Chapter 17
ဖန်းလီသည် တစ်ကြိမ်သေဖူးသူတစ်ယောက်အနေဖြင့် ဘဝနှင့်သေခြင်းကို လျစ်လျူရှုထားပြီးဖြစ်သည်ဟု ခံစားခဲ့ရသော်လည်း ရှဲ့ဟွိုင်ထံမှထွက်ပြေးလာစဉ်က... သူသည် ကောင်းကင်မှ လွတ်မြောက်လာရသည့်ခံစားချက်မျိုးပင် ခံစားခဲ့ရသည်။
ဖြစ်တောင့်ဖြစ်ခဲပဲ…
ပြန်ရောက်ပြီးနောက် စနစ်သည် ကြက်ကလေးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ ရှဲ့ဟွိုင်ကြောင့် ကြောက်လန့်သွားသည်လား မသိသော်လည်း ဖန်းလီ၏ဝင်ရောက်မှုကို တစ်ခါမှ မပြောတော့၍ ဖန်းလီပင် မမျှော်လင့်ဘဲ တိတ်ဆိတ်သွားခဲ့၏။
ယခုအချိန်တွင် အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာ၍ရပြီ ဖြစ်သည်။
‘အခုလေးတင် ဘာမှားသွားတာလဲ။’
ရှဲ့ဟွိုင်က သူ့ကို သတ်ချင်သည်မှာ မဆန်းသော်လည်း သူ၏ပြုပြင်ခြင်းအခြေခံသည် ယခုမှ အစီအရင်ခတ်ခံထားရသဖြင့် သူ့ကို သတ်နိုင်သည့်စွမ်းရည်မရှိသော်လည်း ထိုအချိန်တွင် အမှန်တကယ်သတ်လိုစိတ်မျိုးနှင့်ပင်...
ဖန်းလီသည် ရှဲဟွိုင်က သူ့ကို သတ်နိုင်သည်ဟု မသိစိတ်က ခံစားခဲ့ရသည်။
‘ရှဲ့ဟွိုင်က အစီအရင်ကို ဖျက်လိုက်တာလား။’
ဖန်းလီသည် အခန်းထဲတွင် ဟိုဘက်သည်ဘက် လမ်းလျှောက်နေသည်။ မူလစာအုပ်ထဲတွင် ရှဲ့ဟွိုင်သည် မသန်စွမ်းဖြစ်ပြီး သူ၏ချီစွမ်းအင်ကွဲသွားခဲ့ပြီး ထိုမျှော်လင့်ချက်မဲ့သည့်အခြေအနေကို ပြန်လည်တည်ဆောက်ရာတွင် အောင်မြင်ခဲ့သည်။ သို့သော် သာမန်အသိဖြင့် မဖြေရှင်းနိုင်ပါ။ ဝိညာဉ်ကို လှောင်ပိတ်သည့်စည်းသည် သူ၏ပြုပြင်ခြင်းကို ဖြစ်စေနိုင်သလားဆိုသည်ကိုလည်း သူကိုယ်တိုင် မသေချာခဲ့ပါ။ သို့သော် ယခုကြည့်ရသလောက် သူ၏ခန့်မှန်းချက် မှန်ပုံရသည်။ ရှဲ့ဟွိုင်တွင် အခြားဝှက်ဖဲတစ်ခုတော့ ရှိနေ၏။ သို့သော် ပေးဆပ်ထားရသည်မှာ ကြီးမြင့်နိုင်သည်။ ထို့ကြောင့် အတင်းအကျပ်မခံရပါက အန္တရာယ်မဖြစ်နိုင်ပါ။
သူသည် ယခင်က ရူးသွပ်သွားခြင်းကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ရှဲ့ဟွိုင်၏ပြိုင်ဘက် မဖြစ်နိုင်။ သို့သော်လည်း အနက်ရောင်ကျောက်စိမ်းဂါထာကို အလွယ်တကူ မသုံးသင့်၊ မဟုတ်ပါက ဇာတ်လမ်းအဆုံးအထိ ဆက်လက်ရပ်တည်နိုင်မည်မဟုတ်ပေ။
သို့သော် ဖန်းလီသည် အစောင့်အရှောက်များစွာရှိသောအိပ်ခန်းကို ကြည့်ပြီး ခဏလောက် စဉ်းစားကာ ရှဲ့ဟွိုင်၏အလွန်ကျိုးကြောင်းဆီလျော်သော စိတ်နေသဘောထားကို ကျေးဇူးတင်မိသည်။
‘သူအခု လိုက်မလာတော့ဘူးဆိုတော့ အေးဆေးသွားပြီပေါ့။’
‘ဒီကိစ္စကို ခဏလောက် ဖုံးကွယ်ထားလိုက်ရမလား။’
သူသည် နောက်ဘာလုပ်ရမလဲဟု စဉ်းစားနေခိုက်တွင် နတ်ဆိုးကျွန်သည် ဟယ်ဟွမ့်ဂိုဏ်း၏ဂိုဏ်းချုပ်က သူ့ကို တွေ့ချင်သည်ဟု လာရောက်သတင်းပို့သည်။
‘အိုး?’
ဖန်းလီသည် မျက်လုံးကို အနည်းငယ်ပင့်ပြီး ညင်သာစွာပြုံးလိုက်သည်။
“သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။”
ဟယ်ဟွမ့်ဂိုဏ်းချုပ်သည် ဦးညွှတ်ကာ ဝင်လာရင်း ဖန်းလီ၏မျက်နှာကို တစ်ချက်ကြည့်ကာ ချက်ချင်းပင် မရေမရာအပြုံးမျိုး ပေါ်လာပြီး ညစ်တစ်တစ်အပြုံးဖြင့် ပြောလိုက်သည်။
“အရှင် မနေ့ညက ပျော်ရွှင်ခဲ့ရဲ့လား?”
ဟယ်ဟွမ့်ဂိုဏ်းချုပ်၏စကားများတွင် ရင်းနှီးမှုများ ပေါ်လွင်နေသည်။ သူ့အပေါ်နှုတ်ခမ်း၏ ကွဲအက်နေသောထောင့်များကို ကြည့်ရုံဖြင့် မနေ့ညက တိုက်ပွဲသည် ပြင်းထန်ကြောင်း သိနိုင်သည်။ ယွီယီကျွင်းသည် သိသာစွာပင် အလွန်စိတ်အားထက်သန်ခဲ့သည်။ သူ၏ချစ်ခြင်းပိုးကောင်တွင် အလွန်ယုံကြည်မှုရှိပြီး ရှဲ့ဟွိုင်က အလျှော့မပေးမည်ကို မကြောက်ပါ။ အရှင် စိတ်ကြည်နေလျှင် ဆုလာဘ်များသည် အလိုလိုပင် ရောက်လာမည်မဟုတ်လား။
ဖန်းလီကမူ သူ့ဘေးဘက်သို့ ပျင်းရိစွာလှည့်ကြည့်လိုက်သည်။
ဖန်းလီသည် ထရပ်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၍ သူ့အနက်ရောင် ဝတ်ရုံသည် ကြမ်းပြင်ပေါ်တွင် တရွတ်ဆွဲနေ၏။
မူလစာအုပ်ထဲတွင် ရှဲ့ဟွိုင်သည် ချစ်ခြင်းပိုးကောင်၏သက်ရောက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။ ရန်ဆွေးသည် ရှဲ့ဟွိုင်ကို ဒေါသတကြီး လုပ်ခဲ့သော်လည်း သူ၏စိတ်ထဲတွင် ကျေနပ်မှုမရှိခဲ့ပါ။ ချစ်ခြင်းပိုးကောင်သည် ဘာမျှ အသုံးမဝင်ဘူးဟု တွေးခဲ့၏။ ထို့ကြောင့် ဒုတိယနေ့တွင် ချီးကျူးခံလိုသောဟယ်ဟွမ့်ဂိုဏ်းချုပ်ကို လူမြင်ကွင်းတွင် ဒေါသတကြီး ကွပ်မျက်ခဲ့သည်။
ဖန်းလီ စဉ်းစားနေသည်မှာ မနေ့ညက ဖြစ်ပျက်ခဲ့သည်များပင်။ ရှဲ့ဟွိုင်ကို ဤကဲ့သို့ပုံစံမျိုး ဖြစ်အောင် တွန်းအားပေးနိုင်သည့်ထိုအရာသည် အမှန်တကယ်တော့ အတော်လေးအသုံးဝင်လေသည်။
‘ဒါပေမဲ့ ဒီလိုဆိုရင်... သေသင့်တာက ပိုဆိုးတာပေါ့။’
ဖန်းလီ၏ပါးလွှာသောနှုတ်ခမ်းများ လှုပ်ခတ်သွားပြီး အေးစက်သောစကားတစ်ခွန်းကို ပြောလိုက်သည်။
“ထွက်သွား။”
ဂိုဏ်းချုပ်၏အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွားပြီး မယုံနိုင်သည့်အမူအရာမျိုး ပေါ်လာသည်။ သူသည် အလွန်တုန်လှုပ်နေပုံရပြီး သူ၏နှုတ်ခမ်းများက ကြောက်ရွံ့မှုကြောင့်တုန်ခါနေသည်။
“အရှင် အရှင်...”
ဖန်းလီသည် ဖုန်မှုန့်များကို ဖယ်ရှားသကဲ့သို့ သူ၏လက်များကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဆွဲထုတ်သွားရြ၊ သူ့ကို နောက်တစ်ခါမမြင်ချင်ဘူး။”
အနားရှိ နတ်ဆိုးကျွန်များသည် ချက်ချင်းပင် ရှေ့သို့ တက်လာပြီး ဟဲဟွယ့်ဂိုဏ်းချုပ်ကို ရက်စက်စွာ ဆွဲထုတ်သွားကြသည်။ ဟယ်ဟွမ့်ဂိုဏ်းချုပ်၏အော်သံသည် ဝေးကွာသွားပြီး မကြာမီ လုံးဝပျောက်ကွယ်သွားသည်။ ဖန်းလီသည် စားပွဲတွင် ပြန်ထိုင်ကာ စားသောက်နေ၏။
ဟယ်ဟွမ့်ဂိုဏ်းချုပ်သည် မကောင်းမှုများစွာကို ကျူးလွန်ခဲ့၍ ထိုသို့သေဆုံးရသည်မှာ ဝမ်းနည်းစရာမဟုတ်ပေ။ ဖန်းလီသည် ဇာတ်လမ်းကို ပြောင်းလဲရန် ရည်ရွယ်ထားခြင်းမရှိ။ ဤနတ်ဆိုးအိုကြီး၏ပြုပြင်ခြင်းအခြေခံသည် အလွန်မကောင်းသော်လည်း မာနကြီးသောစိတ်နေသဘောထားရှိပြီး ရန်သူများစွာကို ဖန်တီးခဲ့သည်။ ဖန်းလီသည် ဇာတ်လမ်းအတွက် သူ့ကို သည်းခံရပြီး သူ၏သဘောကျဆုံးအဖြစ်ပင် ဟန်ဆောင်ခဲ့ရသည်။ သူ၏အကာအကွယ်မပါဘဲ သူကြဲထားသော မကောင်းသည့်အကျိုးဆက်များကို မကြာမီ မြည်းစမ်းနိုင်တော့မည်ဖြစ်သည်။
သူ့ကိုယ်တိုင်အတွက်ကမူ ဤကဲ့သို့လူမျိုးအတွက် လက်ညစ်ပတ်ခံဖို့ လုံးဝ မလိုအပ်ပါ။
………
ရှဲ့ဟွိုင်သည် အခန်းထဲတွင် တိတ်တဆိတ် ထိုင်နေပြီး ဖုန်ယင်းပို့သောလျှို့ဝှက်စာကို လက်ထဲတွင် ကိုင်ထားသည်။
စာထဲတွင် ဟယ်ဟွမ့်ဂိုဏ်းချုပ်သည် လွန်ခဲ့သောသုံးရက်က အရှင်နှင့် တွေ့ဆုံခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် အရှင့်ကို စိတ်ဆိုးစေခဲ့ပြီး လူမြင်ကွင်းတွင် အရှင်က နှင်ထုတ်ခဲ့ကာ သူ့ကို နောက်တစ်ခါ ဘယ်တော့မှ မမြင်ချင်တော့ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
အရှင်၏စကားများသည် ဖူကျိုးတောင်၏အထက်အောက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားသည် ဂိုဏ်းအရှင်၏အဖြစ်ကို စောင့်ကြည့်နေကြသည်။ မနေ့က ဟယ်ဟွမ့်ဂိုဏ်း၏ကျွန်များသည် ဟယ်ဟွမ့်ဂိုဏ်းချုပ် ဂူထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ခံထားရပြီး ဦးခေါင်းသာအကောင်းအတိုင်း ကျန်ရစ်သည်။
စာထဲတွင် ဖုန်ယင်းသည် ဟယ်ဟွမ့်ဂိုဏ်း၏ဂိုဏ်းချုပ်သေဆုံးပုံကို အတိုချုပ်သာ ဖော်ပြခဲ့ပြီး သူ၏စကားလုံးများနှင့် ဝါကျများကို ထိန်းချုပ်ခဲ့သော်လည်း ဤစာကို ရေးသားစဉ်က အနှီလူငယ်၏မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုကို ရှဲ့ဟွိုင် ခံစားမိသည်။ သူသည် ဟယ်ဟွမ့်ဂိုဏ်းထဲသို့ ကျရောက်ခဲ့ပြီး အသုံးတော်ခံတစ်ခုအဖြစ် လေ့ကျင့်ပေးခံခဲ့ရကာ နတ်ဆိုးအရှင်ထံသို့ ဆက်သရန် စေလွှတ်ခံခဲ့ရသည်။ ဤဘဝသည် ပျက်စီးသွားခဲ့ပြီး ယခုတွင် လက်စားချေသည်ဟု မှတ်ယူနိုင်သည်။
ရှဲ့ဟွိုင်သည် မျက်လုံးများကို မှေးစင်းပြီး ဆက်လက်ဖတ်ရှုနေသည်။
ပြီးခဲ့သည့်အကြိမ်က မေးခဲ့သောမေးခွန်းကိုလည်း စာထဲတွင် ပြန်ဖြေထားသည်။ ဟယ်ဟွမ့်ဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဖုန်ယင်းသည် ဟယ်ဟွမ့်ဂိုဏ်းချုပ်တွင် ချစ်ခြင်းပိုးကောင်ဟုခေါ်သော ရတနာတစ်ခုရှိကြောင်း ကြားသိခဲ့သည်။ ဖြစ်ပွားသောအခါ လက္ခဏာများသည် ရှဲ့ဟွိုင်ဖြစ်သည့်လက္ခဏာများနှင့် တူညီသည်။ ထိုအရာကို သောက်ပြီးပါက ဖြေရှင်းနည်း မရှိတော့ပါ။ ဖုန်ယင်းသည် ထိုပိုးကောင်၏တိကျသောလုပ်ဆောင်ချက်ကို သိပ်မရှင်းလင်းသော်ငြား ရှဲ့ဟွိုင်၏အခြေအနေအတွက် အလွန်စိုးရိမ်နေသည်။
သူသောက်မိသည်မှာ အမှန်တကယ် ထိုအရာဆိုလျှင် အရှင် သေဆုံးမှသာ တစ်သက်လုံး ဖယ်ရှားနိုင်တော့မည်။
‘အရှင်က သေသွားတာတောင် လူတွေကို ဒုက္ခပေးဖို့အတွက် ဒီလိုအရာတွေကို ထားခဲ့ချင်တုန်းပဲ။’
ရှဲ့ဟွိုင်၏မျက်လုံးများတွင် စဉ်းစားရိပ်တို့ ဖြတ်သန်းသွား၏။ ဖန်းလီ သူ့ကို အလျှော့ပေးခဲ့သည်မှာ ချစ်ခြင်းပိုးကောင်ဖြစ်နိုင်သည်။ ထို့ကြောင့် သူဘာလုပ်ခဲ့သည်ကို သိပါသလား။
ထိုညမတိုင်ခင်ကဆိုလျှင် ဖန်းလီ အရာအားလုံးကို သိထားသည်ဆိုတာကို ရှဲ့ဟွိုင် သံသယမရှိခဲ့ပါ။ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ပြီး ထိန်းချုပ်ချင်သည်ဆိုတာကိုပင် ယုံကြည်ခဲ့သည်။ သို့သော် ထိုညကို ဖြတ်သန်းပြီးနောက်တွင် သူက သေချာမသိတော့ပါ။
မမျှော်လင့်ထားသော ဖန်းလီ၏ပေါ်ထွက်လာမှုကြောင့် သူ တကယ်ကို မသိပုံရသည်။
သို့သော် ရှဲ့ဟွိုင် သေချာသိသည်မှာ ဖန်းလီသည် လူမြင်ကွင်းတွင် ထိုစကားကို ပြောလိုက်သည့်အခါ ဟယ်ဟွမ့်ဂိုဏ်းချုပ်သည် ထို့အတွက်ကြောင့် သေလိမ့်မည်ဆိုတာ သူသိသည်။ သူသည် ရည်ရွယ်ချက်ရှိရှိနှင့် တမင်တကာ သိအောင်လုပ်ခဲ့သည်။
သူလုပ်ခဲ့သည်မှာ သူ့ကိုယ်သူ သွယ်ဝိုက်ပြီး တောင်းပန်နေသကဲ့သို့... သူသည် ထိုပိုးကောင်၏အာနိသင်ကို တကယ်မသိတာလား။ ဟယ်ဟွမ့်ဂိုဏ်းချုပ်ဆီက လှည့်စားခံရတာလား။
………
သူသည် ချစ်ခြင်းပိုးကောင်၏လုပ်ဆောင်ချက်ကို ကောင်းစွာသိသည်။ သို့သော် ရှဲ့ဟွိုင်က မကိုင်တွယ်နိုင်ဘူးဟု မထင်ထားခဲ့ပါ။ အဲဒီအမှားသည် ရှဲ့ဟွိုင်ကို အကြီးအကျယ် စိတ်ဆိုးစေခဲ့မှာ သေချာသည်... ထို့ကြောင့် သူသည် အရှင်သေဆုံးသည့်သတင်းကို စောင့်ခဲ့ပြီး ရက်အနည်းငယ်ကြာသောအခါ ရှဲ့ဟွိုင် သည်းမခံနိုင်တော့ဘူးဟု တွက်ချက်ခဲ့သည်။ ရှဲ့ဟွိုင်၏ ဒေါသသည် ပျောက်သွားရန်အတွက် သူသည် ရှဲ့ဟွိုင်ကို သွားတွေ့ရန် စဉ်းစားခဲ့သည်။
သို့သော် တိုက်ရိုက်သွားလျှင် ရှက်စရာကောင်းလိမ့်မည်။
‘အကယ်၍ မတော်တဆ တွေ့ဆုံနိုင်ရင် အတော်ကောင်းမှာပဲ။ ဒါပေမဲ့ ရှဲဟွိုင်က အမြဲတမ်း တစ်ယောက်တည်းနေတော့ မတော်တဆ တွေ့ဆုံဖို့ အခွင့်အရေးဖန်တီးဖို့ မလွယ်ဘူး’
‘ဒီလိုဇာတ်ညွှန်းမျိုးမှာ ဇာတ်လမ်းကို ဖြတ်သန်းအသုံးပြုရမယ်... ဒီနေ့လို ရှက်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာတာက မထူးဆန်းဘူးလေ။’
ယခုအချိန်တွင် တုမန်သည် ကျိုးရှောင်တောင်သို့ ရောက်ခါနီးပြီဖြစ်သည်။ သူ့ဇာတ်လမ်းသည် သူသွားရမည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
ဖန်းလီ ခဏမျှစဉ်းစားပြီး သက်ပြင်းချကာ ထရပ်လိုက်ပြီး ဘေးဘက်ခန်းမသို့ သွားခဲ့သည်။
ယနေ့တွင် နေရောင်ခြည်သည် ဝင်းလက်နေသည်။ ရှဲ့ဟွိုင်သည် အိမ်ထဲတွင် မနေဘဲ စာအုပ်တစ်အုပ်ကို ဖတ်နေရင်း ခြံထဲတွင် ထိုင်နေသည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်ပျော်နေပုံရသည်။ အကျဥ်းချခံထားရသူနှင့် မတူဘဲ သူ၏မောင်းမဆောင်တွင် ရှိနေသကဲ့သို့...
ဖန်းလီသည် ရှဲ့ဟွိုင်မှ ခုနစ်လှမ်း ရှစ်လှမ်းအကွာတွင် ရပ်လိုက်၏။ ဤအကွာအဝေးသည် မည်သည့်မတော်တဆမှုများကိုမဆို ကိုင်တွယ်ရန် လုံလောက်သည်။ ထို့နောက် သူသည် သူ၏လက်သီးကို နှုတ်ခမ်းပေါ်သို့ဖိကာ ညင်သာစွာ ချောင်းဟန့်လိုက်သည်။
ရှဲ့ဟွိုင်သည် ခေါင်းမော့ကာ သူ့ကို လျစ်လျူရှုသည့်ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် သူမရှိသကဲ့သို့ စာအုပ်ဖတ်ရန် ခေါင်းကို ပြန်ငုံ့လိုက်၏။
ထိုသို့သော စိန်ခေါ်သည့် သဘောထားမျိုးဖြင့် ဖန်းလီ... သူ၏မျက်ခုံးများနှင့် မျက်လုံးထောင့်များတွင် အပြုံးတစ်ခု ပေါ်လာသည်။
‘ကောင်းလိုက်တာ။’ ရှဲ့ဟွိုင်က တကယ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။
လူတွေကို ကြင်နာစေသည့် ဤသို့အေးစက်ပြီး တည်ငြိမ်သောရှဲ့ဟွိုင်သည် ပိုကောင်းသေးသည်။
ထပ်စဉ်းစားကြည့်တော့ ရှဲ့ဟွိုင်သည် ချစ်ခြင်းပိုးကောင်ကြောင့် စိတ်လွတ်သွားပြီး အလွန်ရိုင်းစိုင်းသည့်အရှက်ကွဲမှုမျိုးကိုပင် ပြသခဲ့သည်။ ဤသည်မှာ သူ့အတွက် မသင့်လျော်သည့် မှောင်မိုက်သောသမိုင်းကြောင်းတစ်ခုပင်... ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်တာလည်း ဖြစ်နိုင်သည်။
‘ကောင်းတယ်’
ယခု ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှုရရှိပြီးဖြစ်သောကြောင့် ကျန်ကိစ္စများကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
သူ့နှလုံးသားထဲမှ လေးပင်မှုသည် မြေပြင်ပေါ်သို့ ကျသွားသည်။ ဖန်းလီသည် ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ရှဲ့ဟွိုင်သည် နောက်ဆုံးတွင် စာအုပ်ကို ချလိုက်သည်။ သူ့အနက်ရောင်မျက်လုံးများသည် တစ်နေရာတည်းတွင်မရှိဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။
“ဘာများ အကြံပေးချင်လို့လဲ?”
ထိုဖြစ်ရပ်အတွက် သူ့တောင်းပန်မှုကြောင့် ဖန်းလီ၏အသံသည် အလွန်ညင်သာနေ၏။ သူ သတိထားပြီး ပြောလိုက်သည်။
“တောင်ပေါ်မှာ နေရတာ ပျင်းမှာစိုးလို့ အပြင်ကို ခေါ်ထုတ်ပြီး အပန်းဖြေဖို့ လာခေါ်တာ။ ဘယ်လိုလဲ?”
ရှဲ့ဟွိုင်သည် ဖန်းလီကို အနက်ရှိုင်းဆုံး ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းကို လှုပ်လိုက်၏။
“အရှင်က ကျွန်တော့်ရဲ့ထင်မြင်ချက်ကို မေးနေတာလား?”
‘တကယ်တော့ မဟုတ်ဘူး... မင်းက ငါနဲ့အတူ တောင်အောက်ကို ဆင်းရမယ်။ ဘာလို့လဲဆိုတော့ ဒါက ဇာတ်လမ်းအရ လိုအပ်လို့ပဲ။’
သို့သော် ဖန်းလီသည် ဤသို့အမှန်တရားကြီးကို မပြောချင်ပါ။ ရှားပါးသောအပန်းဖြေမည့်ကိစ္စကို မပျက်စီးစေချင်ပါ။ ရှဲ့ဟွိုင်သည် သူ၏အဆိုပြုချက်ကို သဘောတူမည်ဆိုသည်မှာ သေချာသည်။ ဤနန်းတော်ထဲတွင် ပိတ်မိပြီး ရုန်းကန်နေရသည်နှင့် ယှဉ်ရင် ရှဲ့ဟွိုင်အတွက် ပိုအဆင်မပြေဘူးလား။ ရှဲ့ဟွိုင် သူ့ဆီကို ရောက်လာသည့်အခွင့်အရေးကို ငြင်းပယ်ရန် မဖြစ်နိုင်ပါ။ သူသည် ဒေါသထွက်ပြီး အမှားလုပ်တတ်သည့် လူမျိုးမဟုတ်။
ထို့ကြောင့် ဖန်းလီ ပြုံးလိုက်သည်။
“ဟုတ်တယ်။”
ရှဲ့ဟွိုင်သည် ဖန်းလီကို တစ်ချက်ကြည့်ပြီး ခဏကြာတော့ ပြန်ပြောလာ၏။
“ကောင်းပါပြီ။”
ဖန်းလီ ပြုံးလိုက်သည်။
‘သေချာတာပေါ့ စမတ်ကျတဲ့လူတွေနဲ့ ဆက်ဆံရတာ အရမ်းရိုးရှင်းပါတယ်။ လိုအပ်တာက အခြေအနေနဲ့ အကျိုးစီးပွားတွေကို ချမှတ်ဖို့ပါပဲ။’
………
ဝူယီမေ့သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းမောင်းရင်း အပြင်ဘက်တွင် ထိုင်နေသည်။
ဖန်းလီကမူ မြင်းလှည်းထဲတွင် ပျင်းရိစွာ ထိုင်နေသည်။ မြင်းလှည်းသည် အပြင်ပန်းတွင် သာမန်အတိုင်း မြင်ရသော်လည်း အတွင်းပိုင်းတွင် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ကြောင်နက်သား အထူစောင်များဖြင့် ဖုံးအုပ်ထားပြီး ကြမ်းပြင်နှင့်ပင် ထိစပ်နေ၏။ ပျော့ပျောင်းသောခုံ၏ဘေးဘက်တွင် ပုလဲများ စီခြယ်ထားပြီး နူးညံ့သောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ အလွန်ကျယ်ဝန်းပြီး နူးညံ့သောကြောင့် လှည်းပေါ်တွင် တစ်ခုခုလုပ်ချင်လျှင်ပင် အေးဆေးမောင်းနှင်နိုင်သည်။ အရေးကြီးဆုံးအချက်မှာ လုံးဝ မတုန်လှုပ်ခြင်းပင်ဖြစ်သည်။ သာမန်မြင်းလှည်းနှင့် တူသော်လည်း တကယ်တော့ အထူးမှော်လက်နက်တစ်ခုဖြစ်သည်။
သူသည် တောင်များနှင့် မြစ်များတစ်ဝိုက် ခရီးသွားလိုသောကြောင့် သဘာဝအတိုင်း ကြီးကြီးကျယ်ကျယ် မပြသနိုင်ပါ။ မဟုတ်ပါက သူသွားလေရာရာတွင် လူများသည် အလျင်အမြန် ထွက်ပြေးကြမည်ဖြစ်ပြီး ပတ်ဝန်းကျင်သည်လည်း တုန်လှုပ်နေမည်ဖြစ်သည်။ ထိုအခါ ပျော်ရွှင်စရာ မရှိတော့ပါ။
တောင်အောက်သို့ ဆင်းသည့် ဤခရီး၏ဇာတ်လမ်း ပြီးဆုံးသောအခါ ဖူကျိုးတောင်သို့ ပြန်လာပြီး သေခြင်းထံ သွားရန် ပြင်ဆင်လို့ရပြီဖြစ်၏။ တစ်လ နှစ်လခန့်သာ ကြာလိမ့်မည်။ ဤအရာကို စဉ်းစားလိုက်သောအခါ မပျော်ရွှင်ဘဲ မနေနိုင်ပါ။
ရှဲ့ဟွိုင်သည် သူ့ဘေးမှလူကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ထိုနေရာတွင် ကပ်လျက်နေပြီး နူးညံ့ယဉ်ပါးပုံရသည်။ အကြောင်းတစ်ခုခုကြောင့် သူ၏နှုတ်ခမ်းများတွင် မှိန်ဖျော့သောအပြုံးတစ်ခု ရှိနေသည်။
‘တောင်အောက်ကို ဆင်းရတာ တကယ် ပျော်စရာကောင်းတာလား။’
‘သူ့ကို အပန်းဖြေဖို့ ခေါ်သွားတာနဲ့ ပတ်သက်ပြီး ရှဲဟွိုင်က စကားတစ်ခွန်းကိုတောင် မယုံကြည်ခဲ့ဘူး။’
ဖန်းလီသည် ရှဲ့ဟွိုင် ဘာကို စဉ်းစားနေသည်ကို မသိခဲ့ပါ။ သူသိခဲ့လျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ပါ။ စနစ်က သူ့ကို နှိုးလာသည်အထိ မူးဝေစွာ အိပ်ပျော်သွားခဲ့သည်။
[စနစ်: ဝူယီမေ့က မင်းကို အကြိမ်ပေါင်းများစွာ ခေါ်နေတာ။]
ဝူယီမေ့သည် အတွင်းထဲမှ ရှဲ့ဟွိုင်ကိုပင် မကြည့်ဘဲ ဖန်းလီကို လေးစားစွာ ပြောလိုက်သည်။
“အရှင် ကျွန်ုပ်တို့ ရှီးနင်းခရိုင်ကို ရောက်ရှိနေပြီ။ တစ်ညတာ တည်းခိုလိုပါသလား?”
ရှီးနင်းခရိုင်သည် ရှုခင်းသာယာလှပသော နေရာဖြစ်ပြီး တောင်များနှင့် မြစ်များတစ်ဝိုက် ခရီးသွားရန် အလွန်သင့်လျော်သည်။
အပြင်အဆင်ကိုတော့ လုပ်ရပါဦးမည်။ ဦးတည်ရာသို့ တိုက်ရိုက်သွားခြင်းသည် ရုတ်တရက်ဆန်လွန်းသည်။ မူရင်းစာအုပ်ထဲတွင် ဤလမ်းသည် တစ်လကျော် လျှောက်ခဲ့ရသည်ဟု ရေးသားထားသည်။ သဘာဝအတိုင်း ဖြည်းဖြည်းချင်း လျှောက်သင့်သည်။ ဒီနေရာမှာ အချိန်ကုန်ခံဖို့ ဘာကြောင့်မသင့်တော်တာလဲ။
ဝူယီမေ့က ဟုတ်ကဲ့ဟု ပြန်ဖြေပြီး မြင်းလှည်းဖြင့် မြို့ထဲသို့ ဝင်သွားခဲ့သည်။
ရှီးနင်းခရိုင်သည် ကျူချင်းမြို့နှင့် မတူပါ။ ကျူချင်းမြို့သည် နယ်စပ်မြို့လေးမျှသာဖြစ်သည်။ လင်းရှန်သတ္တုတွင်း မရှိလျှင် အလွန်အရေးမပါပေ။ နောက်ပိုင်းတွင် နတ်ဆိုးဂိုဏ်းက ထိန်းချုပ်ခဲ့ပြီး လူများက ထိတ်လန့်တုန်လှုပ်နေကြသည်။ အထီးကျန်ပြီး လူသူကင်းမဲ့ခြင်းသည် မလွဲမသွေ ဖြစ်လာခဲ့သည်။ သို့သော် ဤရှီးနင်းခရိုင်သည် အလွန်စည်ကားသည်။ လမ်းပေါ်တွင် လူအဝင်အထွက်များ ရှိနေပြီး လူတိုင်း၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူအရာများ ရှိသည်။ ပညာရှင်များနှင့် ကုန်သည်များ ဖြတ်သွားကြသည်။ အမျိုးသမီးများသည် ပေါ့ပေါ့ပါးပါး လျှောက်သွားနေကြကာ သဟဇာတဖြစ်ပြီး စည်ပင်ဝပြောပုံရသည်။
ခရိုင်မြို့သည် အလွန်ကြီးမားပြီး ဤနေရာကို တာဝန်ယူထားသူမှာ ရှင်းယွဲ့နန်းတော်ဟုခေါ်သော ရှေးရိုးစွဲဂိုဏ်းတစ်ခုဖြစ်သည်။ မဟာနတ်ဘုရားဂိုဏ်းကြီး ငါးခုနှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ကျသော်လည်း နတ်ဘုရားကမ္ဘာတွင် လူသိများသေးသည်။
ဖန်းလီသည် စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။ စည်ပင်ဝပြောသော ခရိုင်မြို့ဖြစ်သော်လည်း လမ်းပေါ်တွင် ဘုန်းတော်ကြီးများ အလွန်များပြားနေ၏။
ဘုန်းတော်ကြီးများသည် မတူညီသောဂိုဏ်းများမှ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးသည် ရှင်းယွဲ့နန်းတော်၏တပည့်များ မဟုတ်သည်မှာ ထင်ရှားသည်။ သူတို့ထဲမှ အများအပြားသည် ယခုမှ ရောက်လာကြသည်။ တစ်ခုခု ဖြစ်တော့မည်လား။
ဝူယီမေ့သည် တည်းခိုဆောင်တစ်ခု၏အဝင်ဝတွင် မြင်းလှည်းကို ရပ်လိုက်ပြီး အရိုအသေပြုရင်း ပြောလိုက်သည်။
“အရှင်”
ဤစားသောက်ဆိုင်တွင် လူအဝင်အထွက်များစွာရှိပြီး စီးပွားရေးအလွန်ကောင်းပုံရသည်။ ဖန်းလီသည် နတ်ဆိုးနန်းတော်၏အရသာရှိသော အစားအစာများကို စားရသည်မှာ အနည်းငယ် ငြီးငွေ့နေပြီဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာ၏အရသာရှိသော အစားအစာများကို မြည်းစမ်းကြည့်ခြင်းသည် မဆိုးပါ။ ဝူယီမေ့သည် အမြဲတမ်း ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူရွေးချယ်သည့်နေရာသည် ကောင်းမွန်မည်မှာ သေချာ၏။
သူသည် အနက်ရောင်ပုံစံများပါသော လရောင်ဖြူရွှေချည်ထိုးဝတ်ရုံနှင့် မြေခွေးသားမွေးခြုံထည်ကို ဝတ်ဆင်ထားသည်။ သူနှင့်အတူပါလာသောခရီးသွားဖော်ကို လှည်းပေါ်မှ ဆင်းရန် ကူညီပေးခဲ့သည်။ သူသည် တကယ်ကို ဖျားနာနေသောလူငယ်တစ်ဦးနှင့် တူသည်...
သူ့ကို မြင်ဖူးသူအများအပြား သေဆုံးသွားသောကြောင့် လူအများအပြား မရှိပါ။ သေသွားသောလူများသည် အဓိပ္ပါယ်မရှိသောစကားများကို မပြောကြပါ…
သို့သော် ဝူယီမေ့၏အနီရောင်မျက်လုံးများသည် အလွန်ဆွဲဆောင်မှုရှိသည်။ ပထမတစ်ကြိမ်ကြည့်ရုံဖြင့် သာမန်လူများ မဟုတ်ပါ။ အလွန်ထင်ရှားသောလက္ခဏာများရှိသည်။ ထို့ကြောင့် ကြည့်ရတာ အနည်းငယ် ပိုသိသာသည်။
ရှဲ့ဟွိုင်အတွက်ကတော့ နာမည်ကြီး အရှင်ယွီယီကျွင်းအနေနဲ့ သိသည့်လူအများအပြားရှိသည်။ သူ၏အသွင်အပြင်သည်လည်း အလွန်ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် သူသည် မျက်နှာဖုံးအုပ်သည့်ဦးထုပ်နှင့် မျက်နှာကို ဖုံးကွယ်ရန် ပိတ်ပါးစကို ဝတ်ဆင်ထားသည်။
တည်းခိုခန်းမှ စားပွဲထိုးသည် ဖန်းလီ၏အသွင်အပြင်ကို မြင်သောအခါ ချမ်းသာသောပိုင်ရှင်ဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် သူတို့ကို အပေါ်ထပ်သို့ ကြင်နာစွာ လမ်းညွှန်ပေးပြီး လျှောက်ရင်း ပြောလိုက်၏။
“ဧည့်သည်တော်ကို ရှင်းယွဲ့နန်းတော်က ဖိတ်ကြားထားတာလား? ဧည့်သည်တော် ကျွန်တော်တို့ရဲ့ဆိုင်လေးကို လာတာက တကယ်ကို အချိန်ကိုက်ပါပဲ။ အခြားနေရာက ဧည့်သည်တော်တွေအားလုံးက ကျွန်တော်တို့ဆိုင်လေးရဲ့မူးယစ်ဝိုင်ကို မြည်းစမ်းခွင့်ရတယ်။ ဒါက ပိုတန်ဖိုးရှိတဲ့ခရီးတစ်ခု ဖြစ်စေမှာအမှန်ပါပဲ...”
ဝူယီမေ့သည် စားပွဲပေါ်တွင် ငွေတုံးတစ်တုံးကို တင်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
“အကောင်းဆုံးဝိုင်နဲ့ အကောင်းဆုံး အစားအစာတွေ လာချပေးပါ။”
ဧည့်သည်တော်သည် စကားနည်းနည်းသာ ပြောတတ်ပုံရသည်။ သို့သော် စားပွဲထိုးသည် ဤသို့သောလူမျိုးနှင့် မတွေ့ခဲ့ဖူးပါ။ ငွေသာပေးလျှင် ရ၏။ သူက ပြုံးပြီး ပြောလိုက်သည်။
“ကောင်းပါပြီ ဧည့်သည်တော် ခဏလေး စောင့်ပါ။ ကျွန်တော် ချက်ချင်း လာပို့ပါ့မယ်။”
ဝူယီမေ့သည် စားပွဲထိုးကို လွှတ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်တော့ စားပွဲပေါ်တွင် မကောင်းသောလက်ဖက်ရည်ကို တွေ့လိုက်ရ၏။
သူ မျက်မှောင်ကြုံ့လိုက်ပြီး ဖန်းလီအကြိုက်ဆုံး ရွှယ်ကျန်းလက်ဖက်ရည်ကို ထုတ်ယူလိုက်သည်။ သူ၏လက်ဝါးဖြင့် အိုးကို နွေးထွေးစေပြီး လေးစားစွာဖြင့် ဖန်းလီအတွက် လက်ဖက်ရည်တစ်အိုးကို သေချာပြင်ဆင်ပေးခဲ့သည်။
ဖန်းလီသည် ခဏလောက် စိတ်မပါ့တပါဖြစ်သွားပြီးနောက် အေးဆေးတည်ငြိမ်စွာ ယူလိုက်ကာ မျက်လုံးများကို မှေးစင်းပြီး သူ၏နှာခေါင်းတွင်းသို့ တိုးဝင်လာသောလက်ဖက်ရည်၏ရနံ့ကို ရှူရှိုက်လိုက်သည်။
ဝူယီမေ့သည် အမြဲတမ်း ဂရုတစိုက်ရှိပြီး အရာရာကို သေချာတိကျစွာ လုပ်ဆောင်တတ်သူဖြစ်သော်လည်း ဤအချိန်သည် သူ့ပုံစံနှင့် မတူပေ။ သူသည် ဘဝကို သိပ်မပျော်ရွှင်ခဲ့၊ သူ့ပြင်ပမှ အရာများကိုလည်း ဂရုမစိုက်ခဲ့ပေ။ အသက်မဲ့လူတစ်ယောက်ကဲ့သို့သာ နေထိုင်ခဲ့သည်။
တွေးတောမနေဘဲ အတူတကွ အချိန်တိုအတွင်း နေထိုင်ခဲ့ကြသော်လည်း ဝူယီမေ့သည် သူ့အကြိုက်များကို မှတ်ထားကာ နှလုံးသားထဲတွင် သိမ်းဆည်းထားခဲ့သည်။
ဖန်းလီသည် မျက်လုံးကို အောက်သို့ကြည့်လိုက်ကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။
ရှဲ့ဟွိုင်၏မျက်နှာသည် ပုဝါဖြူအောက်တွင် ဖုံးကွယ်ထားပြီး ပါးလွှာသောနှုတ်ခမ်းများသည် ဤမြင်ကွင်းကို ကြည့်ရှုနေစဉ် အနည်းငယ် စုချွန်နေသည်။ ဝူယီမေ့သည် ဖန်းလီရှေ့တွင် အမြဲတမ်း ရိုသေလေးစားစွာ ပြသပြီး သူ့နှင့် သဟဇာတဖြစ်ပုံရသော်လည်း ရှဲ့ဟွိုင်သည် သူ့ကို ခံစားနိုင်သည်။ ရန်လိုမှုသည် ထိုညက သူ့ကို သတိပေးခဲ့သည့်ဝူယီမေ့နှင့် အတူတူပင်ဖြစ်သည်။
သူသည် ဖန်းလီကို အမှန်တကယ် ဂရုစိုက်သည်။ သူသည် သစ္စာရှိသောလက်အောက်ငယ်သား တစ်ဦးမျှသာ မဟုတ်ပေ...
ပိုနက်ရှိုင်းပြီး ပိုခိုင်မာသော အရာတစ်ခု ဖြစ်နိုင်သည်။
သူတို့ကြားရှိ နားလည်မှုနှင့် ယုံကြည်မှုသည် မမြင်နိုင် မထိတွေ့နိုင်သော်လည်း သူ့ကို ထိတွေ့၍ မရပေ။ ရှဲ့ဟွိုင်သည် မျက်မှောင်ကြုံ့ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
မကြာမီတွင် အစားအသောက်နှင့် ဝိုင်ကို ယူလာသည်။
ဤနေရာရှိ ဝိုင်သည် ထူးခြားသော အရသာရှိပြီး ပျော့ပျောင်းသောအရသာက ပါးစပ်ထဲတွင် ကြာရှည်စွာ စွဲကျန်နေသည်။ ဖန်းလီသည် ဝိုင်ခွက်ထဲသို့ ထည့်လိုက်ပြီး လေးဘက်လေးတန်မှ စကားများသည် သူ့နားထဲသို့ ဝင်ရောက်လာသည်။
“ညီအစ်ကို တင်း မင်းလဲ ရှင်းယွဲ့နန်းတော်က စာတစ်စောင် ရခဲ့တယ်မဟုတ်လား။”
“မင်းရော ရခဲ့တာလား”
“မင်းတို့ ယိုချီရှားဂိုဏ်းက ရှင်းယွဲ့နန်းတော်နဲ့ အခင်ဆုံးပဲလေ။ ဒီတစ်ခါ ဘာကြောင့် ခေါ်တာလဲ သိလား။”
“အေး ဒီတစ်ခါတော့ တကယ်မသိဘူး ညီအစ်ကို။”
ဝူယီမေ့သည် မျက်လုံးကို အောက်သို့ငုံ့ရင်း နားထောင်နေစဉ် ဖန်းလီက
“ငါ စုံစမ်းပေးရမလား” ဟု ပြောလိုက်သည်။
‘ရှီးနင်းခရိုင်ရှိ ရှင်းယွဲ့နန်းတော်မျှသာ ဖြစ်သည်၊ ဘာများ အရေးကြီးလို့လဲ။ တကယ်လို့ အရေးကြီးတဲ့ ကိစ္စရှိရင် ငါ ကြိုသိပြီးသား ဖြစ်မှာပါ။ နတ်ဂိုဏ်းကြီး ငါးခုလည်း ဝင်ပါမှာ။ သတင်းမရှိလို့ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။’
အောက်က ဘုန်းတော်ကြီးများသည် ခဏကြာ ဆွေးနွေးကြသော်လည်း အသုံးဝင်သော သတင်းကို မပြောကြပါ။ နတ်ဆိုးလောက၏အတင်းအဖျင်းများကိုသာ ဆွေးနွေးကြသည်။
ဖန်းလီသည် ပထမတော့ ဂရုမစိုက်ခဲ့သော်လည်း ရှဲဟွိုင်၏နာမည်ကို ကြားသောအခါ သူသည် ဘေးသို့ စောင်းငဲ့ကြည့်မိသည်။
ရှေ့စားပွဲတွင် မီးခိုးရောင်နှင့် အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ဘုန်းတော်ကြီးသုံးပါး ထိုင်နေသည်။ သူတို့သည် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ပုံရသည်။ မုတ်ဆိတ်မွေးနှင့်လူတစ်ဦးသည် မျက်လုံးကို လှန်ကာ
“အေး မင်းတို့ ကြားမိလား။ ကျောက်စိမ်းဝတ်ရုံရှင်ကို နတ်ဆိုးဘုရင်က ခေါ်သွားပြီးတော့ နတ်ဆိုးဘုရင်က မကောင်းတာမျိုးမလုပ်တော့ဘူးတဲ့။ နတ်ဆိုးဘုရင်က သူ့လက်အောက်ငယ်သားအတော်များများကို သူ့အတွက် သတ်ခဲ့တယ်တဲ့!” ဟု ပြောလိုက်သည်။
ဘေးက စားပွဲမှ ဘုန်းတော်ကြီးတစ်ဦးက တွန့်ဆုတ်စွာ ထပြော၏။
“ဒါက ကောလာဟလပဲ မဟုတ်လား”
မုတ်ဆိတ်နှင့်လူသည် မျက်လုံးကို မှေးစင်းကာ ပေါ့ပေါ့ပါးပါး လေသံဖြင့်
“ငါ ကြားတာတော့ ကျောက်စိမ်းဝတ်ရုံရှင်က ဖူကျိုးတောင်မှာ နတ်ဆိုးဘုရင်နဲ့ ခွဲလို့မရဘူးတဲ့။ ဖူကျိုးတောင်ကို သွားပြီး နတ်ဆိုးဘုရင်နဲ့ အတူနေရတာ ကောင်းတယ်လို့ ထင်ခဲ့တာ ဖြစ်နိုင်တယ်။ ဝတ်ရုံရှင်ရဲ့ရုပ်ရည်က အရမ်းချောတာလေ။ သူသာ ဆန္ဒရှိရင် ဘယ်ယောက်ျားကို မသိမ်းသွင်းနိုင်မှာမို့လို့လဲ” ဟု ပြောလိုက်သည်။
သူပြောနေစဉ် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပြီး အသံကို နှိမ့်ကာရယ်မောရင်း ပြောပြန်၏။
“ငါ ဝတ်ရုံရှင်ကို အရင်က တွေ့ဖူးတယ်။ သူက တကယ် အံ့ဩစရာပဲ အခုကြည့်တော့ သူက အိပ်ရာပေါ်မှာလဲ ကျွမ်းကျင်တာပဲ... နတ်ဆိုးဘုရင်ကို ဒီလောက်ထိ ဖြစ်အောင် လုပ်နိုင်ဖို့ ဘယ်လောက်ထိများ ဖမ်းစားခဲ့လဲ မသိဘူး ဟဲဟဲဟဲ...”
မုတ်ဆိတ်နှင့်လူက စတင်လိုက်သောအခါ သူ့ပတ်ဝန်းကျင်မှ လူများလည်း လိုက်ပြောကြသည်။ တဖြည်းဖြည်းနှင့် အကြောင်းအရာများသည် ပို၍မနှစ်မြို့ဖွယ် ဖြစ်လာ၏။
ညစ်ညမ်းသောစကားများဖြင့် ရှဲ့ဟွိုင်က နတ်ဆိုးဘုရင်ကို ဆွဲဆောင်သည့်ပုံစံတစ်ခုအဖြစ် ဖော်ပြကြသည်။
ဖန်းလီသည် နှုတ်ခမ်းကို စုပ်သတ်ကာ သူ့ဘေးမှရှဲ့ဟွိုင်ကို ဂရုတစိုက်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ရှဲ့ဟွိုင်၏မျက်နှာအမူအရာကို ပုဝါဖြူမှတဆင့် လုံးဝမမြင်နိုင်ပေ။
ဖန်းလီသည် ကောလာဟလများနှင့် အတင်းအဖျင်းများကို မျှော်လင့်ထားသော်လည်း ရှဲ့ဟွိုင်ရှေ့တွင် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားရပြီး စိတ်မသက်မသာ ဖြစ်လာ၍ ချောင်းဟန့်လိုက်သည်…
မုတ်ဆိတ်နှင့်လူသည် ပိုစိတ်လှုပ်ရှားလာပြီး သူ့မျက်နှာသည် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ထိုမြင်ကွင်းထဲတွင် ရှိနေသကဲ့သို့ ခံစားရပြီး သူသည် နတ်ဆိုးဘုရင် မဟုတ်သည်ကိုသာ မုန်းတီးကာ “ဝတ်ရုံရှင်က ယွင်ကျန်းချွီကို ကယ်တင်ဖို့အတွက် နတ်ဆိုးဘုရင်ဆီမှာ လက်နက်ချဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်လို့ ဆိုတယ်” ဟု သက်ပြင်းချလိုက်သည်။
‘ဟုတ်ပါသည်။ သူ့ဆရာ မင်းယင်က သူသည် တပည့်မဟုတ်တော့ကြောင်း ဂိုဏ်းမှ နှင်ထုတ်ခံရကြောင်း ပြောခဲ့သည်မဟုတ်ပါလား။’
သူသည် အရှင်နှင့် အချိန်အတော်ကြာကတည်းက ပေါင်းသင်းခဲ့ခြင်းဖြစ်နိုင်ပြီး ဂိုဏ်း၏ဘေးအန္တရာယ်ပင်လျှင် သူကြောင့် ဖြစ်နိုင်ပါသည်။ ဆရာ မင်းယင်က သူ့မျက်နှာကို ထောက်ထားပြီး မပြောချင်ခဲ့ခြင်းဖြစ်မည်။
“တော်တော်ဆိုးတာပဲ ရုပ်ရည်ကောင်းပြီး မာနကြီးပုံပေါက်ပေမဲ့ နောက်ကွယ်မှာ ဒီလိုဖြစ်နေတာကိုး ဘယ်လောက်တောင် ပျက်စီးနေလဲ မသိဘူး အရှင်က တကယ်ကို ကံကောင်းတာပဲ... အား! “
မုတ်ဆိတ်မွေးပါးပါးနှင့် လူ၏လက်ထဲမှ လက်ဖက်ရည်ခွက်သည် ရုတ်တရက် ကွဲကြေသွားပြီး ပျံသန်းလာသောအပိုင်းအစများသည် သူ့ပါးစပ်ထောင့်ကို ရှပ်ထိသွားကာ သွေးများစီးကျလာသည်။ သူသည် ပါးစပ်ကို ဖုံးအုပ်ကာ ဘယ်ဘက်ရှေ့သို့ ဒေါသတကြီး ကြည့်လိုက်သည်။
ဘယ်ဘက်ရှေ့မှ စားပွဲတွင် လူသုံးယောက် ထိုင်နေ၏။ တစ်ယောက်က အဖြူရောင် မျက်နှာဖုံးအုပ်ဆောင်းကို ဆောင်းထားပြီး နောက်တစ်ယောက်က အနက်ရောင် အင်္ကျီရှည်ကို ဝတ်ထားကာ နောက်တစ်ယောက်မှာ အမွေးထူသော မြေခွေးသားရေခြုံထည်ကို လွှမ်းထားသောနာမကျန်းလူငယ်လေးဖြစ်ပြီး ဖြူဖျော့ကာ နုနယ်သောမျက်နှာနှင့် နှုတ်ခမ်းတွင် ရယ်မောသံပါနေသော်လည်း သူ့လက်ထဲမှလက်ဖက်ရည်ခွက်မှာ ပျောက်ဆုံးနေပြီဖြစ်သည်။
သူ့ကို လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်လိုက်သူမှာ ဤနာမကျန်းသော လူဖြစ်ရမည်!
ဖန်းလီသည် မလှုပ်မယှက်ဘဲ မော့ကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။
“လက်ချော်သွားတာ။”
ဤလူသည် ယဉ်ကျေးသောအပြုံးရှိပုံရသော်လည်း ထိုကဲ့သို့ မထီမဲ့မြင်ပြုသော အမူအရာသည် သူ့ကို စိန်ခေါ်နေခြင်းမှာ ထင်ရှား၏။
‘မင်းမေကို...လက်ချော်တာ!’ မုတ်ဆိတ်မွေးပါးပါးနှင့်လူသည် ဒေါသထွက်ကာ ရိုက်တော့မည့်ဟန်ပြင်သော်လည်း သူ့ဘေးမှ တပည့်နှစ်ယောက်က ဖမ်းဆွဲထားလိုက်သည်။ ဤနေရာသည် ရှင်းယွဲ့နန်းတော်၏နယ်မြေဖြစ်ပြီး လူများ အဝင်အထွက်ရှိနေသော၍ လက်လွတ်စပယ်ရန်ဖြစ်လျှင် အခက်တွေ့လိမ့်မည်။
မုတ်ဆိတ်မွေးပါးပါးနှင့်လူသည် ဤအမှန်တရားကို နားမလည်သည်တော့ မဟုတ်သော်လည်း နာမကျန်းနေသည့်လူ၏ ရိုက်နှက်ပုံကို မြင်သောအခါ ဒေါသထွက်ခဲ့သည်။ ဤဒေါသကို ဘာမှမဖြစ်သကဲ့သို့မျိုချ၍ မရပါ။
ဤလူသုံးယောက်ထဲမှ တစ်ယောက်က မြင့်မြတ်သောသားတော်တစ်ဦးနှင့် တူပြီး နောက်တစ်ယောက်က အစေခံနှင့် တူကာ တတိယမြောက်က မျက်နှာဖုံးအုပ်ဆောင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ဆောင်းထားသည်။ သူတို့၏အဝတ်အစားများကို ကြည့်ခြင်းအားဖြင့်၊ သူတို့သည် ဂိုဏ်းတူမဟုတ်ကြဘဲ သူတို့၏ဝတ်စားဆင်ယင်ပုံမှာလည်း အလွန်ပေါ့ပေါ့ပါးပါး ဖြစ်နေ၏။ သူတို့သည် မိသားစုငယ်မှဘုန်းတော်ကြီးများပင် ဖြစ်နိုင်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်သူများပင်လျှင် ထိုကဲ့သို့ မာနကြီးရဲသည်မှာ တကယ်ကို ကောင်းကင်နှင့် မြေကြီး၏ကွာဟချက်ကို မသိသောသူများပင်!
ဖန်းလီက ထိုသို့ ပြောပြီးနောက် ပျင်းရိစွာ ထရပ်ရင်း ဝူယီမေ့ကို ပြောလိုက်သည်။
“သွားကြရအောင် ငါ ဗိုက်မဆာတော့ဘူး။”
သူသည် မုတ်ဆိတ်မွေးပါးပါးနှင့်လူရှိရာသို့ တည့်တည့်လျှောက်သွားပြီး သူ့ဘေးမှ ဖြည်းဖြည်းချင်းဖြတ်လျှောက်သွားစဉ် သူသာ ကြားနိုင်သောအသံဖြင့် နှုတ်ခမ်းကို လှုပ်ကာ ရယ်မောလိုက်သည်။
“ဘယ်သူကမှ ယွီယီကျွင်းအကြောင်း ပြောဖို့ မထိုက်တန်ဘူး။”
ဆိတ်မွေးပါးပါးနှင့် လူ၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
သူသည် ဖန်းလီ စားသောက်ဆိုင်မှ ထွက်သွားသည်ကို ကြည့်ကာ သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ့မျက်လုံးတွင် တဖြည်းဖြည်း အေးစက်သော အကြည့်များ ပေါ်လာသည်...
ကိစ္စတွေက ဒီလိုမျိုး ပြီးသွားမယ်လို့ မင်းထင်နေတာလား!
ဝူယီမေ့သည် ဖန်းလီက အဘယ်ကြောင့် ထိုသို့ ပြုလုပ်ခဲ့သည်ကို လုံးဝမမေးဘဲ တိတ်ဆိတ်စွာလိုက်သွားခဲ့သည်။ ရှဲ့ဟွိုင်အတွက်မူ သူသည် ယခုလေးတင် ပြောခံရသူ မဟုတ်သည့်အလား အစမှ အဆုံးအထိ မည်သည့်ထင်မြင်ချက်ကိုမျှ မဖော်ပြခဲ့ပါ။
ဖန်းလီသည် စိတ်ကောင်းဝင်နေပုံရပြီး အေးဆေးလမ်းလျှောက်နေကာ ည ၁၀ နာရီတွင် လမ်းကြားငယ်လေးတစ်ခုထဲသို့ လှည့်ဝင်သွားသည်။
လမ်းကြားသည် ကျဉ်းမြောင်းပြီး မှောင်မိုက်ကာ ဘေးဘက်များသည်လည်း ကျဉ်းမြောင်းပြီး လူသူ မရှိပါ။
ဖန်းလီ လမ်းလျှောက်လာပြီး ရုတ်တရက် ရပ်လိုက်ကာ လှည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
“စောင့်နေတာ အမှန်သွားတာပဲ။ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။”
စားသောက်ဆိုင်မှ မုတ်ဆိတ်မွေးပါးပါးနှင့် ကောင်လေးသည် အရင်က သည်းခံခဲ့သော်လည်း ဖန်းလီနှင့် အခြားသူများသည် ဂိုဏ်းကြီးတစ်ခုမှ မဟုတ်ကြောင်းကို မြင်သောအခါ သူသည် သူတို့ကို လျှို့ဝှက်စွာ နောက်ယောင်ခံခဲ့ပြီး အမိန့်ပေးသည့်အခါမှသာ ကိုင်တွယ်ရန် စောင့်နေခဲ့သည်။ သူတို့သည် သူ့ကို စော်ကားလျှင် ဘာဖြစ်မည်ကို သိစေရန်အတွက်ပင်။
ဖန်းလီနှင့် အခြားသူများသည်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သူတို့ နည်းလမ်းမရှာနိုင်မီ သူတို့သည် ဤလမ်းကြားထဲသို့ ကိုယ်တိုင်ဝင်လာခဲ့ကြသည်။ သူတို့သည် စိတ်ထဲတွင် လျှို့ဝှက်စွာ ပျော်ရွှင်နေသော်လည်း ဤအချိန်တွင် ဖန်းလီ၏ပေါ့ပါးသောအပြုံးကို မြင်သောအခါ မုတ်ဆိတ်မွေးပါးပါးနှင့်လူသည် ရုတ်တရက် နှလုံးတုန်လှုပ်လာခဲ့သည်။
‘တစ်ခုခု မှားနေပြီ…’
ဖန်းလီ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေ၏။ ဆိတ်မွေးပါးပါးနှင့်လူက သူ့ကို ငြင်းခုံချင်လျှင် သူသည် စားသောက်ဆိုင်တွင် မျဉ်းတစ်ကြောင်းဆွဲကာ လူသိရှင်ကြား ရှင်းလင်းစွာ ပြောဆိုနိုင်သည်... သို့သော် ထိုအချိန်၌ သူ့ဒေါသကို ထိန်းထားပြီး ဘာမှမပြောခဲ့ပါ။ သူသည် စိတ်တိုလွယ်ပြီး လျှို့ဝှက်စွာ လက်စားချေတတ်သူဖြစ်သည်။
သူထွက်သွားတုန်းက တစ်ဖက်လူ မလိုက်လာမှာကို မကြောက်ဘဲ တမင်စကားနဲ့ ရန်စခဲ့တယ်။
‘သေချာတာပေါ့ သူဒီကို အမိန့်နာခံပြီး ရောက်မလာဘူးလား။’
‘ငါက ရှဲ့ဟွိုင်ကို အမြဲတမ်း နာကျင်အောင်လုပ်ပြီး ညှဉ်းပန်းနေပေမယ့် အပိုင်လိုချင်စိတ် ပြင်းပြတဲ့ အာဏာရှင်နတ်ဆိုးဘုရင်တစ်ယောက်အနေနဲ့ ငါ့သဘောအတိုင်း ရှဲ့ဟွိုင်ကို ဘယ်လိုမဆို နှိပ်စက်နိုင်တယ်။ အခြားလူတွေက ရှဲ့ဟွိုင်အကြောင်း ဘယ်လိုပဲ မကောင်းပြောပြော၊ ရှဲ့ဟွိုင်ကို ငါတစ်ယောက်တည်းကပဲ အနိုင်ကျင့်ခွင့်ရှိတာ!’
‘အခြားလူတွေလား။ ဒါဆိို သေတွင်း တူးမိတာပဲ။’
ဖန်းလီ ညင်သာစွာပြောလိုက်သည်
“မင်းသိလား? ဖူကျိုးတောင်က နတ်ဆိုးဘုရင်ရှေ့မှာ အဲဒီစကားတွေကို ဘယ်သူပြောရဲလဲ? ပြောရတဲ့သူဆိုရင် သူ့လျှာကို ဖြတ်ပြီး ဥက္ကာပျံပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးလိုက်လိမ့်မယ်။”
မုတ်ဆိတ်မွေးနှင့်လူသည် မျက်မှောင်ကြုံ့လိုက်မိသည်။
‘ဒီလူက အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတာ။ နားမလည်နိုင်ဘူး။ သူ့အတွက် ဘာအရေးပါလို့လဲ။’
“ဒါကြောင့် လူဖြစ်လာရင် ကိုယ့်ရဲ့ပြောဆိုပြုမူတာတွေကို သတိထားရမယ်လေ။ ကောလာဟလတွေကို မယုံနဲ့။ ကောလာဟလတွေကို မဖြန့်နဲ့ပေါ့...”
ဖန်းလီသည် စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောရင် အရမ်းအန္တရာယ်များတယ်...”
မုတ်ဆိတ်မွေးနှင့်လူသည် စိတ်မရှည်တော့ဘဲ သူ့မျက်လုံးများတွင် အေးစက်သည့်အလင်းရောင်များ ထွက်လာသည်။ ယခင်က ဖန်းလီ သူ့ကိုစောင့်နေပုံနှင့် ယုံကြည်မှုအပြည့်ရှိသည်ကို မြင်ခဲ့သည်။ ဖန်းလီသည် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ့ကိုဒီကိုခေါ်လာပြီး လှည့်စားရန်ကြိုးစားနေသည်ဟု ထင်ခဲ့သည်။
သို့သော် ယခု ဖန်းလီသည် အဓိပ္ပာယ်မရှိတာများပြောနေပြီး ရမ်းသမ်းပြောနေသည်များကို ကြားသောအခါ သူအများကြီး တွေးနေမိသည်ဟု ခံစားလိုက်ရသည်။
‘ဒီကောင်က အိမ်မှာ မောက်မာနေကျမို့ အပြင်မှာလည်း အဲဒီလိုပဲ လုပ်လို့ရမယ်လို့ ထင်နေတာနေမယ်။ ဆိုတော့ သူက မောက်မာပြီး အသိဉာဏ်မရှိတဲ့ ကလေးတစ်ယောက်ပဲ!’
ပြီးခဲ့သောအချိန်ပိုင်းကပင် ဤကဲ့သို့လူတစ်ယောက်ရှေ့တွင် သူမည်မျှကြောက်ရွံ့ခဲ့လဲဆိုသည်ကို တွေးမိသောအခါ သူ့စိတ်ထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။ ဓားကို စိတ်မရှည်စွာထုတ်ကိုင်ရင်း ထိုးဖို့ ပြင်လိုက်သည်။
ရှဲ့ဟွိုင်က ဘေးမှာ တိတ်တဆိတ်ရပ်နေခဲ့ပြီး ညည်းညူလိုက်သည်။
မုတ်ဆိတ်နှင့်လူသည် သတ်ဖြတ်ချင်စိတ်များ ပြင်းထန်နေပြီး ရွေ့လျားရန် ပြင်လိုက်သည့်အချိန်တွင် ဘေး၌ တိတ်တဆိတ်ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် လက်ကိုမြှောက်ပြီး သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်ကို မြင်လိုက်ရ၏။
အဖြူရောင်ပိတ်စ လျှောကျသွားပြီး ညခင်း၏လရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ လှပသည့်မျက်နှာက ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုလူသည် မျက်စောင်းထိုးကြည့်လိုက်သောအခါ လရောင်ပင် သူ့ရှေ့တွင် မှိန်သွားပုံရသည်။
ထို့နောက် ဖြည်းဖြည်းချင်းခေါင်းလှည့်ပြီး ဖန်းလီကို အံ့အားသင့်စွာ ကြည့်လိုက်သောအခါ ချွေးစေးများ သူ့မျက်နှာပေါ်တွင် စီးကျလာသည်။
ဖန်းလီသည် ဤလူကို ဘယ်လိုကိုင်တွယ်ရမလဲဟု တွေးနေစဉ် ရှဲ့ဟွိုင်သည် ရုတ်တရက် သူ၏ခေါင်းဆောင်းကို ချွတ်လိုက်၍ မုတ်ဆိတ်နှင့်လူသည် ချက်ချင်းအံ့အားသင့်သွားကာ ကြောက်လန့်သွား၏။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဖန်းလီသည် ခေါင်းကိုလှည့်ပြီး ရှဲ့ဟွိုင်ကို ပြောလိုက်သည် “သူက မောက်မာတာမဟုတ်ဘူး သူက မင်းကို တကယ်မှတ်မိနေတာ။”
End