no

Font
Theme

အပိုင်း ၇ (ဧကရာဇ်၏ ချစ်သူ၊ ဧကရီ၏ လက်ဆောင်)

"အရှင်ဧကရာဇ်က အဲ့ဒီမိန်းမကို ချစ်သူအဖြစ် လက်ခံတော့မယ်တဲ့။"

ပုံမှန်နှင့်မခြားသော မနက်ခင်းတစ်ခုပင်။ ရာသီဥတုက တိမ်ထူခြင်း၊ မိုးရွာခြင်း မရှိသလို ပူလွန်းခြင်း၊ အေးလွန်းခြင်းလည်း မရှိပေ။ မနေ့ကနှင့် တစ်နေ့တုန်းကလည်း ဤသို့သော ရာသီဥတုမျိုးပင်။ မကြာသေးခင် တစ်ပတ်လောက်ကလည်း ဤသို့သောရာသီဥတုမျိုးပဲဟု ပြောနိုင်ပေသည်။ ထူးထူးခြားခြား သတင်းက ဤသို့သော ပုံမှန်နေ့ရက်များကြားသို့ ရုတ်တရက် ရောက်လာ၏။

"ဧကရီအရှင်မက နှစ်သစ်ကူးပွဲတော် ကျင်းပဖို့အတွက် ပြင်ဆင်ရင်း ဧည့်သည်တွေနဲ့ တွေ့ဆုံရတဲ့ ကိစ္စတွေနဲ့ တစ်နေကုန် အလုပ်များနေတာကို။ အရှင်ဧကရာဇ်က ချစ်သူလက်ခံမယ်ဆိုတော့။"

"သိပ်တရားလွန်တာပဲ။"

"အနည်းဆုံးတော့ နှစ်သစ်ကူးပွဲတော် ပြီးတဲ့အထိ စောင့်သင့်ပါတယ်။"

ရံရွေတော်များက စိတ်ပျက်စွာ ညည်းညူကြလေသည်။

"..."

ကျွန်မကတော့ မှန်ထဲတွင် ပေါ်နေသည့် ကိုယ့်ပုံရိပ်ကိုယ် ဘာမှမပြောဘဲ မှင်တက်စွာ ကြည့်နေမိ၏။ ဆိုဗီရ်ရှု ထိုမိန်းမကို ချစ်သူအဖြစ်လက်ခံလိမ့်မည်မှန်း ကြိုတင်တွေးထားပြီးသား ဖြစ်သော်လည်း...ဤကဲ့သို့ အရိုးခိုက်အောင် နာကျင်ရမည်ဟူ၍တော့ မသိခဲ့ပေ။ အချိန်ကိုကြည့်လိုက်တော့ ချစ်သူအဖြစ်လက်ခံပြီး မကြာခင် နှစ်သစ်ကူးပွဲတော် ရောက်တော့မည့်ပုံပင်။

"ဟူး..."

ရင်ဘတ်ထဲမှ နက်ရှိုင်းသော သက်ပြင်းတစ်ချက် ထွက်လာသည်။ နှစ်သစ်ကူးပွဲတော်တွင် လူတွေ ကျွန်မဆီလာပြီး ထိုအကြောင်းကို ပြောကြမည်ကို တွေးကြည့်လိုက်တော့ ရင်ထဲတွင် တလှိုက်လှိုက်ဖြစ်လာ၏။ ကျွန်မဆီ မလာကြဘူးဆိုလျှင်တောင် နောက်ကွယ်မှ တီးတိုးပြောသံများကို ကြားရမည်ပင်။ သို့သော် နန်းတော်အတွင်းမှ အရေးကိစ္စကြီးငယ်မရွေးကို ဆောင်ရွက်ရသည့် နေရာတွင်ရှိနေရသူဖြစ်သဖြင့် မည်မျှပင် သဘောမကျဘူးဆိုပါစေ ထိုမိန်းမ ချစ်သူဖြစ်လာသည့် ဖြစ်စဉ်ကို မသိချင်ယောင်ဆောင်၍ မရနိုင်ခဲ့ပေ။

"ဘယ်တော့ လက်ခံမယ်လို့ ပြောတာလဲဟင်။"

ကျွန်မရဲ့ မေးခွန်းကြောင့် ရံရွေတော်တွေက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြသည်။ နယ်စားကတော်ကြီး အယ်လီဇာက ကိုယ်စားပြန်ဖြေလာ၏။

"သတင်းတွေအရတော့ အမြန်ဆုံး လက်ခံမယ်လို့ ပြောကြပါတယ်။ နှစ်သစ်ကူးပွဲတော်မတိုင်ခင် အားလုံးကို အပြီးသတ်ရမှာမို့လို့ပါ။"

~~~~~

နယ်စားကတော် အယ်လီဇာ၏ စကားအတိုင်းပင် နေ့လယ်ရောက်တော့ ဆိုဗီရ်ရှု၏ လက်ထောက်အတွင်းရေးမှူးက ကျွန်မဆီ တိုက်ရိုက်လာပြီး ​သံတော်ဦးတင်ခဲ့သည်။ ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်း ချစ်သူလက်ခံမည့်ကိစ္စကို ပြောပြီးနောက်၊ ပို၍ပင် အရိပ်အကဲကိုကြည့်ကာ ဆက်ပြောလေ၏။

"အရှင်ဧကရာဇ်က အချိန်သိပ်မရဘူးလို့ပြောလိုက်ပါတယ်။ တခြားအခမ်းအနားကြီးတွေလည်း ရှိနေတာကြောင့် အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းပဲ ဆောင်ရွက်စေချင်ပါတယ်တဲ့။"

"ရိုးရိုးရှင်းရှင်းတဲ့လား။"

ဧကရာဇ်၏ ချစ်သူမှာ တော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသူ မဟုတ်ပေ။ ကလေးမွေးဖွားခဲ့လျှင်ပင် ထိုကလေးက ထီးမွေးနန်းမွေခံ မင်းသား၊ မင်းသမီး ဖြစ်လာနိုင်မည်မဟုတ်။ တရားမဝင်သော သားသမီးများအနေဖြင့် အကောင်းဆုံးဖြစ်နိုင်ခြေမှာ ချစ်ခင်အရေးပေးခံရပြီး ထီးနန်းဆက်ခံခွင့်မရှိသော မင်းသားကြီး သို့မဟုတ် မြို့စားမင်းနေရာ ရရှိရုံမျှသာ။ သို့သော် မည်သို့ပင်ဆိုစေ ထိုမိန်းမက ဧကရာဇ်၏ ရင်သွေးကို မွေးဖွားပေးခဲ့သည် သို့မဟုတ် မွေးဖွားနိုင်ခြေရှိသည်ဟူသောအချက်က ပျောက်ကွယ်သွားမည်မဟုတ်။ ထို့ကြောင့် ချစ်သူအဖြစ် အသိအမှတ်ပြုခြင်းခံရသည့်အခါ မင်္ဂလာပွဲ ကျင်းပလေ့မရှိသော်လည်း ပွဲအသေးစားလေးတစ်ခု ပြုလုပ်ပေးရမည်မှာ ကျွန်မ၏ လုပ်ထုံးလုပ်နည်းအစဉ်အလာပင်။ ဧကရာဇ်၏ချစ်သူက ထိုပွဲတွင် ဇာတ်လိုက်အဖြစ် ပျော်ရွှင်စွာဆင်နွှဲပြီးနောက် ပိုင်ဆိုင်မှုဆိုင်ရာ အသိအမှတ်ပြု စာရွက်စာတမ်းများတွင် လက်မှတ်ထိုးရပေမည်။

"ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ခိုင်းတာလား၊ ဒါမှမဟုတ် ပွဲကို လုံးဝမလုပ်ဖို့ပြောတာလား။"

"အချိန်တိုတိုအတွင်းမှာ ဧည့်သည်တွေကို ပါတီတွေ ဆက်တိုက်ဖိတ်ဖို့က ခက်ခဲတဲ့အတွက် ပွဲမလုပ်ဖို့ ပြောလိုက်ပါတယ်။"

"ပွဲမလုပ်ဘူးဆိုရင် ကျွန်မဘက်က ဆောင်ရွက်ပေးရမဲ့ အပိုင်းရောရှိလား။"

"မရှိပါဘူးခင်ဗျ။ အရှင်ဧကရာဇ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှအာရုံစိုက်စရာမလိုဘူးလို့ ​မှာကြားလိုက်ပါတယ်။"

ကျွန်မသိသလောက်တော့ ပွဲမလုပ်ခြင်းက ရှားပါးသည့်ကိစ္စမဟုတ်သော်လည်း၊ ပွဲမလုပ်လျှင်ပင် ထိုနေ့၏ အထူးဧည့်သည်တော်ဖြစ်မည့် ချစ်သူအတွက် စားသောက်ပွဲကျင်းပရာခန်းမကို အလှဆင်ပေးလေ့ရှိ၏။ ထိုနေရာတွင် ဧကရာဇ်မင်းမြတ်နှင့်အတူ စားသောက်ပြီး ရင်းနှီးသူများကို ဖိတ်ခေါ်ကာ၊ ဧကရာဇ်၏ချစ်သူအဖြစ် အသိအမှတ်ပြုကြောင်း စာချုပ်စာတမ်းများတွင် လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ပေးရပေသည်။ သို့သော် လုံးဝအာရုံမစိုက်ရန် ပြောသည်က… ဆိုဗီရ်ရှု၏ မာနကြောင့်ပဲလား၊ သို့မဟုတ် ထောက်ထားညှာတာမှုကြောင့်ပဲလား။

"နားလည်ပြီလို့ ပြောလိုက်ပါ။"

ကျွန်မအတွက်တော့ ဘာဆိုးကျိုးမှ မရှိပေ။ လက်ထောက်က ဦးညွှတ်အရိုအသေပေးပြီး ဆုတ်ခွာသွား၏။ အမှုထမ်းများက အလုပ်လုပ်နေရင်း ကျွန်မဘက်ကို ခိုးခိုးကြည့်နေကြသော်လည်း၊ ကျွန်မ တစ်ချက်လှမ်းကြည့်လိုက်သည်နှင့် ခေါင်းများကို စာရွက်စာတမ်းများဆီ အလျင်အမြန် ငုံ့ချကာ အလုပ်လုပ်ဟန်ဆောင်ကြလေသည်။

'ယိမ်းယိုင်တုန်လှုပ်နေတဲ့ပုံ ပြလို့မဖြစ်ဘူး။'

ဆိုဗီရ်ရှု ချစ်သူထားသည်ကို ကြောင့်ကြနေသော ပုံစံပြလိုက်လျှင်၊ လူတိုင်းက တီးတိုးပြောဆိုကာ ကျွန်မကို သနားကြပေမည်။ ဧကရာဇ်၏ ချစ်သူကပဲ ကျွန်မ၏ ဘဝကို ဝါးမျိုလိုက်သလို၊ ဆိုဗီရ်ရှုက တခြားမိန်းမကို ချစ်သဖြင့် ကျွန်မ၏ ဘဝကြီး ပြီးဆုံးသွားသလိုပုံစံမျိုး မပေါ်ချင်ပေ။ ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပုံစံဖြင့် ကျွန်မလည်း စီမံကိန်းအဆိုပြုလွှာကို ပြန်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်အချက်များကို ထောက်ပြခဲ့သည်။

~~~~~

"ဒါဆို နန်းရင်းဝန်မင်းက အသိအမှတ်ပြုထားတဲ့ စာရွက်ကို ဖြန့်လိုက်ရင် အရှင်ဧကရာဇ်က အရင်ဆုံး လက်မှတ်ထိုးပါလိမ့်မယ်။ အောက်ဘက်ကွက်လပ်မှာ မည်းနည်းနေတဲ့ မျဉ်းတိုပါးပါးလေးကို တွေ့ရမှာဖြစ်ပြီး၊ အဲ့ဒီအပေါ်မှာ လက်မှတ်ထိုးရင် ရပါပြီ။"

ရက်ရှ်တာအား သင်ကြားပေးရမည့် တာဝန်ကိုယူထားရသူက ဧကရာဇ်၏ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်သူ ဘယ်ရွန် လန့်ထ်ပင်။ ဘယ်ရွန် လန့်ထ်က စာချုပ်စာတမ်း၏ အခြေခံပုံစံကိုဆွဲပြပြီး ရှင်းလင်းပြောကြားမှု ပြီးဆုံးသွားသောအခါ ရက်ရှ်တာက မျက်လုံးအပြူးသားနှင့် "အင်း" ဟု အသံပြုခဲ့သည်။ ဤအသက်အရွယ်ရောက်နေပြီဖြစ်သော မှူးမတ်အမျိုးသမီးငယ်များ ပုံမှန်အားဖြင့် ပြုလေ့ရှိသော "အင်း" ဟူသည့် အသံမျိုး မဟုတ်ပေ။ ဘယ်ရွန် လန့်ထ်လည်း ခဏတာ မှင်တက်သွားကာ ကြည့်လိုက်တော့ ရက်ရှ်တာတစ်ယောက် မျက်နှာပျက်သွားလေသည်။

"ဘာပြောချင်တယ်ဆိုတာ နားလည်ပါတယ်… ဒါပေမဲ့ ရက်ရှ်တာ့မှာ လက်မှတ်မရှိဘူးရှင့်။"

"ဖန်တီးလိုက်ရင် ရပြီပေါ့။"

ဘယ်ရွန် လန့်ထ်၏ တိကျပြတ်သားသော အဖြေကြောင့် ရက်ရှ်တာ၏ မျက်နှာ တင်းမာသွား၏။

"အာ..."

ဘယ်ရွန် လန့်ထ်လည်း ရက်ရှ်တာ၏ မဝံ့မရဲဖြစ်နေရခြင်း အကြောင်းရင်းကို ချက်ချင်း ရိပ်မိသွားတော့သည်။

"ဧကန္တ စာမတတ်ဘူးလားခင်ဗျ။"

ဘယ်ရွန် လန့်ထ်အား ရက်ရှ်တာထံသို့ စေလွှတ်ရန် ဧကရာဇ် အမိန့်ပေးစဉ်က သာမန်အရပ်သူ ဖြစ်သည်ဟုပြောခဲ့၏။ ထို့ကြောင့် အခြေခံပညာရေးလောက်တော့ ရရှိထားပြီးသားဖြစ်လောက်မည်ဟူသော ယူဆချက်ဖြင့် ရှင်းပြခဲ့ခြင်းပင်။ လူမှုရေးပွဲများတွင် ပျံ့နှံ့နေသော ကောလာဟလ... ဧကရာဇ်၏ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသော ဤချစ်စဖွယ် အမဲကောင်လေးမှာ တကယ်တမ်းတော့ ကျွန်ပြေးတစ်ဦးဖြစ်သည်ဟူသော ကောလာဟလ မှန်ကန်ပါက စာမတတ်သည်မှာ မထူးဆန်းပေ။ ကျွန်များအား စာသင်ပေးရန် အချိန်နှင့် ကြိုးစားအားထုတ်မှုကို ရင်းနှီးမြှုပ်နှံခြင်း မရှိသောကြောင့်ပင်။

"မတတ်တာလည်း ဖြစ်နိုင်တာပဲပေါ့။"

သို့သော် ဧကရာဇ်က သူ့ကို သာမန်အရပ်သူဟု မိတ်ဆက်ခဲ့ခြင်းမှာ သူက ထွက်ပြေးလာသော ကျွန်တစ်ဦးဖြစ်သည်ဟူသည့် အချက်ကို ဖုံးကွယ်လိုခြင်းပင်ဖြစ်ပေမည်။ ဘယ်ရွန် လန့်ထ်လည်း မသိချင်ယောင်ဆောင်ကာ ရယ်မောပြောဆိုပြီးနောက် စာရွက်အလွတ်တစ်ရွက်ကိုထုတ်၍ ဖြန့်လိုက်၏။ ရက်အနည်းငယ်အတွင်း စာသင်ပေး၍ မဖြစ်နိုင်သော်လည်း၊ စာရွက်တွင် အမည်ရေးထိုးခြင်းနှင့် လက်မှတ်ထိုးခြင်းတို့ကိုမူ လျင်မြန်စွာ သင်ယူ၍ရနိုင်ပေသည်။

"နာမည်ကို ဘယ်လိုစာလုံးပေါင်းရမယ်မှန်း... မသိဘူး မဟုတ်ပါလား။ အဲ့ဒါဆို ကျွန်တော်က 'ရက်ရှ်တာ' ဆိုတဲ့ အသံထွက်ကို စာလုံးပေါင်းအမျိုးမျိုး ရေးပေးပါမယ်။ အဲ့ဒီအထဲကရွေးပြီး မှတ်သားထားလိုက်ရင် ရပါပြီ။"

တော်သေး၍ ပင်ကို ဉာဏ်ပြေးသောကြောင့် ရက်ရှ်တာက စာလုံးပေါင်းများကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ ကျွန်ပြေးသာဆိုလျှင်တော့ ခက်ခဲမှာပဲဟု စိတ်ထဲမှ နှုတ်ခမ်းမဲ့နေခဲ့သော ဘယ်ရွန် လန့်ထ်ပင် အံ့အားသင့်သွားရ၏။

"ရပြီလားရှင့်။"

"တော်ပါပေတယ်။"

ရှက်ကိုးရှက်ကန်းလေး ပြုံးပြရင်း မေးလာသော ရက်ရှ်တာကို ချီးမွမ်းပြီးနောက် ဘယ်ရွန် လန့်ထ်က ချစ်သူအဖြစ် အသိအမှတ်ပြုသည့် စာချုပ်ချုပ်ဆိုခြင်း၏ ပုံမှန်လုပ်ငန်းစဉ်များကို ရှင်းပြခဲ့လေသည်။

"ခမ်းနားတဲ့ စားသောက်ပွဲကြီး ကျင်းပပြီး မှူးမတ်အနွယ်တော်တွေကို ဖိတ်ကြားလေ့ရှိပါတယ်။ လေဒီ ရက်ရှ်တာလည်း ဖိတ်ချင်တဲ့ ဆွေမျိုးတွေကို ကြိုက်သလောက် ဖိတ်လို့ရပါတယ်ဗျ။"

"ဝါး။"

"ပါတီကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲပြီးတဲ့နောက်မှာ နန်းရင်းဝန် ရောက်လာပြီး ချစ်သူအဖြစ် အသိအမှတ်ပြုခြင်းစာချုပ်စာတမ်းတွေကို ဖြန့်လိုက်တဲ့အခါ အဲ့ဒီအပေါ်မှာ လက်မှတ်ထိုးလိုက်ရင် ရပါပြီ။"

"စာရွက်စာတမ်းတွေကရော...."

"နန်းရင်းဝန်က ကောင်းကောင်း ထိန်းသိမ်းထားပါလိမ့်မယ်။"

ရက်ရှ်တာက တခစ်ခစ် ရယ်မောရင်း ခြေထောက်များကို တလှုပ်လှုပ် လှုပ်ရှားခဲ့သည်။ ဖြူစင်ပွင့်လင်းစွာ ပျော်နေသောပုံစံက အတော်လေး ချစ်စရာကောင်းသည်ဟု တွေးနေရင်းက ဘယ်ရွန် လန့်ထ်လည်း နောက်ထပ် အချက်တစ်ချက်ကို ထပ်ပြောပြလိုက်၏။

"ဒါကတော့ မဖြစ်မနေ လုပ်ရမဲ့ကိစ္စ မဟုတ်ပေမဲ့..."

"..."

"ဧကရီ အရှင်မက ဧကရာဇ်ရဲ့ ချစ်သူတွေကို၊ ချစ်သူအဖြစ် အသိအမှတ်ပြုတဲ့ စာချုပ်ချုပ်ဆိုတိုင်း လက်ဆောင်ပို့ပေးလေ့ရှိပါတယ်။"

"လက်ဆောင်၊ ဟုတ်လား။"

"တော်ဝင်နန်းတော်ရဲ့ သခင်မက ဧကရီအရှင်မ ဖြစ်နေလို့ပါ။"

"..."

"အဲ့ဒါကြောင့် အရှင်သခင်မတစ်ဦးအနေနဲ့ ဒီနေရာမှာ အတူတကွ နေထိုင်ရတော့မဲ့ ဧကရာဇ်ရဲ့ချစ်သူကို သီးခြားလက်ဆောင် ပို့ပေးတာပါ။ ဒါကတော့ ဧကရာဇ်တင်မကဘဲ ဧကရီအရှင်မရဲ့ အသိအမှတ်ပြုမှုနဲ့ လေးစားမှုကိုပါ ရရှိတာဖြစ်ကြောင်း ဖော်ပြမှုဖြစ်တဲ့အတွက်၊ ချစ်သူတွေ အများကြီးရှိခဲ့မယ်ဆိုရင် အဲ့ဒီအထဲမှာမှ ဧကရီအရှင်မရဲ့ လက်ဆောင်ကိုရတဲ့ ချစ်သူကို အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ကြပါတယ်။"

~~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment