Chapter 6
မူရင်းဇာတ်ညွှန်းတွင် ဤဇာတ်ကြောင်းအပိုင်းသည် အလွန်ကြီးမားသောဧည့်ခံပွဲဖြစ်ပြီး ညစာစားပွဲ၌ အသားများဖြင့် အပြည့်အစုံပါဝင်သည်။ ရှဲ့ဟွိုင်ရောက်လာသည့်အချိန်မှစ၍ ရန်ဆွေးသည် တစ်နေ့တာအလုပ်များကို မလုပ်တော့ပေ။ အခြားထူးဆန်းသည့်အရာများလည်းရှိကာ အမျိုးပေါင်းတစ်ရာကျော်နှင့် အရောင်စုံလင်စွာဖြင့် အံ့သြဖွယ်ကောင်းအောင်ပင်ဖြစ်သည်…… ရှဲ့ဟွိုင်၏မလျှော့သောစိတ်ဓာတ်နှင့် ရန်ဆွေး၏ အနိုင်ကျင့်လိုသောစိတ်ဓာတ်ကို ဇာတ်ညွှန်းတွင် အလေးပေးဖော်ပြထားသည်။
အကြမ်းဖက်၍ အင်အားသုံးသော ခွေးသွေးဆန်သည့်ဝတ္ထုမျိုးမှာ နှလုံးသားသို့မရောက်ခင် ကိုယ်ခန္ဓာကို လှုပ်ရှားစေကာ မြင့်မြတ်သန့်ရှင်းသည့်ဇာတ်လိုက် shouသည် မည်သို့ပင်ဖိစီးနှိပ်စက်ခံရပါစေ မလျှော့ဘဲခံနေသည့်အတွက် တဖြည်းဖြည်း ချစ်မိသွားသည့်ဇာတ်ကွက်မျိုးဖြစ်သည်။
အမှန်တကယ်မှာ ထူးခြားသောဇာတ်လမ်းတော့မဟုတ်ပေ။
သို့သော် များစွာသောကိစ္စများတွင် ရိုးရှင်းသောအရာများတည်ရှိနေရသည့်အကြောင်းရင်းများရှိသည်။
ဥပမာအားဖြင့် နှစ်ဖက်စလုံးတွင် မည်သည့်ပြိုင်ပွဲတွင်မဆိုရှုံးနိမ့်သူသည် အမြဲတမ်း တစ်ခုခုတော့ ပေးဆောင်ရသည်။
သို့ရာတွင် ရှဲ့ဟွိုင်သည် ပြီးပြည့်စုံပြီး အံ့သြဖွယ်ကောင်းသော်လည်း ဖန်းလီသည် အမျိုးသားတစ်ယောက်နှင့် အတင်းအကျပ်အတူနေထိုင်ရန် မလိုလားပါ။ ကံကောင်းထောက်မစွာ သူသည် ရှဲ့ဟွိုင်နှင့် အချိန်တိုင်းအတူနေရန် မလိုအပ်ပါ။
ဤဇာတ်ညွှန်းအပိုင်းသည် တစ်လခန့်ကြာသည်။ ဇာတ်ညွှန်းတွင် အချိန်ကြာမြင့်စွာဖော်ပြထားသော်လည်း အရာအားလုံးကို ထည့်သွင်းစဉ်းစားလျှင် အသေးစိတ်ဖော်ပြထားသော ညများအနည်းငယ်သာရှိပြီး အချိန်အများကြီးမလိုအပ်ပါ။ ထိုအရာသည် လက်တွေ့နှင့်စာအုပ်ကြားက ကွာခြားချက်ဖြစ်သည်။
‘ချစ်ခြင်းမေတ္တာသည် ဘဝတစ်ခုလုံးအတွက်မဟုတ်ပါ။’
သတိထားရမည့် တစ်ခုတည်းသောအရာမှာ ဇာတ်ညွှန်းတွင် ရေးသားထားသည့် ဤစာကြောင်းဖြစ်သည်။ ‘နတ်ဆိုးဘုရင်သည် ယွီယီကျွင်း၏အခန်းတွင် ညတိုင်းနေပြီး ပြန်ရန်မေ့နေသည်။
ညတိုင်းအလိုလိုပင်။
ဤကာလအတွင်း ရှဲ့ဟွိုင်နှင့်အတူနေရန် လိုအပ်ပုံရသည်။ သို့သော် ပုံမှန်အခန်းတွင် အတူနေသူတစ်ယောက်အဖြစ် သဘောထားနိုင်သည်။ ရှဲ့ဟွိုင်သည် စကားများသူမဟုတ်ပေ။ သူ့ကို မနှောင့်ယှက်ပါက ရှဲ့ဟွိုင်သည် ပြန်မနှောင့်ယှက်ပါ။
ငြိမ်သက်အေးချမ်းပြီး ပြဿနာမရှိသော မျက်စိပသာဒဖြစ်စေသော အခန်းဖော်တစ်ယောက်ပင်ဖြစ်သည်။ ဖန်းလီသည် သူ့လိုလူမျိုးကို တစ်ရာရာခိုင်နှုန်းရှာတွေ့ဖို့ ခက်ခဲသည်ဟု ထင်သည်။
ဖန်းလီသည် ရှဲ့ဟွိုင်အတွက် ဘေးဘက်အခန်းကို ရှင်းလင်းရန် ကျေးကျွန်များကို အမိန့်ပေးကာ သူကိုယ်တိုင်လည်း ဤကာလအတွင်း နေထိုင်ရန်လိုအပ်သည်ကို ထည့်သွင်းစဉ်းစား၍ ဘေးဘက်အခန်းရှိ ပရိဘောဂအားလုံးကို ပိုမိုအဆင်ပြေစေရန် စီစဉ်ခိုင်းခဲ့သည်။ ဖန်းလီသည် သူကိုယ်တိုင် ဒုက္ခမခံလို၍ ဖြစ်သည်။
အားလုံးပြင်ဆင်ပြီးသောအခါ မှောင်လာသဖြင့် ဖန်းလီသည် ထွက်ခွာသွားသည်။
စနစ်သည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူသည် အရှင်က မသွားရန် စီစဉ်ထားသည်ဟု ထင်မိခဲ့သည်။ အရှင်သည် ဇာတ်လမ်းကို လိုက်နာရန်တွက် မှတ်မိနေသည်ဟု တွေးထားသည်။
【 ဖန်းလီသည် ရယ်မောလိုက်သည်: ငါမသွားဘူးလို့ မင်းထင်တာလား။ 】
【စနစ်သည် ခြောက်ကပ်စွာ ရယ်မောသည်- ကျွန်ုပ်မထင်ပါဘူး။】ကျွန်ုပ် ယခု စိတ်ဒဏ်ရာရသည့်အကြောင်းမှာ အရှင်သည် ဇာတ်ညွှန်းကို လိုက်နာခြင်းမရှိဘဲ အမျိုးမျိုးသော အကြောင်းပြချက်များ ပေးနေသောကြောင့်ဖြစ်သည်။
‘ဒါပေမဲ့ စနစ်ရဲ့ စိတ်ဒဏ်ရာကို ဘယ်သူက ဂရုစိုက်မှာလဲ။’
ဖန်းလီသည် ခေါင်းတညိမ့်ညိမ့်နှင့် ရယ်မောနေမိသည်။
သူသည် ရှဲ့ဟွိုင်နှင့် အလွန်ရင်းနှီးစွာ မနေထိုင်လိုသော်လည်း အတူနေထိုင်ခြင်းသည် ပြဿနာမဟုတ်ပေ။ ထို့အပြင် သူသည် အခြားသူများကို ပြသရန် လိုအပ်သည်။ ဤဇာတ်ညွှန်းအပိုင်းကို ဖြတ်တောက်၍မရပေ။
သူသည် ရှဲ့ဟွိုင်ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး တစ်ယောက်တည်း ထားခဲ့လျှင် သူ့”အနှစ်သက်ဆုံးလူ” ကို အများသိအောင် မည်သို့ပြောဆိုရမည်နည်း။
မကြာမီအချိန်အတွင်း သူသည် ရှဲ့ဟွိုင်ကို ချစ်မိသွားရန် လိုအပ်သည်။ အကယ်၍ ရုတ်တရက်ဖြစ်လာလျှင်လည်း ယုံကြည်စရာမကောင်းပေ။
နေ့အများစုတွင် နတ်ဆိုးအရှင်၏နန်းတော်သည် အလွန်လစ်ဟာသည်။ သူနှင့် သူ့ကို စောင့်ရှောက်နေသော နတ်ဆိုးကျွန်များသာရှိသည်။ ဘေးဘက်အခန်းသည် လွတ်နေသောကြောင့် ယနေ့တွင်ရှင်းလင်းပြီး ပရိဘောဂနှင့်ပစ္စည်းများ ဖြည့်စွက်ထားသောအခါ အသက်ရှင်ခြင်းမှာ အဓိပ္ပာယ်အနည်းငယ်ရှိလာသည်။
သူသည် ဥယျာဉ်ထဲသို့ဝင်သောအခါ အရာဝတ္ထုတစ်ခုကို အပြင်သို့ ပစ်ထုတ်သည်ကို သတိထားမိသည်။ ၎င်းသည် သူ၏ခြေထောက်အနီးတွင် ကျပြီး အပိုင်းပိုင်းကွဲသွားသည်။
သူမျက်လုံးများကို ငုံ့ကြည့်လိုက်သည်။ ကျိုးပဲ့နေသော ကျောက်စိမ်းအပိုင်းအစများသည် ပြစ်ချက်ကင်းပြီး ချောမွေ့သော အရောင်အဝါကို ပိုင်ဆိုင်ထားသည်။ ကြည့်လိုက်သည်နှင့် အရည်အသွေးမြင့်ကျောက်စိမ်းဖြစ်ကြောင်း သိသာသော်လည်း မူလပုံသဏ္ဍာန်ကို မှတ်မိရန် မဖြစ်နိုင်တော့ပါ။ သို့သော် အနီးတစ်ဝိုက်တွင် ကျိုးပဲ့နေသော ကြိမ်လုံးများ၊ ကြိုးများ၊ ချိန်သီးများ၊ သံကြိုးများ…
ချောင်းဆိုးသံတစ်ချက်ထွက်လာသည်။
ဖန်းလီသည် ထိုကျောက်စိမ်းပစ္စည်း၏မူလပုံစံကို မှန်းဆမိလိမ့်မည်ဟု ထင်မိသည်။ သူသည် နေရခက်သည့် အမူအရာဖြစ်နေသည်။ သို့ရာတွင် လက်သီးဖြင့် ပါးစပ်ကို အုပ်လိုက်ပြီး မျက်နှာအမူအရာကို အနည်းငယ်ထိန်းလိုက်ကာ ဂရုမစိုက်သူတစ်ဦးကဲ့သို့ အတွင်းဘက်သို့ လှမ်းဝင်လာသည်။
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နတ်ဆိုးကျွန်နှစ်ဦးသည် ချက်ချင်းပင် ကြွေးကြော်သံများဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။ “အရှင်... အရှင်၊ ယွီယီကျွင်းက ကျွန်တော်တို့ကို ချဉ်းကပ်ခွင့်မပြုပါဘူး။”
ရှဲ့ဟွိုင်သည် အိပ်ရာ၏အစွန်းတွင် တည့်မတ်စွာထိုင်နေသည်။ သူ၏ပင်ကိုဟန်သည် ရင့်ကျက်ပြီး တည်ငြိမ်နေသည်။
ဤကဲ့သို့ အေးဆေးတည်ငြိမ်စွာထိုင်နေသည်မှာ သူကသာအရှင်ဖြစ်ပြီး ဖန်းလီသည် မလိုလားအပ်သောဧည့်သည်တစ်ဦးသာဖြစ်သည်ဟု ထင်ရသည်။ ရှဲ့ဟွိုင်သည် မျက်ခွံများကို အနည်းငယ်ပင့်လိုက်သည်။ ဖန်းလီကို ကြည့်ရှုနေသော မှောင်မိုက်သည့်မျက်လုံးများသည် ကြင်နာမှုလုံးဝကင်းမဲ့ပြီး နက်နဲသောအဓိပ္ပါယ်များဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးကျွန်နှစ်ဦးသည် ကြောက်လန့်တုန်လှုပ်နေပြီး ခေါင်းမော့၍မရအောင် မြေပြင်ပေါ်တွင်ဝပ်နေသည်။ အကျိုးသင့်အကြောင်းသင့် စဥ်းစားရလျှင် အရှင် ကြိုက်နှစ်သက်ရာများကို ပြုလုပ်ပေးပြီး အရှင့်အား ပျော်ရွှင်စေရန် ပြင်ဆင်ရမည်ဖြစ်သော်လည်း ရှဲ့ဟွိုင်သည် စားရခက်သောအရိုးတစ်ချောင်းဖြစ်သည်။ သူ၏စွမ်းအားများကို ပိတ်ပင်ထားသော်လည်း သူသည် နတ်ဆိုးကျွန်တို့ကို လုံးဝမကြောက်ရွံ့ဘဲ ဂရုပင် မစိုက်ပါ။ ထို့အပြင် အရှင့်လူ ရှဲ့ဟွိုင်ကို ထိခိုက်မှာစိုး၍ အားနည်းချက်ကို အသုံးမချရဲကြပါ။ ထို့ကြောင့် ဤအခြေအနေတွင် ပိတ်မိနေခဲ့သည်။
“အရှင့်ကို ဤအရှက်ရစရာမြင်ကွင်းမြင်စေရခြင်းသည် ကျွန်ုပ်၏အရည်အချင်းမဲ့မှုကို ဖော်ပြနေသလိုပါပဲ………”
အရှင်၏ယခင်နည်းလမ်းများကို သတိရမိသောအခါ နတ်ဆိုးကျွန်နှစ်ဦးသည် အလွန်ပမာတုန်လှုပ်နေသည်။
ဖန်းလီသည် နှုတ်ခမ်းထိပ်ကို အနည်းငယ်ကွေးလိုက်ပြီး အေးစက်ပြီး ကြမ်းတမ်းသော အပြုံးတစ်ခုဖြင့် သူတို့ကို လှမ်းကြည့်ကာ “အသုံးမကျတဲ့ အမှိုက်လိုဟာတွေ၊ ဒီလောက်လေးတောင်မလုပ်နိုင်ကြပါလား။ ထွက်သွားကြ။” ဟု ပြောလိုက်သည်။
နတ်ဆိုးကျွန်နှစ်ဦးသည် ရုတ်တရက် သက်ပြင်းချမိကာ အသက်ရှူထုတ်လိုက်သည်။ အသက်ဘေးမှ လွတ်မြောက်သွားသည်ဟု ထင်ရသည့်အတွက် သူတို့သည် တွန့်တိုးပြီး ပြေးထွက်သွားကြသည်။ ရှဲ့ဟွိုင်မှာမူ နတ်ဆိုးအရှင်ကို ဒေါသဖြစ်စေပြီးနောက် ကျေနပ်နေပုံရသည်။ သို့ရာတွင် အရှင်ကိုယ်တိုင်ကိုင်တွယ်သည့်အခါ သူ၏ကံကြမ္မာသည် သေခြင်းထက်ပိုဆိုးလိမ့်မည်ဖြစ်သည်။
ကျွန်နှစ်ဦးထွက်သွားပြီးနောက် ဖန်းလီသည် လက်ဝါးကို လှုပ်ခတ်လိုက်သောအခါ ကြီးမားသောတံခါးများ ပိတ်သွားသည်။ သူနှင့် ရှဲ့ဟွိုင်သာကျန်ရစ်သည်။
သူသည် ရှေ့သို့တစ်လှမ်းတိုးပြီး ရှဲ့ဟွိုင်ကို ကြည့်လိုက်သည်။
ရှဲ့ဟွိုင်၏မျက်လုံးများသည်လည်း သူ့ကိုကြည့်ရန်မော့လာကာ ဒေါသသို့မဟုတ် ကြောက်ရွံ့မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာထိုင်နေရင်း ကြာမြင့်စွာစောင့်ဆိုင်းနေသူတစ်ဦးကဲ့သို့ဖြစ်သည်။
သို့သော် ဖန်းလီသည် ရှေ့သို့ဆက်မတိုးတော့ပေ။
ဇာတ်လမ်းကို ပြောင်းလဲပြီး ရှဲ့ဟွိုင်ကို မသတ်သောကြောင့် အကျိုးဆက်များ မရှိမရှိစိတ်ချရန်ခက်ခဲသည်။ မူရင်းဇာတ်လမ်းတွင် ရှဲ့ဟွိုင်သည် ထိုအခြေအနေများအောက်တွင်ပင် ပြန်လည်လေ့ကျင့်နိုင်ခဲ့သည်။ သူ့တွင် လျှို့ဝှက်အကြံများနှင့် ထူးခြားသောစွမ်းရည်များရှိကြောင်း သိသာသည်။ ဇာတ်ဆောင်များသည် သဘာဝအားဖြင့် အခြားသူများနှင့်မတူညီပါ။ ရှဲ့ဟွိုင်သည် အစဉ်အမြဲ အကြံဉာဏ်များကို ကြိုတင်စီစဉ်တတ်သူဖြစ်ပြီး သူ၏နည်းဗျူဟာများသည် နက်နဲသည်။ ဖန်းလီသည် ဝိညာဉ်ချိတ်ပိတ်အစီအရင်များဖြင့် ရှဲ့ဟွိုင်ကိုချုပ်ထိန်းထားခြင်းသည် သူ့အား လုံခြုံစေရန် သေချာသည်ဟု မထင်ပါ။
ဝိညာဉ်အချိတ်အပိတ်အစီအရင်များသည် ယာယီဖြေရှင်းချက်သာဖြစ်၍ ရှဲ့ဟွိုင်ကို သတိထားရန် လိုအပ်သည်။ ဖန်းလီသည် သူနှင့် ရှဲ့ဟွိုင်အပြန်အလှန်ဖျက်သိမ်းသည့် အခြေအနေကို မမြင်လိုပါ။
အမှန်တွင် သူ၏မူရင်းရည်ရွယ်ချက်ဖြစ်သော ရှဲ့ဟွိုင်နှင့် လွန်လွန်ကဲကဲမနေလိုခြင်းသည် လက်ရှိအချိန်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။
အဘယ်ကြောင့်ဆိုသော် ဖန်းလီကို လုပ်ကြံရန် အသက်စွန့်ပြီး အန္တရာယ်ထဲသို့မဝင်ဘဲ သူ၏တားဆီးမှုကို ဖြတ်ကျော်နိုင်သည့်အချိန်ကို စောင့်မည်ဆိုပါက အောင်မြင်နိုင်ခြေပိုများသည်။ နှစ်ခုကြား ကွာခြားချက်သည် အချိန်ကွာခြားမှုသာဖြစ်သည်…… သူသည် ရှဲ့ဟွိုင်ကို အလွန်အမင်းဖိအားမပေးသရွေ့ ရှဲ့ဟွိုင်သည် ဉာဏ်ရင့်သူဖြစ်သည့်အတွက် မည်သည့်လမ်းကြောင်းက ပိုကောင်းသည်ကို သဘောပေါက်လိမ့်မည်။
သူကိုယ်တိုင်အတွက်မူ ရှဲ့ဟွိုင်ကို အထင်အမြင်တစ်ခုသာပေးရန်လိုသည်။ ရှဲ့ဟွိုင်သည် သူ့ကို သတ်ရန် အချိန်ယူလို့ရပေသည်။ အလျင်စလိုမလိုအပ်ပါ။ အပျက်သဘောမရှိသော နည်းလမ်းရှိပါက အပြန်အလှန်ဖျက်သိမ်းခြင်းလမ်းကြောင်းကို လိုက်စားရန် မလိုအပ်ပါ။
ဖန်းလီ၏ပိုင်စိုးသောအကြည့်သည် ကစားစရာများ ပြည့်နေသော ကြမ်းပြင်ကို ဖြတ်သန်းသွားကာ သူသည် ဂရုမစိုက်ဘဲ ပြုံးရယ်ကာ သရော်သံဖြင့် ဖြည်းညှင်းစွာပြောသည် “တစ်ေလာကလုံးက ယွီယီကျွင်းကို ထောင်စုနှစ်တစ်ခုလုံးမှာ ရှားပါးတဲ့ ပါရမီရှင်တဲ့။ ပြီးတော့ အချိန်ပေးရင် တောက်ဓမ္မတရားအမတအဆင့်ထိ ဖြစ်လာမယ်လို့ ပြောကြသေးတယ်…… တိမ်လွှာနှင်းမှုန်ဂိုဏ်းတင်မဟုတ်ဘဲ တရားမျှတတဲ့ဂိုဏ်းအားလုံးက မင်းကို လူငယ်မျိုးဆက်တစ်ခုရဲ့ ဂုဏ်ယူစရာအဖြစ် မြင်ကြတယ်တဲ့ကွာ။ မင်းက အခု ငါအရှင်ရဲ့ ကစားစရာဖြစ်နေတာကို သိရင် အဲဒီလူတွေရဲ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရရင်တော့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲ။”
ရှဲ့ဟွိုင်၏မျက်နှာအမူအရာ မပြောင်းလဲပါ။ ဤသည်မှာ ဖန်းလီသည် သူ့ကို ဘေးမှာထားရှိရသည့်အကြောင်းရင်း ဖြစ်နိုင်သည်။ သူသည် ယခင်ကတည်းက မှန်းဆထားပြီးဖြစ်ကာ ယခု သူ၏ပါးစပ်မှ ကြားရသည်မှာ အံ့အားသင့်စရာမရှိပါ။
“အခု မင်းက ငါအရှင်ရဲ့ လက်ထဲကို ကျရောက်နေပြီကွ။ ရှေ့ဆက်မဲ့နေ့ရက်တွေက ရှည်လျားတော့ ငါအရှင်က မင်းကို လိုက်နာစေချင်တဲ့အရာတွေရှိတယ်……” ဖန်းလီသည် ရှဲ့ဟွိုင်ကို ဘေးတိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောသည် “မင်း သေချာစဉ်းစား။ အခုမင်္ဂလာဆောင်ပွဲကို ငြင်းပယ်ပြီး နောက်ပိုင်းမှာ အပြစ်ပေးခံရဖို့ မလုပ်နဲ့။”
ထိုသို့ပြောခြင်းသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်……
ရှဲ့ဟွိုင်သည် သူ့ရှေ့တွင်ရှိသော လူ၏မျက်နှာကို ကြည့်သည်။ သူ၏ပါးစပ်သည် ထိုကဲ့သို့သော စကားများဖြင့် ပြည့်နေသော်လည်း သူ၏မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်ပြီး ကြင်နာသောဟန်ဖြင့် ရက်စက်မှုသို့မဟုတ် သတ်ဖြတ်လိုသောစိတ်ဓာတ် လုံးဝမရှိပါ။ ခြိမ်းခြောက်မှုဟုခေါ်ရန်ထက်…… “ရှေ့ဆက်မဲ့နေ့ရက်တွေက ရှည်လျားတယ်” ဟု သူ့ကို စိတ်ချစေသည်ဟု ဆိုရန်ပိုမိုတိကျသည်။ ထို့နောက် သူ့ကို စဉ်းစားရန် အချိန်ပေးခြင်းဖြစ်သည်။
ဤအတွေးဖြင့် ရှဲ့ဟွိုင်သည် အလွန်အံ့အားသင့်သွားသည်…… သူသည် ဆန္ဒရှိပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေမည်ဟု မဆိုလိုပါ။ ဤဘဝတွင် သူဒီနေ့ကို မြင်ရမည်မဟုတ်ပါ။
ထိုသို့သော စကားများသည် သူ၏စစ်မှန်သောရည်ရွယ်ချက်များမဟုတ်နိုင်သော်လည်း အနည်းဆုံးတစ်ချက်မှာတော့ သေချာသည်။ သူ့အပေါ် ရည်ရွယ်ချက်မရှိသောကြောင့် ထိုယောက်ျားသည် သူ့အား တကယ်ဘာမှ လုပ်မည်မဟုတ်ပါ……
စကားပြောပြီးနောက် ဖန်းလီသည် ရှဲ့ဟွိုင်၏အတွေးများကို ဂရုမစိုက်တော့ပါ၊ ထို့အပြင် ရှဲ့ဟွိုင်ထံမှ အဖြေကိုလည်း မလိုအပ်တော့ပါ……ဘာပဲပြောပြော ရှဲ့ဟွိုင်သည် ယုံကြည်မည်မဟုတ်ဘဲ သူ့တွင် လျှို့ဝှက်အကြံတစ်ခုခုရှိသည်ဟု ထင်နေမည်သာဖြစ်သည်။ သို့ရာတွင် သူသည် လက်တွေ့လုပ်ဆောင်မှုမပြုသရွေ့ ရှဲ့ဟွိုင်သည် ယခုအချိန်တွင် သူနှင့်အတူ သေရန်တိုက်ပွဲဝင်မည်မဟုတ်ပါ။
ဖန်းလီသည် စားပွဲရှေ့တွင် ထိုင်ပြီး နံ့သာအိုးကို ဖွင့်ကာ နံ့သာမွှေးထွန်းရန် စတင်လိုက်သည်။
‘ဒုတိယအကြိမ်ဖြစ်သည်။’ ရှဲ့ဟွိုင်သည် ဤသည်မှာ စိတ်ငြိမ်ဆေးနံ့သာဖြစ်ကြောင်း သေချာစွာသိသည်။ သို့သော် ဖန်းလီသည် သူ့ရှေ့မှာတင် မီးညှိပြီး လုံးဝဖုံးကွယ်ဖို့ စိတ်ကူးမရှိဘဲ အေးအေးဆေးဆေးဖြစ်နေသည်။
ရှဲ့ဟွိုင်သည် မျက်လုံးများကို မှေးစင်းပြီး သူ၏မျက်နှာပေါ်ရှိ သရော်ဟန်ကို ဖုံးကွယ်ကာ မျက်လုံးများကို ဖြည်းညှင်းစွာပိတ်ချလိုက်သည်။
ခဏအကြာတွင် ဖန်းလီသည် လှည့်လာကာ ရှဲ့ဟွိုင်သည် အိပ်ပျော်နေပြီဖြစ်ကြောင်း မြင်သောအခါ သူသည် ဖြည်းညှင်းစွာထပြီး လမ်းလျှောက်လာရင်း ရှဲ့ဟွိုင်၏လက်ကောက်ဝတ်ကို ဆွဲယူပြီး အိပ်ရာ၏အတွင်းဘက်သို့ ဆွဲခေါ်လိုက်သည်။
အိပ်ရာသည် ပျော့ပျောင်းပြီး ကျယ်ဝန်းသည်။ လေးယောက်အိပ်ရန် ပြဿနာမရှိပါ။ ဖန်းလီသည် သူ၏သဘောကျဆုံးအခန်းတွင် အိပ်ရာနှစ်လုံးထည့်ရန် မလိုအပ်သော်လည်း ဤတစ်လအတွင်း သူအိပ်ရန် နေရာလိုအပ်သည်၊ မဟုတ်လား? ထို့ကြောင့် သူသည် ရှဲ့ဟွိုင်နှင့် အတူနေရမည်သာဖြစ်သည်။
ယခုတွင် ကြီးမားသောအိပ်ရာကို ကျေးဇူးတင်ရမလိုပင်ဖြစ်သည်။
ဖန်းလီသည် အိပ်ရာကို ထိကာ သူ၏ဝတ်စုံကို ပတ်ကာ လှဲအိပ်လိုက်သည်။ ထို့နောက် မျက်လုံးများကို ပိတ်ကာ အိပ်ပျော်သွားသည်။
စနစ်:…… အရှင်သည် အိပ်ပျော်သည်။ သူ၏စိတ်အခြေအနေသည် အတော်လေးကောင်းသည်။
ရှဲ့ဟွိုင်သည် တစ်ဖက်တွင် တိတ်ဆိတ်စွာလှဲနေပြီး ဖန်းလီဆွဲခေါ်ထားသည့်အတိုင်း ပုံစံမပျက်နေကာ လှုပ်ရှားမှုမရှိပါ။ ဖန်းလီသည် သူ့ကို ထိလိုက်သည့် စက္ကန့်ပိုင်းအတွင်းတွင် သူသည် လှုပ်ရှားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဤကဲ့သို့သော နီးကပ်သောအကွာအဝေး……
သို့သော် အခြားသူ၏အေးမြသောလက်ချောင်းများသည် သူ့ကို ခဏသာထိပြီး လျင်မြန်စွာ ဖယ်ရှားသွားကာ ထိမိသည်ဟု ခံစားရသည့်အရာသည် စိတ်ကူးယဉ်သကဲ့သို့ဖြစ်ပြီး ထိမိသည့်ခံစားမှုသာ ကျန်ရစ်ခဲ့သည်…… ရေခဲကဲ့သို့အေးပြီး အသက်ရှင်နေသူတစ်ဦးကဲ့သို့မဟုတ်ပါ။
ချက်ချင်းပင် ဖန်းလီသည် သူ့ဘေးတွင် လှဲပြီး လှုပ်ရှားမှုမရှိတော့ပေ။
သူ့ဘေးတွင် လူတစ်ဦးရှိနေသည်ဟု ခံစားရသည့်အရာသာ မရှိပါက ရှဲ့ဟွိုင်သည် သူ့ဘေးတွင် ရှိနေသည်မှာ လူသေတစ်ဦးဟု ထင်မိမည်ဖြစ်သည်။
ဤလူသည် မည်သည့်နေရာသို့သွားသွား သူဆောင်ကြဉ်းလာသည်မှာ သေခြင်းနှင့် ကြောက်ရွံ့မှုသာဖြစ်ပြီး မည်သူမျှ သူ၏ဖျားနာနေသော၊ ပြာကဲ့သို့ဖြူဖပ်ဖြူရော်မျက်နှာ၊ ပိန်လှီပြီး ရေခဲကဲ့သို့အေးသောကိုယ်ခန္ဓာကို သတိမထားမိကြပါ…… သေခြင်းတံခါးကို ဖြတ်ကျော်တော့မည့်သူသည် သူပင်ဖြစ်သည်ဟု ထင်ရသည်။
………………………
မူလကတည်းက ဖန်းလီသည် အနည်းငယ်သာအိပ်ပျော်သည်။ သူ့ဘေးတွင် ထိုကဲ့သို့သောလူတစ်ဦးရှိနေသည့်အတွက် သူသည် အလွန်စိတ်ချစွာနေရန် မဖြစ်နိုင်သော်လည်း အိပ်ရာသည် အလွန်ပျော့ပျောင်းနေကာ နံ့သာရနံ့သည် အလွန်သက်တောင့်သက်သာရှိသည်ဟု ထင်ရသည်။ သူသည် ရနံ့ပြေဆေးတစ်လုံးသောက်ထားပြီးဖြစ်သော်လည်း စိတ်ငြိမ်ဆေးနံ့သာ၏သက်ရောက်မှုကို ခံရသကဲ့သို့ နှစ်ခြိုက်စွာအိပ်ပျော်သွားသည်။
နိုးလာပြီး ခေါင်းလှည့်ကြည့်သောအခါ ရှဲ့ဟွိုင်သည် သူ့ထက်ပင်ပို၍နက်ရှိုင်းစွာအိပ်ပျော်နေသည်ကို မြင်ရသည်။ နံ့သာရနံ့၏သက်ရောက်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ ထိုအခါမှသာ ဖန်းလီသည် စိတ်အေးသွားသည်။
သူသည် ထပြီး အပြင်ရှိ ကျွန်များကို အစားအစာယူလာရန် အမိန့်ပေးလိုက်သည်။
အခန်းတွင် ကောင်းမွန်သောအစားအစာများဖြင့် ပြည့်နေသောအခါ ဖန်းလီသည် ရှဲ့ဟွိုင်ကိုစောင့်မနေဘဲ သူ့ဘာသာစားပြီး ရှဲ့ဟွိုင်နိုးလာချိန်တွင် ထွက်ခွာသွားသည်။
သူသည် သူ၏အခန်းဖော်နှင့် သဟဇာတဖြစ်စွာအတူနေထိုင်ရန် ဆုံးဖြတ်ထားသောကြောင့် သင့်တင့်သောအကွာအဝေးကို ထိန်းသိမ်းထားခြင်းသည် သူ၏အခန်းဖော်ကို မသက်မသာဖြစ်စေရန် အရေးကြီးသောအချက်ဖြစ်သည်။
ဖန်းလီသည် စောစောထပြီး ညနေနှောင်းပိုင်းတွင် ပြန်လာကာ တစ်နေ့တာအလုပ်များကို စတင်ခဲ့သည်။
မနက်စာစားပြီးနောက် သူသည် သူ၏လုပ်ငန်းများကို စီမံခန့်ခွဲရန် သွားပြီး အချိန်ကုန်လွန်စေကာ တခါတရံတွင် ဝူယီမေ့၏အလုပ်အစီရင်ခံစာများကို နားထောင်ပြီး ညစာစားပြီးနောက် ရှဲ့ဟွိုင်ထံသို့ ပြန်လာသည်။
ဖန်းလီ၏အမိန့်ကြောင့် လူတိုင်းသည် အရှင်၏ ပိုင်ဆိုင်လိုစိတ်သည် အလွန်ပြင်းထန်ပြီး အခြားသူများက ရှဲ့ဟွိုင်ကို ထိသည်ကို မနှစ်သက်ကြောင်း သိကြသည်။ ထို့ကြောင့် မည်သူမျှ ရှဲ့ဟွိုင်ကို နှောင့်ယှက်ရန် မဝံ့ရဲကြပေ၊ ဘေးဘက်အခန်းကို ချဉ်းကပ်ရန်ပင် မဝံ့ကြပါ။
ဤကာလအတွင်း သူတို့နှစ်ဦးသည် ဖန်းလီမျှော်လင့်ထားသည့်အတိုင်း အတူနေထိုင်ကြသည်။ ‘ ငြိမ်းချမ်းစွာနှင့် ပြဿနာမရှိဘဲ အခန်းဖော်ကဲ့သို့ အပြန်အလှန်လေးစားကြသည်။’
နံ့သာထွန်းခြင်း၊ အိပ်ခြင်း၊ ထခြင်း၊ ထွက်ခွာခြင်း၊ ပြန်လာခြင်း၊ နံ့သာထွန်းခြင်း၊ အိပ်ခြင်း…… စသည်ဖြင့် အချိန်ကုန်နေသည်။ သူတို့ကြားတွင် လုံးဝအပြန်အလှန်ဆက်ဆံမှုမရှိပါ။ အလွန်အမင်းစိတ်မသက်မသာဖြစ်စေမှုကို ရှောင်ရှားရန်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ငါးရက်ကုန်သွားသည်။
ထိုညတွင် ဖန်းလီသည် ရှဲ့ဟွိုင်၏အခန်းသို့ ထပ်မံရောက်ရှိလာသည်။ သူသည် သူ့အတွက် အသက်သာဆုံးဖြစ်စေမည့် နည်းလမ်းကို တဖြည်းဖြည်းရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ရှဲ့ဟွိုင်ကို သတိလစ်စေပြီး ပုံပြင်စာအုပ်သို့မဟုတ် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကို ထုတ်ယူကာ အေးဆေးဖတ်ရှုရန် စတင်သည်။ သူ အိပ်ငိုက်လာသောအခါ အိပ်ရာထဲဝင်ကာ အိပ်ပျော်သွားသည်။ ဖုန်းသို့မဟုတ် ကွန်ပျူတာမရှိခြင်းမှလွဲ၍ သူ၏နေထိုင်မှုပုံစံသည် မူလကမ္ဘာသို့ မပြောင်းရွှေ့မီကကဲ့သို့ပင် ဖြစ်သည်။ နာရီစက်ကဲ့သို့ ပုံမှန်ဖြစ်သည်။
တဖြည်းဖြည်း ဖန်းလီသည် သူ့ကိုယ်သူ အနည်းငယ်ချီးကျူးမိလာသည်။ သူသည် စိတ်ငြိမ်ဆေးနံ့သာကို အသုံးပြုရာတွင် ကျွမ်းကျင်သူဖြစ်လာမည်ကို ဘယ်တော့မှမထင်ခဲ့ပါ။ သူရောက်ချင်သည့်အဆင့်သို့ရောက်ရန် နံ့သာကို မဆိုင်းမတွ ထွန်းနိုင်ခြင်းသည် အတော်လေးပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည် မဟုတ်လား?
အဘယ်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုအရ ဤကဲ့သို့သောအရာသည် အခြားသူသတိမမူမိစေရန် အရေးကြီးသည်။ မည်သူက သားကောင်ရှေ့တွင် ဤကဲ့သို့လုပ်ဆောင်မည်နည်း?
သူကိုယ်တိုင်ပင် ဤသည်မှာ အနည်းငယ်လွန်ကဲသည်ဟု ထင်မိသည်။
ဖန်းလီသည် နံ့သာထွန်းပြီးနောက် ရှဲ့ဟွိုင်ဘေးတွင် စိတ်ကျေနပ်စွာလှဲနေသည်။ သူသည် ဤမျှငြိမ်းချမ်းသောညများကို ဖြတ်သန်းခဲ့ပြီးဖြစ်ပြီး နံ့သာ၏သက်ရောက်မှုကို အပြည့်အဝယုံကြည်သည်။ အစပိုင်းတွင် သူသည် ဖြေးဖြေးသာအိပ်ပျော်သော်လည်း နောက်ပိုင်းတွင် အလွန်လျင်မြန်စွာ အိပ်ပျော်သွားသည်။ သူ့ဘေးရှိလူသည် နှင်းတောင်ပေါ်ရှိ လေကဲ့သို့ အေးမြသောရနံ့ကို ပိုင်ဆိုင်ထားသည်။ ‘အေးခဲနေသော်လည်း သင့်အား ဖော်ပြ၍မရသော ငြိမ်းချမ်းမှုကို ခံစားရစေသည်။’
ဖန်းလီသည် အလျင်အမြန်အိပ်ပျော်သွားသည်။
သူသည် တစ်ယောက်တည်း လေနှင့်နှင်းထဲတွင် လျှောက်လှမ်းနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မျက်စိစူးစိုက်ကြည့်ရန် ခက်ခဲသော အဖြူရောင်ဖြင့် ဖုံးလွှမ်းနေသည်။ လူသူကင်းမဲ့ပြီး လူသူအရိပ်အယောင်မရှိပါ။ မြင့်မားသော အဆောက်အဦများသည် အဖြူရောင်မြူခိုးများအတွင်းပုန်းကွယ်နေပြီး တခါတရံတွင် မကောင်းသောမီးခိုးရောင်ထောင့်များကို တွေ့ရသည်။ သူသည် သူ့ခြေအောက်ရှိ လမ်းကို မမြင်နိုင်ပါ။ သူ့အိမ်သို့ပြန်ရန် လမ်းကို မမှတ်မိနိုင်ပါ။ သူသည် ဤနေရာတွင် ရောက်နေရသည့် အကြောင်းရင်းကို မသိပါ၊ သူသည် အိမ်သို့မပြန်ရသည့်အကြောင်းရင်းကို မသိပါ။ အကြာကြီးစဉ်းစားပြီးနောက် သူသည် နောက်ဆုံးတွင် သတိရလာသည်။
‘သူ့အိမ်တွင် သူ့ကိုစောင့်နေသည့်သူ မရှိတော့ပါ။
ထို့ကြောင့် သူပြန်သွားတာဖြစ်ဖြစ် မပြန်တာဖြစ်ဖြစ် သိပ်ကွာခြားမှုမရှိတော့ပါ။
မြူခိုးထဲ၌ လေတိုက်သံနှင့် ညည်းညူသံများသည် လူ၏သိစိတ်အတွင်းသို့ စိမ့်ဝင်လာသည်။ သူသည် အဝတ်အစားပါးပါးလေးပဲဝတ်ထားသဖြင့် အပူချိန်တဖြည်းဖြည်းကျဆင်းလာသည်ကို ခံစားရသည်။ အစတွင် အတော်လေးအေးသည်ဟု ခံစားရသော်လည်း တဖြည်းဖြည်းနှင့် အေးသည်ဟု ခံစားရသည်မှာ ပျောက်ကွယ်သွားသည်။
‘သူထင်တာက ဘာမှမဖြစ်ပါဘူး ဒါကအဆင်ပြေတယ်။
ဘယ်လမ်းကြောင်းကိုပဲသွားသွား ဘာကွာခြားမှုမှမရှိတော့ဘူး။ ဒါဆို သူ့စွမ်းအားကို အလဟဿဖြုန်းတီးနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။’
သို့သော် ဤသို့လက်လျှော့လိုက်ရမည်ကို အနည်းငယ် စိတ်မပါဘဲဖြစ်နေသည်……
ဖန်းလီသည် သူရပ်နေသည့်နေရာ၌ စက္ကန့်ပိုင်းလောက် တွေးတောနေမိသည်။ သူဆုံးဖြတ်လိုက်သည်မှာ ‘တစ်လှမ်းလောက် လှမ်းကြည့်မယ်၊ တစ်လှမ်းပဲ။’ အကယ်၍ သူထွက်ပေါက်ရှာမတွေ့ခဲ့လျှင်လည်း လဲအိပ်လိုက်မည်။
ဖန်းလီသည် ဂရုမစိုက်ဘဲ တစ်လှမ်းလှမ်းလိုက်သည်။ သို့သော် သူ့ခြေထောက်သည် ဘာမှမရှိသည့်နေရာကိုချလိုက်မိသည်။ သူရုတ်တရက်ကျသွားပြီး ရေပူစမ်းထဲသို့ ပြုတ်ကျသွားသည်။ စမ်းရေသည် ဆူနေကာ ပတ်ဝန်းကျင်၌ နှင်းဖြူတောင်များရှိနေသည်။ ခေတ်သစ်၏လေထုမျိုးလုံးဝမရှိဘဲ တစ်ခြားကမ္ဘာတစ်ခုလိုဖြစ်နေသည်။
ကျယ်ပြန့်ပြီး ငြိမ်သက်နေသည့် နတ်ပြည်တစ်ခုလိုပင်။
ဒီကမ္ဘာသည် အေးနေသော်လည်း ဤနှင်းနှင့်ရေခဲများ၏ အလယ်တွင် ရေပူစမ်းတစ်ခုရှိနေသည်။
အပူဓာတ်သည် သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာကာ သူ့အာရုံကြောများကို ပြန်လည်နိုးကြားစေသည်။ သူ၏လက်ချောင်းများမှာလည်း တဖြည်းဖြည်းပြန်လည်သန်စွမ်းလာသည်။ သူသည် ခန္ဓာကိုယ်အနေအထားကို ပြင်ဆင်လိုက်ကာ ခေါင်းကိုသာ ရေမျက်နှာပြင်အပေါ်မှာထား၍ နှင်းနှင့်ရေခဲများကြားက ရေပူစမ်းတွင် ဇိမ်ကျကျစိမ်နေသည်။
ဤနေရာသည် ဘယ်လိုနေရာမျိုးဖြစ်မည်ကို သူမသိသော်လည်း ဤနေရာတွင် နေချင်မိသည်။
ဖန်းလီသည် အိပ်ငိုက်သွားကာ အိပ်ပျော်နေတုန်း၌ ရေပူစမ်းသည် ပို၍ပူလာပြီး ဆူပွက်လာတော့မည်ဟု ခံစားရသည်……
သူသည် မျက်လုံးများကိုဖွင့်ကာ ရုတ်တရက်နိုးလာသည်။
“……”
【 ဖန်းလီ: ငါအိပ်တဲ့ပုံစံမမှန်ဘူးဆိုတာ ဘာလို့ပြောမပြခဲ့တာလဲ။ 】
【 စနစ်: မင်းက ငါ့ကိုမေးမှတော့။ 】 တကယ်တော့ သူလည်းသတိမထားမိခဲ့ပါ။ စနစ်သည်လည်း အမြဲ နေရာတကျမရှိပါ……
ဖန်းလီသည် သူ၏လက်ကို ရှဲ့ဟွိုင်၏ခါးပေါ်မှ ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်ကာ သူ၏ခြေထောက်ကိုလည်း ရှဲ့ဟွိုင်ခြေထောက်ပေါ်မှ ဖြည်းဖြည်းချင်းဖယ်လိုက်သည်။ ထိုနောက် လေကို နက်ရှိုင်းစွာရှူသွင်းလိုက်ပြီး သူ့လက်တစ်ဖက်ဖြင့် ထောက်ကာ အလင်းရောင်၏အမြန်နှုန်းနှင့် သူတို့ကြားအကွာအဝေးအား တိုးချဲ့လိုက်သည်။
အားလုံးပြီးသွားသည့်အခါ ဖန်းလီသည် နောက်ဆုံး၌ ပြန်ရှူထုတ်လိုက်သည်။ ကံကောင်းသည်မှာ ရှဲ့ဟွိုင်သည် ထိုအချိန်ထိ အိပ်ပျော်နေတုန်းဖြစ်သည်။
ဤအချိန်ကာလသည် အေးချမ်းလွန်းနေပြီး ရှဲ့ဟွိုင်သည် သူ့အတွက်ဘေးမဖြစ်စေဘူးဟု ထင်ရလောက်အောင် ငြိမ်သက်နေသောကြောင့် သူ့အနေဖြင့် သတိထားမှုကို လျှော့ချလိုက်ပြီး ဤကဲ့သို့ အပြုအမူများ လုပ်မိလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် သူသည် အိပ်သည့်အခါ၌ အလွန်တရာ စည်းစနစ်ကျသည်။
ဖန်းလီသည် ရှားရှားပါးပါး စိတ်မသက်မသာဖြစ်မိကာ သူ့ဘေးတွင်ရှိသည့် ရှဲ့ဟွိုင်မှာ အိပ်နေဆဲဖြစ်သော် နေရာမှာ သူ့ကို စိတ်မသက်သာဖြစ်စေလောက်အောင် ကျဉ်းမြောင်းနေသလိုခံစားရသည်။
မျက်လုံးတစ်စုံသည် သူ့ကိုကြည့်နေသကဲ့သို့ခံစားရသည်…… သူသည် တိတ်တဆိတ်ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ရှဲ့ဟွိုင်၏လည်ပင်းတွင်ရှိသည့် အမှတ်များမှာ ရက်အနည်းငယ်ကြာပြီးနောက် ပျောက်ကွယ်သွာသည်ကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ်စဉ်းစားမိသည်။
လူတိုင်းသိထားသည်မှာ သူနှင့် ရှဲ့ဟွိုင်သည် “တစ်ညနှင့်တစ်ည ညည်းတွားရင်း အချစ်စစ်ခင်းပြိုင်ဆိုင်မှုများဖြစ်ခဲ့သည်။” ဟူ၍ဖြစ်သည်။ အကယ်၍ အမှတ်အသားလုံးဝမရှိခဲ့လျှင် အခြားသူများ သံသယဝင်မည်မှာ မုချဖြစ်သည်။
ထို့ကြောင့် ဤသည်ကို အနည်းငယ် ပြုပြင်ဖို့ လိုအပ်သည်။
ဖန်းလီသည် ရှဲ့ဟွိုင်၏ကော်လံကို ဆွဲချ၍ သူ၏ဖြူဖွေးသွယ်လျသည့် လည်တိုင်ကို ထုတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားကာ ရှဲ့ဟွိုင်၏လည်ပင်းကို ညှစ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်……။ သို့သော် ထိုအချိန်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ရှဲ့ဟွိုင်သည် မျက်တောင်များ အနည်းငယ်လှုပ်ရှားသွားကာ သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ဖန်းလီသည် အခြားသူ၏ နက်ရှိုင်း အေးစက်နေသည့် မျက်လုံးများထဲသို့ ကျရောက်သွားကာ သူ့မျက်နှာ၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူ့လက်သည် ရှဲ့ဟွိုင်၏လည်ပင်းနှင့် လက်တစ်ဖက်အလိုမျှသာ ကွာဝေးနေသည်ကို သိကာ ရုတ်တရက်ရပ်တန့်သွားသည်။
…………………………