no

Font
Theme

Chapter 14

ဖန်းလီသည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး ပယင်းပုတီးများကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်ရင်း အတွေးများစွာဖြင့် ငြိမ်သက်နေသည်။ ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ် မထွက်ခွာမီ ချစ်မေတ္တာပိုးကောင်အသုံးပြုပုံအကြောင်း အားလုံးကို ပြောပြခဲ့သည်။ ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ပြောပြချက်အရ မည်သူမျှ ဤအရာကို တောင့်မခံနိုင်ပေ။ သူသည် ချစ်မေတ္တာပိုးကောင်ကို မျိုချလိုက်သည်နှင့် ရက်စက်ကြမ်းကြုံ့သောလမ်းစဉ်ကို လိုက်စားသူဖြစ်လျှင်ပင် စိတ်နှလုံးဖြူစင်သွားမည်ဖြစ်သည်။ ဆန္ဒနည်းပြီး စိတ်ပိုင်းဖြတ်အားကောင်းသူများပင် စိတ်နှလုံးဖြူစင်သူအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။


ပုံမှန်အားဖြင့် တစ်လတစ်ကြိမ်ဖြစ်ပွားခြင်းအပြင် အရှင်သခင်က လိုချင်သည့်အခါတိုင်း လက်ခံကောင်ကို မျိုချထားသူသည် လွှမ်းမိုးခံရမည်ဖြစ်ပြီး အရှင်သခင်ကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။


ထို့အပြင် အရှင်သခင်သည် တစ်ဖက်လူ၏အသက်နှင့်သေခြင်းတို့ကို ထိန်းချုပ်နိုင်သည်…


၎င်းသည် အသေးစားအသင့်သုံးပစ္စည်းတစ်ခုဖြစ်သည်။


မူရင်းဇာတ်ညွှန်းထဲတွင် ရန်ဆွေးသည် ရှဲ့ဟွိုင်၏ချစ်ခြင်းမေတ္တာကို အောင်နိုင်ပြီး ရှဲ့ဟွိုင်ကို ငိုကြွေးတောင်းပန်စေမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း အမှန်တကယ်တော့ မအောင်မြင်ခဲ့ပါ။


သူ၏ထူးခြားသော စိတ်စွမ်းအားဖြင့် ရှဲ့ဟွိုင်သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့သောနည်းလမ်းကို အသုံးပြုခဲ့လျှင်ပင် ရှဲ့ဟွိုင်သည် အလျှော့ပေးခြင်းနှင့်တောင်းပန်ခြင်းတို့ကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤဇာတ်လမ်း၏အဓိကအချက်မှာ ရှဲဟွိုင်၏ ခိုင်မာမှုနှင့် မလျှော့သောစိတ်ဓာတ်ကို ပြသရန်ဖြစ်ပြီး ရန်ဆွေးသည် သူ့ကို လက်အောက်တွင်ထားနိုင်ရန်ဖြစ်သည်။


ဖန်းလီသည် အံ့အားသင့်ခြင်းမရှိပါ။ ဤပိုးကောင်သည် အလွန်အားကောင်းသော်လည်း ရှဲ့ဟွိုင်သည် မည်သူဖြစ်သည်မှာ အရေးမကြီးပါ။ သူသည် ဤဇာတ်ညွှန်း၏ဇာတ်လိုက်ဖြစ်သည်!


အားလုံးသော ဝိညာဉ်များနှင့် နတ်ဘုရားများကမ္ဘာမှ လူများပင် ဤအရာကို မခံနိုင်သော်ငြား ဇာတ်လိုက်ဖြစ်သော ရှဲ့ဟွိုင်ကမူ ခံနိုင်ရည်ရှိမည်ဖြစ်သည်။


ဤလူသည် သူ့အရိုးတိုင်းကို ချိုးဖျက်ပြီး အဆိုးရွားဆုံးနည်းလမ်းများကို အသုံးပြုလျှင်ပင် လုံးဝလက်လျှော့သွားမည်မဟုတ်ပေ။ သူသည် ရှဲ့ဟွိုင်ကို ချစ်ပြီး မုန်းတီးပြီး အတင်းအဓမ္မ ချစ်ခြင်းကို စစ်ခင်းယူရမည်ဖြစ်သည်။


အတိုချုပ်ပြောရလျှင် ဟဲဟွမ်းဂိုဏ်း၏အစွမ်းထက်သောရတနာဖြစ်သည့်ချစ်ခြင်းမေတ္တာပိုးကောင်သည် ရှဲ့ဟွိုင်အတွက် အာနိသင်နည်းသော သာမန်အပေါစားဆေးတစ်မျိုးသာဖြစ်သည်။ အသားစားရန် အခွင့်အရေးများစွာ…


ထိုအရာသည် အသုံးမဝင်သောဇာတ်ကွက်တစ်ခုဖြစ်ပုံရသည်... သို့သော် ဖန်းလီသည် ဤတစ်ကြိမ်တွင် ထိုအရာကို ချန်လှပ်ထားရန် မရည်ရွယ်တော့ပါ။


ဖန်းလီသည် စားပွဲကို လက်ချောင်းများဖြင့် ညင်သာစွာ ခေါက်လိုက်သည်။ သူ့အတွက် ဤအရာ၏လုပ်ဆောင်ချက်သည် ချစ်ခြင်းနှီး‌နှောရန်အတွက် မဟုတ်ပါ။


ဤကာလအတွင်း အဆင်ပြေစေရန်အတွက် ဇာတ်ကွက်များစွာကို ချန်လှပ်ခဲ့ပြီး ရှဲ့ဟွိုင်နှင့် အတူနေထိုင်ခြင်းမှာ အတော်လေးကောင်းမွန်ပါသည်။


ရှဲ့ဟွိုင်သည် ဖြောင့်မတ်သောရှေးရိုးစွဲအမတတစ်ဦးဖြစ်သည်။


ထို့ကြောင့် သူသည် ဤအရာကြောင့် သူ့ကိုယ်သူ သတ်သေခြင်းကို စွန့်လွှတ်မည်မဟုတ်သကဲ့သို့ နတ်ဆိုးများကို ဖယ်ရှားပြီး တောက်ဓမ္မကို ကာကွယ်ရန်ဟူသော သူ၏ ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်သော်လည်း အနည်းငယ်မျှသောပြောင်းလဲမှုဖြစ်သွားခြင်းသည်ပင် ဇာတ်လမ်းကို ထိခိုက်စေနိုင်သည်။


အကျိုးသက်ရောက်မှုကို လျှော့မတွက်သင့်ပါ။


ရှဲ့ဟွိုင်သည် ဤပိုးကောင်ကို မျိုချလိုက်သည်နှင့် သူ့အပေါ်တွင် တပ်မက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ရှဲ့ဟွိုင်တွင် အံ့သြဖွယ် စိတ်စွမ်းအားရှိပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်လျှင်ပင် ထိုသို့သော ခံစားချက်ရှိခြင်းသည် သူ့ကို အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်။

ရှဲ့ဟွိုင်သည် မည်မျှ မာနကြီးပြီး အထီးကျန်သူဖြစ်ကြောင်း စဉ်းစားကြည့်ပါ။ သူ့ကဲ့သို့လူတစ်ယောက်သည် ဆန္ဒ၏လွှမ်းမိုးခြင်းကို ခံရပြီး သူ့ဆရာနှင့် သွေးကြွေးရှိသောနတ်ဆိုးကို ချစ်မိသွားကာ အခြားသူများ၏ထိန်းချုပ်မှုကို ခံရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်သောရုပ်သေးရုပ်ကဲ့သို့ ဖြစ်သွားမည်ကို စဉ်းစားကြည့်လျှင် သူ့အရိုးတိုင်းကို ချိုးဖျက်ခြင်းနှင့်တူသည်။ သူ့ကို သတ်ခြင်းထက် ပို၍မခံနိုင်သည်မှာ အဆတစ်ရာ ပို၍ဂုဏ်သိက္ခာကျဆင်းစေခြင်းဖြစ်သည်။


မိခင်ပိုးကောင်၏အရှင်သခင် မသေမချင်း သူသည် ဤချည်နှောင်ခြင်းမှ တစ်ရက်မျှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မိခင်ပိုးကောင်၏အရှင်သခင်ကို သတ်ရန်ဖြစ်သည်။


ဤအမုန်းတရားသည် ထိုက်တန်သည်မဟုတ်လော။


သူသည် အခြားအရာများတွင် လျှော့ပေးလျှင်ပင် ရှဲ့ဟွိုင်သည် ဤပိုးကောင်၏ထိန်းချုပ်မှုအောက်တွင် ရှိနေသမျှကာလပတ်လုံး သူသည် သူ့ကိုယ်သူ သတ်သေချင်နေမည်မှာ အမှန်ပင်။


သူ့ဘာသာသူ ပြန်ရယ်လိုက်သည်။ ဖန်းလီဘာလုပ်နေတာလဲ၊ သူလာလာမလာလာ ဘာအရေးလဲ။


ရှဲ့ဟွိုင်သည် လက်ဖက်ရည်ခွက်ကိုချပြီး တရားထိုင်ဖို့ ပြင်နေတုန်းမှာ ရုတ်တရက် နားထဲ လေတိုးသံခပ်ဖွဖွ ကြားလိုက်ရသည်။ တရွေ့ရွေ့နှင့် ပြတင်းပေါက်ပွင့်သွားပြီး ပြန်ပိတ်သွားသည်။


ရုတ်တရက်ပေါ်လာသည့်လူကို ရှဲ့ဟွိုင်က မျက်နှာတည်တည်နှင့် ကြည့်လိုက်သည်။ တုမန်သည် မနက်ဖြန်ထွက်ပြီး နတ်ဆိုးဂိုဏ်းအတွက် ကျိုရှောင်းတောင်ကို တိုက်ခိုက်ဖို့... မထွက်ခွာခင် ဘာမျှမလှုပ်ရှားသည်မှာ ထူးဆန်းနေသည်။


တုမန်သည် မျက်နှာညှိုးငယ်စွာနှင့် သက်ပြင်းချရင်း "ဒီခရီးစဉ်ကို ကြောက်မိတယ်၊ မထွက်ခင်မှာ မေးချင်တာက ယွီယီကျွင်းက ကျွန်တော့်ရဲ့ အရင်အဆိုပြုချက်ကို ဘယ်လိုထင်လဲ"


တုမန်က မတတ်နိုင်စွာနှင့် သက်ပြင်းချရင်း "ယွီယီကျွင်းလည်း အဲ့ဒီလူယုတ်မာက တစ်လှမ်းချင်း ဘယ်လိုဖိအားပေးနေလဲဆိုတာ မြင်ပြီးသားပဲ။ ဒီတစ်ခေါက်သွားရင် သေမှာကို ကြောက်တယ်။ ကျွန်တော်ပြန်မလာနိုင်ရင် အဲ့ဒီလူယုတ်မာက ပိုပြီး ဥပဒေမဲ့ဖြစ်လာပြီး သူ့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ကျွန်တော်က ယွီယီကျွင်းကို ရအောင်ယူခဲ့သင့်တာ... ဘာပဲဖြစ်ဖြစ် ယွီယီကျွင်းရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်ပါတယ်၊ ကျွန်တော့်ရဲ့ နတ်ဆိုးဂိုဏ်းနဲ့ မပေါင်းချင်တာကိုလည်း နားလည်ပါတယ်..."

ရှဲ့ဟွိုင်သည် တုမန်၏နောက်ကျောကို ကြည့်လိုက်ရင်း မျက်လုံး၌ မဲ့ပြုံးတစ်ခု ပေါ်လာသည်။ တုမန်၏စကားတစ်လုံးကိုမှ သူ မယုံကြည်သလို အလွယ်တကူ လက်လျှော့မှာလည်း မဟုတ်ပါ။ သို့သော်… တုမန်သည် ခြေလှမ်းများကို ရပ်ပြီး "ယွီယီကျွင်းမှာ ဘာပြောစရာများ ကျန်သေးလို့လဲ" ဟု သံသယနှင့် မေးလိုက်သည်။


တုမန်သည် အံ့အားသင့်သွားပုံရပြီး လက်ထဲမှ အဖြူရောင် ကြွေပုလင်းလေးတစ်လုံးကို ထုတ်ကာ ရှဲ့ဟွိုင်၏လက်ထဲထည့်ပြီး အသံတိုးတိုးနဲ့ "ဒါဆို ခင်ဗျားကို အားနာရအုံးမှာပေါ့" ဟု ပြောလိုက်သည်။


ရှဲ့ဟွိုင်သည် လက်ထဲက အဖြူရောင်ကြွေပုလင်းလေးကို ငုံ့ကြည့်နေသည်။

သူက ဒီလိုနည်းလမ်းတွေကို ဘယ်တော့မှ အသုံးမပြုပါ။ ‘အဲ့ဒီလူကို သတ်ချင်ရင်တောင် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်မှာပဲ။ ပြိုင်ဘက်အပေါ် လေးစားရမည်လေ..’ သို့သော် သူသည် တုမန်၏အဆိပ်ကို ယူထားခဲ့သည်။


ဤအချိန်တွင် တုမန်သည် ဘယ်အချိန်မှာမဆို ပေါက်ကွဲနိုင်သည့်အခြေအနေမှာ ရှိနေသည်။ သူ၏နောက်တစ်ဆင့်ကို ခန့်မှန်းရခက်သည်။ သူသည် ဖန်းလီကို ဘယ်အချိန်မှာမဆို တိုက်ခိုက်နိုင်သည်... သူ၏အဆိပ်ကို ယူလိုက်လျှင် တုမန်သည် သူ့ကိုမျှော်လင့်ချက်ထားပြီး ခေတ္တငြိမ်သက်နေရန် ရွေးချယ်ဦးမည်ဖြစ်သည်…


ဤနည်းနှင့် တုမန်ကို ခေတ္တငြိမ်အောင် ထိန်းထားနိုင်သည်။


ဤအကြောင်းကို တွေးပြီး ရှဲ့ဟွိုင် အံ့အားသင့်သွားသည်။ ‘သူက ဘာလို့ ဒီလိုလုပ်တာလဲ။ ဖန်းလီက ဂရုမစိုက်တော့ဘူးလေ၊ ရိုးရိုးသားသား မနေချင်တော့ဘူး၊ သူက သူ့ကိုယ်သူ ဒီလောက်တောင် ကာကွယ်နေတာ... သူက ဘာလို့ အပိုလုပ်ရမှာလဲ။’


ရှဲ့ဟွိုင်သည် မျက်လုံးများကို မှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ‘ဟုတ်တယ်၊ သူက ဖန်းလီအတွက် ဒီလိုမလုပ်တာပဲ။’


တုမန်သည် ပြောင်းလဲလွယ်သည့်လူဖြစ်ပြီး သူ့ကို မယုံကြည်နိုင်ပါ။ ‘သူ့ကို တစ်ယောက်တည်း ထားခဲ့ရင် နတ်ဆိုးတွေက ရှုပ်ထွေးသွားမှာ... ဒါပေမဲ့ ဖန်းလီက အနည်းဆုံးတော့ သူ့စကားကို နားထောင်ဖို့ ဆန္ဒရှိပုံပေါ်တယ်။ တစ်ယောက်ကို ထိန်းထားရမယ်ဆိုရင် တစ်ယောက်ကို ထိန်းချုပ်ရတာ ပိုလွယ်တယ်မဟုတ်လား။’


ရှဲ့ဟွိုင်သည် လက်ဝှေ့ယမ်းပြီး ပုလင်းလေးကို သိမ်းလိုက်ကာ တံခါးကို တွန်းဖွင့်၍ ထွက်သွားသည်။


ခဏအကြာအတွင် ဖန်းလီသည် ကျိုရှောင်းတောင်ကို တိုက်ခိုက်ရန် တုမန်ကိုအမိန့်ပေးသည်။ ဝူယီမေ့လည်း သူ့အရှင်က ဘာလို့ဤကဲ့သို့လုပ်ချင်တာလဲဆိုတာကို နားမလည်ဘဲ သံသယဝင်နေသည်။ တုမန်ကို တစ်လှမ်းချင်း ဖိအားပေးနေသည်။ သို့သော် ဖန်းလီသည် ထပ်ရှင်းပြရန် မလိုလားပါ။ ဝူယီမေ့သည် ပြောင်းလဲမှုတစ်ခုခု ရှိလာမည်ကို စိုးရိမ်ပြီး ဤအချိန်တွင် အနီးကပ်စောင့်ကြည့်နေသည်။ ရှဲ့ဟွိုင်၏ဘက်ကိုလည်း သူစီစဉ်ထားသည့် နတ်ဆိုးအစောင့်များက အမြဲတမ်း နောက်ကလိုက်နေသည်။


တုမန်ရောက်လာသည်ကို သိသောအခါ ဝူယီမေ့သည် ချက်ချင်း ပြေးလာရသော်လည်း တုမန်အား အနှောင့်အယှက်ဖြစ်မည်ကို ကြောက်၍  အနားမကပ်ရဲဘဲ အဝေးကနေပဲ စောင့်ကြည့်နိုင်သည်။


ဝူယီမေ့သည် ရှဲ့ဟွိုင်က တစ်နေ့မှာ သူ့အရှင်ကို နာကျင်စေမည်ဟု ပင်ကိုယ်သိစိတ်အရ ခံစားရပြီး ဒါကို ဘယ်တော့မှ ခွင့်မပြုချင်ပါ...။


ဝူယီမေ့၏အသံသည် အက်ကွဲနေပြီး သူ၏အနီရောင်မျက်လုံးများသည် အေးစက်နေသည်။ "အရှင်က မင်းကို ကောင်းကောင်းဆက်ဆံတယ်။ မင်းက အရှင့်ကို မကောင်းကြံတာမျိုးလုပ်ရင် ငါက မင်းကို သေချာပေါက် သတ်ပစ်မယ်"


ရှဲ့ဟွိုင်သည် ဝူယီမေ့၏မှောင်မိုက်ပြီးအေးစက်သည့်မျက်လုံးများကို ကြည့်ပြီး ခဏလောက် အံ့အားသင့်သွားသော်လည်း သူ့စိတ်ထဲတွင် ရယ်စရာကောင်းသည်ဟု ခံစားရသည်။ ဖန်းလီသည် သူ့ကို လုံးဝ မကြိုက်ပါ။ သူသည် အခြားသူတွေကို လိမ်ညာတာ အဆင်ပြေသော်လည်း ဝူယီမေ့သည် သူ၏အနီးဆုံး ယုံကြည်ရသူ ဖြစ်ပြီး ဤကဲ့သို့ပင် တွေးနေသည်...

ဝူယီမေ့သည် ဖန်းလီက သူ့ကို တကယ်ချစ်သည်ဟု အဘယ်ကြောင့်ထင်နေသနည်း။

ဝူယီမေ့သည် မျက်မှောင်ကြုံ့ကာ ရှဲ့ဟွိုင်ကို ကြည့်လိုက်သည်။ သူသည် ခြိမ်းခြောက်နေသည်မှာ ထင်ရှားသော်လည်း ရှဲ့ဟွိုင်သည်ဒေါသထွက်ရမည့်အစား ပြုံးနေသည်။ ရှဲ့ဟွိုင်၏ဂရုမစိုက်သောအမူအရာက ဝူယီမေ့ကို ဒေါသပိုထွက်စေသည်။


ဝူယီမေ့သည် ခြေလှမ်းတစ်လှမ်း တိုးလိုက်ပြီး အဆိပ်ရှိသောမြွေများကဲ့သို့ မျက်လုံးများဖြင့် စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည် "မင်း အရှင့်ကို နာကျင်အောင်လုပ်ခွင့် ပေးမှာမဟုတ်ဘူး။"


ရှဲ့ဟွိုင်သည် ဝူယီမေ့နှင့် အငြင်းအခုံမဖြစ်လိုသော်လည်း ဝူယီမေ့၏အလေးအနက်ထားသောပုံစံကို ကြည့်လိုက်သောအခါ ဖန်းလီက သူ့ကိုချစ်သည်ဟု တကယ်ယုံကြည်နေပုံရသည်။ ‘ဖန်းလီသည် သူ့ကို ချစ်သောကြောင့် နာကျင်ရလိမ့်မည်တဲ့လား... ရယ်စရာကောင်းလိုက်တာ။’


ရှဲ့ဟွိုင်သည် နှုတ်ခမ်းထောင့်ကွေးတက်သွားသည်အထိ အနည်းငယ် ရယ်မောလိုက်သည် "အိုး၊ မင်းက ငါ့ကို ဘယ်လိုတားဆီးမှာလဲ"


ဝူယီမေ့ အံ့အားသင့်သွားသည်။ 


ရှဲ့ဟွိုင်သည် သူ့မျက်လုံးကို့ ကဲ့ရဲ့ရှုတ်ချမှုဖြင့် ပြန်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ရန်ဆွေးက ငါ့ကိုသတ်ဖို့ မင်းက အကြံပေးလိုက်ရင်ရော"


ဝူယီမေ့၏အမူအရာသည် အေးစက်သွားပြီး သူသည် မကျေမနပ်ဖြင့် အံကြိတ်လိုက်သည်။ အရှင်သည် ရှဲ့ဟွိုင်ကို သတ်လိုလျှင် သူ့ကို တိတ်တဆိတ် သတိပေးရန် အဘယ်ကြောင့်လိုအပ်မည်နည်း။ ယခုကမူ ရှဲ့ဟွိုင်ကို မထိရုံသာမက ရှဲ့ဟွိုင်၏မကောင်းသော စကားတစ်ခွန်းကိုပင် ပြော၍မရပါ…


ဝူယီမေသည် ဒေါသထွက်သွားကာ ရှဲဟွိုင်ကို ကြည့်လိုက်သည်။ သူ့ကို အပိုင်းပိုင်းဖြတ်ပစ်လိုသည့်အသံသည် အေးစက်နေသည် "အရမ်းပျော်မနေနဲ့၊ မင်းကို ငါ စောင့်ကြည့်နေမှာ"

ရှဲ့ဟွိုင်သည် တည်ငြိမ်သောအမူအရာနှင့် ဂရုမစိုက်သောမျက်လုံးများဖြင့် ဝူယီမေ့ ထွက်သွားသည်ကို ကြည့်နေသည်။ သူ့အတွက် ထိုသို့သော အငြင်းအခုံသည် အဓိပ္ပာယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော်... ထိုသူသည် သူ့ကို လုံးဝ မချစ်သောကြောင့်ဖြစ်သည်။


[စနစ်: အရှင်၊ ရှဲ့ဟွိုင်ကို မတွေ့ရတာ ဆယ့်သုံးရက်ရှိပြီ၊ ရှဲ့ဟွိုင်ကို ဘယ်တော့သွားတွေ့မှာလဲ။]


ချစ်ခြင်းပိုးကောင်ကို ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ် ပေးကတည်းက စနစ်သည် အရှင်ကို ရှဲ့ဟွိုင်အား ထိုအရာကို ဘယ်တော့ပေးမလဲဟု နေ့တိုင်း မေးနေသည်။ နာရီနှိုးစက်ထက် ပို၍အချိန်မှန်သည်။


စနစ်သည် အိုးပူထဲက ပုရွက်ဆိတ်များကဲ့သို့ ဖြစ်တော့မည်။ သူ မစိုးရိမ်ဘဲ ဘယ်လိုနေနိုင်မလဲ။ အရှင်က သူသည် အဖြောင့်အမျိုးသားဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးကို ဘယ်တော့မှ အတင်းအကျပ်မလုပ်ကြောင်း ပြောခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ဤအရာကိုကို သုံးတော့မည်လား။ ထိုကဲ့သို့ အရေးကြီးသောဇာတ်လမ်းကို ချန်လှပ်ထားခြင်းသည် အဆင်ပြေနိုင်သည်လား။


မကြာမီတွင် နတ်ဆိုးကျွန်တစ်ဦးက အစီရင်ခံရန် ရောက်လာပြီး ဝူယီမေ့သည် သူ့ကို တွေ့လိုကြောင်း ပြောသည်။


ဖန်းလီသည် ဝူယီမေ့ကို ဝင်ခွင့်ပြုကာ သူ၏အစေခံများကို ပြန်လွှတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် "တုမန် ထွက်သွားပြီလား"

ဝူယီမေ့သည် မျက်လုံးများကို ငုံ့ထားကာ ရိုသေစွာ ပြောလိုက်သည် "ဟုတ်ကဲ့၊ သူ ကျီထျန်းဂိုဏ်းသား ၈၉၀ ကျော်နှင့်အတူ ထွက်သွားပြီး ကျိုရှောင်းတောင်ကို ဦးတည်နေပါပြီ"


တုမန်၏ကျီထျန်းဂိုဏ်းတွင် လူအများအပြားရှိပြီး အများစုမှာ ဖူကျိုးတောင်တွင် မရှိသော်လည်း ဖူကျိုးတောင်တွင် ကျန်ရှိနေသောလူ ၈၀၀ ကျော်သည် အထက်တန်းစားများဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထိုလူအားလုံးကို ခေါ်ဆောင်သွားသည်။ သေချာစီစဉ်ထားပုံရသော်လည်း ထိုအရာသည် ဖန်းလီ မျှော်လင့်ထားသလိုပင်။

တုမန်သည် ထိုနေ့ကခန်းမဆောင်တွင် မျက်နှာလွှဲပြီး ရှောင်ရှားနိုင်ခဲ့သောကြောင့် ယခုတစ်ဖန် မျက်နှာလွှဲမည်မဟုတ်ဟု ယူဆနိုင်သည်။ သို့သော် ဤအတွေးသည် သူ၏ခန့်မှန်းချက်သာဖြစ်ပြီး တုမန်သည် သာမန်ကဲ့သို့ နာခံမည်မဟုတ်ပေ။ ယခု တုမန်သည် မူရင်းဇာတ်ညွှန်း၏ဇာတ်လမ်းကို လိုက်နာနေဆဲဖြစ်ကြောင်း ထင်ရသည်။ ထိုအကြောင်းကို တွေးမိသောအခါ ဖန်းလီသည် စိတ်သက်သာရာရသွားသည်။


ဝူယီမေ့သည် ဖန်းလီကို ကြည့်လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင် ဖန်းလီ၏ရည်ရွယ်ချက်များကို နားမလည်နိုင်ခဲ့ပေ။ သို့သော် ဤအတိုင်း ဆက်သွားလျှင် ကျားကို ရှောင်ရှားရန် ကြိုးစားနေခြင်းသာဖြစ်သည်။ တုမန်ကို တိုက်ခိုက်ရန် စောင့်နေမည့်အစား ဦးစွာတိုက်ခိုက်ပြီး တုမန်ကို ဖယ်ရှားရန်အခွင့်အရေးကို ရယူလိုက်ခြင်းက ပိုကောင်းသည်။


ဝူယီမေ့သည် ခဏတာစဉ်းစားလိုက်ပြီး မျက်လုံးများတွင် ဂရုမစိုက်သောအကြည့်တစ်ခု ပေါ်လာကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "အရှင်၊ တုမန်ကို ကျွန်ုပ်ကြားဖြတ်တိုက်ခိုက်ဖို့ စီစဉ်ထားပါတယ်။ အဲတော့ သူဒီခရီးကနေ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး"


တုမန်သည် ယခုတွင် အချိန်တိုင်း သတိထားနေမည်ဖြစ်သည်။ ဝူယီမေ့၏ကျင့်ကြံမှုအခြေခံသည် တုမန်၏ကျင့်ကြံမှုအခြေခံလောက် မကောင်းပေ။ တကယ်သေဖို့ သွားလျှင် သူ့ကို သေစေရန် စေလွှတ်ခြင်းနှင့် တူသည်။ သူသည် ထိုကဲ့သို့ အဆိုပြုချက်ကို ပြုလုပ်နိုင်သည်မှာ သိသာလှသည့်အကြောင်းတစ်ခုသာရှိသည်။ သူသည် အသက်နှင့်သေခြင်းကို ဂရုမစိုက်တော့ခြင်းပင်။ သူသည် တကယ်ကိုသစ္စာရှိသော်လည်း ထိုကိစ္စသည် ဖန်းလီ၏ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ဝူယီမေ့ကို သေစေရန် အကြောင်းပြချက် မရှိပါ။


ဖန်းလီ၏ဂရုမစိုက်သောအကြည့်ကို မြင်သောအခါ ဝူယီမေ့သည် စိုးရိမ်တကြီး ပြောလိုက်သည်။ "အရှင်..."


ဤမြင်ကွင်းကိုမြင်သောအခါ ဖန်းလီသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဝူယီမေ့သည် သူ့အတွက် အမြဲတွေးနေသော်လည်း သူသည် အမှန်တရားကို မပြောနိုင်ပါ။ သူ ခဏလောက် စဉ်းစားပြီး နှစ်သိမ့်သည့်အပြုံးနှင့် ပြောလိုက်သည် "မင်းတို့ သာမန်လူတွေ ငါ့ကို မသတ်နိုင်ပါဘူး၊ စိတ်မပူပါနဲ့။"


‘ငါ့လက်ထဲမှာ အနက်ရောင်ကျောက်စိမ်းလက်ဖွဲ့ ရှိနေသေးတော့ တုမန်ကို မကြောက်ဘူး၊ သူ့အသက်ကိုလဲ ရှဲ့ဟွိုင်အတွက် ချန်ထားပေးရမှာမို့ တုမန်ရဲ့ အလှည့်တော့ မဟုတ်ဘူး…’


ဝူယီမေ့သည် စိတ်မအေးသေးပါ...

ဝူယီမေ့သည် ခဏလောက် တိတ်ဆိတ်သွားပြီး ဖြည်းဖြည်းချင်း ပြောသည် "တုမန်  မထွက်သွားခင် သခင်ယွီယီကျွင်းကို နောက်တစ်ခေါက် သွားတွေ့သေးတယ်။"

ဖန်းလီသည် မျက်ခုံးပင့်ပြီး ခေါင်းညိတ်ပြလိုက်သည် "ငါသိတယ်။"

………………

ရှဲ့ဟွိုင်သည် အခန်းထဲတွင် အေးစက်သည့်မျက်နှာနှင့် ထိုင်နေပြီး သူ့လက်ထဲရှိစစ်တုရင်ရုပ်များကို လှည့်ပတ်နေသည်။ သူ့ရှေ့တွင် စစ်တုရင်ပွဲ၏နောက်ဆုံးအဆင့်တစ်ခု ရှိနေသည်။

သူသည် အာရုံပျံ့လွင့်မှုမရှိဘဲ အစီအရင်ကိုတိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က ဝူယီမေ့ ပြောခဲ့သောစကားများသည် သူ့စိတ်ထဲ၌ အခါအားလျော်စွာ ပေါ်လာသည်။


‘လူတစ်ယောက်က အခြားတစ်ယောက်ကို ကြိုက်လား မကြိုက်လားဆိုတာကို ဖုံးကွယ်လို့ မရဘူး၊ အကောင်းဆုံး ဖုံးကွယ်နိုင်တဲ့သူတောင်မှ ရှာဖွေတွေ့ရှိနိုင်တဲ့သဲလွန်စတွေ ရှိတယ်…’

ဖန်းလီသည် သူ့ကို နာခံနေပုံရသော်လည်း အစအဆုံး စည်းမျဉ်းများကို ထိန်းသိမ်းထားသည်။ သူနှင့် နှစ်ယောက်တည်းရှိနေသည့်အခါ ပို၍ပင်သတိထားသည်။ သူသည် ဘာလုပ်နေတယ်ဆိုသည်ကို နားလည်မှုလွဲမှာ ကြောက်နေသကဲ့သို့ပင်…


သူသည် သူ့နောက်ကို လိုက်ချင်သည်ဟု အမြဲပြောနေသော်လည်း သူ့မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာနှင့် တောင့်တခြင်း၏အရိပ်အယောင်ကို မတွေ့ရပါ။ ရှဲ့ဟွိုင်သည် ဤအရာကိုပင် မမြင်မိပါ။


ဤသို့ မကျွမ်းကျင်သည့်ဟန်ဆောင်မှုများ ရှိနေသည့်တိုင် ဝူယီမေ့သည် ဖန်းလီက သူ့ကို ကြိုက်သည်ဟု ထင်နေဆဲပင်၊ သူကြောင့် နာကျင်ရလိမ့်မယ်ဟု ထင်နေဆဲဖြစ်သည်၊ ဘယ်လောက်ရယ်စရာကောင်းလဲ... ဘယ်လောက်ပဲ လိမ်ညာပါစေ၊ အမှန်တရားပေါ်လာမှာ မဟုတ်လား။


တုမန်သည် သူ့လူများနှင့်အတူ ထွက်သွားပြီဖြစ်သည်။


ဖန်းလီသည် ရက်အတော်ကြာ ဒီကို မလာပါ...သူသည် ငြိမ်သက်နေဆဲပင်။


အရေးအကြီးဆုံးမှာ အစီအရင်ကို ဖျက်ဆီးဖို့ပင်။ သူသည် အာရုံပျံ့လွင့်မှု၏အထွတ်အထိပ်ကို ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဤအကြိမ်တွင် ဤနေရာ၌ ပိတ်မိနေရန် အတင်းအကျပ်ခိုင်းစေခံရသည်။ သူသည် ဝိညာဉ်ချိတ်ပိတ်ခြင်းကို အဆက်မပြတ် ချိုးဖျက်ခြင်းဖြင့် သူ၏သွေးကြောများကို စုစည်းနေသည်။ နာရီပေါင်းများစွာကြာသည်။


ထိုအချိန်တွင် နတ်ဆိုးကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မည်——


ရှဲ့ဟွိုင်၏မျက်လုံးများသည် အနည်းငယ် ပြောင်းလဲသွားပြီး ဖန်းလီ တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်ကို ကြည့်နေသည်။ ဖန်းလီသည် ရှဲ့ဟွိုင်နှင့် စကားပြောရန်ပြင်နေတုန်း သူ့ကို လှမ်းကြည့်လိုက်သောအခါ ထောင့်က စားပွဲပေါ်ရှိ အဖြူရောင်ကြွေပုလင်းလေးကို မြင်လိုက်ရသည်။ 

‘အဖြူရောင် ကြွေပုလင်းလေးကို ပေါ့ပေါ့ဆဆထားထားတာ၊ ဘာကိုမှ ဖုံးကွယ်ဖို့ ရည်ရွယ်ချက်မရှိလို့လား... ဒါက တုမန် ယူလာတဲ့အဆိပ်လား။ ဘယ်လိုအဆိပ်မျိုးလဲ။ အဆိပ်က သာမန်ပစ္စည်းတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။’ ဖန်းလီသည် စူးစမ်းချင်စိတ်နှင့် ပိုကြည့်လိုက်၏။


ထို့နောက် ရှဲ့ဟွိုင်သည် မူရင်းစာအုပ်ထဲတွင် ထိုအရာကို မယူခဲ့ပါ၊ ‘ဘာလို့ ဒီတစ်ခါမှ တုမန်ရဲ့အဆိပ်ကို ယူလိုက်တာလဲ။’ ရှဲ့ဟွိုင်၏နှုတ်ခမ်းထောင့်သည် တွန့်သွားပြီး သူ့မျက်လုံးများသည် အဓိပ္ပါယ်မဲ့နေသည်။


‘သူ တမင်တကာ အဲဒီမှာ ထားလိုက်တာလား’၊

ဖန်းလီကို ရှောင်ချင်တာမဟုတ်။ ဖန်းလီနားလည်မှုလွဲမှာကို မကြောက်... အစီအရင်ကို ဖျက်ဆီးဖို့ အရေးကြီးသည့်အချိန်တွင် သူသည် ပြဿနာမဖြစ်စေချင်ရုံပင်။ သူသည် အဓိပ္ပါယ်မဲ့သည့်အရာများကို မုန်းသည်။


ဖန်းလီသည် တစ်ချက်ပဲ ကြည့်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ ရှဲ့ဟွိုင်ကို မေးခြင်းသည် လုံးဝ မသင့်တော်ပါ၊ ရှဲ့ဟွိုင်က အဆိပ်ခတ်မလားဆိုတာကတော့... နောက်နေတာပဲ၊ ရှဲ့ဟွိုင်သည် သူ့ကို အဆိပ်ခတ်တာက ဝက်မတစ်ကောင် သစ်ပင်တက်တာထက် ပိုလွယ်လိမ့်မည်။ ‘ပြီးတော့ သူက အဲဒီမှာ ထားရဲတာက သူ့အမှာ’မရှီကြောင်း ထင်ရှားတယ်။’


‘ဝူယီမေ့က သူ့ကို သတိထားဖို့ စိုးရိမ်တကြီး မေးခဲ့တာတွေက တကယ်ကို အလွန်အကျွံ တွေးနေတာပဲ။’


ဖန်းလီသည် သူ့လက်များကို နောက်သို့ပစ်ထားပြီး ရှေ့ကို လျှောက်သွားကာ စားပွဲပေါ်ကရှုပ်ပွနေသည်များကို ကြည့်ပြီး အပြုံးနှင့် အေးအေးဆေးဆေးပြောသည်။ "ယွီယီကျွင်းက စိတ်ဝင်စားစရာပဲ။"


ရှဲ့ဟွိုင်က သူ့လက်များကို ခါလိုက်ပြီး စားပွဲပေါ်မှစစ်တုရင်ပွဲကို ဖျက်ဆီးလိုက်၏။


‘ဒီလူ ဒီကို မလာတာ ကြာပြီ၊ အခုလာတာ ဒါကို ပြောဖို့ပဲလား။’


ရှဲ့ဟွိုင်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်များကို အမြဲသိသည်။ ဤလူနှင့်အတူ သရုပ်ဆောင်ရန် သူ မငြင်းပါ။ သူ၏အမှန်တကယ်ရည်ရွယ်ချက်များကို သိချင်သည်... သို့သော် ယနေ့တွင် သူသည် ဆက်လုပ်ချင်စိတ် မရှိတော့ပါ။ သူနှင့်အတူ မှားယွင်းသည့်အပြောအဆိုများ မလုပ်ချင်ပါ၊ သူ၏ဟန်ဆောင်မှုကို မမြင်ချင်တော့ပါ...


‘တုမန် ထွက်သွားပြီဆိုတော့ သူက ဘယ်သူ့အတွက်များ သရုပ်ဆောင်နေမှာလဲ။’

ရှဲ့ဟွိုင်၏နက်မှောင်သည့်မျက်ဝန်းအိမ်ထဲတွင် အေးစက်သည့်အကြည့်တစ်ခု ပေါ်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် "ငါ ပင်ပန်းနေပြီ၊ မင်းမှာ ဘာမှ မလုပ်စရာမရှိရင် ပြန်တော့။"


ဖန်းလီ သက်ပြင်းချလိုက်သည်။ ‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီနေ့ သူ့မှာ လုပ်စရာကိစ္စတွေ ရှိတယ်။’


ချစ်ခြင်းမေတ္တာပိုးကောင်ကိစ္စကို နောက်ထပ် မနှောင့်နှေးနိုင်တော့ပါ။ ထိုအရာသည် ဖန်းလီကို အနည်းငယ် ရှက်ရွံ့စေ၍ ထိုအရာကိုအသုံးပြုရန်ကို ခဏမျှနှောင့်နှေးသွားသည်.. ဖန်းလီသည် သူ့လက်သီးကို နှုတ်ခမ်းပေါ် ဖိပြီး ညင်သာစွာ ချောင်းဟန့်လိုက်သည် "ငါ့မှာ လုပ်စရာတစ်ခု ရှိသေးတယ်။"


ဖန်းလီ ပြောလိုက်၏ "မင်းကို အချိန်အများကြီး ပေးပြီးပြီ။ ဒီနေ့ ဒီကိုလာတာက ယွီယီကျွင်းက ဘယ်လိုစဉ်းစားထားလဲဆိုတာကို မေးဖို့ပဲ။"


ရှဲ့ဟွိုင်သည် ခဏကြောင်အသွားပြီး ဘာကိုစဉ်းစားရမှာလဲဟု တွေးနေသည်။ ရှဲ့ဟွိုင်၏အမူအရာကို မြင်သောအခါ ဖန်းလီ စိတ်ထဲ၌ တွေးလိုက်မိသည်။ ‘အဆင်ပြေတာပဲ! 

ဒီရက်ပိုင်းတွေ အတော်ပေါ့လျော့နေတော့ ရှဲ့ဟွိုင်က သူ့ကို နတ်ဆိုးနန်းတော်မှာ ပိတ်ထားရတဲ့အကြောင်းရင်းကိုတောင် မစဉ်းစားနိုင်တော့ဘူး! အဲလိုမဟုတ်ရင်တော့ နည်းနည်းအဆင်မပြေဘူး။’


ရှဲ့ဟွိုင်: "..."


‘ဪ၊ ဒါကြောင့် ဒီကိစ္စပဲ... မင်းမပြောရင် မင်းက ဒါကိုတောင် မမှတ်မိတော့ဘူးလို့ ငါထင်နေတာ။’


‘တကယ်ကို ရယ်စရာကောင်းလိုက်တာ၊ ငါ့ဘက်က သဘောတူဖို့ မင်းတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ ဒီနေ့မှ ဘာလို့ လာပြောနေတာလဲ။ အရင်ရက်တွေက အရမ်းအလုပ်များနေလို့ ပျော်ဖို့အခုမှလာတာလား။’


ရှဲ့ဟွိုင်၏အမူအရာသည် တဖြည်းဖြည်းအေးစက်လာပြီး ရုတ်တရက် ထရပ်လိုက်ကာ နှုတ်ဆက်ရန်ပြောတော့မည့်အချိန်တွင် ဖန်းလီသည် ရုတ်တရက် ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။


ဖျော့တော့နေသည့်လူသည် နီးကပ်လာလေ၏။ ရုတ်တရက် နီးကပ်လာသောကြောင့် ရှဲ့ဟွိုင်၏တစ်ကိုယ်လုံး တန့်သွားပြီး သူ့လက်ချောင်းများပင် အနည်းငယ်ကွေးသွားသည်။ သူသည် ပြန်တိုက်ခိုက်ရန် အလိုလိုသိစိတ်ဗီဇကို ထိန်းချုပ်လိုက်သည်။ သတ်လိုသည့်ရည်ရွယ်ချက် မရှိပါ၊ ဖန်းလီသည် သူ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါ…


ရှဲ့ဟွိုင်သည် အောက်သို့ငုံ့ကြည့်လိုက်၏။ ဤမျှလောက် နီးကပ်သည့်အကွာအဝေးတွင်... သူသည် တစ်ဖက်လူ၏ဖျော့တော့သည့်အသားအရေအောက်မှ အပြာရောင်သွေးကြောများကို မြင်နိုင်လုနီးပါး ဖြစ်နေသည်။ သူသည် အတော်လေးအားနည်းနေပုံရသည်။ သွေးမရှိသလောက်ဖြစ်နေသည့်နှုတ်ခမ်းများသည် အရောင်ပျက်သွားသည့်နှင်းဆီပွင့်လေးများနှင့်  တူနေကာ မိုးရေစက်များကြောင့်စိုစွတ်ပြီး ပြန်ပွင့်မည့်အချိန်ကို စောင့်နေပုံရသည်…


ဖန်းလီ၏ရှည်လျားသည့်မျက်တောင်များသည် အနည်းငယ်တုန်ခါနေပြီး နက်မှောင်သည့်မျက်လုံးများသည် သူ့ကို စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းများသည် ပွင့်လိုက်ပိတ်လိုက်ဖြစ်ပြီး ညင်သာသည့်အသံတစ်ခုသည် သူ့နားထဲကို ကျရောက်လာသည် "ဒီအရှင်ရဲ့ စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။"


‘ဟုတ်လား။’


ရှဲ့ဟွိုင်၏မျက်လုံးများ၌ အရိပ်တချို့ဖြတ်ပြေးသွားပြီး သူ၏လည်ချောင်းသည် လှုပ်ရှားသွားသည်။ ‘မင်း အရမ်းစိတ်ရှည်တယ်လို့ ထင်နေတာ။’


‘ဒီနေ့ ဘယ်လို ကစားကွက်မျိုးလဲ။’


‘မင်း မကြိုက်ဘူးဆိုရင် ခဏခဏမကပ်နဲ့၊ လူတွေကို နားလည်မှုလွဲစေတဲ့ အရာတွေကို မလုပ်နဲ့…’


ရှဲ့ဟွိုင်၏စိတ်ထဲတွင် စိတ်တိုသည့်အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူသည် ထပ်ခါထပ်ခါ သည်းခံခဲ့သော် ယခုအခါ၌ အလျှော့ပေးချင်စိတ် မရှိတော့ပါ။ ‘မင်းက ငါ့ကို ကြိုက်ယောင်ဆောင်နေတာ မဟုတ်ဘူးလား။’


‘ငါ သဘောမတူဘူး၊ မင်း ဘာလုပ်မှာလဲ။’


ရှဲ့ဟွိုင်၏မျက်လုံးများထဲတွင် လှောင်ပြောင်သည့်အကြည့်တစ်ခု ပေါ်လာသည်။ ဖန်းလီ ဘာမှ မလုပ်ဘူးဆိုတာ သူ သေချာသည်။ ‘ဒါက ဟန်ဆောင်လိမ်ညာမှုတစ်ခုပဲ။ ပြီးတော့ ထွက်သွားမှာပဲ။ အရင်က အချိန်တိုင်း ဒီလိုပဲ ဖြစ်ခဲ့တာပဲလေ။’ ရှဲ့ဟွိုင်သည် ဖန်းလီ၏လုပ်ရိုးလုပ်စဉ်ကို ရိုးနေပြီဖြစ်သည်။ ဘာမျှ ထူးခြားမှု မရှိပါ…


သူသည် ဤလူ ထွက်သွားသည်ကို ငြိမ်သက်စွာစောင့်နေသော်လည်း တစ်ခဏအကြာတွင် အေးမြသည့်အနမ်းတစ်ခုသည် သူ့နှုတ်ခမ်းပေါ်ကို ညင်သာစွာ ကျရောက်လာသည်။


ရှဲ့ဟွိုင်သည် မယုံနိုင်ဖြစ်မိကာ သူ၏မျက်လုံးအိမ်များပင်း ကျဉ်းမြောင်းသွား၏။


End


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment