no

Font
Theme

Chapter 7


…………………………

သေချာပေါက် ပထမဆုံးအကြိမ်မဟုတ်သော်လည်း သားကောင်မသိခင်လုပ်ဆောင်ခြင်းနှင့် သားကောင်သတိရှိစဉ်လုပ်ဆောင်ခြင်းတို့၏ခံစားမှုမှာ ညနှင့်နေ့လို ကွာခြားသည်။


‘ဟုတ်တယ်၊ ရှဲ့ဟွိုင်က သူ့ကိုသတ်ပစ်ဖို့ကြိုးစားနေတယ်လို့ ထင်မှာမဟုတ်ဘူးလား။ ဒါမှမဟုတ်…… သူ့ရဲ့ဆန္ဒတွေက မူမမှန်ဘူးလို့ ထင်သွားနိုင်တယ်မလား။’


ဖန်းလီသည် အေးဆေးနေဟန်ဆောင်ပြီး လက်ကိုအမြန် ပြန်ရုတ်လိုက်သည်။ ဘေးကိုတစ်ချက်ကြည့်လိုက်သည်။ သေချာသည်မှာ စားပွဲပေါ်ရှိ နံ့သာတိုင်ခွက်သည် ငြိမ်းသွားပြီဖြစ်သည်။…… စိတ်တိုသည့်ဟန် သူ့မျက်နှာတွင် ပေါ်လာသည်။


‘ရှဲ့ဟွိုင်က တကယ်ပဲ မကောင်းတဲ့အချိန်မှ နိုးလာရလား။’


ထိုသို့ တိတ်တဆိတ်ပြောကာ သူသည် ရုတ်တရက် ထွက်သွားသည်။


စနစ်သည် ရှဲ့ဟွိုင်ရုတ်တရက်နိုးလာမည်ဟု မမျှော်လင့်ထားပါ။ သို့ဖြစ်၍ ဖန်းလီကဲ့သို့ စနစ်လည်း လန့်သွားသည်။ နည်းနည်းစိတ်ငြိမ်သွားသောအခါ…… စနစ်သည် ‘ဒီလိုအဖြစ်မျိုးက ရှားတယ်။ ဒီတော့ အရှင်ကိုယ်တိုင်လည်း လန့်သွားမှာအသေအချာပင်။’


ရှဲ့ဟွိုင်သည် ဖန်းလီထွက်သွားသည့် ပုံရိပ်ကို ကြည့်ပြီး သူ့မျက်လုံးများကို မှိတ်ကာ စဉ်းစားလိုက်သည်။


ဖန်းလီသည် ညတိုင်း နံ့သာတိုင် ထွန်းညှိလေ့ရှိပြီး သူကိုယ်တိုင် အိပ်ပျော်သွားသည့်အခါမှအပ၊ လုံးဝ ချဉ်းကပ်မည် မဟုတ်ပေ။ သူသည် သူ့ကို သတိထားနေသည်မှာ ထင်ရှားပြီး အတ္တကြီးသူမျိုး မဟုတ်ပေ။ သို့သော် သူသည် သူ့ကို ဤမျှ သတိထားနေပါလျက် အဘယ်ကြောင့် သူ့ကို လုံးဝအရှုံးပေးပစ်ပြီး သတ်လိုက်ခြင်း မပြုဘဲ ဤမျှ စိတ်ရှုပ်စရာကောင်းပြီး အန္တရာယ်များလှသော နည်းလမ်းကို ရွေးချယ်နေရပါသနည်း။


‘ဖန်းလီက တကယ်တော့ ငါ့ကို စိတ်ဝင်စားမှုမရှိဘူး၊ ဒါပေမယ့် ညတိုင်းဒီမှာနေပြီး ငါ့ကိုဂရုစိုက်ဟန်ဆောင်နေတယ်။ ဒါဟာ တကယ်ပဲ တရားဝင်ဂိုဏ်းတွေကို အရှက်ရစေဖို့အတွက်လား……။ အရှက်ရစေဖို့ နည်းလမ်းထောင်ချီရှိတယ်၊ ပိုညစ်ပတ်ပြီး ပိုကြမ်းတဲ့နည်းတွေရှိတယ်။ တစ်ခန်းထဲနေဖို့ ဘာလိုအပ်လို့လဲ။ ဒီလောက်ဒုက္ခခံပြီး လုပ်နေတာက တကယ်ပဲ လိုတာထက်ပိုနေပြီ။’


ရှဲ့ဟွိုင်သည် ဤနတ်ဆိုးကောင်ကိုသတ်ပြီး ကမ္ဘာကြီးကို ဘေးကင်းအောင်လုပ်ရန် နတ်ဆိုးအရှင်အနီးနေခြင်းဖြစ်သည်။ ……သို့သော် သူတို့ဆက်ဆံနေသည့်အချိန်မှာ သူတို့နည်းနည်းနီးလာတိုင်း၊ သူနည်းနည်းပိုနားလည်လာတိုင်း ဤလူသည် သူမျှော်လင့်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။


သူတို့သည် တစ်ခန်းတည်းနေသော်လည်း ဤလူသည် ခပ်ရှားရှားသာစကားပြောသည်။ သူ့ကိုဘယ်တော့မှ အနှောင့်အယှက်မပေးပါ……။


သူသည် သူ့ကိုနာခံအောင်လုပ်မည်ဟုပြောသော်လည်း တစ်ခါမှမထိခိုက်စေပါ။


‘အသိဉာဏ်ပြည့်ဝ၍ ယဉ်ကျေးသည်၊ နူးညံ့ပြီး ဖော်ရွေသည်။’


သူသည် နူးညံ့ပြီး အေးချမ်းကြည်လင်သည့် နွေဦးရေကဲ့သို့ပင်။ အောက်ခြေကိုတစ်ချက်ကြည့်ရုံနှင့်မြင်နိုင်သည်။ သို့သော် တခါတရံ…… ပိုပြီးမမြင်နိုင်သည့်  မြူသကဲ့သို့ပင်။ မသိနိုင်သည့်နက်တွေထဲ၌ အရာအားလုံးကိုဖုံးကွယ်ထားသည်။ မြင်ဖို့နှင့် နားလည်ဖို့ မဖြစ်နိုင်ပါ။


‘လိုအပ်ပုံရသော်လည်း အမှန်တကယ်တော့ မလိုအပ်ပါ။’


သို့ဖြစ်၍ သူသည် ညတိုင်းသူ့ဘေးမှာအိပ်သည်။ ရှဲ့ဟွိုင်သည် ဤလူကိုသတ်ရန် သိပ်လွယ်သည်ဟု ခံစားရသည့်အချိန်အလွန်များသည်။


‘အရမ်းလွယ်လွန်းလို့ တံတိုင်းဖြတ်ကျော်ဖို့တောင်မလိုဘူး၊ အပြန်အလှန်ဖျက်ဆီးတဲ့လမ်းကိုရွေးစရာမလိုဘူး။ သူအိပ်မက်ထဲရောက်နေတုန်း သူ့လည်ပင်းကိုချိုးလိုက်ရုံပဲ။ ဒီလိုဖြူဖတ်ဖြူရော် ပိန်လှီနေတဲ့လည်ပင်းက ချိုးဖို့သိပ်လွယ်တယ်……’


ဤသည်မှာ အလွန်ပင်ရိုးရှင်းကာ လွယ်လွန်း၍ ပိုပြီးထင်ရှားသည့်ထောင်ချောက်ကဲ့သို့ဖြစ်နေသည်။ ဤအချက်မှာ ရှဲ့ဟွိုင်ကို သံသယဝင်စေသည်။


ထိုကြောင့် သူသည် မဖွင့်သင့်သည့်ချိန်တွင် မျက်လုံးဖွင့်လိုက်သည်။


သို့သော် ဤလူသည် မည်သည့်အန္တရာယ်မှမပြုပေ။ မကောင်းသည့်အရာတစ်ခုခုလုပ်ရန် အခွင့်အရေးကိုမယူပါ။…… မျက်လုံးဖွင့်လိုက်သောအခါ သူသည် အနည်းငယ်စိတ်ရှုပ်သွားပုံရသည်။ ထို့နောက် အေးဆေးဟန်ဆောင်ကာ ထွက်သွားသည်။


ရှဲ့ဟွိုင်သည် အခြားသူ၏မျက်လုံးထဲမှ တစ်စက္ကန့်စိတ်ရှုပ်သွားသည့်ဟန်ကို လက်လွတ်မခံခဲ့ပါ။


သူသည် သူ၏စိတ်ဆန္ဒများကို လိုက်ပြီး သူဖြစ်ချင်သည်ကို လုပ်နိုင်သည်။ ရှဲ့ဟွိုင်နိုးနေလား အိပ်နေလား ဆိုတာကို ဂရုစိုက်စရာမလိုပါ…… ထို့ပြင် “စဉ်းစားဖို့အချိန်”ပေးဖို့ ပိုလို့တောင် မလိုအပ်ပါ။


သို့သော် သူသည် ထိုပုံစံနှင့် ထွက်သွားခဲ့သည်။ အနည်းငယ် စာနာစရာကောင်းနေသလိုပင်၊ ‘လျှို့ဝှက်ကစားနေတုန်း အလိမ်ခံလိုက်ရတဲ့ကလေးလိုမျိုးပေါ့။’


ရှဲ့ဟွိုင်သည် မူလ၌ သူ၏လှုပ်ရှားမှုသည် ဟန်ဆောင်မှုတွေအောက်တွင် ပုန်းကွယ်နေသည်ဟုထင်သည်။ ထိုပုန်းကွယ်နေသည့် အမှန်တရားကို ဖမ်းမိမည်ဟု ထင်ခဲ့သည်။ သို့မှသာ သူ၏ယူဆချက်များကို အတည်ပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အရာအားလုံးသည့် ဤနတ်ဆိုးကောင်၏ လျှို့ဝှက်ကြံစည်မှုများရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သက်သေပြနိုင်မည်။ …… သို့သော်လည်း ဤအရာသည် ပိုပြီးသံသယများ၊ ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။


သူသည် ထူထဲသည့်မြူများဖြင့် ဝန်းရံနေရသကဲ့သို့ပင်။ တစ်လှမ်းလှမ်းလျှင် မည်သည်တို့ဖုံးကွယ်ထားသည်ကို မြင်ရမယ်ဟု ထင်ရသည်။ သို့သော်လည်း သူ့ကိုယ်သူပင် ပိုပြီးနက်ရှိုင်းစွာ ပိတ်မိနေသည်။ သူ၏ပြန်လမ်းသည်လည်း မှုန်ဝါးလာသည်။


ယောင်းအာ၏လက်ကောက်ဝတ်ညာဘက်သည် ပတ်တီးစည်းထားသည်။ ရှဲ့ဟွိုင်သည် ထိုအချိန်တွင် မထိန်းချုပ်ခဲ့သော်လည်း ယောင်းအာသည် နတ်ဆိုးငယ်တစ်ယောက်ဖြစ်သကဲ့သို့ နတ်ဆိုးနန်းတော်ထဲမှ အံ့ဖွယ်ဆေးများနဲ့ ကုထားပြီးဖြစ်သည်။ အမှန်မှာ သူ့ဒဏ်ရာသည် တော်တော်လေးပျောက်သွားပြီဖြစ်သည်။ သို့သော်လည်း သူသည် ပတ်တီးကို မဖယ်ရှားသေးပါ။


ရှဲ့ဟွိုင်သည် အရှင်၏နန်းတော်ထဲ ဝင်လာချိန်မှစ၍ အရှင်သည် ညတိုင်းအဲဒီမှာနေကာ အရှင့်ကို တစ်ယောက်တည်းရယူထားသလိုပင်……

ယောင်းအာသည် အခန်းထဲ၌ လမ်းလျှောက်နေပြီး ပိုပြီးစိတ်မသက်မသာဖြစ်လာသည်။ ရှဲ့ဟွိုင်သည် အမှန်တကယ်ပင် အလှပဆုံးဖြစ်သည်။ သူ ဝန်မခံချင်သော်လည်း ရှဲ့ဟွိုင်နှင့် ရင်ဆိုင်ရသည့်အခါ သူ၏အသွင်အပြင်ကို ရှက်မိသည်မှာ အမှန်ပင်ဖြစ်သည်……။


ဒီလိုလူမျိုးသည် အရှင်နှင့် နေ့ညမပြတ်ရှိနေလျှင် အရှင်၏နှလုံးသားသည် တကယ်မလှုပ်ရှားဘဲနေနိုင်မှာလား။


ယောင်းအာသည် မယုံပါ။


စိတ်တိုပြီး သူ့လက်ထဲမှ ခွက်ကို ညှစ်လိုက်၍ ခွက်ကွဲသွားသည်။ သူသည် မူလက ရှဲ့ဟွိုင်ကို ဖယ်ရှားရန် အခွင့်အရေးယူဖို့ စဉ်းစားထားသော်လည်း မည်သူက ရှဲ့ဟွိုင်ကို အရှင့်ဘေးသို့ ပို့လိုက်မှန်းလဲ မသိပါ။…… ယခု သူအရေးယူမှုမလုပ်လျှင် နောက်ပိုင်း၌ အခွင့်အရေးမရမည်ကို ကြောက်နေသည်။


သို့သော် ထိုသို့ပြုလုပ်ရန်လည်း အရှင်ခေါ်မှသာလျှင်…

ယောင်းအာသည် နတ်ဆိုးအရှင်ကို ကိုယ်တိုင်သွားတောင်းဆိုရန် မဝံ့မရဲဖြစ်နေသည်။ ‘အရှင်ကိုများ ဒေါသထွက်စေခဲ့ရင်……’


သူဆုံးဖြတ်ဖို့ ခက်ခဲနေချိန်မှာပင် ဖုန်ယင်းသည် တံခါးဖွင့်ကာ ဝင်လာသည်။


သူနှင့် ဖုန်ယင်းသည် နတ်ဆိုးအရှင်၏နန်းတော်ထဲကို တစ်ချိန်တည်းလောက်တွင် ဝင်လာကြသည်။ သူတို့ဆက်ဆံရေးသည် အတော်လေးကောင်းသည်။ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ကူညီထောက်ပံ့ကြသည်။ လူတိုင်း မကောင်းသည့်ရည်ရွယ်ချက်များရှိသည့်အနောက်နန်းဆောင်တွင် မဟာမိတ်ဖွဲ့မှသာ တစ်ယောက်တည်း မဖြစ်မည်ဖြစ်သည်။ သူနှင့် ဖုန်ယင်းသည် တစ်ဘက်တည်းဖြစ်သည်။


ဖုန်ယင်းဝင်လာသည်နှင့် စိုးရိမ်ပြီး ပြောလိုက်သည် “ရှဲ့ဟွိုင်က အရှင်ကို ဆွဲဆောင်လိုက်ပြီး အရှင်ရဲ့ဝိညာဉ်က လွတ်သွားတယ်လို့ ကြားတယ်။”


ယောင်းအာသည် ထိုအရာကို စိုးရိမ်နေတုန်းပင်။ ဤသည်ကိုကြားသောအခါ ပိုပြီးမကျေမနပ်ဖြစ်လာသည်။ လက်တစ်ချက်လှုပ်လိုက်၍ စားပွဲပေါ်မှ လက်ဖက်ရည်အိုးသည် ကြမ်းပြင်ပေါ်ကျသွားသည်။ “ငါလဲ ကြားတယ်။”


ဖုန်ယင်းသည် မျက်ခုံးများကုတ်ပြီး ပြောလိုက်သည် “ငါတို့ ဒီမှာထိုင်ပြီး သေနေလို့မရဘူး။”


‘ယောင်းအာ ဒါကို မစဉ်းစားမိဘူးလား။ အရှင်နဲ့လဲ အနီးကပ်မရှိနိုင်ဘူး။ ဒါဆို ဘာလုပ်ရမလဲ……။’


ဖုန်ယင်းသည် ကြာကြာစဉ်းစားပြီး ရုတ်တရက်ပြောလိုက်သည် “အရှင့်ဆီ သွားကြည့်ရအောင်။”


ယောင်းအာသည် သူ့ရင်ဘတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းထားကာ စိုးရိမ်ပြီး ပြောလိုက်သည်။ “မှတ်မိသေးလား၊ အရင်က တစ်ယောက်က မကောင်းတဲ့အကြံနဲ့ အရှင်နန်းတော်ကို သွားပြီး အရှင်နဲ့တိုက်ဆိုင်တယ်လို့ ဟန်ဆောင်ခဲ့တာလေ။ ဒါပေမဲ့ အရှင်က ဒေါသထွက်ပြီး ချက်ချင်းသေဒဏ်ပေးတာခံလိုက်ရတယ်။”


ဖုန်ယင်းသည် မှတ်မိသွားသည်။ သူ့မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ သူသည် အနည်းငယ် လက်လျှော့လိုက်ပုံရသော်လည်း နောက်ဆုံးတွင် သူ၏ဆန္ဒက သူ့ကြောက်ရွံ့မှုကို အနိုင်ရသွားသည်။ သူသည် အံကြိတ်ပြီး ပြောလိုက်သည်။ “အဲဒါက သူက အမှတ်မထင်လုပ်မိတာ၊ ဒါပေမဲ့ ငါနဲ့နင်က မတူဘူးလေ။ အရှင် ဒေါသမထွက်ဘူးလို့ ထင်တယ်။”


ယောင်းအာ၏နှလုံးသား တစ်ချက်ခုန်သွားသည်။


“ငါက ဘာကွာတာလဲ။”


ဖုန်ယင်းသည် သူ့ဘေးမှနေပြီး မနာလိုစိတ်ဖြင့် ပြောလိုက်သည်။ “အရူးမလုပ်နဲ့။ အဲနေ့က အရှင် နင့်ကို ဆက်ဆံပုံကို လူတိုင်းမြင်တယ်။ နင်က မသိဘူးလို့ ပြောလို့မရဘူး။ အရှင်က ငါ့ကိုလဲ ဘယ်တုန်းက အဲလို ဆက်ဆံဖူးလဲ။ ဒါ့အပြင် သူက နင့်ကို ဒဏ်ရာပျောက်အောင် အနားယူခိုင်းပြီး အံ့ဖွယ်ဆေးဝါးတွေနဲ့ပါ ဆုချခဲ့တာလေ……”


ယောင်းအာ၏ပါးပြင်များ အနည်းငယ်နီလာပြီး သူ၏ဝမ်းသာမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူ၏နှုတ်ခမ်းများ တုန်ယင်၍ “ဒါကလဲ အရှင်ရဲ့ ခဏတာစိတ်ကူးပေါက်ရာပဲဖြစ်မှာ……” ဟုပြောသည်။


ဖုန်ယင်း၏မျက်လုံးများက လှည့်ပြန်သွားတော့မည်ဖြစ်သည်။ “အိုး၊ တကယ်ပဲ! အနောက်နန်းမှာ အလှအပလေးတွေမှအများကြီး။ အရှင် အရင်က အခုလို ခဏတာစိတ်ကူးပေါက်တယ်ဆိုတာ ရှိလို့လား။ ငါပြောနေတာက အရှင်က နင့်ကို စိတ်ဝင်စားပြီး နင့်ကို ဒီလောက်ကောင်းကောင်းဆက်ဆံဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အခုလို အခွင့်ကောင်းကို မလွှတ်လိုက်နဲ့။ အမြန်သွားပြီး အရှင်ရှေ့မှာ မျက်နှာပြ။ အရှင်ကို တခြားသူတစ်ယောက်က သွေးဆောင်သွားရင် နင့်ကို မေ့သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် နင်ငိုစရာတောင်နေရာမရှိလောက်ဘူး!”


ယောင်းအာသည် သူ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။


ဖုန်ယင်း၏ မျက်လုံးများတွင် ခက်ထန်သောအကြည့်များ ဖြတ်သန်းသွားသည်။ “တွန့်ဆုတ်မနေနဲ့။ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်!”


ယောင်းအာသည် နောက်ဆုံးတွင် သဘောတူသယောင်ဖြစ်လာသည်။ သူတစ်ယောက်တည်း သွားရမည်ကို အနည်းကြောက်နေသော်လည်း တစ်ယောက်ယောက်ဖြင့် သွားရလျှင် သူ့စိတ်ပိုသက်သာရာရသည်။ ထို့အပြင် ဖုန်ယင်း၏စကားများသည် သူ့စိတ်ထဲသို့ အမှန်တကယ်ရောက်သွားသည်…… ‘မျှော်လင့်ထားတဲ့အတိုင်း ဒါဟာ သူ့ကိုယ်ပိုင်အထင်အမြင်လွဲမှားမှုတစ်ခုတည်း မဟုတ်ဘူး။ အခြားသူတွေကလည်း အရှင်က သူ့ကို ကွဲပြားစွာ ဆက်ဆံတယ်လို့ ထင်ကြတယ်။’


သို့ရာတွင် သူသည် “ကောင်းပြီ” ဟုပြောလိုက်သည်။


ဖုန်ယင်းသည် နောက်ဆုံးတွင် ပြုံးပြလိုက်ပြီး “နင်ကြီးပွားတဲ့အခါ ငါ့ကိုမမေ့နဲ့နော်” ဟုပြောလိုက်သည်။


ယောင်းအာသည် သူ၏မျက်နှာကို အုပ်ပြီး ရယ်မောခဲ့သည်။ “မေ့ပါ့မလားဟာ။” ဟု ပီတိစိတ်ဖြင့်ပြောလိုက်သည်။


သူတို့ကဲ့သို့ အိမ်မွေးတိရစ္ဆာန်ချစ်သူများသည် နတ်ဆိုးနန်းတော်၏ထောင့်တစ်နေရာမှာရှိသည့် အနောက်နန်းတွင်နေထိုင်ကြသည်။ ယောင်းအာနှင့်ဖုန်ယင်းတို့သည် မည်သူမှမသိလိုက်ဘဲ တိတ်တဆိတ်ထွက်သွားကြသည်။


သူတို့နှစ်ယောက်သည် နန်းတော်၏အလယ်ဗဟိုကို သတိထားပြီးသွားကြသည်။ အပြင်ဘက်ရှိ အဆောက်အဦများသည် ကျယ်ပြန့်ပြီး အေးစက်နေကာ အနောက်နန်း၏ချစ်စဖွယ်ပုံစံနှင့် လုံးဝကွဲပြားခြားနားသည်။ ကျောက်စရစ်လမ်းများသည်ပင်လျှင် အေးစက်သောလေကို ထုတ်လွှတ်နေသလိုပင်။


ခဏလမ်းလျှောက်ပြီးနောက် သူတို့သည် ဘေးနန်းတော်အနီးသို့ရောက်ရှိလာကြသည်။ တစ်ဖက်တွင် လူတစ်ဦး၏အသံကို အနည်းငယ်ကြားရ၍ သူတို့နှစ်ဦးလုံးသည် ချက်ချင်းပင် ကျောက်တုံးတစ်ခုနောက်သို့ ဝင်ပုန်းလိုက်ကြသည်။ အဝေးမှ နတ်ဆိုးကျွန်များ ဝင်ထွက်သွားလာနေသည်ကို တွေ့ရသည်။ အရသာရှိသည့် အစားအစာများကို သယ်ဆောင်နေကြသည်။ ထိုအခင်းအကျင်းကို ကြည့်ရင်း ယောင်းအာနှင့် ဖုန်ယင်းတို့သည် သူတို့၏မျက်လုံးတွေ နီရဲလာသည်အထိ မနာလိုဖြစ်နေကြသည်။


ယောင်းအာသည် ရက်ရက်စက်စက် ပြောလိုက်သည်။ “အဲဒီမကောင်းဆိုးဝါး!”


ထိုနေရာသည် ရှဲ့ဟွိုင်နေထိုင်သည့် နေရာဖြစ်နိုင်သည်။ အရှင်သည် သူ့ကို ဘေးနန်းတော်တွင် ဝှက်ထားသည်။ ထိုနေရာတွင် သူသည် တစ်နေ့တာကို ကုန်ဆုံးပြီး ကောင်းမွန်သည့်အဝတ်အစားများနှင့် စည်းစိမ်ခံပြီး စားသောက်နေသည်ဟု လူတိုင်းပြောကြသည်။ ယောင်းအာသည် ခါးသက်စွာအံ့ကြိတ်ကာ သူ့ကို အမှုန့်ကြေအောင် ကြိတ်ချေချင်နေသည်။


ဖုန်ယင်းသည် ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် “ဘေးနန်းတော်ကို ရောက်နေပြီ၊ ရှေ့က အရှင်နေတဲ့နေရာဖြစ်မယ်” ဟုပြောလိုက်သည်။


ဖုန်ယင်းသည် အမြန်ပင်ပြောလိုက်သည်၊ “နင် အရှင့်ဆီကိုသွားလိုက် ငါနင်နဲ့မလိုက်တော့ဘူး။”

ဖုန်ယင်းသည် သူ့ကို ဘေးတိုက်ကြည့်ပြီး “နင်နဲ့အရှင်ကြားမှာ မီးပွားတွေထလာရင် ငါဘေးမှာရပ်ပြီး ကြည့်နေရမှာလား။ နင်တစ်ယောက်တည်း အဆင်ပြေမှာပါ၊ ငါက အဲလောက်နားလည်မှုမရှိတဲ့လူမဟုတ်ပါဘူး” ဟုပြောသည်။


ထိုစကားများသည် ယောင်းအာ၏နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ သူတို့ ဒီကိုရောက်နေပြီဆိုတော့ ဖုန်ယင်းကို အနှောင့်အယှက်ဖြစ်စေချင်စိတ် မရှိတော့ပါ။ ဒါကြောင့်သူသည် “ကောင်းပြီ၊ သတိထားပါ” ဟုပြောလိုက်သည်။


ဖုန်ယင်းသည် ခေါင်းညိတ်ပြီး “စိတ်မပူပါနဲ့” လို့ပြောလိုက်သည်။

သူသည် ယောင်းအာ ရှေ့သို့လျှောက်သွားတာကို ကြည့်နေပြီး သူ၏မျက်လုံးများသည် လင်းလက်သွားကာ လှည့်၍ ဘေးခန်းမသို့ လျှောက်သွားတယ်။

ရှဲ့ဟွိုင်သည် ညစာစားပြီးပြီဖြစ်၍ အခန်းထဲရှိ စားပွဲကြီးဘေးတွင် ထိုင်နေသည်။ သူသည် တစ်ဖက်တွင် ဂိုးတုံးတစ်တုံးကို ကိုင်ထားပြီး တစ်ယောက်တည်း ဂိမ်းတစ်ခုကစားနေသည်။


“ဘာလို့လဲ။


သူအိပ်မက်ထဲမှာ မတော်တဆ နီးကပ်သွားလို့လား။ ဒါမှမဟုတ် သူ့လှည့်ကွက်ရဲ့ အလယ်မှာ ဖမ်းမိလို့လား။ ဒါမှမဟုတ်……အသုံးချဖို့ တန်ဖိုးမရှိတော့လို့လား။ သူ နောက်ထပ်မလာတော့ဘူးလား။”


ရှဲ့ဟွိုင်၏မျက်လုံးများ အနည်းငယ်မှေးစင်းသွားကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဖန်းလီလာမလာကို သူ ဂရုမစိုက်သည်မဟုတ်…… သူ့ကို သတ်ဖြတ်ရန် အခွင့်အရေး မရှိတော့မှာကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။


ရှဲ့ဟွိုင်၏မျက်နှာအမူအရာမှာ အေးစက်ပြီး အသံကြည်လင်စွာဖြင့် “အဲဒီမှာ ဘယ်သူလဲ။” ဟု အော်လိုက်သည်။


ပြတင်းပေါက်သည် ပွင့်သွားပြီး ဖုန်ယင်းသည် အရိပ်ထဲမှ ထွက်လာသည်။ သူသည် ရှဲ့ဟွိုင်ကို အေးစက်စွာ ကြည့်ရှုကာ နှုတ်ခမ်းထောင့်များကို မြှောက်ပြီး သရော်သံဖြင့် ပြောသည် “ငါထင်တာက မင်းတို့လို တရားမျှတတဲ့ ဂိုဏ်းသားတွေဟာ သီလရှိတဲ့သူတွေပဲ။ မင်းတို့က သီလရှိယောင်ဟန်ဆောင်နေတယ်ဆိုတာ ငါမထင်မိခဲ့ဘူး။ ကြီးကျယ်တဲ့ ယွီယီကျွင်းကတောင် အိပ်ရာထဲဝင်ပြီး လုပ်ဖို့သဘောတူမယ်လို့ ငါမထင်ခဲ့ဘူး။”


ရှဲ့ဟွိုင်သည် သူ့ကို တည်ငြိမ်စွာ ကြည့်ပြီး မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်မှု လက္ခဏာ မပြခဲ့ပေ။ သူသည် မျက်လုံးများကို အနည်းငယ်ပင့်လိုက်သည်။ “အင်း၊ အဲတော့။”


သူ မလှုပ်မယှက် ရပ်နေသည်ကို မြင်သော ဖုန်ယင်းသည် စိတ်ရှုပ်ထွေးသွားပုံရပြီး ခက်ထန်စွာ ပြောသည် “မင်းမှာ အခု စွမ်းအား မရှိတော့ဘူးလေ၊ ဘာတွေ မာန်ထောင်နေတာလဲ။” ဖုန်ယင်းသည် ထိုကဲ့သို့ ပြောလိုက်သော်လည်း သူ့တွင် စိုးရိမ်မှုများ ရှိနေပုံရပြီး လုပ်ရဲဆိုရဲ မရှိပေ။


ရှဲ့ဟွိုင်သည် ရုတ်တရက် ရယ်မောပြီး ပြောသည် “လက်ဖက်ရည် တစ်ခွက်လောက် လာသောက်ပါလား။ အချိန်ယူပြီး စကားပြောကြတာပေါ့။”


ဖုန်ယင်းသည် ကြာမြင့်စွာ ကြည့်နေပြီး အေးစက်စွာ ပြောသည် “ဘယ်သူက ဘယ်သူ့ကို ကြောက်နေတာလဲ။ ငါ မလာရဲဘူးလို့ မင်းထင်နေတာလား။”


ထိုသို့ပြောကာ သူသည် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူတို့ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိပါ။ ဖုန်ယင်း၏ကျောသည် ပြတင်းပေါက်ကို အနည်းငယ် ပိတ်ထားသည်။ သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး စိုးရိမ်သော အမူအရာသို့ပြောင်းသွားသည်။ တိတ်ဆိတ်စွာ နှုတ်ခမ်းလှုပ်ကာ “မင်းကို ငါ စိတ်ပူနေတာ။” ဟု ပြောသည်။


ရှဲ့ဟွိုင်သည် သူ့ရှေ့မှာ ရပ်နေသော လူငယ်ကို ကြည့်ရင်း စဉ်းစားနေသည်။ မသိစိတ်ရှိသည့် မနာလိုဝန်တိုမှုဟာ အပေါ်ယံသဘောပင်။ သူသည် သူ့ကို သွားရောက်တွေ့ဆုံဖို့ အခွင့်အရေးရှာရန် ရည်ရွယ်ချက်နှင့် လာခဲ့သည်။ သို့သော် ရှဲ့ဟွိုင်သည် သူ့ကို မမှတ်မိပါ။


ဖုန်ယင်းလည်း ရှဲ့ဟွိုင်၏ယုံကြည်မှုကို ရယူရန် လိုအပ်သည်ကို သိသည်။ သူသည် တစ်လှမ်းတိုးပြီး လက်ဖက်ရည်ထဲသို့ လက်ချောင်းထိုးကာ စားပွဲပေါ်တွင် စာလုံးနှစ်လုံးရေးသည်- ဖုန်ယင်း။

ရှဲ့ဟွိုင် ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး စဉ်းစားနေသည်။


လွန်ခဲ့သော ခုနစ်နှစ်က ရှီးယွမ်ပြည်နယ်၏ပေလိပ်နီဂိုဏ်းကို မကောင်းဆိုးဝါး ဂိုဏ်းတစ်ခုဖြစ်သော လမင်းတစ္ဆေအယူဝါဒမှ ဖျက်ဆီးခဲ့ပြီး ပေလိပ်နီဂိုဏ်းခေါင်းဆောင်၏ သားငယ်ဖုန်ယင်းကို နတ်ဆိုးများက ဖမ်းဆီးခဲ့သည်။ ရှဲ့ဟွိုင်သည် ရှီးယွမ်တွင် ခရီးသွားနေစဉ် ဤကိစ္စကို ကြားသိပြီးနောက် သူ၏ဓားဖြင့် လမင်းတစ္ဆေအယူဝါဒကို ဖျက်ဆီးခဲ့သည်။ သို့သော် သူသည် ဖမ်းဆီးခံထားရသော ဖုန်ယင်းကို ကယ်တင်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ထိုကလေးသည် သေဆုံးသွားပြီဟု သူထင်ခဲ့သည်။


သူ၏ မျက်လုံးများ နီရဲနေသည်။ ထိုအချိန်က လမင်းတစ္ဆေအယူဝါဒမှ ဖမ်းဆီးခံထားရစဉ် သူ၏ကျင့်ကြံမှု စွမ်းရည်သည် မမြင့်သေးမကြောင်း သူတို့ သိရှိခဲ့ပြီး သူသည် အတော်အတန် ကြည့်ကောင်းနေသောကြောင့် ဟယ်ဟွမ့်ဂိုဏ်း၏အကြီးအကဲတစ်ဦးထံ ရောင်းချခဲ့သည်။ ဟယ်ဟွမ့်ဂိုဏ်၏ အကြီးအကဲသည် သူ့ကို မီးပြင်းကျင့်ကြံမှု လေ့ကျင့်ပေးကာ နတ်ဆိုးအရှင်ထံ ပို့ဆောင်ဆက်သခဲ့သည်။


ထိုနှစ်များတစ်လျှောက် သူသည် မလွတ်မြောက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ခွာရန် နောက်ကျသွားပြီဖြစ်သည်။ သူသည် ယုတ်ညံ့လာပြီး အတိတ်ကို ရင်ဆိုင်ရန် မရဲတော့သဖြင့် မကောင်းဆိုးဝါးနတ်ဆိုးလမ်းကြောင်းထဲတွင် ထပ်မံနစ်မြုပ်သွားခဲ့သည်။


သို့သော် သူမိသားစု၏သွေးကြွေးကို ယွီယီကျွင်းမှ သူ့အတွက် ပေးဆပ်ပေးခဲ့သည်ကို သူ အမြဲသတိရနေခဲ့သည်။


သူသည် ကျေးဇူးဆပ်ရန် အခွင့်အရေး ရလိမ့်မည်ဟု မထင်မိခဲ့ပေ။

ဖုန်ယင်းသည် စာလုံးတစ်လုံးချင်းစီကို ကြမ်းပြင်ပေါ်တွင် ရေးသားသည်။ “ငါ့မှာ အချက်အလက်တွေကို အပြင်ကို ပို့ဖို့ နည်းလမ်းရှိတယ်။ မင်းက စကားလုံးတစ်လုံးပေးရုံနဲ့ ငါ ဘယ်လောက်ပဲ အားထုတ်ရ အားထုတ်မယ်။”


ရှဲ့ဟွိုင်သည် ခဏတာ ငြိမ်သက်နေပြီး ပြောသည် “ငါ နားလည်ပြီ။”

ဖုန်ယင်းသည် ထပြီး မျက်လုံးများကို ပွတ်သပ်ကာ လက်များ တုန်နေသည်အထိ စိတ်လှုပ်ရှားနေသည်။ တကယ်တော့ ရှဲ့ဟွိုင်က သူ့ကို မယုံကြည်မှာ သို့မဟုတ် သူ့၏ လက်ရှိအခြေအနေကို အထင်သေးမည်ကို သူ အရမ်းစိုးရိမ်နေခဲ့သည်…… ‘ရှဲ့ဟွိုင် အထင်သေးခြင်းမပြုခဲ့တာ ကျေးဇူးတင်စရာပါပဲ။’


ဖုန်ယင်းသည် သူ၏ရိုးသားမှုရှိမရှိ မဆိုထားနှင့် ဤမျှ ရဲရင့်စွာ လာရောက်ခြင်းသည် အလွန်အန္တရာယ်များပြီး သူ့ကိုယ်သူ အန္တရာယ်ထဲသို့ ထည့်သွင်းနေခြင်းဖြစ်သည်။

ဖုန်ယင်းသည်လည်း သူသည် စိတ်လှုပ်ရှားမိကြောင်း သိသည်။


သူသည် ယွီယီကျွင်းကို စိတ်ပူနေခြင်း မဟုတ်ခဲ့ပါက၊ သူ၏ကျေးဇူးရှင်သည် နတ်ဆိုးအရှင်၏ ညှင်းပန်းမှုကို ခံနိုင်ရည်မရှိမည်ကို စိုးရိမ်နေခြင်း မဟုတ်ခဲ့ပါက၊ ဤအန္တရာယ်ထဲမဝင်ပါက သူ့ကိုယ်သူ ထုတ်ဖော်ပြသခဲ့မည် မဟုတ်ပေ။


"ငါ သွားတော့မယ်။ အကယ်လို့ အရှင့်မှာ အရေးကိစ္စတစ်ခုခု ရှိပါက အမိန့်ပေးလိုက်ပါ" ဟု ဖုန်ယင်းက အသံနိမ့်ချစွာ ပြောဆိုပြီးနောက် ရုတ်တရက် နောက်တစ်လှမ်း ဆုတ်ကာ အသံကို မြှင့်တင်လိုက်သည်၊ "မင်းကိုယ်မင်း ဟုတ်လှပြီဆိုပြီး သိပ်ပျော်မနေနဲ့။ အရှင်က မင်းကိုရိုးရိုးလေး အသုံးချပြီး စိတ်ဝင်စားစရာ ရှာနေရုံပဲ။ မင်းကို မကြာခင်မှာ ငြီးငွေ့သွားလိမ့်မယ်!"


…………………………


ဖန်းလီသည် စာကြည့်ခန်းထဲတွင် ထိုင်နေသည်။

ဤနေ့ရက်များတွင် သူသည် ရှဲ့ဟွိုင်ထံသို့ မသွားခဲ့သော်လည်း သူ၏ကျေးကျွန်များကို သူ့အား မကောင်းမွန်စွာ ဆက်ဆံရန် ညွှန်ကြားခဲ့သည်။ အမှန်တကယ်တော့ ညဘက်တွင် အနည်းငယ် လွမ်းနေခြင်းသည် ကြီးမားသော ကိစ္စတစ်ခုတော့ မဟုတ်ပါ။ ယခုအခါ သူသည် ရှဲ့ဟွိုင်ကို ချစ်မိကြောင်း မည်သူမသိသနည်း။


ရလဒ်သည် တူညီနေသရွေ့ ပြဿနာ မရှိပါ။


ဖန်းလီသည် ပင်ပန်းလာသည်အထိ စာဖတ်ပြီး မျက်လုံးများကို ပိတ်ကာ အနည်းငယ် အိပ်ပျော်သွားသည်။ သူသည် ရှဲ့ဟွိုင်အကြောင်း စဉ်းစားရန် တွေးထားသော်လည်း သူအိပ်ပျော်နေစဉ် သူ့အနားကို ချဉ်းကပ်ပြီး၊ သူ၏လည်ပင်းကို ထိရန် ကြိုးစားခဲ့သည်ကို…… ရှဲ့ဟွိုင် ဘယ်လိုထင်မည်နည်း။


သူသည် ဤခက်ခဲစွာရရှိထားသောဆက်ဆံရေးကို ခဏတာ ပေါ့ဆမှုကြောင့် ပျက်စီးလိုခြင်းမရှိပါ။


ဖန်းလီသည် အနည်းငယ် သက်ပြင်းချကာ သူ၏နဖူးကို ဖိလိုက်သည်။ ရုတ်တရက် အရိပ်တစ်ခုသည် သူ့ဘေးတွင် ကျရောက်လာပြီး၊ တိတ်တဆိတ် ပြောဆိုသည်။


ဤသည်မှာ သူ၏လျှို့ဝှက်စောင့်ကြည့်သူဖြစ်ပြီး၊ ရှဲ့ဟွိုင်ဘေးတွင် ထားခဲ့ပြီး ရှဲ့ဟွိုင်ထံ ပြဿနာရှာရန် တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း သူ့အား အစီရင်ခံသည်။ သူသည် ရှဲ့ဟွိုင်ကို မြှောက်စားထားသော ဤကာလအတွင်း တကယ်ပင် မကျေနပ်သော လူအနည်းငယ် ရှိနေသည်ဟု သိရသည်။


သူ၏မှတ်ဉာဏ်များကို နည်းနည်းချင်း ရှာဖွေပြီးနောက် ဖန်းလီသည် ခေါင်းကို ခါလိုက်သည်။


သို့သော် ဤလုပ်ဆောင်ချက်များသည် ဟယ်ဟွမ့်ဂိုဏ်းအတွက် လုပ်ဆောင်ခြင်းလား၊ သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခု ရှိခြင်းလား သူမသိပါ။


အကယ်၍ သူသည် ဟယ်ဟွမ့်ဂိုဏ်းအတွက် တစ်ခုခု လုပ်ဆောင်နေခဲ့ပါက ထိုအရာသည် ထူးဆန်းစရာ မဟုတ်ပါ။ သို့သော် ရှဲ့ဟွိုင်ဆီသို့ သွားရန် ယောင်းအာကို ဘာကြောင့် ချန်ထားခဲ့သနည်း။ သူ၏စိတ်သည် တကယ်ပင် မနာလိုမှုကြောင့် ရှုပ်ထွေးနေခြင်း မဟုတ်ဘူးလား။ စိတ်ဝင်စားစရာ……


ဖန်းလီသည် အနည်းငယ်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် ပြုံးရယ်လိုက်သည်။ သူ၏ရည်ရွယ်ချက်က ဘာဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါ။ အကယ်၍ ဖုန်ယင်းသည် လာရောက်လည်ပတ်လိုပါက သူသွားနိုင်သည်။ ရှဲ့ဟွိုင်သည် သူ့ဘေးတွင် ရှိနေသရွေ့ ဇာတ်ညွှန်းကို လိုက်နာရန် သူ့ကို လိုက်လျောပေးနိုင်သရွေ့ အခြားအရာများကို မျက်ကွယ်ပြုပြီး အေးချမ်းစွာ နေနိုင်သည်။


ထို့အပြင် ဇာတ်ညွှန်းတွင် ဤအပိုင်းကို မဖော်ပြထားပါ။ ဖုန်ယင်း၏အခန်းကဏ္ဍကို သူ သေချာမသိပါ။ ထို့ကြောင့် အပိုကိစ္စများကို အလွန်အမင်း စိတ်မပူသင့်ပါ။

ဖန်းလီသည် လက်ကို လှုပ်ပြီး "ကောင်းပါပြီ၊ ဒါကို မစိတ်ပူနဲ့။" ဟု ပြောသည်။


ဖန်းလီသည် ထပြီးတံခါးကို ဖွင့်ကာ ထွက်သွားသည်။


【 စနစ်: အရှင်၊ ဘယ် သွားမလို့လဲ? 】


【 ဖန်းလီ: တစ်ယောက်က ရှဲ့ဟွိုင်းကို ပြဿနာရှာဖို့ ရောက်လာတယ်တဲ့။ ငါအရှင် သူ့ဘေးမှာ ရှိမနေရင် သူ့ကို ဂရုမစိုက်ဘဲ ထားတယ်လို့ ထင်နေမယ်မလား】


【 စနစ်: မှန်ပါတယ်၊ အရှင်။ အရှင်က တကယ် အရမ်းတော်တယ်! 】’ကောင်းကင်ဘုံကျေးဇူးတင်ပါတယ်၊ အရှင် နောက်ဆုံးတော့ ရှဲ့ဟွိုင်ဆီ သွားဖို့ ဆန္ဒရှိနေပြီ!


တံခါးအပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယောင်းအာ လာနေသည်ကို မြင်လိုက်ရသည်။ ယောင်းအာသည် ဖန်းလီကို မြင်သည်နှင့် လှပသော၊ ချစ်စရာကောင်းသော မိဖုရားတစ်ပါး၏ မျက်နှာပုံစံကို ပြသပြီး "အရှင်၊ အရှင် ယောင်းအာ ကို မေ့သွားပြီလား?!" ဟု မကျေမနပ်ဖြင့် ပြောဆိုသည်။

သူ၏လက်ကောက်ဝတ်တွင် ပတ်တီးစည်းထားသည်။ ယခုအချိန်တွင် ဒဏ်ရာသည် ပျောက်ကင်းသွားသင့်သော်လည်း ဖန်းလီကို မမေ့စေလိုသောကြောင့် သူ့ကို သတိပေးနေသည်ဟု ထင်ရသည်……


ရန်ဆွေး၏မှတ်ဉာဏ်များတွင် သူ၏အနောက်နန်းရှိသူများသည် ဤမျှရဲရင့်ခြင်း မရှိဘဲ တိတ်ဆိတ်စွာနေပြီး သူ့ကို မြင်သည့်အခါတွင် အသက်ရှူသံကိုပင် မထွက်ရဲကြပေ…… သူသည် ဤနေရာတွင် ရက်အနည်းငယ်သာ နေထိုင်ခဲ့ပြီး သူ့အား ကျေးဇူးတင်လိုသူ တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူသည် သူတို့အား မပေးသင့်သော အထင်မှားမှုကို ပေးမိခဲ့ပြီး သူတို့သည် ရဲရင့်စွာ ပြုမူနိုင်သည်ဟု ထင်မှတ်စေခဲ့သည်။


ဖန်းလီသည် အချိန်ကိုဖြုန်းတီးသော အရာများကို လုပ်ဆောင်ရန် မနှစ်သက်ပါ။


သူသည် ယောင်းအာကို "ငါ မမေ့ဘူး" ဟု ပြောဆိုသည်။


သူ့အရှင်သည် သူမေ့သွားတာမဟုတ်ဘူးဟု ပြောသည်မှာ ပျော်စရာကောင်းသည့်အရာဖြစ်သင့်သော်လည်း ယောင်းအာသည် ဖန်းလီ၏မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် နူးညံ့နေပုံရသော်လည်း နွေးထွေးမှုလုံးဝမရှိပါ။ ရုတ်တရက်ပဲ သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်...... သူ့မျက်နှာအမူအရာသည် တဖြည်းဖြည်းခဲသွားကာ သူ့နှုတ်ခမ်းများ အနည်းငယ်တုန်လာသည်။


ယောင်းအာသည် ရုတ်တရက်ပဲ သူအတွေးမှားကာ မလုပ်သင့်တာတစ်ခုလုပ်မိသည်ကို သတိထားမိလိုက်သည်။

ဖန်းလီသည် နူးညံ့စွာရယ်မောလိုက်သည်။ "နောက်ခါ ငါ့ဆီမလာနဲ့။"


ယောင်းအာတစ်ကိုယ်လုံး မတ်တပ်မရပ်နိုင်အောင် မြေပေါ်မှာ ဒူးထောက်လျက်လဲနေသည်။ သူနားမလည်နိုင်သည်မှာ - သူ့အရှင်သည် သူ့အပေါ်ကို အရမ်းနူးညံ့ကာ အထူးဆက်ဆံမှုများပေးခဲ့သည်။ သို့သော် အရှင်သည် ‘ဘာလို့များ ရက်ပိုင်းအတွင်းမှာပဲ အရင်ကလို အေးစက်ပြီး ကြမ်းတမ်းတဲ့ပုံစံပြန်ဖြစ်သွားတာလဲ။

ဒါဟာ တကယ်ပဲ သူ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုတစ်ခုလား။’


ထို့နောက် ဖန်းလီသည် ရှဲ့ဟွိုင်၏ဥယျာဉ်ထဲကို ဖြည်းဖြည်းချင်းဝင်သွားသည်။ ဖန်းလီဝင်လာသည်နှင့် ဖုန်ယင်းသည် တံခါးကိုဖွင့်ပြီ ဒေါသထွက်ကာ လေထဲပျံတက်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် ဤတရားမျှတသည့်ဂိုဏ်းသားကို ရွံမုန်းပြီး မထီမဲ့မြင်ပြုသလို ဆဲဆိုရင်းထွက်သွားသည်......


ဖန်းလီသည် မျက်လုံးများကိုမှေးစင်းလိုက်သည်။ ဇာတ်ညွှန်းအရဆိုရင် ဤအချိန်တွင် ရန်ဆွေးသည် ရှဲ့ဟွိုင်ကို ချစ်ကြိုက်နေပြီဖြစ်သင့်သည်။ ထို့ပြင် ဤဝတ္ထုတွင် အစမှအဆုံးထိ ဖြတ်သန်းသွားသည့် အဓိကအကြောင်းအရာတစ်ခုရှိသည်။

ရန်ဆွေးသည် ရှဲ့ဟွိုင်ကို မည်မျှပင် အရှက်ရအောင် ဒဏ်ခတ်ပစ်ပစ် တခြားသူတစ်ယောက်ယောက်က ရှဲ့ဟွိုင်၏လက်ချောင်းတစ်ချောင်းကို ထိလိုက်ရင်ပင် သူတို့သေရမည်။


‘စဉ်းစားကြည့်ရင် ဖုန်းယင်းက ရှဲ့ဟွိုင်ရဲ့လက်ချောင်းတစ်ချောင်းကို တကယ်ထိမိပြီးပြီလား။ အစီရင်ခံတာကို နားထောင်ရင် သူက ဆဲဆိုတာလောက်ပဲ လုပ်ခဲ့တာလို့ထင်တယ်။ ပြီးတော့ သူဆဲဆိုတာလည်း တကယ့်ကို ဘယ်နေရာမှမထိခိုက်ခဲ့ဘူးလို့ ထင်ရတယ်။

ဒါဆိုရင်...... သေဒဏ်ပေးဖို့မလိုပါဘူး။ အပြစ်ပေးခံရတာတော့ ရှောင်လွှဲလို့မရနိုင်ဘူး။’


ဖန်းလီသည် လည်ချောင်းရှင်းလိုက်ကာ သူ့မျက်နှာသည် အေးစက်ပြီး ဂရုမစိုက်ဟန်ဖြင့် သူ့ဘေးမှ ကျေးကျွန်ကို ပြောလိုက်သည် "နောက်ပိုသတိထား။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့တော့။ နောက်ခါ ယွီယီကျွင်းကို မရိုမသေပြုတဲ့သူတစ်ယောက်ယောက်ရှိရင် သနားကရုဏာမရှိဘဲ သတ်ပစ်လိုက်။ သူ့ကိုတော့......"

သူသည် မျက်လုံးတွေကိုနှိမ့်ချပြီး ဖုန်ယင်းကိုကြည့်လိုက်သည်။ သူ့နောက်စကားလုံးတွေ မပြောရသေးခင်မှာ တံခါးက တကျွတ်ကျွတ်နဲ့ပွင့်လာပြီး ရှဲ့ဟွိုင် ပေါ်လာသည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာသည် အေးစက်ကာ တောင်ထိပ်မှာရှိသည် နှင်းများကဲ့သို့ အေးမြပြီး ဂရုမစိုက်သလိုပင်။ သူသည် ဖြည်းဖြည်းချင်းပြောလိုက်သည် "ခင်ဗျားရဲ့လူတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကျွန်တော်မှတ်ချက်ပေးဖို့ အခွင့်အရေးမရှိပါဘူး။ ဒါပေမဲ့ အကယ်၍ ဒါက ကျွန်တော့်အတွက်ဆိုရင်တော့ မလိုအပ်ပါဘူး။ ခင်ဗျားရဲ့ ကြီးမားတဲ့ကျေးဇူးတရားကို ကျွန်တော်ခံယူဖို့ မတတ်နိုင်ပါဘူး။"


‘တကယ့်ကို အေးစက်ပြီး ကြမ်းတမ်းတဲ့သူပဲ။ သူက ဖုန်ယင်းကို လုံးဝဂရုစိုက်ပုံမပေါ်ဘူး။’

သူစိတ်ဆိုးသည်မှာ ဖန်းလီ၏လုပ်ရပ်များကိုပင်။


သို့သော် ဖန်းလီသည် ဖုန်ယင်းကို သတ်ပစ်ဖို့ စိတ်ကူးမရှိပါ။


သူသည် ဖုန်ယင်းကို လျစ်လျူရှုပစ်ဖို့ အခွင့်အရေးကို အသုံးချလိုက်သည်။ အေးစက်ပြီး နိုင်ထက်စီးနင်းသည့်ပုံစံဖြင့် ပြောလိုက်သည် "မင်းက ငါအရှင်ရဲ့ပိုင်ဆိုင်မှုဖြစ်တာကြောင့် ငါအရှင်ကလွဲရင် တခြားဘယ်သူမှ မင်းကို မထီမဲ့မြင်ပြုခွင့်မရှိဘူး။ မင်းမလိုချင်ရင်တောင် မင်းခံယူရမှာ မလွဲမသွေပဲ။"


ရှဲ့ဟွိုင်သည် သူ့ကို အေးဆေးတည်ငြိမ်စွာကြည့်လိုက်ပြီး "ခင်ဗျားစိတ်ကြိုက်လုပ်ပါ။" ဟုပြောလိုက်သည်။


‘အမြင့်ဆုံးအဆင့်ရှိတဲ့ မထီမဲ့မြင်ပြုမှုက တစ်ယောက်ယောက်ကို လျစ်လျူရှုပစ်တာ၊ မြင်တယ်ဆိုပေမယ့် မမြင်ဘဲနေတာ၊ တခြားသူကို လေထုလိုသဘောထားတာပါပဲ။’


အခုအချိန်မှာ ရှဲ့ဟွိုင်သည် တကယ့်ကို သူ့ကို လေထုလိုသဘောထားနေသည်။


ဖန်းလီသည် လေထုလိုသဘောထားခံရသည်ကို အရမ်းကြိုက်သည်။ သူသည် ရှဲ့ဟွိုင်ကို ဒီအတိုင်းပဲ ဆက်နေစေချင်သည်။ သို့သော် အခုအချိန်မှာ သူသည် နတ်ဆိုးအရှင်ဖြစ်နေသည်။ သူသည် အနှစ်သာရမရှိတဲ့ပုံစံဖြင့် ထွက်မသွားနိုင်ပါ။ သို့မှမဟုတ်လျှင် နတ်ဆိုးအရှင်၏ဂုဏ်သိက္ခာကို ထိခိုက်စေမည်။


‘တံခါးပိတ်ပြီး နောက်ကွယ်မှာဆိုရင်တော့ ဒါကိုမေ့ထားလို့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာ လူတွေကြည့်နေတယ်။ သူ့ဂုဏ်သိက္ခာကို လျစ်လျူမရှုနိုင်ဘူး။’


ဖန်းလီသည် ဒေါသထွက်သွားသည်။ သူသည် ရုတ်တရက်ရှေ့ကိုတိုးပြီး ရှဲ့ဟွိုင်၏လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ ပြီးတော့ သူ့ကို တံခါးနဲ့ဖိထားလိုက်သည်။ သူသည် ဒေါသအသံဖြင့် ပြောလိုက်သည်၊ "ငါ့ကို ဒီလိုပြောဆိုဖို့ ဘယ်သူကခွင့်ပြုထားတာလဲ။  မင်းအသိတရားရအောင် လုပ်ပေးရတော့မယ်ထင်တယ်။"


ကြမ်းတမ်းပြီး အေးစက်သည့် ကြင်နာတတ်မှုမရှိသည့် အလွန်အမင်းပိုင်စိုးလိုသည့် စိတ်ရူးပေါက်နေသည့် နတ်ဆိုးအရှင်။ ဖန်းလီသည် ဒီအခန်းကဏ္ဍကို စတင်နားလည်လာသည်။ သူ၏လက်ကောက်ဝတ်ကို ပိုတင်းအောင်ဆုပ်ကိုင်ပြီး ရှဲ့ဟွိုင်ကို အခန်းထဲဆွဲသွင်းဖို့ စတင်လုပ်ဆောင်ရန်ပြင်သည်။ သို့သော် ရုတ်တရက် ရှဲ့ဟွိုင်၏နှုတ်ခမ်းများသည် ဖန်းလီ၏နားနားကပ်လာသည်။ သူ့အသံသည် အေးမြပြီး ကြည်လင်သည်။ "ဟုတ်လား။ ခင်ဗျားက ကျွန်တော့်ကို အသိတရားရအောင် ဘယ်လိုလုပ်မှာလဲ။"


သူ့ကို စိန်ခေါ်နေသလို ခံစားရသည်။


End


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment