အပိုင်း ၁၄ (ကျွန်မ၏ အသိုက်လေး)
မနေ့က အသိုက်ထိုင်ခုံတွင် ဖောင်တိန်ထုတ်ရင်း လက်ကိုင်ပဝါ ပြုတ်ကျကျန်ခဲ့ပုံပင်။ တစ်ခန်းလုံး လိုက်ရှာကြည့်ခဲ့သော်လည်း အမြဲဆောင်ထားသည့် လက်ကိုင်ပဝါကို ရှာမတွေ့ခဲ့။ ကျွန်မလည်း ပင်မနန်းဆောင်တွင် အလုပ်လုပ်နေရာမှ နေ့လယ်စာစားရန်နားချိန်တွင် အနောက်နန်းဆောင်ဥယျာဉ်သို့ သွားခဲ့သည်။
“ဪ၊ ကိစ္စမရှိပါဘူးဆို။ ဧကရီအရှင်မက ဒီအချိန် ဒီကိုမလာပါဘူးရှင့်။"
"ပြီးတော့ အနောက်နန်းဆောင်တစ်ခုလုံးကို ဧကရီအရှင်မ ပိုင်တာမို့လို့လား။ ဧကရီအရှင်မရဲ့ အိပ်ခန်းကပဲ ဧကရီအရှင်မ အပိုင်လေ။"
"ဧကရီအရှင်မလည်း အရှေ့နန်းဆောင်ကို မကြာမကြာ လာတာပဲမဟုတ်လားရှင့်။ လေဒီ ရက်ရှ်တာလည်း ဒီကို လာလို့မရစရာ ဘာအကြောင်းရှိမှာလဲ။"
သို့သော် အသိုက်ထိုင်ခုံနားရောက်တော့ ရယ်သံနှင့် စကားပြောသံများကို ကြားလိုက်ရသည်။ ကျွန်မလည်း ချုံအကွယ်တွင်ရပ်ကာ သူတို့ကို ကြည့်နေလိုက်၏။ ကျွန်မ၏ အသိုက်ကုလားထိုင်ပေါ်တွင် ရက်ရှ်တာက ထိုင်နေပြီး အစေခံတစ်ယောက်က ကုလားထိုင်ကိုဒန်းလို တွန်းပေးရင်း ဆော့နေကြသည်။ နောက်ထပ် အစေခံတစ်ယောက်ကတော့ စားပွဲအသေးလေးပင်ချကာ သစ်သီးပါအခွံနွှာနေလေ၏။
“……”
ချက်ချင်းဆိုသလို မသတီစိတ်များ တရစ်ရစ်တက်လာတော့သည်။ အနောက်နန်းဆောင်က ဧကရီပိုင်သည့် နယ်မြေမှန်း သူတို့ မသိကြလေသလား။ ဟင့်အင်း၊ ကျွန်မရှိသည့်အချိန်ကို ရှောင်ပြီးလာကြပုံထောက်လျှင် ကျိန်းသေပေါက် သိကြပေလိမ့်မည်။ ကျွန်မ မုန်းသည့်သူက ကျွန်မကိုယ်တိုင် ဝယ်ယူပြီး တန်ဖိုးထားသော ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဆော့နေသည်ကို အင်မတန် မကျေမနပ်ဖြစ်မိရ၏။
"ဟုတ်ပါရဲ့လေ။ ဧကရီအရှင်မက ဒီလို သေးသိမ်တဲ့နေရာကို လာမှာလည်းမဟုတ်ပါဘူး။ ရက်ရှ်တာမှ ဝင်မထိုင်ပေးရင် ဒီကုလားထိုင်လေးကလည်း အထီးကျန်နေမှာပဲပေါ့။ မဟုတ်ဘူးလား။"
"လေဒီ ရက်ရှ်တာက... ချစ်စရာကောင်းလိုက်တာ။"
"လေဒီ ရက်ရှ်တာက တခြားအမျိုးသမီးတွေနဲ့ တကယ်ကို မတူတာပါ။ ကောင်းတဲ့ဘက်မှာ မတူတာကိုပြောပါတယ်။"
"ဘာလို့လဲ။ တခြားလူတွေက ဘယ်လိုဖြစ်နေလို့လဲဟင်။"
"ဘယ်လိုပဲပြောပြော နည်းနည်း... မှူးမတ်အနွယ်တော်တွေက အသက် ဆယ့်ခုနစ်နှစ်ရောက် လူမှုရေးပွဲတွေကို မဖြစ်မနေ တက်ရတာလေ။ အဲ့ဒီလို တက်ပြီးရင် နည်းနည်း...ရင့်ကျက်သွားတယ်လို့ပဲ ပြောရမလား။"
"သူတို့အချင်းချင်း အုပ်စုဖွဲ့ပြီး ရန်ဖြစ်တာတွေလည်း အပြင်းအထန်ပဲ။ နောက်ကွယ်ကနေ ကြိုးကိုင်ပြီး အကွက်ဆင်တာတွေလည်း ဆိုးဆိုးဝါးဝါးပဲ။"
"ဟူး၊ လေဒီ ရက်ရှ်တာက အဲ့ဒီလိုလူတွေနဲ့ မပေါင်းပါနဲ့။ ဖမ်းပြီးအစားခံရပါလိမ့်မယ်။"
ထိုစဉ် တဟီးဟီးရယ်နေသည့် ရက်ရှ်တာ၏အကြည့်က ကျွန်မဆီ ရောက်လာသည်။
"အာ၊ မမ၊ အဲလေ၊ ဧကရီအရှင်မ။"
ကျွန်မကို မြင်လိုက်ရသည်နှင့် ရက်ရှ်တာက အလန့်တကြား ထရပ်ခဲ့သည်။ မှူးမတ်အနွယ်တော်များအကြောင်း အားကြိုးမာန်တက် မကောင်းပြောနေကြသည့် အစေခံများလည်း မလှုပ်မယှက် တောင့်တောင့်ကြီးဖြစ်သွားကြ၏။ အသစ်ရောက်လာသည့် ရံရွေတော်နှစ်ယောက်ကိုမူ မတွေ့ရ။ ရက်ရှ်တာနှင့် ဆက်ဆံရေး အဆင်မပြေပုံထောက်လျှင် ဆိုဗီရ်ရှုက ပြန်လွှတ်လိုက်တာဖြစ်စေ၊ ရက်ရှ်တာက ရံရွေတော်များကို ချန်ထားခဲ့တာဖြစ်စေ ဖြစ်နိုင်ပေသည်။ ချုံပင်များကိုဖယ်ကာ ကျွန်မလည်း အရှေ့ကို လှမ်းသွားလိုက်၏။ ကျွန်မ၏ အကြည့်က အသိုက်ကုလားထိုင်ဆီကို လျှပ်တစ်ပြက် ရောက်သွားသည်။ ရက်ရှ်တာ မတ်တပ်ရပ်လိုက်တော့ သူ့ဝတ်စုံနောက်တွင် ကျွန်မ၏လက်ကိုင်ပဝါကို တွေ့လိုက်ရ၏။ ရက်ရှ်တာက အနီးအနားတွင် ပြုတ်ကျနေသည့် ကျွန်မ၏ လက်ကိုင်ပဝါကိုယူပြီး အသိုက်ကုလားထိုင်ပေါ်တွင်ခင်းကာ ထိုင်နေခဲ့ပုံပင်။ ကျွန်မအကြည့်ကို သတိထားမိသွားတော့ ရက်ရှ်တာက အလျင်စလို ပြောခဲ့သည်။
"အဟောင်းမဟုတ်ပါဘူး၊ ဧကရီအရှင်မ။ အကောင်းကြီးရှိသေးတဲ့ပစ္စည်းပါ။"
"ကုလားထိုင်က အဟောင်းမဟုတ်မှန်း ငါလည်းသိတယ်။ ငါ့ရဲ့ ကုလားထိုင်ပဲမို့လို့။"
ကျွန်မ အေးစက်စက် ပြောလိုက်တော့ ရက်ရှ်တာက တွန့်ဆုတ်သွားပြီး ကျွန်မကို အကဲခတ်နေသည်။ ကျွန်မလည်း စိတ်ထဲမှ ရှေးဟောင်းဘာသာစကားဖြင့် တစ်ဆယ်အထိ ရေတွက်နေလိုက်၏။ စိတ်ထဲတွင်တော့ 'ဒီကုလားထိုင်က ငါတန်ဖိုးထားတဲ့ ကုလားထိုင်၊ ဒီနေရာက ငါ့ရဲ့ လျှို့ဝှက်နေရာပဲ' ဟု ချက်ချင်း အော်ဟစ်ချင်နေမိသည်။ ဆိုဗီရ်ရှု၏ ချစ်သူက ကျွန်မ၏ပစ္စည်းကို ကိုင်တွယ်ခဲ့သည့်အတွက် အင်မတန် ဒေါသထွက်နေ၏။
"ဟို...ဧကရီအရှင်မ။ ဘာဖြစ်လို့ အဲ့ဒီလို ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့ ကြည့်နေရတာလဲရှင့်။"
ရက်ရှ်တာက အားမပါသည့်အသံလေးနှင့် မေးခဲ့သော်လည်း ကျွန်မကတော့ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့။ ဤကုလားထိုင်က ကျွန်မအတွက် အဖိုးတန်သည့် ကုလားထိုင်ဖြစ်ပြီး ဤနေရာက ကျွန်မတစ်ယောက်တည်း အချိန်ကုန်ဆုံးရန် အသုံးပြုသောနေရာဖြစ်သော်လည်း တားမြစ်ထားသည့်ကုလားထိုင်၊ တားမြစ်ထားသည့်နေရာ မဟုတ်ပေ။ ကျွန်မ မမြင်ရသော်လည်း ဤကုလားထိုင်ကို ကျွန်မအပြင် အခြားသူများလည်း အသုံးပြုနိုင်ကြောင်းသိ၏။ သို့သော် ထိုလူက ရက်ရှ်တာဖြစ်နေသောအခါ မဆင်မခြင် ဒေါသထွက်မိတော့သည်။ ယခု ကျွန်မ ဒေါသထွက်နေရသည်က သူ ဤကုလားထိုင်ပေါ်တွင် ထိုင်နေတာကြောင့်ဟု ပြောလိုက်မည်ဆိုလျှင် ဧကရီနှင့်တူတော့မည်မဟုတ်။ ထိုအစေခံများက ဤကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဒေါသဖြစ်နေသည်ကို သိကြလျှင် စောစောကလိုပင် သူတို့အချင်းချင်း ရယ်စားကြပေလိမ့်မည်။ ဧကရီက
ကုလားထိုင်လေးတစ်လုံးအတွက် ဘယ်ဟာက ဘယ်သူ့အပိုင်ဆိုပြီး ငြင်းခုံနေတာ တကယ်ရယ်စရာပဲဟု ပြောကြမည်သာ။ သူတို့ပြောကြသလို အနောက်နန်းဆောင်က ဧကရီ၏နယ်မြေဖြစ်သော်လည်း ဧကရာဇ်၏ချစ်သူ လုံးဝ လာ၍မဖြစ်သည့်နေရာလည်း မဟုတ်ပြန်ပေ။ သို့သော် ချစ်သူများက အကုန် ဧကရီအပေါ် လေးစားသမှုဖြင့် ဤနေရာသို့မလာဘဲ နေခဲ့ကြသည်။ ယင်းမှာ အစဉ်အလာတစ်ခုလို ဖြစ်ခဲ့သည်ပင်။ နောက်ဆုံးတွင် ကျွန်မလည်း အသက်ရှူသွင်းလိုက်၏။ စိတ်ထဲမှ လုံးဝ ဒေါသထွက်ပြလို့မဖြစ်ဘူးဟု ထပ်ပြန်တလဲလဲ ရေရွတ်နေမိသည်။
"ဧကရီအရှင်မ..."
"မင်း ခင်းထိုင်ထားတဲ့ လက်ကိုင်ပဝါကလည်း ငါ့ဟာပဲ။"
ကျွန်မ ဒေါသကိုထိန်းပြီး ပြောလိုက်တော့ ရက်ရှ်တာက အင်မတန် တုန်လှုပ်သွားသည့် မျက်နှာလေးနှင့် အနောက်ကို လှည့်ကြည့်လိုက်သည်။ အစေခံများကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငုံ့ထားကြ၏။
"စိုးရွံ့မိပါတယ်၊ ဧကရီအရှင်မ။ လေဒီ ရက်ရှ်တာက မသိခဲ့ပါဘူး။ ကုလားထိုင်နားမှာ ပြုတ်ကျနေတာနဲ့..."
"မသိလို့လုပ်တာဆိုတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် အနောက်နန်းဆောင်ကို မလာနဲ့။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ရလောက်အောင် ငါတို့ချင်း သိပ်ရင်းနှီးတဲ့သူတွေမှ မဟုတ်တာ။"
"ဒါ...ဒါပေမဲ့ ရက်ရှ်တာက ဧကရီအရှင်မနဲ့ ရင်းနှီးချင်တာကို..."
ရက်ရှ်တာ ငိုတော့မလိုလုပ်တော့ အစေခံတွေက သနားစရာကောင်းလိုက်တာဆိုသော အကြည့်မျိုးနှင့် သူ့ကို ကြည့်ခဲ့ကြသည်။ ကျွန်မကို ကုလားထိုင်လို၊ လက်ကိုင်ပဝါလို အသေးအဖွဲအရာလေးအတွက် တရားလွန်ပြုမူသည့် ယုတ်မာသောမိန်းမကြမ်းဟု သူတို့စိတ်ထဲတွင် တွေးကောင်းတွေးနေနိုင်၏။ ထိုအဖြစ်ကိုမြင်တော့ နောက်ဆုံးတွင် ကျွန်မလည်း ပိုပြီးစိတ်အချဉ်ပေါက်လာကာ တမင်ပဲ ရက်ရှ်တာအား အံ့ဩတုန်လှုပ်သွားစေလောက်မည့် စကားကို အကြံဉာဏ်ပေးဟန်ဖြင့် ပြုံးပြုံးလေး ပြောလိုက်သည်။
"မင်း နောက်မှာ နောက်ထပ် ချစ်သူတစ်ယောက် ထပ်ရောက်လာရင် အဲ့ဒီအခါ အဲ့ဒီချစ်သူနဲ့နဲ့ ရင်းရင်းနှီးနှီးနေပေါ့။"
"နောက်လာမဲ့ ချစ်သူဆိုတာက ဘာကိုပြောတာလဲရှင့်။"
"အရှင်ဧကရာဇ် မင်းရဲ့နောက်မှာ ထပ်ပြီးထားမဲ့ ချစ်သူကို ပြောတာလေ။"
သူ ကျွန်မကိုပြောခဲ့သည့် စကားကိုပဲ ပြန်ပြောပေးလိုက်ခြင်းဖြစ်သော်လည်း ရက်ရှ်တာ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားကာ စိတ်ထိခိုက်သလို မျက်နှာထားဖြင့် ကျွန်မကို ကြည့်လာ၏။ ရက်ရှ်တာ စိတ်မပါ့တပါ ဦးညွှတ်နှုတ်ဆက်ပြီး ပြေးထွက်သွားတော့ အစေခံတွေကလည်း တုံ့ဆိုင်းနေရာမှ သူ့နောက်သို့ အလျင်စလို ပြေးလိုက်သွားကြတော့သည်။
ကျွန်မသာ တစ်ယောက်တည်းရပ်နေရင်း ကျွန်မ၏ အသိုက်ကုလားထိုင်နှင့် တွန့်ကြေနေသော လက်ကိုင်ပဝါကို ကြည့်နေမိ၏။ ဘာကြောင့်မှန်းမသိ သက်တောင့်သက်သာမရှိတော့။ ယခင်ကအတိုင်း ကုလားထိုင်နှင့် လက်ကိုင်ပဝါပင်ဖြစ်သော်လည်း ယခုတော့....မနှစ်မြို့စရာလိုပင်။
~~~~
"အရှင်ဧကရာဇ်။"
အလုပ်ပြီး၍ ရက်ရှ်တာကို သွားတွေ့ခဲ့သော ဆိုဗီရ်ရှုတစ်ယောက် အင်မတန်အံ့သြသွားရတော့သည်။ အခန်းထဲသို့ ရောက်ရောက်ချင်း မျက်လုံးများမို့အစ်နေသည့် ရက်ရှ်တာက ဆိုဗီရ်ရှုကိုဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့သည်။
"ဘာဖြစ်တာလဲ။ ဘာလို့ ငိုနေရတာလဲ။ ရံရွေတော်တွေက မင်းကို ထပ်ပြီးစော်ကားကြပြန်ပြီလား။"
"အရှင်ဧကရာဇ်က ရက်ရှ်တာ့ကို စိတ်ကုန်သွားရင် တခြားမိန်းမတစ်ယောက်ကို ချစ်သူအဖြစ် ထပ်ခေါ်လာမှာလားဟင်။"
"ဘာ။ ဘယ်သူက အဲ့ဒီလိုစကားကို ပြောတာလဲ။"
ဆိုဗီရ်ရှုက အဓိပ္ပာယ်မရှိသည့်စကားလို မေးလိုက်တော့ ရက်ရှ်တာက ရှိုက်ကြီးတငင်ငိုရင်း "ဧကရီအရှင်မကပါ" ဟု အော်ပြောလေသည်။
"ဧကရီကလား။"
ဆိုဗီရ်ရှုက မဖြစ်နိုင်ဘူးဟူသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဧကရီက ဘာလို့ ဆိုင်းမဆင့်ဗုံမဆင့် မင်းကို အဲ့ဒီစကားမျိုး ပြောရတာလဲ။ နေပါဦး၊ မင်းက ဧကရီကို ဘယ်မှာတွေ့ခဲ့လို့လဲ။"
"အနောက်နန်းဆောင် ဥယျာဉ်ထဲမှာ စွန့်ပစ်ထားတဲ့ ကုလားထိုင်တစ်လုံးရှိတယ်လေ။ ဘယ်သူမှလည်း မသုံးကြတော့ ရက်ရှ်တာလည်း အဲ့ဒီနေရာမှာ သွားဆော့ခဲ့တာပါ..."
"အနောက်နန်းဆောင်ကို ထပ်သွားပြန်ပြီလား။"
"ဒီတစ်ခါတော့ ဧကရီအရှင်မ မရှိတဲ့အချိန်ကိုရွေးပြီး သွားခဲ့တာပါ။ ပြီးတော့ အဆောက်အအုံနားမှာလည်း မဟုတ်ဘဲ ဥယျာဉ်ရဲ့ လူသွားလူလာမရှိတဲ့နေရာပါ၊ အရှင်ဧကရာဇ်။"
ရက်ရှ်တာ တစ်ခါထပ်ပြီး တအီးအီး ငိုပြန်တော့ ဆိုဗီရ်ရှုလည်း သက်ပြင်းချကာ အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ပေးလိုက်၏။
"ဟုတ်ပါပြီ၊ ဘယ်သူမှ မသုံးတဲ့ ကုလားထိုင်မှာ ထိုင်တာပဲကို ဘယ်လိုဖြစ်ပြီးတော့လဲ။ ဧကရီကိုရှောင်ပြီး သွားခဲ့တာဆို။"
"မသိတော့ပါဘူး။ ဘယ်လိုသိသွားမှန်းမသိဘူး၊ အဲ့ဒီနေရာကို ရောက်လာပြီး ရက်ရှ်တာ့ကို ကြောက်စရာကောင်းအောင် ကြည့်နေရာကနေ....ရက်ရှ်တာကလည်း ပြောလိုက်မိတာ၊ ဧကရီအရှင်မနဲ့ ရင်းနှီးချင်ပါတယ်ဆိုပြီးတော့လေ။"
"အဲ့ဒီတော့ ငါက မင်းကိုစိတ်ကုန်သွားရင် နောက်ထပ်ချစ်သူတစ်ယောက် ထပ်ခေါ်လာမှာလို့ပြောပြီး စော်ကားသွားတာလား။"
"အဲ့ဒီလို တိတိကျကျကြီး ပြောသွားတာတော့ မဟုတ်ပေမဲ့ သဘောတရားကတော့ အဲ့ဒီလိုပါပဲ။ အရှင်ဧကရာဇ်၊ တကယ် အဲ့ဒီလိုလားဟင်။ အရှင်ဧကရာဇ်က ရက်ရှ်တာမဟုတ်တဲ့ တခြားမိန်းမကို ချစ်မှာလားဟင်။ အရှင်ဧကရာဇ်၊ ရက်ရှ်တာ့ကိုထားခဲ့ပြီး ဖောက်ပြန်မှာလားလို့။"
"အဲ့ဒီလိုဖြစ်စရာလား။"
"တကယ်ပြောနေတာဟုတ်ပါတယ်နော်။ အရှင်ဧကရာဇ်က ဖောက်ပြန်တတ်တဲ့ ယောကျ်ားမျိုး မဟုတ်ဘူးမဟုတ်လားဟင်။"
ရက်ရှ်တာက မျက်လုံးရွဲကြီးများနှင့် ကြည့်လာတော့ ဆိုဗီရ်ရှုက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ ဘယ်တော့မှ အဲ့ဒီလိုမလုပ်ပါဘူးဟု အကြိမ်ကြိမ် ပြောခဲ့သည်။ ထိုအခါမှသာ တုန်ရီနေသည့် ရက်ရှ်တာ၏ လက်ချောင်းများ ငြိမ်သွားတော့၏။ ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ကျောပြင်ကို ပုတ်ပေးနေရင်း မျက်မှောင်ကြုတ်လိုက်သည်။
~~~~
Miel's Translations