no

Font
Theme

Chapter 3




မရေမတွက်နိုင်အောင် အလွန်မြင့်မြတ်သည့် စိတ်ဝိညာဉ်ပစ္စည်းများသည် လေထုထဲသို့ ပျံတက်လာကြသည်။ ထိုအရာတို့ကို ဦးဆောင်နေသည်မှာ ကြီးမားသော အနက်ရောင်သင်္ဘောကြီးဖြစ်ပြီး သွားရာနေရာတိုင်းတွင် မှောင်မိုက်သော မျှော်စင်တစ်ခုကဲ့သို့ အရိပ်ကျလျက်ရှိနေသည်။ ကောင်းကင်မှ ဆင်းသက်လာသော အနက်ရောင်ပြာဿဒ်ကဲ့သို့ ဖြစ်နေပြီး မြင်ရသူတိုင်း၏စိတ်နှလုံးသားများကို အလွန်ပင်တုန်လှုပ်စေသည်။




ဖန်းလီသည် သင်္ဘော၏ဦးပိုင်းတွင် ရပ်နေသည်။ ကာကွယ်ရေးအကာအရံကြောင့် သူ၏ဝတ်ရုံကအစ လေတိုက်ခတ်မှုဒဏ်ကို မခံစားရသည့်အပြင် အေးစက်သောလေကို လုံးဝမတွေ့ထိရပေ။




ရန်ဆွေးသည် ဝိညာဉ်ချိတ်ပိတ်အစီိအရင် ၏ဒဏ်ကို ခံစားရခြင်းမှာ သူ၏ “ချီ”လမ်းကြောင်းမှားယွင်းမှုကြောင့်သာဖြစ်ပြီး သူ၏ဝိညာဉ်မှာ ကြေမွပျက်စီးကာ ခန္ဓာကိုယ်၏အတွင်းစွမ်းအင်များ ရှုပ်ထွေးသွားခြင်းဖြစ်သည်။ အကယ်၍ သူသည် မစဉ်းစားဘဲ လုပ်ဆောင်မိပါက ”ချီ” လမ်းကြောင်းမှားယွင်းမှုကြောင့် ရူးသွပ်သွားနိုင်သည်...... သူတို့သည် အသူရာတောင်ကြောသို့ မကြာမီရောက်ရှိလာမည်ဖြစ်ပြီး သူ၏စွမ်းအားကို မြန်မြန်ပြန်လည်ရှင်သန်အောင် မလုပ်နိုင်ပါက ထိုရိုင်းစိုင်းသော မတည်ငြိမ်သည့် လက်အောက်ငယ်သားများကို ထိန်းချုပ်ရန် ခက်ခဲလာမည်ဖြစ်သည်။




သို့သော် အစကတည်းက သူသည် ဤမစ်ရှင်ကို အောင်မြင်စွာပြီးမြောက်မည်ဟု ကတိမပေးခဲ့ပေ......။ ဖန်းလီသည် “ချီ” လမ်းကြောင်းမှားယွင်းခြင်းသည် မည်သည့်ခံစားမှုမျိုးဖြစ်မည်နည်းဆိုသည်ကို ခေတ္တမျှစဉ်းစားလိုက်သည်။




စာပေများတွင်ဖော်ပြထားသည့်အတိုင်း ဖြစ်မည်လား?...... ကောင်းကင်ဘုံတွင် နှစ်မြှုပ်ပြီး စွဲမက်ဖွယ်ကောင်းသော စိတ်ကူးယဉ်မှုများတွင်နစ်မွန်းကာ မိမိကိုယ်ကို အမြဲပျောက်ဆုံးနေမလား။ လှပသောအိပ်မက်ထဲတွင် သေဆုံးခြင်းသည် ကံကောင်းမှုတစ်မျိုးပင်ဖြစ်မည်…။




သို့သော် ရန်ဆွေးသည် ထိုကဲ့သို့သော အိပ်မက်မှ နိုးထလိုစိတ် မရှိဟုသာ ထင်ရသည်။ သို့သော် သူမည်သည့်အရာကို မက်မောနေသည်ကိုမူ ဖန်းလီပင်မသိနိုင်ပေ။




ဝူယီမေ့သည် ဘေးတစ်ဖက်တွင် ရိုသေစွာရပ်တည်နေပြီး မျက်ခုံးများအနည်းငယ်တွန့်လျက် တိမ်လွှာနှင်းမှုန်ဂိုဏ်းကို တိုက်ခိုက်ရခြင်း၏အကြောင်းရင်းကို ခန့်မှန်းနေသည်။ ရန်ဆွေးသည် တရားမျှတသော အခြားသောဂိုဏ်းများကို ခြိမ်းခြောက်ပြရန်အတွက်သာဖြစ်သည်။ တိမ်လွှာနှင်းမှုန်ဂိုဏ်းသည် သမိုင်းအရှည်ကြာဆုံးနှင့် ဂိုဏ်းကြီးငါးဂိုဏ်း၏ဦးဆောင်‌ဂိုဏ်းဖြစ်သည်။ ထိိုဂိုဏ်းသည် ဂုဏ်သိက္ခာရှိသော နေရာတွင်ရပ်တည်နေပြီး တရားမျှတသောအခြားဂိုဏ်းများအတွက် စံနမူနာတစ်ခုအဖြစ် အမြဲတမ်းရပ်တည်နေခဲ့သည်။ ထို့ကြောင့်ပင် တိမ်လွှာနှင်းမှုန်ဂိုဏ်းကို အသုံးချ၍ သတိပေးချက်ထုတ်ပြန်သည်မှာ ပိုမိုသင့်လျော်သည်ဟုယူဆသောကြောင့်ဖြစ်သည်။




ယွီယီကျွင်း ရှဲ့ဟွိုင်သည် ဝိညာဉ်စွမ်းအင်အဆင့်ကို ရောက်ရှိကာ အရွယ်ငယ်ငယ်နှင့် မကုန်ခမ်းနိုင်သော စွမ်းရည်ရှိသူဖြစ်ပြီး သေဆုံးရန် စောင့်ဆိုင်းနေရသည့် သက်ကြီးရွယ်အိုများနှင့် နှိုင်းယှဉ်၍မရပေ။ ထို့အပြင် သူ၏တိုက်ခိုက်မှုစွမ်းရည်သည် အလွန်ပြင်းထန်ပြီး သူ့ထက်မြင့်သော ကျင့်ကြံမှုအဆင့် ရှိသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ကာ သူ၏အေးစက်သောဓားသွားသည် မရေမတွက်နိုင်သော၊ မကောင်းသောသူများ၏အသက်များကို အလွယ်တကူ ယူဆောင်သွားနိုင်ခဲ့သည်။ မကောင်းသောကျင့်ကြံသူများသည် သေရဲသည့်စိတ်ဖြင့် ရှေ့သို့ပြေးလွှားကာ သူ၏စွမ်းအားကို ဖြုန်းတီးရန် ကြိုးစားသော်လည်း...... အဆုံး၌မူ သူ့ကိုဒဏ်ရာရစေရန် နတ်ဆိုးအရှင် ကိုယ်တိုင် ရှေ့သို့တက်လှမ်းရန် လိုအပ်ခဲ့သည်။




ရှဲ့ဟွိုင်သည် လွန်စွာကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။




ဤကဲ့သို့သော ပြိုင်ဘက်သည် သူ့အတွက် ဘေးအန္တရာယ်ဖြစ်လာမည်မှာ သေချာသည်။ သူ့ကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ပေ။ မှန်ကန်သောရွေးချယ်မှုမှာ ဤပြဿနာကို အမြစ်ပါဖြတ်ရန်ဖြစ်သည်....ဟု ဝူယီမေ့ ထင်မှတ်ခဲ့သည်။ နတ်ဆိုးအရှင်သည် ရှဲ့ဟွိုင်ကို သူ၏ကစားစရာအဖြစ်သတ်မှတ်ကာ ဤခြိမ်းခြောက်မှုကို အချိန်မတိုင်မီ ဖျက်သိမ်းရန် ဖြစ်သည်။ သို့သော် သူသည် ရှဲ့ဟွိုင်ကို တကယ်ပင် ပြန်ခေါ်ဆောင်မည်လော......?




ယခင်က သူသည် နတ်ဆိုးအရှင်၏အတွေးများကို မှတ်ချက်ပေးရန် မဝံ့ရဲခဲ့ပေ။ သို့သော် ရှဲ့ဟွိုင်ကဲ့သို့သောသူကို သူ့အနားတွင် ကစားစရာအဖြစ် ခေါ်ဆောင်ထားခြင်းသည် မီးနှင့်ကစားခြင်းပင်မည်၏။ အနည်းငယ်မျှ ဂရုမစိုက်မိပါက ဘယ်သူကျန်ရစ်မည်ကို ကြိုတင်မှန်းဆရန် ခက်ခဲသည်။




သို့ပင်လျှင်… ရှဲ့ဟွိုင်ကို ကိုယ်တိုင်မြင်ပြီးနောက် နတ်ဆိုးအရှင်သည်လည်း သူ၏အသွင်အပြင်ကို စွဲလမ်းကာ ထိုကဲ့သို့သော ရည်ရွယ်ချက်များ ဖြစ်ပေါ်လာခြင်းလား......?




ဝူယီမေ့သည် လေးနက်စွာ စဉ်းစားလျက်။ နောက်ဆုံးတွင် သူပြောသည်  “အရှင်၊ ဤလက်အောက်ငယ်သားကျွန်ုပ်သည် ရှဲ့ဟွိုင်ကို ပြန်မခေါ်သင့်ဟု ထင်ပါသည်။”




ဖန်းလီသည် သူ၏အာရုံကို စုစည်းကာ ဘေးရှိလူကို ပြုံးရယ်ကာ ကြည့်သည်။ “အိုး အဲဒီတော့ မင်းကဘာလုပ်သင့်တယ်လို့ထင်လဲ။”




ဝူယီမေ့သည် လေသံတိုးတိုးဖြင့် ဖြည်းညှင်းစွာပြောသည်၊ “ရှဲ့ဟွိုင်သည် ကစားစရာအဖြစ် ရှိမနေနိုင်ပါအရှင်။ သူသည် အရှင့်ကို တိုက်ခိုက်ရန် အခွင့်ကို စောင့်နေမည်သာဖြစ်ပြီး သူ့ကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ပါ။ ကျွန်တော်မျိုးအနေဖြင့် သူ့ကိုအမြစ်ပါဖြတ်ရန် လိုအပ်သည်ဟု ထင်ပါသည်။”




ဝူယီ‌မေ့ အမှန်စင်စစ်ပင် လုံ့လဝီရိယရှိကာ ထက်မြက်သော မကောင်းဆိုးဝါး ဇာတ်ကောင်တစ်ဦးဖြစ်သည်။


သူတို့သည် ဇာတ်လိုက်ကို ခေါ်ဆောင်လာခဲ့ပြီး သူ့ကိုသတ်ရန် တိုက်တွန်းနေကြပြီဖြစ်သည်။




ဖန်းလီ၏မျက်နှာအမူအရာသည် ညှိုးငယ်နေပြီး ဝူယီမေ့ကို ဘေးတိုက်ကြည့်ရင်း အေးစက်စွာပြောသည်၊ “သူက ငါကိုယ်တော်ကို ခြိမ်းခြောက်တိုက်ခိုက်နိုင်တယ်လို့  မင်းထင်နေတာပေါ့။”




ဝူယီမေ့၏ မျက်နှာအရောင်ပြောင်းသွားသည်။ သခင်ကြီးစိတ်မကျေနပ်မှာကို စိုးရိမ်သောကြောင့် မြန်မြန်ပြောလိုက်သည်၊ “ကျေးဇူးပြု၍ ထိုသို့မဟုတ်ရပါ အရှင်။ ဒါပေမဲ့ သခင်ကြီးက သူ့ကိုအသုံးချရန် ရည်ရွယ်ချက်မရှိပါက အသက်ရှင်နေရဖို့ အဘယ်ကြောင့်ခွင့်ပြုမည်နည်း? သူ့ကိုသတ်ပစ်လိုက်ပါက ထိုတရားမျှတသောသူတော်စင်များ ပို၍ကြောက်ရွံ့လာမည်မဟုတ်ပါလား။”




ဖန်းလီက “ငါ့မှာ ရည်ရွယ်ချက်မရှိဘူးလို့ ဘယ်သူပြောလဲ” ဟု ပြန်ပြောသည်။




“……”




ဖန်းလီသည် လက်ကို လှေကားလက်ရန်းပေါ်တင်ကာ နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်လေးသမ်းသယောင် ဆုံးဖြတ်ချက်ခိုင်မာသောအသံဖြင့် “အခုအချိန်ကစပြီး သူက ငါ့အပိုင်ဖြစ်ပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မပြောနဲ့” ဟု ပြောလိုက်သည်။




ဖန်းလီ၏ ဆုံးဖြတ်ချက်ကို သိသွားသော ဝူယီမေ့သည် ယခုအချိန်တွင် ရှဲ့ဟွိုင်ကို မထိတော့ပါ။ သို့သော် ထိုကဲ့သို့သောသူကို သခင်ကြီးအနားထားရန် စိတ်မသက်သာပေ။ ခဏကြာပြီးနောက် ထပ်မံပြောသည် “သခင်ကြီးက ရှဲ့ဟွိုင်ကို လက်ခံထားရန် ရည်ရွယ်ပါက သူရဲ့စွမ်းအင်ကို ဖျက်သိမ်းရန် အဘယ်ကြောင့်မစဉ်းစားပါသနည်း? ဤသို့ဆိုလျှင် သခင်ကြီးအသုံးချသည့်အခါ ပို၍နာခံလာမည်မဟုတ်လော။”




ဖန်းလီသည် ဦးခေါင်းလှည့်ကာ ဝူယီမေ့ကို ကြည့်လိုက်သည်။




တကယ်တော့ ဤဖြစ်ရပ်ကို သူမျှော်လင့်မထားခဲ့။ မူရင်းစာအုပ်တွင် ရန်ဆွေးက ရှဲ့ဟွိုင်၏ စွမ်းအင်ကို ဖျက်သိမ်းခဲ့သည်မှန်သော်လည်း...ဝူယီမေ့၏တိုက်တွန်းမှုပါဝင်ကြောင်း ဖော်ပြထားခြင်းမရှိပါ။




ဖန်းလီသည် ခဏစဉ်းစားပြီးနောက် အေးစက်စွာပြောသည် “ထိုကဲ့သို့သော အလှတရားလေးကို သွေးထွက်သံယိုဖြစ်အောင် ဖျက်ဆီးရင် ငါကိုယ်‌တော်ရဲ့စိတ်သဘောကျမှုကိုပါ  ပျက်စီးစေလိမ့်မယ်။ ဝိညာဉ်ချိတ်ပိတ်အစီအရင် ကိုသာအသုံးပြုစမ်းပါ။”




ဝူယီမေ့သည် ဆက်လက်ပြောလိုသေးသော်လည်း ဖန်းလီ၏အေးစက်မာကျောနေသောမျက်နှာကို မြင်သောအခါ “သိပါပြီ” ဟုပြောကာ ဦးညွှတ်ထွက်သွားသည်။ ရှဲ့ဟွိုင်ကို ကိုင်တွယ်ရာတွင် မည်သည့်ပျက်ကွက်မှုမျှ မဖြစ်စေရန် ပြင်ဆင်မှုများလုပ်ရန် ဖြစ်သည်။ သူသည် အမြဲတမ်း သစ္စာရှိပြီး ကြိုးစားသော လက်အောက်ငယ်သားဖြစ်သည်။




ဝူယီမေ့၏ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် ဖန်းလီသည် ခေါင်းညိတ်ကာ သူသစ္စာရှိကြောင်း သိသော်လည်း...ဇာတ်လိုက်နှင့်ဆန့်ကျင်ပါက အဆုံးသတ်မကောင်းမှန်း သိသင့်သည်ဟု တွေးမိသည်။




【စနစ်က စိုးရိမ်စွာပြောသည်: ဝိညာဉ်ချိတ်ပိတ်အစီအရင်ကို အသုံးပြုဖို့ ဘာကြောင့်ညွှန်ကြားခဲ့တာလဲ? ဇာတ်ညွှန်းအရ သူရဲ့ စွမ်းအင်ကိုဖျက်သိမ်းရမှာ။】




【ဖန်းလီ: စွမ်းအင်ဖျက်သိမ်းခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။】




【စနစ်: သူရဲ့စွမ်းအင်ကို ဖယ်ရှားတာက】ချောင်းတစ်ချက်ဆိုးလိုက်သည်...အရှင့်အတွက် သူ့ကိုလိုသလိုအသုံးချနိုင်ဖို့လေ…】




【ဖန်းလီ: ဝိညာဉ်ချိတ်ပိတ်အစီအရင်ရဲ့ ရည်ရွယ်ချက်ကရော?】




【စနစ်: ယာယီစွမ်းအင်ဖယ်ရှားဖို့လေ။】မိစ္ဆာဂိုဏ်းတွေက လက်အောက်ငယ်သားတွေရဲ့ ပညာနဲ့စွမ်းအားကို ပိတ်ဆို့ပြီး လိုသလိုအသုံးချတာမျိုးလေ..】




【ဖန်းလီ: အဲတော့ မင်းမှာ မေးခွန်းရှိသေးလား?】




【စနစ်: ……】သို့သော် ဤအရာနှစ်ခုလုံးသည် လုံးဝကွဲပြားသည်။ စွမ်းအင်ဖျက်သိမ်းခြင်းသည် အပြီးအပိုင်ဖြစ်ပြီး ပြန်လည်မရနိုင်သော်လည်း ဝိညာဉ်ချိတ်ပိတ်အစီအရင်သည် ယာယီသာဖြစ်ကာ ပြန်လည်ဖယ်ရှားနိုင်သည်။ တစ်ခုမှာ ယာယီ၊ တစ်ခုမှာ အပြီးအပိုင်...




သို့သော် စွမ်းအင်အဖျက်ခံရပြီးနောက် ရှဲ့ဟွိုင်သည် ပြန်လည်နိုးထလာနိုင်သည်ကို ကြည့်လျှင်...အမှန်တကယ် ကွာခြားမှုမရှိနိုင်ဟု ထင်ရသည်……




【ဖန်းလီ: ဤခန္ဓာကိုယ်က “ချီ”လမ်းကြောင်းသွေဖယ်မှုကို ကြုံတွေ့နေရတာ။ အဲဒါနဲ့တင် ငါတော်တော်အလုပ်များနေပြီ။ အဲတော့ ငါကိုယ်တိုင်လုပ်ရင် အရင်ဆုံးသေမဲ့သူက ငါဖြစ်သွားလိမ့်မယ်။】




【စနစ်: ……】




【ဖန်းလီ: ဒါပေမဲ့ ငါသေမှာကို စိတ်ပူစရာမလိုပါဘူး။ အရင်ကလဲ သေဖူးတာပဲလေ။ ဒါပေမဲ့ မင်းက တကယ်လုပ်စေချင်ရင်တော့ ငါက မလုပ်နိုင်တာတော့မဟုတ်ဘူး……】




【စနစ်က ပျော်ရွှင်သောအသံဖြင့်: အဲလိုမဟုတ်ပါဘူး။】သည်းခံလိုက်အံုး၊ နည်းလမ်းတစ်ခုခုနဲ့ သူ့ကိုထိန်းချုပ်နိုင်ရင် အတူတူပဲဖြစ်သွားမယ်မလား……?




ဖန်းလီသည် နှုတ်ခမ်းထောင့်ကို ပင့်ကာ ရယ်မောပြီးနောက် မျက်လုံးများကိုလျှော့ချကာ တွေးတောလိုက်သည်။




မူရင်းဇာတ်လမ်းတွင် ရန်ဆွေးသည် ရှဲ့ဟွိုင်၏ ကျင့်ကြံမှုစွမ်းအင်ကို ကိုယ်တိုင်ဖျက်ဆီးခဲ့သည်သာမက သူ၏နည်းလမ်းများမှာ အလွန်ရက်စက်ပြီး သွေးထွက်သံယိုမှုများဖြင့် ပြည့်နှက်နေသော ဇာတ်ကွက်တစ်ခုကို ဖန်တီးခဲ့သည်။ သူသည် ရှဲ့ဟွိုင်၏ချီစွမ်းအင်ကို ချေမှုန်းခဲ့ရုံသာမက သူ၏အရိုးတစ်ခုစီကို တစ်လက်မစီချိုးဖဲ့ကာ ထိုပါရမီရှင်လူငယ်ကို သေလုနီးပါးအထိ နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ဤနည်းဖြင့် လူတစ်ဦးကို ဆက်ဆံခြင်းသည် သတ်ခြင်းထက် ပိုမိုရက်စက်ပါသည်။




‘ချိုးဖဲ့ခံရသောချီစွမ်းအင်၊ ကြေမွသွားသောအရိုးများ’


နတ်ဘုရားတစ်ပါးတောင်မှ ဤကံကြမ္မာမှ လွတ်မြောက်နိုင်သည့် ကောင်းကင်ဘုံ၏ စွမ်းအားကို မရနိုင်ပါ။ ရန်ဆွေးသည် သူ့ကို အပြီးတိုင် လုံးဝဖျက်ဆီးလိုခဲ့သည်။




ဤကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီးနောက် လူအများစုသည် သေဆုံးရန် ပိုမိုနှစ်သက်ကြသည်။ သို့သော် ရှဲ့ဟွိုင်မှာမူ ဤဇာတ်လမ်း၏အဓိကဇာတ်ကောင်ဖြစ်သောကြောင့် ဤအခြေအနေမှ ပြန်နိုးထပြီး မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။




အခြားသူများဖြစ်ခဲ့လျှင် ပျက်စီးသွားပြီး ထာဝရအသက်ရှင်ခြင်းလမ်းကြောင်းကို ထပ်မံမလျှောက်လှမ်းနိုင်တော့ပေ။




စာအုပ်တွင် ရှဲ့ဟွိုင်သည် မည်သို့ပြန်လည်ထူထောင်ခဲ့သည်ကို အတိအကျမဖော်ပြထားသော်လည်း ဖန်းလီမှာ ထိုလမ်းကြောင်းသည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေမည်ဟု တွေးမိခဲ့သည်။




မူရင်းဇာတ်လမ်းကို စတင်ဖတ်ရှုစဉ်က ဤအပိုင်းသည် ရက်စက်မှုအတွက် ရက်စက်မှုအဖြစ် ရေးသားထားသည်ဟု ထင်မြင်ခဲ့သော်လည်း အခုစဉ်းစားကြည့်လျှင် ရန်ဆွေးတွင်လည်း ဤသို့ပြုလုပ်ရန် အကြောင်းပြချက်ရှိနိုင်သည်။




ဝူယီမေ့၏ရှဲ့ဟွိုင်ကိုသတ်ရန်အကြံပြုချက်သည် အကြောင်းပြချက်မရှိဟု မဆိုလိုပါ။ ဖန်းလီသည် ဤကဲ့သို့သော ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းသည် သဘာဝအတိုင်း အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ကောင်းစွာနားလည်သည်။ ရှဲ့ဟွိုင်ကို မသတ်ခဲ့ရင်တောင်မှ သူ့ကို ပြန်လည်အားကောင်းလာခွင့် မပေးသင့်ပါ။ လူတစ်ဦးသည် ရှဲ့ဟွိုင်ကို လုံးဝဖျက်ဆီးခြင်းမရှိဘဲ သူ့ကိုကစားနိုင်မည်ဟု မောက်မာစွာ ထင်မြင်ယူဆပါက ထိုအရာသည် အရှက်ရစရာ အတွေးအခေါ်တစ်ခုသာဖြစ်သည်။




ရန်ဆွေးသည် ဤကဲ့သို့သော ရက်စက်မှုကို ပြုလုပ်နိုင်ခဲ့သည်မှာ တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုအချိန်တွင် သူသည် အချစ်ကြောင့် မှိုင်တွေဝေမနေသေးဘဲ မကောင်းဆိုးဝါးလမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့လူစိတ်မရှိသော မကောင်းဆိုးဝါးတစ်ဦးဖြစ်နေသေးသောကြောင့် ဖြစ်သည်။




သို့သော် ဖန်းလီသည် ဤမျှအထိသွားရန် မလိုအပ်ဟု ခံစားရသည်။ သူနှင့် ရှဲ့ဟွိုင်တို့အကြား နက်ရှိုင်းသော မကျေနပ်မှုများမရှိပါ။ ရိုသေလေးစားထိုက်သော ရန်သူတစ်ဦးကို နှိပ်စက်ညှဉ်းပန်းခြင်းသည် တကယ်တော့ မလိုအပ်ပါ။




သို့သော် သူဘာမှမလုပ်ဘဲနေပါက အသူရာတောင်ကြောသို့ ပြန်ရောက်သည်နှင့် ပထမဆုံးသေဆုံးမည့်သူမှာ သူဖြစ်သည်။ သူသေဆုံးတော့မည်ဖြစ်သော်လည်း ထိုအချိန်တွင်မဟုတ်သေးပါ။ ထို့ကြောင့် သူသည် ရှဲ့ဟွိုင်ကို ခဏတာ ဒုက္ခပေးရုံသာတတ်နိုင်သည်။




ဝိညာဉ်ချိတ်ပိတ်အစီအရင်များသည် ကျင့်ကြံမှုစွမ်းအင်ကို ပိတ်ဆို့ရန်အတွက်သာ အသုံးပြုပြီး သူ့အား ထိခိုက်စေမည် မဟုတ်ပါ။ ရှဲ့ဟွိုင်သည် ပိတ်ဆို့မှုကို ဖြတ်ကျော်နိုင်သည့်အချိန်တွင် ဖန်းလီသေဆုံးရန် အချိန်လည်း ရောက်ရှိလာမည် ဖြစ်သည်။




‘အတိအကျ အချိန်ကိုက်ပင်။’




ဖြစ်ရပ်များ၏လုပ်ငန်းစဉ်သည် အနည်းငယ်ကွဲပြားသော်လည်း သူတို့သည် တူညီသောပန်းတိုင်သို့ ရောက်ရှိရန် ကွဲပြားသော လမ်းကြောင်းများသာ ဖြစ်သည်။




နောက်တစ်နေ့တွင် ဖန်းလီသည် အသူရာတောင်ကြောသို့ ပြန်ရောက်လာသည်။




သူတို့ရှေ့တွင် ထိုးထွက်နေသော မတ်စောက်သည့်‌တောင်ထွဋ်သည် ကြယ်ကြွေပင်လယ်၏ မှောင်မိုက်သောလှိုင်းများထဲသို့ စောင်းထိုးထည့်ထားသည့်တစ်ခုတည်းသောဓားသွားကဲ့သို့ ဖြစ်နေသည်။




ဤနေရာသည် ကြမ်းတမ်းပြီး မတ်စောက်ကာ သဘာဝအရင်းအမြစ်များ မရှိသလို ကြယ်ကြွေပင်လယ်ရှိ သတ္တဝါများသည်လည်း ရိုင်းစိုင်းပြီး ရက်စက်သည်။ ဤနေရာသည် ဝေးလံခေါင်ဖျားပြီး လူသူအရောက်အပေါက်နည်းသော သဘာဝခံတပ်တစ်ခုဖြစ်ကာ မျှတသောကျင့်ကြံသူတို့ ချဉ်းကပ်ရန်မလိုလားကြသည်လည်း ဖြစ်သည်။




ရန်ဆွေးသည် မကောင်းဆိုးဝါးဂိုဏ်းများကို စုစည်းပြီး အသူရာတောင်ကြောတွင် မိမိခံတပ်ကို စိုက်ထူပြီးမှသာ ဤနေရာသည် တဖြည်းဖြည်း ဂိုဏ်းတစ်ခုကဲ့သို့ ဖြစ်လာသည်။




အချိန်တိုအတွင်းဖြစ်သောကြောင့် အသူရာတောင်ကြောတွင် ဖွဲ့စည်းရေးလုပ်ငန်းများပြီးစီးသည်ဟု မဆိုနိုင်ပါ။ လမ်းတစ်လျှောက်တွင် အဆင့်နိမ့်မကောင်းဆိုးဝါးများသည် ခံတပ်များ ပြုပြင်မွမ်းမံခြင်း၊ နန်းတော်များ တည်ဆောက်ခြင်း၊ နေရာများချထားခြင်း စသည်တို့ကို လုပ်ဆောင်နေကြသည်။




သူသည် လေထဲတွင် ဖြတ်သန်းသွားစဉ် မကောင်းဆိုးဝါးငယ်တစ်ဦး ချော်လဲပြီး ကြယ်ကြွေပင်လယ်ထဲသို့ ကျသွားသည်ကို တွေ့မြင်ခဲ့သည်။ တစ်စက္ကန့်အတွင်း ထိုလူငယ်သည် နတ်ဆိုးငါးများ စားသုံးခံရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။




သူသည် ခေါင်းခါလိုက်ပြီး တောင်ထိပ်ရှိ နန်းတော်သို့ ဆင်းသက်လိုက်သည်။




သူသည်အမှတ်တရများကို ပြန်တွေးကာ ကျောက်စိမ်းနက်ကဲ့သို့သော ကြမ်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။ ဝူယီမေ့သည် သူ့နောက်မှ တိတ်တဆိတ် ခြေတစ်လှမ်းခြားကာ လိုက်ပါလာပြီး

ဖန်းလီသည် ထိုင်ရာနေရာသို့ သွားရန် စိတ်ကူးနေသည်ကို မြင်သောအခါ “ယွီယီကျွင်း…… သူ့ကို ဘယ်လိုစီစဉ်ပေးရမလဲ။ ကျေးဇူးပြု၍ ညွှန်ကြားပါ၊ အရှင်မင်းကြီး။”




“ဒီအသေးအဖွဲ့ကိစ္စတွေကို မင်းကို ငါအပ်နှင်းထမယ်” ဟု ဖန်းလီက ဂရုမစိုက်ဘဲ ပြောသည်။




ဝူယီမေ့သည် လေးစားစွာ သဘောတူခဲ့သည်။




ဖန်းလီ ဤကဲ့သို့သော အမိန့်ပေးနိုင်ရခြင်းမှာ မူရင်းဇာတ်လမ်းကြောင့်ပင် ဖြစ်သည်။ ရန်ဆွေးသည် ရှဲ့ဟွိုင်ကို ပြန်ခေါ်လာသော်လည်း ဤအချိန်တွင် သူသည် ထိုကိစ္စကို စိတ်ထဲတွင် မထားခဲ့ပေ။ သူ၏စွမ်းအင်ကို ဖျက်ဆီးပြီးနောက် လျစ်လျူရှုခဲ့ပြီး ဝူယီမေ့ကိုသာ စီစဉ်စေခဲ့သည်။




ဝူယီမေ့သည် ရှဲ့ဟွိုင်ကို အစကတည်းက မနှစ်သက်ခဲ့တဲ့အပြင် ကောင်းသောဇာတ်ကောင်တစ်ဦး၏သဘောထားကို ထိန်းသိမ်းထားကာ သူ့ကို သူတစ်ပါးကို နှိမ့်ချရန်အတွက် အခြားဖမ်းဆီးထားသူများနှင့်အတူ ဥယျာဉ်ထဲတွင် ထားခဲ့သည်။




သို့သော် ထိုအရာက အရေးမကြီးပါ။




အရေးကြီးသည်မှာ ဖန်းလီသည် ရှဲ့ဟွိုင်ကို နောက်တစ်ကြိမ် မြင်ရဖို့ သုံးလကြာမည်ဖြစ်သည်။




ရှဲ့ဟွိုင်သည် ယခုအခါ ဘယ်လိုနေလဲဆိုတာကို…… ဖန်းလီသည် လုံးဝစိတ်မဝင်စားပါ။ သူသည် ဇာတ်ညွှန်းကို လိုက်နာရန် ဤနေရာတွင် ရှိနေခြင်းဖြစ်ပြီး ဇာတ်ညွှန်းကို ဖျက်ဆီးရန် မဟုတ်ပါ။ သူသည် စိတ်ရင်းမှန်ရှိသော သူတော်ကောင်းတစ်ဦးမဟုတ်သလို လှည့်လည်ခရီးသွားသူအဖြစ် ကူညီရန်စိတ်ကူးလည်း မရှိပါ။




အမှန်တော့ မူရင်းဇာတ်လမ်းတွင် ရှဲ့ဟွိုင်သည် ဤထက်ပို၍ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသော်လည်း သေမင်း၏တံခါးဝတွင် ခြေတစ်ဖက်လှမ်းနေခဲ့ရသည်။ ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုကို ကြုံတွေ့ပြီးနောက် သူသည် အသက်ရှင်ရန် ဇွဲကြီးစွာ ကြိုးစားခဲ့သည်။ သူသည် မသေရန်ကြိုးစားခဲ့သည့်အပြင် ရန်ဆွေးကို သတ်ရန် အခွင့်အရေးကိုပင် ရှာဖွေခဲ့သည်။ သူ၏ သည်းခံနိုင်စွမ်းသည် မပြောပလောက်ပါ။




သူသည် ထိခိုက်ဒဏ်ရာ မရခဲ့ပါက သူ့စွမ်းအင်ကို ယာယီသာပိတ်ထားခဲ့ပြီး အနည်းငယ်သော အရှက်ရစရာများကို ကြုံတွေ့ရသည့်အခါ သူသည် ဤနေရာသို့ မလာခင်ကတည်းက စိတ်ပြင်ဆင်ထားပြီးဖြစ်သည်။




ရှဲ့ဟွိုင်ကဲ့သို့သော သန်မာသူတစ်ဦးအတွက် သူ့ကို စိုးရိမ်နေမည့်အစား သူ့ကိုယ်သူ စိုးရိမ်ရန်မှာ ပိုကောင်းပါသည်။




ဖန်းလီသည် သူ့ဘေးမှအစေခံများကို သူ ဘုရားကျောင်းတွင် ခေတ္တနေမည်ဖြစ်ကြောင်း ဘယ်သူ့မှ လာမနှောင့်ယှက်ရန် ပြောပြီးနောက် သူ့နန်းတော်၏အဓိကတံခါးများကို ပိတ်လိုက်သည်။




နိုးထလာပြီးကတည်းက သူသည် မကောင်းဆိုးဝါးများနှင့် ဝန်းရံနေခြင်း မဟုတ်ပါက တရားမျှတသောသူများနှင့် အံကြိတ်ရင်ဆိုင်နေရသည်…။ သူ၏ခန္ဓာကိုယ်ကို နီးနီးကပ်ကပ် စစ်ဆေးရန် အချိန်မရှိခဲ့ပါ။




ယခုတွင် သူတစ်ယောက်တည်း ရှိနေပြီဖြစ်သောကြောင့် ဖန်းလီသည် ထိုင်လိုက်ပြီး သူ၏ အတွင်းစွမ်းအင်ကို လှည့်ပတ်ရန် ခက်ခဲစွာ ကြိုးစားခဲ့ကာ ချက်ချင်းဆိုသလို သွေးတစ်မျိုးကို အန်ထုတ်လိုက်သည်။




【 စနစ်သည် အံ့အားသင့်သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ အရှင် ဘာဖြစ်တာလဲ။ 】




ဖန်းလီသည် သူ၏နှုတ်ခမ်းမှ သွေးကို သုတ်ပြီး ရယ်မောလိုက်သည်။ “စနစ်ဖြစ်ရတာ အတော်လေး လွယ်ကူတဲ့အလုပ်ဖြစ်မယ်ထင်တယ်၊ ဟုတ်လား။”




【 စနစ်: ……? 】




ဖန်းလီသည် အဓိပ္ပာယ်ရှိစွာပြောသည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်းအနေနဲ့  အရှင်တစ်ယောက်ကို ရှာဖွေပြီး မစ်ရှင်ပြီးဆုံးဖို့ စောင့်နေရုံကလွဲလို့ အခြားဘာကိစ္စမှ စိုးရိမ်စရာ မလိုဘူးလေ။”




【 စနစ်: …… 】




ဖန်းလီသည် ပင်ပန်းနွမ်းနယ်လာ‌သောကြောင့် မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။ သူ၏ချီစွမ်းအင်ကို ကြည့်ရှုသောအခါ ဤခန္ဓာကိုယ်သည် တကယ်ပင် ပျက်စီးနေပြီဖြစ်သည်။ ရွှေရောင်အပြင်ပန်းအောက်တွင် ပျက်စီးနေသော အရာများရှိ‌နေသည်။ မျက်နှာပြင်ပေါ်တွင် သိပ်မဆိုးပုံရသော်လည်း သူ၏ခန့်ညားမှုများသည် ခြောက်သွေ့နေပြီး သူ၏အတွင်းပိုင်းများသည် ပြိုလဲကျသွားသည်အထိ ပုပ်သိုးနေပြီဖြစ်သည်။ ဤအခြေအနေသည်…… ”ချီစွမ်းအင်”ယာယီသွေဖယ်မှုကြောင့် မဟုတ်ပါ။ ကြာရှည်စွာ စုပုံနေသော ပျက်စီးမှုများ၏ရလဒ်ဖြစ်သည်။


“ချီ”သွေဖယ်မှုသည် နောက်ဆုံးတွင် ဖြစ်ပေါ်လာသောအရာဖြစ်သည်။


ရန်ဆွေးသည် မည်သည့်အချိန်တွင်မဆို သေဆုံးရန် စိတ်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် သူ၏သေဆုံးမှုသည် မထင်မှတ်စရာ မဟုတ်ပါ။


တကယ်တော့ သူသည် လအနည်းငယ် ပို၍ သည်းခံနိုင်ပါက ဇာတ်ညွှန်းကို ပြီးဆုံးအောင် လုပ်နိုင်ပြီး သေဆုံးရန် ခက်ခဲပါလိမ့်မည်။ သို့သော် သူသည် လအနည်းငယ်စောကာ သေဆုံးသွားခဲ့ပြီး ဖန်းလီကို ဤကမ္ဘာထဲသို့ ဆွဲခေါ်လာခဲ့သည်။


ဖန်းလီသည် လေကို ခပ်ဖြေးဖြေးရှူထုတ်လိုက်သည်။ သူသည် ဝတ်ရုံမှ ကျောက်စိမ်းနက် သင်္ကေတတစ်ခုကို ထုတ်ယူခဲ့သည်။ ရန်ဆွေးသည် ဤအရာကို သူ၏ခန္ဓာကိုယ်ပေါ်တွင် အမြဲတမ်း ဆောင်ထားခဲ့သည်။


နတ်ဆိုးလောက၏အောင်နိုင်သူ၊ နှစ်ပေါင်းတစ်သိန်းတွင် ရှားပါးသောသက်ရှိနှင့် မူရင်းဇာတ်လမ်း၏နတ်ဆိုးဇာတ်ကောင်ကြီးဖြစ်သော ရန်ဆွေးသည် သာမန်လူတစ်ယောက် မဟုတ်ပါ။ သူ၏ကံကောင်းမှုသည် ဤကျောက်စိမ်းနက် သင်္ကေတပင် ဖြစ်သည်။


ရန်ဆွေး၏မွေးရာပါ ပါရမီသည် အထူးခြားဆုံးဖြစ်သော်လည်း သူသည် မည်မျှပင် ထူးချွန်ပါစေ…အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏တကယ့် အတတ်ပညာအဆင့်မှာ ဝိညာဉ်ထိပ်တန်းအဆင့်သာ ရှိသေးသည်။ သို့သော် သူသည် ပြီးပြည့်စုံသော ပါရမီရှင်တစ်ဦးဖြစ်နေပြီး ရှဲ့ဟွိုင်ထက် အနည်းငယ်သာ နိမ့်ကျသည်။




သူ၏အတတ်ပညာအဆင့်ဖြင့် ဤလောကတွင် သူ့ကိုယ်ပိုင်နယ်မြေတစ်ခု ထူထောင်နိုင်သော်လည်း နတ်ဆိုးလမ်းကြောင်းတစ်ခုလုံးကို အနိုင်ယူပြီး ရာစုနှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော ဝိညာဉ်အဆင့်မြင့်  အကြီးအကဲမင်ယင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်းမှာ မဖြစ်နိုင်သော ပုံပြင်တစ်ပုဒ်သာ ဖြစ်သည်။




သို့သော် ရန်ဆွေးသည် ထိုမဖြစ်နိုင်သည့်အရာကို လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်မှာ ဤကျောက်စိမ်းကြောင့်ပင် ဖြစ်သည်။




အနက်ရောင် ကျောက်စိမ်းသည် သူ၏ကိုယ်ပိုင်အသက်သွေးကို စုပ်ယူကာ တိုက်ခိုက်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး အားသာချက်များစွာ ပေးစွမ်းနိုင်သည်။ ထို့ကြောင့် သူသည် သူ့ထက် အတတ်ပညာအဆင့်မြင့်သူများကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ယနေ့ထိတိုင် သူသည် ရှုံးနိမ့်ခြင်းမရှိသေးသဖြင့် သူ၏တကယ့် အတတ်ပညာအဆင့်ကို မည်သူမျှ မသိရှိသေးပေ။




သို့သော် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ပြင်းထန်သည်။ ဤသည်မှာ မဝေးလှသော နည်းလမ်းတစ်ခုဖြစ်ပြီး အသက်သွေးကို ပြင်းထန်စွာ ထိခိုက်စေသောကြောင့် သူ၏ခန္ဓာကိုယ်သည် လောင်ကျွမ်းပြီးသော ဖယောင်းတိုင်တစ်ခုနှင့် တူနေသည်။ အကောင်းဆုံးအနေဖြင့် သူသည် ကျောက်စိမ်းကို နောက်ထပ် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ အသုံးပြုနိုင်ပြီး ထို့နောက် သူ၏အသက်သွေး ကုန်ဆုံးသွားမည်။ ယခုမှစ၍ သူသည် ထိုကျောက်စိမ်းကို နောက်ထပ် အသုံးမပြုနိုင်တော့သည့်တိုင် တစ်နှစ်ခွဲသာ အသက်ရှင်နိုင်တော့မည်။




သူသည် သေဆုံးရန် ကံကြမ္မာသတ်မှတ်ခံထားရပြီဖြစ်သည်။




ဖန်းလီသည် ဖြည်းညှင်းစွာ ခေါင်းလှည့်လိုက်သည်။ တစ်ဖက်တွင် မှန်တစ်ချပ်ရှိပြီး ထိုမှန်တွင် မျက်နှာဖြူဖက်ဖက်ဖြင့် လူတစ်ဦး ရောင်ပြန်ဟပ်နေသည်။ ဤသည်မှာ ဖန်းလီ၏သူ့ကိုယ်သူ ပုံပန်းသဏ္ဍာန်ကို ပထမဆုံးအကြိမ် မြင်ရခြင်းဖြစ်သည်။




မှန်ထဲရှိ လူသည် အလွန်ဖြူဖျော့နေသော အသားအရေနှင့် သွေးရောင်တစ်စက်မျှ မပါသောမျက်နှာဖြင့် ရှိနေသည်။ သူ၏မျက်လုံးများသည် အနားသတ်များဖြင့် ဝိုင်းနေပြီး မျက်ခုံးများသည် ချွန်ထက်နေသည်။ သူ၏ပါးလွှာသော နှုတ်ခမ်းများသည် အလွန်ဖြူဖက်နေပြီး နှုတ်ခမ်းထောင့်သည် အနည်းငယ်ကော့ညွှတ်ကာ နာမကျန်းသော ပုံပန်းသဏ္ဍာန်နှင့် အားနည်းနေသည့် ပုံရသည်။




မည်သို့ကြည့်ကြည့် ဤသည်မှာ ကုသမရနိုင်သော လူတစ်ဦး၏ပုံပန်းသဏ္ဍာန်ဖြစ်သည်။




သူ့တွင်တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မည်သူမျှ သတိမထားမိခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ရန်ဆွေးသည် အမြဲတမ်း ဤကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သူ့ကို စော်ကားခဲ့သူများ သို့မဟုတ် သူ့ကို မထီမဲ့မြင်ပြုခဲ့သူများ ရှိခဲ့ဖူးသော်လည်း ထိုသူများအားလုံး သေဆုံးခဲ့ကြပြီး အလွန်ဆိုးရွားစွာ သေဆုံးခဲ့ကြသည်။




ထို့အပြင် ထူးဆန်းသော ပုံပန်းသဏ္ဍာန်များဖြင့် ရှိနေသော နတ်ဆိုးအတတ်ပညာရှင်များ မနည်းပါးလှပေ။ လေတိုက်လျှင် လဲကျမည့်သူနှင့် တူသော ပုံပန်းသဏ္ဍာန်ရှိသူသည် အဆင့်မြင့် ဆရာတစ်ဦး ဖြစ်နိုင်သကဲ့သို့ ငယ်ရွယ်နုပျိုသော ပုံပန်းသဏ္ဍာန်ရှိသူသည် အိုမင်းသောလူကြီးတစ်ဦး ဖြစ်နိုင်သည်။ နာမကျန်းသော ပုံပန်းသဏ္ဍာန်ရှိသူသည် တကယ်တော့ နာမကျန်းခြင်း မဟုတ်နိုင်ပေ။ တဖြည်းဖြည်းနှင့် လူတိုင်းသည် သူ၏ပုံပန်းသဏ္ဍာန်ကို ဂရုမစိုက်တော့ပေ။ အင်အားနှင့် ပုံပန်းသဏ္ဍာန်သည် ဆက်စပ်မှုမရှိပေ။ သူသည် သေခြင်းနှင့် ကြောက်ရွံ့မှုကိုသာ ယူဆောင်လာသည်။




ဖန်းလီသည် နှုတ်ခမ်းထောင့်ကိုပင့်တင်ကာ ရယ်မောလိုက်သည်။ ထိုရက်စက်သော၊ နာမကျန်းသောမျက်နှာပေါ်တွင် ပျင်းရိပုံရသည့်အမူအရာတစ်ခု ပေါ်လာသည်။




ဤခန္ဓာကိုယ်သည် သေခြင်းနှင့် နီးကပ်နေပြီဆိုသည်ကို သူသာလျှင် သိသည်။




မူရင်းစာအုပ်ကို ဖတ်ရှုစဉ်က ဖန်းလီသည် ဇာတ်လမ်းသည် ယုတ္တိမရှိဟု ထင်မြင်ခဲ့သည်။ ရန်ဆွေးသည် သေဆုံးရန် မလိုအပ်ခဲ့ပါ။ သို့သော် သူသည် မဆင်မခြင် ပြဿနာကို ဖိတ်ခေါ်ခဲ့သလိုပင်။ နောက်ဆုံးတွင် ရှဲ့ဟွိုင်၏လက်တွင် သေဆုံးခဲ့သည်။




သို့သော် ဖန်းလီသည် ယခု နားလည်သွားသည်။ ဤသည်မှာ ရန်ဆွေးက သူ့အတွက် ရွေးချယ်ထားသော အဆုံးသတ်ဖြစ်သည်။




ဇာတ်လမ်းထဲရှိ ထူးဆန်းပြီး မဖြစ်နိုင်သော အဖြစ်အပျက်အားလုံးသည် တကယ်တော့ ကြာပြီးသားအရာများဖြစ်သည်။




………………………………………




မျက်စိတစ်မှိတ်အတွင်း ဖန်းလီ၏တံခါးပိတ် ကျင့်ကြံမှုသည် သုံးလကြာမြင့်သွားသည်။




အပြင်ဘက်ရှိ အဖြစ်အပျက်များကို သူလုံးဝ ဂရုမစိုက်ပေ။ ရန်ဆွေးသည် အုပ်ချုပ်ရေးကို အမြဲတမ်း ဂရုမစိုက်ခဲ့သဖြင့် အများစုသော အရေးကိစ္စများကို ဝူယီမေ့ထံ လွှဲအပ်ထားပြီး ဝူယီမေ့၏စီမံခန့်ခွဲမှုကို လုံးဝ ယုံကြည်ကိုးစားသည်။




ယခင်က ဖန်းလီသည် ရန်ဆွေးမှာ အလုပ်ကို ဂရုမစိုက်ဘဲစိတ်ကြိုက်လုပ်ကိုင်ပြီး ရှဲ့ဟွိုင်ကိုသာ အာရုံစိုက်သော ချစ်ရူးသော နတ်ဆိုးအရှင်သခင်တစ်ဦးဟု ထင်မြင်ခဲ့သည်။ သို့သော် ယခု သူနားလည်သွားသည်။




သူသေဆုံးပြီးနောက် လောကကြီးပျက်စီးသွားသည့်တိုင် ထိုအရာသည် သူနှင့် မည်သို့မျှ သက်ဆိုင်မည်နည်း။




ရန်ဆွေးသည် အသူရာတောင်ကြောကို စနစ်တကျ စီမံခန့်ခွဲရန် ရည်ရွယ်ခဲ့ခြင်းမရှိပေ။ သူသည် သေခြင်းကို မကြောက်ရွံ့သော စိတ်ကြိုက်လုပ်ကိုင်တတ်သည့် ရူးသွပ်သူတစ်ဦးသာ ဖြစ်သည်။




ကပ်ဖားရပ်ဖားနေထိုင်သူကဲ့သို့ ပြုမူခြင်းနှင့် ပတ်သက်၍ ဖန်းလီတွင် စိတ်ထင့်စရာမရှိပေ။




နတ်ဆိုးဘုရင်နန်းတော်သည် နတ်ဆိုးဂိုဏ်းများမှ လက်ဆောင်အဖြစ် ပေးသနားခဲ့သည့် အတိုင်းမသိတန်ဖိုးကြီးသောရတနာများ၊ အံ့ဖွယ်ဆေးဝါးများနှင့် ကုန်ခန်းမသွားနိုင်သည့် စိန်ကျောက်များဖြင့် ပြည့်နှက်နေသည်။ ဖန်းလီသည် ထိုအရာများကို မျှဝေသုံးစွဲကာ သူ၏စွမ်းအား သုံးပုံတစ်ပုံခန့်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး အစဦး ဝိညာဉ်ဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိလာခဲ့သည်။




ဤကမ္ဘာတွင် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်သို့ ရောက်သူမှာ ရှားပါးသော စွမ်းရည်ရှင်များဖြစ်သည်။ ဝိညာဉ်စွမ်းအားအဆင့်ရှိသူများမှာ လက်ချိုးရေတွက်ရလောက်အောင် နည်းပါးပြီး တရားမျှတသော ဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များနှင့် မျက်နှာမပြသော သက်တမ်းရှည် နတ်ဆိုးကြီးများသာ ရှိသည်။ သာမန်လူတို့အတွက် ထိုသူများနှင့် ကြုံတွေ့ရန် မဖြစ်နိုင်ပေ။ နတ်ဆိုးအရှင်အဖြစ် ဖန်းလီတွင် မရေမတွက်နိုင်သော လက်အောက်ခံများရှိပြီး သူကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်သည့်အခါမျိုး ရှားသည်။ ပြဿနာတစ်စုံတစ်ရာ ကြုံလာပါက ကျောက်စိမ်းအဆောင်ကို အသုံးပြုနိုင်သည်။




‘ရှဲ့ဟွိုင်ကို ပြန်လည်တွေ့ဆုံရန် အချိန်တန်ပြီ။’




ဤနေ့ရက်များအတွင်း စနစ်က သူ့အား အချိန်မှတ်တမ်းကို မမေ့ပါနှင့်ဟု အဆက်မပြတ် သတိပေးနေခဲ့သောကြောင့် ဖန်းလီ၏နားများမှာ ပြုတ်ကျလုနီးပါးပင် ဖြစ်ခဲ့ရသည်။




ဇာတ်လမ်းအရ ရှဲ့ဟွိုင်ကို ဖမ်းဆီးပြီးနောက် သုံးလကြာ လျစ်လျူရှုထားခဲ့သည်။ နောက်ဆုံးတွင် သူ၏နောက်ဘက်ဥယျာဉ်သို့ လည်ပတ်ရင်း ရှဲ့ဟွိုင်ကို ဝူယီမေ့မှ ထိုနေရာတွင် ထားရှိကြောင်း သိရှိခဲ့သည်။




ရှဲ့ဟွိုင်မှာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံရပါလျက် ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်ပြီး သူ၏အလှတရားကြောင့် ဥယျာဉ်တွင်းရှိ အခြားအရာများ မှေးမှိန်သွားခဲ့သည်။ ရန်ဆွေးသည် ရုတ်တရက် စိတ်ကူးယဉ်မိပြီး ရှဲ့ဟွိုင်အား သူ့ထံခေါ်ယူရန် အမိန့်ပေးခဲ့သည်။




ထိုညသည် ရန်ဆွေးနှင့် ရှဲ့ဟွိုင်တို့၏ ပထမဆုံးသောညဖြစ်သည်။




ငြီးငွေ့ဖွယ်ကောင်းအောင် စိတ်မပါတော့သော ဖန်းလီသည် တံခါးကို ထဖွင့်လိုက်သည်။




အပြင်ဘက်တွင် စောင့်ကြည့်နေသော နတ်ဆိုးအ‌စေခံတစ်ဦးသည် ဖန်းလီထွက်လာသည်ကို မြင်တွေ့ပြီး ချက်ချင်း ဒူးထောက်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။ ကျွန်တော်မျိုးသည် “အဘယ်အမိန့်တော်ကို ဆောင်ရွက်ရမည်နည်း” ဟု မေးမြန်းမည့်အချိန်တွင် ဖန်းလီသည် သူ့ကို ကျော်သွားကာ အနက်ရောင်ဝတ်စုံဖြင့် နောက်အခန်းသို့ ဦးတည်သွားလေသည်။




သူ၏မှတ်ဉာဏ်အတိုင်း လှည့်လည်သွားလာပြီးနောက် ဖန်းလီသည် နန်းတော်၏ နောက်ဘက်ရှိ ရန်ဆွေး၏ချစ်သူများနေထိုင်ရာ နေရာသို့ ရောက်ရှိလာသည်။




ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် သွေးပြန်ကြောလေးများပင်ပေါ်နေအောင် မျှော်နေသော အလှပြည့်စုံသည့် အမျိုးသမီးနှစ်ဦးက သူ့ကို သတိထားမိသွားသည်။ ထိုနှစ်ဦးမှာ တစ်ယောက်တစ်ဖက်စီမှ ဝိုင်းရံလာကာ ခပ်တိုးတိုးရယ်သံလေးများဖြင့် ကြိုဆိုကြသည်။




“အရှင် ဒီလို အချိန်ပေးလာမယ်လို့ မျှော်လင့်မထားပါဘူး...”




“‌ယောင်းအာ ညဘက်တိုင်း စိတ်မပါဖြစ်နေတာ၊ အရှင့်ကို မြင်ချင်လွန်းလို့ပါ...”




“အရှင်က ယင်းအာကို မေ့သွားပြီလား? ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မရဲ့မျက်လုံးတွေ လှတယ်လို့ ချီးကျူးခဲ့တယ်လေ နော်...”




ဖန်းလီသည် ဘေးနှစ်ဘက်မှ လှပသည့်ပုံရိပ်များကို လှမ်းကြည့်လိုက်သည်။ မီးခိုးရောင်မျက်လုံးနှင့် နက်မှောင်သောဆံပင်ရှိသည့် ရွှေယောင်းမှာ ဖြားယောင်းသိမ်းသွင်းမှုပညာတွင် ကျွမ်းကျင်သည့် မိန်းမပျိုတစ်ဦးဖြစ်ပြီး၊ ပန်းနုရောင်နှုတ်ခမ်းနှင့် နက်မှောင်သောမျက်လုံးရှိသည့် ဖုန်ယင်းမှာ အိပ်စက်အောင်ပြုလုပ်နိုင်သည့်ပညာတွင် ထူးချွန်သူဖြစ်သည်။




တံခါးဝတွင် ရပ်နေသူများမှာ ဇွဲကောင်းသူများဖြစ်သည်။ အမြင်အားဖြင့် ပုံမှန်ဟုထင်ရသော်လည်း သူတို့၏စိတ်အားထက်သန်မှုနှင့် သည်းခံမှုများကို အပြည့်အဝအသုံးချကာ သခင်၏အာရုံစိုက်မှုကို ရယူရန် ကြိုးစားနေကြသည်။




ဘဝတွင် လွယ်ကူသောလမ်းကြောင်းမရှိ၊ အိပ်ယာမှုနယ်ပယ်တွင်လည်း မရှိပါ။




ဖန်းလီသည် သူတို့ကို မထီမဲ့မြင်ပြုမည်မဟုတ်ပါ။ သူသည် နှုတ်ဖြင့်ပြုံးရင်း ထိုနှစ်ဦးကို သူ့ဘေးမှ ချိတ်တွယ်ခွင့်ပေးလိုက်သည်။**




ဖန်းလီရောက်ရှိလာသည်ကို သိရှိသွားကြသော အခြားသူများမှာ လာရောက်ကြိုဆိုကြသည်။ ဖန်းလီဘေးတွင် ရွှေယောင်းနှင့် ဖုန်ယင်းတို့ ရှိနှင့်ပြီဖြစ်သော်လည်း အရှင်သခင်၏ကြင်နာမှုကင်းမဲ့သည့်နည်းလမ်းများကို သတိရကာ အခြားသူများမှာ ရဲရဲတင်းတင်း မတိုးဝံ့ကြတော့ပေ။




များစွာသောသူတို့၏ စိတ်ထဲတွင် အမျက်ထွက်နေကြသည်။ သခင်က လပေါင်းများစွာ မလာဘဲနေခဲ့ပြီး တံခါးဝတွင် မစောင့်ကြပ်မိသည့် တစ်ကြိမ်တစ်ခါသောလစ်ဟာမှုကြောင့် ထိုမိန်းမယုတ်များက အခွင့်ကောင်းယူသွားသည်ဟု ထင်မြင်ကြသည်။ သခင်သည် သူတို့၏ ရဲရင့်မှုကိုသည်းခံပြီး ပစ်ပယ်မသွားသည်မှာ အံ့သြစရာပင်။




နောက်ဘက်ဥယျာဉ်တွင် ပြာဿဒ်လှည်းများ၊ အခန်းဆောင်များ၊ အလှပဆုံးသော မြင်ကွင်းများဖြင့် ပြည့်နှက်နေပြီး ခမ်းနားမှုနှင့် အလှတရားပေါင်းစပ်ထားသည်။ အမျိုးမျိုးသော အလှအပရှိသည့်သူများ၊ ရယ်သံများဖြင့် ပြည့်နေသော နေရာတစ်ခုဖြစ်ကာ တစ်‌လောကလုံးချမ်းသာမှု၏ပွေ့ဖက်ခြင်းကို ခံစားလိုက်ရသလိုပင်ဖြစ်သည်။




ဖန်းလီသည် ပုံမှန်လူ့လောကသို့ ပြန်ရောက်လာသကဲ့သို့ ခံစားရသည်။ သူသည် ဆူညံသံကို မတွေ့ရသော်လည်း လူသားများ၏ ရှင်သန်မှုလက္ခဏာများ အနည်းငယ်ပိုမိုရှိနေသည်ဟု ခံစားရပြီး မသိလိုက်ဘဲ သူ၏စိတ်ခွန်အားများ မြင့်တက်လာသည်။  




ခဏကြာလမ်းလျှောက်ပြီးနောက် သူသည် ရွှေချည်နှောင်းဖြင့်ရက်လုပ်ထားသော ပလ္လင်တစ်ခုကို သတိပြုမိပြီး အနားယူရန် ထိုင်လိုက်သည်။  




ပလ္လင်ပေါ်တွင် ရွှေချည်မျှင်ဖြင့်ရက်ထားသော နူးညံ့သည့်အနားယူခုံရှိပြီး ဖန်းလီ ထိုင်လိုက်သည်နှင့်တပြိုင်နက် ရွှေယောင်းနှင့် ဖုန်ယင်းတို့သည် သူ၏ဘေးနှစ်ဖက်တွင် အလျင်အမြန်ထိုင်လိုက်ကြသည်။ အခြားသူများ ဝင်ရောက်လာမည်ကို စိုးရိမ်နေဟန်ရှိသည်။  




အခြားသူများအနေဖြင့် ထိုနေရာတွင် အကွက်မကျန်တော့သည်ကို သိမြင်သောအခါ မနှစ်သက်မှုကို မျိုချရင်း ဖန်းလီကို ဝိုင်းရံပြီး ပြုံးနေကြသည်။  




ဖန်းလီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်စဉ် စိုက်ပျိုးထားသော ပန်းမျိုးစုံဖြင့် စည်းကမ်းပြည့်ဝသည့် ဧကရာဇ်၏ဥယျာဉ်တစ်ခုကဲ့သို့ ခံစားရသည်။  


သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုလူအားလုံးသည် ယောက်ျားများဖြစ်နေခြင်းပင်ဖြစ်သည်။  


ထို့အပြင် သူသည် ယောက်ျားများကို စိတ်ဝင်စားသူမဟုတ်ပေ။  


ဖန်းလီ၏စိတ်အခြေအနေ ကောင်းနေသည်ကို သိမြင်သောအခါ လူအုပ်သည် ရဲရင့်လာပြီး တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ အချို့က သူ၏ပခုံးများကို နှိပ်နယ်ပေးသည်။ အချို့က ခြေသည်းများကို ညှပ်ပေးသည်၊ အချို့က ဝိုင်ဖြည့်ပေးကြသည်...။  


ဖန်းလီသည် မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ ဇိမ်ခံပျော်ရွှင်မှုထဲသို့ နစ်မြှုပ်နေသည့်ပုံစံဖြင့် လဲလျောင်းနေသည်။ 


【စနစ်သည် စိုးရိမ်လာသည်။ အရှင်၊ အရှင်၊ ရှဲ့ဟွိုင်ကို သွားရောက်ကြည့်ရှုဖို့ မမေ့နဲ့‌နော်】 အရှင်သည် စိတ်ရှုပ်ထွေးနေပြီး အချိန်တစ်ဝက် ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူသည် အဘယ်ကြောင့် ရှဲ့ဟွိုင်ကို မသွားရောက်ကြည့်ရှုသနည်းဆိုပြီး စနစ်က တွေးမိလာသည်။


ဖန်းလီသည် မျက်ခုံးမျှပင် မလှုပ်ရှားဘဲစနစ်အား စိတ်ထဲတွင် တုံ့ပြန်သည်။  


【ဖန်လီ: စိတ်မလောနဲ့။ ခဏစောင့်။】  


စနစ်သည် စိတ်မလောစရာမလိုဟု မည်သို့ပြောနိုင်မည်နည်း။ ဤမျှလောက် ဂရုမစိုက်သော အရှင်ကို သူမကြုံဖူးပေ။ သူသည် ရှဲ့ဟွိုင်ထံသို့ ချက်ချင်းသွားရန် စိတ်ကူးမရှိဘဲ သူ၏နောက်လိုက်များနှင့် ပျော်ပျော်ရွှင်ရွှင်နေနေသည်ကို မြင်ယောင်မိသည်။ အိုး... တကယ်တော့ သူသည် မိမိကိုယ်ကို ဧကရာဇ်၏နောက်ဆုံးမင်းသမီးများကဲ့သို့ သဘောထားနေပါက ပြဿနာမရှိပေ...။  


စနစ်သည် စိတ်ရှုပ်ထွေးသွားသည်။  


နောက်ထပ်အချိန်တစ်ဝက် ကုန်လွန်သွားသောအခါ စနစ်သည် ထပ်မံသတိပေးရန် စဉ်းစားနေစဉ် ဖန်းလီသည် ရုတ်တရက် ထလိုက်သည်။  


ရွှေယောင်းနှင့် ဖုန်ယင်းတို့သည် ဖန်းလီနှင့် အနီးဆုံးဖြစ်ပြီး သူတို့သည် သူတို့အား ရွေးချယ်မည်ဟု ထင်မှတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ထလိုက်ကြသည်။  


ဖန်းလီသည် အချိန်ကို တွက်ချက်လိုက်သည်။ သူသည် ရှဲ့ဟွိုင်နှင့် ရည်ရွယ်ချက်ရှိရှိ ဆုံဖူးသကဲ့သို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် ရှဲ့ဟွိုင်ထံသို့ အလျင်အမြန်သွားပါက ဇာတ်လမ်းနှင့် မကိုက်ညီနိုင်ပေ။ စနစ်သည် အလွန်အမင်း စိတ်မရှည်ဖြစ်နေသည်။ အချိန်တစ်ဝက်သာ ကုန်လွန်သွားသော်လည်း သူသည် ရှဲ့ဟွိုင်ကို သွားရောက်ကြည့်ရှုလိုပါက ဤနေရာတွင် ဆက်မနေသင့်ပေ။


သူသည် အနည်းငယ်သော လှုံ့ဆော်မှုကို ယူဆောင်လာရန် လိုအပ်သည်...။  


နတ်ဆိုးအရှင်၏နောက်လိုက်များတွင် အလှတရားနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ နတ်ဆိုးဂိုဏ်းများမှ ဆက်သသောသူများဖြစ်ပြီး သူတို့၏အိပ်ရာတွင်နေရာရရှိရန် မိမိတို့ကိုယ်ကို ပေးဆပ်ကြသည်။  


နောက်တစ်မျိုးမှာ အင်အားဖြင့် ဖမ်းဆီးခံထားရသူများဖြစ်သည်။  


မိမိဆန္ဒအလျောက် လာရောက်အမှုထမ်းသူများသည် သူ၏အိပ်ရာတွင် နေရာရရှိရန် စိတ်အားထက်သန်စွာလာကြပြီး ဖမ်းဆီးခံထားရသူများမှာ ဝေးရာသို့ ရှောင်ဖယ်နေကြသည်။  


ဖန်းလီသည် ထိုသူများ၏တည်နေရာကို ကောင်းစွာသိသည်။  


သူသည် ယောင်းအာ၏ခါးကို တစ်ဖက်လက်ဖြင့် ပွေ့ဖက်ထားပြီး ရေကြောင်းဘေးတစ်လျှောက် လမ်းလျှောက်ကာ တဖြည်းဖြည်း နောက်ဖေးရှိ ဝါးတောအတွင်းသို့ ချဉ်းကပ်လာသည်။  


ယောင်းအာနှင့်ဖုန်ယင်းတို့သည် စိတ်ရှုပ်ထွေးနေကြသည်။ ဤထောင့်သို့ ပြေးဝင်သောသူအားလုံးသည် နတ်ဆိုးအရှင်အား အမှုထမ်းရန် မလိုလားသော တရားမျှတ‌သောဂိုဏ်း၏တပည့်များဖြစ်သည်။ သူတို့သည် ဖန်းလီအား အဆိပ်ပြင်းသောမြွေကဲ့သို့ ရှောင်ဖယ်နေကြပြီး ဖန်းလီလာသည့်အခါတိုင်း ဝေးရာသို့ နေလေ့ရှိသည်။ ဖန်းလီသည်လည်း သူတို့အား မရှိသကဲ့သို့ သဘောထားလေ့ရှိသည်..။


ထိုမကောင်းဆိုးဝါးဂိုဏ်းများ၏မတော်တဆမှုကြောင့် သူတို့သည် အလှတရားအနည်းငယ်ရှိသောသူများကို ဖမ်းဆီးပြီး ဖန်းလီ၏နောက်လိုက်များထံသို့ ပို့လိုက်သည်။ သူတို့သည် ဖန်းလီအား အရည်အချင်းပြည့်မီသောသူများကို မရွေးချယ်နိုင်ဟု ထင်မှတ်နေကြသလော။  

ဖန်းလီသည် သူတို့၏စိတ်ကူးများကို သိရှိပါက သဘောတူညီမှုကို စိတ်နှလုံးအပြည့်ဖြင့် ပေးမည်ဖြစ်သည်။


ပုံမှန်အတိုင်းဆိုရင် ရန်ဆွေးသည် မုန့်တစ်ဖဲ့စာလောက်ကို မက်မောနေသူမဟုတ်ပါ။ တကယ်တော့ သူသည် အနောက်ဥယျာဉ်တော် (အပျိုတော်များနေရာ) ကို လုံးဝနီးပါးမလာခဲ့ဖူးပေ။ သူကိုယ်တိုင် လက်ဝါးကြီးအုပ်ပြီး ဖမ်းဆီးလိုက်သူ တစ်ဦးတည်းသာရှိသည်။ ထိုသူမှာ ရှဲ့ဟွိုင်ပင်ဖြစ်သည်။ 


ကျန်သူများမှာ သူ့လက်အောက်ငယ်သားများ ဆက်သသောအလှမယ်များ မဟုတ်လျှင် သူ့လက်အောက်ငယ်သားများ ဖမ်းမိသော အကျဉ်းသားများသာ ဖြစ်သည်။ 


ရန်ဆွေးသည် ထိုအရာများကို စိတ်ဝင်စားမှုမရှိပါ။ အနောက်ဥယျာဉ်တော်တွင် လူဘယ်နှစ်ယောက်ရှိသည်ကိုလည်း ဂရုမစိုက်ပေ။ တစ်ယောက်ဖြစ်ဖြစ်၊ ဆယ်ယောက်ဖြစ်ဖြစ်၊ ရာနှင့်ချီဖြစ်ဖြစ်၊ အသက်ရှင်နေသည်ဖြစ်စေ သေနေသည်ဖြစ်စေ၊ သူ့အတွက်တော့ ထူးခြားမှုမရှိပါ။ သူ့မျက်စိထဲတွင် အလှမယ်တစ်ယောက်နှင့် အရိုးခြောက်စင်တစ်ခုကြား ခြားနားမှုမရှိ။ သို့သော် သူငြင်းပယ်ခြင်းမရှိသည်ကို မြင်ရသည့်အခါ လက်အောက်ငယ်သားများက ကျေးဇူးကြွေးခံရန် ကြိုးစားလာကြပြီး အနောက်ဥယျာဉ်တော်မှာ လူဦးရေတိုးလာကာ စည်ကားလာခဲ့သည်။ 


စမ်းချောင်းအဆုံးတွင် ဝါးတောတစ်ခုရှိပြီး စိမ်းလန်းသောအရောင်ကြားမှ မှုန်ဝါးနေသည့် အရိပ်များကို တွေ့မြင်နိုင်သည်။ ရှဲ့ဟွိုင်လည်း ထိုအထဲမှ တစ်ယောက်အပါအဝင်ဖြစ်မည်။ 


ယောင်းအာသည် ဖန်းလီ၏လက်မောင်းကို ညင်သာစွာဆွဲကိုင်ထားပြီး သူ၏ခပ်ပြေပြေမျက်ခုံးများ အနည်းငယ်တွန့်လျက်ရှိသည်။ ထိုလူများက သူ့သခင်၏စိတ်ကို ပျက်ပြားစေမည်ကို စိုးရိမ်သောကြောင့် သခင်အား ထိုနေရာသို့ မသွားစေလိုသော်လည်း ဝင်ရောက်ဟန့်တားရန် မရဲသည့်အတွက် ဖန်းလီနှင့်အတူဖြည်းဖြည်းချင်းလိုက်လာရသည်။ 


ခြေတစ်လှမ်းခန့်သွားပြီးနောက် ယောင်းအာတို့၏ မျက်စိအဝင်တွင် ရုတ်တရက် ကျယ်ပြန့်လာသည်။ ဝါးတောအလယ်တွင် ထိုင်နေကြ ရပ်နေကြသူများစွာရှိပြီး အားလုံးသိမ်မွေ့သောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်…။ သူတို့ဘေးမှာ စိုက်ထားသော စိမ်းလန်းတောက်ပနေသည့်ပန်းများနှင့် နှိုင်းယှဉ်လျှင် မတူညီသော အလှတစ်မျိုးပင်ဖြစ်သည်။ 


ဖန်းလီအနေဖြင့် မည်သည့်အရာက ပို၍လှသည်ဟု ချက်ချင်းမပြောနိုင်သော်လည်း၊ သူသေချာသည်တစ်ခုမှာ….


ရှဲ့ဟွိုင်သည်သာ အလှဆုံးဖြစ်သည်။ 


ဖြစ်နိုင်သည်မှာ ရှဲ့ဟွိုင်သာလျှင် နုနယ်သောအလှမယ်များအားလုံးကို အရောင်မှိန်သွားစေနိုင်ပြီး ရှဲ့ဟွိုင်သာလျှင် မည်သည့်နေရာတွင်ရပ်နေပါစေ ကိုယ့်မျက်စိကို သူ့ဆီမှ ခွာမရအောင် ဖန်တီးနိုင်သူဖြစ်သည်။ 


ထိုအခိုက်တွင် ရှဲ့ဟွိုင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ 


အေးချမ်းသောသူ၏ နက်မှောင်သောဆံပင်ကို နောက်စေ့တွင်စုစည်းထားပြီး သပ်ရပ်သောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လှည့်ကြည့်လိုက်စဉ် ကျောက်စားပွဲအစွန်းကို လက်ဖြင့်ဆွဲကာ လက်ဖဝါးထဲတွင် ကျောက်စိမ်းလုံးလေးကို ညှပ်ထားသည်။ 


အို... စိတ်ကြိုက်ကစားနေဖို့ အချိန်ရှိသေးတယ်လား။ 


ဖန်းလီမျက်ခုံးအနည်းငယ်ပင့်ပြီး သူ့ကိုကြည့်ကာ ပြုံးရွှင်လိုက်သည်။ “ငါရောက်နေပြီဆိုတာ မင်းသိရက်သားနဲ့ ဘာလို့ လာမကြိုတာလဲ။” 


ရှဲ့ဟွိုင်မှာ တုံ့ပြန်မှုမရှိသေးသော်လည်း သူ့ပတ်ဝန်းကျင်က လူများမှာ ရွံမုန်းခြင်းနှင့် ပြည့်နေသည့် အမူအရာများဖြင့် ကြည့်နေကြပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုကို ဖုံးကွယ်၍မရပေ။ 


ဤသည်မှာ သာမန်လူများ၏တုံ့ပြန်မှုဖြစ်သည်။ ဖန်းလီစဉ်းစားသည် ‘မင်းသိထားတဲ့အတိုင်း ညှဉ်းပန်းမှုတွေကို ရင်ဆိုင်ရပြီး တရားမျှတသော ဂိုဏ်းတစ်ခုရဲ့ ထူးချွန်သူဘဝကနေ နတ်ဆိုးအရှင်တစ်ဦးရဲ့ ကစားစရာအဖြစ် ပြောင်းလဲသွားတာက…ကြောက်ရွံ့မှုနဲ့  လက်မခံနိုင်မှုတွေက သာမန်တုံ့ပြန်မှုကိုပေးနိုင်ဦးပါ့မလား။ 


သို့သော် ရှဲ့ဟွိုင်မှာ ထိုတုံ့ပြန်မှုများ မရှိခဲ့…… 


ဖန်းလီစဉ်းစားနေသည့်အချိန်အတွင်းမှာပင် ယောင်းအာသည် အခြေအနေကို သိမြင်လာပြီး စဉ်းစားလာသည်။ သူသည် ထိုမသိနားမလည်သည့်လူများကို မကြောက်ပေ။ သူ့သခင်သည် ထိုသူများကို လုံးဝဂရုမစိုက်သည့်အတွက် သူတို့သည် အန္တရာယ်မဖြစ်စေနိုင်သော်လည်း ဤအသစ်ရောက်လာသူသည် သူ့အတွက်တော့ ကြီးမားသောအန္တရာယ်ပင်။ 




သူသည် ရှဲ့ဟွိုင်ကို ကြည့်လိုက်သည်…။


ထိုသူသည် ငြိမ်သက်စွာထိုင်နေသည်မှအပ အခြားမည်သည့်အရာမျှ မလုပ်သော်လည်း ယောင်းအာသည် သူ့ထက်နိမ့်ကျသည့် စိတ်ခံစားမှုကို ခံစားလိုက်ရသည်။ သူ့သခင်က ရှဲ့ဟွိုင်ကို စိတ်ဝင်စားသွားပါက သူဘာလုပ်ရမည်နည်း။ 


ယောင်းအာစိတ်ပိုင်းဖြတ်လိုက်ပြီး ရှဲ့ဟွိုင်ဆီသို့ လျှောက်လာကာ သူ့လက်ကို ဆွဲကိုင်လိုက်သည်။ “ရွံရှာဖွယ်ပါပဲ! သခင်ကိုယ်တော် ရောက်တာကို သိတာ‌တောင်မှ ထိုင်ပြီးနေတယ်တဲ့လား!”


ယောင်းအာကဲ့သို့သူများသည် ဟန်ဆောင်မှုများကို ပြသရန် မည်သည့်အရာထက်မဆို နှစ်သက်ကြသည်။ သူတို့သည် အသေခံရဲသည်ဟု ထင်ရသော်လည်း အမှန်တွင် လုံးဝကြောက်ရွံ့နေကြပြီး ဟန်ဆောင်မှုများဖြင့် ပြဇာတ်ရုံတစ်ခုလို ဖြစ်နေသည်။ ဤအရာသည် အလွန်အတုအယောင်ဖြစ်ပြီး သူ့ကို ရွံရှာစိတ်ဖြစ်စေသည်။ အကယ်၍ သူတို့သည် သေလိုစိတ်ရှိပါက အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် မကြိုးစားကြသနည်း။ ထိုသို့ပြုလျှင် သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်မည်မဟုတ်လော။


ယောင်းအာသည် ဤကြောက်မက်ဖွယ်ကောင်းသော နတ်သားကဲ့သို့ သန့်ပြန့်လှပသည့် လူငယ်၏မျက်နှာပေါ်တွင် ငိုကြွေးပြီး ဒူးထောက်တောင်းပန်မှုကို မြင်ရဖို့ စောင့်မဆိုင်းနိုင်တော့ပေ။ သူသည် အရှင်သခင်ကို ဤလူငယ်သည် ထူးခြားသည့်အရာမဟုတ်ကြောင်း ပြသရန် ဆုံးဖြတ်လိုက်သည်...။ ဒူးမထောက်လျှင်တောင် အရှင်သခင်ကို အမျက်ထွက်စေပြီး သတ်ဖြတ်လိုက်သည်က ပို၍ကောင်းမည်။


ရှဲ့ဟွိုင်၏မျက်နှာတွင် အပြောင်းအလဲမရှိပါ။ သူသည် လက်ဖျားကို ညင်သာစွာ မြှောက်လိုက်ပြီး ယောင်းအာဆွဲမကိုင်မီတည်းက သူ၏ နူးညံ့သောလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။


‘နောက်တစ်မိနစ်အကြာ။’


အရိုးကျိုးသောအသံသည် ကြောက်လန့်တုန်လှုပ်နေသော ယောင်းအာ၏အသံဖြင့် ဖုံးသွားသည်။ နာကျင်မှုကြောင့် မျက်နှာမဲ့သွားသော ယောင်းအာသည် မြေပြင်ပေါ်ဒူးထောက်လျက် ရှဲ့ဟွိုင်ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်နေသည်။ သူသည်... မဟာသခင်ရှေ့မှောက်တွင် ဤသို့ရက်ရက်စက်စက် ပြုလုပ်ရဲပါသလား။


ဖန်းလီ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ်မြှင့်တက်သွားသည်။


သူသည် ယောင်းအာကို မတားဆီးခဲ့ခြင်းမှာ ရှဲ့ဟွိုင်၏တုံ့ပြန်မှုကို စောင့်ကြည့်လိုခြင်းကြောင့်ဖြစ်သည်။ ရှဲ့ဟွိုင်သည် လုံးဝအညံ့မခံမည်မှာ သိသာသော်လည်း စကားမပြောဘဲ လက်ကောက်ဝတ်ကို ကျိုးအောင်ပြုလုပ်ခြင်းသည်.. သူသည် ချစ်စဖွယ်မိန်းမပျိုကို သနားကြင်နာခြင်း လုံးဝမရှိဟု ဆိုနိုင်သည်။ ဤမျှမျှော်လင့်ချက်မရှိသော စားကြွင်းစားခဲလေးယောင်းအာအတွက် ဝမ်းနည်းစရာပင်။

【 ဖန်းလီ ရယ်လျက်: အခုလာတဲ့အလှ‌လေးက ဆက်ဆက်ကြဲလေးပါလား။ 】


【 System: ...... 】


Chapter 3 End






There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment