အပိုင်း ၁၇ (လောင်းကြေးထပ်ကြမလား)
နန်းတော်ကို ရောက်နေပြီတဲ့လား။
ဧည့်သည်တော်များ စတင်ရောက်ရှိလာကြသည်က ယနေ့မှသာ။ ကျွန်မလည်း ယနေ့ ရောက်ရှိကြသော ဧည့်သည်တော်များက ဘယ်သူတွေများလဲဟု စဉ်းစားကြည့်လိုက်သည်။
"..."
အကြီးစား ကိုယ်စားလှယ်အဖွဲ့များအလိုက် တွက်ကြည့်လိုက်တော့ အများကြီးမရှိသေးပေ။ ခရုမ်းနယ်မြေမှ မင်းသားကြီးတို့ ဇနီးမောင်နှံ၊ ရီထယ်ယန် မင်းသားကြီး၊ မြောက်ပိုင်းတိုင်းပြည်မှလာသော နန်းရင်းဝန်မိသားစု၊ ဆာမိုနျူမှလာသော ခရန်တီယာ မားကီးစ်ကတော်နှင့် ကလေးများ၊ အနောက်တိုင်းပြည်မှလာသော တော်ဝင်မင်းသား ဟိုင်န်ရီ၊ ဘလူး ဘိုဟဲယန်းမှ ဘုရင့်ညီတော် ရှီရင်းမ်...
ပြဿနာကား သူတို့က နှစ်ယောက် သုံးယောက်တည်း လာကြခြင်းမဟုတ်သည့် အချက်ပင်။ မင်းသားကြီးတို့ ဇနီးမောင်နှံမှာပင် သူတို့နှစ်ဦးအပြင် ကိုယ်ရံတော် စစ်သည်များ၊ အပါးတော်မြဲများနှင့် အစေခံများပါထည့်ပေါင်းလျှင် အရေအတွက်က အဆပေါင်းများစွာ တိုးနေပေပြီ။
ကျွန်မနှင့် စာဖလှယ်ဖော်က မိန်းမလား၊ ယောကျ်ားလား၊ လူကြီးလား၊ လူငယ်လား၊ လူမှုရေးအဆင့်အတန်းအရိုက်အရာက ဘယ်လိုရှိမှန်းလည်း မသိပေ။
ကွီးန်၏ သခင်က ဤလူပါဟု မိမိရရပြောနိုင်ရန် ခက်ခဲ၏။
-ဘယ်သူမှန်း မသိပါဘူး။
ကျွန်မ တွေးကြည့်နေရာမှ နောက်တစ်ကြောင်း ထပ်ရေးလိုက်သည်။
-ရှင်ရော ကျွန်မ ဘယ်သူမှန်း သိလား။
ကျိန်းသေပေါက် မသိလောက်ဘူးဟုတွေးကာ ရေးလိုက်၏။
ကျွန်မသည်လည်း သူ့အတွက်တော့ နန်းတော်ထဲတွင် နေထိုင်နေသည့် လူပေါင်းများစွာထဲမှ တစ်ယောက်ဖြစ်နေမည်မဟုတ်ပါလား။ စာရေးပြီးသွားသည်နှင့် ကွီးန်က ချက်ချင်းပင် ကျွန်မအရှေ့သို့ ချဉ်းကပ်လာသည်။
"ဒီကလေးက တကယ်ကို ဉာဏ်ကောင်းပါတယ်၊ ဧကရီအရှင်မ။"
"အမွေးလေးတွေ ညှိနေရင်းနဲ့လည်း တောက်လျှောက် ဧကရီအရှင်မရဲ့ အရိပ်အခြည်ကို အကဲခတ်နေတာပါဆို။"
ရံရွေတော်များက ကွီးန် ကျွန်မအနားသို့ကပ်လာကာ ခေါင်းလေးကို အရှေ့ဆန့်လိုက်တော့ ရယ်မောရင်း ပြောပြခဲ့ကြသည်။
"တကယ်ပဲလား။"
မေးရင်း ငှက်၏ ခေါင်းကို လက်ဖြင့်ပွတ်ပေးလိုက်တော့ ငှက်လေးက သူ၏ မျက်လုံးအကြီးကြီးများကို တစ်ဝက်လောက် မှေးမှိတ်ကာ တကူကူ အသံပေးလေတော့သည်။
စာကိုလိပ်ပြီး ငှက်၏ခြေထောက်တွင် ချည်ပေးလိုက်တော့ သူက တောင်ပံများကိုခတ်ရင်း ကခုန်သည့်အလား အိပ်ရာပေါ်တွင် ခုန်ပေါက်ပြေးလွှားနေရာမှ ပြတင်းပေါက် အပြင်ဘက်သို့ ပျံထွက်သွား၏။
"တကယ် ဉာဏ်ကောင်းတဲ့ ငှက်လေးပဲ...."
ထိုသို့သောငှက်မျိုး မွေးထားသည်ဆိုလျှင် သခင်ကလည်း အင်မတန်ထက်မြက်ပေလိမ့်မည်။
'ငှက်ရဲ့သခင်က ဘယ်လိုလူမျိုးဖြစ်လောက်မလဲ။'
လော်ရာလို ကျွန်မနှင့်ရွယ်တူ မိန်းကလေးလား။ ကျက်သရေနှင့်ပြည့်စုံသော လူကြီးလူကောင်း အမျိုးသမီးကြီး သို့မဟုတ် အမျိုးသားကြီးပဲလား။ စာရိတ္တမကောင်းသည့် မှူးမတ်အနွယ်တော်ပဲလား။ ဓားကလွဲ၍ ဘာမှမသိသော စစ်သည်တော်များလား...။
"ဧကရီအရှင်မ၊ ငှက်လေးကို သဘောကျလားရှင့်။"
ကျွန်မ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေစဉ် နယ်စားကတော်ကြီး အယ်လီဇာက ကျွန်မဆီသို့ လျှောက်လာကာ မေးခဲ့သည်။
"ဟုတ်ကဲ့။ ချစ်စရာလေးပါပဲ။"
ငှက်လေးကလည်း ချစ်စရာကောင်း၏။ ငှက်လေး၏ တစ်ဖက်အလွန်တွင်ရှိနေသော လူကလည်း ချစ်စရာကောင်း၏။
တစ်ဝက်လောက် အမှန်အတိုင်း ပြန်ဖြေလိုက်တော့ နယ်စားကတော် အယ်လီဇာက အပြုံးလေးနှင့် အကြံပေးခဲ့သည်။
"ဒါဆို ဧကရီအရှင်မလည်း အဲ့ဒီလိုမျိုးစိတ်ဖြစ်ဖြစ်၊ တခြားမျိုးစိတ်ဖြစ်ဖြစ် ငှက်လေးတစ်ကောင်၊ နှစ်ကောင်လောက် မွေးကြည့်မယ်ဆိုရင်ရောရှင့်။"
"ဟုတ်ပါတယ်။ သားပေါက်လေးအရွယ်ကတည်းက စပြီးမွေးမယ်မွေးမယ်ဆိုရင် အဆင်ပြေမှာပါ။"
"အတူတူ မွေးကြမယ်လေရှင့်။"
သဘောကျမိသော်လည်း ကျွန်မ တစ်ချက်လောက် စဉ်းစားပြီး ခေါင်းခါလိုက်သည်။
"မမွေးတော့ပါဘူး။ ခဏတဖြုတ်ကြည့်ရတာနဲ့ မွေးရတာက မတူဘူးမဟုတ်လား။"
'ကွီးန် ဒီလောက်အထိ ထူးထူးခြားခြား ဉာဏ်ကောင်းနေတာ သခင်က ကောင်းကောင်း လေ့ကျင့်ပေးထားလို့ ဖြစ်မှာပဲ။'
ကျွန်မက ကွီးန်ကို သဘောကျတာလား၊ ငှက်ကို သဘောကျတာလား ယခုအထိ မသေချာသေးပေ။
တိရစ္ဆာန်မွေးမည်ဆိုလျှင် ထိုအပိုင်းကို သေချာသိပြီးမှ မွေးသင့်သည်ဟုထင်သည်။
"ဒါနဲ့ ဘယ်ရ်တီ ဗိုင်းကောင့် ကတော်ကို မနေ့ကတည်းက မတွေ့ဘူးနော်..."
"အိမ်တော်ကနေ လူတစ်ယောက် အရေးတကြီး ရောက်လာလို့ ပြန်သွားပါပြီ။"
"...ဧကန္တ ထပ်ပြီး 'ဟိုလို' ကိစ္စမျိုးများလား။"
ကျွန်မ မေးလိုက်တော့ ရံရွေတော်များက ဘာလုပ်လို့လုပ်ရမှန်းမသိသည့် မျက်နှာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
'မကောင်းတဲ့ ကိစ္စကိုး။'
အခြားရံရွေတော်များလိုမဟုတ်ဘဲ ဘယ်ရ်တီ ဗိုင်းကောင့်ကတော်တွင် မြို့တော် စံအိမ်မရှိပေ။
ထို့သို့ဆိုမှ မိသားစုအရေးကိစ္စနှင့် အိမ်တော်သို့ အလောတကြီး ပြန်သွားရသည်က တစ်ခါနှစ်ခါ မဟုတ်။
ပြဿနာက ယင်း 'အိမ်တော်အရေးကိစ္စ' များမှာ အများအားဖြင့် မကောင်းသောကိစ္စတွေချည်းဖြစ်နေခြင်းပင်။
"သားဖြစ်သူက တိုင်းတစ်ပါးမှာလည်း ကာစီနိုကို ဝင်လိုက်ထွက်လိုက် လုပ်နေတယ်လို့ ပြောပါတယ်။"
"ဘယ်ရ်တီ ဗိုင်းကောင့်က အိမ်ထောင်သည် သာမန်အရပ်သူကို ထိပါးနှောင့်ယှက်လို့ အဲ့ဒီမိန်းမရဲ့ ခင်ပွန်းက တရားစွဲမယ်တဲ့လေ။"
အများစုက ထိုအတိုင်းပင်။ သားဖြစ်သူက လောင်းကစားပြဿနာ၊ ဘယ်ရ်တီ ဗိုင်းကောင့်က မိန်းမပြဿနာ။
"ဟုတ်လား..."
'ဘယ်ရ်တီ ဗိုင်းကောင့်ကတော်လည်း သောကတွေ အများသားနော်။'
စိတ်ပူမိသော်လည်း သူ့ဘက်က အကူအညီမတောင်းလျှင်တော့ ကျွန်မက ဝင်ကူ၍ရမည်မဟုတ်။
ကျွန်မ၏ ကူညီလိုစိတ်က သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့်ပင်။
တကယ်တော့ သူ့ဘက်က အကူအညီတောင်းလာလျှင်ပင် အိမ်တော်၏ အရေးကိစ္စဖြစ်နေ၍ ကျွန်မက ဝင်ရောက်ဖြေရှင်းပေးပိုင်ခွင့် ရှိမည်မဟုတ်ပေ။
'လူတိုင်းက အကုန် သူ့အပူနဲ့သူချည်းပါလား။'
ကျွန်မလည်း သက်ပြင်းချလိုက်ကာ လက်လှမ်းပြီး ဖွင့်ထားသည့် ပြတင်းပေါက်ကို ပိတ်လိုက်တော့သည်။
~~~~
နောက်တစ်နေ့တွင် တောင်ပိုင်းတိုင်းပြည်၏ တော်ဝင်မင်းသမီး မနက်စောစော ရောက်လာသည်နှင့်အတူ ဧည့်သည်တော်အများအပြား နန်းတော်သို့ ထပ်ရောက်လာကြသည်။ တောင်ပိုင်းတိုင်းပြည် တော်ဝင်မင်းသမီးနှင့် အပြန်အလှန်နှုတ်ဆက်ပြီး နောက်ဆုံးအကြိမ် ထပ်မံစစ်ဆေးနေရာမှ ကြည့်လိုက်တော့ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွား၏။
မိုးရွာနေ၍ပေပဲလား။ စိတ်နှင့်ကိုယ်မကပ်သလို ခံစားနေရသည်။
အခန်းထဲသို့ ပြန်ရောက်သည်နှင့် ကွီးန်ကို တွေ့လိုက်ရ၏။
ကျွန်မကို လာရှာခဲ့သော်လည်း လူမရှိသဖြင့် တစ်လျှောက်လုံး စောင့်နေခဲ့သလားမသိ၊ ပြတင်းပေါက်ဘောင်ပေါ်တွင် သနားစရာလေး ထိုင်နေလေသည်။
ပြတင်းပေါက် ဖွင့်ပေးလိုက်တော့ ကွီးန်က မိုးရေတွေစိုရွှဲနေသည့်အတိုင်း တုန်ယင်နေလျက် အခန်းထဲသို့ တွားဝင်လာ၏။
"ဘုရားရေ။ မိုးရွာနေတာတောင် နင့်သခင်က နင့်ကို လွှတ်လိုက်တယ်ပေါ့လေ။"
-....
"ဘာကို ခေါင်းခါနေတာလဲ။ စာတိုလေးပါ ပါလာပုံထောက်ရင် သေချာနေတာကို။"
ကျွန်မ စုတ်တစ်ချက်သပ်လိုက်ပြီး မွေးပွတဘက်တစ်ထည် ယူလာကာ ကွီးန်၏ကိုယ်ပေါ်တွင် ပတ်ပေးလိုက်ပြီးနောက် သူ့အတောင်လေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ကွီးန်က တစ်ချက်လောက် တွန့်ဆုတ်သွားသော်လည်း ခဏနေတော့ အသာလေး သူ့ခန္ဓာကိုယ်ကို ကျွန်မလက်ထဲအပ်ထားသည့်အတိုင်း ငိုက်မျဉ်းသွား၏။
အမွေးအတောင်များ လုံးဝခြောက်သွေ့သွားသည်အထိ တဘတ်နှင့် သုတ်ပေးပြီးသည့်နောက် ကျွန်မ သတိလေးထားကာ သူ့ခြေထောက်မှ စာတိုလေးကို ဖြုတ်ယူလိုက်သည်။
မိုးစိုထားသဖြင့် စာက နည်းနည်း ပျက်ယွင်းနေသော်လည်း ဤသို့ရေးထား၏။
-ဒါဆို လောင်းကြေးထပ်ကြမလား။ တစ်ဖက်လူကို ရှာတွေ့တဲ့သူက အနိုင်ပေါ့။
ငါ ဘာရေးပြီး ပို့ခဲ့တာပါလိမ့်...အာ... ကျွန်မ ရှင့်ကို မသိဘူး၊ ရှင်က ကျွန်မကို သိလားလို့ မေးခဲ့တာ။
လောင်းကြေးထပ်ရန် ပြောလာပုံထောက်လျှင် ကျွန်မ ဘယ်သူမှန်း သူလည်း ရေရေရာရာ မသိသေးသည့်ပုံပင်။
ကျွန်မ စာရေးစားပွဲဆီသွားပြီး စာတိုလေး ရေးလိုက်သည်။
-လောင်းကြေးထပ်မယ်ဆိုတော့ ဘာကို လောင်းကြေးထပ်မှာလဲ။
စာရေးပြီးသွားသည့်နောက်တွင်။
ကျွန်မ ကွီးန်ကို တစ်ချက်ကြည့်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ပြန်ကြည့်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင်တော့ မိုးက သည်းသည်းမည်းမည်း ရွာနေဆဲ။
မဟုတ်တောင် ပြတင်းပေါက်ဘောင်တွင် နာရီအတော်ကြာအောင် မိုးမိထားခဲ့သည့် ငှက်ပင်။
ယခု လွှတ်လိုက်မည်ဆိုလျှင် အအေးမိသွားမည်မဟုတ်ပါလား။
ကွီးန်က တဘက်ကို ဆော့ကစားနေရာမှရပ်ကာ ကျွန်မကို လှမ်းကြည့်ခဲ့သည်။
ကျွန်မ မင်တံကို ချလိုက်သည်နှင့် ကွီးန်က ခေါင်းကလေး ငဲ့စောင်းကာ ကျွန်မအနားသို့ အလျင်စလို ပြေးလာလေ၏။
ကွီးန်က စာပါအကြောင်းအရာကို အတည်ပြုပြီး သူ၏ခြေထောက်လေးကို သဘာဝကျကျ ဆန့်ထုတ်ပေးလာသည်။
မြန်မြန် စာကိုချည်ပေးပါဟူသည့်သဘောပင်။
"...မဖြစ်ဘူး။"
-...
"အခု မိုးရွာနေတယ်လေ။ အခု စာပြန်ပို့မယ်ဆိုရင် နင် အအေးမိမှာ။"
ငှက်က တကယ်ပင် ကျွန်မစကားကို နားလည်သည့်အလား တုံ့ဆိုင်းနေရာမှ ကျွန်မ၏ အရိပ်အခြည်ကို အကဲခတ်ခဲ့သည်။
ကျွန်မလည်း ငှက်ကို ရင်ခွင်ထဲတွင် ထွေးပွေ့ကာ ခေါင်းလေးကို ပွတ်ပေးလိုက်၏။
"ဒီနေ့တော့ ငါနဲ့ အတူတူ အိပ်ရအောင်။ မိုးတိတ်သွားရင် အဲ့ဒီအခါ ပို့ပေးမယ်။"
-...
ဒါနဲ့... အထီးဆိုတော့။ ငှက်ကရော လူကို ယောက်ျား၊ မိန်းမ ခွဲခြားစဉ်းစားတတ်တာလား။ ရုတ်တရက်ကြီး ဘာလို့ ဒီလို တောင့်သွားရတာပါလိမ့်။
~~~~
ရေချိုးပြီးနောက် ရေချိုးဝတ်ရုံကို ဝတ်ကာ အခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ကွီးန်က ကျွန်မအိပ်ရာထက်၌ လဲလျောင်းရင်း ခေါင်းငိုက်စိုက်ကျနေ၏။
ကျွန်မဘေးတွင် အိပ်လျှင် အဆင်မပြေဖြစ်မည်စိုး၍ ခေါင်းအုံးလေးနှင့် သီးသန့်နေရာပြင်ပေးဖို့ တွေးထားခဲ့သည်ကို။
သူက တစ်ကိုယ်လုံးကို အိပ်ရာနှင့်အကျအနထိကာ လဲလျောင်းနေလေသည်။
"..."
ဒါနဲ့ ငှက်က အဲ့ဒီလိုမျိုး ပက်လက်လှဲပြီး အိပ်တတ်တယ်ပေါ့လေ။
ချစ်စရာကောင်းလိုက်တာ။
အနားကပ်ပြီး ကြည့်လိုက်တော့ ပါးစပ်လေး အနည်းငယ်ဟကာ အသက်ရှူနေသည်ကို တွေ့လိုက်ရသဖြင့် ပို၍ဆန်းကြယ်နေသလိုပင်။
နည်းနည်းလေး ထိလိုက်တာတောင် နိုးမလာသဖြင့် ကျွန်မလည်း အတွန့်တွန့်အဆုတ်ဆုတ်နှင့် ပုံမှန်အတိုင်း အိပ်ရာပေါ်တွင် လဲလျောင်းကာ ခေါင်းအုံးအုံးလိုက်သည်။
ငြိမ်ငြိမ်လေး လဲလျောင်းနေလိုက်တော့ ပခုံးအနားတွင် ပူနွေးသလို ခံစားနေရ၏။
ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း ကွီးန်၏ ကိုယ်အပူချိန်က မြင့်သောကြောင့်ဖြစ်ပေမည်။
ဆန်းကြယ်လှ၍ စိုက်ကြည့်နေမိစဉ် ကွီးန်က မှိတ်ထားသော သူ့မျက်လုံးများကို ဖွင့်လာသည်။
ခရမ်းရောင် မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသွားချိန်တွင် ဘာကြောင့်မှန်းမသိ တော်ဝင်မင်းသား ဟိုင်န်ရီကို သတိရမိသွား၏။
ထိုသို့ဆိုမှ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း လင်းယုန်နှင့်တူသော မျက်လုံးများရှိသူပင်။
လက်လှမ်းကာ မျက်လုံးကို ပွတ်သပ်ပေးလိုက်တော့ စူးရှလှသော မျက်လုံးများက တဖြည်းဖြည်း အားလျော့ကာ မှေးစင်းသွားတော့သည်။
"နင်က တကယ် လှပတာပဲ၊ ကွီးန်။"
တိုးတိုးလေး ပြောလိုက်တော့ ငှက်လေးက အားယူ၍ ခြေထောက်အထိ ကိုယ်ကို ဆန့်ထုတ်ကာ ခေါင်းလေးညိတ်ပြီး တောင်ပံနှင့် ကျွန်မလက်မောင်းကို ညင်သာစွာ လွှမ်းခြုံပေးခဲ့သည်။
"....ကောင်းကောင်းအိပ်နော်၊ ကွီးန်။"
~~~~
Miel's Translations