no

Font
Theme

Chapter 10




ဖန်းလီသည် ခေါင်းကိုမော့၍ ရှဲ့ဟွိုင်အား မှိုင်တွေစွာ ကြည့်နေသည်။




အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသောလူငယ်သည် ဝါးအိမ်ရှေ့၌ တိတ်ဆိတ်စွာရပ်နေပြီး သူ၏ဝတ်စုံသည် လေတိုက်ခတ်မှုကြောင့် လွင့်နေသည်။ သူ၏အေးချမ်းသောမျက်နှာ၌ နေဝင်ဆည်းဆာ၏နောက်ဆုံးအလင်းတန်းများ ရောင်ပြန်ဟပ်နေသည်။ ဤကဲ့သို့သော လှပသည့်မြင်ကွင်းသည်…… မကြာသေးမီက အိပ်မက်ဆိုးမှ ပြန်လည်သတိဝင်လာသော်ငြား တစ်ဝက်တစ်ပျက်စစ်မှန်ပြီး တစ်ဝက်တစ်ပျက် မှားယွင်းနေသည့်အချိန်၌ ဤသည်မှာ အိပ်မက်လား လက်တွေ့လားဆိုသည်အား ခွဲခြားရန် ခက်ခဲသည်။




【စနစ်သည် စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်နေသည်- အရှင်, အရှင်, အရှင်, အရှင်အဆင်ပြေရဲ့လား?!!! 】’အခုလို အော်နေတာ ကြာနေပြီ၊ ဒါပေမဲ့  အရှင်က မကြားသလို နေနေတယ်။’ ဒါက သူ့အပြစ်ပဲ…… သူသည် အရှင်ကို ရန်ဆွေး၏မှတ်ဉာဏ်များသည် အန္တရာယ်ရှိသည်ဆိုတာ ပိုစောပြီး ပြောခဲ့သင့်သည်!!!




အကျွမ်းတဝင်ရှိသောအသံသည် သူ၏စိတ်ထဲ၌ ပေါ်လာသည်။




ယခုကဲ့သို့ မမျှော်လင့်ဘဲ ရန်ဆွေးအိပ်မက်ဆိုးထဲသို့ နစ်ဝင်သွားသည်။ ထင်ရှားသည့်အော်သံမရှိလျှင် သူသည် အိပ်မက်ထဲ၌ပင် ပိတ်မိနေမှာ ကြောက်မိသည်။




‘ဒီနေရာမှာ အခြားသူတွေ မရှိဘူး၊ အဲတော့ ရှဲ့ဟွိုင်ပဲဖြစ်ရမယ်။’




ထိုအချိန်၌ သူသည် အားအနည်းဆုံးနှင့် အကာအကွယ်မဲ့ဆုံးဖြစ်နေသည်။ လမ်းလျှောက်တတ်ဖို့ သင်ယူနေဆဲ ကလေးငယ်တစ်ယောက်ပင်လျှင် ဓားကိုင်ပြီး သူ့အားသတ်နိုင်သည်။ ဒါက အခွင့်အရေးကောင်းတစ်ခုပဲ…… ‘ရှဲ့ဟွိုင်က သူ့ကို မသတ်ခဲ့ဘူး၊ ပြည်သူတွေကို ကာကွယ်ဖို့ဆိုတဲ့ နာမည်ကောင်းနဲ့တောင် မသတ်ခဲ့ဘူး၊ သူ့ကိုကယ်တင်ခဲ့တယ်။’




ဖန်းလီသည် ရှဲ့ဟွိုင်ထံ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာနှင့် ကြည့်ပြီး အားနည်းနေသည့်အသံဖြင့် ပြောသည်၊ “မင်းဒီမှာ ဘာလုပ်နေတာလဲ။”




ရှဲ့ဟွိုင်၏မျက်နှာသည် အေးစက်ပြီး အေးဆေးတည်ငြိမ်နေသည်၊ သူ့မျက်နှာသည် ဂရုမစိုက်သကဲ့သို့ပင်။ “စိတ်ရှင်းအောင် တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာနေတာ။ ဒီနေရာကို ငါမလာရဘူးလား။”




ဖန်းလီသည် သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထားသည်မဟုတ်ပါ၊ ဒါ့အပြင် မှော်နန်းတော်တစ်ခုလုံးကို လွယ်လွယ်ကူကူ စုံစမ်းထားသည်။ ‘လျှို့ဝှက်နေရာတွေ မရှိဘူး၊ တားမြစ်ထားတဲ့နေရာဆိုတာလည်း ဓားတစ်လက်ပဲ ထားထားတယ်။’




ကောင်းကင်ကို ထိုးဖောက်၍ ပင်လယ်ကို ခွဲထုတ်နိုင်သည့် နတ်လက်နက်မဟုတ်ပါ၊ သာမန်ဓားတစ်လက်သာ ဖြစ်သည်။ စုတ်ပြဲနေကာ စွမ်းအင်အနည်းငယ်သာ ကျန်တော့သည်။




ဤသည်မှာ သူ၏တန်ဖိုးထက် သူ၏အရေးပါမှုမှာ ပိုကြီးသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။




ရှဲ့ဟွိုင်သည် ဤဓား၏ထူးခြားချက်ကို မမြင်နိုင်ပါ။ ဤအရာသည် မပျက်စီးခင်ကပင် တန်ဖိုးရှိသည့်ရတနာတစ်ခုဟု မယူဆနိုင်။ ပျက်စီးသွားသည့်အခါ စွမ်းအင်နှင့် ပြုစုပျိုးထောင်ပေးမည့် ပိုင်ရှင်မရှိတော့ဘဲ ယခုဆိုလျှင် အသုံးမဝင်သည့်သတ္တုတုံးတစ်ခုသာပင်……… သို့သော် ဖန်းလီအတွက်မူ ဤဓားသည် သာမန်မဟုတ်သည့် အရေးပါမှုရှိသည်။ သူသည် ဤလူ၏မသိရသည့်မျက်နှာအစစ်အား သိချင်စိတ်နည်းနည်း ဖြစ်လာသည်၊ ထို့ကြောင့် ဝါးတောထဲ၌ တိတ်တဆိတ် နေ,နေသည်။




သို့ရာတွင် ဖန်းလီသည် ဓားကို ထိသည်နှင့် အိပ်မက်ဆိုးထဲ ရောက်သွားမည်ဟု သူမထင်မိပါ၊ စိတ်ရောဂါဖြစ်လာမည့်လက္ခဏာများ ပြလာသည်။




သူထွက်သွားသင့်သည်၊ သို့မဟုတ် သူ့ကိုသတ်ပစ်ရန် အခွင့်အရေးအား အသုံးချသင့်သည်။ ဤအန္တရာယ်ကို ထာဝရအတွက်ဖြေရှင်းသင့်သည်။




သို့သော် ဖန်းလီ၏နာကျင်နေသည့်မျက်နှာကို သူကြည့်မိသည်။ သွေးနီရဲနေသည့်မျက်လုံးများ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသည့်မျက်နှာပေါ်မှ အပြာရောင်သွေးကြောများ ပေါ်လာသည်။ တစ်စက္ကန့်အတွင်း၌ ဖန်းလီသည် အတိတ်၏ဝေဒနာများထဲ၌ နစ်မြုပ်သွားသည်၊ လွတ်မြောက်ရန် ကြိုးစားနေသည့် ရေနစ်နေသောလူတစ်ယောက်ကဲ့သို့… ။




သူသည် ထာဝရပြီးဆုံးမှာမဟုတ်သည့် အိပ်မက်ထဲတွင် ပိတ်မိနေသည်။ ငရဲထဲ၌ နစ်မြုပ်နေသည်။ မည်သူမှ သူ့အား ဆွဲထုတ်ပေးမည်မဟုတ်ပါ။ သူ့ဝိညာဉ်သည် စုတ်ပြတ်ပြီး ပျံ့လွင့်သွားလျှင်ပင် လွတ်မြောက်မည်မဟုတ်ပါ……




ဤလူသည် နောက်ဆုံး၌ သူ၏အတုအယောင်များအား ချွတ်ချလိုက်ကာ သူ၏အတွင်းထဲ၌ ဖုံးကွယ်ထားသည့်မျက်နှာစစ်အား ထုတ်ပြလိုက်သည်။ ‘ဒီမြင်ကွင်းကို ရှဲ့ဟွိုင်မြင်ချင်တာလား။’




ရှဲ့ဟွိုင်သည် မျက်လုံးမှိတ်လိုက်ပြီး သူမသိလိုက်ခင်မှာပင် ဖန်းလီနိုးအောင် အော်လိုက်သည်။




‘သူဘာလို့ ဒီလိုလုပ်မိတာလဲ။’




ဤသို့ပြုမူခြင်းသည် ဤလူ အကူအညီမဲ့နေသည့်၊ စိတ်ပျက်စရာကောင်းသည့်ပုံစံမျိုးနှင့် ပေါ်လာသည်အား မမြင်ချင်မှန်း သိလိုက်သည်။ သူဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ အနည်းငယ်တွေးမိသည်။




‘ဘာကြောင့် ဒီနေရာကို ဘယ်သူ့ကိုမှ လာခွင့်မပေးတာလဲ။ ဒီနေရာက မှတ်ဉာဏ်တွေက နာကျင်စရာကောင်းလို့လား၊ ဒါပေမဲ့ မင်းက ဒါကို လွှတ်လိုက်လို့မရဘူးလား……?’




ရှဲ့ဟွိုင်သည် နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ၏ဤအတွေးများသည် အန္တရာယ်ရှိသည်ကို သိသည်။ ဤကမ္ဘာတွင် ဆင်းရဲဒုက္ခမျိုးစုံရှိပြီး မည်သူ၏အတိတ်ကမဆို ပျက်စီးယိုယွင်းမှုထဲတွင် နစ်မြုပ်နေရန် အကြောင်းပြချက်မဟုတ်ပါ။ သူသည် မကောင်းသောလမ်းအား ရွေးချယ်ခဲ့ပြီးပါက သူ့ရွေးချယ်မှု၏ဒဏ်ကို ခံယူသင့်သည်။




မှန်ပါတယ်၊ သူသည် ထိုလူကို သနားကြင်နာသောကြောင့် မဟုတ်ပါ။ သူသည် သူ၏အရေးကြီးသောအခြေအနေကို အခွင့်ကောင်းယူလိုခြင်းမဟုတ်ပါ။




ရှဲ့ဟွိုင်သည် ထိုကဲ့သို့ တစ်ယောက်တည်းတွေးနေသည်။




ယနေ့အတွက် အသုံးဝင်သောအချက်အလက်များ မရရှိခဲ့သည်မှာ ဝမ်းနည်းစရာပင်။




ရှဲ့ဟွိုင်သည် သူ၏အာရုံကို ဖြည်းဖြည်းချင်း ပြောင်းလိုက်ပြီး ဖန်းလီထံ မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။




အကယ်၍ သူသည် ယခုအချိန်၌ ကောင်းသည်ကို မသိသေးပါက ရှဲ့ဟွိုင်သည် သူ၏လုပ်ရပ်များအား နောင်တရကာ ပြန်လာပြီး သူ၏ဓားဖြင့် ထိုးသွင်းခြင်းခံရနိုင်ခြေ မြင့်မားသည်။




သူသည် ကြာမြင့်စွာ စဉ်းစားပြီးနောက် သူနှင့်ရှဲ့ဟွိုင်၏လက်ရှိအခြေအနေများအရ ရှဲ့ဟွိုင်မလုပ်ခဲ့သည့်တစ်ခုတည်းသောအကြောင်းပြချက်မှာ သူသည် ဂုဏ်သိက္ခာရှိသောလူတစ်ဦးဖြစ်ပြီး အခြားသူ၏အရေးပေါ်အခြေအနေအား အခွင့်ကောင်းယူရန် မလိုလားသောကြောင့်ဖြစ်သည်။




သို့သော် အမှန်တကယ်တွင် ရှဲ့ဟွိုင်သည် သူ့ကို မသတ်ခဲ့သည်မှာ ဖန်းလီအတွက် ရာနှုန်းပြည့် အံ့အားသင့်စရာဖြစ်သည်။




သူသည် မူရင်းဇာတ်လမ်းကို ဖတ်ဖူးပြီး ရှဲ့ဟွိုင်သည် မကောင်းမှုများကို ဖယ်ရှားရန်၊ မကောင်းသောသူများအား အပြစ်ပေးရန်နှင့် မကောင်းမှုများကို အမြစ်ဖြတ်ရန် သူ၏ဘဝကို မြှုပ်နှံထားသည်ကို သိသော်လည်း၊ သူသည် ဤလောကတစ်ခွင်လေးစားခံရသူဖြစ်သော်လည်း… ရှဲ့ဟွိုင်သည် မည်သူ့ကိုမဆို ကြင်နာသနားတတ်သူ မဟုတ်ပါ။ သူ့၌ ကရုဏာစိတ်၊ သည်းခံသောလက်၊ မဆုံးဖြတ်နိုင်ခြင်း၊ မတွေးတောခြင်း၊ အလွန်အမင်းစိတ်ထိခိုက်လွယ်ခြင်းကဲ့သို့သော


အရာများ မရှိပါ။




သူသည် မကောင်းသော ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ ရာနှုန်းပြည့် ကြမ်းတမ်းပြီး၊ မျက်တောင်ပင်မခတ်ဘဲ သတ်ပစ်လိုက်သည်။ သူသည် သွေးအေးစွာသတ်ပစ်နိုင်သည်။ သူ၏စဉ်းစားပုံမှာ နက်ရှိုင်းကာ မည်သို့သော ကြောင်းအရာများဖြင့် သူ၏ဆုံးဖြတ်ချက်အား လွယ်လွယ်ကူကူ မ‌ပြောင်းလဲပါ။




သူသည် ဘယ်သောအခါမှ သက်ရှိအားလုံး၏ ဆင်းရဲဒုက္ခအား ဖြေရှင်းနိုင်ရန် ကြိုးစားနေသော သန့်ရှင်းသူမဟုတ်ဘဲ၊ မကောင်းသောနတ်ဆိုးများအား ဖြတ်တောက်သောသေမင်း၏ဓားတစ်လက် ဖြစ်သည်။




ကောင်းမှု၊ အမှန်၊ အလှတို့ဖြင့် ပြုလုပ်ထားသောဇာတ်လိုက်”ရှို” ဖြစ်သည့်အတိုင်း!




အကယ်၍ ဖန်းလီသည် သူ့နေရာတွင် ရှိခဲ့ပါက ဤကဲ့သို့ မကောင်းမှုကို ကြင်နာခြင်းဖြင့် ပြန်လည်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။




【 စနစ်: အရှင်, အရှင်, အရှင်, အရှင်အခုတကယ်အဆင်ပြေပြီလား? QAQ 】




ဖန်းလီသည် နောက်ဆုံးတွင် စနစ်ကို တုံ့ပြန်ရန် အားရှိလာသည်။ သူသည် “ငါ အခုအဆင်ပြေသွပြီ” ဟု ပြောကာရယ်မောလိုက်သည်။




စနစ်သည် သူ၏အတိတ်အမှားများကို ပြန်လည်ဖြည့်ဆည်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် အရှင်အား ရန်ဆွေး၏မှတ်ဥာဏ်များကို မပေးခဲ့သင့်ပါ။ အရှင်သည် ယခင်ကပြဿနာများနှင့် မကြုံခဲ့ရသော်လည်း နောင်တွင် မကြုံတွေ့ရနိုင်သည်ဟု မဆိုနိုင်ပါ။ အကယ်၍ သူသည် အခြားမတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ပြီး ရှဲ့ဟွိုင်သည် ကူညီရန် မရှိ‌နေပါက အရှင်သည် တကယ်ပင် နိုးထနိုင်မည် မဟုတ်ကြောင်း သူသိသည်။ ဤဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ စနစ်သည် မိမိကိုယ်ကို အဆုံးမရှိ ပြစ်တင်ရှုံ့ချမိသည်။




【 စနစ်: ရန်ဆွေးရဲ့မှတ်ဥာဏ်တွေကို ပြန်လည်သိမ်းဆည်းပေးနိုင်ပါတယ်။ 】




ဖန်းလီသည် ပြုံးရယ်ကာ ခေါင်းခါလိုက်သည်။ “မလိုပါဘူး။”




သူသည် ယခင်က တကယ်ပင် သတိမမူမိသော အခိုက်အတန့်တစ်ခု ရှိခဲ့သော်လည်း အိပ်မက်ဆိုးသည် သူ့အား ထောင်ချောက်ဆင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူသည် သတိမထားမိသောကြောင့် ဖြစ်သည်။ ဝါးဓားသည် ရန်ဆွေး၏မှတ်ဥာဏ်များအား ဖွင့်ပေးသော ခလုတ်တစ်ခုဖြစ်ပြီး အိပ်မက်ဆိုး၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် သူသည် လွတ်မြောက်ရန် မတတ်နိုင်ခဲ့ခြင်းဖြစ်သည်…… 




သို့သော် ဤကဲ့သို့သောအရာသည် ထောင်ချောက်တစ်ခုနှင့်တူသည်။ တူညီသောနေရာတွင် တူညီသောအနေအထားသည် ပထမအကြိမ်၌ သတိမထားမိသော်လည်း တစ်စုံတစ်ယောက်သိသွားပါက ထိုအရာသည် မည်သည့်အသုံးဝင်မှုမျှ မရှိတော့ပါ။




ထို့အပြင် ဤသည်မှာ နေရာတိုင်း၌ သေလောက်သော အန္တရာယ်များရှိသည့်လေ့ကျင့်မှုကမ္ဘာဖြစ်သည်။ မှတ်ဥာဏ်များနှင့် ဤလောကဆိုသောနှစ်ခု၌ မည်သည်က ပို၍အန္တရာယ်ရှိသည်ကို ပြောနိုင်ရန် ခက်ခဲသည်။




ဖန်းလီသည် ခါးကုန်းလိုက်ကာ မြေပေါ်မှ ဝါးဓားကို ကောက်ယူလိုက်သည်။ ယခင်က သူထောင်ချောက်ဆင်ခံရစဉ်က မြေပေါ်သို့ မတော်တဆပြုတ်ကျသွားခဲ့သည်။




စနစ်သည် အရှင်ကို နားချရန် စဉ်းစားနေစဉ် အရှင်သည် ထိုဓားအား ထိရန် ဝံ့ကြောက်မည်ကို မထင်ခဲ့ပေ။ သူသည် ချက်ချင်းပင် အရောင်ပျောက်သွားကာ ချော်ကျသွားခဲ့သည်။




သို့သော် ဤအကြိမ်၌ ဖန်းလီ ဘာမှမဖြစ်ခဲ့သည်မှာ အံ့သြစရာဖြစ်သည်။ သူသည် ဓားအားကောက်ယူပြီး ဖုန်မှုန့်များကို ဂရုတစိုက်သုတ်လိုက်ကာ နေရာတကျပြန်ထားလိုက်သည်။




ဖန်းလီသည် အပြင်ဘက်သို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။ ထွက်ခွာမသွားမီ သူသည် တစ်ကိုယ်တည်းရှိနေသောဝါးအိမ်ထံ ပြန်လှည့်ကြည့်လိုက်သည်။




ဤလောက၌ လူတစ်ဦးအား မျှော်လင့်ချက်တစ်စမျှ မပေးခဲ့ခြင်းသည် မျှော်လင့်ချက်ပေးပြီးနောက် စုတ်ပြတ်သတ်သည်အထိချေမှုန်းလိုက်သည်ထက် ပိုကောင်းနိုင်သည်။




သူ၏အဖြူရောင်ဝတ်စုံသည် သွေးစိုနေသည်ဖြစ်စေ၊ မျှော်လင့်ချက်ကင်းမဲ့သောအခြေအနေ၌ နစ်မြုပ်နေသည်ဖြစ်စေ သူ၏မှတ်ဉာဏ်ထဲတွင် ရန်ဆွေးအား ကာကွယ်ပေးခဲ့သူသည် တစ်လှမ်းမျှ နောက်ပြန်မဆုတ်ခဲ့ပေ။ နောက်ဆုံးအချိန်အထိ သူသည် သူ့ကိုယ်ခန္ဓာဖြင့် ကာကွယ်ပေးလိုခဲ့သည်။ သူသည် ထိုနေရာတွင် ရပ်နေသရွေ့ ဤလောကကို ကြောက်စရာမလိုဟု ထင်ရသည်......




ယခင်က ရှဲ့ဟွိုင်သည် နတ်ဆိုးကျင့်ကြံသူ သောင်းခြောက်ထောင်နှင့် ရင်ဆိုင်ခဲ့သည့်အခါ သူ၏လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး တိမ်လွှာနှင်းမှုန်ဂိုဏ်းတပည့်များရှေ့တွင် ရပ်နေခဲ့သည်။ သူ၏အဖြူရောင်ဝတ်စုံသည် သွေးစိုနေပြီး တစ်လှမ်းမျှ နောက်ပြန်မဆုတ်ဘဲ သူကာကွယ်လိုသော လူများအား ကာကွယ်ရန် အဆုံးမဲ့ငရဲထဲသို့ ကျဆင်းရန် ဆန္ဒရှိခဲ့သည်......




ရှဲ့ဟွိုင်သည် ထိုလူနှင့် အလွန်ဆင်တူသည်။


သို့သော် ကံမကောင်းစွာပင် ရှဲ့ဟွိုင် ကာကွယ်ရန် ရပ်တည်နေသူမှာ သူမဟုတ်ပေ။ သူ့အတွက်မူ သူသည် ဤဘဝတွင် ထိုကဲ့သို့သောလူကို နောက်တစ်ကြိမ် ထပ်မံတွေ့ကြုံရမည် မဟုတ်ပေ။




ဖန်းလီသည် ရန်ဆွေးကိုယ်တိုင် နစ်မြုပ်ရခြင်း၏အကြောင်းရင်းအား အနည်းငယ်နားလည်လာသကဲ့သို့ ခံစားရသည်။




အကြောင်းအရင်းမှာ သူသည် လွတ်မြောက်ပြီး ထွက်ပြေးရန် လုံးဝမလိုချင်ခဲ့၍ဖြစ်သည်။




သူသည် ရှဲ့ဟွိုင်အား ချစ်ကြိုက်မည်ဆိုသည်မှာ မူရင်းဇာတ်လမ်းထဲကကဲ့သို့ အချိန်ကြာလာသည်နှင့်အမျှ ချစ်ခြင်းမေတ္တာသက်ဝင်လာခြင်းကြောင့်မဟုတ်ပေ..... 




ဖြစ်နိုင်သည်မှာ သူသည် အမြဲတမ်း လက်တွေ့မဖြစ်နိုင်သောအိပ်မက်အား လိုက်ဖမ်းနေခြင်းသာဖြစ်သည်။ ထိုအရာသည် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ကြောင်း သိသော်လည်း လက်လွှတ်ရန် မတတ်နိုင်ခဲ့ပေ......




သူ၏တိုတောင်းပြီး ဝမ်းနည်းဖွယ်ကောင်းသောဘဝတစ်လျှောက်လုံး၌ ထိုအရာသည် သူထိန်းသိမ်းလိုသောတစ်ခုတည်းသောအရာ ဖြစ်သော်လည်း မည်သို့ပင်ကြိုးစားကြိုးစား ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ......




ကံမကောင်းစွာပင် အဆုံး၌မူ သူ့အတွက် မဟုတ်ပေ..... တစ်စုံတစ်ရာကို သိမ်းဆည်းထားရန် ကြိုးစားခြင်းသည် မိမိကိုယ်ကို လှည့်စားခြင်းသာဖြစ်သည်။



ဤနေ့ရက်များ၌ စနစ်သည် အဆက်မပြတ် စိုးရိမ်နေသည်။ အရှင်က အဆင်ပြေကြောင်း ပြောထားသော်လည်း သူသည် တကယ်ပင် လုံးဝအဆင်ပြေနေသည်လား။




ဖန်းလီသည်လည်း စနစ်သည် တကယ်ပင် အလွန်အကျွံတွေးနေသည်ဟု ထင်မိသည်။




ထိုသေးငယ်သောအရာများနှင့် နှိုင်းယှဉ်ပါက ဖန်းလီသည် ဤနေ့ရက်များ၌ လုပ်စရာများ များပြားလာခြင်းအား ပို၍စိတ်ပျက်နေသည်။




တုမန်သည် နယ်မြေတစ်ခုအား သိမ်းပိုက်ခဲ့ပြီး ၎င်းတို့၏နယ်မြေသည် နောက်တစ်ကြိမ် ကျယ်ပြန့်လာခဲ့သည်။ မကောင်းဆိုးဝါးများ စုပေါင်းလာသည့်အခါ သူတို့အား ခုခံနိုင်သော တရားမျှတသည့်ဂိုဏ်းများ မရှိသလောက်ဖြစ်လာပြီး သူတို့၏နယ်မြေသည် မကြာသေးမီကပင် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်......




နယ်မြေကျယ်ပြန့်လာခြင်းသည် လက်ဆောင်များအား ခွဲဝေရန် မေးခွန်းကို ဖြစ်ပေါ်လာစေသည်။ 




ဤအရာကြောင့် နတ်ဆိုးဂိုဏ်းများစွာသည် သူ့ရှေ့၌ ဆူဆူညံညံ ဖြစ်လာခဲ့ပြီး အငြင်းပွားနေကြသည်။ သူသည် ထိုအရာအား ဂရုမစိုက်လိုသော်လည်း သည်းခံပြီးနားထောင်နေရသည်။




ဤနတ်ဆိုးအရှင်နေရာသည် ဧကရာဇ်တစ်ဦးနှင့် အနည်းငယ်ဆင်တူသော်လည်း ဧကရာဇ်တစ်ဦးအဖြစ် ကိစ္စများအား ကိုင်တွယ်ခြင်းသည် အလွန်ပင်ပန်းစေသော အလုပ်ဖြစ်သည်။ ရှုပ်ထွေးသောဧကရာဇ်များသာ သက်တောင့်သက်သာရှိပြီး စိုးရိမ်ပူပန်မှုကင်းသောဘဝများကို နေထိုင်ကြသည်။




ဖန်းလီသည် နိုင်ငံအား ဖျက်ဆီးခဲ့သောဧကရာဇ်အဖြစ် အဆုံးတိုင် ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။




အလုပ်မှ ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ လောက၏သုခချမ်းသာအား လိုက်စားခြင်းဖြစ်သည်။ မကြာသေးမီက ဖန်းလီသည် ရှဲ့ဟွိုင်ထံသို့ သွားရောက်လည်ပတ်ရန် နှစ်သက်လာခဲ့သည်။ ယခင်တုန်းက အရေးကိစ္စကြောင့် ဖန်းလီ၏ရှဲ့ဟွိုင်အပေါ်ကျေးဇူးသည် ထပ်မံတိုးလာခဲ့သည်။ ကျေးဇူးကို ကျေးဇူးတင်သော စိတ်ထားဖြင့် မကောင်းမှုအား ပြန်လည်ကုစားပေးသော တရားမျှတမှု၏တောက်ပသော အလင်းရောင်အား ထုတ်လွှတ်ပေးသော၊ မြင့်မြတ်သောဂုဏ်သိက္ခာရှိသူသည် မကောင်းသော သို့မဟုတ် လှည့်ကွက်များအား အသုံးမပြုပေ......




ရှဲ့ဟွိုင်သည် သူ၏စွမ်းအင်အား မဖြိုခွဲမီ သူတို့သည် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်မည်ဖြစ်သည်။


ယခင်က သူသည် မြင့်မြတ်သော ဂုဏ်သိက္ခာရှိသူ၏စိတ်ထားအား တိုင်းတာရန် သေးငယ်သော စိတ်ထားကိုသာ အသုံးပြုခဲ့သည်။




ထို့အပြင် မူရင်းဇာတ်လမ်းအရ ပြင်းထန်သော X ဇာတ်ကွက်များအား ကြုံတွေ့ပြီးနောက် ရန်ဆွေး၏နှလုံးသားသည် သူ၏ခန္ဓာကိုယ်နှင့်အတူ လှုပ်ရှားလာခဲ့ပြီး နောက်ဆုံးတွင် တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာကာ ရှဲ့ဟွိုင်အား သူလိုချင်သမျှကို ပေးခဲ့သည်။ သူ၏ဆန္ဒအတိုင်း လုံးဝလိုက်လျောလာကာ စကားနားထောင်သောခွေးပေါက်တစ်ကောင်ကဲ့သို့အဖြစ်မျိုး တဖြေးဖြေးပြောင်းလဲသွားခဲ့သည်။




သူသည် မိုးကောင်းကင်မှ လနဲ့ကြယ်များကိုပင် ခူးယူပြီး အလှကဗျာလေး၏အပြုံးတစ်ခုအတွက် အလဲအလှယ်လုပ်ပေးနိုင်သကဲ့သို့ပင်……




ဖန်းလီ စာအုပ်အား ပထမဆုံးဖတ်ကြည့်ချိန်၌ ရန်ဆွေးသည် ရူးသွပ်မှုကြောင့် အမှန်တကယ်အချစ်ထဲ ကျရောက်သွားသည်ဆိုသည်ကို အနည်းငယ်အဓိပ္ပာယ်မရှိဘူးဟု ထင်မိပါသည်။ ဤအရာသည် PWP ဝတ္ထုတစ်ပုဒ်ဖြစ်၍ ဤသို့ နိဂုံးချုပ်လိုက်သည်ဟုယူဆသည်……




သို့သော် နောက်ဆုံးအိပ်မက်ဆိုးထဲတွင် ပိတ်မိနေပြီးနောက်တွင် ဖန်းလီသည် ရန်ဆွေး၏ခံစားချက်များအား အနည်းငယ်နားလည်လာကာ ရှဲ့ဟွိုင်ဖြစ်ရမည့်အကြောင်းရင်းကို နားလည်သွားသည်…… အဘယ်ကြောင့်ဆိုသော် ရှဲ့ဟွိုင်သည် တကယ်ပင် သူနဲ့အတော်လေးတူပါသည်။




ဝတ္ထုလောကကို လက်တွေ့ဖြစ်လာအောင် ပြောင်းလဲလိုက်ပြီး ဇာတ်ကောင်များကို အသက်ဝင်လာစေသည့်အခါ၌ မူရင်းမှ ယုတ္တိမတန်သောအပိုင်းများသည် အလိုလိုပင် ဖြည့်သွားသည်။ ထိုအရာသည် တော်တော်လေး စိတ်ဝင်စားစရာကောင်းသည်။




ယနေ့တွင် ဖန်းလီသည် နောက်ထပ်အရေးကိစ္စများကို နားထောင်ရန် ခန်းမကြီးသို့ သွားရမည်ဖြစ်ပြီး ရှဲ့ဟွိုင်ကိုလည်း ခေါ်သွားသည်။ လမ်းတစ်လျှောက်လုံးတွင် ရှဲ့ဟွိုင်၏လက်ကို ကိုင်ထားကာ သူ၏ဘေး၌ ထိုင်ခိုင်းလိုက်သည်။




အောက်မှ နတ်ဆိုးများသည် ဆူညံသံများ ထွက်လာကြသည်။ “သူလုပ်ရပ်က လွန်လွန်းပါတယ်! ဒါက ပွဲလမ်းသဘင်မှမဟုတ်ဘဲ၊ အရုပ်တစ်ခုခုကို ယူဆော့ရုံလောက်နဲ့ ဖြစ်နေတာမဟုတ်ဘူး…… နတ်ဆိုးဂိုဏ်းတွေရဲ့အရေးကိစ္စတွေကို ဆွေးနွေးနေတဲ့အချိန်မှာ တရားမျှတတဲ့ဂိုဏ်းက လူတစ်ယောက်ကို ခေါ်လာပြီး နတ်ဆိုးအရှင်ပလ္လင်ပေါ်မှာ ထိုင်ခိုင်းတာက ဘာသဘောလဲ?!”




ရှဲ့ဟွိုင် တိတ်ဆိတ်နေပြီး မျက်နှာအမူအရာသည် အေးစက်နေသည်။




သူ၏လက်ကို ဖန်းလီသည် ဆုပ်ကိုင်ထားပြီး သူ့လက်ချောင်းလေးများ၏ အေးစက်မှုသည် ပြောင်းလဲသွားသည်။ လက်ကို ကြာကြာဆုပ်ထားမိတာကြောင့်လား မသိပါ၊ ဤလက်ချောင်းလေးများသည် တဖြည်းဖြည်း နွေးလာသလိုပင်…… 




ဤလူသည် သူနှင့်အတူ စားသောက်နေထိုင်နေသော်လည်း အစပိုင်းတွင် ဂရုစိုက်၍ အခုနောက်ပိုင်းတွင် ဂရုစိုက်မှုများ လျော့လာသည်။ ‘သူ့စိတ်ကို ဖြေလျှော့လိုက်လို့လား?




သူ့ကို တကယ်မထိဘူးဆိုတာကလွဲရင် ဤလူသည် ရှဲ့ဟွိုင်၏စိတ်ကူးများအား လိုက်လျောပေးရန် ဆန္ဒရှိပါသည်။ သူ၏ချစ်ခြင်းမေတ္တာကို ပြသပုံသည် ပြည့်စုံနေကာ တခါတရံတွင် ဤလူသည် သူ့အား အမှန်တကယ်ချစ်နေသည်ဟုပင် ထင်ရသည်……




သို့ပေမဲ့ အရာအားလုံးသည် အတုအယောင်သာဖြစ်သည်ကိုလည်း သူသိသည်။




ရှဲ့ဟွိုင်သည် မျက်လုံးများကို မှေးစင်းလိုက်သည့်အခါ တုမန်၏မျက်လုံးများနှင့် ဆုံသွားသည်။




ဤသည်မှာ ဖန်းလီ၏ရည်ရွယ်ချက်ဖြစ်သည်။ တုမန်အား ရှဲ့ဟွိုင်သည် သူ၏အားနည်းချက်ဟု ထင်အောင်လုပ်ရန်ဖြစ်သည်။ ထို့အတွက် သူသည် ဤအဆင့်ထိ လုပ်ရန် မတွန့်ဆုတ်ပေ…… ရှဲ့ဟွိုင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ့မျက်လုံးများ၏အေးစက်မှုအား ဖုံးကွယ်ရန် မျက်လုံးများကို နှိမ့်ချလိုက်သည်။




‘မင်းက ငါ့ကို အသုံးချနေတယ်ဆိုရင် ငါတို့တစ်ယောက်ကို တစ်ယောက် အသုံးချကြည့်ရအောင်။’




ဖန်းလီသည် တစ်ဖက်လက်နှင့် သူ့မေးစေ့ကို ထောက်ထားပြီး အောက်က လူများပြောနေသည်ကို စိတ်မရှည်စွာ နားထောင်နေသည်။




နတ်ဆိုးမီးလျှံဂိုဏ်းချုပ်က “ဒီတစ်ခါမှာ ကျွန်တော်တို့ ဝမ်ယွဲ့နယ်မြေက ဂိုဏ်းကြီး ၁၂ ခုကို တိုက်ခိုက်ခဲ့ပြီး ဂိုဏ်းဝင် ၇၉၂ ယောက်ကို ဖမ်းဆီးမိပါတယ်။ အရှင့်အနေနဲ့ သူတို့ကို ဘယ်လိုစီစဉ်မှာများလဲ” ဟု မေးလာသည်။




နတ်ဆိုးမီးလျှံဂိုဏ်း၏ခေါင်းဆောင်သည် အားလုံးကို အစီအစဉ်ဆွဲပြီးသားဖြစ်သည်။ အခြေတည်စဝိညာဥ်အထက်ရှိသည့် ကျင့်ကြံသူများ၏ ဝိညာဉ်များကို ချွတ်ယူမည်။ ရွှေအမြုတေအထက်ရှိသည့် ကျင့်ကြံသူများကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲမည်။ ထို့နောက် ကျန်သည့်သူများကို ကျွန်များအဖြစ် ခွဲဝေပေးမည်ဖြစ်သည်။ စွမ်းအားရှိသည့်ကျွန်များသည် နာမည်ရသည့်ကုန်ပစ္စည်းများကဲ့သို့ ဖြစ်သည်။ သူတို့ကို မီးပြင်းဖိုများအဖြစ် ချွတ်ယူလျှင်ဖြစ်ဖြစ်၊ ဆေးဘက်ဝင်ပစ္စည်းများအဖြစ် ပြောင်းလဲပြီး အရည်အသွေးမြင့်ပစ္စည်းများဖြစ်လာနိုင်သည်……




သူတို့ နတ်ဆိုးမီးလျှံဂိုဏ်းသည် ဒီတစ်ခါတွင် ကြီးကြီးမားမား အားထုတ်ခဲ့သောကြောင့် မည်သို့ပင်ဖြစ်စေ အနည်းငယ် ရသင့်သည် မဟုတ်လား?




ဖန်းလီသည် မျက်ခုံးများကို ကြုံ့လိုက်ပြီး စိတ်ညစ်နေသည်……




ရှဲ့ဟွိုင် ရုတ်တရက် ပြောလိုက်သည်။ သူ့အသံသည် အေးစက်ပြီး မျက်နှာအမူအရာသည်လည်း အေးစက်တည်ငြိမ်နေသည်။ “အပြစ်မဲ့သူတွေကို သတ်ဖြတ်ပြီး ကောင်းကင်ဘုံဥပဒေကို ချိုးဖောက်မယ်ပေါ့!။”




ဘယ်လို “အပြစ်မဲ့သူတွေကို သတ်ဖြတ်တယ်”၊ ဘယ်လို “ကောင်းကင်ဘုံဥပဒေကို ချိုးဖောက်တယ်”! အောက်မှ နတ်ဆိုးများသည် ချက်ချင်းပင် ဟားတိုက်ပြီး ရှဲ့ဟွိုင်အား ကြည့်နေကြသည်။ ဤစကားမျိုးကို ဒီနေရာမှာ ပြောရန် သူသည် ရူးသွပ်သွားပြီလားဟုပင် ထင်ရသည်။




ဒီမှာရှိသည့် လူများသည် မည်သို့သောလူမျိုးများဆိုသည်ကို မသိတာလား။




သူသည် လူတိုင်းရိုသေလေးစားရသည့် ယွီယီကျွင်းအဖြစ် အမှန်တကယ်ရှိနေသေးတယ်ဟု ထင်နေတာလား။ ‘ဒီမှာတော့ မင်းဟာလှည့်စားခံနေရတဲ့ကစားစရာတစ်ခုပဲ၊ ကိုယ့်ကိုယ်ကိုယ်မသိဘူးလား။’


နတ်ဆိုးမီးလျှံဂိုဏ်းခေါင်းဆောင်သည်လည်း သရော်သည့်အသံဖြင့် ပြောသည်။ ‘အရှင်စကားပြောတဲ့အခါ ကစားစရာတစ်ခုကရော ဝင်ပြောခွင့်ရှိပါသလား။’




‘အရှင် သူ့ကိုဘယ်လောက်ချစ်ချစ် ဒီလိုစိတ်ကြိုက်လုပ်ခွင့်မပေးဘူး။’




လူတိုင်းသည် ရှဲ့ဟွိုင်အား ရယ်စရာဟုထင်နေကြသည်။




ဖန်းလီ၏မျက်လုံးများသည် တောက်ပပြီး ဝမ်းသာနေသည်။ ဤစကားများကို သူပြောဖို့မသင့်တော်သော်လည်း ရှဲ့ဟွိုင်ပြောသည်မှာ ပိုအဆင်ပြေသည်။ ဤသည်မှာ သူငိုက်နေတုန်း ခေါင်းအုံးလာပေးသကဲ့သို့ပင်။ ‘ရှဲ့ဟွိုင်က ငါ့ဗိုက်ထဲက သန်ကောင်လား။’




ဖန်းလီသည် မတ်တပ်ရပ်လိုက်ပြီး အောက်မှလူများကိုမကြည့်ဘဲ ရှဲ့ဟွိုင်အား ချစ်ခင်သည့်အကြည့်ဖြင့်ပြောသည် “ကောင်းပြီ၊ မင်းဘယ်လိုလုပ်ချင်လဲ။”




ထို့နောက် နတ်ဆိုးမီးလျှံဂိုဏ်းခေါင်းဆောင်အား အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ “အဲလိုမလုပ်ရင် ယွီယီကျွင်း မပျော်ဘူးဆိုတာ မင်း မကြားဘူးလား? မင်း ဒီလူတွေကို အချိန်မှီ စီစဉ်ထားလိုက်။”




နတ်ဆိုးမီးလျှံဂိုဏ်းခေါင်းဆောင်သည် ဖန်းလီကိုအံ့သြသွားသည်။ ဖန်းလီ စိတ်ခြောက်ချားနေသည်ဟု ထင်သွားသည်။




လူတိုင်း အံ့သြသွားသည်။ စိတ်မနှံ့သူသည် ရှဲ့ဟွိုင်မဟုတ်ဘဲ အရှင်ဖြစ်နေတာလား။




ရှဲ့ဟွိုင်စကားတစ်ခွန်းကြောင့် ဒီလူတွေကို


မစီစဉ်တော့တာလား။ သူတို့သည် အကျဉ်းသားများကို ဖမ်းဖို့အားထုတ်ခဲ့ကြသည်၊ သူတို့တွင်လည်း အသေအပျောက်များရှိသည်။ ‘ဒါကိုဘယ်လိုလုပ်ဒီအတိုင်းထားလို့ရမှာလဲ။’




လူတိုင်း မကျေမနပ်ဖြစ်လာကြသည်။




ဖန်းလီသည် သူတို့ကို ပြန်ငြင်းခုန်ခွင့်မပေးပါ။ သူ့အသံသည် အေးစက်ပြီးအောက်သို့ကြည့်ကာ “ဘာလဲ၊ ငါ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့သူရှိတာလား၊ ရှိရင် ရှေ့ကိုထွက်လာ။”




အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။




ရှေ့သို့တစ်ယောက်မှ ထွက်မလာပါ။




ဖန်းလီ ကျေနပ်ပြီး နောက်ပြန်လျှောက်သွားသည်။ ‘ကောင်းတယ်၊ ဘယ်သူမှထွက်မလာဘူး။’




သို့ရာတွင် ရှဲ့ဟွိုင်အား လူတိုင်းကြည့်သည့်အကြည့်သည် ပြောင်းသွားသည်။ သရော်စကားနည်းသွားပြီး မကျေနပ်မှုနှင့် ကြောက်ရွံ့မှုများ ပိုများလာသည်။




အနည်းငယ်ကြာသောအခါ မဟူရာရေနက်တောင်ကြားအရှင်သည် ရှေ့သို့ထွက်လာပြီး “နတ်ဆိုးနန်းတော်မှာ လူနည်းနေတယ်လို့ကြားသိရပါတယ်။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး ၈၈ ယောက်ကိုရွေးချယ်ထားပါတယ်၊ အကုန်ပြည့်စုံလှပါတယ်။ အရှင်ကို ပြုစုဖို့နန်းတော်ထဲပို့ချင်ပါတယ်အရှင်......”




ရှဲ့ဟွိုင်သည် “မလိုပါဘူး၊ အရှင့်မှာ ငါရှိနေတာနဲ့ပြည့်စုံပြီ။”




“......!” လူတိုင်းဒေါသထွက်သွားသည်။ ‘မဖြစ်နိုင်ဘူး၊ တကယ်မဖြစ်နိုင်ဘူး။ အရှင်တောင် ဘာမှမပြောသေးဘူး။’




ဖန်းလီသည် ဤသည်မှာ အလွန်ကောင်းသည်ဟု ထင်သည်။ ရှဲ့ဟွိုင်အား ကျေးဇူးတင်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ သူတို့တွင် ဤသို့ အချိတ်အဆက်ရှိနေသည်ကို သိလိုက်ရသည်။




မဟူရာရေနက်တောင်ကြားအရှင်ကို “မင်းကြားလား၊ အကုန်ပြန်လွှတ်လိုက်။ နောက်မဖြစ်စေနဲ့၊ ငါ လူမလိုတော့ဘူး။”




“!!!” အော်ဟစ်၊ ဆူညံ၊ အံ့သြ၊ ဇဝေဇဝါ ဖြစ်သွားကြသည်။




ဖန်းလီသည် “နောက်တစ်ယောက်ရှိသေးလား။”




ဤတစ်ခါ၌ အခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ မည်သူမှ ရှေ့မထွက်ပါ။




လူတိုင်းအံ့သြမှုထဲရောက်နေချိန် တုမန်သည် ရှေ့ကိုထွက်လာသည်။ သူသည် ဖန်းလီနှင့် ရှဲ့ဟွိုင်ကိုကြည့်ပြီး “မကြာခင်က တိမ်လွှာနှင်းမှုန်ဂိုဏ်းရဲ့တပည့်တချို့ အသူရာတောင်ကြော ပတ်ဝန်းကျင်ကိုလာပြီး အဖမ်းခံတယ်။ အရှင်ဘယ်လိုထင်လဲ။”




ဖန်းလီသည် ရှဲ့ဟွိုင်ကိုမေးလိုက်သည် “ယွီယီကျွင်း  ဘယ်လိုထင်လဲ။”




ရှဲ့ဟွိုင်၏စူးရှသောမျက်လုံးများသည် တုမန်ထံ သက်ရောက်သွားသည်။ သူ၏နှုတ်ခမ်းထောင့်များသည် အနည်းငယ်မြင့်တက်လာကာ သူက “ သူတို့အားလုံးကို လွှတ်လိုက်ပါ။” ဟု ပြောသည်။




ဖန်းလီသည် အတိအကျသောဤအဖြေကို စောင့်နေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ရှဲ့ဟွိုင်သည် သူ့ကို စိတ်မပျက်စေခဲ့ပါ။ ဤကဲ့သို့ ထိန်းချုပ်မှုကို ရယူရန် သတ္တိမရှိသူများသည် တုမန်၏ခြိမ်းခြောက်မှုကို ကြောက်လန့်သွားနိုင်သည်……




ဖန်းလီသည် တုမန်အား အေးစက်စွာ ကြည့်ကာ မတွန့်ဆုတ်ဘဲ ပြောသည်။ “သူတို့အားလုံးကို လွှတ်လိုက်ပါ၊ နောက်ပိုင်းမှာ တိမ်လွှာနှင်းမှုန်ဂိုဏ်းတပည့်တွေ လာရင် သူတို့က ဘာပြဿနာမှမဖြစ်စေဘူးဆိုရင်တော့ သူတို့ကို လွှတ်ထားလိုက်။ နားလည်လား?”




ဤသူများသည် သူ၏ယောက်ျား ရှဲ့ဟွိုင်၏ မိခင်ဘက်မှမိသားစု ဖြစ်သည်။ သူတို့ကို ဘာမှ မလုပ်ဘဲ ရိုသေလေးမြတ်ရမည်ဖြစ်သည်!




သူပြောပြီးသွားသောအခါ သူသည် ရှဲ့ဟွိုင်ကို ကြည့်ကာ ချက်ချင်း နွေးထွေးသော အသွင်အပြင်ကို ပြသ၍ “ဒီစီစဉ်မှုတွေကို ကျေနပ်ရဲ့လား?” ဟု မေးသည်။




ရှဲ့ဟွိုင်၏မျက်နှာအမူအရာသည် အစကတည်းက ပြောင်းလဲခြင်းမရှိဘဲ အေးစက်သော၊ မပြင်းထန်သော အသွင်အပြင်အား ဆက်ထိန်းသိမ်းထားသည်။ သူသည် ပြုံးခြင်းတခါတရံမှ မရှိဘဲ သူ၏လည်ချောင်းမှ “အမ်း” ဟူသော အသံကို ပြန်ဖြေသည်။




ဖန်းလီသည် သူ၏အေးစက်မှုကို လုံးဝ ဂရုမစိုက်ဘဲ သူ၏လက်ကို ရှဲ့ဟွိုင်၏ပုခုံးပေါ် တင်ထားကာ စိတ်ထဲတွင် စွဲလမ်းနေသည်ဟု ထင်ရသည့်ပုံမျိုးဖြင့် “မင်းစိတ်ချမ်းသာရင် ပြီးတာပဲ။” ဟု ပြန်ပြောသည်။




အောက်မှလူတိုင်းသည် ယခုတွင် လုံးဝ စိတ်ရှုပ်ထွေးနေပြီဖြစ်သည်။




‘အစီအစဉ် တစ်စိတ်တစ်ပိုင်းမျှ ကျန်ရှိသေးသလား?’




အလွန်အမင်း! အလွန်အမင်း!


သာမန်ကစားစရာတစ်ခုအနေနှင့် ဤသည်မှာ အလွန်အမင်းတရားလွန်ရာကျသည်! ဤသည်မှာ မောက်မာမှုဖြစ်သည်!




‘ဤနေရာတွင် တာဝန်ရှိသူမှာ အရှင်ဖြစ်သလား၊ ဒါမှမဟုတ် သင်လား၊ ရှဲ့ဟွိုင်?!




End



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment