အပိုင်း ၁၁ (ငါ့ကို ဒီလိုလုပ်တော့မှာလား)
"အဓိပ္ပာယ်မရှိပါဘူး။ ဧကရီအရှင်မက ဘာဖြစ်လို့ ဧကရာဇ်ရဲ့ချစ်သူအတွက် ကိုယ်တိုင်ကိုယ်ကျ ရံရွေတော် ရှာပေးရမှာပါလဲ။"
ကျွန်မစကားကို ကြားလိုက်ရသောအခါ ရံရွေတော်များက ဒေါသတကြီး အော်ဟစ်ကြတော့သည်။
သွေးတိုးရှိသော နယ်စားကတော်ကြီး အယ်လီဇာက ကုပ်ပိုးကို လက်ဖြင့်ဖိကာ 'အီး' ဟု ညည်းသံပြုလေ၏။
ဘယ်တီ ဗိုင်းကောင့်ကတော်က နယ်စားကတော်ကြီးကို ယပ်ခတ်ပေးရင်း နှစ်သိမ့်သလို ပြောခဲ့သည်။
"ဒါတောင် လော်ရာ ဒီမှာမရှိလို့ တော်ပါသေးရဲ့။ သူ့စိတ်က မီးလိုပြင်းတော့ ဒီအကြောင်းသာကြားရင် စိတ်လှုပ်ရှားပြီး ဘယ်လိုတွေလုပ်မိလောက်မလဲမသိဘူးလေ။"
ကျွန်မ ခဏလောက် အသာလေးထိုင်ပြီး ပါးစပ်ပိတ်နေလိုက်တော့ စိုးရိမ်တကြီး အရိပ်အကဲကြည့်နေကြသည့် ရံရွေတော်များက မေးလာသည်။
"ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ၊ ဧကရီအရှင်မ။"
"ဧကရီအရှင်မက တကယ်ပဲ အဲ့ဒီမိန်းမအတွက် ရံရွေတော် ရှာပေးမှာလားရှင့်။"
"အရှင်ဧကရာဇ်ရဲ့ ကိုယ်ရေးအရာရှိတွေလည်း ကြိုးစားကြပေမဲ့ ဘယ်သူကမှ ဒီအလုပ်ကိုလုပ်ဖို့ရှေ့ထွက်မလာဘူးတဲ့လေ။"
ကျွန်မ သက်ပြင်းချလိုက်မိသည်။
"မလုပ်ချင်ဘူးလို့သာ ပြောလို့ရရင်တော့ ကောင်းမှာဆိုပေမဲ့... အရှင်ဧကရာဇ်ကိုယ်တိုင် ဆင့်ခေါ်ပြီး အမိန့်ပေးထားတဲ့ကိစ္စဖြစ်နေလို့ပါ။"
ရံရွေတော်များ မျက်နှာပျက်သွားကြသော်လည်း အကောင်းဆုံးဖြေရှင်းနည်းကိုမူ မည်သူမှ ရှာမတွေ့ခဲ့ချေ။
ပုံမှန်ဆိုလျှင် ရံရွေတော်ကို ကာယကံရှင်နှင့် အရိုက်အရာအဆင့်အတန်းတူသူ သို့မဟုတ် အရိုက်အရာအဆင့်အတန်း အနည်းငယ်နိမ့်သော မှူးမတ်တစ်ဦးဦးက ရှာပေးလေ့ရှိ၏။
သို့သော် ရက်ရှ်တာက မှူးမတ်အနွယ်တော်မဟုတ်သဖြင့် အထက်တန်းလွှာမှူးမတ်များကို ဤကိစ္စအတွက် အကူအညီတောင်းခံဖို့ဆိုသည်မှာ အင်မတန်မိုက်မဲရာရောက်ပေသည်။
ဤသို့သော အခြေအနေမျိုးတွင် အထည်ကြီးပျက်မှူးမတ်များ သို့မဟုတ် အဆင့်နိမ့်မှူးမတ်များအနက်မှ ရှာဖွေခြင်းက သင့်တော်သော်လည်း ထိုသို့သောလူတွေက နန်းတော်ထဲသို့ ဝင်ထွက်ခွင့်မရှိတဲ့သောကြောင့် ပြဿနာဖြစ်နေပြန်၏။
ကျွန်မ ခဏလောက် စဉ်းစားပြီး နယ်စားကတော် အယ်လီဇာကို အကူအညီတောင်းလိုက်သည်။
"လောလောဆယ် လူလွှတ်ပြီး စုံစမ်းရမှာဆိုတော့ မြို့တော်မှာရှိသမျှ မှူးမတ်ကတော်တွေနဲ့ သခင်မလေးတွေ အားလုံးဆီကို ဖိတ်စာတွေ ပို့လိုက်ပါ။"
"ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။"
~~~~~
“မှူးမတ်အနွယ်တော် အမျိုးသမီးတွေ အားလုံးတက်ရောက်ကြတဲ့ လက်ဖက်ရည်ပွဲတဲ့လား။”
ရက်ရှ်တာက မျက်လုံးအပြူးသားနှင့် ပြန်မေးလိုက်သည်။
“သေချာရဲ့လား။”
ရက်ရှ်တာ့ထံ သတင်းလာပေးသည့် အစေခံမိန်းကလေး ဂျယ်ရီနီက 'ဟုတ်ပါတယ်ဆိုနေ' ဟု ဒေါသတကြီးနဲ့ ရှူးရှူးရှားရှား ပြောလေသည်။
"နာမည်ကသာ လက်ဖက်ရည်ပွဲပါ၊ ဘယ်လောက်ခမ်းနားလိုက်သလဲမသိပါဘူး။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတည်းက မြို့တော်မှာရှိသမျှ မှူးမတ်အနွယ်တော် အမျိုးသမီးတွေ အကုန်လုံး အနောက်နန်းဆောင်ကို ရောက်နေကြပါပြီ။ ဖိတ်စာတွေကို မနေ့က ပို့လိုက်တာလို့ ပြောပါတယ်။"
"...ရက်ရှ်တာကရော။"
"အဲ့ဒါကြောင့် ပြောနေတာပါ။ လေဒီ ရက်ရှ်တာက မှူးမတ်အနွယ်တော်မဟုတ်ပေမဲ့ အခုဆိုရင် အရှင်ဧကရာဇ်ရဲ့လူလို့ အားလုံးသိနေကြပြီကို... အရမ်းဆိုးလွန်းပါတယ်။"
အစေခံမိန်းကလေး ဂျယ်ရီနီ၏စကားကြောင့် ရက်ရှ်တာက မျက်ခုံးလေးများကျုံ့ကာ ပခုံးများ ညှိုးမှိုင်စွာ ကိုင်းကျသွားလေတော့သည်။
"ဒါကြောင့် တစ်နေ့လုံး နန်းတော်က ပွက်လောရိုက်နေတာကိုး..."
"ဧကရီအရှင်မက ဒီတစ်ခါတော့ တကယ်လွန်သွားပါပြီ။ နှစ်သစ်ကူးပွဲတော်ကြောင့်ဆိုပြီး လေဒီ ရက်ရှ်တာအတွက် စားသောက်ပွဲကိုလည်း ဖျက်သိမ်းပစ်တယ်။ အခု လေဒီ ရက်ရှ်တာကို ထည့်မတွက်ဘဲ လက်ဖက်ရည်ပွဲပါ ကျင်းပနေတယ်တဲ့လား။"
လက်ဖက်ရည်ပွဲနှင့် သမားရိုးကျ စားသောက်ပွဲက အရွယ်အစားကအစ ကွဲပြားသလို တက်ရောက်သူများ၏ စိတ်ဖိစီးမှုများကလည်း ကွာခြားမှုရှိပေသည်။
ဤအချက်များကို မသိကြသော ဂျယ်ရီနီနှင့် ရက်ရှ်တာတို့အဖို့တော့ လက်ဖက်ရည်ပွဲဖြစ်ဖြစ်၊ စားသောက်ပွဲပဲဖြစ်ဖြစ် နှစ်ခုစလုံးက ပွဲဖြစ်သဖြင့် ဒီတစ်ခါတော့ အင်မတန် စိတ်ပျက်နေကြ၏။
ရက်ရှ်တာက အလကားနေ ခြေဖျားလေးများကို ကန်လွှဲနေရာမှ အားပြတ်သွားသလို အိပ်ရာပေါ် မှောက်လျက်လှဲချလိုက်သည်။
"ရက်ရှ်တာ့ကို မုန်းနေကြတာ ဖြစ်မယ်..."
"အရှင်ဧကရာဇ်က လေဒီ ရက်ရှ်တာကို ချစ်မြတ်နိုးလို့ ဧကရီအရှင်မက မနာလိုဖြစ်နေတာပါ။"
"လေဒီ ရက်ရှ်တာလည်း လှလှပပလေးဝတ်စားပြီး အနောက်နန်းဆောင်ကို သွားလိုက်ပါလား။"
"ရက်ရှ်တာက ဖိတ်စာမှမရဘဲ..."
"နန်းတော်ထဲမှာ ဧကရီအရှင်မတစ်ယောက်တည်း နေတာမဟုတ်တော့ဘူးလေ။ လေဒီ ရက်ရှ်တာအတွက်လည်း အခုဆိုရင် ဒီနေရာက ကိုယ့်အိမ်ဖြစ်နေပြီပဲကို။"
အစေခံနှစ်ယောက်က တစ်ယောက်တစ်လှည့်ပြောနေကြသော်လည်း ရက်ရှ်တာက ခဏစဉ်းစားပြီးနောက် ခေါင်းခါကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။
"မသွားချင်ပါဘူး။ သွားရင်လည်း ကျီးလန့်စာစားနေရမှာကို။"
အစေခံတွေလည်း မျက်နှာပျက်သွားကြတော့သည်။
"သနားစရာ လေဒီ ရက်ရှ်တာလေး..."
~~~~~
မှူးမတ်အနွယ်တော် အမျိုးသားများမပါဘဲ အမျိုးသမီးများကိုသာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း ပုံမှန်နှင့်မတူဘဲ ရာထူးအနိမ့်အမြင့် ခွဲခြားမထားသဖြင့် လူဦးရေက မှန်းထားသည်ထက် ပိုများနေခဲ့သည်။
လူမှုရေးအသိုင်းအဝိုင်းတွင် မျက်နှာမြင်ရခဲသောသူများပင် ပါလာသည့်အတွက် ကျွန်မကိုယ်တိုင်တောင် နာမည်နှင့် မျက်နှာကို စမ်းတဝါးဝါးဖြစ်နေမိ၏။
ကျွန်မက လူများ သွားလာရင်း စားသောက်နိုင်စေရန်အတွက် ဥယျာဉ်ထဲတွင် မုန့်များ၊ ပူတင်းများ၊ ဂျယ်လီများနှင့် ချောကလက်များကို ဘူဖေးပုံစံ ပြင်ဆင်ထားလိုက်သည်။
စစချင်းတော့ လက်ဖက်ရည်ပွဲတွင် ဘူဖေးပုံစံ ထည့်သွင်းထားသည်ကို လူတိုင်းက အံ့သြနေကြသော်လည်း မကြာမီမှာပင် ပျော်ရွှင်စွာ ရယ်ကာမောကာ စကားဖောင်ဖွဲ့ကြလေတော့၏။
ထို့နောက် အခြေအနေ အတော်အသင့် တည်ငြိမ်လာသည့်အချိန်တွင် ကျွန်မက သူတို့ကို ခေါ်လိုက်ရသည့် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
“အရှင်ဧကရာဇ်က ဒီတစ်ခါ သူ့ရဲ့ချစ်သူဖြစ်လာတဲ့ လေဒီ ရက်ရှ်တာအတွက် ရံရွေတော် ခန့်အပ်ချင်တယ်ဆိုလို့ ရှင်တို့ကို ခေါ်လိုက်ရတာပါ။ နှစ်သစ်ကူးပွဲတော်မတိုင်ခင် ရှာရမှာဖြစ်တဲ့အတွက် ဝေးလံတဲ့နေရာတွေကို လူလွှတ်ပြီး စုံစမ်းဖို့ကလည်း အချိန်မရှိပြန်ဘူးလေ။ ဧကန္တ အသိအကျွမ်းအသိုင်းအဝိုင်းထဲမှာ လေဒီ ရက်ရှ်တာရဲ့ ရံရွေတော်နေရာကို လိုချင်တဲ့သူများ ရှိမလား။”
'ရှင်တို့ထဲက ဘယ်သူများ ရက်ရှ်တာရဲ့ ရံရွေတော်ဖြစ်ချင်လဲ' ဟု ကျွန်မ မပြောခဲ့။
ပုံမှန်ထက် စံနှုန်းအနည်းငယ် နိမ့်ကျသွားသည်ဆိုသော်လည်း မြို့တော်တွင် မှူးမတ်စံအိမ်ကြီးဆောက်ကာ နေထိုင်ကြသူများမှာ သူတို့၏ ရာထူးအဆင့်အတန်းအပေါ် အတိုင်းအတာတစ်ခုအထိ ဂုဏ်ယူစိတ် ပြင်းထန်ကြပေသည်။
မြို့တော်တွင် နေထိုင်သော မှူးမတ်များမှာ နယ်ဘက်ကမှူးမတ်များ သို့မဟုတ် နယ်စားပယ်စားများထက် ရာထူးပိုမြင့်သည်တော့မဟုတ်သော်လည်း သာမန်အရပ်သူဇာစ်မြစ်မှလာသည့် ဧကရာဇ်၏ချစ်သူကို အလုပ်အကျွေးပြုခစားလိုသူ မည်သူမျှရှိမည်မဟုတ်ဟူသော အဓိပ္ပာယ်ပင်။
ထို့ကြောင့် ထိုအချက်ကို သတိထား၍ ပြောဆိုခဲ့ခြင်းဖြစ်၏။
ကျွန်မလည်း စကားဆုံးသွားတော့ တစ်စုံတစ်ယောက်ကို အရှေ့ထွက်လာစေဖို့ စောင့်နေမိသည်။
မှူးမတ်ကတော်များနှင့် သခင်မလေးများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါခြင်းဖြစ်ဖြစ်၊ ပခုံးတွန့်ခြင်းဖြစ်ဖြစ် ပြုလုပ်နေကြ၏။
ထိုသို့သော တိတ်ဆိတ်မှုက အနေအထားကို အဆင်မပြေဖြစ်စေခဲ့သည်။
ခဏအကြာတွင် လော်ရာနှင့် အရင်းနှီးဆုံးဖြစ်သည့် လေဒီ အာလီရှုတဲက သတိထားပြီး စကားစလာ၏။
“ဧကရီအရှင်မ... တကယ်တော့ ဒီအကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ပြောနေကြတာဆိုပေမဲ့... အရှင်ဧကရာဇ်ကိုတော့ လျှို့ဝှက်ထားပေးပါ။ အရေးကြီးပါတယ်။”
“ကိစ္စမရှိပါဘူး၊ ပြောပါ လေဒီ အာလီရှုတဲ။”
“လေဒီ ရက်ရှ်တာက ကျွန်ပြေးတစ်ယောက်ဆိုပြီး ကောလာဟလတွေ ပြန့်နေတယ်မဟုတ်ဘူးလားရှင့်။ သာမန်အရပ်သူဆိုရင်တောင်မှ ရံရွေတော်လုပ်ချင်တဲ့သူ တချို့တလေရှိနိုင်ပေမဲ့ အဲ့ဒီလိုကောလာဟလတွေက အရမ်းပြင်းထန်နေတော့... လူတိုင်းက ရှောင်နေကြပါတယ်။”
ကျန်မှူးမတ်အမျိုးသမီးများကလည်း ခေါင်းညိတ်ပြီး တစ်ချို့တစ်ဝက်က ထပ်မံဖြည့်စွက်ပြောဆိုခဲ့ကြသည်။
“ကျွန်ပြေးရဲ့ ရံရွေတော်ဖြစ်သွားရင် မျက်နှာပြောင်တိုက်ပြီး လူကြားထဲ သွားလာလို့ရတော့မှာ မဟုတ်ပါဘူး၊ ဧကရီအရှင်မ။”
“သင့်တော်တဲ့သူတော့ရှိပေမဲ့ အဲ့ဒီလိုကောလာဟလတွေပျံ့နေတဲ့ ချစ်သူရဲ့ ရံရွေတော်လုပ်ပေးပါလို့ပြောရင် ပါးရိုက်ခံရလောက်မှာပါ။”
“ကျွန်ပြေးရဲ့ရံရွေတော်ဆိုတာ ဂုဏ်ယူစရာမဟုတ်ဘဲ အရှက်တကွဲအကျိုးနည်းစရာ အပြစ်ဒဏ်တစ်ခုပဲ မဟုတ်ဘူးလားရှင့်။”
ကောလာဟလတွေက လူမှုရေးအသိုင်းအဝိုင်းတစ်ခုလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပုံရ၏။
မှူးမတ်များက ချီတုံချတုံဖြင့် ကျွန်မကို 'ဧကရီအရှင်မ၊ အဲ့ဒီကောလာဟလက တကယ်ပဲလားရှင့်' ဟု မေးမြန်းလာကြတော့ ကျွန်မလည်း ဧကရာဇ် ဆိုဗီရ်ရှု ပြောပြခဲ့သည့်အတိုင်း ပြန်ပြောပြလိုက်သည်။
အရှင်ဧကရာဇ်ရဲ့အမှားကြောင့် ဒဏ်ရာရခဲ့တဲ့ သာမန်အရပ်သူတစ်ယောက်ပါဟူ၍။
ညနေရောက်တော့ မှူးမတ်အမျိုးသမီးများအားလုံး ပြန်သွားပြီးနောက် ကျွန်မလည်း အရှေ့နန်းဆောင်သို့ သွားခဲ့သည်။
ယနေ့က ဧကရာဇ် ဆိုဗီရ်ရှုနှင့် ညစာအတူတူစားရန် စီစဉ်ထားသည့်နေ့ဖြစ်သဖြင့် ညစာစားရင်း ရက်ရှ်တာအတွက် ရံရွေတော်ရှာမရခဲ့ကြောင်း ပြောပြလျှင် ရပေပြီ။
သို့သော်လည်း မထင်မှတ်ဘဲ အရှေ့နန်းဆောင်သို့ရောက်သွားတော့ ပုံမှန်နှင့်မတူစွာ စားသောက်ခန်းမထဲရှိ စားပွဲတွင် အစားအသောက်များ ပြင်ဆင်ထားခြင်းမရှိခဲ့ပေ။
ဧကရာဇ် ဆိုဗီရ်ရှုက စားပွဲတွင် ထိုင်နေခဲ့သော်လည်း...။
ကြောင်အမ်းအမ်းဖြင့် ဗလာကျင်းနေသည့် စားပွဲကို ကြည့်လိုက်တော့ ဧကရာဇ် ဆိုဗီရ်ရှုက ဘာမှမဖြစ်သလို ပြောလာသည်။
“ဧကရီက မှူးမတ်ကတော်တွေကို ‘အကုန်’ ခေါ်ပြီး အကြာကြီး အဆာပြေစာ စားခဲ့တယ်လို့ ကြားတယ်။ ဗိုက်ပြည့်နေမှာပဲဆိုတော့ ဒီနေ့အတွက် ညစာစားပွဲပြင်ဆင်မထားဖို့ ပြောလိုက်တာ။”
“...အဲ့ဒီလိုလားရှင့်။”
“ငါက ရက်ရှ်တာနဲ့ အတူတူစားလိုက်ရင်ရပြီဆိုတော့ စိတ်မပူနဲ့။”
“...”
“ရက်ရှ်တာအတွက် ရံရွေတော်ရော။ ရှာကြည့်ပြီးပြီလား။”
“မှူးမတ်ကတော်တွေနဲ့ သခင်မလေးတွေကိုခေါ်ပြီး မေးမြန်းခဲ့ပေမဲ့ ရံရွေတော်လုပ်ပါမယ်ဆိုပြီး အရှေ့ထွက်လာတဲ့သူ တစ်ယောက်မှမရှိပါဘူး၊ အရှင်ဧကရာဇ်။”
ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒါပဲလား။”
“ဟုတ်ကဲ့။”
“မလုပ်ဘူးလို့ ပြောတယ်ဆိုရင် မလုပ်နိုင်တဲ့ အကြောင်းပြချက်ရှိမှာပေါ့။”
“ရံရွေတော်အလုပ်ဆိုတာက ငွေကြောင့်လုပ်ကြတာ မဟုတ်လို့ပါ။”
“အဲ့ဒါက ဘာစကားလဲ။”
ရက်ရှ်တာအကြောင်း ပြန့်နေတဲ့ ကောလာဟလအကြောင်းပဲပေါ့။
သို့သော် ကျွန်ပြေးဟူသော ကောလာဟလအကြောင်း ပြောလိုက်လျှင် ကျန်မှူးမတ်များအပေါ် ရိုက်ခတ်သွားပေလိမ့်မည်။
လေဒီ အာလီရှုတဲကလည်း လျှို့ဝှက်ထားပေးဖို့ ပြောခဲ့သဖြင့် ထိုအပိုင်းကို မပြောပြသင့်ဟု တွေးမိ၏။
“ကျွန်မရဲ့အမြင်ကိုပြောရရင် အခုအချိန်မှာ နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်နေရတာနဲ့ အလုပ်များနေကြမှာပဲဆိုတော့ သူများကို အလုပ်အကျွေးပြုဖို့ စိတ်မဝင်စားကြပုံပါပဲ။ အလုပ်က နှစ်ဆဖြစ်လာမှာမို့လို့ပါ။”
ခဏလောက် စဉ်းစားနေသည့် ဆိုဗီရ်ရှုက ခနဲ့တဲ့တဲ့ မေးလာသည်။
“ဧကန္တ ဧကရီက မှူးမတ်ကတော်တွေကိုခေါ်ပြီး ထူးဆန်းတဲ့စကားတွေ ပြောလိုက်လို့များလား။”
စနောက်သလို ပြောနေသော်လည်း သူ့စကားထဲတွင် ပြင်းထန်သောရည်ရွယ်ချက်များ ပါဝင်နေ၏။
“အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ ကျွန်မက အရှင်ဧကရာဇ်ရဲ့ ချစ်သူအကြောင်း ဘာမှမသိတာကို ထူးဆန်းတဲ့ စကားတွေ ဘယ်လိုလုပ်ပြောနိုင်မှာလဲရှင့်။”
“ဘာမှမသိတာတောင် လူတွေက အမြဲတမ်း စကားတွေ လျှောက်ပြောနေကြတာဆိုတော့။”
“ဟုတ်ပါရဲ့။ ကြားတာလည်းမရှိ၊ မြင်တာလည်းမရှိဘဲ တစ်ဖက်လူကို သံသယဝင်တတ်တဲ့လူတွေလည်း ရှိနေတာကို...”
ကျွန်မလည်း သူ့ရဲ့စကားတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လိုက်တော့ ဆိုဗီရ်ရှုတစ်ယောက် တဒင်္ဂ တုံ့ဆိုင်းသွားတော့သည်။
ကျွန်မတို့နှစ်ယောက်စလုံး ဘာစကားမှမပြောဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိ၏။
“အဲ့ဒါက ငါ့ကိုပြောတာဆိုရင် ဧကရီကို သံသယဝင်တာမဟုတ်ပါဘူး။”
ဆိုဗီရ်ရှုက ဦးစွာအလျှော့ပေးခဲ့သည်။
“ကျွန်မကလည်း အရှင်ဧကရာဇ်ကို ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။”
ကျွန်မလည်း တစ်လှမ်းနောက်ဆုတ်လိုက်တော့ ဆိုဗီရ်ရှုက ပြုံးပြီးချော့မောသလို ပြောခဲ့သည်။
“ဒီအတိုင်း မေးကြည့်ရုံပဲမို့လို့ စိတ်မဆိုးပါနဲ့။”
စိတ်ကတော့ ဆိုးပြီးသားဖြစ်သော်လည်း ဧကရာဇ်နှင့် ထိပ်တိုက်ရန်ဖြစ်လိုက်ရင် ဆုံးရှုံးရမည့်သူက ကျွန်မပင်။
အပြင်ပန်းတွင် မသိသာစေသော်လည်း မာနကတော့ အချိုးခံလိုက်ရပြီဖြစ်သဖြင့် ရင်ထဲတွင် ပျို့အန်ချင်သလို ခံစားလိုက်ရသည်။
ကျွန်မလည်း စက်ရုပ်လို ခပ်ယဲ့ယဲ့ပြုံးပြီး နေရာမှ ထရပ်လိုက်၏။
~~~~~
Miel's Translations