Chapter 15
ဖန်းလီ မျက်တောင်ခတ်လိုက်သည်။ သူသည် နတ်သားတစ်ပါးကဲ့သို့ အေးစက်နေသော ရှဲ့ဟွိုင်၏မျက်နှာကို ကြည့်လိုက်သည်။ ထိုသို့ အပြစ်ကင်းစင်သောဇာတ်လိုက်...
လူတွေက သူ့ကို စက်ဆုပ်ရွံရှာရန် ခက်ခဲသည်။ ထို့ကြောင့် အမှန်တကယ်လုပ်မည်ဆိုလျှင် လက်ခံဖို့ သိပ်မခက်ပါ...
ဤပိုးကောင်၏လုပ်ဆောင်ပုံနည်းလမ်းသည် အလွန်ခက်ခဲသောကြောင့် နှလုံးသား၏သွေးနှင့် ပျိုးထောင်ရမည်။ ထို့ပြင် တစ်ဖက်လူဆီသို့လွှဲပြောင်းရန် ဝိညာဉ်စွမ်းအင်ဖြည့်စွက်ရမည်။ အချိန်နှင့် အသုံးပြုပုံသည် အလွန်အရေးကြီးသည်။ ဒါ့အပြင် ပါးစပ်မှတစ်ဆင့်သာ ကျွေးရမည်။ ‘တကယ်ကို ဂေးစာသားတစ်ခုထဲက ပစ္စည်းတစ်ခုပါပဲ…’
ဖန်းလီသည် တစ်နေ့တွင် အဖြောင့်ယောက်ျားတစ်ယောက်ကို နမ်းရမည်ဟု ဘယ်သူထင်မှာလဲဟု စိတ်လှုပ်ရှားစွာတွေးလိုက်သည်... သူ တကယ်ကို အများကြီးစွန့်လွှတ်ခဲ့သည်။
ရှဲ့ဟွိုင်သည် မယုံနိုင်စွာ ဖန်းလီကို ကြည့်လိုက်ပြီး ခဏမျှကြောင်သွားသည်...
‘သွေးအေးပြီး ရက်စက်တဲ့နတ်ဆိုးတစ်ကောင်ရဲ့ အနမ်းကို ခံရတာ…ဒီလိုအရာမျိုးက... ယင်ကောင်တစ်ကောင်ကို မျိုချလိုက်သလိုမျိုး စက်ဆုပ်စရာကောင်းတယ်’
သို့သော် ရှဲ့ဟွိုင်သည် ငုံ့ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲကို ဝင်လာသည်မှာ ဖြူဖျော့ပြီး နူးညံ့သိမ်မွေ့သည့်မျက်နှာလေးဖြင့် တောင်းပန်ပြီး ရှက်ရွံ့သည် မျက်လုံးတစ်စုံ...
သူ့ကို ဤကဲ့သို့ ကြည့်နေသည်။
သူ့ကို အတင်းနမ်းခိုင်းခဲ့သည်မှာ ထိုသူဖြစ်သည်ဆိုတာ ထင်ရှားသည်။ သို့သော် သူက လုပ်ရမည် သူဖြစ်နေသကဲ့သို့ပင်...
ဤသည်မှာ ရှဲ့ဟွိုင် ယခင်က မမြင်ဖူးသည့် ဤလူ၏အခြားတစ်ဖက်ပင်။
သူ့ရှေ့ကလူသည် ပျင်းရိပြီး ခန့်မှန်းရခက်သည့် သွေးအေးသောနတ်ဆိုးတစ်ကောင်မဟုတ်တော့ဘဲ စိုးရိမ်ပူပန်မှုများနှင့် ရုန်းကန်နေရသည့်လူငယ်တစ်ယောက်အလားဖြစ်သွားသည်။
လုံးဝကွဲပြားခြားနားသည့်ပုံစံနှစ်မျိုး သို့သော် ရှဲ့ဟွိုင်သည် ဤလူ၏အစစ်အမှန်ဘက်ခြမ်းဖြစ်သည်ဟု တွေဝေမှုမရှိခံစားလိုက်ရသည်။ ဖုံးကွယ်ထားမှုအားလုံးကို ဖယ်ရှားပြီး ကာကွယ်မှုမရှိသည့်အတွင်းဘက်ကို ဖော်ထုတ်ပြသလိုက်သကဲ့သို့ပင်။ အစစ်အမှန်နှင့် နူးညံ့သည့်ဘက်...
တစ်ခုခုကို သယ်ဆောင်သွားသည့်နှယ်.. ရှဲ့ဟွိုင်သည် မသိစိတ်မှ တံတွေးမျိုချလိုက်မိသည်။ ထို့နောက် သူ့ရှေ့ကလူသည် သူ့ကို ရုတ်တရက် တွန်းထုတ်လိုက်သည်။
ဖန်းလီအတွက် ဤသို့သောအရာကို လုပ်ပြီးနောက်တွင် အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားနေရသည်မှာ သိသာလှသည်။ ဤအချိန်တွင် "မင်းကို ငါ့ဆီလာမေးဖို့ စောင့်နေတာ" ဆိုသည့် စကားလုံးသည် ရှောင်ရှားနိုင်ရန် ဘယ်လိုပြောရမလဲ။ အလွန်ရှက်ဖို့ကောင်းသည်။ သူလုပ်လိုက်မိလျှင် ခြေချောင်းများ မြေကြီးထဲ ဝင်သွားသကဲ့သို့ဖြစ်မည်ကို ကြောက်မိသည်။
ဖန်းလီသည် လည်ချောင်းကို အသာရှင်းလိုက်ပြီး နက်နဲသည့်ဟန်ဆောင်ကာ "ငါ့ကို ကြိုက်စေတဲ့အရာတွေ" ဟု ပြောလိုက်သည်။
ရှဲ့ဟွိုင်သည် ရပ်ကျန်နေရင်း အလျင်အမြန်ထွက်သွားသည့် ဖန်းလီ၏နောက်ကျောကို စိုက်ကြည့်နေသည်။
အနည်းငယ်တုန်ခါနေသည့်၊ အနည်းငယ်အေးမြသည့်နူးညံ့သည့်ထိတွေ့မှုသည် စက်ဆုပ်စရာလုံးဝမဟုတ်ပါ...
ရှဲ့ဟွိုင်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်လုံးထဲမှရုန်းကန်မှုသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။
‘ဒါက ဘာလဲ?’
ယခင်က ရှဲ့ဟွိုင်သည် ဖန်းလီက အခြေအနေအရဟန်ဆောင်နေပြီး သူ့အပေါ်တွင် စိတ်ရင်းမှန်မရှိဘူးဟု ခိုင်ခိုင်မာမာယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ့ကို ရိုသေလေးစားသည့်အနေနှင့် အကွာအဝေးကို ထိန်းသိမ်းထားခဲ့သည်။ သို့ရာတွင် ယခုအချိန်၌မူ ရုတ်တရက် တုန်လှုပ်သွားသည်။
ဖန်းလီ၏မျက်လုံးထဲမှ နူးညံ့သည့်တောင်းပန်မှုသည် အတုအယောင်မဟုတ်ပါ။ ထို့အပြင် လတ်ဆတ်ပြီးသတိထားနေဟန်ပေါ်ခဲ့သည့်အနမ်းကလည်း အတုအယောင်မဟုတ်ပါ...
အယောင်ဆောင်မှုလည်း မဟုတ်ပါ။
‘သူ့ကို မကြိုက်လို့ သူ့ကို အရင်က မထိခဲ့တာလား၊ ရှက်လို့လား။’ သူသည် ရက်စက်ပြီး ဆိုးသွမ်းသည့်ဟန်ကို တမင်ဆောင်ခဲ့သည်။ သို့သော် အမှန်တကယ်မှာ သူ၏ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့များလား။
‘ကြိုက်လို့ သူ့ကို နည်းမျိုးစုံနဲ့ နှစ်သက်အောင်လုပ်ပြီး နည်းနည်းလေးမှ မရိုင်းစိုင်းခဲ့တာလား။
ဒါက တကယ်ကို သူ့ကိုယ်သူ ကြိုက်တယ်ဆိုတဲ့အချက်ထက် အများကြီး ပိုတယ်။ ပြီးတော့ မဆီလျော်ဘူး…’
ရှဲ့ဟွိုင် မျက်လုံးမှိတ်လိုက်သည်။
ငါ တကယ်ကို ဒီကိစ္စအပေါ်မှာ နည်းနည်းဂရုစိုက်မိနေတယ်။’
ဖန်းလီသည် ထိုနေရာမှ အလျင်အမြန်ထွက်သွားပြီး သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာ ရှဲ့ဟွိုင်နှင့် ယခင်က ကောင်းကောင်းပေါင်းသင်းဆက်ဆံခဲ့သည်။ ထို့နောက် ရုတ်တရက် အံ့အားသင့်အောင် လုပ်ပြီး အချစ်ပိုးကောင်ကို ချောချောမွေ့မွေ့ကျွေးနိုင်ခဲ့သည်။ သို့ပေမဲ့ ဤအချိန်တွင် ရှဲ့ဟွိုင်နှင့် ဝေးဝေးနေရမည်။
‘အဲဒါက ဘာလဲဆိုတာ သူ မသိသေးဘူး၊ ရက်အနည်းငယ် စောင့်ပြီးမှ သိရမယ်၊ အင်း... သူ့ကိုယ်သူ သတ်သေချင်မှာပဲ။’
အချစ်ပိုးကောင်သည် ရှဲ့ဟွိုင်ကို ထိခိုက်စေမှာလားဆိုတာနှင့်ပတ်သက်ပြီး ဖန်းလီ သိပ်မပူပါ။ မူရင်းဇာတ်ညွှန်းစာအုပ်ထဲတွင် ရှဲ့ဟွိုင်၏မျက်နှာသည် မပြောင်းလဲပါ။ ရှဲ့ဟွိုင်အတွက် ဘာမျှမဟုတ်ပါ။ ထို့ကြောင့် ရှဲ့ဟွိုင်အတွက် သူ စိုးရိမ်ရန်မလိုပါ။
‘ငါက အချစ်ပိုးကောင်ကို တမင်တကာ ထိန်းချုပ်မှာ မဟုတ်ဘူး။ သူ့အသက်ကို ထိခိုက်စေမှာလည်း မဟုတ်ဘူး။ အဲဒါကြောင့် လစဉ်ခံနိုင်ရည်ရှိဖို့ လိုအပ်တာကလွဲပြီး ရှဲ့ဟွိုင်အပေါ်မှာ သိပ်ပြီး သက်ရောက်မှုမရှိပါဘူး…’
‘ဒီဇာတ်လမ်း ချောချောမွေ့မွေ့ဆက်သွားဖို့အတွက် ငါ ခဏတာပဲ မင်းကို အသုံးချပြီး အမှားလုပ်ရလိမ့်မယ်။’
‘ငါဂရုစိုက်ဖို့လိုတာတစ်ခုက ရှဲ့ဟွိုင်တိုက်ခိုက်နေချိန်မှာ သူ့ဆီကနေ ဝေးဝေးနေဖို့ပဲ။’ နောက်ဆုံးတွင် ရှဲ့ဟွိုင်သည် ချစ်ခြင်းပိုးကောင်၏သက်ရောက်မှုကြောင့် ဖန်းလီကို ဆွဲဆောင်မည်မှာ သေချာသည်။
‘ငါသူ့ ဘေးမှာရှိနေရင် သူ့အတွက် သည်းခံဖို့ ပိုခက်ခဲစေလိမ့်မယ်။ ပိုရိုးရှင်းတာက... အရမ်းဆာလောင်နေတဲ့လူတစ်ယောက်လိုပဲ။ သူ့ရှေ့မှာ ပြည့်စုံတဲ့ပွဲတော်ကြီးကို ထားထားပေမဲ့ စားခွင့်မပေးဘူး။ သူ့ရှေ့မှာ ဗလာကျင်းတဲ့နေရာနဲ့ နှိုင်းယှဉ်ရင် သည်းခံဖို့ ပိုခက်ခဲတာ အထင်အရှားပဲ။’
‘ငါမပြောသရွေ့တော့ ရှဲ့ဟွိုင်ရဲ့ စိတ်စွမ်းအားနဲ့ အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ ငါယုံကြည်တယ်။’
ဖန်းလီသည် ဤတာဝန်ကို ပြီးဆုံးပြီးနောက် သူသည် ငါးဆားနယ်၏အပျင်းထူသောဘဝကို ပြန်စတင်ခဲ့သည်။ မူရင်းဇာတ်ညွှန်းစာအုပ်ထဲရှိ ဇာတ်လမ်းအရ သူက ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ကို ကြီးကြီးမားမားဆုချခဲ့သည်။
ရှဲ့ဟွိုင် ဖူကျိုးတောင်ကိုရောက်ကတည်းက အရှင်သည် မူးယစ်ဆေးပြင်းပြင်း သောက်ထားသည့်ပုံစံမျိုး ဖြစ်နေသည်။ သူသည် လုပ်ကိုင်ရမည်များကို ဂရုမစိုက်ပါ။ မကောင်းတာလည်း မလုပ်ပါ။ သို့သော် ရှဲ့ဟွိုင်၏ပတ်ပတ်လည်တွင် နေ့တိုင်းလှည့်ပတ်နေသည်။ မည်သူကမှပင် သူ့ကို စကားမပြောနိုင်သောကြောင့် လူတိုင်း အင်မတန်စိတ်ဆင်းရဲနေကြသည်...
လူတိုင်း ဘာလုပ်ရမှန်း မသိသည့်အချိန်တွင် ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် အရှင်ရှေ့၌ မျက်နှာပြရန် အခွင့်အရေးမရှိသည့်သာမန်ဂိုဏ်းချုပ်ငယ်လေးမှ အရှင်၏အချစ်ဆုံးယုံကြည်ရသူအဖြစ် ပြောင်းလဲသွားခဲ့သည်။ အရှင်သည် ဆုလာဘ်များကို စီးဆင်းနေသည့်ရေကဲ့သို့ ပေးအပ်ခဲ့ပြီး ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ကို သူ့ရှေ့တွင် အမြဲရှိနေစေသည်။
လူတိုင်းသည် ဤသည်ကို မနာလိုဝန်တိုဖြစ်ကြသည်။ ‘ဘာပဲဖြစ်ဖြစ် ဒီဘိုးတော်ကြီးရဲ့လေ့ကျင့်မှုက သိပ်မကောင်းပေမယ့် ယောက်ျားတွေနဲ့မိန်းမတွေရဲ့မကောင်းတဲ့အရာတွေကို ဘယ်သူ့ထက်မဆို ပိုနားလည်တယ်။ သူ့မှာ ဘယ်သူ့ထက်မဆို ပိုပြီး မရိုးသားတဲ့လှည့်ကွက်တွေရှိတယ်။ ဘယ်လိုရတနာတွေ ပို့ရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ အရှင်ကိုကို ပျော်ရွှင်စေမလဲဆိုတာ သူ သိတယ်။’
ကံမကောင်းစွာနှင့် မည်သူကမှ မေးမည်မဟုတ်ပါ။ အသေးအဖွဲ့စကားတစ်ခွန်းကိုပင် ထုတ်ပြောမည်မဟုတ်ပါ။
ဂိုဏ်းချုပ်၏အိမ်တော်သည် အလွန်အထက်တန်းစားဆန်သည်။ မျက်နှာကျက်တွင် တောက်ပသည့်ပုလဲရာပေါင်းများစွာကို ထည့်သွင်းထားပြီး ဘုရင်၏ဆုလာဘ်များကို အထင်ရှားဆုံးနေရာများတွင် ထားရှိသည်။ ကြည်လင်ပြတ်သားသည့်အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများစွာ ရှိသည်။
သွမ့်ရန်ဂိုဏ်း၏ဂိုဏ်းချုပ်သည် ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ထံ လာရောက်လည်ပတ်ခဲ့သည်။ ဤအရာများကို မြင်သောအခါ သူ၏မနာလိုသည့်မျက်လုံးများသည် သွေးထွက်တော့မတတ်ဖြစ်နေ၏။
‘အရာအားလုံးက ဖြုန်းတီးမှုကြီးပါလား။ ဟဲဟွမ်းဂိုဏ်းရဲ့ဂိုဏ်းချုပ် ဒီဘိုးတော်ကြီးက သူ့ဘဝတစ်လျှောက်လုံး အချစ်ရေးတွေမှာ စွဲလမ်းနေပြီး သူ့ရဲ့လေ့ကျင့်မှုက တကယ်ကိုသာမန်လောက်ပဲ။ ဒီလောက်မြင့်မားတဲ့ ဝိညာဉ်ကျောက်တုံးတွေ ပေးတာက သူနဲ့မတန်ဘူး... ဒီဘိုးတော်ကြီးက မြှောက်စားခံထားရတာမှ မကြာသေးဘူး။ လူတွေကို သတ်ပြီး ရတနာတွေကို သိမ်းယူဖို့ ရည်ရွယ်ထားတယ်။’
သွမ့်ရန်ပိုင်ဂိုဏ်း၏အကြီးအကဲသည် အသက်ကိုပြင်းပြင်းရှူပြီး မျက်နှာတွင် ဟန်ဆောင်ပြုံးနှင့် ကြည့်ရှုလိုက်၏။
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် မိန်းမလှလေးများကြား၌ လှဲနေပြီး သွမ့်ရန်ပိုင်ဂိုဏ်း၏ဂိုဏ်းချုပ်လာသည်ကို မြင်သောအခါ မလှုပ်မယှက်နှင့် မျက်ခုံးပင့်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။
"ဟေး၊ ဒါက သွမ့်ရန်ပိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ‘ဟူ’မဟုတ်လား။ ကျွန်ုပ်ရဲ့ နိမ့်ကျတဲ့အိမ်ကို ဘာလို့များရောက်လာတာလဲ။"
သွမ့်ရန်ဂိုဏ်းချုပ်၏မျက်လုံးများပင် တုန်ခါသွားပြီး သူ့စိတ်ထဲတွင် ဒေါသကို ဖိနှိပ်လိုက်သည်။ သူသည် ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ကို ပုံမှန်အားဖြင့် သိပ်မကြိုက်ပါ။ သူနှင့်လည်း အဆက်အသွယ်သိပ်မရှိပါ။ အရှင် နှစ်သက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ မေးရန် မဟုတ်လျှင် သူကိုယ်တိုင် လာမည်မဟုတ်ပါ။
မကြာခင်တွင် မိန်းမလှလေးတစ်ယောက်သည် လက်ဖက်ရည်လာတည်ခင်းပေးပြီး သွမ့်ရန်ပိုင်ဂိုဏ်း၏ဂိုဏ်းချုပ်လည်း တစ်ငုံသောက်လိုက်၏။ လက်ဖက်ရည်မှာ အေးစက်နေ၏။ ဟဲဟွမ်းဂိုဏ်းချုပ်ကို မြင်သောအခါ လည်ပင်းကျိုးလုနီးပါး ဒေါသထွက်သွားသည်။
‘အရှင် မင်းကို အမြဲကာကွယ်ပေးဖို့ ဆုတောင်းနေတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းကို မြှုပ်ဖို့ နေရာတောင် မရှိဘဲ သေရလိမ့်မယ်။’
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် လုံးဝမကြောက်ပါ။ အရှင်သည် သူ့ကို ကာကွယ်ပေးမည်ဟု ယုံကြည်၏။ ဤသည်မှာ အစပဲရှိသေးသည်။ မကြာခင်တွင် အရှင်သည် ချိုမြိန်မှုကို မြည်းစမ်းပြီး သူ့ကို ဆုလာဘ်များ ပိုပေးမည်မှာသေချာသည်။ ကြောက်လန့်နေစရာ မလိုပေ။
သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်ပြီး ဖန်းလီထံ အချစ်ပိုးကောင်ပေးရသည့်အကြောင်းရင်းသည် ငှက်နှစ်ကောင်ကို တစ်ချက်တည်းနှင့် ပစ်ရန်ပင်။ တစ်ခုမှာ အရှင် နှစ်သက်စေရန်ဖြစ်ပြီး နောက်တစ်ခုမှာ ရှဲ့ဟွိုင်၏အတားအဆီးကို ဖယ်ရှားရန် အခြေအနေကိုအခွင့်ကောင်းယူရန်ဖြစ်သည်။ ရှဲ့ဟွိုင်သည် ပိုးကောင်၏ထိန်းချုပ်မှုကို ခံရပြီဆိုလျှင် သူ၏မာနကို ချိုးဖျက်ပြီး ကစားစရာတစ်ခုအဖြစ် လုံးဝ လျှော့ချခံရမည်ဖြစ်သည်။ သို့ရာတွင် သူသည် အရှင့်ကို ထပ်ပြီး အနှောင့်အယှက်မပေးတော့ဘဲ သူတို့၏ကောင်းမွန်သည့်ဘဝကို ဖျက်ဆီးတော့မည်မဟုတ်ပါ။
ဤရက်ပိုင်း သူ့ထံ လာရောက်လည်ပတ်သည့်သူများ အများအပြားရှိသည်။ သွမ့်ရန်ပိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပထမဆုံးလည်း မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မည် မဟုတ်ပါ။
‘ငါဂိုဏ်းချုပ်က ဘယ်လိုပြောနိုင်မှာလဲ။’
‘ဒီလူတွေက အရင်တုန်းက သူ့ကို အထင်သေးပြီး ရာထူးနိမ့်တဲ့သူလို့ ထင်ခဲ့ကြပေမဲ့ အခု သူတို့ကိုယ်တိုင် ယဉ်ယဥ်ကျေးကျေး လာတောင်းပန်နေကြတာလား။’
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် မျက်ခုံးပင့်ပြီး "ဂိုဏ်းချုပ် ဟူ ဒီကို ဘာကိစ္စနဲ့ လာတာလဲ" ဟု ပြောလိုက်သည်။
သွမ့်ရန်ပိုင်ဂိုဏ်း၏အကြီးအကဲသည် သူ့ဒေါသကို ထိန်းထားပြီး ခက်ထန်သည့်အပြုံးနှင့်
"အို၊ မကြာသေးခင်က ကောင်းမွန်တဲ့တပည့်တွေကို စုဆောင်းထားတယ်။ အားလုံးက အဆင့်မြင့် ယောက်ျားလေးနဲ့ မိန်းကလေးတွေပဲ။ မင်းက ကောင်းမွန်တဲ့မိန်းကလေးတစ်စုကို ယူပေါ့..." ဟု ပြောလိုက်သည်။
သွမ့်ရန်ပိုင်ဂိုဏ်း၏အကြီးအကဲသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။
"ရပါတယ်။ ရပါတယ်။ အို ဟူ၊ ငါနားမလည်တာလေးတစ်ခုရှိလို့..."
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် သူ့စကားကို ဖြတ်ပြီး မဲ့ပြုံးနှင့် "ဂိုဏ်းချုပ် “ဟူ” တောင် နားမလည်သည့်အရာကို ဒီဂိုဏ်းချုပ်က ဘယ်လိုသိနိုင်မှာလဲ။ ဂိုဏ်းချုပ် “ဟူ”ကို အိမ်တော်မှ ပြန်ပို့ပေးလိုက်ကြရန် ပြောလိုက်သည်။
သွမ့်ရန်ဂိုဏ်းချုပ်၏မျက်နှာသည် ဝက်အသည်းရောင်ပြောင်းသွားပြီး ဒေါသတကြီး မဲ့ပြုံးလိုက်သည်။ "ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ"
‘ဒီရှက်မရှိတဲ့ဘိုးတော်ကြီးက ရသမျှဟာတွေကို တစ်ယောက်တည်းယူပြီး ပါးစပ်ပိတ်နေတယ်ပေါ့။ သူ့မျက်နှာကိုတောင် ရွံလို့ မကြည့်ချင်ဘူး။ မင်းက ဆက်ပြီး မောက်မာနိုင်မယ်လို့ မထင်နဲ့။ အရှင်ကာကွယ်ပေးတာ ရပ်သွားတဲ့အခါ မင်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မှာ။’
………………
ရှဲ့ဟွိုင်သည် အခန်းထဲတွင် ထိုင်နေပြီး ပြင်ပမှသတင်းများသည် ဆက်တိုက်ဝင်လာသည်။ သူသည် မျက်လုံးကို မှေးစင်းပြီး သူ၏လက်ချောင်းထိပ်မှ ယတြာစက္ကူကို မီးရှို့လိုက်သည်။
ပြင်ပကမ္ဘာတွင် ဟဲဟွမ်းဂိုဏ်းချုပ်သည် အရှင် နှစ်သက်စေရန် ရတနာများပေးခဲ့၍ အရှင်သည် ဆုလာဘ်များ ပေးပြီး မျက်နှာသာပေးခံခဲ့ရသည်ဟု ကောလာဟလများထွက်နေသည်။ အရှင်၏ကျောထောက်နောက်ခံကို အားကိုးပြီး ဟဲဟွမ်းဂိုဏ်းချုပ်သည် အကျိုးအမြတ် များစွာရရှိခဲ့သည်။ ထို့ကြောင့် သူသည် ဖူကျိုးတောင်ပေါ်တွင် သူ၏တန်ခိုးကို ပြသရန် မဝံ့မရဲဖြစ်နေသည်...
‘သူ့ဥစ္စာပစ္စည်းတွေကြောင့် သူ့ကို ကြိုက်တာလား..’.
‘ရယ်စရာကောင်းလိုက်တာ။ ဒီကမ္ဘာမှာ လူတစ်ယောက်ကို တခြားသူတွေ ကြိုက်အောင် လုပ်နိုင်တဲ့အရာ ဘယ်လိုရှိနိုင်မှာလဲ။ လူတွေရဲ့နှလုံးသားတွေကို လုံးဝထိန်းချုပ်လို့မရဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ပြောတာကို သူယုံကြည်တယ်။ ဒါဆို သူက သူ့ကို ကြိုက်စေချင်တာတကယ်လား။’
‘ဒါပေမဲ့ ဒီလောက်ကြိုက်ရင် သူ့ကို ဘာလို့ရှောင်ချင်တာလဲ။’
ဤလူသည် အဆိပ်စူးရှိသည့် ခမ်းနားထည်ဝါသောလိပ်ပြာတစ်ကောင်နှယ်။ သူ၏အတောင်များကို ဖွဖွလေးခတ်ပြီး သူ့နှလုံးသားပေါ်ကို ဆင်းသက်လာသည်။ ထို့နောက် ထိလိုက်သည်နှင့် ကွဲသွားမည်။ ခွဲလို့မရပါ။ ခန့်မှန်းလို့မရ...
‘ပြီးတော့ ငါ့ရဲ့ခံစားချက်တိုင်းက ထိန်းချုပ်လို့မရဘဲ သူ့အပေါ်တုံ့ပြန်ခဲ့တယ်…’
‘ဒါက မဖြစ်သင့်ဘူး။’ ရှဲ့ဟွိုင်သည် သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့မျက်လုံးများသည် နက်ရှိုင်းသည့်ပင်လယ်ကဲ့သို့ပင်။ သူ၏ခံစားချက်များကို မည်သူကမှ ထိန်းချုပ်၍မရ။
အထူးသဖြင့် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည့် ဤနတ်ဆိုး၏ထိန်းချုပ်မှုကို သူ ခံစရာအကြောင်းမရှိပါ။
………………
ဖန်းလီသည် စာကြည့်ခန်းထဲတွင် အေးအေးဆေးဆေး ထိုင်နေသည်။ ဤရက်ပိုင်း သူသည် ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ကို ဆုလာဘ် အများအပြားပေးခဲ့သည်။ သူလိုချင်သည်များကိုပေးပြီး အပြည့်အဝ မြှောက်စားခဲ့သည်။ ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် နွေဦးလေပြေလို သာဘာနေသည်ကို မြင်သောအခါ ဖန်းလီသည် သနားစရာကောင်းစွာ သက်ပြင်းချလိုက်သည်။
သူ ကြာကြာပျော်ရွှင်နိုင်မည် မဟုတ်ပါ။
မူရင်းဇာတ်ညွှန်းစာအုပ်ထဲတွင် ရန်ဆွေးသည် ရှဲ့ဟွိုင်ကို ချစ်ခြင်းပိုးကောင်နှင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း ချစ်ခြင်းဂူသည် ရှဲ့ဟွိုင်ကို လက်နက်ချစေ၍ မရဘူးဆိုတာကို သိရှိခဲ့ပြီး ဒေါသတကြီးနှင့် ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ကို တိုက်ရိုက်သတ်ပစ်ခဲ့သည်။
ဤသည်မှာ မကောင်းမှုများနှင့် ပြည့်နေသည့်အမြောက်စာပင်။ ဟဲဟွမ်းဂိုဏ်းချုပ်၏ကံကြမ္မာကို ဖန်းလီ ဂရုမစိုက်ပါ။ ဟဲဟွမ်းဂိုဏ်းချုပ် လုပ်ခဲ့သောအရာများကြောင့် သူသည် ရာနှင့်ချီပြီး သေရင်တောင် အပြစ်ပေးခံရမည် မဟုတ်ပါ။
ယနေ့သည် ပထမဆုံးတိုက်ခိုက်မှုအတွက် အချိန်ပင်။
မူရင်းဇာတ်ညွှန်းစာအုပ်ထဲတွင် ရှဲ့ဟွိုင်၏စိတ်စွမ်းအားသည် အလွန်အားကောင်းပြီး ချစ်ခြင်းပိုးကောင်၏လွှမ်းမိုးမှုကို သူထိန်းချုပ်ထားသည်ဟု ရေးထားသည်။ ယခင်ချိန်ကဆိုလျှင် ဟဲဟွမ်းဂိုဏ်းချုပ်သည် ထိုအရာကို ရတနာတစ်ခုကဲ့သို့ ထုတ်ပေးမည်မဟုတ်ပါ။ ရန်ဆွေးက အေးစက်ပြီးရက်စက်ကြမ်းကြုတ်သည်ဆိုတာကို သူသိ၏။ ထို့ကြောင့် သူသည် သာမန်အရာများနှင့် ရန်ဆွေးကို လှည့်စားရန် မရဲ။ ယခု၌မူ သူလုပ်ရမည့်အလုပ်ကို မငြီးငွေ့ဘဲလုပ်ဆောင်ခဲ့လေ၏။။
ထို့ကြောင့် ရှဲ့ဟွိုင် အဆင်ပြေမည်မှန်း သိသကဲ့သို့ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိဘူးဆိုသည်ကို သိသော်လည်း ဤအချိန်ရောက်လာသည့်အခါ ဖန်းလီသည် အာရုံပျံ့လွင့်ပြီး မတော်တဆမှုတစ်ခုခုမဖြစ်စေရန် အစောင့်များတိုးထား၏။
နောက်ဆုံးတွင် ဇာတ်လိုက်သည် အနည်းငယ်လေးပင် မှား၍မရပါ။
ညနေပိုင်းတွင် ဘေးခန်းမှ နတ်ဆိုးကျွန်များ ပြန်လာပြီး ရှဲ့ဟွိုင်က ညစာမစားဘူးဟု ပြောသည်။ သူတို့သည် ညွှန်ကြားချက်များ မေးဖို့သွားသော်လည်း အနှောင့်အယှက်မပေးရန် တံခါးဝ၌ပင် အပြောခံလိုက်ရပြီး ရှဲ့ဟွိုင်ကိုမူ မမြင်ခဲ့ရပါ။
ဖန်းလီသည် စတင်နေပြီဟု တွေးလိုက်သည်။ ရှဲ့ဟွိုင်သည် ဤချိန်တွင် သူ့အား အနှောင့်အယှက်ပေးသည်ကို မလိုချင်သည်မှာ သေချာသည်။ ‘ဒါက ပုံမှန်ပါပဲ။’
ခဏအကြာတွင် နောက်ထပ်နတ်ဆိုးကျွန်တစ်ယောက်က ဘေးနန်းတော်သည် တိတ်ဆိတ်ပြီး လှုပ်ရှားမှုမရှိဘူးဟု အစီရင်ခံလာသည်။ ‘ယွီယီကျွင်း အိပ်ပျော်သွားတာ သေချာတယ်။’
‘ဒီလောက်တိတ်ဆိတ်နေတာလား။’ စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း ရှဲ့ဟွိုင်ကို ထိန်းချုပ်ပြီးသွားပြီဟု ထင်ရသည်။ ‘ဒီညပြီးရင် အဆင်ပြေသွားမှာပါ။’ ဖန်းလီသည် တခြားဘာမှမဖြစ်သင့်ဘူးဟု တွေးပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ အိပ်ရာပေါ်လှဲပြီး အိပ်ဖို့ ပြင်လိုက်သည်။
[စနစ်သည် တုံ့ဆိုင်းနေသည်- အရှင်၊ တကယ်ပဲ သွားကြည့်ဖို့ အစီအစဥ်မရှိဘူးလား။]
ဖန်းလီသည် သူ့လက်များကို သူ့ရင်ဘတ်ပေါ်တွင်ထားပြီး အလွန်ငြိမ်းချမ်းစွာ အိပ်နေသည်။ "ဘာကြည့်စရာရှိလဲ။ သူက ကောင်းကင်ဘုံရဲ့မျက်နှာသာပေးခံရသူလေ။ သူ့ကို ခဏလွှတ်ထားလိုက်" ဟု ပျင်းရိစွာပြောလိုက်သည်။
တခြားနည်းနှင့် တွေးကြည့်လျှင် ဖန်းလီသည် ဤအချိန်တွင် ရှဲ့ဟွိုင်၏စိတ်အခြေအနေကို ကောင်းကောင်းနားလည်နိုင်သည်။ သူ့ကို မုန်းတီးမှုထဲတွင် တစ်ယောက်တည်း ရင်ဆိုင်ခွင့်ပေးလိုက်မည်။ ထို့ပြင် မီးထဲသို့ လောင်စာထည့်ရန် သွားမည်မဟုတ်ပါ။
ဖန်းလီသည် ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ "မင်းက ဇာတ်လိုက်ကို တကယ်လျှော့တွက်နေတာပဲ။ ဇာတ်လိုက်ကို ဘာအတွက်သုံးတာလဲ။ အံ့ဖွယ်ကိစ္စတွေဖန်တီးဖို့နဲ့ ဥပဒေတွေကို ချိုးဖျက်ဖို့ သုံးတာလေ"
ဖန်းလီသည် ဖြည်းညှင်းစွာမျက်လုံးများ ဖွင့်လိုက်ပြီး တည်ငြိမ်သည့်လေသံနှင့် "ဘာလဲ။ ငါ့ကို ယောက်ျားတစ်ယောက်နဲ့ အတူအိပ်စေချင်တာလား" ဟု ပြောလိုက်သည်။
စနစ်သည် ချက်ချင်းပါးစပ်ပိတ်သွားသည်။ အရှင် နောက်တစ်ကြိမ် ထပ်ဖျက်မည်ကို သူကြောက်သည်။ ‘ထားလိုက်ပါတော့။ အရှင် မှန်ပါတယ်။ ရှဲ့ဟွိုင်ကို ယုံကြည်လိုက်တာပေါ့။’
ဖန်းလီသည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်ခဲ့သည်။
အပြင်တွင် စောင့်နေသည့်နတ်ဆိုးကျွန်သည် ရှဲ့ဟွိုင်က မနက်စာစားရန် မထွက်လာသေးဘူးဟု ချက်ချင်း အစီရင်ခံသည်။ အဆောင်ထဲတွင်လည်း လှုပ်ရှားမှုမရှိပါ။
ဖန်းလီသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာခင်တွင် စိတ်သက်သာရာရသွားသည်။
‘မနေ့ညက ဘာတွေဖြစ်ခဲ့သေးလဲ။ ရှဲ့ဟွိုင် တစ်ယောက်တည်းနေချင်တာက ပုံမှန်ပါပဲ။’
ဖန်းလီသည် ကျွန်များအား သူ့ကို အနှောင့်အယှက်မပေးရန် အမိန့်ပေးပြီး သူ့အလုပ်များကို သွားလုပ်ခဲ့သည်။
စားသောက်ပျော်ပါးသည့်တစ်ရက်သည် မြန်မြန်ကုန်သွားသည်။
တတိယနေ့တွင် ဖန်းလီနိုးလာသောအခါ နတ်ဆိုးကျွန်သည် ရှဲ့ဟွိုင် အဆောင်မှ မထွက်လာသေးဘူးဟု အစီရင်ခံသည်။
ဖန်းလီသည် ပြဿနာရှိသည်ဟု မထင်ပါ။ ရှဲ့ဟွိုင်သည် ပိုအားကောင်းလာရန် ကြိုးစားနေတာမျိုး ဖြစ်နိုင်သည်။ သူသည် သူ့ကို ထပ်မတွေ့ချင်ပါ။ သူ အစီအရင်ကို ဘယ်လိုဖျက်ပြီး သူ့ကိုယ်သူ အမြန်ဆုံး သတ်ရမလဲဆိုတာကို တွေးနေလောက်သည်။ ‘သူ မထွက်လာရင်လဲ မလာနဲ့ပေါ့။’
နတ်ဆိုးကျွန်သည် ဖန်းလီကို ရှဲ့ဟွိုင်က အခန်းထဲကနေ မထွက်လာသေးဘူးဟု ပြောသည်။ အခန်းထဲတွင် လှုပ်ရှားမှုမရှိသည့်အခါ ဖန်းလီသည် အနည်းငယ်စိတ်မသက်မသာ ဖြစ်လာသည်။
‘ခုနစ်ရက် ခုနစ်ည လှုပ်ရှားမှု မရှိဘူး... ဒီကိစ္စက ပြောရတာ နည်းနည်းခက်ပေမဲ့ မောက်မာတဲ့ရှဲ့ဟွိုင်က လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ကျောက်တုံးလို မာကျောတဲ့နှလုံးသားရှိတဲ့ဇာတ်လိုက်ပဲ။ မူရင်းဇာတ်ညွှန်းစာအုပ်ထဲမှာ သူက အဆတစ်ရာ ပိုညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။’
ထို့နောက် ဆိုးရွားသည့်အခြေအနေတွင် ရန်ဆွေးကို သတ်ပစ်လိုက်သည်...
‘ဒီအသေးအဖွဲလေးကြောင့် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ပြီး လက်လျှော့လိုက်မှာတော့ မဟုတ်ဘူးမလား။’
‘ခုနစ်ရက် မထွက်လာတာက ပုံမှန်တော့မဟုတ်ဘူး…:
စနစ်သည် ဆူညံသံများ အများအပြား ထွက်နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ကို စောင့်ကြည့်ရန် အော်ဟစ်နေသည်။ ရှဲ့ဟွိုင် တစ်ခုခုဖြစ်မည်ကို သူကြောက်နေသည်။ ဖန်းလီသည် စိတ်ထဲတွင် ထိုသို့မတွေးခဲ့ပါ။ စနစ်သည် စိုးရိမ်လွန်နေသည်ဟု သူထင်ခဲ့သည်။ သူသည် ရှဲ့ဟွိုင်ကို အလွန်ယုံကြည်၏။ သို့သော် ဤအချိန်တွင် ရုတ်တရက် အနည်းငယ်တုန်လှုပ်သွားသည်။
‘ရှဲ့ဟွိုင် တကယ်ဘာမှ မဖြစ်ခဲ့ဘူးမဟုတ်လား။’
ဖန်းလီသည် မျက်မှောင်ကြုံ့ပြီး အချိန်အတော်ကြာ စဉ်းစားနေသည်။ ထို့နောက် သူလုပ်ခဲ့သည်များကို ပြန်လည်သုံးသပ်ခဲ့သည်။ သို့ပေမဲ့ ဘာအမှားမှ မတွေ့ခဲ့ပါ။ ‘ဒါဆို မူရင်းစာအုပ်နဲ့ ဘာလို့ မတူတာလဲ။’
ဖန်းလီသည် အနည်းငယ် စိုးရိမ်လာသည်။ ‘ဒီတော့ သွားကြည့်ရအောင်။’
သူသည် ညသန်းခေါင်တွင် ဘေးခန်းကို လာခဲ့သည်။ အပြင်၌ စောင့်နေသည့်နတ်ဆိုးကျွန်သည် လေးလေးစားစား အရိုအသေပြုကာ မြေပြင်ပေါ်တွင် ဝပ်တွားပြီး "ကျွန်ုပ်လက်အောက်ငယ်သား စောင့်ကြည့်နေခဲ့ပါတယ်။ ယွီယီကျွင်း အပြင်ထွက်မလာပါဘူး။ ဘာအမိန့်မှလဲ မပေးခဲ့ပါဘူး" ဟု ပြောလိုက်သည်။
ဖန်းလီသည် စိတ်မပါ့တပါ့နှင့် 'အင်း' ဟု ပြောပြီး တံခါးကို တွန်းဖွင့်ကာ လှမ်းဝင်သွားသည်။
အခန်းထဲတွင် မှောင်မည်းနေသည်။ ဖယောင်းတိုင်များ မရှိပါ။
စင်ပေါ်တွင် ပုလဲကို ပိတ်ထည်နှင့် အုပ်ထားသောကြောင့် အလင်းရောင်မဝင်နိုင်ပါ။
ဖန်းလီဝင်လိုက်သည်နှင့် သူ့နှာခေါင်းထဲသို့ အဆင့်မြင့်ရနံ့တစ်မျိုး ရောက်လာသည်။ နှစ်ပေါင်းများစွာသိုလှောင်ထားသည့်ဝိုင်ကို ပေါင်းခံထားသောပုံစံမျိုးကဲ့သို့ အနည်းငယ်ပြင်းပြီး အသက်ရှူကျပ်စေသည်...
အမှောင်ထဲတွင် လှုပ်ရှားမှု မရှိပါ။ ‘မဟုတ်ဘူး။’ ဖန်းလီသည် အာရုံစူးစိုက်ပြီး နားထောင်လိုက်သည်။ သူ့ရှေ့ရှိ အိပ်ရာလိုက်ကာထဲတွင် အလွန်တိုးညှင်းသည့်အသံတစ်ခု ရှိနေသည်... ဖိနှိပ်ထားသည့်အသက်ရှူသံနှင့် တူသည်...
အခြေအနေသည် သိပ်မကောင်းပါ။ သို့သော် ဖန်းလီ သိပ်ဂရုမစိုက်ပါ။ သူသည် မြန်မြန်ဆန်ဆန် လှမ်းသွားကာ အိပ်ရာလိုက်ကာကို ဖွင့်ပြီး စစ်ဆေးရန် ကြိုးစားသော်လည်း သူ့လက်ကို ဆန့်လိုက်သည်နှင့် ရုတ်တရက် လေပြင်းတစ်ခုတိုက်ခတ်လာပြီး ပူနွေးသောသံညှပ်တစ်ခုကဲ့သို့လက်တစ်ဖက်သည် သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ခိုင်မြဲစွာ ဖိထားလိုက်သည်။
သူ၏နောက်ကျောသည် အိပ်ရာအစွန်းနှင့် ပြင်းပြင်းထန်ထန်ထိမိသွားသည်။ ဖန်းလီ၏မျက်နှာသည် ဖြူဖျော့သွားပြီး ခေါင်းထောင်လိုက်သောအခါ နီရဲပြီး မှောင်မည်းနေသည့်မျက်လုံးတစ်စုံနှင့် အံ့အားသင့်စရာကောင်းစွာ ဆုံသွားလေ၏။
End