no

Font
Theme

Chapter (4) 




ဖန်းလီသည် ဂရုဏာသက်ဝင်သော မျက်လုံးများဖြင့် ယောင်းအာကို စိုက်ကြည့်လိုက်သည်။ ဇာတ်ကောင်များ၏ပထမဆုံးပြဿနာမှာ သူတို့၏ရန်သူများ အားကောင်းသည်လား၊ အားနည်းသည်လား ခွဲခြားသိမြင်နိုင်ခြင်း မရှိခြင်းပင်ဖြစ်သည်။




အမြင့်ဆုံးဝိညာဉ်ဖွဲ့စည်းမှုအဆင့်တွင် ထိပ်တန်းစွမ်းရည်ရှိပြီး ရှားပါးသော မွေးရာပါ တောက်ဓမ္မတရားကိုယ်ခန္ဓာပိုင်ဆိုင်သူ ရှဲ့ဟွိုင်သည် လက်ရှိအချိန်တွင် အကျဥ်းချခံထားရပြီး သူ၏စွမ်းရည်များ ယာယီပိတ်ပင်ခံထားရသော်လည်း အခြေခံတည်ဆောက်စွမ်းရည်အဆင့်မရောက်သေးသည့် ရုပ်ရည်ကို အမှီပြုနေရသော သူငယ်မတစ်ဦးနှင့် ယှဉ်ပါက သာလွန်နေဆဲဖြစ်သည်။




ယောင်းအာသည် နာကျင်နေသောလက်ကောက်ဝတ်ကို ကိုင်လျက် မြေပြင်ပေါ်တွင် ထိုင်ကာ နာကျင်မှုကြောင့် မျက်နှာဖြူရော်နေသည်။ ထို့အပြင် ရှဲ့ဟွိုင်ကိုမယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေသည်။




နတ်ဆိုးအရှင်၏နောက်လိုက်များကြားတွင် အတွင်းပဋိပက္ခများ လုံးဝတားမြစ်ထားသောကြောင့် အငြင်းပွားမှုများရှိလင့်ကစား လူတိုင်းသည် အပေါ်ယံအားဖြင့် သဟဇာတဖြစ်အောင် ဟန်ဆောင်ကြရသည်။ သို့သော် ဤသူသည် နတ်ဆိုးအရှင်ရှေ့တွင်ပင် ဤမျှရဲရင့်စွာ ပြုမူနိုင်သည်...




ယောင်းအာသည် မျက်လုံးများကို ရှုံးနိမ့်သူပမာ နှိမ့်ချလိုက်ပြီး သူ၏စိတ်တွင် လျှို့ဝှက်သောအကြံအစည်များ တွေးတောမိသွားသည်။ ‘ကောင်းပြီ ဤသည်မှာ သူ့ကို အပြီးသတ်ချေမှုန်းရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။’




ရှဲ့ဟွိုင်ကို ပထမဆုံးမြင်ရသည့်အချိန်မှစ၍ သူသည် ပြင်းထန်သော စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားရသည်။




ယောင်းအာသည် ဒူးထောက်လျက် ဖန်းလီထံသို့ သွားပြီး မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ပြည့်လျက် ရင်မောနေသည့်အသံဖြင့် “သခင်၊ သူက အရှင့်စကားကို မလိုက်နာဘဲ လူအများရှေ့တွင် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရဲတဲ့သူပါ။ အရှင်၊ တရားစီရင်ပေးပါ!”




ရှဲ့ဟွိုင်သည် ချစ်စဖွယ်မိန်းမပျိုကို သနားကြင်နာမှုမရှိသော်လည်း ဖန်းလီမှာမူ ယောင်းအား၏ဒဏ်ရာအတွက် သနားကာ နူးညံ့သောအမူအရာဖြင့် ပြောဆိုသည် “မငိုနဲ့‌တော့လေ။”




ယောင်းအာသည် ဖန်းလီ၏မျက်နှာကို ငေးမောပြီး တစ်ခဏလောက် ထုံထိုင်းသွားသည်။ ပုံမှန်အေးစက်သော မျက်နှာပြင်သည် ယခုအခါတွင် သနားကြင်နာမှုဖြင့် တောက်ပြောင်နေပြီး အသံတွင်ပင် တုန်လှုပ်ဖွယ်အရာများ ပါဝင်နေသည်... သူ၏နှလုံးခုန်သံများ မြန်လာသည်။ အရှင်သခင်က သူ့ကို ဤမျှအခွင့်ထူးဆက်ဆံသည်မှာ... ဖြစ်နိုင်ပါသလား...?




ယောင်းအာကို နှစ်သိမ့်ပြီးနောက် ဖန်းလီသည် ရှဲ့ဟွိုင်ကို လှည့်ကြည့်လိုက်သည်။




ရှဲ့ဟွိုင်သည် သူ့လက်ထဲရှိ ကျောက်တုံးကို ချထားပြီးဖြစ်ကာ အေးစက်သော မျက်နှာဖြင့် ပြန်လည်ကြည့်ရှုနေသည်။ သူ၏နက်နဲသောမျက်လုံးများတွင် ဘာမျှမတွေ့ရဘဲ ပထမဆုံးတွေ့ချိန်ကကဲ့သို့ အေးစက်စွာနှင့် ဂရုမစိုက်ဘဲ... နောက်ဘာဆက်ဖြစ်မည်ကိုလည်း လုံးဝဂရုမစိုက်ပုံရသည်...။




ဖန်းလီ၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်သွားပြီး သူ၏စကားလုံးများကို ဖြေးဖြေးချင်းပြောဆိုသည်။ “သူ့ကိုတော့…”




ယောင်းအာနှင့် ပတ်ဝန်းကျင်ရှိလူများအားလုံး အသက်ရှုမှားကုန်ကြသည်။ ယောင်းအာသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေပြီး


နတ်ဆိုးအရှင်၏အမိန့်ကို စောင့်နေသည်။




အခြားသူများလည်း ဤသို့ထင်ကြသည်။ ယခင်က နတ်ဆိုးအရှင်ရှေ့တွင် ဆူပူသူများရှိခဲ့ဖူးသည်။ နတ်ဆိုးအရှင်သည် အဖြစ်အပျက်ကို မေးမြန်းခြင်း မှားသူမှန်သူကို မေးမြန်းခြင်းမပြုဘဲ နှစ်ဖွဲ့လုံးကို ကြယ်ကြွေပင်လယ်ထဲသို့ ပစ်ချကာ ငါးများကို ကျွေးခဲ့သည်။ ထိုအချိန်မှစ၍ လူတိုင်းသည် ပို၍ထိန်းသိမ်းလာကြသည်။ ငြင်းခုံကြသည့်ကိစ္စများကို နတ်ဆိုးအရှင်အနားတွင် မပြုမူဝံ့ကြတော့ပေ။




နတ်ဆိုးအရှင်၏ဂုဏ်သိက္ခာကို မထိပါးရ။ ဤသူသည် လိမ္မာပါးနပ်မှုကင်းမဲ့ပြီး နတ်ဆိုးအရှင်ရှေ့တွင် တစ်ဦးကိုတစ်ဦး ထိခိုက်စေခဲ့သည်။ သူသည် သေကံမှမလွတ်နိုင်ပါ။ ‘ဝိညာဉ်ကို ရိုက်နှက်ခြင်း သို့မဟုတ် စိတ်ဓာတ်ကို သန့်စင်ခြင်းသည်ပင် လွန်လွန်းမည်မဟုတ်’




ဖန်းလီသည် နှုတ်ခမ်းထောင့်များကို ကွေးညွှတ်ကာ ဖြည်းညှင်းစွာ ပြောဆိုသည်။ “ညဉ့်ဦးယံမှာ သူ့ကို ငါသခင်ရဲ့အခန်းထဲကို ခေါ်ဆောင်လာခဲ့။”




လူအုပ်ကြီး- “......???။”




ယောင်းအာ၏မျက်နှာသည် ထုံထိုင်းသွားသည်။ နှိမ့်ချစွာဖြင့် ပြောသည် “အရှင်၊ ဒီကိစ္စက......”




ဖန်းလီသည် ပြုံးရယ်ကာ မျက်လုံးများကို မှေးစင်းလိုက်သည်။ “သူသေလိုသည်ကို မြင်ရတာနဲ့ ငါသခင်က သူ့ဆန္ဒကို ငြင်းပယ်ပြီး သေခြင်းထက် ပိုဆိုးရွားတဲ့ ကံကြမ္မာကို ခံစားစေရမယ်။ ကျေနပ်ပြီလော?”




ယောင်းအာသည် ချက်ချင်းပင် လည်ပင်းတွင် တစ်ခုခု ပိတ်ဆို့သွားသကဲ့သို့ အတင်းအဓမ္မ ပြုံးရယ်ကာ ပြောသည် “...... ကျေနပ်ပါပြီ။” မကျေနပ်ဝံ့ပါက သေရမည့်သူမှာ သူပင်ဖြစ်လိမ့်မည်။




သားကောင်ကို အင်အားဖြင့် နှစ်သိမ့်နိုင်ပြီးနောက် ဖန်းလီသည် ဝမ်းမြောက်စွာဖြင့် ထွက်ခွာသွားသည်။




…………………………………………………..




ဖန်းလီ၏နောက်ဆုံးစကားကို ကြားပြီးနောက် စနစ်သည် စိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်သည်။




မူရင်းဇာတ်လမ်းအရ ဤအချိန်တွင် ရှဲ့ဟွိုင်သည် အလွန်အမင်းဒဏ်ရာရခဲ့ပြီး အရိုးအကြောများ စုတ်ပြဲသွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သော်လည်း သေလုမတတ်အခြေအနေဖြင့် ယောင်းအာ၏လက်ကောက်ဝတ်ကို မည်သို့မျှ ချိုးနိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့် မူရင်းဇာတ်လမ်းတွင် ဤဇာတ်ကွက် မပေါ်ခဲ့ချေ။




အရှင်သည် ဇာတ်ညွှန်းကို ပြင်ဆင်မွမ်းမံခဲ့သောကြောင့် ဤနေရာတွင် ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သော်လည်း ကံကောင်းထောက်မစွာ အရှင်သည် လိုက်လျောညီထွေရှိပြီး ဇာတ်ကွက်ကို အဆုံးထိဆက်လက်သရုပ်ဆောင်နိုင်ခဲ့သည်။




ဖန်းလီသည် သူ၏နေရာသို့ ဖြေးဖြေးမှန်မှန် လှည့်လည်သွားလာရင်း အခြားအရာတစ်ခုကို စဉ်းစားနေသည်။




တရားမျှတမှုကိုကာကွယ်ရန် မကောင်းဆိုးဝါးများကို နှိမ်နင်းပြီး အားနည်းသူများကို ကာကွယ်ပေးသည့် ယွီယီကျွင်းအဖြစ် လူသိများသော ရှဲ့ဟွိုင်သည် သူ၏ထင်ရှားသောဂုဏ်သတင်းကြောင့် တစ်လောကလုံးတွင် လူသိများသည်။ လူတိုင်းက သူ့ကို သူတော်ကောင်းတစ်ဦးအဖြစ် ချီးမွမ်းကြသည်။ သာမန်အားဖြင့် ထိုကဲ့သို့သောပုဂ္ဂိုလ်သည် အားနည်းသူကို ထိပါးရန် မည်သို့စိတ်ကူးနိုင်မည်နည်း။




သို့သော် ယောင်းအာ၏လက်ကောက်ဝတ်ကို ချိုးပစ်ရာတွင် သူ့၌ ဂရုဏာတစ်စက်မျှ မတွေ့ရပေ။ အမှန်တကယ်ပင် အေးစက်စွာဖြင့် ဘာမှမဖြစ်သလို ကြည့်နေခဲ့သည်။ ဖန်းလီစဉ်းစားမိသည်။ ယောင်းအာသည် နောက်တစ်လှမ်းပင် ချဉ်းကပ်မိပါက လက်ကောက်ဝတ်မဟုတ်ဘဲ လည်ပင်းကိုပင် ချိုးလိုက်နိုင်သည်။




ဤကဲ့သို့သော ကြင်နာမှုကင်းမဲ့ပြီး ရက်စက်သောအပြုအမူသည် လူသိများသော သူတော်ကောင်းဇာတ်လိုက်၏ပုံရိပ်နှင့် လုံးဝမကိုက်ညီပေ။




သို့သော် သေချာတွေးတောသောအခါ ဖန်းလီသည် အဖြေကို ရှာဖွေနိုင်ခဲ့သည်။ ဇာတ်ကောင်အချက်အလက်တွင် ပြဿနာမရှိပါ။ သူကိုယ်တိုင် ဤကမ္ဘာနှင့် လိုက်လျောညီထွေမဖြစ်သေးသောကြောင့် ဖြစ်သည်။




ဤကမ္ဘာသည် တရားမျှတမှုနှင့် အယူမှားလမ်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အစဉ်အဆက်ကတည်းက ဤလောကနှစ်ခုသည် မီးနှင့်ရေကဲ့သို့ ပဋိပက္ခဖြစ်နေခဲ့သည်။ ရှဲ့ဟွိုင်သည် သာမန်လူတို့အား သည်းခံမှု၊ ခွင့်လွှတ်မှုတို့ဖြင့် ဆက်ဆံနိုင်သည်။ အားနည်းသူများကို ကူညီနိုင်သည်။ လူသားများအတွက် မည်သည့်အခက်အခဲကိုမဆို ကျော်လွှားကူညီပေးနိုင်သည်။ သို့သော် နတ်ဆိုးများသည် သူ၏ကာကွယ်မှုအောက်တွင် မပါဝင်ပေ။ သူသည် သည်းခံမှုမပြသလို သူတို့ကို အပြီးတိုင်သုတ်သင်ရန် ကြိုးစားသည်။




ဤကမ္ဘာတွင် “နတ်ဆိုးများကို ရင်ဆိုင်ခြင်း” သည် ဥပစာစကားမျှမဟုတ်ဘဲ သွေးထွက်‌အောင်မှန်‌သော အမှန်တရားဖြစ်သည်။




သူ၏မျက်လုံးများတွင် ယောင်းအာသည် အားနည်းသူမဟုတ်ဘဲ မိမိနှင့်အတူ မကောင်းမှုလမ်းစသို့ လိုက်ပါသွားသော သစ္စာဖောက်တစ်ဦးသာဖြစ်သည်။




ယွီယီကျွင်း၏နှင်းပြာဓားဖြင့် သတ်ဖြတ်ခံရသော နတ်ဆိုးများသည် အားနည်းသူ သို့မဟုတ် အားကောင်းသူဟူ၍ ခွဲခြားခြင်းမရှိပေ။




ထို့အပြင် ယောင်းအာသည် ကြင်နာသောဝိညာဉ်တစ်ပါးအဖြစ် မည်သည့်အခါကမျှ မရှိခဲ့ပါ...




ဖန်းလီသည် သူ၏လက်များကို ငုံ့ကြည့်လိုက်သည်။ သူ၏လက်များသည် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း ဤလက်များသည် မည်မျှအသက်များကို ယူခဲ့ပြီးပြီနည်း။ မည်သူပင် ဖြစ်စေ၊ အကြောင်းပြချက်မည်သို့ပင်ရှိစေ... မကောင်းဆိုးဝါးလမ်းစကို ရွေးချယ်သူသည် မိမိ၏ရွေးချယ်မှုအတွက် တာဝန်ယူရမည်သာဖြစ်သည်။




တရားလမ်းစဉ်နှင့် သာမန်လူတို့အတွက် ရှဲ့ဟွိုင်သည် ကြင်နာသော သူရဲကောင်းတစ်ဦးဖြစ်သော်လည်း မိစ္ဆာများအတွက်မူ သူသည် ကြင်နာမှုကင်းသည့် သေမင်းပမာဖြစ်သည်။




အမှန်စင်စစ် သူတို့ကိုသတ်ခြင်းသည် ကောင်းမှုပြုခြင်းပင်ဖြစ်သည်။ သာမန်လူတို့အတွက် အယူမှားများကို ဖယ်ရှားပေးခြင်းပင်ဖြစ်သည်။




“တရားမျှတမှုကိုကာကွယ်ရန် မကောင်းဆိုးဝါးများကို နှိမ်နင်းခြင်း” သည် ရှဲ့ဟွိုင်၏အစဉ်အမြဲတည်တံ့ခဲ့သော ခံယူချက်ပင်ဖြစ်သည်။




ဤအချက်ကို တွေးမိသောအခါ ဖန်းလီသည် အရာရာကို ပိုမိုနားလည်လာသည်ဟု ခံစားရသည်။ ဇာတ်လမ်း၏အဓိကအစိတ်အပိုင်းများကို ထိခိုက်မည်မဟုတ်ဟု ယုံကြည်လျက် မစ်ရှင်ကို အနည်းငယ်ပြောင်းလဲကာ စိတ်ကြိုက်လုပ်ဆောင်သည်။ ရန်ဆွေး၏ယခင်လုပ်ရပ်တစ်ခုတည်းကပင် ရှဲ့ဟွိုင်ကို အကြိမ်တစ်သောင်းထိ သတ်ဖြတ်နိုင်ခဲ့သည်။




အကယ်၍ သူသည် စိတ်ပူပြီး သံသယများသူတစ်ဦးဖြစ်ခဲ့လျှင် မူရင်းဇာတ်လမ်းမှ စိတ်ဓာတ်ခိုင်မာသော ရှဲ့ဟွိုင်ဖြစ်လာမည်မဟုတ်ပေ။




ထို့အပြင် ယခုအခါတွင် သူ့ကို ဖမ်းဆီးပြီး အပျော်တမ်းပစ္စည်းအဖြစ် ထားရှိခဲ့သည်။ သူ၏ဂိုဏ်းနှင့် သွေးစွန်းသောလက်စားချေမှုအပေါ် အရှက်ရစေမှုများကို ထည့်သွင်းစဉ်းစားလျှင် မိုးကောင်းကင်အောက်တွင် အတူယှဉ်တွဲနေထိုင်နိုင်သောရန်သူများဟု ခေါ်ဆိုသည်မှာ မလွန်ကျူးပေ။ ရှဲ့ဟွိုင် လှည့်စားခံရမည်ကို စိုးရိမ်စရာမလိုပါ။




ဖန်းလီသည် လမ်းလျှောက်ရင်း အနီးတွင် သူ့ကို စောင့်ဆိုင်းနေသည့် ဝူယီမေ့ကို မြင်လိုက်သည်။ ဝူယီမေ့သည် အစီအရင်ခံစရာရှိသည့်ပုံစံဖြင့် စောင့်နေသည်။




ဝူယီမေ့သည် ကြည်ညိုလေးစားသော အမူအရာဖြင့် မျက်လုံးများကို ငုံ့ကာ သူ၏အသံကို ထိန်းချုပ်လျက် လေးနက်စွာ ပြောဆိုသည်။ “အမိန့်တော်အရ လယ်ယာရံစစ်သူကြီး တုမန်က လင်းရှန်းပြည်နယ်ရှိ အခြားအဖွဲ့များကို တိုက်ခိုက်ခဲ့ပါတယ်။ အရှင့်ဘုန်းတော်ကြောင့် တိမ်လွှာနှင်းမှုန်ဂိုဏ်းခံတပ် လက်နက်ချပြီးနောက် လင်းရှန်းပြည်နယ်ရှိ အခြားသောအဖွဲ့တွေက ခုခံခြင်းမပြုဘဲ အလှည့်ကျ လက်နက်ချခဲ့ကြပါတယ်။ လာမည့်ရက်အနည်းငယ်အတွင်း လက်ယာရံစစ်သူကြီးက ကောင်းကင်ဘုံကျင့်စဉ်တပ်မှူးများနှင့်အတူ တောင်ပေါ်သို့ ပြန်လည်ဦးဆောင်လာမည် ဖြစ်ပါတယ်။”




ဖန်းလီသည် ခေါင်းညိတ်လိုက်သည်။ တုမန်သည် စာအုပ်ထဲတွင် ရန်ဆွေး၏အဓိက အားကိုးရသူတစ်ဦးဖြစ်သည်။ ဇာတ်လမ်းသည် စတင် အသက်ဝင်လာတော့မည်ဟု ထင်ရသည်။




တုမန်၏ကိစ္စကို အပြီးသတ်ပြီးနောက် ဝူယီမေ့သည် လွန်ခဲ့သော သုံးလအတွင်း ဖြစ်ပျက်ခဲ့သည့် အရေးကြီးသော အဖြစ်အပျက်များကို လျှောက်တင်သည်။ လွန်ခဲ့သော သုံးလအတွင်း သူ၏လက်အောက်ခံ မကောင်းဆိုးဝါးတပည့်များသည် ဝိဉာဉ်ကျောက်နှစ်သိန်းရှစ်သောင်းကို ဆက်သခဲ့ကြသော်လည်း အသူရာတောင်ကြော၏ကာကွယ်ရေးစနစ်ကြီးကို တည်ဆောက်ရန် ဝိဉာဉ်ကျောက်များနှင့် အရင်းအမြစ်များ အမြောက်အမြား ထပ်လိုအပ်သောကြောင့် လက်ကျန်များ မရှိသလောက် နည်းပါးနေသည်။



ထို့အပြင် မကောင်းဆိုးဝါးတပည့်များ၏ လတ်တလော သေကျေပျက်စီးမှုများ၊ ဖြောင့်မတ်သော ဂိုဏ်းသမားများကို မည်မျှသတ်ဖြတ်ခဲ့သည်၊ မည်မျှအကျဉ်းသားများ ဖမ်းဆီးခံခဲ့ရသည်စသည်တို့ကိုလည်း ပြောပြသည်။




ဖန်းလီသည် စိတ်မပါဘဲ နားထောင်နေသည်။ သူသည် ဤကိစ္စများကို သိပ်ဂရုမစိုက်ပေ။ သူသည် အေးစက်စွာပြောသည်၊ “ဒီကိစ္စတွေကို မင်းကိုယ်စား စီမံပေးလိုက်ပါ။”




အရှင်သည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။ ဘာကိုမှ စိတ်ဝင်စားဟန်မရှိ။ ဝူယီမေ့သည် စိတ်ထဲတွင် အနည်းငယ်ဒေါသထွက်သွားသည်။ အသူရာတောင်ကြောသည် အလွန်ကြီးမား၍ ဂရုတစိုက် မစီမံပါက များပြားလှသော အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်.....။


အကယ်၍ နတ်ဆိုးအရှင်က မစီမံပါက ၎င်းကို သူသာ စီစဉ်ရလိမ့်မည်။




အစီရင်ခံပြီးသွားသောအခါ ဝူယီမေ့၏မျက်နှာတွင် အနည်းငယ် ပြောင်းလဲမှုရှိလာသည်။ သူသည် ခဏတာ မဝံ့မရဲဖြစ်နေသော်လည်း နောက်ဆုံးတွင် မေးလိုက်သည် “အရှင် ယနေ့ အနောက်ဘက်ဥယျာဉ်တွင်းသို့ သွားခဲ့ပြီး ယွီယီကျွင်းအား အိပ်ရာဝင်ချိန်ခေါ်ဆောင်စေရန် အမိန့်ပေးခဲ့သည်ဟု ကြားသိရပါတယ်။”




ဖန်းလီသည် မျက်လုံးများကို ပင့်တင်ကာကြည့်လိုက်သည်။ “ဟုတ်တယ်။”




ဝူယီ့မေသည် နှုတ်ခမ်းကို တင်းတင်းစွဲကိုက်ထားသည်။ ဤကဲ့သို့သော အရာကို သူမေးသင့်သည် မဟုတ်၊ ဤကဲ့သို့သော အရာနှင့် ပတ်သက်၍ စိတ်မပူသင့်။ သို့သော် ထိုလူသည် ရှဲ့ဟွိုင် ဖြစ်နေ၏။ အရှင်မင်းမြတ်သည် အမှန်တကယ် ပြုလုပ်တော့မည်လား......။




ဖန်းလီသည် ဝူယီမေ့၏ စိုးရိမ်မှုကို နားမလည်နိုင်တာလား။ သူစိုးရိမ်နေသည်မှာ သူသည် ရူးသွပ်ပြီးစိတ်ဝိဉာဉ်ပျောက်ကာ


သူတို့ကိုနှုတ်ဆက်သွားမည်ကိုပင်.....


မင်းညီမင်းသားတစ်ဦးကို စိတ်ပူနေသော သစ္စာရှိအမတ်တစ်ဦးကဲ့သို့ပင် ပူပန်နေသည်။




ဖန်းလီသည် ခဏတာ တွေးတောပြီးနောက် နှုတ်မှ အလွယ်တကူ သက်ပြင်းချလိုက်ကာ ဝူယီမေ့အား ဖြည်းညှင်းစွာ ပြောလိုက်သည်၊ “စိတ်မပူနဲ့။

ငါအရှင် ရှဲ့ဟွိုင်ကို အခေါ်ရှိတာက အကြောင်းရှိတယ်။”




ဝူယီမေ့သည် သူ့ရှေ့မှောက်ရှိ လူကို မှိုင်တွေနေသော မျက်လုံးဖြင့် ကြည့်နေသည်။ 


ဖန်းလီ၏မျက်လုံးများသည် ကြည်လင်ပြီး ငြိမ်သက်နေသည်။ ရှဲ့ဟွိုင်အကြောင်းကို ပြောပြသည့်အခါတွင်ပင် မှားယွင်းမှုမရှိသလို ရူးသွပ်မှု၏လက္ခဏာများလည်း မတွေ့ရ။ ဝူယီမေ့သည် ရုတ်တရက် ထင်မြင်လိုက်သည်။ အရှင်မင်းမြတ်၏လုပ်ရပ်များသည် ရှဲ့ဟွိုင်ကြောင့် မဟုတ်ဘဲ အခြားသော အစီအစဉ်များကြောင့် ဖြစ်နေမလား။




ဝူယီမေ့သည် ဖြေးနှေးစွာပြန်ပြောသည်၊ “အရှင်မင်းမြတ်၊ ဒီကိစ္စက......”




ဖန်းလီ၏အသံသည် မြန်ဆန်ခြင်းမရှိဘဲ လေးနက်‌နေသည်။ “ထပ်မမေးနဲ့။ မင်းသိထားရမှာက ငါအရှင်သည် မင်းကို ယုံကြည်လို့ ဤအခြင်းအရာကို ပြောပြရုံပဲ။”




‘ယုံကြည်မှု၊ အများဆုံးယုံကြည်မှု......?’




ဝူယီမေ့၏မျက်နှာတွင် လွှမ်းမိုးခံရသည့် ပုံစံမျိုး ပေါ်လာသည်။




ဤသည်မှာ အရှင်မင်းမြတ်က သူ့အား ယုံကြည်ကြောင်း ပြောခဲ့သည့်ဒုတိယအကြိမ်ဖြစ်သည်။ ယခင်က တိမ်လွှာနှင်းမှုန်ဂိုဏ်းတွင် ပြောခဲ့သော်လည်း...... သူ့စိတ်ထဲတွင် အမှန်တကယ်မဟုတ်ဟု ခံစားရသည်။ သို့သော် ယနေ့တွင် ဤခံစားချက်သည် ပို၍ပင် ရှင်းလင်းလာသည်။ အရှင်မင်းမြတ်သည် သူ့အား အမှန်တကယ် ယုံကြည်နေပြီး သူ့အား စိတ်နှလုံးဖွင့်ပြလိုသည်။




ဝူယီမေ့သည် မျက်လုံးများကို ပိတ်လိုက်သည်။ သူသည် ဤအရှင်နောက်ကို ဆယ်နှစ်တိတိ လိုက်ပါခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အကြပ်အတည်းဆုံးအချိန်တွင် ဤအရှင်က သူ့အား လက်တစ်ဖက်ကမ်းကာ ကူညီပေးခဲ့သောကြောင့်ပင်.....




သို့သော် ဤသို့လုပ်ဆောင်ခြင်းသည် အသက်ကယ်တင်မှုအတွက် ကျေးဇူးတုံ့ပြန်ရန်ရောက်မည်လော။




အမှန်မှာ ထိုသို့မဟုတ်။ ထိုအချိန်က သူသည် ပြန်လည်ရှင်သန်ရန် နေရာမရှိခဲ့ပါ။ မည်သူမဆို ခြေဖြင့်နင်းပစ်နိုင်သော အဆင့်အနိမ့်ဆုံးတွင် ရှိနေခဲ့ပြီး ဤလူသည် သူ့အား မျှော်လင့်ချက်ပေးခဲ့သည်။ ထို့ကြောင့် သူသည် ဤလူအပေါ် နှစ်များစွာ သစ္စာစောင့်တည်ပြီး ကြမ်းတမ်းသည့် ခရီးကို အတူတကွ လျှောက်လှမ်းခဲ့သည်။




ယခုဆိုလျှင် ဆယ်နှစ်ကာလ ကုန်လွန်ခဲ့ပြီဖြစ်သည်…။ ဤအရှင်၏လမ်းကြောင်းကို ပိတ်ဆို့နေသော ဆူးခြုံများကို ခုတ်ထွင်ရှင်းလင်းခဲ့ရသည်မှာ အလေ့အထတစ်ခု ဖြစ်သွားခဲ့ပင်။  




သို့သော် ဝူယီမေ့သည် တစ်ခုကိုတော့ ရှင်းလင်းစွာသိထားသည်။ ‘ဤအရှင်တွင် ခံစားချက်များမရှိ၊ သူ့အား မပိုင်ဆိုင်သင့်သည်များကိုလည်း မပေးအပ်နိုင်။ သူကိုယ်တိုင်လည်း အခြားအရာတစ်စုံတစ်ခုကို လိုလားခြင်းမရှိ။ အကြောင်းမှာ သူကိုယ်တိုင်လည်း မလိုအပ်သောကြောင့်ပင်။’


သူတို့နှစ်ဦးသည် တစ်ထေရာတည်း တူနေသည်။ ငရဲလိုနေရာမှ ယခုအခြေအနေထိ ကြိုးပမ်းတက်လာပြီး လူသားဆန်သော ခံစားချက်အားလုံးကို စွန့်လွှတ်ကာ အသက်ရှင်နေထိုင်နေသော လူသေကောင်နှင့်တူသည့်ဘဝပင်ဖြစ်ကြသည်။  




သို့ပေမဲ့ တစ်ချိန်တုန်းက သူမသိလိုက်ခင်မှာပင် ဤအရှင်သည် အမှန်တကယ် စိတ်ခံစားမှုကင်းမဲ့သူမဟုတ်ပါ…… ‘ထိုအခါ ယုံကြည်ခံရသည့် ခံစားချက်ဆိုသည်မှာ ဤသို့လော……?’




‘ပြီးတော့ သူကိုယ်တိုင်အတွက်ဆို…… သူလုံးဝဂရုမစိုက်ဘဲမနေနိုင်’…… ဟူသော အချက်ကို သိမြင်လာခဲ့သည်။  




ဝူယီမေ့သည် လက်သီးဆုပ်လိုက်သည်။  




သူ့ကဲ့သို့သောသူအတွက် “ယုံကြည်မှု” ဟူသော စကားလုံးသည် အလွန်တရာ မြင့်မြတ်သောအရာဖြစ်နေပြီး အလွန်ပင်တန်ဖိုးကြီးလှသည်။  




ဖန်းလီက ထပ်မံပြောသည်။ “ကျိန်စာတတ်တဲ့အတွက် ရှဲ့ဟွိုင်ကို အလွန်အမင်းမထိခိုက်စေနဲ့၊  ပြီးတော့ သူ့ကို သွားပြီးရန်မစနဲ့။ သတိထား။ မဟုတ်ရင် ငါ့အစီအစဉ်တွေ ပျက်သွားလိမ့်မယ်။”  




ဝူယီမေ့က ရိုကျိုးစွာဖြေသည်။ “ဟုတ်ကဲ့၊ နားလည်ပါပြီ။”  




‘မျှော်လင့်ထားသလိုပင်၊ အရှင်သည် ရှဲ့ဟွိုင်၏အဆင်းလှပမှုကို စိတ်မဝင်စားဘဲ အချို့သော မဟာဗျူဟာများကို စီစဉ်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် စိတ်ချရပြီ……’ ဝူယီမေ့တွေးလိုက်သည်။ သို့သော် မည်သည့်အစီအစဉ်မျိုးကို ဆိုလိုသည်ကိုတော့ ဝူယီမေ့ အကြိမ်ရာချီ တွေးတောသော်လည်း မခန့်မှန်းနိုင်ပါ။ သို့သော် အရှင်က သူ့အား ဤမျှယုံကြည်နေပါလျက် ဆက်လက်မေးမြန်းခြင်းသည် အရှင်၏ယုံကြည်မှုကို မထီမဲ့မြင်ပြုရာရောက်မည်လော။  




ဝူယီမေ့ကို အောင်မြင်စွာ လှည့်စားပြီးနောက် ဖန်းလီက ပြုံးရင်းခေါင်းငြိမ့်ပြသည်။ “သွားတော့။”  




ဝူယီမေ့ ထွက်သွားသည်ကို ကြည့်ရင်း ဖန်းလီက နဖူးကို လက်ဖြင့်ဖိလိုက်သည်။ အစကတည်းက စနစ်သည် သူ၏စိတ်ထဲတွင် ဆက်တိုက်အသံမြည်နေပြီး ဦးခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။  




【စနစ်က စိုးရိမ်ပူပန်စွာပြောသည်။ အရှင်၊ ဘာလုပ်နေတာလဲ။ ဝူယီမေ့ကို ရှဲ့ဟွိုင်ကို မထိပါနဲ့ဆိုပြီး ဘာလို့ပြောတာလဲ။ ဒီစာသားတွေက ဇာတ်ညွှန်းထဲမှာ မပါဘူးလေ!】 ဝူယီမေ့သည် အရေးပါသော မကောင်းဆိုးဝါးဇာတ်ပို့ဖြစ်သည်။ သူက ရှဲ့ဟွိုင်ကို မထိခိုက်ပါက ဇာတ်လမ်းမည်ကဲ့သို့ဆက်မည်နည်း။  




【ဖန်းလီက အေးဆေးစွာပြောသည်။ ဇာတ်ညွှန်းထဲမှာ မရေးထားတာတွေ အများကြီးရှိတယ်၊ ဒါက ဇာတ်လမ်းကို မပြောင်းလဲစေပါဘူး။ ဒီတော့ ဇာတ်ညွှန်းထဲမှာ မရေးထားရင် ဘာမှမလုပ်ဘဲ အိပ်နေရမှာလား?】  




【စနစ်က စိုးရိမ်စွာပြောသည်။ ဒါက အဓိကအချက်လား? 】ဒါဆိုရင် တစ်နေကုန်အိပ်နေတာကမှ ဒီထက်ပိုကောင်းအုံးမယ်!  




သို့သော် ဖန်းလီသည် စနစ်ကို ဆက်လက်ဂရုမစိုက်တော့ဘဲ မျက်လုံးမှိတ်လိုက်သည်။ ရန်ဆွေးနှင့် ဝူယီမေ့၏အတိတ်အကြောင်းများသည် သူ၏စိတ်ထဲတွင် မှိန်ပျောက်နေသော အရိပ်များကဲ့သို့ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။  




ယခင်က ဝူယီမေ့သည် အလောင်းတောင်မှ ရန်ဆွေးခေါ်ဆောင်ခဲ့သော ကလေးငယ်၊ လူသားမဟုတ်၊ ဝိဉာဉ်လည်းမဟုတ်။ ဘယ်နေရာမှမဟုတ်သော သူစိမ်းတစ်ဦးဖြစ်ပြီး ရန်ဆွေးသာလျှင် သူ့ကို ခိုလှုံခွင့်ပေးခဲ့သည်…… သစ္စာရှိမှုနှင့် ဇွဲလုံ့လဖြင့် ရန်ဆွေးနောက်ကို လိုက်ပြီး အလောင်းတောင်များ၊ သွေးမြစ်များကို ဖြတ်သန်းခဲ့သည်။ အကြောင်းပြချက်မည်သို့ပင်ဖြစ်စေ ရန်ဆွေးကို စိတ်ပျက်စေသည့် အပြုအမူမျိုး မပြုခဲ့ဖူးပါ။ နောက်ဆုံးတွင် ရှဲ့ဟွိုင်ကို ဆန့်ကျင်ခြင်းသည်ပင် ရန်ဆွေးအပေါ် သစ္စာရှိမှုကြောင့်ဖြစ်သည်။  




ဝူယီမေ့သည် သွေးအေးပြီး လှည့်စားတတ်ကာ မရေမတွက်နိုင်သော အသက်များကို သတ်ဖြတ်ခဲ့သူဖြစ်ပြီး တရားမျှတသော သင်ကြားသူများအဖို့ သေဒဏ်ပေးခံရန် မလုံလောက်သော်လည်း ဖန်းလီကမူ သူ့ကို လမ်းညွှန်ပေးနိုင်သူ တစ်ဦးဦးရှိပါက…… သူဆက်လက်ချော်မသွားစေရန် ဆွဲတင်ပေးနိုင်လျှင် လမ်းမှားမရောက်နိုင်ဟု ထင်သည်။  




သို့သော် ရန်ဆွေးက ဤအရာများကို မပေးနိုင်…… ရန်ဆွေးအဖို့ ဝူယီမေ့သည် အလိုက်သိသော လက်အောက်ငယ်သားတစ်ဦးသာ ဖြစ်သည်။  




ဇာတ်ညွှန်းထဲတွင် ဝူယီမေ့သည် သိပ်အရေးမပါသောဇာတ်ပို့တစ်ဦးသာဖြစ်သည်။ သူမရှိလျှင်လည်း ဖန်းလီသည် ဇာတ်ညွှန်းအတိုင်း အဆုံးသို့ရောက်နိုင်သည်။ ဝူယီမေ့က ရှဲ့ဟွိုင်ကို မထိခိုက်ပါက…… သူ၏အဆုံးသတ်သည် ထိုကဲ့သို့မဖြစ်တော့ပေ။  




ဖန်းလီသည် သူ့ကို ဆွဲတင်ပေးလိုသည်။ နောက်မကျသေးဟု ထင်သည်။




အဆိုပါစနစ်မှာ သူသည်အရှင်ကိုစည်းရုံးနိုင်ခြင်းမရှိသလို ထိန်းချုပ်နိုင်ခြင်းလည်းမရှိတာကိုသိလိုက်ရသည်။ အရှင်စိတ်မကျေနပ်ဘဲ ဒီညမှာဖြစ်ပွားရမည့် အရေးကြီးဇာတ်ကွက်ကိုမလုပ်ဆောင်တော့မှာကိုကြောက်လန့်သဖြင့် နှုတ်ဆိတ်နေလိုက်ရသည်။  




ဖန်းလီမှာ ဤသို့တိတ်ဆိတ်ငြိမ်သက်မှုကိုနှစ်သက်ပြီး အေးအေးဆေးဆေးလှမ်းကြည့်လိုက်ကာ စာအုပ်တစ်အုပ်ကို ကောက်ယူကြည့်ရှုလိုက်သည်။ ဤနန်းတွင်း၌ စာအုပ်အများအပြားရှိသော်လည်း ဘယ်စာအုပ်မှာမှ ဖတ်ဖူးသည့်အမှတ်အသားမရှိပါ။ ထင်ရှားသည်မှာ ရန်ဆွေးသည် စာသိပ်မဖတ်တာဖြစ်နိုင်သည်။ သို့သော် ဖန်းလီးသည် စိတ်ဝင်တစား ဖတ်လိုက်သည်။ ဇာတ်လမ်းထဲကကမ္ဘာတစ်ခုမှာ ဤမျှအသေးစိတ်မည်ကို သူမှန်းမထားမိပါ။  




‘လက်တွေ့နဲ့ကွာခြားချက်ကဘာလဲ။’  




‘ဒါတွေအားလုံးပျောက်ကွယ်သွားမယ်ဆိုရင်တော့ အတော်နစ်နာမှာပဲ’လို့ ဖန်းလီစဉ်းစားလိုက်မိသည်။  




အချိန်တွေကြာလာတာနဲ့အမျှ ညနက်ချိန်ရောက်လာတဲ့အခါ နတ်ဆိုးတပည့်များသည် မီးအိမ်များ ထွန်းညှိပေးလိုက်သည်။ အခန်းထဲမှ ညအလင်းရောင်ပုလဲတွေကလည်း သိမ်မွေ့ဖျော့တော့သောအလင်းများ ထုတ်လွှတ်လာသည်။ ဖန်းလီသိလိုက်ရသည်မှာ ရှဲ့ဟွိုင်ကိုသွားတွေ့ဖို့ အချိန်ကျပြီဆိုတာပါပဲ။  




ဒီညမှာဖြစ်ရမည့် ဇာတ်ကွက်မှာ ၁၀၀% အရေးပါသည့်အခန်းဖြစ်သည်။ ဒီညမှာ ရှဲ့ဟွိုင်ကိုပိုင်စိုးပြီးနောက်ပိုင်း ရန်ဆွေးဟာထိန်းချုပ်မရဖြစ်လာပြီး ရုန်းလေနစ်လေ၊ သောက်လေငတ်မပြေသည့်စွဲလမ်းတဲ့အဖြစ်မျိုးထိ ရောက်သွားရမည်ဖြစ်သည်။




အိပ်ရာဝင်ချိန် ခစားရသည့် မိန်းမပျိုအားလုံးကိုနန်းဆောင်ငယ်တစ်ခုသို့ ပို့ထားသည်။ ဖန်းလီသည် အေးအေးဆေးဆေးလမ်းလျှောက်ရင်း မီးများထွန်းညှိထားသည့်အခန်းတစ်ခုကို မြင်လိုက်ရသည်။  




‘ဒါကရှဲ့ဟွိုင်ရှိတဲ့အခန်း ဖြစ်မယ်။’




ဖန်းလီသည် စိတ်ကိုတည်ငြိမ်အောင်ထားပြီး တံခါးကို ဖြေးညှင်းစွာတွန်းဖွင့်လိုက်သည်။ အခန်းထဲမှ နွေးထွေးမှုနှင့် ပြင်ပမှ အေးစက်သည့်လေတို့ တိုက်ရိုက်တိုးမိသွားသည်။ တံခါးနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ပန်းချီခြယ်ထားသည့် အခန်း၌ မှုန်ဝါးနေသော အရိပ်တစ်ခုရှိသည်။ ဖန်းလီကပြင်ပမှ အေးစက်မှုကိုဖြတ်တောက်လိုက်ပြီး ကုတင်ရှိရာသို့ လျှောက်လှမ်းသွားသည်။  




သူ့မှာ ဘာမှရှက်စရာမရှိသကဲ့သို့ပင်။ နည်းလမ်းကျစွာ ပိတ်ထားသည့် ပန်းချီကားကိုဖွင့်ပြီး အောက်ဘက်မှလူကို တစ်ချက်ကြည့်လိုက်သည်။  




တစ်ဖက်သူမှာလည်း နိုးနေသည်။ စက္ကန့်ပိုင်းအတွင်း သူတို့မျက်လုံးချင်းဆုံမိသွားသည်။  




ရှဲ့ဟွိုင်သည် ရိုးရှင်းသန့်စင်တဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားသည်။ သူ့မျက်လုံးများမှာ အမည်းရောင်ရှိကာ မျက်တောင်များမှာရှည်လျားပြီး ကော့ညွှတ်‌နေသည်။ သူ့ဆံပင်တွေအား ကုတင်ပေါ်တွင်ဖြန့်ကျဲထားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်ပြီး စင်ကြယ်နိုင်လွန်းတာထက် ပိုတဲ့အထိလှပလှသည်။ သူ့အား အပေါ်မှငုံ့ကြည့်လျှင်ပင်.. နင်းထားသူမှာ လူသားမှဟုတ်ရဲ့လားဟု မှင်သက်သွားမည့်အလှဖြစ်သည်။ ပင်ကိုပကတိကပင် အလွန်မြင့်မြတ်လွန်းလှသည်။  




မူရင်းဇာတ်လမ်းကိုဖတ်ဖူးသည့် ဖန်းလီအတွက်တော့ အံ့သြစရာမရှိချေ။ ‘ရန်ဆွေးလို လူကိုဆွဲဆောင်နိုင်ဖို့ သူ့မှာသာမန်ထက်ပိုပြီးထူးခြားသည့်အရာမရှိလျှင် ဘယ်လိုလုပ်ရမှာလဲ။’ 




ရန်ဆွေးသည် သေမှာကိုလည်းမကြောက်ပါ။ သေမှာမကြောက်သည့်လူများကိုလည်း များများစားစားတွေ့ဖူးသည်။ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ သေမှာကိုမကြောက်ဘူးဟုဆိုကာ ဖမ်းမိပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်တရားမျှတသောဂိုဏ်းမှ ကျင့်ကြံသူများလည်း ရှိပါသည်..။ သို့သော် ကိုယ့်ကိုယ်ကိုယ်လွယ်လွယ်နဲ့သတ်သေသည်မှာလည်း ပျော့ညံ့မှုတစ်မျိုးပဲမဟုတ်လော။  




‘သေခြင်းဆိုတာ ဘယ်တော့မှအကြောက်ရဆုံးအရာမဟုတ်ဘူး... အကြောက်ရဆုံးအရာက ရင်ဆိုင်ဖို့အသက်ရှင်နေရတာပဲ။’




ဖန်းလီ ရှဲ့ဟွိုင်ကိုလေးစားသည်မှာ ရန်ဆွေးအား ရှဲ့ဟွိုင်ဆွဲဆောင်သည်ထက် ရှဲ့ဟွိုင်သည် သေခြင်းတရားကိုမရှာဖွေခြင်းပင်ဖြစ်သည်။ 




‘အသက်ရှင်မှသာ မျှော်လင့်ချက်ရှိသည်။  




အသက်ရှင်နေရသည့် ကမ္ဘာသည် သေခြင်းထက်ပိုသည့်ငရဲလိုဖြစ်နေရင်တောင်ပေါ့။’




ဖန်းလီသည် မျက်နှာထားလျှော့ကာ ကုတင်ဘေးမှ စားပွဲမှာထိုင်လိုက်သည်။  




ထိုစားပွဲပေါ်၌ အလှဆုံးကြေးဝိုင်းတစ်ခုရှိနေသည်။  




ဖန်းလီသည် ကြေးဝိုင်းကိုကိုင်လိုက်ပြီး စက္ကန့်အနည်းငယ်အတွင်း ကြေးဝိုင်းသည်ပူလာကာ ပြာတွေကြားထဲမှမြှုပ်ထားသည် အမွှေးနံ့သာမီးသွေးတွေစတင်လောင်ကျွမ်းလာသည်။ ဖန်းလီသည် သူ့လက်ကိုမြှောက်ကာ အနားမှ ဖန်ဗူးထဲရှိ အမှုန့်တစ်ဇွန်းကိုယူ၍ မီကာချပ်ပေါ်မှာလောင်းချလိုက်ကာ ကြေးဝိုင်းထဲထည့်လိုက်သည်။  




အမွှေးနံ့သာမီးခိုးများ ထူထဲစွာထွက်လာသည့်အခါ ဖန်းလီကျေနပ်သွားပြီး ကုတင်ပေါ်မှလူကိုကြည့်လိုက်သည်။  




လှပသည့်အရာကိုကြည့်ရှုလိုသည်မှာ လူ့သဘာဝပင်။ ဖန်းလီ၌လည်း ခြွင်းချက်မရှိပါ။ သူ့ကမ္ဘာရှိ အတောက်ပဆုံး ဆယ်လီဘရစ်တီပင် ရှဲ့ဟွိုင်၏အစိတ်အပိုင်းတစ်ခုကိုမျှ မယှဉ်နိုင်ပါ။




ရှဲ့ဟွိုင်၏အလှသည် နူးညံ့သိမ်မွေ့သည့်အလှမျိုးမဟုတ်ပါ။ ပြောင်းပြန်အားဖြင့် သူ၏အလှသည် ရေခဲပြင်ကဲ့သို့ ခြောက်ခြားဖွယ် အေးစက်ကြမ်းတမ်းပြီး၊ မြင့်မြတ်သော မမှီချီတက်နိုင်သောအကွာမှာရှိသည့်နေမင်းကဲ့သို့ ခံစားရစေသည်။ လူတိုင်းသည် သူ့အနားချဉ်းကပ်မိပါက နာကျင်မည်ကို သိပါလျက် သွေးစီးပြီး အပိုင်းပိုင်းဖြတ်ခံရမည်ကို သိပါလျက် ထိတွေ့ရန် မတတ်နိုင်အောင် စွဲဆောင်မှုရှိသည့် အလှမျိုးဖြစ်သည်။




သူသည် ကောင်းကင်အမြင့်ဆုံးတွင် စံမြန်းသော နတ်သားတစ်ပါးဖြစ်သင့်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ရန်ဆွေးနှင့်အတူ ငရဲထဲသို့ ကျဆင်းရန် လောကီပြည်သို့ ဇကာတင်ချထားခြင်းခံခဲ့ရသည်။




ရန်ဆွေး၏ပိုင်ဆိုင်လိုမှုသည် အရူးအမူးဖြစ်နေသည်။ သူ့အနေဖြင့် ရှဲ့ဟွိုင်အား ပြုမူခဲ့သော အပြုအမူတိုင်းသည် ခွင့်လွှတ်နိုင်စရာမရှိပါ။ သူ့နေရာတွင် ဖြစ်ခဲ့ပါက သူသည်လည်း ထိုသူကို ကိုယ်တိုင်သတ်ရန် လိုလားမည်ဟု ဖန်းလီက တောင်စဉ်ရေမရ စဉ်းစားမိနေ၏။




ဤကဲ့သို့ လှပသောပုဂ္ဂိုလ်သည် အသက်အန္တရာယ်ဖြစ်စေနိုင်သော ဆွဲဆောင်မှုရှိသည်။ လွယ်ကူစွာ ချော်လဲသွားနိုင်သည်...... ကံကောင်းထောက်မစွာ သူသည် အမျိုးသားများကို စိတ်ဝင်စားသူမဟုတ်၊ ရှဲ့ဟွိုင်လည်း အမျိုးသားများကို စိတ်မဝင်စားပေ။




သူတို့နှစ်ဦးစလုံးသည် စိတ်မပါသော အမျိုးသားများဖြစ်သည့်အတွက် ဤကဲ့သို့ ထိတွေ့ဆက်ဆံခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာမလိုပေ။




အမွေးနံ့သာမှုန်များသည် အခန်းတွင်းကို ဖုံးလွှမ်းကာ စိတ်ကို မူးယစ်စေသည်။ ပတ်ဝန်းကျင်အခြေအနေက ကောင်းမွန်သော်လည်း စနစ်က သံသယဝင်လာသည်။ အဘယ်ကြောင့် အရှင်သည် မည်သည့်အရာမျှ မစတင်ရသေးသနည်း။




【 စနစ်က နှုတ်ဖျားမှ တိုးတိတ်စွာ အရိပ်အမြွက်ပြသည် - အရှင်၊ စတင်ဖို့ အချိန်တန်ပြီထင်တယ်။ ကျွန်ုပ်ကို အကူအညီတောင်းနိုင်ပါတယ်။ ကျွန်ုပ်တို့စနစ်တွေက အလွန်ပညာရှင်ဆန်ပါတယ်။ အရှင်ရဲ့လုံခြုံရေးကို ဘယ်အခါမှ မထိပါးပါဘူး။ 】




【 ဖန်းလီ: မလိုအပ်ပါဘူး။ 】




【 စနစ်သည် အံ့အားသင့်လျက် မျက်နှာဖြူရော်သွားသည်...... 】 သူသည် ဤကဲ့သို့သော ကြည့်ရှုရန်သာ စိတ်ဝင်စားနေသောအရှင်ကို ပထမဆုံးအကြိမ် တွေ့ခြင်းဖြစ်သည်။ သို့သော်... မဖြစ်နိုင်ပါ။ သူသည် ဂုဏ်သိက္ခာရှိသော စနစ်တစ်ခုဖြစ်ပြီး ဤကဲ့သို့သော အရာမျိုးကို မကြည့်ရှုနိုင်ပါ။




စနစ်သည် စိတ်ရှုပ်ထွေးနေစဉ် ဖန်းလီသည် ရုတ်တရက် ထကာ နေ့အိပ်ခန်းဆီသို့ လျှောက်သွားသည်။ ရှဲ့ဟွိုင်သည် မျက်လုံးများကို ပိတ်ထားပြီး အိပ်ပျော်နေသည်ကို သတိပြုမိသည်။ အိပ်ပျော်နေသောအလှသည် သူ၏အေးစက်သော သဘောသဘာဝနှင့် သူစိမ်းများကို ကြောက်ရွံ့စေသော လေသံအနည်းငယ်ကို လျော့နည်းစေကာ အေးချမ်းနေသည်။




【 ဖန်းလီက သက်ပြင်းချသည်။ သူကကမ္ဘာ့အလှဆုံးစင်မြင့်ပေါ်က အလှလိုပဲ။ ဒါပေမဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲဆိုတာ မင်းသိလား။ 】




【 စနစ်က တစ်ချက်နှောင့်နှေးစွာ ဖြေသည်။ အရှင်ရဲ့... အရှင်ရဲ့အသိစိတ်လား။ 】 အရှင်ကို ဤကဲ့သို့သောအရာမျိုး လုပ်ရန် တွန်းအားပေးရသည်ကို စိတ်မကောင်းဖြစ်နေသည်။ သို့သော် ဇာတ်ညွှန်းကို လိုက်နာရမည်......




【 ဖန်းလီ - မဟုတ်ဘူး။ 】




【 စနစ် - ......? 】 ဆိုလိုသည်မှာ အဘယ်နည်း။ ဧည့်သည်က သူ့တွင် အသိစိတ်မရှိဟု ဆိုလိုခြင်းလား???




【 ဖန်းလီ - အကြီးမားဆုံး စိန်ခေါ်မှုက စိတ်မပါတဲ့အမျိုးသားတစ်ဦးကို အခြားစိတ်မပါတဲ့ အမျိုးသားတစ်ဦးက အတင်းအကျပ်ပြုလုပ်ဖို့ဆိုတာပဲ...။ 】




【 စနစ် - ...... 】




ဖန်းလီသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ့ရှေ့မှာရှိနေသူကို အာရုံစိုက်ကြည့်လိုက်ကာ နှုတ်ခမ်း၏ထောင့်ကို သိမ်မွေ့စွာ ကော့တင်လိုက်သည်။ နှစ်တစ်ထောင်သက်တမ်းရှိ နတ်ဆိုးအရှင်၏တံပိုးမှုန့်ဖြင့်ပြုလုပ်ထားသော နံ့သာတို့သည် သန့်စင်မှုအဆင့်ရှိ ရှဲ့ဟွိုင်ကိုပင် လဲကျစေနိုင်သည်။ ရှဲ့ဟွိုင်အနေနှင့် နံ့သာတစ်တိုင် လောင်ကျွမ်းသည်အထိ ခံနိုင်ရည်ရှိခဲ့သည်။ ဖန်းလီအတွက် ထိုနံ့သာသည် ရှဲ့ဟွိုင်အပေါ် ဘာမှသက်ရောက်မှုမရှိဟု ထင်နေသည်။




ဖန်းလီသည် ရှဲ့ဟွိုင်ဘက်သို့ ကိုင်းညွတ်လိုက်ကာ လက်ဖြင့် သူ၏ဝတ်ရုံကို ဖွင့်လိုက်သည်။ လည်ပင်းတစ်ဝိုက်တွင် ခရမ်းရောင်အစက်တစ်စက်ကို ချလိုက်သည်။




【 စနစ်: ………………. 】




…………………………………………………..




ဖန်းလီ: ဒီဘဝမှာ ယောက်ျားတစ်ယောက်ရဲ့အထက်ပုဂ္ဂိုလ်ဖြစ်နိုင်မယ် မထင်ဘူး။




ရှဲ့ဟွိုင်: ပြဿနာမရှိပါဘူး၊ မင်း အဲလိုဖြစ်စရာလဲမလိုဘူးလေ။




ဖန်းလီ: ?




Chapter 4 End



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment