဖြင့် သူဟာ မကြာခင်တွင် ဘေး၌ တောင့်တင်းသန်မာသည့်လူတစ်ဦးနှင့်အတူ ကျန်းကွေကို မြင်လိုက်ရသည်။တောင့်တင်းသည့်လူမှာ ဆောင်းရာသီအေးအေးတွင် အဝတ်ပါးပါးကိုသာ ဝတ်ဆင်ထားပြီး ဆံပင်က ရှုပ်ပွနေ၏။ ထို့အပြင် သူဟာ လွတ်လပ်၍ အရိုင်းဆန်

လျက် ကျန်းဟူလောက၏ လေလွင့်သူရဲကောင်းတစ်ဦးနှင့်ပင် တူသေးသည်။ သူ၏ ခါးထက်တွင် ဓားအိမ်ပါ ဓားမြှောင်လေးတစ်လက်ကို ချိတ်ဆွဲထားရာ သူပိုင်ဆိုင်သမျှ တန်ဖိုးအရှိဆုံးအရာနှင့်ပင် တူနေ၏။

လင်းယွမ်လည်း လက်ယမ်းပြလိုက်ကာ၊ "အစ်ကို ကျန်း၊ ကျွန်တော် ဒီမှာဗျ!"

ကျန်းကွေကလည်း အော်ပြောလာသည်၊ "တက်လာပြီကွာ!"

အစ်ကိုတောက်မှာ ခြေလှမ်းကျယ်သဖြင့် အရင်ရောက်လာ၏။ လင်းယွမ်၏ ပထမဆုံးထင်မြင်ချက်က အတော်ကောင်းမွန်သည်ဟု ယူဆနိုင်သည်။

သူ့ထံ၌ လင်းယုန်မျက်ဝန်းတစ်စုံ၊ ထက်မြနက်မှောင်သော မျက်ခုံးများ၊ နှာတံစင်းစင်းနှင့် တိပသေသပ်သော နှုတ်ခမ်းများ ရှိသည်။ သူဟာ ဂိုဏ်းခေါင်းဆောင်ဖြစ်သော်ငြား အမှန်တရား၏ လေထုမျိုးရှိနေပါ၏။ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာကြည့်လျှင် သူ့အား ယုံကြည်လိုက်မိဖို့လွယ်သည်။

"အစ်ကိုကြီးတောက်" လင်းယွမ်က လက်နှစ်ဘက်ကိုအုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်၊ "ဒီညီလေးရဲ့ နာမည်က လင်းယွမ်ပါ"

အစ်ကိုတောက်လည်း ပြန်နှုတ်ဆက်လာသည်၊ "ကျုပ်ကို အစ်ကိုတောက်လို့ပဲခေါ်ပါ"

ကြည့်ရသည်မှာ သူဟာ သူ၏ အမည်ရင်းကို ဖော်ပြလိုပုံမရပေ။

ကျန်းကွေက ပြောသည်၊ "ဘာလို့ ရပ်နေကြတာလဲ? မြန်မြန်လာထိုင်၊ ငါတို့ ညီအစ်ကိုသုံးယောက် အရေးကြီးကိစ္စတွေဆွေးနွေးရင်း သေရည်သောက်ပြီး အသားစားသင့်တယ်။"

လင်းယွမ်မှာ သူ၏ မျက်နှာသာပေးမှုအလိုက် ကိုင်တွယ်၍ရနိုင်သူများနှင့် နက်နက်ရှိုင်းရှိုင်းရင်းနှီးပါ၏။ မတိုင်ခင်က သူဟာ ဟိုဟိုသည်သည်အကြောင်း ပြောကြသော ဖောက်သည်များနှင့် ကြုံခဲ့ရပြီး ယခုတွင် ကျန်းဟွေ့နှင့် အစ်ကိုတောက်တို့နှင့်

ကြုံနေရချိန်၌ ပို၍လွယ်ကူလာသည်။

"အစ်ကိုကျန်း ထိုင်ပါ" လင်းယွမ်က ၎င်းတို့ ပန်းကန်လုံးများထဲ ဝိုင်လောင်းထည့်၍ အပြုံးဖြင့်ပြောလိုက်သည်၊ "အရင်ဆုံး ကျွန်တော့်ရဲ့ လုပ်ငန်းအကြောင်း ပြောကြတာပေါ့"

ကျန်းကွေနှင့်အစ်ကိုတောက်တို့က သူ့အား အမေးသဘောဖြင့် ကြည့်လိုက်သည်၊

ဒါက အလုပ်ခန့်မယ့်အကြောင်းမဟုတ်ဘူးလား?

လင်းယွမ်က သူ၏အင်္ကျီလက်ထဲ၌ ဆွဲရမည့်ကဒ်ရှိနေသည့်နှယ် ယုံကြည်မှုရှိရှိပြောလိုက်ပြီး တွေးတောလိုက်သည်၊

"ငါသာ ကိတ်မုန့်အပိုင်းကြီးကို မချပြရင် အခု ဘယ်သူ့ကိုမဆို ဆွဲဆောင်ဖို့က ဖြစ်နိုင်ပါ့မလား?"

••••••••

စာရေးသူ၏မှတ်ချက်။

လင်းယွမ်: "တခြားလူတွေဆီကနေ အခွင့်ကောင်း အမြဲယူနေမိတာ ငါပါလား"

ကျန်းကွေနှင့်အစ်ကိုတောက်: "...."

အပိုင်း (၅).....ပြီး✨။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment