အပိုင်း ၁၈ (လောင်းကြေးထပ်ကြမလား)
နောက်တစ်နေ့မနက် ကျွန်မ နိုးလာချိန်တွင် ကွီးန် မရှိတော့။
ပြတင်းပေါက်က သုံးပုံတစ်ပုံလောက် ပွင့်နေပုံထောက်လျှင် သူ့ဘာသာ တံခါးဖွင့်ပြီး ထွက်သွားသည့်ပုံပင်။
'တကယ် ဉာဏ်ကောင်းတဲ့ ငှက်လေးပဲ။'
ပို၍အံ့ဩစရာကောင်းသည်က စာရေးစားပွဲပေါ်တွင် တင်ထားသော ကျွန်မ၏ စာတိုလေးကိုပါ သူ့ဘာသာသူ ယူသွားခဲ့ခြင်းပင်။
"နယ်စားကတော် အယ်လီဇာ။ စာရေးစားပွဲပေါ်က စာရွက်ကို မဒမ် ရှင်းလိုက်တာမဟုတ်ပါဘူးနော်။"
သေချာအောင် နယ်စားကတော် အယ်လီဇာကို မေးကြည့်လိုက်သော်လည်း ကွီးန် ယူသွားခဲ့သည်မှာ ကျိန်းသေသည်။
"မရှင်းပါဘူး။ ဧကရီအရှင်မ။ မရှိတော့လို့လားရှင့်။"
"ဟုတ်တယ်။ ကွီးန် ချီသွားလိုက်တာ ထင်ပါရဲ့။"
ကျွန်မစကားကိုကြားတော့ နယ်စားကတော်ကြီး အယ်လီဇာလည်း အံ့ဩသွားတော့သည်။
ပင်မနန်းဆောင်သို့ ရောက်လာတော့လည်း ကျွန်မ၏စိတ်က ကွီးန်နှင့် ကွီးန်၏သခင်၊ ပြီးတော့ ကွီးန်၏သခင် အဆိုပြုခဲ့သော လောင်းကြေးကိုသာ တစ်လျှောက်လုံး အာရုံရောက်နေ၏။
ကွီးန်က ဤမျှအထိ ဉာဏ်ကောင်းပုံထောက်လျှင် သူ့သခင်ကလည်း ကျိန်းသေပေါက် ဉာဏ်ကောင်းပေလိမ့်မည်။
ဧကန္တ ဘလူး ဘိုဟဲယန်းကလာတဲ့ ဘုရင့်ညီတော် ရှီရင်းမ်များလား။
ထိုလူက အင်မတန် ထက်မြက်သည်ဟု ကြားဖူး၏။ ထို့အပြင် ဘလူး ဘိုဟဲယန်းက တိုင်းပြည်က စာပို့ငှက်များကို အများဆုံး အသုံးပြုသည်ဟု ကြားဖူးသည်...။
"တော်တော်လေးကြာမှ မျက်နှာထားက ရွှင်လန်းဝင်းပနေပါတယ်၊ ဧကရီအရှင်မ။"
"ဟုတ်လားရှင့်။"
"ဟုတ်ပါတယ်။ ဒီအတောအတွင်း မျက်နှာညိုနေလို့ စိုးရိမ်ခဲ့ရတာကို နှစ်သစ်ကူးပွဲတော်က ဧကရီအရှင်မဆီကို ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလာတယ်ဆိုတော့ တော်ပါသေးရဲ့။"
"ဟုတ်တာပေါ့... ဟုတ်ပါရဲ့။"
အတိအကျပြောရလျှင်တော့ ကျွန်မကို ကံကောင်းခြင်းများ ဆောင်းကြဉ်းပေးလာသူက ကွီးန်ဖြစ်သည်ဆိုသော်လည်း။
သို့သော် နှစ်သစ်ကူးပွဲတော်ကြောင့်သာ မဟုတ်လျှင် ကွီးန်က ကျွန်မဆီသို့ ရောက်လာမည်မဟုတ်ပေ။ နောက်ဆုံးတော့ ထိုစကားက အမှန်ပင်။
ကျွန်မ အပြုံးလေးနှင့် စာရွက်စာတမ်းများကို လုပ်နေစဉ် နေ့လယ်စာစားရန် အချိန်ရောက်လာသဖြင့် ချက်ချင်း အနောက်နန်းဆောင်သို့ ပြန်လာခဲ့သည်။
ပုံမှန်သာဆိုလျှင် ပင်မနန်းဆောင်မှာပင် နေ့လယ်စာ စားလေ့ရှိသော်လည်း မနေ့ကလို ကွီးန် ပြတင်းပေါက်အပြင်တွင် ရှိနေမည်ကို စိုးရိမ်မိ၏။
"ထင်တဲ့အတိုင်းပါလား။"
ကွီးန်က ဒီတစ်ခါလည်း ပြတင်းပေါက်ဘောင်အပြင်ဘက်တွင် ထိုင်နေလေသည်။ တော်သေး၍ ယနေ့တော့ နေသာသဖြင့် မိုးစိုကာ တုန်ယင်နေခြင်းမျိုးမရှိဘဲ နေရောင်ခြည် နွေးနွေးလေးတွင် ခေါင်းလေးငိုက်စိုက်ကျနေ၏။
တံခါးဖွင့်ပေးလိုက်တော့ သူက အလျင်စလို အခန်းထဲကို ဝင်လာကာ ခြေထောက်ကို ဆန့်ပေးခဲ့သည်။
စာကိုဖြုတ်ပြီး အမြန်ဖွင့်ကြည့်လိုက်တော့ နူးညံ့သိမ်မွေ့သော လက်ရေးဖြင့် ညစ်ကျယ်ကျယ် ရေးထား၏။
-ကွီးန်ကို လောင်းကြေးထပ်မယ်လေ။
ကျွန်မ ကွီးန်ကို ကြည့်လိုက်သည်။
ကွီးန်က စာထဲတွင် ဘာပါမှန်းမသိဘဲ မျက်လုံးအကြီးကြီးများကို မှိတ်လိုက်၊ ဖွင့်လိုက်လုပ်ကာ ခေါင်းလေးကို ငဲ့စောင်းခဲ့၏။
"..."
-ကူ။
"နင့်သခင်က နင့်ကို လောင်းကြေးထပ်မလို့တဲ့၊ ကွီးန်ရေ။"
ပြောလိုက်သည်နှင့် ကွီးန်က တောင်ပံတဖျပ်ဖျပ်ခတ်ပြီး ခုန်ဝင်လာကာ သူ့တောင်ပံနှင့် ကျွန်မကို ဖွဖွလေး ပုတ်ခဲ့သည်။
ကျွန်မလည်း ကွီးန်ကို ကောက်ယူကာ ဒူးပေါ်တင်ထားရင်း ကောင်လေး၏ ရွှေရောင်အမွေးလေးများကို တစ်ချက်လောက် ငုံ့မိုးကြည့်လိုက်၏။
ကွီးန်ကို ရယူပိုင်ဆိုင်လိုသည်။ ဤမျှအထိ ချစ်ဖို့ကောင်းပြီး ထက်မြက်ကာ နှစ်လိုဖွယ်ရှိသည့် ငှက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
'ဒါပေမဲ့...ကွီးန်အတွက်တော့ ဘယ်သူဘာပြောပြော သူ့သခင်က အကောင်းဆုံးပဲပေါ့။'
ကျွန်မက ကိုယ့်စိတ်တိုင်းကျ အလောင်းအစားတွင် အနိုင်ရကာ ကွီးန်ကို လွှဲပြောင်းယူလိုက်မည်ဆိုလျှင် သူ့အတွက် အင်မတန် သနားစရာကောင်းသည့်ကိစ္စ ဖြစ်သွားပေမည်။
စကားအဖြစ်သာ 'လွှဲပြောင်းယူသည်' ဟု ပြောသော်လည်း ကွီးန်အတွက်တော့ သခင်၏ စွန့်ပစ်ခြင်းကို ခံရသလိုဖြစ်နေမည်ဖြစ်သောကြောင့်ပင်။
ထို့အပြင် တစ်ဖက်လူကို ရှာမည်ဟု တွေးလိုက်တော့ သိပ်ပြီး ဝမ်းသာပျော်ရွှင်ခြင်းမဖြစ်မိ။
စိတ်ဝင်စားမှုတော့ ကျိန်းသေပေါက်ရှိသော်လည်း စိတ်ဝင်စားသလောက်ကို စိတ်ထင့်နေ၏။
လောလောဆယ် ကွီးန်၏သခင်နှင့် လွတ်လွတ်လပ်လပ် စကားပြောနိုင်ခြင်းမှာ တစ်ယောက်နှင့်တစ်ယောက် မသိကြသေး၍သာ။
ကျွန်မတို့ အချင်းချင်း၏ သရုပ်မှန်ကို သိသွားပြီးသည့်နောက်ပိုင်းတွင်ရော ယခုအတိုင်း ပေါ့ပေါ့ပါးပါး စကားဆက်ပြောနိုင်ပါ့ဦးမလား။
ကျွန်မက ဧကရီတစ်ပါးအနေနှင့် သင့်တင့်လျောက်ပတ်အောင် စကားကို သတိထားပြောရမည်ဖြစ်သလို၊ တစ်ဖက်လူကလည်း ဧကရီနှင့် စကားပြောရခြင်းဖြစ်၍ ကျိန်းသေပေါက် သတိထားနေမိမည်ပင်။
နောက်ဆုံးတွင် ယခုလို ပေါ့ပေါ့ပါးပါး အနေအထားလေး ပျောက်ကွယ်သွားပေမည်။
-ကူ
ကျွန်မ ငြိမ်နေတော့ ကွီးန်က ကျွန်မ၏ လက်ဖမိုးကို တဖတ်ဖတ် လာပုတ်လေသည်။
မြန်မြန်လေး စာရေးပြီး ချည်ပေးပါတော့ဟု ပြောနေသလိုပင်။
ကျွန်မလည်း တွေဝေတုံ့ဆိုင်းနေရာမှ ကွီးန်ကိုခေါ်ကာ စာကြည့်စားပွဲဆီ သွားလိုက်သည်။
စားပွဲ၏ နေရာလွတ်တွင် ကွီးန်ကို ချထားလိုက်ပြီးနောက် စာရွက်ကိုထုတ်ကာ အလိမ်အညာကို ရေးလိုက်၏။
-သဲလွန်စ။ ကျုပ်က ယောကျ်ားလေး။
ခုန်ဆွခုန်ဆွ လျှောက်လာပြီး စာရွက်တွင်ရေးထားသည့် အကြောင်းအရာကို စစ်ဆေးလိုက်သော ကွီးန်က ခပ်တိုးတိုးမြည်တွန်ကာ သူတောင်ပံများကို ဖြန့်လိုက်သည်။
စာရွက်ပါ အကြောင်းအရာကိုကြည့်ပြီး ရယ်နေသလို ဖြစ်နေသဖြင့် ငှက်ဖြစ်နေသော်လည်း အကြောင်းမဲ့ အားနာမိရ၏။
ရှက်ရှက်နှင့် ပါးကို လက်ဖြင့်ပွတ်လိုက်တော့ ကွီးန်က လုံးဝန်းဝန်း သူ၏ကိုယ်လုံးလေးကို ကခုန်နေသလို လှည့်ပတ်ကာ ကျွန်မ၏ လက်ကောက်ဝတ်ကို သူ့ပါးလေးနှင့် ပွတ်သပ်ခဲ့သည်။
"နင့်သခင်ကို လိမ်ပြောတာက အဲ့ဒီလောက်တောင် ပျော်စရာကောင်းလို့လား။"
-ကူ
ပျော်စရာကောင်းသည်ဆိုတော့ တော်သေး၏။
'ကွီးန်ရဲ့သခင်ကိုတော့ အားနာပေမဲ့...ဒီလို ရေးလိုက်ရင် ငါ့ကို ရှာနိုင်မှာမဟုတ်ဘူးထင်တယ်။'
ကျွန်မက ကွီးန်၏သခင်ကို ဘယ်သူမှန်းမသိတာ အမှန်ပင်။
ထိုသို့ဆိုလျှင် တစ်ယောက်ကိုတစ်ယောက် ရှာတွေ့မည်မဟုတ်ဘဲ ယခုအတိုင်းလေး မျက်နှာမမြင်ရသည့် သူငယ်ချင်းအဖြစ် ဆက်လက်၍နေသွားနိုင်ပေမည်။
"နင့်အတွက်လည်း ဒါက ကောင်းမှာပဲ။ ဟုတ်တယ်မဟုတ်လား ကွီးန်။"
-....
~~~~
နှစ်သစ်ကူးပွဲတော် မစတင်မီ တစ်ရက်အလိုတွင်ဖြစ်သည်။
အရေးတကြီး ရောက်လာကြသော ဧည့်သည်တော်များကို ဧည့်ခံကာ နှစ်သစ်ကူးပွဲတော်၏ အစီအစဉ်များနှင့် နောက်ဆုံးနေ့၏ အထူးပွဲတော်အတွက် ပြင်ဆင်စစ်ဆေးခဲ့၏။
ယနေ့လည်း ကွီးန်များလာလေဦးမလားဟု နေ့လယ်စာစားချိန်တွင် အနောက်နန်းဆောင်သို့ သွားကြည့်ခဲ့သော်လည်း ဒီတစ်ခါတော့ ကွီးန် ရှိမနေပေ။
ထိုအစား ရက်ပိုင်းလောက် အပြင်ထွက်နေသော ဘယ်ရ်တီ ဗိုင်းကောင့်ကတော် ပြန်ရောက်လာသည်။
မဟုတ်တောင် ဖြူဖျော့နေပြီးသားမျက်နှာက ပို၍ဖြူဖျော့သွားသော ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ကျွန်မကို ဂါရဝပြုပြီးသည်နှင့် မျက်နှာမကောင်းစွာ အကူအညီတောင်းလေသည်။
"ဟို... အဆင်ပြေမယ်ဆိုရင်လေ ဧကရီအရှင်မ။ ကျွန်မ..."
"အဆင်ပြေပါတယ်။ ပြောကြည့်ပါ။"
"ပိုက်ဆံနည်းနည်းလောက် ချေးလို့ရမလားရှင့်။"
မျက်နှာတွေနီနေသည့် ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က မည်သည့်အကြောင်းရင်းအတွက် ငွေလိုကြောင်းကိုတော့ ထုတ်မပြောနိုင်ခဲ့ပေ။
"ခရန်း ငါးထောင်လောက်ပါပဲ..."
သို့သော် ကျွန်မရော ကျန်ရံရွေတော်များပါ သူ ဘာအတွက် ငွေလိုအပ်မှန်း သိကြ၏။
ဗိုင်းကောင့်ဖြစ်ဖြစ်၊ သူ့သားဖြစ်ဖြစ် ပြဿနာရှာခဲ့ခြင်းဖြစ်ပေမည်။ အလောတကြီး အိမ်တော်သို့ ပြန်သွားခဲ့သော်လည်း နောက်ဆုံးတွင် ပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်ပုံပင်။
အသေးစိတ်မမေးဘဲ ပိုက်ဆံချေးပေးလိုက်တော့ သူက ကျေးဇူးတင်ကြောင်း အတန်တန်ပြောကာ မျက်နှာအရဲသားနှင့် ထွက်သွားလေသည်။
"ကွာရှင်းလိုက်တာက ပိုကောင်းမှာကို။"
အပျိုလူလွတ် လော်ရာက စိတ်မကောင်းဖြစ်နေရင်းမှ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်ကို နားမလည်နိုင်သလို ညည်းညူခဲ့၏။
"အဲ့ဒီလိုဆိုရင် လော့ဒ် ရုစ်လည်း ဘာမှမကျန်ဘဲ ခြေလွတ်လက်လွတ်ဖြစ်သွားမှာပေါ့။"
နယ်စားကတော် အယ်လီဇာက ရှင်းပြခဲ့သော်လည်း လော်ရာကတော့ နားမလည်နိုင်သေးသည့်ပုံပင်။
"ဒါပေမဲ့ ကွာရှင်းတယ်ဆိုတာနဲ့ပဲ အဲ့ဒီလူက တရားမဝင်ကလေး ဖြစ်သွားမှာမှမဟုတ်တာ။"
"ချက်ချင်းကြီး တရားမဝင်ကလေး ဖြစ်သွားမှာမဟုတ်ပေမဲ့ အခြေအနေအချိန်အခါကိုလိုက်ပြီး ဆက်ခံသူမဖြစ်နိုင်တာလည်း ဖြစ်သွားနိုင်လို့ သည်းခံနေတာပေါ့၊ လော်ရာရယ်။"
"အဲ့ဒီတော့ရော ဘာဖြစ်သေးလဲရှင့်။ အဲ့ဒီလို ပြဿနာရှာတဲ့သူက ဆက်ခံသူဖြစ်သွားရင်လည်း အိမ်တော်ကို ပျက်စီးကိန်းဆိုက်အောင်လုပ်မှာပဲကို။"
"ရှူး၊ လော်ရာ။"
နယ်စားကတော်ကြီး အယ်လီဇာက မျက်လုံးကို ပြူးပြလိုက်တော့ လော်ရာတစ်ယောက် နှုတ်ခမ်းလေးစူသွားသည်။
"စိတ်ပူလို့ ပြောရတာပါ။"
~~~~
ဘယ်ရ်တီ ဗိုင်းကောင့်ကတော်က ချက်ချင်း အိမ်တော်သို့ ပြန်သွားသော်လည်း ကျန်ရစ်ခဲ့သူများမှာတော့ အကုန်လုံး အေးအေးဆေးဆေး စားမဝင်နိုင်ခဲ့ကြပေ။
နေ့လယ်စာစားပြီးသည်နှင့် ကျွန်မလည်း ချက်ချင်းတန်းပြီး ပင်မနန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။
သို့သော် ပင်မနန်းဆောင်မှ အလုပ်များ အကုန်ပြီးစီး၍ ခဏနားနေစဉ်။
"ဧကရီအရှင်မ။"
ရုံးခန်းရှေ့တွင် ရပ်နေသော စစ်သည်တော်တစ်ယောက် ဝင်လာကာ ထင်မှတ်မထားသည့် အစီရင်ခံချက်ကို တင်ပြခဲ့သည်။
"တော်ဝင်မင်းသား ဟိုင်န်ရီက ဧကရီအရှင်မနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်။"
"တော်ဝင်မင်းသား ဟိုင်န်ရီကလား။"
အဲ့ဒီလူက ဘာဖြစ်လို့လဲ။
အံ့ဩမိသော်လည်း အပြင်ကိုထွက်ကြည့်လိုက်တော့ လက်နှစ်ဖက်ကို နောက်မှာယှက်ရင်း နံရံဆေးရေးပန်းချီကို ကြည့်နေသည့် သူ့ကို တွေ့လိုက်ရသည်။
"အာ၊ ဧကရီအရှင်မ။"
ကျွန်မ လျှောက်လာသည်ကိုမြင်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ခေါင်းကိုလှည့်လာကာ ညင်သာစွာပြုံးရင်း စစ်သည်တော်တစ်ယောက်လို နှုတ်ဆက်ခဲ့သည်။
"ကျွန်တော် ရိုင်းပျမိသွားတာတော့ မဟုတ်ပါဘူးနော်။"
"ဘာမှမဖြစ်ပါဘူး။ အဲ့ဒါထက် ဘာကိစ္စနဲ့ လာခဲ့တာလဲရှင့်။"
"ဒီအချိန်ဆို တာဝန်တွေပြီးစီးပြီလို့ ကြားထားတာကို...အလုပ်ရှုပ်နေတာလားခင်ဗျ။"
ကျွန်မ၏ အလုပ်ပြီးချိန်ကိုပါ စုံစမ်း၍ လာခဲ့သည်တဲ့လား။
အံ့ဩမိသော်လည်း တကယ် အမှန်ဖြစ်နေသဖြင့် "ပြီးခါနီးပါပြီ" ဟု ပြန်ဖြေလိုက်တော့ သူက နှစ်နှစ်ကာကာ ပြုံးခဲ့သည်။
"အတော်ပဲပေါ့။ အဆင်ပြေမယ်ဆိုရင် နန်းတော်ကို လိုက်ပြပေးနိုင်မလားခင်ဗျ။ လိုက်ကြည့်ချင်ပေမဲ့ ကျယ်လွန်းတော့ လမ်းပျောက်မှာစိုးလို့ပါ။"
"အာ... ဒါဆိုရင် ကျွန်မရဲ့ရံရွေတော်ကို..."
"ကျွန်တော်ကတော့"
ကျွန်မက ရံရွေတော်တစ်ယောက်ကို လိုက်ပြခိုင်းပါ့မယ်ဟု ပြောရန်ပြင်နေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ၏စကားကိုဖြတ်ပြီး အနားကို လျှောက်လာကာ တိုးညင်းညင်းအသံနှင့် တောင်းဆိုခဲ့သည်။
"ကွီးန်က လိုက်ပြပေးမယ်ဆိုရင် ကောင်းမှာကို။"
~~~~
Miel's Translations