အပိုင်း ၉ (ရံရွေတော် ပြဿနာ)
“ဧကရီအရှင်မ၊ ရီတယ်ယန် မင်းသားကြီးက ဝေးလံခေါင်ဖျား တိုင်းတစ်ပါးမြေကနေ ဝယ်ယူခဲ့တဲ့ ပိုးထည်တွေ ပို့ပေးလိုက်ပါတယ်။”
ပုံမှန်ထက် ပြင်ဆင်မှုများ အနည်းငယ် စောစီးစွာ ပြီးစီးခဲ့သဖြင့် ရံရွေတော်များနှင့်အတူ ဝိုင်းဖွဲ့ထိုင်ကာ မနက်ခင်းကော်ဖီ သောက်နေစဉ်တွင်။
ရီတယ်ယန် မင်းသားကြီးက အစေအပါး စေလွှတ်လိုက်သည်ဟုဆိုသဖြင့် ဝင်ခွင့်ပြုလိုက်ရာ မင်းသားကြီး၏ အစေအပါးက ချက်ချင်းပင် လက်ဆောင်ကို ပေးလာလေသည်။
ထပ်ပြီးတော့လား။
ကျွန်မလည်း ကော်ဖီခွက်ကိုကိုင်ထားလျက်ကပင် မင်းသားကြီး၏ အစေအပါး လက်နှစ်ဖြင့် ကိုင်မြှောက်ထားသော လက်ဆောင်ကို ကြည့်လိုက်၏။
အစေခံကိုင်ထားသော လက်ဆောင်ကား ငါးရွှေကဲ့သို့ အလင်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်နေသည့် အပြာရောင်ပိုးထည်ပင်။
ကျွန်မလည်း သက်ပြင်းချကာ ကော်ဖီခွက်ကို ချလိုက်သည်။
အလွန်လှပပြီး တန်ဖိုးကြီးပုံရသော်လည်း ပေးပို့သူ၏ ရည်ရွယ်ချက်ကို ထည့်စဉ်းစားမည်ဆိုလျှင် စိတ်ရင်းဖြင့် လက်ခံရန် ခက်ခဲပေ၏။
ရီတယ်ယန် မင်းသားကြီးမှာ ဆိုဗီရ်ရှု၏ ဦးရီးတော်ဖြစ်ပြီး၊ ဦးရီးတော်ဟုသာခေါ်သော်လည်း ဆိုဗီရ်ရှုထက် အသက်နှစ်နှစ်သာကြီးသူပင်။
ဧကရာဇ်အရိုက်အရာကို မက်မောခြင်းမရှိသော်လည်း အာဏာကိုလိုချင်သည့်စိတ်ကတော့ ပြင်းပြလှသည်။ ထို့ကြောင့် ကျွန်မ ဧကရီဖြစ်လာပြီးသည့်နောက်တွင် တံစိုးလက်ဆောင်များ ပုံမှန်မပြတ်ပေး၍ လာဘ်ထိုးကာ အမျိုးမျိုးသော တောင်းဆိုမှုများကို ပြုလုပ်လေ့ရှိ၏။
ထိုလက်ဆောင်ကို လက်ခံလိုက်ပါက ငြင်းဆန်ရန် ခက်ခဲသော တောင်းဆိုမှုများကို ပြုလုပ်လာမည်မှာ သေချာလှသည်။ ထို့ကြောင့် အဖြေက ကြိုတင်ဆုံးဖြတ်ထားပြီးသည့်အတိုင်းသာဖြစ်ရပေမည်။
“ကျေးဇူးတင်ပါရဲ့၊ ဒါပေမဲ့ လူအများရဲ့အမြင်မှာ အထင်အမြင်လွဲမှားစရာတွေ ဖြစ်လာစေနိုင်တဲ့အတွက် စိတ်ရင်းကိုပဲ လက်ခံလိုက်မယ်လို့ စကားပါးပေး။”
အစေခံလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသော ကိစ္စဖြစ်သဖြင့် အိုးတိုးအမ်းတမ်းပြုံးကာ ‘ဟုတ်ကဲ့’ ဟု ပြန်ဖြေပြီးနောက် အေးအေးဆေးဆေးပင် နောက်ဆုတ်ထွက်ခွာသွားလေ၏။
သူကိုယ်တိုင်လည်း မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်မထားဘဲ လာခဲ့သည်ဟူသောသဘောပင်။
“သူလည်း မမောသေးဘူးနော်။”
တံခါးပိတ်သွားသည်နှင့် နယ်စားကတော်ကြီး အယ်လီဇာက စုတ်တစ်ချက်သပ်လိုက်ပြီး ရံရွေတော်များက ရယ်မောကုန်ကြလေသည်။
ထိုသို့ဖြင့် အနေအထားက ပြန်လည်ပြီး သဟဇာတဖြစ်လာချိန်တွင်။
မမျှော်လင့်ဘဲ ဒုတိယဧည့်သည် ရောက်လာ၏။
ကျွန်မက နေ့စဉ် မနက်စာ သုံးဆောင်ပြီးနောက် ပင်မနန်းတော်သို့သွားကာ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသဖြင့် မနက်စောစော အနောက်နန်းဆောင်သို့ လာရောက်သူဟူသည်မှာ လုံးဝမရှိသလောက်ပင်။
သို့သော် ယနေ့တွင်မူ နှစ်ဦးဆက်တိုက်တောင် ရောက်လာကြသည်။
အံ့သြမိသော်လည်း ဝင်ခွင့်ပြုလိုက်၏။
တော်သေး၍ ဒုတိယဧည့်သည်မှာ လာဘ်ထိုးလိုသောမှူးမတ်၏ အစေခံမဟုတ်ပေ။
ယနေ့ညီလာခံတွင် တင်ပြမည့် အကြောင်းအရာနှင့်ပတ်သက်၍ ကြိုတင် ဆွေးနွေးညှိနှိုင်းရန် ရောက်လာသော မှူးမတ်တစ်ဦးပင်။
သိပ်ခက်ခဲသော ပြဿနာမဟုတ်သဖြင့် စကားအနည်းငယ်ပြောဆိုကာ ပြန်လွှတ်လိုက်ပြီးနောက်။
အံ့သြဖို့ကောင်းစွာပင် တတိယဧည့်သည် ရောက်လာလေသည်။
ထို့အပြင် တတိယဧည့်သည်မှာ ယခု မျက်နှာ မြင်ရတော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သူ၊ ဆိုဗီရ်ရှု၏ ပထမဆုံးချစ်သူဖြစ်သော ရက်ရှ်တာ ဖြစ်နေ၏။
“ရက်ရှ်တာပေါ့လေ။ တကယ်ပဲလား။”
ကျွန်မလည်း နန်းတော်စောင့်တပ်သားထံမှ ထိုအကြောင်းကို ကြားရသည်နှင့် ချက်ချင်းပင် အံ့သြတကြီး ပြန်မေးလိုက်မိသည်။
နန်းတော်စောင့်တပ်သားက အကျပ်ရိုက်ဟန်ဖြင့် ‘ဟုတ်ပါတယ်’ ဟု ပြန်ဖြေကာ ခေါင်းငုံ့ထား၏။
နယ်စားကတော်ကြီး အယ်လီဇာက စုတ်တစ်ချက်သပ်လိုက်သည်။
"ရာရာစစ ဒီနေရာကို ဘာမှတ်လို့ လာဝံ့ရတာလဲ။”
နန်းတော်စောင့်တပ်သားလည်း သိနိုင်စရာ အကြောင်းမရှိပေ။ သူက တံခါးဝတွင် ရပ်နေကာ လာရောက်လည်ပတ်သည့် သတင်းကို အကြောင်းကြားပေးရုံသက်သက်သာ။
သို့သော် သတင်းပါးရရုံမျှဖြင့် တာဝန်ကြီးဖိစီးသွားသလို ခံစားရသည့်အလား တပ်သားခမျာ မလုံမလဲ မျက်နှာဖြင့် ကျွန်မကို ဆက်လက်အကဲခတ်နေရှာသည်။
နယ်စားကတော် အယ်လီဇာက စိုးရိမ်ဟန်ဖြင့် ကျွန်မကိုကြည့်ကာ မေးခဲ့၏။
“သူ့ကို ဝင်ခွင့်ပြုမှာပါလား ဧကရီအရှင်မ။”
“မပြောတတ်ဘူး...”
စိတ်ရင်းအတိုင်းသာဆိုလျှင် ကျိန်းသေပေါက် တွေ့ဆုံလိုစိတ်မရှိပေ။
တွေ့ဆုံရန် တာဝန်လည်းမရှိ၊ တွေ့ဆုံခဲ့လျှင်လည်း စိတ်အနှောင့်အယှက်သာဖြစ်စေမည့်သူကို ဘာကြောင့် တွေ့ဆုံရမည်နည်း။
နောင်တစ်ချိန်တွင်တော့ ကျွန်မလည်း ချောမောလှပသော အမျိုးသားများကို ချစ်သူအဖြစ်သိမ်းပိုက်ပြီး ဆိုဗီရ်ရှုနှင့် ရယ်ကာမောကာ စကားပြောနိုင်လောက်မည်လား မသိပေ။
သို့သော် ထိုအချိန်က ယခုတော့မဟုတ်သေး။ ဆိုဗီရ်ရှုကိုဖြစ်စေ၊ သူ့ချစ်သူကိုဖြစ်စေ ဘာမှမဖြစ်သလိုဆက်ဆံရန်မှာ ယခုထိ ခက်ခဲနေဆဲပင်။
သို့သော်လည်း...
"ဝင်ခွင့်ပြုလိုက်။"
ကျွန်မက ခွင့်ပြုလိမ့်မည်ဟု ထင်မထားပုံရသည့် နယ်စားကတော်ကြီး အယ်လီဇာက အံ့အားသင့်စွာ အော်ပြောခဲ့သည်။
"ဧကရီအရှင်မ။"
ကျွန်မ တစ်ဝက်ကျန်နေသေးသော ကော်ဖီခွက်၏ လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
ရက်ရှ်တာကို မမြင်ချင်သော်လည်း သူက ယခုတင် ချစ်သူဖြစ်လာသူဖြစ်ပြီး၊ ဆိုဗီရ်ရှု ပထမဆုံးအကြိမ်ချစ်မိသွားသော...အချစ်ဟုပဲ ဆိုရမလား။ ပထမဆုံးအကြိမ် ချစ်မိခဲ့သော မိန်းမပင်။
ရက်ရှ်တာ ပေါ်လာပြီးနောက်ပိုင်း ကျွန်မအပေါ် ပို၍အေးစက်လာသည့် ဆိုဗီရ်ရှုဆိုတော့... ရက်ရှ်တာကို ငြင်းပယ်လိုက်ရာက ဆိုဗီရ်ရှုနှင့် တစ်ဖန်ထပ်ပြီး စိတ်ခံစားချက်ချင်း အတိုက်အခံမဖြစ်လိုပေ။
သူနှင့် ပြင်းပြင်းပြပြအချစ်ကို မပိုင်ဆိုင်နိုင်လျှင်တောင် ဧကရာဇ်၏မုန်းတီးခြင်းကို ခံရခြင်းက ကျွန်မအတွက် ဆုံးရှုံးမှုပဲမဟုတ်ပေဘူးလား။
ဒုတိယအကြိမ် လာရောက်လည်ပတ်ခြင်းကို ခွင့်မပြုလျှင်တောင် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းကို ခွင့်ပြုသည်က ထိပ်တိုက်တွေ့ရမည်ထက် ပိုကောင်း၏။
"ဧကရီအရှင်မ၊ ဒုတိယအကြိမ် တွေ့ဆုံခြင်းပါ။ ကျွန်မက ရက်ရှ်တာပါရှင့်။"
လော်ရာနှင့် ပတ်သက်သည့်ကိစ္စကို ဂရုမစိုက်တာပဲလား၊ ဂရုမစိုက်ချင်ယောင်ဆောင်တာပဲလားမသိသော်လည်း ရက်ရှ်တာက ဝင်လာသည်နှင့် ကျွန်မကို ပြုံးရွှင်စွာ နှုတ်ဆက်ခဲ့သည်။
နယ်စားကတော်ကြီး အယ်လီဇာကတော့ စိတ်မသက်မသာဖြစ်မှုကို မဖုံးကွယ်နိုင်ဘဲ လုံးဝလှည့်ထိုင်သွားလေ၏။
ကျွန်မကတော့ မှင်သေသေမျက်နှာကို တတ်နိုင်သမျှ ထိန်းထားနိုင်ရေးအတွက် မျက်နှာကြွက်သားများကို အားစိုက်ထားလိုက်သည်။
တော်သေး၍ မလိုချင်သော အခြေအနေများတွင် မျက်နှာထားကို မှင်သေသေထားတတ်အောင် လုပ်ခဲ့ဖူးသည်က တစ်ကြိမ်နှစ်ကြိမ်မကပေ။
"...အရင်တစ်ခါလိုမဟုတ်ဘဲ ဒီတစ်ခါတော့ ဧကရာဇ်ရဲ့ချစ်သူ ဖြစ်လာပြီကိုး။ ဂုဏ်ယူပါတယ်။"
"ကျေးဇူးတင်ပါတယ်ရှင့်။"
'ပုံမှန်နှုတ်ဆက်တာတော့ လုပ်ပြီးပြီ... အခု ဘာပြောရမလဲ။'
စဉ်းစားပြီးနောက် ကျွန်မ လိုရင်းကိုသာ တန်းပြောလိုက်သည်။
"ကောင်းပြီလေ။ ဒီကို ဘာကိစ္စနဲ့လာခဲ့တာလဲ။"
"ဘာကိစ္စနဲ့များ လာရဦးမှာလဲရှင့်။"
"..."
"အခုဆိုရင် ဧကရီအရှင်မနဲ့ ကျွန်မက ညီအစ်မလို ဖြစ်နေပြီမဟုတ်ပါလား။ မိသားစုတွေပါပဲ။"
အေးစက်စွာ ကော်ဖီသောက်နေခဲ့သော နယ်စားကတော်ကြီး အယ်လီဇာတစ်ယောက် အခက်မသင့်စွာ သီးသွားလေတော့သည်။
နယ်စားကတော် အယ်လီဇာက လက်သီးကို ပါးစပ်နားတေ့ကာ ချောင်းဆိုးရင်း ရက်ရှ်တာကို ကြည့်လိုက်၏။
ကျွန်မလည်း အလားတူပင် မှင်တက်သွားရသည်။
ခုနက ကျွန်မ ဘာစကားကို ကြားလိုက်ရတာလဲ။
ညီအစ်မတဲ့လား။ မိသားစုပေါ့လေ။
"မိသားစု၊ ဟုတ်လား။"
"ခင်ပွန်းတစ်ယောက်တည်းကို ယူထားကြတယ်မဟုတ်လားရှင့်။"
ကျွန်မ၏ မှင်သေသေမျက်နှာမှာလည်း ပျက်လုနီးပါးပင်။
နားထင်ကြောများက သူ့အလိုလိုတင်းပြီး မျက်နှာကြွက်သားများပင် တုန်သွားရသည်။
ချစ်သူအဖြစ် အသိအမှတ်ပြုသည့်စာချုပ်ဆိုသည်မှာ ဒီအတိုင်း စာချုပ်တစ်ခုသာဖြစ်ပြီး၊ ချစ်သူဆိုသည်မှာ တော်ဝင်မိသားစု၏ မျိုးရိုးမှတ်တမ်းတွင် ပါဝင်ခွင့်မရပေ။
ချစ်သူအဖြစ် အသိအမှတ်ပြုစာချုပ် ချုပ်ဆိုထားသည့်ကာလအတွင်း၌ ချစ်သူများက ပမာဏများပြားလှသော နေထိုင်မှုစရိတ်ကို ရရှိနိုင်သော်လည်း စာချုပ်သက်တမ်းကုန်ဆုံး၍ သက်တမ်းထပ်မတိုးနိုင်ပါက နန်းတော်မှ ထွက်ခွာပေးကြရပေသည်။
ဤသည်ကား ချစ်သူများထံမှ မွေးဖွားလာသော သားသမီးများအတွက်လည်း အတူတူပင်။ ဧကရာဇ်နှင့် အလွန်တူသော ကလေးတစ်ယောက် မွေးဖွားလာခဲ့လျှင်တောင် မင်းသား၊ မင်းသမီးဟု ခေါ်ဝေါ်ခွင့်မရှိသည့်အပြင် မျိုးရိုးမှတ်တမ်းကိုလည်း သီးခြားစီ မှတ်တမ်းတင်ပေးရပေသည်။
ဒါကိုပင် ခင်ပွန်းတစ်ဦးတည်းကို ယူထားသည့် မိသားစုဟုဆိုသတဲ့လား။
အလွန်မှားယွင်းနေသဖြင့် ဘယ်အချက်ကစ၍ ထောက်ပြရမည်မှန်းပင် မသိတော့သောကြောင့် ပို၍ပင် မျက်နှာပျက်လာရတော့၏။
ခဏလောက် ခေါင်းထဲမှ အရာအားလုံးကို ရှင်းလင်းနေစဉ် ရက်ရှ်တာက လက်နှစ်ဖက်ကိုယှက်ပြီး မျက်နှာလေးဝင်းပစွာဖြင့် မေးလာသည်။
"မမလို့ ခေါ်လို့ရမလားရှင့်။"
ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားတော့သည်။
ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိ၏။
ကရုဏာထားပေးနိုင်တာ ဒီအထိပဲထင်ပါရဲ့။
"မရဘူး။"
ပြတ်ပြတ်သားသား ငြင်းလိုက်တော့ ပြုံးရွှင်နေသော ရက်ရှ်တာ၏ မျက်နှာပေါ်တွင် အက်ကြောင်းတစ်ကြောင်း ပေါ်လာတော့သည်။
သူက မျက်လုံးကို အဖွင့်အပိတ်လုပ်လိုက်ပြီး ခဏအကြာတွင် အလွန်တုန်လှုပ်သွားပုံဖြင့် ကျွန်မကို ကြည့်လာ၏။
ကျွန်မက ဤသို့ဖြေလိမ့်မည်မှန်း လုံးဝမသိထားခဲ့သည့်ပုံပင်။
ကျွန်မက ပို၍ပင် အံ့သြမိပါသေးသည်။
ဒီမိန်းမက ကျွန်မကို 'ဟုတ်ပါပြီ ညီမရေ၊ ညီအစ်မလိုပဲ နေကြတာပေါ့။ ငါ့ညီမက တို့ခင်ပွန်းကို ခိုးသွားပေမဲ့ တို့တွေ တည့်တည့်ရှုရှု နေနိုင်ပါတယ်' ဟူ၍ ပြောလိမ့်မည်ဟုများ ထင်မှတ်ထားခဲ့လေသလား။
"ရက်ရှ်တာ့ကို...မုန်းလို့ အဲ့ဒီလိုပြောတာလားဟင်။"
အံ့ဩတုန်လှုပ်မှုများ ပျောက်သွားပြီးနောက် ရက်ရှ်တာတစ်ယောက် စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်များ ရစ်ဝိုင်းလာကာ မေးခဲ့သည်။
"မင်းကို ကြိုက်တာ၊ မကြိုက်တာနဲ့ဆိုင်တဲ့ ပြဿနာမဟုတ်ဘူး။"
ကျိန်းသေပေါက် မကြိုက်တာတော့ မကြိုက်သော်လည်း...
"မင်းက ဧကရာဇ်ရဲ့ ချစ်သူဖြစ်သွားတာလေ၊ ငါနဲ့ ညီအစ်မတွေဖြစ်သွားတာမှ မဟုတ်တာ။"
မငိုစေရန် ရည်ရွယ်ချက်ဖြင့် ခပ်ပြုံးပြုံးပင် ရှင်းပြပေးခဲ့သော်လည်း ရက်ရှ်တာမှာမူ မျက်ရည်များသာ ပို၍ဝိုင်းလာခဲ့သည်။
လှောင်ရယ်သည်ဟု ထင်သွားသည့်ပုံပင်။
မဖြစ်မနေ ပြင်ဆင်ပေးရန်မလိုသလို၊ ရယ်လိုက်၍လည်း ထိရောက်မှုရှိမည်မဟုတ်သောကြောင့် ကျွန်မ အပြုံးကို ဖျောက်ပစ်ကာ ထွက်သွားရန် အမိန့်ချလိုက်သည်။
"ထွက်သွားတော့။"
အခန်းထဲ၌ ရှိနေသူအားလုံးကို လန့်သွားစေခဲ့သော ရက်ရှ်တာ ပြန်သွားပြီးသည့်နောက်တွင်...
"တကယ်ကို... ဘာပြောရမှန်း မသိတော့ပါဘူး။"
နယ်စားကတော်ကြီး အယ်လီဇာက မယုံနိုင်စွာ ရေရွတ်ခဲ့သည်။
အခြားရံရွေတော်များကလည်း အလားတူပင်။
သူတို့က ချစ်သူအဖြစ် အသိအမှတ်ပြုစာချုပ် ချုပ်ဆိုပြီး နောက်တစ်နေ့တွင် ဧကရီကို လာတွေ့သော ချစ်သူက ဒါပထမဆုံးဖြစ်သလို၊ ထိုသို့သော စကားမျိုးကို ပြောသွားသည့် ချစ်သူကလည်း ပထမဆုံးဖြစ်ကြောင်း ပြောဆိုနေကြ၏။
ကျွန်မလည်း မျက်မှောင်ကြုတ်ပြီး အသက်အကြီးဆုံး မှူးမတ်အမျိုးသမီးကို မေးလိုက်၏။
"ပုံမှန်ဆို ချစ်သူတွေက ဒီလိုပဲလား။"
ငယ်စဉ်ကတည်းက နန်းတော်ထဲ ဝင်ထွက်သွားလာခဲ့သော်လည်း အိမ်ရှေ့စံကြင်ရာတော် အလောင်းအလျာတစ်ဦးအနေဖြင့်သာ သင်ယူလေ့လာခဲ့ရသော ကျွန်မတွင် ဧကရာဇ်၏ ချစ်သူများနှင့် တွေ့ဆုံရစရာ အကြောင်းမှ မရှိခဲ့သည်ကိုး။
~~~~~
Miel's Translations