no

Font
Theme

Chapter 11


သူတို့ထွက်လာသည့်အချိန်တွင် ဖန်းလီသည် အလွန်ပျော်ရွှင်နေသည်။ သူသည် အရေးကိစ္စများဆွေးနွေးရန် ရှဲ့ဟွိုင်ကို အမြဲတမ်း ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် ဖန်းလီအတွက် ဘုရားသခင်ကပေးသည့် အဖော်တစ်ယောက်ပင်။


ဤသို့လုပ်ဆောင်သည်မှာ အနည်းငယ်လွန်နေသလားဆိုတာကို ဖန်းလီမပူပန်ပါ။ အဘယ်ကြောင့်ဆိုသော် မူရင်းဇာတ်ညွှန်းထဲတွင် ရန်ဆွေးသည်လည်း ဤသို့ပင် လုပ်ခဲ့၍ဖြစ်သည်။ အရာရာကို ဂရုမစိုက်သည့် ရူးသွပ်ပြီး အချိန်မရှိတော့သောလူတစ်ယောက်သည် သူ၏ရှစ်ရှုံးနှင့်တူသည့်တစ်ယောက်တည်းသောသူအတွက် ဘာမဆိုလုပ်နိုင်သည်။


မကြာသေးခင်က သူတို့၏အငြင်းပွားမှုတွေကို လျစ်လျူရှုပြီး သူ့ကိုကယ်တင်ခဲ့သည့်အချိန်နှင့် ယနေ့မှာ သူ့ကို ထပ်မံကူညီခဲ့ကြောင်းကို သတိရမိသည့်အခါ ဖန်းလီ၏မျက်လုံးများသည် ရှဲ့ဟွိုင်ကို ကြည့်ရင်း မိတ်ဆွေရင်းပမာ ချစ်ခင်မှုများဖြင့် ပြည့်နေသည်။ သူ၏ပခုံးကို ပုတ်ပြီး အားတက်သရော “ဆက်လုပ်ပါ” ဟု ပြောချင်လောက်အောင် ဖြစ်နေသည်။


ဖန်းလီသည် သူ့ကိုယ်သူ ထိန်းလိုက်ပြီး အနည်းငယ် ချောင်းဆိုးလိုက်သည်။


သူ၏လက်များကို နောက်မှာပစ်ထားပြီး မေးစေ့ကို မော့ကာ ရှဲ့ဟွိုင်ကို ပြုံးပြလိုက်သည်။ “ငါအရှင်ဆန္ဒအတိုင်း သဘောတူမယ်ဆိုရင် ဒီအရေးမကြီးတဲ့ကိစ္စတွေကို မေ့ပစ်လိုက်၊ ငါအရှင်က မင်းကို ဘာမှ ငြင်းဆန်မှာမဟုတ်ဘူး။”


ရှဲ့ဟွိုင်သည် သူ့ရှေ့မှာရှိသည့်သူကို အာရုံစိုက်ကြည့်လိုက်သည်။ နေသာသည့်နေ့ဖြစ်တာကြောင့်လားမသိပါ။ သူ၏အသားအရေသည် အလင်းရောင်နုနုနှင့်  ပြည့်နေသည်။ ဤစကားလုံးများကို ပြောသည့်အခါ ပြုံးရိပ်အနည်းငယ်သည် သူ့မျက်လုံးများထဲတွင် ပေါ်လာကာ သူသည် အတော်လေး စိတ်ကောင်းဝင်နေပုံရသည်။


ဖန်းလီသည် သူလုပ်ခဲ့သည့်အရာတွေအားလုံးသည် သူ့အတွက်ဟု အထပ်ထပ်ပြောသော်လည်း ရှဲ့ဟွိုင်သည် မသိစိတ်ထဲတွင် ထိုသို့မဟုတ်ကြောင်းထင်နေမိသည်။ 

သူကိုယ်တိုင်လုပ်ချင်သော်လည်း သူ၏ရာထူးကြောင့် မလုပ်နိုင်တာမျိုးဟု ထင်ရသည်။ ထို့ကြောင့် ရှဲ့ဟွိုင်၏ လုပ်ရပ်များအပေါ် စိတ်ဆိုးမနေဘဲ အတော်လေး စိတ်ကောင်းဝင်နေသည့်ပုံဖြစ်သည်။


စိတ်ထဲမှ ပေါ်လာသည့် ဤကဲ့သို့ ပျော်ရွှင်မှုမျိုးသည် ဖုံးကွယ်ရန် ခက်ခဲသည်။ ဤသည်မှာ ဟန်ဆောင်မှုတစ်ခုမဟုတ်ဘူးဆိုတာကို စဥ်းစား၍ ရှဲ့ဟွိုင်ခဏလောက် စိတ်ရှုပ်သွားသည်။


ယခင်က ရှဲ့ဟွိုင်သည် ဖန်းလီက တုမန်ကို လှည့်စားရန် သူ့ကို ချစ်ခင်နေသကဲ့သို့ ဟန်ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုအတွေးသည် သေချာမှုမရှိတော့ပါ။


ရှဲ့ဟွိုင်ကို အဖော်အဖြစ်ရပြီးကတည်းက ဖန်းလီသည် အလုပ်လုပ်တဲ့အချိန်တွင် စိတ်ကောင်းဝင်နေသည်ကို ခံစားရသည်။ သူသည် မှန်ကန်သည့်ဆုံးဖြတ်ချက်ချခဲ့သည်ဆိုတာ သိသာသည်။ ရှဲ့ဟွိုင်ကို ပထမဆုံးမြင်သည့်အချိန်ကတည်းက ဤသို့ စိတ်နှလုံးကို နွေးထွေးစေကာ ပျော်ရွှင်စေသည့် အဖော်ဆိုတာ အနည်းငယ်သိခဲ့သည်။ အလုပ်လုပ်ရသည်မှာ လွယ်ကူပြီး ပျော်စရာကောင်းလာသည်။ ယခုအချိန်မျိုးတွင် သူတို့သည် ဤသို့ စိတ်ကူးတူညီမှုများနှင့် မပြတ်တမ်း ပူးပေါင်းဆောင်ရွက်နေမည်ကို မျှော်လင့်မထားခဲ့ပါ။


စိတ်နှလုံးကို နွေးထွေးစေပြီး ပျော်ရွှင်စေသည့်အဖော်တစ်ယောက်၊ စိတ်တူကိုယ်တူ နားလည်မှုများ ပြည့်နေသည်မှာအမှန်ပင်။ အကယ်၍ ရှဲ့ဟွိုင်သည် မိန်းကလေးတစ်ယောက်သာဆိုလျှင် သူ့ကို တကယ်ချစ်မိသွားနိုင်သည်ဆိုတာ ဘယ်သူသိနိုင်မလဲ။


ဒီကာလအတွင်း ဖန်းလီသည် တိုင်းပြည်အရေးကိစ္စများ လုပ်ရန်ရှိလျှင် ရှဲ့ဟွိုင်ကို ခေါ်ဆောင်သွားသည်။ တစ်ယောက်ယောက်က လာရောက်တွေ့ဆုံဖို့ တောင်းဆိုလျှင်လည်း ရှဲ့ဟွိုင်ကို လာပြီး နားထောင်စေသည်။ ဝူယီမေ့ကလွဲ၍ အခြားမည်သူမဆို သူ့ကိုလာရှာလျှင် ရှဲ့ဟွိုင်ကို ဖယ်မထားပါ။


ဖန်းလီ၏လုပ်ရပ်ကြောင့် သူ့ကိုလာရှာသူများ နည်းလာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှဲ့ဟွိုင်ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်သောကြောင့်ပင်။ ရှဲ့ဟွိုင်ရှိနေသ‌ရွေ့  ဖန်းလီက ဆိုးရွားတာမျိုး လုပ်မည်မဟုတ်။ 


ဖန်းလီသည် အတော်လေး စိတ်ကျေနပ်နေသည်။ သူ၏နေ့ရက်များသည် အေးချမ်းသာယာနေသည်။


ဇာတ်လမ်း၏ကန့်သတ်ချက်များကြောင့် ပွင့်ပွင့်လင်းလင်း ပြော၍မရသော်လည်း ဖန်းလီသည် ရှဲ့ဟွိုင်နှင့် အတူနေရသည်ကို အတော်လေးကြိုက်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ကျယ်ပြန့်သည့် အသူရာတောင်ကြောတစ်ခုလုံးတွင် သူနှင့် စိတ်ကူးတူသည့်သူမှာ ရှဲ့ဟွိုင်တစ်ယောက်တည်းပင်။


သူ၏နေ့ရက်များသည် အလုပ်မရှိဘဲ ပျင်းရိကာ ငြီးငွေ့စရာကောင်းနေသည်။ ယနေ့တွင်လည်း စားဖွယ်သောက်ဖွယ်များကို ထပ်မံဆက်သလာသည်။ ဖန်းလီသည် နောက်ကျမှ နိုးထလာကာ ယွီယီကျွင်းနှင့် မနက်စာအတူစားရန် ဘေးနန်းတော်ကို ပို့ခိုင်းလိုက်သည်။


ရှဲ့ဟွိုင်သည် အခန်းထဲတွင် ထိုင်နေသည်။ ရုတ်တရက် နတ်ဆိုးကျွန်များ ဝင်လာကာ စားပွဲပေါ်တွင် စားဖွယ်သောက်ဖွယ်များ စီစဉ်နေသည်ကို မြင်သည့်အခါ ဖန်းလီလာမည်ဆိုတာ သိလိုက်သည်။


ဖန်းလီလာသည့်အခါ ရှဲ့ဟွိုင်သည် စားပွဲနားတွင် ထိုင်နေကာ ကြိုတင်သုံးဆောင်နေတာမဟုတ်ဘဲ သူ့ကို စောင့်နေသည်ကို မြင်လိုက်ရသည်။


ရှဲ့ဟွိုင်သည် စကားနည်းနည်းပဲပြောပြီး သူ၏ဟန်ပန်သည် အေးစက်နေဆဲဖြစ်သော်လည်း ဖန်းလီသည် သူတို့ကြားက ဆက်ဆံရေးသည် အစကလို ဓားသွားထိပ်တွင် ရပ်နေသည့်ပုံစံမဟုတ်တော့ဘဲ သူငယ်ချင်းအရင်းအချာကဲ့သို့ ဖြစ်နေပြီဟု ခံစားမိပါသည်။ ရှဲ့ဟွိုင်သည် ယခုဆိုလျှင် ဖန်းလီသည် သူ့အား အခုချက်ချင်း ဘာမျှမလုပ်နိုင်ဘူးဆိုသည်ကို ယုံကြည်နေပြီဟု ခံစားရသည်။


ရှဲ့ဟွိုင်သည် စကားများများမပြောတတ်သည့်အတွက် ဖန်းလီသည်လည်း စကားပြောရန် မကြိုးစားတော့ဘဲ စားဖို့ထိုင်လိုက်သည်။


အမှန်မှာ သူတစ်ယောက်တည်း စား၍ရသော်လည်း တစ်ယောက်တည်းစားရသည်မှာ အနည်းငယ်ပျင်းစရာကောင်းနေသလို ခံစားရသည်။ စားဖွယ်သောက်ဖွယ်များသည် အတူတူစားမှပင် အရသာပိုရှိသည်ဟုခံစားရသည်။


စားပွဲလယ်လောက်ရောက်သည့်အခါ နတ်ဆိုးကျွန်တစ်ယောက် ဝင်လာကာ ဖန်းလီ၏ နားနီးနားကပ်မှာ “သွမ့်ရန်ပိုင်ဂိုဏ်းချုပ်က အရှင်နဲ့တွေ့ခွင့်ရဖို့တောင်းဆိုလာပါတယ်” ဟု ပြောလိုက်သည်။


ဖန်းလီသည် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်သည်။ သူ့ဆီကို လာဖို့ ရဲရင့်ပြီး မသိမသာနေသည့်သူများ ရှိနေသေးသည်ဆိုတာ စဉ်းစားမိသည်။ ‘အရင်က သင်ခန်းစာတွေက မလုံလောက်သေးဘူးလား။’ သို့ရာတွင် ဖန်းလီသည် “ဘေးနန်းတော်ကို ခေါ်လာခိုင်းလိုက်” ဟု အမိန့်ပေးလိုက်သည်။


မကြာခင်မှာပင် သွမ့်ရန်ပိုင်ဂိုဏ်းအရှင်သည် ကိုယ်ညွှတ်ပြီး ခေါင်းငုံ့ကာ ဝင်လာသည်။ သူသည် မြေပေါ်တွင် ဒူးထောက်ကာ “အရှင်ကို ဂါဝရပြုပါတယ်” ဟု ပြောလိုက်သည်။


“အင်း” ဖန်းလီသည် ဂရုမစိုက်သလို ပြောလိုက်ပြီး သူ့ကို ထပြီးစကားပြောရန် အမူအရာပြလိုက်သည်။


သွမ့်ရန်ပိုင်ဂိုဏ်းအရှင်သည် ရှဲ့ဟွိုင်ကို သတိထားကြည့်ပြီး ဖန်းလီကို ကိုင်းညွှတ်ကာ “ယွီယီကျွင်းက နတ်ဆိုးနန်းတော်မှာ အတော်ကြာနေပြီဆိုတော့ ယွီယီကျွင်း အိမ်ပြန်ချင်စိတ်ဖြစ်ပြီး အသူရာတောင်ကြောမှာ တစ်ကိုယ်တည်းနေရတာကို မနှစ်သက်မှာကို စိုးရိမ်မိပါတယ်။ လင်းရှီယန်ပုံစံနဲ့တူတဲ့ နန်းတော်တစ်ခု ဆောက်လုပ်ပေးရင် ဘယ်လုသဘောရပါသလဲ။


ဒီလိုဆိုရင် ယွီယီကျွင်း ဒီမှာနေရင်း စိတ်ချမ်းသာနိုင်ပါတယ်။”


အိုး?


ဖန်းလီသည် မျက်ခုံးပင့်ကာ ရယ်လိုက်သည်။ ‘ဒီနတ်ဆိုးတွေ တကယ်ပဲ တိုးတက်လာကြပြီ၊ လှည့်ကွက်တွေကိုတောင် သုံးတတ်လာကြပြီ။’


ယခုချိန်တွင် ရှဲ့ဟွိုင်ကို ဘယ်လောက်ချစ်ခင်သည်ဆိုတာ ကြည့်လျှင် သူ့အတွက် နန်းတော်ဆောက်ပေးဖို့ဆိုတာ သိပ်တော့ မခက်ခဲပါ။ သို့သော် သွမ့်ရန်ပိုင်ဂိုဏ်းအရှင်သည် ဤအရေးကို စိတ်ရင်းမှန်နှင့် ပြောနေသည်မဟုတ်ပါ။ အစကတည်းက ဤနတ်ဆိုးနန်းတော်သည် အလောင်းများ၊ အရိုးစုများနှင့် တည်ဆောက်ထားကာ နန်းတော်အသစ်ဆောက်သည့်အခါ၌ အမြတ်ထုတ်စရာအရာအများအပြား ရှိသည်။


ဖန်းလီသည် ငြင်းဆန်သည့်ပုံမပေါ်သည်ကို မြင်သည့်အခါ သွမ့်ရန်ပိုင်ဂိုဏ်းအရှင်သည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။


သူသည် အလွန်ပျော်ရွှင်နေကာ အရှင်၏အတွေးကို မှန်ကန်စွာ ခန့်မှန်းမိပြီဟု ထင်နေသည်။ ‘ဟမ့်…… အခြားသူတွေက အရှင့်ကို ချော့မော့တာထက် ရှဲ့ဟွိုင်ကို ချော့မော့တာက ပိုထိရောက်တယ်ဆိုတာ မကြာခင်မှာ သိလာကြမှာပါ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာကို မချနိုင်ကြသေးတာကို။ ငါကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ အမြတ်ရရင် ရှဲ့ဟွိုင်ကို ချော့မော့ရလဲ ဘာဖြစ်လဲ။’


သွမ့်ရန်ပိုင်ဂိုဏ်းအရှင်သည် ချိုသာစွာပြုံးပြပြီး “အရှင် ခွင့်ပြုရင် ဒီနန်းတော်ဆောက်လုပ်ရေးကို စီမံခန့်ခွဲဖို့ လိုလားပါတယ်။ ယွီယီကျွင်းကို အိမ်လို ခံစားရအောင် လုပ်ပေးပါမယ်။”


“အွန်း ငါအရှင်အတွက်တော့ ဒီအကြံက မဆိုးပါဘူး……” ဖန်းလီသည် သွမ့်ရန်ပိုင်ဂိုဏ်းအရှင်ကို မျက်လုံးမပါသည့် အပြုံးဖြင့် ပြောလိုက်ကာ သူ့မျက်နှာတွင် ကျေနပ်နေပုံပေါက်နေသော်လည်း ရုတ်တရက်ပင် ရှဲ့ဟွိုင်ဘက်ကို လှည့်ပြီး “ယွီယီကျွင်းရေ၊ ဒီအကြံကို ဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။


သွမ့်ရန်ပိုင်ဂိုဏ်းအရှင်၏ နှလုံးသားသည် တဒိန်းဒိန်းခုန်နေသည်။


ရှဲ့ဟွိုင်၏မျက်လုံးများတွင် နားလည်မှုတစ်ခု လျှပ်တစ်ပြက်ထွက်ပေါ်လာပြီး  သူဖြည်းဖြည်းချင်းပြောဆိုသည်။ "ဒါက အလုပ်ရှုပ်သလို  အရင်းအမြစ်တွေကို သက်သက် ဖြုန်းတီးတာပဲ” ငါ့အတွက် မလိုအပ်ပါဘူး။"


သို့ရာတွင် ဖန်းလီသည် သူ၏မေးစေ့ကို တစ်ဖက်လက်ဖြင့်ထောက်ကာ သွမ့်ရန်ပိုင်ဂိုဏ်းအရှင်ကို ကြည့်ကာ မထင်မှတ်ထားသော အမူအရာကိုပြသခဲ့သည်။


‘ဒီလူဟာသူဉာဏ်ကောင်းတယ်လို့ထင်နေတာ။’


ဤအရှင်သည် ရှဲ့ဟွိုင်ကိုပျော်ရွှင်စေလိုသော်လည်း ထိုအရေးသည် ရှဲ့ဟွိုင်သဘောတူမှဖြစ်မည်။ ထိုသို့ သိသာနေသည့်သဘောထားကို သူမမြင်ပေဘူးလား။ ရှဲ့ဟွိုင်သည် ချော့မာခံရသည်ကို ကြိုက်နှစ်သက်သည်ဟု ထင်နေသလား။


ရှဲ့ဟွိုင်သည် ငါ့ကိုသတ်ဖြတ်ရန်စောင့်မျှော်နေပြီး မင်းက သူ့အတွက်နေအိမ်တစ်ခုတည်ဆောက်ရန် လိုလားနေဆဲ.. ထိုအရာသည် သူ့ကိုပျော်ရွှင်စေလျှင် ထူးဆန်းလိမ့်မည်။


ဖန်းလီသည် လက်ဝဲယာလှုပ်ပြီး အေးစက်စွာပြောသည်။ "ထွက်သွားတော့။ ဒီအကြောင်းကိုနောက်တစ်ဖန် ထပ်မပြောနဲ့။"


သွမ့်ရန်ပိုင်ဂိုဏ်းအရှင်၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ချွေးများစိုနေပြီး သူသည်လျင်မြန်စွာထွက်ပြေးခဲ့သည်။


အရေးမကြီးသောအရာတစ်ခုသည် သူ၏ စားသုံးခြင်းကိုဆက်လက်လုပ်ဆောင်ရန်မတားဆီးနိုင်ပါ။ ကံကောင်းထောက်မစွာ အချိန်များစွာမဖြုန်းတီးခဲ့ရပါ။ ထို့ကြောင့်အစားအစာများမှာ အေးမသွားပါ။


ရှဲ့ဟွိုင်သည် သူ၏ပြဿနာတစ်ခုကို ဖြေရှင်းပေးပြီးနောက် ဖန်းလီသည် သူအား ငါးတစ်ကောင်ပေးခဲ့သည်။ သူပြုံးကာ မျက်လုံးများကွေးကာပြောသည်။ "အဲလူတွေနဲ့ ရန်မဖြစ်နဲ့။ မင်းမနှစ်သက်တာတွေကို ငါအရှင်လည်းမနှစ်သက်ပါဘူး။"


ဟက်, နောက်တစ်ဖန်ဟန်ဆောင်တာလား။ ရှဲ့ဟွိုင်၏မျက်နှာသည်အေးခဲနေသည်။


ပထမဆုံးအကြိမ်တွင်သံသယများရှိပြီးသေချာစွာမပြောရဲသော်လည်း ဤအချိန်မှာတော့ သူသည် ရာနှုန်းပြည့်သေချာသည်။ ဖန်းလီသည် သူမလုပ်လိုသောအရာများကို ငြင်းပယ်ရန် သူ့အားအသုံးပြုနေခြင်းသာ။


သူသည် ဖန်းလီ၏ နောက်ဆုံးစကားကို ရှာဖွေရန်တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားခဲ့သည်။ သို့သော် ဖန်းလီ၏နောက်ဆုံးစကားအတွက် သူ့တွင်စကားလုံးမရှိပါ။


သူသည် တစ်ခါမျှသူ့ကိုငြင်းဆန်ခဲ့ခြင်းမရှိပါ။


သူသည် ထိုအချိန်ကဤလမ်းကို ရွေးချယ်ခဲ့ပြီး ကြမ်းတမ်းသော၊ ညှာတာမှုမရှိသော နတ်ဆိုးဖြစ်လာရန် ရွေးချယ်ခဲ့ပြီးလျှင် သူ၏နှလုံးသားတွင် ကရုဏာထားရန် မည်သည့်အကြောင်းများရှိသနည်း။


ရှဲ့ဟွိုင်သည် သူ၏နှုတ်ခမ်းကိုစုပ်သပ်လိုက်သည်။ သူသည် သူ့ကိုယ်သူမရိုးရှင်းကြောင်း၊ သူ့စိတ်များသည်မရှုပ်ထွေးကြောင်းပြောနေသော်လည်း ... သူသည်တားဆီးနိုင်ခြင်းမရှိပါ ... သူသည်တားမြစ်ထားသော နယ်မြေရှိအခန်းတစ်ခုကို သတိရမိသည်။ ဖန်းလီသည် ထိုကဲ့သို့ နာကျင်မှုကိုပြသခဲ့သည်။ အကူအညီမဲ့ပြီးလက်လျှော့ခဲ့သည်…ရေနစ်နေသောလူ၏သေဆုံးခြင်းကဲ့သို့ပင် ...


အဘယ်အရာကိုမှတ်မိသနည်း ... ။


အကယ်၍ ထိုအချိန်က တစ်စုံတစ်ယောက်သည် သင့်ကိုဆွဲတင်နိုင်ခဲ့လျှင် အရာအားလုံးကွဲပြားနိုင်သွားမည်လား။


နောက်ဆုံးတွင် သင်ဤကဲ့သို့ဖြစ်လာသော်လည်း သင်၏နှလုံးသားအတွင်းနက်ရှိုင်းသောနေရာတွင် သင်အသိအမှတ်မပြုလိုသော ကြင်နာမှုအနည်းငယ်ကျန်ရှိနေနိုင်သေးသည်ပင် ... ။


ရှဲ့ဟွိုင်သည် သူ၏နှလုံးသားထဲရှိ ရှုပ်ထွေးသောအတွေးများကို ချုပ်တည်းထားသည်။ သူ၏မျက်လုံးများသည် သူ၏ပန်းကန်ထဲရှိ ငါးတစ်ကောင်ပေါ်သို့ ကျရောက်ခဲ့သည်။ ဤနတ်ဆိုးသည် ပိုထိန်းမရလာသည်။ အတွေးကြောတွင် မိမိကိုယ်ကို မေ့လျော့နေစဉ် သူသည် သူ၏ပန်းကန်ထဲသို့ အစားအစာများ ထည့်ပေးခဲ့သည်။ သူတို့သည် မည်သည့်အချိန်မှစ၍ နီးကပ်စွာရှိခဲ့သနည်း။


သို့သော် သူသည် ဖန်းလီ၏မျက်လုံးများနှင့် ဆုံခဲ့မိပြီး ထိုမျက်လုံးများတွင် ပြုံးရိပ်အနည်းငယ်ရှိကာ နူးညံ့သိမ်မွေ့၍  တောက်ပသောအလင်းရောင်များနှင့်တူသည်။ သဘာဝကျသော ပျော်ရွှင်မှု အမူအရာသည် သူ၏ မျက်နှာ၏ကြမ်းတမ်းသောအစွန်းများကို ပျော့ပျောင်းစေကာ သူသည် ပျော်ရွှင်စွာကြည့်နေသည် ...


ဤလူသည် နောက်ထပ်နတ်ဆိုးကိုဖယ်ရှားခဲ့သည်။ ဤသည်မှာ ရှဲ့ဟွိုင်အတွက်မဟုတ်သော်လည်း လူထုအတွက် ကောင်းသော အရာတစ်ခုလုပ်ဆောင်နေဆဲဖြစ်သည် ...။


ရှဲ့ဟွိုင်သည်  သူ၏တူကို တင်းကျပ်စွာကိုင်ထားပြီး ခဏစောင့်ဆိုင်းပြီးနောက် ငါးကို သူ၏ပါးစပ်ထဲထည့်လိုက်သည်။ စားရသည်မှာ ချောမွေ့ပြီး အရသာသည် အလွန်မွှေးကြိုင်သည်။


အစားအစာစားသူတစ်ယောက်အနေနှင့် ဖန်းလီသည် ငါးကိုပေးပြီးနောက် ရှဲ့ဟွိုင်ကို နောက်တစ်ဖန်မကြည့်တော့ဘဲ သူရှေ့တွင်ရှိသောစားဖွယ်ရာများကို  ပျော်ရွှင်စွာစားသုံးခဲ့သည်။ အတူစားသောက်ခြင်းသည် အမှန်တကယ်အလွန်ကောင်းမွန်သည်။


ဖန်းလီ၏အားအကိုးရဆုံးနှင့် ယုံကြည်စိတ်ချရသောလက်ထောက်ဝူယီမေ့သည် ဝင်လာသောအခါ တောင်းဆိုရန်မလိုအပ်ပါ။ သူ၏မျက်လုံးနီများဖြင့် ရှဲ့ဟွိုင်ကိုကြည့်ကာ သူ၏မျက်နှာအမူအရာသည် မှောင်မိုက်ပြီး မျက်ခုံးများတွန့်လိမ်နေသည်။ ယခုကာလများတွင် အရှင်သည် ရှဲ့ဟွိုင်နှင့် နေ့စဉ်နေ့တိုင်းနေထိုင်သည်။ တုမန်အတွက်သရုပ်ဆောင်နေလျှင်ပင် ဤအတိုင်းအတာအထိ လုပ်ဆောင်ရန်လိုအပ်သလား။


အရှင်သည် အမှန်တကယ်ပျော်ဝင်သွားနိုင်သည်ဟု တွေးမိသောအခါ ဝူယီမေ့သည်စိုးရိမ်ပူပန်မှုနှင့် ရှဲ့ဟွိုင်အား ရန်လိုမှုတို့ဖြင့်ပြည့်နှက်နေသည်။


ရှဲ့ဟွိုင်သည်လည်း အေးစက်သောမျက်လုံးများဖြင့် ဝူယီမေ့ကိုကြည့်ပြီး သူ၏အေးစက်သောမျက်လုံးများသည် ရေခဲအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည့်အလား ဖြစ်နေသည်။ ဖန်းလီသည် ဝူယီမေ့မှလွဲ၍ အခြားသူများနှင့်တွေ့ဆုံသည့်အခါ ရှဲ့ဟွိုင်ကို ရှောင်တိမ်းခြင်းမရှိခဲ့ပေ။


ဖန်းလီသည် ဝူယီမေ့ရုတ်တရက်လာမည်ကို မထင်ခဲ့ပေ။ ထို့အပြင် သူတို့နှစ်ဦးကြား လေထုအနေအထားအနည်းငယ်မကောင်းသည်ကိုမြင်သောအခါ သူချက်ချင်းထပြီး ဝူယီမေ့ကိုပြုံးပြလိုက်သည်။


“ဒီအထိရောက်လာတယ်ဆိုတော့ တိုင်ပင်ဖို့ ရှိလို့လား။


 သွားကြရအောင်၊ အရှင့်အဆောင်မှာ စကားပြောကြမယ်။”


မူရင်းဇာတ်ညွှန်းတွင် ဝူယီမေ့သည် ရှဲ့ဟွိုင်နှင့် သင့်မြတ်အောင်မနေနိုင်ခဲ့ပေ။ လက်ရှိအချိန်တွင် ဖန်းလီသည် သူတို့နှစ်ဦးကြား ပဋိပက္ခများကို ဖြေရှင်းရန် အတော်လေး အားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ဝူယီမေ့အား သူ၏လမ်းကြောင်းဟောင်းကို ထပ်မံလျှောက်လှမ်းရန် မလိုလားပေ။


သူပြောသည်နှင့် ထပြီး အပြင်ကိုလျှောက်သွားသည်။


ဝူယီမေ့က “နားလည်ပါပြီ” ဟု လေးစားစွာဖြင့် ဖြေကြားပြီး ရှဲ့ဟွိုင်ကို နောက်တစ်ဖန် မကြည့်တော့ဘဲ ဖန်းလီနောက်မှ လျင်မြန်စွာ လိုက်သွားသည်။


ရှဲ့ဟွိုင်သည် ထိုင်နေပြီး ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေသည်။ မျက်လုံးတစ်မှိတ်အတွင်း ခြံထဲတွင် လူသူကင်းမဲ့သွားသည်…… ဘယ်နေရာတွင်ဖြစ်စေ၊ ဘယ်အချိန်တွင်ဖြစ်စေ၊ ဝူယီမေ့ပေါ်လာသည်နှင့် ဖန်းလီသည် အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ ထွက်ခွာသွားသည်။ သူတို့ပြောသည့်စကားများကို ရှဲ့ဟွိုင်အား မည်သည့်အရိပ်အမြွက်မျှ မသိစေရပေ။


သူတို့သည် အမှောင်ထဲတွင် မည်သည်အားလျှို့ဝှက်လုပ်ဆောင်နေသည်ကို သူမသိပေ။


ရှဲ့ဟွိုင်သည် သူ၏မျက်လုံးများကိုမှေးစင်းပြီး သူ့ရှေ့တွင်ရှိသော ပန်းကန်များကိုကြည့်လိုက်သည်။ ရုတ်တရက် သူ၏အစာစားချင်စိတ်များ ပျောက်ဆုံးသွားပြီး သူ၏မျက်နှာသည် အေးစက်ပြီး ဂရုမစိုက်သကဲ့သို့ ဖြစ်နေကာ သူ၏တူကို စားပွဲပေါ်တင်လိုက်သည်။


ဖန်းလီသည် ဝူယီမေ့ကို သူ၏နန်းဆောင်သို့ ခေါ်ဆောင်သွားပြီး တံခါးကိုပိတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်၊ “ငါ့ကို ဘာလို့လာရှာတာလဲ။”


ပြင်ပလူများက ရှဲ့ဟွိုင်သည် အန္တရာယ်တစ်ခုဖြစ်သည်ဟု ပြောသည်ဖြစ်စေ၊ ဖန်းလီသည် တစ်စုံတစ်ခုနှင့် စွဲလမ်းနေသည်ဟု ပြောသည်ဖြစ်စေ ဝူယီမေ့သည် နားမထောင်ပေ။ သို့သော် သူကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့ရသောကြောင့် ယုံကြည်မိလာသည်။ ဖန်းလီသည် ရှဲ့ဟွိုင်နှင့် ပတ်သက်၍ မည်သည့်ရည်ရွယ်ချက်မျှ မရှိဟု ဆက်လက် ပြောနေသော်လည်း သူ၏လုပ်ရပ်များနှင့် အပြုအမူများသည် လူတစ်ဦးကို လှည့်စားနိုင်ခြင်းမရှိပေ…… ဝူယီမေ့သည် အရှင့်အား ရှဲ့ဟွိုင်ကြောင့် ထိခိုက်မှုများ ဖြစ်မည်ကို စိုးရိမ်မိသည်။ 


သို့သော် အရှင်သည် ရှဲ့ဟွိုင်နှင့်ပတ်သက်သော ကိစ္စများမှလွဲ၍ ဝူယီမေ့ပြောသည်ကို နားထောင်လိမ့်မည်။ ဤကိစ္စတွင် သူသည် သူ၏ကိုယ်ပိုင်ဆန္ဒအတိုင်း လုပ်ဆောင်ပြီး မည်သည့်မှတ်ချက်ကိုမျှ ခွင့်မပြုပေ။


တခါတရံတွင် ဝူယီမေ့သည် ရှဲ့ဟွိုင်မှာ အရှင့်ထံမှ ဤကဲ့သို့အထူးဆက်ဆံမှုရရန် စွမ်းအင်တစ်မျိုးကို ထည့်သွင်းထားသည်ဟု သံသယရှိမိသည်။


ဝူယီမေ့သည် သူ့ကိုယ်သူ ခဏတွေးပြီးနောက် “ကျွန်ုပ် ဝိညာဉ်ဖြိုခွဲရေးဂိတ်က လျှို့ဝှက်သစ္စာဖောက်မှုတွေ ပြုလုပ်နေတာကို မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့က ဝိညာဉ်ကျောက်တွင်းကနေ ထွက်ရှိတဲ့ ဝိညာဉ်ကျောက်တွေကို ခိုးယူနေလို့ အသူရာတောင်ကြောကို ပို့ဆောင်နေတဲ့ပမာဏက တစ်ဝက်ထက်နည်းနေတယ်။ နောက်ပြီး သူတို့က နတ်ဆိုးကျင့်ကြံသူတွေကိုလဲ တိတ်တဆိတ်ပျိုးထောင်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ သီးသန့်တပ်မတော်တစ်ခု ဖွဲ့စည်းနေတယ်လို့လည်း သံသယရှိမိတယ်။ ဝိညာဉ်ဖြိုခွဲရေးဂိတ်က ကောင်းကင်ဘုံကျင့်စဥ် အောက်မှာလည်း ရှိနေတယ်…… ဒီကိစ္စက အလွန်ပြင်းထန်တော့ ကျွန်ုပ် ကိုယ်တိုင်ဆုံးဖြတ်ဖို့ မဝံ့မရဲဖြစ်နေပါတယ်။ ကျေးဇူးပြု၍ ညွှန်ကြားပေးပါ။”

ဤကိစ္စ၊ ဟုတ်ပါတယ်…… ဇာတ်ညွှန်းထဲတွင်၊ စာကြောင်းတစ်ကြောင်းတည်းဖြင့် ပြီးသွားခဲ့ပြီး ဝိညာဉ်ဖြိုခွဲရေးဂိတ်သည် ဝိညာဉ်ကျောက်များကို ခိုးယူနေသည်ဟု ဆိုခဲ့သည်။ ရန်ဆွေးသည် ကိုယ်တိုင်သွားရောက်ကာ ဖိနှိပ်ခဲ့ပြီး အသူရာတောင်ကြောမှ ရက်အနည်းငယ်ခန့် ခွဲခွာသွားခဲ့သည်။


ရန်ဆွေး ကိုင်တွယ်ဖြေရှင်းပုံကို ဖော်ပြထားခြင်းမရှိပေ။ ဤဇာတ်လမ်းအချက်သည် ရန်ဆွေးကို ခွဲခွာစေရန်နှင့် တုမန်အား ရှဲ့ဟွိုင်နှင့် ချဉ်းကပ်ရန် အခွင့်အရေးပေးရန်ဖြစ်သည်။ ရန်ဆွေးသည် ရှဲ့ဟွိုင်ကို အချိန်တိုင်း စောင့်ကြည့်နေပါက တုမန်နှင့် ရှဲ့ဟွိုင်တို့ မည်သို့တွေ့ဆုံနိုင်မည်နည်း။


ဝူယီမေ့၏မျက်နှာကို ကြည့်လျှင် သူသည် ရှဲ့ဟွိုင်နှင့် သူ၏အပြန်အလှန်ဆက်ဆံမှုကို မကျေနပ်ကြောင်း ထင်ရှားနေပြီး သူသည် အန္တရာယ်ထဲသို့ ကျရောက်မည်ကို ကြောက်နေသည်မှာ သိသာနေသည်။ ဝူယီမေ့သည် သူ့ကို ထွက်ခွာစေရန် အခွင့်အရေးကို တမင်တကာ ရှာဖွေခဲ့သည်မှာ ဖြစ်နိုင်သည်…… ဤခရီးစဉ်ကို ရှောင်လွှဲ၍မရပေ။ ပထမဦးစွာ ဇာတ်လမ်းအတွက်၊ ဒုတိယအနေဖြင့် ဝူယီမေ့ကို စိတ်ချမ်းသာစေရန် ဖြစ်သည်။


ဖန်းလီသည် သူ၏နှုတ်ခမ်းများကွေးအောင် ပြုံးပြလိုက်သည်။ “အိုး၊ ဒါဆို ဝိညာဉ်ဖြိုခွဲရေးဂိတ်က ဒီတစ်ခါ ဘယ်လိုရှင်းပြမလဲ ငါကြည့်ချင်တယ်။”


သုံးရက်အကြာတွင် ဖန်းလီနှင့် ဝူယီမေ့တို့သည် ကျူချင်းမြို့၏လမ်းများပေါ်တွင် လျှောက်လည်နေကြသည်။ လမ်းမပေါ်တွင် လူသွားလူလာနည်းပြီး တခါတရံတွင် မော့ရှိုးများသည် မြင်းစီးလျက် ဖြတ်သန်းသွားလာနေကြသည်။


ဖန်းလီသည် ရိုးရှင်းသော်လည်း အဆင်တန်ဆာဆင်ထားသော အမည်းရောင်ပိုးချည်ထည်များကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းတန်ဆာတစ်ခုနှင့် လက်တွင် ခေါက်ထားသော ပန်ကာတစ်ခုကို ကိုင်ထားသည်မှာ ချမ်းသာသောလူငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။


မူလက ကျူချင်းမြို့သည် ဝမ်ယွဲ့ပြည်နယ်၏ အုပ်ချုပ်မှုအောက်တွင် သာမန်မြို့ငယ်တစ်မြို့ဖြစ်ပြီး သဘာဝအရင်းအမြစ်များမှာလည်း ပျမ်းမျှပမာဏသာရှိသည်။ အထူးတလှယ် အံ့သြဖွယ်ကောင်းသောရှုခင်းများ သို့မဟုတ် ပျော်ရွှင်ဖွယ်ရာများ မရှိပေ။ ထိုမြို့တွင် မြင့်မြတ်တောင်ထွဋ်ဂိုဏ်းဟုခေါ်သော သေးငယ်သည့် သင်ကြားရေးဂိုဏ်းတစ်ခုသာရှိပြီး ထိုနေရာတွင် ဘဝသည် ရိုးရှင်းပြီး သာမန်ဖြစ်နေခဲ့သည်။ ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်းမဟုတ်ပါ။ မြင့်မြတ်တောင်ထွဋ်ဂိုဏ်းသည် မျှော်လင့်မထားသောအချိန်၌ ထိပ်တန်းဝိညာဉ်ကျောက်များပါရှိသော ဝိညာဉ်ကျောက်တွင်းတစ်ခုကို ဤနေရာတွင် တွေ့ရှိခဲ့သည်။


ဝိညာဉ်ကျောက်တွင်းများသည် သင်ကြားရေးသမားများ အပြင်းအထန် ထိန်းချုပ်ရန် ကြိုးစားကြသော သဘာဝအရင်းအမြစ်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် ထိပ်တန်းဝိညာဉ်ကျောက်များသည် အလွန်ရှားပါးသည်။ သတင်းထွက်ပေါ်လာသည်နှင့်တပြိုင်နက်၊ မနာလိုမှုများစွာကို ဖြစ်ပေါ်စေမည်မှာ သေချာသည်။


မြင့်မြတ်တောင်ထွဋ်ဂိုဏ်းသည် ဤချမ်းသာမှုသည် ပြဿနာများကို ဖိတ်ခေါ်မည်ကို သိရှိပြီး ဝိညာဉ်ကျောက်တွင်းကို တစ်ဦးတည်း ပိုင်ဆိုင်ရန် မဝံ့မရဲဖြစ်နေသဖြင့်တရားမျှတသောဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် ရွှယ်ရှင်းလော့ကို ပူးတွဲစီမံခန့်ခွဲရန် ဖိတ်ခေါ်ခဲ့သည်။ ရွှယ်ရှင်းလော့သည် သတင်းကို ရရှိသည်နှင့်တပြိုင်နက် အကြီးအကဲသုံးဦးနှင့် တပည့်များစွာကို စီမံခန့်ခွဲရန် စေလွှတ်ခဲ့သည်…… ကံမကောင်းစွာဖြင့် သူတို့သည် တစ်လှမ်းနောက်ကျခဲ့ပြီး တုမန်၏ ကောင်းကင်ဘုံကျင့်စဥ်သင်ကြားရေးသမားအုပ်စုသည် သူတို့အားလုံးကို သတ်ဖြတ်ခဲ့သည်။ မြင့်မြတ်တောင်ထွဋ်ဂိုဏ်းလည်း ပါဝင်သ်။


ဤအချိန်တွင် တုမန်သည် ရန်ဆွေးထံ လက်နက်ချပြီးဖြစ်သဖြင့် ဤဝိညာဉ်ကျောက်တွင်းသည်လည်း အသူရာတောင်ကြော၏ပိုင်ဆိုင်မှု ဖြစ်လာသည်။


ဝိညာဉ်ဖြိုခွဲရေးဂိတ်တံခါးသည် ကောင်းကင်ဘုံကျင့်စဥ်နှင့်သက်ဆိုင်သော မကောင်းသောဂိုဏ်းများစွာထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် တုမန်နောက်ကို ကြာမြင့်စွာ လိုက်ပါခဲ့ပြီး သူ၏ယုံကြည်မှုကို အမြဲရရှိခဲ့သဖြင့် တုမန်သည် ဤအရေးကြီးသောတာဝန်ကို သူတို့အား ပေးအပ်ခဲ့ပြီး ဤတွင်းမှ ဝိညာဉ်ကျောက်များ ထုတ်ယူရာတွင် ကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။


တုမန်၏လှုံ့ဆော်မှုမရှိဘဲ သူတို့သည် အဆပေါင်းများစွာရဲရင့်လျှင်ပင် ဝိညာဉ်ဖြိုခွဲရေးဂိတ်တံခါးသည် ဝိညာဉ်ကျောက်များကို ခိုးယူခြင်းကဲ့သို့သောအရာကို လုပ်ရန် ရဲရင့်မည်မဟုတ်ပေ။


တုမန်သည် သစ္စာရှိဟန်ဆောင်ပြီး နောက်ကွယ်တွင် သစ္စာဖောက်ကာ ခိုးယူထားသော ပစ္စည်းများဖြင့် သူ၏အိတ်ကို လျှို့ဝှက်စွာ ဖြည့်နေခြင်းဖြစ်သည်…… ဖန်းလီသည် ဤအရာကို အံ့သြခြင်းမရှိသလို ရန်ဆွေးသည်လည်း အစကတည်းက သိရှိထားသည်။


သို့သော် ရန်ဆွေးသည် ယခင်က ဤကိစ္စကို ဂရုစိုက်ရန် ပျင်းရိခဲ့သည်။ သူသည် သူ၏လက်အောက်ငယ်များ သာမန်အားဖြင့် မည်သို့လုပ်ဆောင်သည်ကို အမြဲဂရုမစိုက်ခဲ့ပေ။ ပုံမှန်အားဖြင့် နယ်မြေတစ်ခုစီကို သိမ်းပိုက်ခဲ့သူအား စီမံခန့်ခွဲရန် လွှဲအပ်ခဲ့သည်။ ဥပမာအားဖြင့် ယခင်ကသူ့ထံ နတ်ဆိုးများ တင်သွင်းခဲ့သောအစီအရင်ခံစာများသည် ပုံမှန်အားဖြင့် ပုံစံတစ်ခုတည်းသာဖြစ်သည်။ ရှဲ့ဟွိုင်၏ ဝင်ရောက်စွက်ဖက်မှုမရှိပါက သူတို့သည် လိုအပ်သော လက်ဆောင်များကို အချိန်မီတင်သွင်းပြီး သူ၏ဘွဲ့ကို ဂုဏ်ပြုသောကြောင့် ရန်ဆွေးသည် အခြားကိစ္စများတွင် များစွာဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ။


‘အကြည်ဆုံးရေတွင် ငါးမရှိ။’

မှန်ကန်သောဂိုဏ်းများသည်ပင် အရာရာတွင် ထပ်တူညီမှု၊ တရားမျှတမှုနှင့် ရိုးသားမှုကို လုံးဝမရရှိနိုင်ပေ။ ဤအတ္တဆန္ဒရှိပြီး ရည်မှန်းချက်ကြီးမားသောနတ်ဆိုးများသည် နာခံပြီး ကျိုးနွံစွာနေထိုင်ရန် သူမျှော်လင့်ထားခြင်းမဟုတ်ပေ။


ထိုသို့ဖြစ်ပါက မူရင်းဇာတ်ညွှန်းတွင် ရန်ဆွေးသည် ဤနေရာသို့ မည်သည့်အကြောင်းကြောင့် လာရောက်ခဲ့သနည်း။


ရန်ဆွေး၏ရည်ရွယ်ချက်များသည် သူ၏ရည်ရွယ်ချက်များနှင့် မတူညီပေ။ ယခင်က သူသည် အမြဲတစေလျစ်လျူရှုထားသော်လည်း ဤကိစ္စတွင် သူသည် ကိုယ်တိုင်လုပ်ဆောင်ရန် လာခဲ့သည်။ သူသည်  တုမန်ကို ဆက်လက်သည်းခံရန် မလိုလားတော့ကြောင်း ရုတ်တရက်ဆုံးဖြတ်ခဲ့သည်လား။


ဖန်းလီသည် စဉ်းစားနေသည်။


ရန်ဆွေး၏ နံပါတ်တစ် ယုံကြည်ရသူ ဝူယီမေ့၏ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များသည် လုံးဝပြည့်စုံသည်။ ဤတစ်ကြိမ်တွင် သူသည် အရာအားလုံးကို အပြည့်အဝစုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်သော အထောက်အထားများကို စုဆောင်းပြီးနောက် အစီရင်ခံရန် လာရောက်ခဲ့သည်။ သူသည် ဖန်းလီနောက်ကို လေးစားစွာဖြင့် လိုက်ပါလျက် “အရှင်၊ ကျွန်ုပ်တို့ ဝိညာဉ်ဖြိုခွဲရေးဂိတ်တံခါးကို တိုက်ရိုက်သွားမှာလား” ဟု ရိုကျိုးစွာဖြင့် မေးလိုက်သည်။


အလျင်စလိုဖြစ်နေရသည့် အကြောင်းရင်းမှာ သူသည် တောင်ပေါ်မှ ပထမဆုံးအကြိမ် ခရီးထွက်လာခြင်းဖြစ်သည်။ နောက်ဆုံးတွင် အားလပ်ရက်ရလာပြီး လူ့လောက၏ စည်ကားသောအသံများကို ကြာမြင့်စွာကြားပြီးနောက် ဖန်းလီသည် ကောင်းစွာအနားယူရန် ဆုံးဖြတ်လိုက်သည်။


ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို ဂရုစိုက်ရန်မှာ လမ်းကြောင်းပေါ်တွင် ဖြေရှင်းရမည့်အရာတစ်ခုသာ ဖြစ်သည်။ စိတ်ပူစရာ မလိုပါ။


ကလေးတစ်စုသည် သူ၏ခြေထောက်များကို ဖြတ်သွားပြီး သူ့ကို တိုက်မိသောအခါတွင် ကြောက်လန့်ကာ ထပ်ခါထပ်ခါ တောင်းပန်ကြသည်။ ဖန်းလီသည် လဲကျနေသော ကလေးတစ်ဦးကို ထစေပြီး ဝူယီမေ့အား ပြုံးပြလိုက်သည်။ "ငါ ဗိုက်ဆာနေပြီ။ အရင်စားကြရအောင်။"


ဝူယီမေ့၊ "?"


သို့သော် ဖန်းလီသည် ဝူယီမေ့ကို သတိမထားမိဘဲ လမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုဆီ တိုက်ရိုက်သွားလိုက်သည်။


တစ်ချိန်တုန်းက ဝူယီမေ့သည် သူ၏စွမ်းအင်အဆင့်ဖြင့် အရှင်သည် ဆာလောင်မှုကို ခံစားရမည်မဟုတ်ကြောင်း သတိထားမိခဲ့သည်။ သူသည် ဝေဝါးစွာဖြင့် ဖန်းလီနောက်မှ စားသောက်ဆိုင်ထဲသို့ လိုက်သွားခဲ့ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ဖန်းလီသည် သူ့ကိုဆွဲပြီး အနီးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ခိုင်းလိုက်သည်။


မကြာမီ ဝူယီမေ့သည် ဖန်းလီ၏ နူးညံ့သောရယ်သံကို ကြားလိုက်ရသည်။ "အပြင်မှာဆိုတော့ ဒီလောက်တည်တံ့မနေနဲ့။"


ဝူယီမေ့၏လက်ကောက်ဝတ်ကို ဖန်းလီက ဆုပ်ကိုင်ထားသည်။ သူ့အသက်ရှူသံသည် ဝူယီမေ့၏ နားရွက်နားတွင် လေညှင်းတိုက်သကဲ့သို့ ဖြတ်သွားသည်။ ဝူယီမေ့သည် ဤပုဂ္ဂိုလ်ကို ဆယ်စုနှစ်ကျော် သိခဲ့သော်လည်း ဤကဲ့သို့ နီးနီးကပ်ကပ် မရှိဖူးပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူ၏လက်ကောက်ဝတ်ပေါ်ရှိ အေးမြသောခံစားမှုများ ပျောက်ကွယ်သွားပြီးနောက်မှသာ တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။


ဝိညာဉ်ဖြိုခွဲရေးဂိတ်မှ အစေခံအနည်းငယ်သည် အပြင်ဘက်မှ ဖြတ်သွားခဲ့သည်။


ဖန်းလီသည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်နိုင်သည်။ သူသည် ဖန်းလီ၏အစီအစဉ် မပျက်စေရန် ပူးပေါင်းဆောင်ရွက်ရမည်။


ဝူယီမေ့၏အတွေးများသည် ဖန်းလီ၏ပြောစကားကို မကြားသည်အထိ ရှုပ်ထွေးနေခဲ့သည်။ "မင်းဘာစားချင်လဲဆိုတာ ငါသေချာမသိဘူး။"


ဝူယီမေ့သည် သူ့ရှေ့တွင် ရှိနေသော လူကို ကြည့်ရှုနေသည်။


အဲဒါကို သိဖို့ လိုအပ်လို့လား။


ဖန်းလီသည် ရန်ဆွေး၏မှတ်ဉာဏ်အားလုံးကို ရှာကြည့်ခဲ့သည်။ သူသည် ဝူယီမေ့၏စွမ်းအင်အဆင့်၊ အားသာချက်များ၊ အားနည်းချက်များ၊ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်အကြိမ်ရေများကို သိသည်။ ဤနှစ်ပေါင်းများစွာ ကြာပြီးနောက်... သူသည် ဤပုဂ္ဂိုလ်၏အကြောင်းအရာအားလုံးကို သိပုံရသော်လည်း ဝူယီမေ့ ဘာစားချင်သည်ကို မသိခဲ့ပေ။


ရန်ဆွေး၏ရှုထောင့်မှ ကြည့်လျှင် ထိုအရာသည် သိစရာမလိုသော သေးငယ်သည့်အရာတစ်ခုသာ ဖြစ်သည်။


သို့သော် ဖန်းလီက ထိုသို့မထင်ပေ။


အများအားဖြင့် လူတစ်ဦး၏ဘဝတွင် ကြီးကျယ်ခမ်းနားသော အခိုက်အတန့်များ မရှိပေ။ ဘဝကို ဖန်တီးသည့် အရာများမှာ ချိုချဉ်၊ ခါး၊ ချဉ်၊ စပ်သော အရာများ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတို့ပင်။ ဇာတ်ညွှန်းထဲတွင် ဝူယီမေ့သည် မကောင်းသောဇာတ်ကောင်တစ်ဦးဖြစ်သော်လည်း ဖန်းလီ၏ရှေ့တွင်မူ သက်ရှိလူသားတစ်ဦးအဖြစ်ရှိနေသည်။


ရန်ဆွေးသည် ထိုအချိန်က သူ့ကို ကယ်တင်ခဲ့သော်လည်း သူသည် လူသားတစ်ဦးကဲ့သို့ နေထိုင်ရန် သင်ကြားပေးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်လည်း မသိသောအရာကို မည်သို့ သင်ပေးနိုင်မည်နည်း။


ဖန်းလီသည် ဝူယီမေ့၏ မျက်နှာအမူအရာအား ကြည့်ရုံဖြင့် သူသည် အရာရာကို လွန်ကဲစွာ တွေးနေသည်ကို သိသည်။ သူသည် ကြိုးစားအားထုတ်မှုရှိသောလူတစ်ဦး ဖြစ်သည်။ လူတစ်ဦးသည် အလုပ်ကို အမြဲတွေးနေရန် မလိုအပ်ပေ။ ရံဖန်ရံခါတွင် အနီးရှိရှုခင်းများကို ကြည့်ရန် လိုအပ်သည်။ ဝူရီမေ့၏ကြိုးစားအားထုတ်မှုသည် မနက်၉နာရီမှ ည၉နာရီအထိ တစ်ပတ်လျှင် ခြောက်ရက်လုပ်ရသောအလုပ်ထက် ပိုမိုများပြားနေသည်။ ထိုအရာသည် 24/7 တစ်ပတ်လျှင် ခုနစ်ရက်ဖြစ်နေသည်။ ဤလောကရှိ နတ်ဆိုးလမ်းစဉ်လိုက်သူများတွင် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်သမားစည်းမျဉ်းများ မရှိသောကြောင့် ဖြစ်သည်။


သူသည် ထိုကဲ့သို့သော ကြမ်းတမ်းသည့်သူမျိုး မဟုတ်ပေ။ သူသည် သူ၏လက်အောက်ငယ်သားများကို တစ်ခါတစ်ရံတွင် အားလပ်ရက်ပေးရန် လိုအပ်သည်။


ဤနေ့ရက်များတွင် သူတို့၏အလုပ်မှာ သူနှင့်အတူ စားသောက်ရန်နှင့်ကစားရန်သာ ဖြစ်သည်။


ဖန်းလီသည် လက်ဟန်ပြပြီး ဆိုင်ရှင်ကို ဟင်းလျာများမှာလိုက်သည်။ ထိုအရာသည် နတ်ဆိုးနန်းတော်ရှိ အရသာရှိသောအစားအစာများနှင့် နှိုင်းယှဉ်လျှင် မတူညီသော၊ ပေါ့ပါးသောပုံစံတစ်မျိုး ဖြစ်သည်။


ဖန်းလီ၏မျက်လုံးများသည် စားပွဲပေါ်ကို လှမ်းကြည့်လိုက်ပြီး ပြုံးရင်း သကြားရည်ပျစ်ပျစ်တစ်ခွက်ကို ဝူယီမေ့ထံသို့ တွန်းပို့လိုက်သည်။ "စမ်းကြည့်ပါလား။"


ဝူယီမေ့သည် သူ့ရှေ့တွင် ရှိနေသောသကြားရည်ပျစ်ကို ကြည့်ရင်း ခဏတာ စိတ်မပါသကဲ့သို့ဖြစ်နေသည်။


တကယ်တော့ သူကိုယ်တိုင်တောင် သူဘာကို ကြိုက်နှစ်သက်သလဲဆိုတာ မသိခဲ့ပါဘူး။


ငယ်စဉ်ကတည်းက သူဟာ ဘာမဆို စားခဲ့ပါတယ်။ အကြွင်းအကျန်များ၊ အမှိုက်များမှသည် ပုပ်သိုးနေသော ရေများအထိပင်။


သူသည် ဗိုက်ပြည့်စေမည့်အရာများကို စားခဲ့သည်။ ရန်ဆွေးနှင့်အတူ နတ်ဆိုးလမ်းကြောင်းပေါ်သို့ လိုက်ပါသွားပြီးနောက် သူသည် အစာငတ်ခြင်းမှ လွတ်မြောက်သွားသော်လည်း သူသည် ပြင်းထန်သော အန္တရာယ်များနှင့် မကြာခဏရင်ဆိုင်ရပြီး အသက်ဘေးမှ ခဏခဏ လွတ်မြောက်ခဲ့သည်။


သူသည် ပိုမိုအားကောင်းလာရန် တစ်ခုတည်းသောစိတ်ဖြင့် အာရုံစိုက်ခဲ့ပြီး၊ သူဘာစားစား ကိစ္စမရှိခဲ့ပါ။ ထို့နောက်…… အဆင့်မြင့်သောကျင့်ကြံသူများသည် ရှင်သန်ရန် စွမ်းအင်သာလိုအပ်ပြီး သာမန်အစားအစာများသည် လုံးဝမလိုအပ်ပါ။


ဒီအချိန်မှာတော့ သူဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပါဘူး……


ဝူယီမေ့သည် မျက်လုံးများကို ပင့်ကြည့်လိုက်သည့်အခါ မျှော်လင့်ချက်များဖြင့် ပြည့်နေကာ ပြုံးနေသော မျက်လုံးများနှင့် ဆုံမိသွားသည်။ သူသည် ဂရုတစိုက် မြည်းစမ်းကြည့်လိုက်သည်။ ကြည်လင်ပြီး ချိုမြိန်သော အရသာသည် လျှာပေါ်တွင် ပျံ့နှံ့သွားပြီး သူ၏လည်ချောင်းသည်လည်း လှုပ်ရှားသွားသည်။ ရိုကျိုးစွာဖြင့် "ကျွန်ုပ်ကြိုက်တယ်" ဟု ပြောလိုက်သည်။


ဝူယီမေ့သည် စိတ်ညစ်စရာနေဟန်ရှိနေပြီး ဘာမှမပြောသောကြောင့် ဖန်းလီသည် မူလက သူ့အရသာနှင့် မကိုက်ညီမှာကို နည်းနည်းစိတ်ပူနေခဲ့သည်။ ယခုတော့ သူသည် စိတ်သက်သာရာရသွားပြီး တူကိုင်ကာ ပြုံးရင်း "စားကြရအောင်" ဟု ပြောလိုက်သည်။


ဝူယီမေ့သည် သူ၏ရှုပ်ထွေးသောမျက်နှာအမူအရာကို ထိန်းထားရန် မျက်လုံးများကို နှိမ့်ချလိုက်သည်။ ရှဲ့ဟွိုင်ကို ဖမ်းဆီးပြီးကတည်းက သူ့အရှင်သည် လုံးဝကွဲပြားသော လူတစ်ယောက်လို ဖြစ်လာခဲ့သည်။ သူသည် ရယ်မောရန် စတင်နှစ်သက်လာပြီး သူ၏မျက်နှာအမူအရာသည် ပိုမိုနူးညံ့လာခဲ့သည်။ ရှဲ့ဟွိုင်နှင့်အတူရှိနေသရွေ့ သူသည် မည်သည့်အခါကမှမပြသခဲ့သော သူ၏အခြားဘက်ကို အမြဲတမ်းပြသလေ့ရှိပြီး ထိုသူကို အလွန်အမင်းချစ်မြတ်နိုးနေသည်ဟု ထင်ရသည်…… သူသည် ချစ်ခြင်းမေတ္တာမဟုတ်ဟု အမြဲပြောနေသော်လည်း…


ပြီးခဲ့သော ဆယ်နှစ်အတွင်း ဝူယီမေ့သည် ဤသူနှင့် ဘယ်တော့မှ နီးစပ်ခဲ့ခြင်းမရှိသော်လည်း ရှဲ့ဟွိုင်ကြောင့် သူသည် အခြားသူများကို သူ၏နှလုံးသားထံ ချဉ်းကပ်ခွင့်ပြုရန် စတင်လာခဲ့သည်။ မူလကသတ်ဖြတ်ခြင်းကိုသာသိသော ရုပ်သေးရုပ်တစ်ခုသည် ရုတ်တရက် လူသားနှလုံးသားနှင့် ခံစားချက်များ ရရှိလာသကဲ့သို့ ဖြစ်လာခဲ့သည်။ ယခုတော့ သူသည် ဝူယီမေ့ကြိုက်နှစ်သက်သောအစားအစာများကိုပင် ဂရုစိုက်လာခဲ့သည်……


ဝူယီမေ့သည် အစပိုင်းတွင် နည်းနည်းရှုပ်ထွေးပြီး စိတ်ရှုပ်နေခဲ့သော်လည်း သူသည် သူ၏စိတ်ရှုပ်ထွေးမှုမှ ပြန်လည်သတိဝင်လာသောအခါ သူသည် ဤပြောင်းလဲမှုများကို လုံးဝမမုန်းတီးကြောင်း၊ ဤအခိုက်အတန့် ပျက်စီးမည်ကို အနည်းငယ်ကြောက်ရွံ့နေကြောင်း သိရှိခဲ့သည်။


အစပိုင်းတွင် သူသည် သေမင်း၏ခံတွင်းတွင် ရှိနေစဉ် ဤသူသည် သူ့ကို ဆွဲထုတ်ပြီး သွားစရာနေရာတစ်ခု ပေးခဲ့သည်။ သူသည် လမ်းလျှောက်နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ဤသူနှင့်အတူ သတ်ဖြတ်ခြင်းနှင့် သေခြင်း၏ခရီးတစ်ခုကို လိုက်ပါခဲ့သည်……


ထိုအချိန်တုန်းက သူသည် ဤကဲ့သို့သော နေ့ရက်တစ်ရက် ရှိလာမည်ကို ဘယ်တော့မှ စိတ်ကူးမယဉ်ခဲ့ပါ။ သာမန်လူတစ်ယောက်ကဲ့သို့ စားသောက်ပြောဆိုပြီး ပြုံးနိုင်သော နေ့ရက်တစ်ရက်…။ အပြင်ဘက်ရှိ လှုပ်ရှားနေသော ကောင်းကင်နှင့် မြေကြီးသည် သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ သူ၏ရှေ့တွင် ရှိနေသော ဤပျော်ရွှင်မှုကို လောဘကြီးစွာ ဖက်တွယ်ထားသည့်အခိုက်အတန့်သာ ရှိနေသည်ဟု ထင်ရသည်။


ဝူယီမေ့သည် လက်ကို တင်းတင်းဆုပ်ထားမိသည်။ သူသည် ရှဲ့ဟွိုင်ကို အားကျနေကြောင်း ဝန်ခံရမည်။ ဤသူ၏ ချစ်ခြင်းမေတ္တာအားလုံးကို လက်ခံရရှိနိုင်ကြောင်း၊ သူ၏ဘေးတွင် နေ့စဉ်နေ့တိုင်းနေနိုင်ကြောင်းများအား အားကျလာသည်။


အကယ်၍ ထိုအရာသည် အတုအယောင်ဖြစ်နေသည်တောင် သူဘယ်တော့မျှ မရနိုင်သော၊ ဝေးလံသော ဆန္ဒတစ်ခုဖြစ်သည်။


End


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment