Chapter 13
‘ဟုတ်တယ်မလား၊ ဒီတစ်ခါ မင်း တုမန်ကို စိတ်ရှုပ်အောင် လုပ်ဖို့ပဲ ထွက်သွားတာမဟုတ်လား။ တုမန် ဒီမှာရှိနေတယ်ဆိုတာ မင်း မသိဘူးလေ။ ဘာလို့ မမေးတာလဲ။ မင်းလိုချင်တာ ဒါပဲ မဟုတ်လား။’
ရှဲဟွိုင်သည် ဖန်းလီ၏မျက်လုံးများကို စိုက်ကြည့်ကာ သူ့စိတ်ထဲမှ အမှန်တကယ် အတွေးများကို သိချင်နေပုံရသည်။ ဖန်းလီ တိတ်ဆိတ်သွားသည်။
‘သူ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေတာက အသားစားချင်လို့။ အသားစားတဲ့ အဓိပ္ပာယ်မရှိတဲ့ဇာတ်လမ်းကို မဖန်တီးချင်လို့ပဲလား။’
ရှဲဟွိုင်သည် သူဘာမျှမပြောဘဲ အစပြုပြီး ဤအကြောင်းကို ထုတ်ပြောမည်ဟု သူ မထင်ခဲ့ပါ…
မူရင်းဇာတ်လမ်းထဲတွင် ရန်ဆွေး၏မေးခွန်းကို ရင်ဆိုင်ရသည့်အခါ ရှဲဟွိုင်သည် ပြန်ဖြေဖို့ပင် စိတ်မဝင်စားသည်ကို သိထားရသည်။ သူနှင့် မသက်ဆိုင်ပါ။ သူသည် အစမှ အဆုံးအထိ အေးစက်သည့် မျက်လုံးများနှင့် အရာအားလုံးကို ခပ်ဝေးဝေးမှ စောင့်ကြည့်နေခဲ့သည်။
သူ မမေးသရွေ့ ရှဲဟွိုင်က ပြောမှာမဟုတ်ဘူးဟု မှန်းဆထားသည်။
‘ဒါပေမဲ့ သူကစပြီး ဒီအကြောင်းကို ဘာလို့ထုတ်ပြောတာလဲ။’
ဖန်းလီ၏စိတ်ထဲတွင် သံသယများရှိသော်လည်း အပေါ်ယံတွင် မသိချင်ယောင်ဆောင်ပြီး မျက်ခုံးပင့်ကာ ရယ်မောရင်း "မင်းကို ဘာမေးရမှာလဲ" ဟု ပြောလိုက်သည်။
ရှဲ့ဟွိုင်သည် ဖန်းလီကို တစ်ချက်ကြည့်ရုံနှင့် သိသွားပြီး သူ့ကို လှည့်စားခွင့်မပေးဖို့ ရည်ရွယ်ထားသည်။ သူသည် လျစ်လျူရှုစွာဖြင့် "သူက ငါ့ကို လာတွေ့ပြီး သူနဲ့ လက်တွဲပြီးတော့ မင်းကို အတူတူသတ်ဖို့ ပြောတယ်" ဟု ပြောလိုက်သည်။
ဖန်းလီ: "..."
‘ငါ မှားလို့ မရဘူး…’
ဖန်းလီသည် ပျင်းရိစွာ နောက်ကို မှီထိုင်လိုက်၍ ဟာသဆန်ဆန် ပြုံးကာ "အဲတော့ ဘယ်လိုလဲ၊ မင်း တုမန်နဲ့ပေါင်းပြီး ငါ့ကို သတ်တော့မလို့လား။ မင်း ငါ့ကိုတောင် သေချာမကြည့်ဘူးလေ၊ တုမန်ကို တွေ့ရတာက မင်းအတွက်ခက်နေလို့လား" ဟု ပြောလိုက်သည်။
ရှဲ့ဟွိုင်သည် သူ၏ပါးလွှာသည့်နှုတ်ခမ်းများကို စေ့ကာ တစ်ဖက်လူ၏မျက်လုံးများထဲသို့ စိုက်ကြည့်နေသည်။
မျက်နှာဖျော့တော့ကာ မျက်လုံးမှေးစင်းထားသောလူတစ်ယောက်သည် သူ၏နှုတ်ခမ်းပေါ်တွင် မထီမဲ့မြင် ပြုံးနေပြီး ဂရုမစိုက်ဟန် စိတ်ကြီးဝင်နေသည့်ရယ်မောသံအောက်၌ ဘာမျှ မစဉ်းစားဘဲ ဤကဲ့သို့စကားလုံးများကို ရုတ်တရက် ပြောလိုက်သည်... သူသည် သူ၏စရိုက်နှင့် တုမန် ဘယ်တော့မှ တစ်လှေတည်း စီး၍မဖြစ်ဟု ခိုင်ခိုင်မာမာ ယုံကြည်သည်။ သူ့ကိုယ်သူပင် သတိမထားမိဘဲ သူ့ကိုယ်သူ ထိုမျှ ယုံကြည်နေသည်မှာ ဖြစ်နိုင်သည်။
မေးလည်း မမေး၊ မကြည့်လည်း မကြည့်ရင်တောင် ‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။’
‘ဒါက အခြား ယုံကြည်အားကိုးမှုလား။’
ရှဲ့ဟွိုင်သည် ရုတ်တရက် တိုးညှင်းစွာရယ်လိုက်ပြီး ဖန်းလီပင် သူ ဘာလုပ်မည်ဆိုတာ သေချာနေသည့်အရာကို သူက ပိုမေးရသေးသည်။ သူသည် ဖန်းလီလောက် လွတ်လပ်ပေါ့ပါးသည် မဟုတ်ပါ။
‘အရာအားလုံး မင်းမျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေပြီဆိုတော့ မင်းက…’
ရှဲ့ဟွိုင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ဖြည်းဖြည်းချင်း "ဒါဆို မင်းသိလား၊ သူတို့အားလုံး အတုအယောင်အတွေးတွေနဲ့ ဖုံးထားတယ်” ဟု ပြောလိုက်သည်။
ဖန်းလီ၏တစ်ကိုယ်လုံးတောင့်တင်းသွားပြီး မျက်ခုံးများတွန့်သွားကာ သူ၏မျက်နှာသည် တည်ကြည်လာရင်း စကားသည် သူ မမျှော်လင့်ထားသည့် အဆင့်ကို ရောက်သွားသည်။ တုမန် ရည်မှန်းချက်ကြီးသည်ကို လူတိုင်းသိသည်။ ‘အဲ့ဒါကို ပြောတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ တုမန်က မင်းကို ကြိုက်တယ်လို့ ဘာလို့ ငါ့ကို ပြောတာလဲ။’
‘ငါတို့ရဲ့ ဆက်ဆံရေးက ဘာလဲ။’
တွေဝေနေသည့်အချိန်တွင် သူသည် သူ၏သူငယ်ချင်းနှင့် ဘီယာသောက်ပြီး ဘယ်သူက ဘယ်သူ့ကို လိုက်နေတာလဲဆိုတာကို ဆွေးနွေးနေသည့်ခံစားမှုမျိုး ရသွားသည်။
ဖန်းလီသည် မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်၍ ဖြစ်နိုင်ခြေတစ်ခုပဲရှိသည်ဟု ထင်လိုက်သည်။ သူ လျှော့ပေးလိုက်သဖြင့် ရှဲ့ဟွိုင်နှင့် သူ့ကြားမှ ဆက်ဆံရေးသည် မူရင်းဇာတ်ညွှန်းထဲကလောက် မတင်းမာတော့ပါ။ သူတို့ကြားရှိရန်ငြိုးများ မပြောင်းလဲသော်လည်း အပေါ်ယံတွင် အဆင်ပြေပုံရပြီး စကားအနည်းငယ်ကို အေးအေးဆေးဆေး ပြောနိုင်သည်။ ထို့ကြောင့် တွေ့သည်နှင့် ရန်သူများကဲ့သို့ မတည့်ဘူးဆိုတာမျိုး မဖြစ်ပေ။
ရှဲ့ဟွိုင်၏မာနကြီးသည့်စရိုက်နှင့် တုမန်က သူ့ကို ကြိုက်သည်ဆိုတာ သိလျှင် စိတ်ပျက်မည်မှာ သေချာသည်။ ‘အဲတော့ ဒါက ငါ့ကို ဝေ့ဝိုက်ပြီး သတိပေးနေတာလား... တုမန်က သူ့ကို ဆက်ပြီး အနှောင့်အယှက်ပေးတာကို မလိုချင်တာလား။’
‘ပြီးတော့ လျှာထုတ်ပြီး လိုက်နေတဲ့ခွေးတစ်ကောင်၊ တစ်ဖက်သတ်အချစ်ကိုလိုက်နေတဲ့သူ၊ ပိုင်ဆိုင်လိုစိတ် ပြင်းပြတဲ့၊ မာနကြီးတဲ့ နတ်ဆိုးတစ်ကောင်အနေနဲ့... ငါကြိုက်တဲ့သူကို တခြားသူတွေ လိုက်နေတယ်ဆိုတာ ကြားရင် ဘယ်လိုတုံ့ပြန်သင့်လဲ။’
ဖန်းလီသည် ရုတ်တရက် ထရပ်ပြီး "သူက မင်းကို စိတ်ဝင်စားရင်တောင် ဘာဖြစ်လဲ၊ ငါအရှင်ရဲ့ လက်ထဲက မင်း ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ မင်းက ဒီဘဝမှာ ငါ့လူပဲ ဖြစ်လိမ့်မယ်" ဟု ပြောလိုက်သည်။
ရှဲ့ဟွိုင်: "..."
ရှဲ့ဟွိုင် အံ့အားသင့်သွားပုံရသည်ကို မြင်တော့ ဖန်းလီသည် အနိုင်ရသည်ဟု ခံစားလိုက်ရပြီး သူ့မေးစေ့ကို ပင့်ကာ "သူက မင်းကို တိုက်ခိုက်ဖို့ ရဲရင် ငါက သူ့ဘဝကို သေတာထက် ပိုဆိုးအောင် လုပ်ပေးမယ်" ဟု ထပ်ပြောလိုက်သည်။
ရှဲ့ဟွိုင် လုံးဝတိတ်ဆိတ်နေသည်။
သူသည် သူ့ရှေ့မှလူကို မျက်လုံးပြူးကြည့်နေပြီး တုမန်က သူ့ကိုစိတ်ဝင်စား၍ အမှန်တကယ်ပင် ဒေါသထွက်နေဟန်ရှိသည်... သို့သော် ဤအချိန်တွင် ရှဲ့ဟွိုင်အတွက် ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။ မျှော်လင့်ထားသည့်အတိုင်း သူ့တွက်ချက်မှုများထဲမှ ဘာမှလွဲမသွားသလိုပင်။ သို့သော် ဤကိစ္စတွင် သူတစ်ယောက်တည်း စိတ်ရှုပ်ထွေးနေကာ တုမန်၏ရည်ရွယ်ချက်သည် သူ့ဆီမှာရှိနေသည်ကို သူ မသိခဲ့ပါ...
အချိန်အတော်ကြာပြီးနောက် ရှဲ့ဟွိုင်သည် မျက်လုံးကိုအောက်သို့ငုံ့လိုက်ကာ ခပ်တိုးတိုးရယ်လိုက်သည်။
‘ထားလိုက်ပါတော့၊ အဲဒီညစ်ပတ်ပြီး ဆိုးရွားတဲ့အတွေးတွေကို မသိတာပဲကောင်းတယ်။’
………………
ဖန်းလီသည် သူ့အိပ်ခန်းသို့ ပြန်လာခဲ့သည်။ အပြင်တွင် အားလုံးအဆင်ပြေသော်လည်း သူသည် အိပ်ရာပေါ်၌ အိပ်ရသည်လောက် အသားမကျပေ။ ‘နတ်ဆိုးနန်းတော်က အိပ်ရာက သက်သောင့်သက်သာအဖြစ်ဆုံးပဲ။’
စနစ်သည် အတော်ကြာအောင် တွန့်ဆုတ်နေပြီးမှ စကားစပြောသည်။
[စနစ်: ရှဲ့ဟွိုင်ရဲ့ အပြုအမူက မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။ ဇာတ်လမ်းက လမ်းကြောင်းလွဲသွားမှာကို စိုးရိမ်တယ်။]
ဖန်းလီသည် ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "စိတ်မပူနဲ့။ သူ့ကိုကောင်းကောင်းဆက်ဆံနေလို့ ငါ့ကိုအလျင်အမြန် မသတ်ချင်ဘူးဆိုတာ မမေ့နဲ့။ သူ့ကို ငါကချိတ်ပိတ်ပြီး ဒီမှာ အကျဥ်းချထားတာပဲ... လက်ရှိ သဟဇာတဖြစ်နေတာက အပေါ်ယံပဲ၊ လုပ်ငန်းစဉ်က အရေးမကြီးဘူး၊ နောက်ဆုံးရလဒ်က မပြောင်းလဲရင် ရပြီ။"
[စနစ်: ဒါပေမဲ့ ရလဒ်က မပြောင်းလဲဘူးဆိုတာ ဘယ်လိုအာမခံနိုင်မလဲ…]
ဖန်းလီသည် ပြုံးပြီးပြောသည် "တစ်ယောက်ယောက်က ကိုယ့်ကိုချစ်လာအောင်လုပ်ဖို့ ခက်ပေမဲ့ တစ်ယောက်ယောက်ကို မုန်းအောင်လုပ်ဖို့ လွယ်တယ်လေ၊ ဒါကြောင့် စိတ်မပူနဲ့။"
စနစ်:……? ‘အဲဒီလိုလား။’
စနစ်သည် ထပ်မေးချင်သော်လည်း ဖန်းလီသည် ဆက်ပြီးရှင်းပြချင်စိတ်မရှိတော့ဘဲ အိပ်ရာပေါ် လဲလျောင်းလိုက်သည်နှင့် အိပ်ပျော်သွားသည်။
နတ်ဆိုးကျွန်သည် အပြင်တွင် အစောကတည်းကပင် စောင့်နေပြီး အသံမထွက်ရဲပါ။ ဖန်းလီထလာမှသာ ဦးညွှတ်ပြီး လေးလေးစားစားပြောသည် "အရှင်"
‘မနေ့က ပြန်မလာခင်မှာ ဒီနေ့ ဆွေးနွေးဖို့ အမိန့်ထုတ်ထားတာပဲ။
နတ်ဆိုးကျင့်ကြံသူတွေ ရောက်နေလောက်ပါပြီ။’
သို့သော် ဖန်းလီ မစိုးရိမ်ပါ။ နတ်ဆိုးကျွန်နှစ်ယောက်၏ဝန်ဆောင်မှုနှင့် အဝတ်အစားလဲပြီး မျက်နှာသစ်ပြီးမှ အတူသွားဖို့ ဘေးနန်းတော်ခန်းမှ ရှဲ့ဟွိုင်ကိုသွားခေါ်လိုက်သည်။
နတ်ဆိုးနန်းတော်၏ပင်မခန်းမတွင် နတ်ဆိုးကျင့်ကြံသူများအားလုံး အောက်မှာရပ်နေပြီး ရှုပ်ထွေးသည့်အမူအရာများနှင့် တိုးတိုးလေးပြောနေကြသည်။ သူတို့သည် နာရီပေါင်းများစွာ စောင့်နေကြသည်။
‘ဒီနေ့ အရှင် ကြွလာမှာလား။ အရှင်က သူတို့ကို ဒီကိုခေါ်တာ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ တစ်လလောက်က ယွီယွီကျွင်းသခင် နတ်ဆိုးနန်းတော်ကို ရောက်လာကတည်းက အရှင်က တိုင်းပြည်အရေးလုပ်ဖို့ စိတ်မပါတော့ဘူး။ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဘယ်တော့မှ မခေါ်တော့ဘူး။ ဒီတစ်ခါ ဘာအရေးကြီးလို့လဲ မသိဘူး…’
သူတို့ ဆွေးနွေးနေတုန်းပင် အရှင်သည် ယွီယွီကျွင်းနှင့်အတူ ကြွလာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဤကဲ့သို့အခြေအနေကို ရင်းနှီးနေကြပြီဖြစ်သည်။
လွန်ခဲ့သည့်တစ်လကပင် ‘သူတို့ ဘယ်လောက် စိတ်ဆိုးဒေါသထွက်နေခဲ့လဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။’ ယခုတော့ ရှဲ့ဟွိုင် မရှိသည့်ရက်များကိုပင် သူတို့ အသားမကျတော့ပါ...
ရှဲ့ဟွိုင်ရှိနေလျှင် ဘာမျှလုပ်လို့မရဘူးဟု တွေးနေကြသည်။ ‘အရှင်က သူတို့ကို ဘာလုပ်ဖို့ ခေါ်တာလဲ မသိဘူး။ သူတို့ကို ပျော်အောင်လုပ်ဖို့ ဘာမှလုပ်စရာမရှိလို့များလား။’
မဖြစ်နိုင်သည်တော့ မဟုတ်ပါ...
ဖန်းလီသည် ပလ္လင်ထိုင်ပေါ်တွင် ပျင်းရိစွာမှီထိုင်လိုက်ပြီး အရှေ့မှာရပ်နေသည့် တုမန်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကိုကွေးလိုက်သည်။
တုမန်သည် မထီမဲ့မြင်သည့်အမူအရာနှင့် ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မတ်မတ်ကြီးဖြစ်ပြီး သူ၏ထက်မြက်သည့်မျက်လုံးများ ရှောင်ဖယ်တာမျိုး၊ တုန်လှုပ်တာမျိုးမရှိပါ။
ဖန်းလီသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး ခန္ဓာကိုယ်ကို ဘေးဘက်သို့ စောင်းလိုက်ကာ အေးစက်စွာ ပြောလိုက်သည် "ဒီတစ်ခါ တောင်အောက်ကိုဆင်းသွားတော့ ကျိုရှောင်တောင်က မလုံခြုံဘူးဆိုတာ ကြားခဲ့တယ်။ သူတို့က အခြားနတ်ဆိုးဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး ဖူကျိုးတောင်ကို တိုက်ခိုက်ဖို့၊ နတ်ဆိုးဂိုဏ်းတွေနဲ့ ပူးပေါင်းဖို့ စည်းရုံးနေကြတယ်။ ဖူကျိုးတောင်က ငါတို့နတ်ဆိုးအဖွဲ့ကို ဖျက်ဆီးဖို့ ကြံနေတယ်။"
အောက်မှ နတ်ဆိုးကျင့်ကြံသူတွေအားလုံးသည် ဒေါသ သို့မဟုတ် လှောင်ပြောင်သည့် အမူအရာများ ပြသပြီး ထိုကျင်ကြံသူများသည် အလုပ်ကိုငြီးငွေ့လာသောကြောင့် သူတို့ကို လွှတ်မပေးသင့်ဘူးဟု ပြောကြသည်။ ရုတ်တရက် နန်းတော်ထဲတွင် ညစ်ညမ်းသည့်စကားလုံးများနှင့် ဆဲဆိုစကားလုံးများ ထွက်ပေါ်လာသည်။
ဖန်းလီသည် စိတ်သက်သာရာရသည့်အမူအရာနှင့် ခေါင်းညိတ်ပြီး ပြောသည် "ကျိရှောင်တောင်နဲ့ ဖူကျိုးတောင်က ငါ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နေတယ်။ သူတို့ကို နည်းနည်းလေး အရောင်မပြရင် ဖူကျိုးတောင်က ငါက သူတို့ကို ကြောက်တယ်လို့ ထင်သွားလိမ့်မယ်။"
ရှဲ့ဟွိုင်သည် မျက်မှောင်ကြုံ့ပြီး တည်ကြည်သည့်မျက်နှာနှင့် ဖန်းလီကို နားမလည်စွာ ကြည့်လိုက်သည်။
တုမန်၏မျက်လုံးများလည်း မှေးစင်းသွားသည့်နှယ် အောက်သို့နိမ့်ကျလျက်။
လူတိုင်းနီးပါး ဆဲဆိုနေသည်ကိုမြင်သဖြင့် ဖန်းလီသည် လက်ကိုမြှောက်ပြီး လူတိုင်းကို တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် မျက်လုံးများကိုဝေ့လိုက်ပြီး တုမန်ထံ ပြုံးပြီးကြည့်ကာ အသံကို အနည်းငယ်မြှင့်ပြီး ပြောလိုက်သည် "လက်ယာရံက ငါအရှင်ရဲ့ အယုံကြည်ရဆုံးလူပဲ။ ကျိုရှောင်တောင်ဖျက်ဆီးတဲ့ကိစ္စကို လက်ယာရံကိုပဲ လွှဲပေးမယ်။ ငါအရှင်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ထင်တယ်။"
ဖန်းလီ၏စကားဆုံးသည်နှင့် လူတိုင်းသည် အသက်ရှူမှားသွားပြီး ကြောက်ရွံ့ကာ ရှုပ်ထွေးသည့်မျက်လုံးများသည် ဖန်းလီနှင့် တုမန်ကြားတွင် လှည့်ပတ်ကြည့်နေကြသည်။ ခန်းမထဲတွင် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။
ကျိုရှောင်တောင်သည် နတ်ဆိုးလောကတွင် နတ်ဆိုးဂိုဏ်းကြီးငါးခုထဲမှ တစ်ခုဖြစ်ပြီး သူ၏အင်အားကို လျှော့တွက်လို့မရပေ။ ထို့ပြင် ကျီထျန်းဂိုဏ်း၏နှစ်ပေါင်းများစွာ ရန်သူလည်းဖြစ်သည်... ‘အရှင်က နတ်ဆိုးအုပ်စုကို ကိုယ်တိုင်ဦးဆောင်ပြီး သွားသိမ်းရင် နတ်ဆိုးဂိုဏ်း ရာနဲ့ချီ စုဝေးပြီးတော့ ကျိုရှောင်တောင်ကို ဝိုင်းတိုက်ခိုက်ရင်တော့ အနိုင်ရဖို့ ပိုများပြီး ရှုံးနိမ့်ဖို့အလားအလာနည်းတယ်။ ပြီးခဲ့တဲ့တစ်ခါ ယွင်ကျန်းချွီကို ဝိုင်းရံတိုက်ခိုက်ခဲ့သလိုမျိုး…’
‘ဒါပေမဲ့ တုမန်တစ်ယောက်တည်း လုပ်ရမယ်ဆိုရင်တော့ ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။’
တုမန်၏ကျီထျန်းဂိုဏ်းသည် နှစ်ပေါင်းရာနဲ့ချီ ကျိုရှောင်တောင်ကို မသိမ်းပိုက်နိုင်ခဲ့ပါ။ ‘ဒါဆို အခုမှ သိမ်းပိုက်နိုင်မှာလား။ ပြီးတော့ အခု တရားမျှတတဲ့လမ်းကအမတဂိုဏ်းတွေက အရမ်းကိုထိရှလွယ်ပြီး ကောလဟာလတွေက အခုတောင်မှ ပျံ့နေလေပြီ။ သူတို့ တကယ်စည်းလုံးရင် ဖြောင့်မတ်တဲ့လမ်းစဉ်ကဘုန်းတော်ကြီးတွေ ပိုများလာရင်…‘ဘယ်သူတွေ ပျက်စီးသွားမလဲဆိုတာ မသိနိုင်ဘူး။’
အရှင်သည် ရက်အနည်းငယ်ကပင် ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို နှိမ်နင်းပြီး လင်းရှီသတ္တုတွင်းကို သိမ်းပိုက်ခဲ့သည် ဆိုသည့်အချက်ကို ပြန်စဉ်းစားကြည့်ရင် တုမန်ကို အမှန်တကယ်တိုက်ခိုက်ချင်ပုံရသည်။ ‘ကျီထျန်းဂိုဏ်းကလူတွေကို ဖူကျိုးတောင်မှာသေဖို့ တမင်လွှတ်ပြီး တုမန်ရဲ့အင်အားကို လျှော့ချဖို့လား။’
ခဏလေးအတွင်းပင် လူတိုင်းသည် တိတ်ဆိတ်သွားပြီး တုမန်ကို သတိကြီးစွာနှင့်စောင့်ကြည့်နေကြသည်။
တုမန်သည် ခါးမှာရှိသည့်ဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးများသည် နက်နဲသည့်ချောက်ကမ်းပါးကဲ့သို့ အေးစက်နေပြီး သူ့အကြည့်သည် ဖန်းလီ၏လည်တိုင်ကို ဖောက်ထွင်းသွားသကဲ့သို့ပင်။ ပြီးတော့ ဒေါသရိပ်ဖြင့် ပြုံးလိုက်သည်။ ‘ဟား…’
ရှဲ့ဟွိုင်၏မျက်ခုံးများသည် ပိုတွန့်ချိုးလာသည်။ တုမန်နှင့်ဖန်းလီသည် ဆက်ဆံရေးမကောင်းသည်ကို သူသိသည်။ သို့သော် ဖန်းလီသည် တုမန်ကို ဆက်အသုံးချချင်လျှင် သူ့အားသိမ်းသွင်းရန် နူးညံ့သည့်နည်းဗျူဟာများကို သုံးသင့်သည်။ အပေါ်ယံတွင် တုမန်ကို တည်ငြိမ်အောင်လုပ်ပြီးမှ အဆုံးသတ်နိုင်သည့်ထိုးနှက်ချက်ဖြင့် သတ်ပစ်သင့်သည်။ ယခုလိုမျိုး... ဤမျှသိသာပြီး ခြေလှမ်းတိုင်းကို ဖိအားပေးကာ ပြေးပေါက်မကျန်အောင် လုပ်တာမျိုး မလုပ်သင့်ပါ။
ဖန်းလီသည် ယခင်က သူ့ကိုချစ်ယောင်ဆောင်ခဲ့သည်။ ထို့ကြောင့် ဖန်းလီ၏ရည်ရွယ်ချက်သည် နောက်ပိုင်းတွင်အခြားတစ်ခုဖြစ်မယ်ဟု ရှဲ့ဟွိုင် ထင်ခဲ့သည်။ သို့သော် ယနေ့ ဖန်းလီလုပ်ခဲ့သည်မှာ သူ၏ခန့်မှန်းချက်ကို လုံးဝပြောင်းပြန်ဖြစ်စေသည်။
ဤကဲ့သို့မျိုး တုမန်ကို ထပ်ခါထပ်ခါ ရန်စနေပြီး မသတ်သည်မှာ ကျားကို အစာကျွေးနေသကဲ့သို့ပင်။
တုမန်နှင့် ကစားနိုင်သည်ဟု ထင်လောက်အောင် ဂုဏ်မောက်နေကြီးလျှင် အလွယ်တကူပင် ပြာဘဝရောက်သွားလိမ့်မည်။
ဖန်းလီသည် ဤမျှမိုက်မဲသည့်လူဟု ရှဲ့ဟွိုင် မထင်ခဲ့ပါ။ ဤသို့လုပ်သည်မှာ အကျိုးမရှိသည့်အပြင် သူ့ကိုယ်သူပင် ဆန့်ကျင်နေသည်။ ‘ဘာလို့ ဒီလိုလုပ်တာလဲ။ အန္တရာယ်များမှန်း မသိဘူးလား..’.
ခန်းမထဲမှလေထုသည် ပိုပိုပြီး တင်းမာလာသည်ကို မြင်၍ ရှဲ့ဟွိုင်သည် မျက်မှောင်ကြုံ့ကာ ပြောလိုက်သည် "မင်း..."
ဖန်းလီသည် ရုတ်တရက် ရှဲ့ဟွိုင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။ ထို့နောက် ဖြည်းဖြည်းနှင့် မေးခွန်းပြန်ထုတ်စရာမလိုသည့်အသံနှင့် ပြောလိုက်သည် "ဒီကိစ္စကို ငါဆုံးဖြတ်ပြီးပြီ။ ထပ်ပြောစရာမလိုဘူး။"
ဤအကြိမ်သည် ဖန်းလီက သူ့အားငြင်းဖူးသောပထမဆုံးအကြိမ်ဖြစ်သည်။
ရှဲ့ဟွိုင်သည် တစ်ဖက်လူ၏မှောင်မိုက်နေသည့်မျက်လုံးများကို ကြည့်လိုက်သည်။ အတွင်းထဲတွင် ခိုင်မာသည့်အကြည့်နှင့် ကျန်စကားများကို ခဏရပ်ပြီး ဘာမျှမပြောတော့ပါ။ အဲဒီတော့မှ ဖန်းလီသည် ရှဲ့ဟွိုင်ကို ပြုံးပြလိုက်သည်။ ရှဲ့ဟွိုင် မည်သည်ကိုစိုးရိမ်နေလဲဆိုတာ သူသိသည်။ ရှဲ့ဟွိုင်သည် သနားကြင်နာတတ်သည့်ဇာတ်လိုက်တစ်ယောက်ပင်။
နတ်ဆိုးများ စစ်ဖြစ်ပြီး အသက်များ သေဆုံးသည်ကို သူ လုံးဝမလိုလားပါ။ သို့သော် စိတ်ကို သက်သာအောင်သာ ထားလို့ရသည်။ ဤတိုက်ပွဲသည် အနိုင်ရနိုင်မည် မဟုတ်ပါ။ တုမန်သည် အခြားလူများက ထိန်းချုပ်၍ရသည့် လူမိုက်တစ်ယောက်မဟုတ်ပေ။ သူ့လူများကို သေဖို့လွှတ်သည်ဆိုတာ သိလျက်နှင့် ဘယ်လိုနည်းနဲ့မျှ ရိုးရိုးသားသား သွားမည်မဟုတ်ပါ။
သူ့ကိုမသတ်ခင် တုမန်သည် သူ့အင်အားကို ထိန်းသိမ်းထားပြီး တရားမျှတသည့်လမ်းနှင့် အလွယ်တကူ စစ်စတင်မည်မဟုတ်ပေ။
ထို့အပြင် ရှဲ့ဟွိုင်သည် ယမန်နေ့က တုမန်သည် သူ့ကို စိတ်ဝင်စားသည်ဟု အရိပ်အမြွက်ပြောခဲ့သည်။ မနာလိုသည့် ရူးသွပ်သူတစ်ယောက်အနေနှင့် တုမန်ကို နည်းနည်းလေး အရောင်မပြလျှင် ဤနတ်ဆိုးရှင်သည် အသုံးမကျသည့်လူ ဖြစ်သွားမည် မဟုတ်လား။
ဖန်းလီသည် ခေါင်းလှည့်လိုက်ပြီး တုမန်ကို မကြောက်မရွံ့ တည့်တည့်ကြည့်ကာ သူ့မျက်လုံးထဲမှ လူသတ်လိုစိတ်ကို လျစ်လျူရှုပြီး နှုတ်ခမ်းမှ အပြုံးလေးနှင့် အဖြေကို စောင့်နေသည်။ တုမန်သည် မျက်လုံးကို မှေးစင်းပြီး ဖန်းလီကို ကြည့်သည်။ အတော်ကြာမှ ဓားကိုင်ထားသည့် လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး အသံကျယ်ကျယ် ရယ်မောလိုက်သည်။ သူ့မျက်လုံးများသည် အဆိပ်ရှိသည့်မြွေတစ်ကောင်ကဲ့သို့ အေးစက်နေသည်။ "အရှင်၊ အမိန့်တော်တိုင်းပါ။"
ဖန်းလီသည် ကျေနပ်သည့် အပြုံးကိုပြပြီး ထရပ်လိုက်သည်။ "ဒါဆို လက်ယာရံဆီက သတင်းကောင်းကို စောင့်နေမယ်။"
လူတိုင်းသည် ဖန်းလီ၏နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ရှင်းသောက်စွန်းသည် ဤတစ်ခါ ရှဲ့ဟွိုင်၏စကားကိုပင် နားမထောင်ဘဲ သူ့နည်းသူ့ဟန်နှင့် ဆက်သွားဖို့ တင်းခံနေပုံရသည်။ ‘သူက တကယ်ကို အလေးအနက်ထား လုပ်တော့မယ်ထင်တယ်။ တုမန်က ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ မသိဘူး...
ဒီဖူကျိုးတောင်က ပြောင်းလဲတော့မယ်ထင်တယ်!’
………………
ဖန်းလီသည် စိတ်ကြည်လင်နေသောကြောင့် ခပ်သွက်သွက်လမ်းလျှောက်နေသည်။ ဇာတ်လမ်းသည် ချောချောမွေ့မွေ့ ဖြစ်သွားသည်။
မူရင်းဝတ္ထုမှာ ရန်ဆွေးသည် တုမန်ကို ကျိုရှောင်းတောင်ကို ဤနည်းနှင့် တိုက်ခိုက်ဖို့ တာဝန်ပေးထားသည်။ တုမန်သည် အပေါ်ယံတွင် သဘောတူသော်လည်း အတွင်းစိတ်၌ သူ့ကို မုန်းတီးနေသည်။ သူ၏သည်းခံနိုင်စွမ်းသည် ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် တရားမျှတသောဂိုဏ်းနှင့် ပူးပေါင်းပြီး သူ့ကို ကိုင်တွယ်ဖို့ ဝန်မလေးတော့ပါ။ သို့သော် သူက အခွင့်အရေးတစ်ခုသာ ပေးထားသည်။ သူ၏အပင်ပန်းခံ ကြိုးစားမှုများကို စိတ်ပျက်မသွားစေရန်နှင့် ဇာတ်လမ်းကို ကောင်းကောင်း ဖန်တီးရန် ကြိုးစားခြင်းသာဖြစ်သည်။
‘ဒီနေ့အတွက်တော့ ပြီးသွားပြီ။ နန်းတော်ပြန်ပြီး အိပ်ရေးဝအောင် အိပ်သင့်လား ဒါမှမဟုတ် အရင်စားသင့်လား။’ ဖန်းလီသည် အနည်းငယ် ဝေခွဲမရဖြစ်နေချိန် ရုတ်တရက် သူ့လက်ကောက်ဝတ်သည် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး ပူလောင်သည့်အပူချိန်ကို ခံစားလိုက်ရသည်။ သူသည် အံ့အားသင့်စွာနှင့် ခေါင်းလှည့်ကြည့်သောအခါ ရှဲ့ဟွိုင်သည် သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုံ့ကာ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့ဟွိုင်၏ပါးလွှာသည့်နှုတ်ခမ်းများသည် အနည်းငယ် လှပ်ရှားသွားပြီး ဖြည်းဖြည်းချင်း ပြောသည်။
‘မင်း ဘာလို့ ဒီလိုလုပ်တာလဲ။"
‘ဒါက ကိုယ့်ကိုယ်ကိုယ် မီးရှို့နေမှန်း မင်းမသိဘူးလား။’
‘ဒါမှမဟုတ် မင်းက တုမန်ရဲ့ တုံ့ပြန်မှုကို မကြောက်ရဲလောက်အောင် သတ္တိရှိနေတာလား။’
ဖန်းလီသည် အနည်းငယ် အံ့အားသင့်သွားသည်။ ရှဲ့ဟွိုင်သည် သူ့ကို ကိုယ်တိုင်လာထိဖို့ ဘယ်တုန်းကမှ မလုပ်ဖူးပါ။
‘ဒီနေ့ ဘာဖြစ်နေတာလဲ။ သူ့ဆုံးဖြတ်ချက်ကို စိတ်ဆိုးနေတာလား။’ ‘ဟုတ်တယ်လေ... သူက လူတိုင်းကို ကျိုရှောင်းတောင်ကို ဖျက်ဆီးဖို့ အမိန့်ပေးတာပဲလေ။ နတ်ဆိုးဂိုဏ်းက အပြစ်မဲ့သူတွေကို ထပ်ပြီးသတ်ဖြတ်တော့မယ်... ဒါပေမဲ့ ဘယ်တရားမျှတတဲ့ဂိုဏ်းကမှ သည်းမခံနိုင်ဘူး။’
‘ဒါပေမဲ့ မင်း မပူပါနဲ့လို့တော့ ငါ မပြောနိုင်ဘူး။ တုမန်နဲ့ ကျိုရှောင်းတောင်တို့က လောလောဆယ် မတိုက်နိုင်သေးဘူး။’ သူက ခဏလောက် စဉ်းစားပြီး မထီမဲ့မြင်နှင့် မာနကြီးသည့် အမူအရာကို ပြသည်။
“ငါ လုပ်ချင်တာကို လုပ်မယ်။ ပြီးတော့ ကျိုးရှောင်းတောင်က ငါ့ကိုစိန်ခေါ်ရဲတာလေ။ ဒီလိုလုပ်ရင် ဘာအကျိုးဆက်တွေ ရှိမယ်ဆိုတာ သိပြီးသား။"
‘အိုး? အဲဒီလိုလား?’
ရှဲ့ဟွိုင်သည် ဒေါသထွက်လုနီးပါး ဖြစ်သွားပြီး ဖန်းလီကို အေးစက်စွာ ကြည့်လိုက်သည်။
‘မင်း ဒါကို ယုံကြည်လား။’
‘ဒါပေမဲ့... သူတို့က ဘယ်လို ဆက်ဆံရေးမျိုး ရှိလို့ ဖန်းလီကို အမှန်တိုင်းပြောဖို့ တောင်းဆိုသင့်တာလဲ။’
ရှဲ့ဟွိုင်သည် အသက်ကို ပြင်းပြင်းရှူပြီး မျက်လုံးကို မှိတ်ကာ ရုတ်တရက် လက်ကို လွှတ်လိုက်ပြီး လှည့်ထွက်သွားသည်။
ဖန်းလီသည် ထွက်သွားသည့် ရှဲ့ဟွိုင်၏နောက်ကျောကို ကြည့်ပြီး နီရဲနေသည့် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ရန် လက်ကို မြှောက်လိုက်သည်။ ရှဲ့ဟွိုင်၏လက်သည် အနည်းငယ် အားပါသည်။ ‘အင်း... ဒါပေမဲ့…’
‘ဒေါသထွက်တာက တကယ်ကို ဒေါသထွက်နေတာပဲ!
ဒီနေ့ ငှက်နှစ်ကောင်ကို တစ်ချက်တည်းနဲ့ ဖမ်းမိသွားတယ်။’ ဖန်းလီသည် ပို၍ပင် ကျေနပ်သွားသည်။
………………
ရှဲ့ဟွိုင်သည် စိတ်မချမ်းမြေ့သောကြောင့် ဖန်းလီသည် ဒီရက်ပိုင်း ရှဲဟွိုင်၏ဘေးကို မသွားတော့ပါ။ သူ့ကို အခက်အခဲ မဖြစ်စေချင်ပါ။ ‘သူ တစ်ယောက်တည်း နေပါစေ။’
စနစ်သည် အရှင်က ထပ်ပြီး ငါးသွားမျှားရန် လုပ်နေသည်ကိုတွေ့တော့ နေ့တိုင်း စိုးရိမ်နေသည်။ အရှင်က ‘ရှဲ့ဟွိုင်ကို မုန်းစေချင်တယ်လို့ ပြောတာ ဘာကို ဆိုလိုတာလဲ။’
‘ကျိုရှောင်းတောင်ကိစ္စကို ရည်ညွှန်းတာများလား။ ဒါပေမဲ့ ငါမေးတိုင်း အရှင်က စောင့်ပါလို့ပဲ ပြောတယ်…ဒါဆို အရှင်က ဇာတ်လမ်းကို စဉ်းစားနေတာလား။’
ဖန်းလီသည် ဤရက်ပိုင်းတွင် အလွန်လွတ်လပ်နေသည်။ နတ်ဆိုးနန်းတော်တွင် ဇိမ်ခံဘဝနှင့် နေထိုင်ပြီး တခါတရံ တောင်တစ်ဝိုက် လှည့်လည်သွားလာကာ ဖူကျိုးတောင်၏ အခြေခံအုတ်မြစ်ကို စစ်ဆေးတာ သို့မဟုတ် တောင်နောက်ဘက်ကပင်လယ်ကမ်းပါးမှာ ငါးသွားဖမ်းတာ...စသဖြင့် အလုပ်ရှုပ်နေသည်ရ
တစ်နေ့မှာ ဖန်းလီသည့် မျက်လုံးနီပြီး သွားများအပြည့်နှင့် ရက်စက်သည့်နတ်ဆိုးငါးတစ်ကောင်ကို ကိုင်ပြီး ပြန်လာတော့ လမ်း၌ ဆံပင်ဖြူနှင့် ချောမောသည့် အမျိုးသားတစ်ယောက်က တားလိုက်သည်...
ခဏလောက် စဉ်းစားပြီးနောက် ဖန်းလီသည် ထိုလူမှာ ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်မှန်း သိလိုက်သည်။ သူသည် ချက်ချင်းပျော်သွားပြီး အရေးကြီးသည့်အခန်းသည် နောက်ဆုံးတွင် ရောက်လာတော့မည်ဆိုတာ သိလိုက်သည်။
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် ချစ်စဖွယ် ပြုံးပြီး ဦးညွှတ်အရိုအသေပေးသည်။
“အရှင့်ကို ဂါဝရပြုပါတယ်။"
ဖန်းလီသည် စိတ်မရှည်သည့်ပုံနှင့် လမ်းလျှောက်ရင်း ပြောသည်။
"ဘာကိစ္စလဲ။"
ဟဲဟွမ်းဂိုဏ်းချုပ်သည် တောင်ပေါ်မှ အစောင့်များကို လာဘ်ထိုးပြီးမှ ဖန်းလီ၏သွားလာနေထိုင်မှုကို သိခဲ့ရသည်။ သူသည် ဖန်းလီကို ဤနေရာတွင် စောင့်ရန်စီစဥ်ခဲ့သည်။ သူ့တွင် ဤအခွင့်အရေးပဲ ရှိသည်ဆိုတာ သူသိ၍ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ "ကျွန်တော့်မှာ အရှင့်ကို ဆက်ကပ်ချင်တဲ့ရတနာတစ်ခု ရှိပါတယ်။"
"အိုး?" ဖန်းလီသည် ရပ်ပြီး သူ့ကို အလေးအနက်ထားကြည့်လိုက်သည်။
ဟဲဟွမ်းဂိုဏ်းချုပ်သည် ကိုင်းညွှတ်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ် မြှောက်ကိုင်ထားကာ သူ့လက်ထဲမှာ ပွင့်လင်းမြင်သာတဲ့ ပုလဲတစ်လုံးကို ကိုင်ထားသည်။
ပယင်းနဲ့တူသည့် ပုလဲအတွင်း၌ လှပသည့် ရွှေရောင်ပိုးကောင်တစ်စုံ ရှိသည်။
ဟဲဟွမ်းဂိုဏ်းချုပ်က ပြောသည်။ "ဒါက ဂိုဏ်းရဲ့ ရတနာ - ချစ်ခြင်းမေတ္တာပိုးကောင်ပါ။ သာမန်ချစ်ခြင်းမေတ္တာပိုးကောင်နဲ့ မတူပါဘူး။ ဒီဂိုဏ်းရဲ့ အရင်သခင်တွေပဲ မွေးမြူနိုင်ပြီး ကျွန်တော်မျိုးက တစ်စုံပဲ မွေးမြူနိုင်ခဲ့ပါတယ်။ လက်အောက်ခံပိုးကောင်ကို ရထားသူက မိခင်ပိုးကောင်ရဲ့ သခင်ကို နာခံစေနိုင်ပါတယ်။ ဘယ်လောက်ပဲ ခေါင်းမာတဲ့သူ ဖြစ်ပါစေ၊ သခင်ကို နာခံပြီး သခင် လုပ်ချင်တာကို လုပ်ခွင့်ပေးပါလိမ့်မယ်။"
ဟဲဟွမ်းဂိုဏ်းချုပ်သည် ခဏလောက် တိတ်ဆိတ်သွားပြီး ဖန်းလီကို သတိထားပြီး ကြည့်လိုက်သည်။ ဖန်းလီ၏စိတ်ဝင်တစားအမူအရာကို တွေ့သည့်အခါ သူ့စိတ်ထဲတွင် “ဒီအရူးတွေက ဘာမှ နားမလည်ကြဘူး။ သူတို့က အရှင်က ယွီယီကျွင်းရဲ့တစ်ဖက်သတ်အချစ်ထက် ပိုလိုချင်တာ မရှိဘူးဆိုတာကို မမြင်နိုင်ဘူး... ဒါပေမဲ့ ဘယ်သူကပဲမြင်မြင် သူတို့က ဒါမျိုးကိုမှ မတတ်နိုင်တာ။ သွမ့်ရန်ပိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရှဲ့ဟွိုင်ကို ချော့မော့ချင်တာ မဟုတ်ဘူးလား။ သူလဲ ဒုက္ခမရောက်ခဲ့ဘူးလား။ အရှင့်ဆီက အမြင်ကြည်ခံချင်ရင် အရှင်က တကယ်ဘာလိုချင်လဲဆိုတာ သိဖို့ လိုတယ်။’
ဤကိစ္စမှာ အရှင့်ကို သူကလွဲ၍ မည်သူမှ မကူညီနိုင်ပါ။
ဟဲဟွမ်းဂိုဏ်းချုပ်သည် ဒီအကြောင်းကို တွေးပြီး သူ့စိတ်သည် ပို၍ပင် လောဘတက်လာသည်။ သူ့မျက်လုံးများသည် ချော့မော့သည့်အမူအရာကို ပြပြီး အဓိပ္ပာယ်ရှိသည့်အပြုံး ပြုံးနေသည်။ "အရှင် ယွီယီကျင်းကို လက်အောက်ခံ ပိုးကောင်အနေနဲ့ နာခံခိုင်းလိုက်ရုံပါပဲ။ မိခင်ပိုးကောင်ရဲ့ သခင်ဖြစ်ရင် ယွီယီကျွင်းက မိခင်ပိုးကောင်ရဲ့ သခင်ဆန္ဒအတိုင်း သေချာပေါက် ဖြစ်လာပါလိမ့်မယ်။ အရှင့်ကို မခွဲနိုင်တော့ပါဘူး။"
ဖန်းလီသည် လက်ဝှေ့ယမ်းလိုက်ကာ ပုလဲကို သူ့လက်ထဲမှာ ကိုင်ထားပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ "ကောင်းပြီ! ဒီအရာက တကယ် အသုံးဝင်ရင် မင်းကို သေချာပေါက် ဆုလာဘ်အများကြီး ပေးမယ်။"
End