no

Font
Theme

အပိုင်း ၅ (ဘယ်သူနဲ့ ယှဉ်နေတာလဲ)

ဧကရာဇ် စိတ်ဝင်စားနေသော အမျိုးသမီးအား မကောင်းပြောနေသည်ကို မိသွားသည့်အခြေအနေဖြစ်သည်။

အင်မတန် ခြေမကိုင်မိလက်မကိုင်မိဖြစ်ချင်စရာပင်။

လော်ရာအပါအဝင် ဧကရီ၏ ရံရွေတော်များက စကပ်အနားစကို ဖွဖွလေးပင့်ကာ ဆိုဗီရ်ရှုအား ဦးညွှတ်ခဲ့ကြသော်လည်း သူက ရံရွေတော်တို့၏ ဂါရဝပြုမှုကို တုံ့ပြန်ခြင်းမရှိဘဲ လော်ရာကို ရေခဲတမျှ အေးစက်စွာကြည့်လိုက်ပြီးမှ ကျွန်မဘက်သို့ လှည့်ကြည့်လာသည်။

ကျွန်မကတော့ ပင်မနန်းဆောင်အတွင်း၌ သူနှင့် မကြာခဏ ဆုံဖြစ်နေသောကြောင့် သီးသန့်နှုတ်ဆက်ခြင်းမပြုဘဲ အသာလေးသာ သူ့အား မျက်နှာမူပြီးကြည့်လိုက်မိ၏။

ဆိုဗီရ်ရှုက လော်ရာကိုစိုက်ကြည့်ပြီးသည့်နောက် ရက်ရှ်တာဘက်သို့ မျက်လုံး​လွှဲလိုက်သည်။

"ဘုရားရေ..."

သူက ညည်းတွားလိုက်၏။

ရက်ရှ်တာကမူ လန့်ပဲသွား၍လားမသိ မျက်ဝန်းအိမ်နားတစ်ဝိုက်တွင် နီမြန်းနေလေသည်။

ငိုတော့မတတ် မျက်လုံးရွဲကြီးတွေအဝိုင်းသားဖြစ်နေပုံက ကြောက်လန့်တကြားဖြစ်နေသည့် အရွက်စားသတ္တဝါလေးတစ်ကောင်နှင့် တူလှ၏။

"မငိုနဲ့။"

ဆိုဗီရ်ရှုက ဖြည်းဖြည်းချင်း နှစ်သိမ့်ပေးလိုက်တော့ ရက်ရှ်တာ၏ မျက်လုံးများထဲမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

"မငိုနဲ့လို့ ပြောနေတယ်မဟုတ်လား။"

ဆိုဗီရ်ရှုက အေးစက်စွာ ဆူပူလိုက်သော်လည်း ရက်ရှ်တာကတော့ စကားနားမထောင်ဘဲ ဆက်၍ငိုနေဆဲပင်။

လူမှုရေးလောကတွင် နာမည်ကြီးသည့် ဆိုဗီရ်ရှု၏ ရေခဲတမျှအေးစက်သော စိတ်နေစိတ်ထားကို ကြောက်၍တော့ဟုတ်ဟန်မတူပေ။

တစ်ချိန်လုံး ကျွန်မဘက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသောကြောင့်ပင်။

ဘယ်လိုပင် ချော့နေပါစေ ရက်ရှ်တာက အငိုမတိတ်သောအခါ အံ့ဩစရာကောင်းလောက်အောင် ဆိုဗီရ်ရှုက သူ့အင်္ကျီအိတ်ထဲမှ ရွှေချည်ထိုး လက်ကိုင်ပုဝါကို ထုတ်ယူကာ ရက်ရှ်တာဆီ ကမ်းပေးလိုက်သည်။

သို့သော်လည်း ရက်ရှ်တာက လက်ကိုင်ပုဝါကိုယူထားရင်း ဆက်ငိုနေသည်ကိုမြင်တော့ သူက ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ရက်ရှ်တာ၏မျက်နှာကို သုတ်ပေးလေတော့၏။

"မင်းကတော့ တကယ် သိပ်ဂရုစိုက်ပေးရတဲ့သူပါလား။"

ဆူပူသည့်စကားဆိုသော်လည်း ယင်းစကားထဲတွင် စိုးရိမ်စိတ်က အပြည့်ပါနေသည်။

နှလုံးသား၏ တစ်နေရာက တစ်ဖန်ထပ်၍နာကျင်လာတော့၏။

'သဘာဝကျတဲ့ခံစားချက်ပဲ... သဘာဝကျတဲ့ခံစားချက်ပဲ။'

နယ်စားကတော်ကြီး အယ်လီဇာ ပြောခဲ့သည့်စကားကို ထပ်ပြန်တလဲလဲ ရေရွတ်ရင်း ကျွန်မလည်း အနောက်လှည့်ပြီး ရံရွေတော်များကို လိုက်ခဲ့ကြရန် အချက်ပြလိုက်သည်။

"သွားရအောင်။ ခြေထောက်တွေ နာနေပြီ။"

ဆိုဗီရ်ရှု အပျော်မယားထားသည်ကို တားဆီး၍မရသော်လည်း ယင်းအဖြစ်ကို မျက်စိနှင့်တပ်အပ်မမြင်အောင် ရှောင်လွှဲပိုင်ခွင့်တော့ရှိပေသည်။

ရံရွေတော်တွေက အဆင်သင့်လိုက်လေဟူသောသဘောဖြင့် ကျွန်မနောက်ကို လျှင်မြန်စွာ လိုက်လာကြ၏။

"ခဏလေး။ ရပ်လိုက်။"

သို့သော် ခြေလှမ်းအနည်းငယ်သွားပြီးချိန်တွင် ဆိုဗီရ်ရှုက ကျွန်မကို ခေါ်ခဲ့သည်။

စောစောကတော့ ရက်ရှ်တာက ကျွန်မကိုဆွဲထားခဲ့ပြီး အခုတော့ ဆိုဗီရ်ရှုအလှည့်ပါလား။

မျက်မှောင်ကြုတ်ကာကြည့်လိုက်တော့ ဆိုဗီရ်ရှုက မျက်ရိပ်မျက်ကဲဖြင့် လော်ရာကိုညွှန်ပြခဲ့သည်။

"ဟိုရံရွေတော်ကို ထားခဲ့ပြီးမှသွား၊ ဧကရီ။"

"ဘာကိစ္စရှိလို့လဲရှင့်။"

"ထားခဲ့ပြီး သွားတော့။"

"ကျွန်မရဲ့ ရံရွေတော်ပါ။ ဘာကိစ္စလဲဆိုတာကို အရင်ပြောပြရမှာပေါ့။"

လော်ရာ၏ မျက်နှာက အေးခဲသွားသလို ဖြူဆုတ်သွားတော့သည်။

ကျွန်မ၏ရင်ထဲတွင်လည်း အေးစက်သောလေတစ်ဝှေ့ တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။

'ဧကန္တ လော်ရာက ရက်ရှ်တာကို ငေါက်ငမ်းတဲ့အတွက် ဆူပူကြိမ်းမောင်းဖို့ ခေါ်တာမျိုးတော့ မဟုတ်လောက်ပါဘူးနော်။'

လော်ရာပြောခဲ့သည့်စကားက ကောင်းသောစကားဟု ဆို၍မရသော်လည်း လော်ရာက ဧကရီ ကျွန်မ၏ ရံရွေတော်ဖြစ်ပြီး အဆင့်မြင့် အမတ်ကြီးတစ်ဦး၏ သမီးပင်။

​တစ်ဖက်တွင် ရက်ရှ်တာက ဧကရာဇ်၏ နှစ်သက်သဘောကျခြင်းကို ခံရသော်လည်း ယခုအထိ တရားဝင်ချစ်သူ မဟုတ်သေးရုံသာမက သူက အဆင့်နိမ့် အမတ်တစ်ဦး၏ သမီးတောင်မဟုတ်ပေ။

ထို့ထက် ကျွန်ပြေးဖြစ်နိုင်ခြေလည်း အမြင့်ကြီးရှိပေသည်။

ဤနေရာတွင် ဆိုဗီရ်ရှုက လော်ရာအား အပြစ်ပေးမည်ဆိုလျှင် လူမှုရေးအသိုင်းအဝိုင်းတွင် လော်ရာကို လုံးဝ အများရှေ့တွင် အရှက်ခွဲခြင်းနှင့် အတူတူပင်ဖြစ်သွားပေမည်။

ထို့အပြင် ဧကရီဖြစ်သည့် ကျွန်မကိုပါ ထိခိုက်လာမည်ဖြစ်သည်။

ကျွန်မ မျက်လုံးချင်းဆုံအောင် စိုက်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက လော်ရာဘက်သို့ မျက်နှာလွှဲကာ ပြောလေသည်။

"ဧကရီရဲ့ ရံရွေတော်ဆိုပေမဲ့ ငါ့ရဲ့တိုင်းသူပြည်သားဆိုရင်လည်းဟုတ်တယ်။ ရာရာစစ လူကို ဒီလို ဆိုးဝါးတဲ့စကားမျိုးတွေပြောပြီး ဆက်ဆံတယ်ဆိုတာ လက်ခံနိုင်စရာမရှိဘူး။"

"ကျွန်မကိုယ်တိုင် ကောင်းကောင်းဆူပြီး ဆုံးမလိုက်ပါ့မယ်။"

"လူကို 'ညစ်ပတ်တယ်' တို့၊ 'ဘာဖြစ်တယ်' တို့ ပြောနေတဲ့သူကို ဆူပူဆုံးမရုံနဲ့ ပြင်လို့ရမယ်ထင်နေတာလား။ မထင်ဘူးနော်။"

ဆိုဗီရ်ရှုက ခပ်တင်းတင်းပြောပြီး အနီးတွင်ရှိသည့် ကိုယ်ရံတော်တပ်မှူးကို ခေါင်းဆတ်ကာ လော်ရာဘက်သို့ ညွှန်ပြလိုက်သည်။

"သုံးရက်အကျဉ်းချပြီး ရေနဲ့ ပေါင်မုန့်ကြမ်းပဲကျွေး။"

ရံရွေတော်တွေက ခပ်တိုးတိုးလေး ​အလန့်တကြား အော်လိုက်ကြသည်။

လော်ရာ၏မျက်နှာလည်း သွေးဆုတ်ဖြူရော်သွားတော့၏။

"အရှင်ဧကရာဇ်။ ဒါကတော့ တရားလွန်သွားပါပြီ။"

ကျွန်မ ကြားဝင်ပြောလိုက်သော်လည်း ဆိုဗီရ်ရှုကတော့ ကျွန်မကို ရေခဲတမျှ အေးစက်သောအကြည့်နှင့် ပြန်စိုက်ကြည့်ရင်း မေးခဲ့သည်။

"လူကို၊ အဲ့ဒါကလည်း ပုံမှန်လို လမ်းတောင်မလျှောက်နိုင်တဲ့လူရဲ့ ဘီးတပ်ကုလားထိုင်ကို တွန်းပြီးတော့ 'ညစ်ပတ်တယ်' ဆိုတဲ့စကား ​ပြောခဲ့တာကို။ ဒါက တရားလွန်တဲ့အပြစ်ပေးမှုလို့ ထင်နေသေးတာလား။"

"..."

"ဟုတ်ပါရဲ့။ ဧကရီကိုယ်တိုင်က အဲ့ဒီအဖြစ်ကို ဒီအတိုင်းပဲ ကြည့်ရုံကြည့်နေခဲ့တာကိုး။ ဧကရီရဲ့အမြင်မှာ ဒါက တရားလွန်တဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်နေသလားမသိပါဘူး။"

"အဲ့ဒီမိန်းမက ကျွန်မရဲ့ဂါဝန်အနားစကို ဆက်တိုက်လာဆွဲနေလို့ ရံရွေတော်တွေက ကာကွယ်ပေးကြရုံပါ။"

သို့သော် ဆိုဗီရ်ရှု၏ မျက်နှာထားက ပို၍ခက်ထန်လာတော့သည်။

"လူကိုအရှေ့မှာထားပြီး အဲ့ဒီမိန်းမတဲ့လား။"

"အရှင်ဧကရာဇ်။"

"ပြီးတော့ ဂါဝန်စလေး ဆွဲမိတာက ဘာများဖြစ်သွားလို့လဲ။ ဧကရီရဲ့ဂါဝန်က လူတစ်ယောက်ရဲ့လက်ထက် ပိုပြီးအဖိုးတန်နေလို့လား။"

"အစေခံကိုခိုင်းပြီး အရှင်ဧကရာဇ်ရဲ့ ဝတ်ရုံအနားစကို ဆွဲခိုင်းပါရစေ။ အရှင်ဧကရာဇ်ရဲ့ ဝတ်ရုံက လူရဲ့လက်ထက် ပိုပြီးအဖိုးမတန်ဘူးဆိုတော့ အဆင်ပြေမယ်မဟုတ်လားရှင့်။"

ဆိုဗီရ်ရှုက မျက်ခုံးကိုပင့်ကာ ဟက်ခနဲရယ်လိုက်သည်။

"တကယ် တစ်ခွန်းမခံ ပြန်ပြောနေတာပဲ။ အဲ့ဒါက ဒီအခြေအနေနဲ့တူတယ်များမှတ်နေလား။"

"မတူဘူးလားရှင့်။"

"မတူဘူး။"

"ဘာကြောင့်များပါလဲ။"

"ရက်ရှ်တာက အစေခံမဟုတ်ဘူး။"

သို့ဆိုလျှင် ဥပမာကို ကျွန်မ၏ ချစ်သူဟုပြောင်းပြီး မေးလိုက်ရမလားဟု တွေးလိုက်မိသည်။

နောက်များကျလို့ ကျွန်မချစ်သူက ဆိုဗီရ်ရှု၏ ဝတ်ရုံစကိုဆွဲမည်ဆိုလျှင် အပြုံးလေးနှင့် 'ဘာဖြစ်တာလဲ' ဟု ပြန်လှည့်မေးမှာလားဆိုပြီး မေးချင်မိ၏။

"ဧကရီရဲ့ရံရွေတော်ကို ငါးရက်အကျဉ်းချစေ။"

သို့သော် ဆိုဗီရ်ရှုက ကျွန်မ နောက်ထပ်စကားမဆက်နိုင်မီ အပြစ်ဒဏ်ကို နှစ်ရက်ထပ်တိုးလိုက်သည်။

ကျွန်မ ကန့်ကွက်သလောက် လော်ရာကို ဒဏ်ပိုပေးမည်ဟု သူ၏ စိတ်ပိုင်းဖြတ်ချက်ကို အခိုင်အမာ ကြေညာလိုက်ခြင်းပင်။

ဆိုဗီရ်ရှု၏နောက်တွင်ရှိနေသော ရက်ရှ်တာက မျက်လုံးရွဲကြီးတွေ အဝိုင်းသားနှင့် ကယ်တင်ရှင်သူရဲကောင်းကြီးကို ကြည့်နေသည့်နှယ် သူ၏ နောက်စေ့ကို ငေးကြည့်နေလေသည်။

ပြောချင်သည့်စကားများ လည်ချောင်းထဲသို့ စို့တက်လာသော်လည်း ဧကရီဖြစ်နေသည့်တိုင် ဧကရာဇ်၏ အမိန့်ကို ဆန့်ကျင်အာခံ၍မရပေ။

လော်ရာထံ ကျရောက်လာသည့် အပြစ်ဒဏ်ကို ပယ်ရှားလိုလျှင် တရားရုံးတက်ကာ တရားရင်ဆိုင်ရမည်ဖြစ်သော်လည်း တရားရင်ဆိုင်နေစဉ် အချိန်အတွင်းမှာ လော်ရာက ပြန်လွတ်လာမည့် အခြေအနေပင်။

ယင်းကမှ ဘာမှမတတ်နိုင်သည့် အခြေအနေဖြစ်ပေသည်။

"ကျွန်မ အပြစ်ဒဏ်ကိုခံယူပါ့မယ်၊ ဧကရီအရှင်မ။"

ကျွန်မ ဆိုဗီရ်ရှုနှင့် အ​ချေအတင်ဖြစ်မည်ကို စိုးရိမ်၍ပဲလားမသိ လော်ရာက မြန်မြန်ထွက်လာကာ ကျွန်မကို ပြောခဲ့သည်။

စက်ဆုပ်သည့်စိတ်ကြောင့် မျက်နှာများ နီရဲနေလျက်ကပင် ကျွန်မအတွက် ပူပန်ပေးနေသည်ကိုမြင်တော့ ဒေါသက မေးဖျားအထိတက်လာ၏။

"သွားတော့။"

ဆိုဗီရ်ရှုက အပျော်မယားကို ဘာကြောင့် ပင်မနန်းဆောင်အထိ လာရသလဲဟု မေးမြန်းရမည့်အစား စောစောလေးကအထိ တစ်နေကုန် အလုပ်လုပ်နေခဲ့သော ကျွန်မကို ထွက်သွားဖို့ အမိန့်ပေးခဲ့သည်။

ချိုမြိန်သော ချစ်သူများမဟုတ်ခဲ့သော်လည်း ဆိုဗီရ်ရှုက သူငယ်ချင်းကောင်းတစ်ယောက်တော့ ဖြစ်ခဲ့သည်ပင်။

ယခုတော့ ဘာတစ်ခုမှမဟုတ်တော့ပေ။

ကျွန်မလည်း အံကြိတ်ပြီး ကျောခိုင်းကာ ထိုနေရာကို စွန့်ခွာလာခဲ့သည်။

အမေက 'အပျော်မယားတွေနဲ့ မပတ်သက်နဲ့၊ လုံးဝ စိတ်ထဲမထားနဲ့' ဟု အကြံပေးခဲ့သည့်အကြောင်းရင်းကို ယခုမှပင် နားလည်သလိုလိုရှိလာတော့၏။

~~~~~

ဆိုဗီရ်ရှု လော်ရာကို အပြစ်ပေးလိုက်သည့်အဖြစ်ကြောင့် နန်းတော်တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။

လူတွေက ဧကရာဇ် ကျွန်မ၏ ရံရွေတော် လော်ရာကို အပြစ်ပေးခြင်းမှာ လူသိရှင်ကြား ရက်ရှ်တာဘက်မှနေပေးခြင်းဖြစ်ကြောင်း ပြသလိုက်သည့်လက္ခဏာပဲဟု ပြောကြ၏။

ထို့အပြင် ဤသည်က ကျွန်မနှင့် ရက်ရှ်တာ၏ ပထမဆုံးသော ထိပ်တိုက်မဟုတ်သည့်ပြိုင်ပွဲတွင် ရက်ရှ်တာက အနိုင်ရသွားခြင်းပဲဟုလည်း တီးတိုးတီးတိုးပြောကြသည်။

ကျွန်မကိုယ်တိုင် မကြားရသော်လည်း ဒေါကြီးမောကြီးနှင့် ကျွန်မထံ သတင်းလာပေးကြသော ရံရွေတော်များ အများကြီးပင်။

"ကျွန်မ အဲ့ဒီနေရာမှာ ရှိနေလိုက်ရမှာပါ။"

ရက်ရှ်တာကို ရေချိုးပေးရန် အခေါ်ပါးခြင်းခံခဲ့ရသော ရံရွေတော်က သူသာရှိခဲ့မည်ဆိုလျှင် ထိုကျွန်ပြေးနှင့် မပတ်သက်မီ ဧကရီအရှင်မကို အမြန်ဆုံး ပထုတ်သွားနိုင်မှာပဲဟုပြောရင်း ဒေါသထွက်နေ၏။

"ဒါပေမဲ့ အရှင်ဧကရာဇ်က တကယ်ပဲ အဲ့ဒီမိန်းမကို သဘောကျနေတဲ့ပုံပါပဲ။"

"ဧကရီအရှင်မကို လေးလေးစားစား ဆက်ဆံခဲ့တဲ့ပုဂ္ဂိုလ်က ဒီတစ်ခေါက်တော့ ဧကရီအရှင်မရဲ့ပြောစကားကို နားတောင်မဝင်တော့ဘူးမဟုတ်လား။"

ဒေါသထွက်နေကြသော ရံရွေတော်များက ရှေ့ရေးကိုလည်း တွေးပူနေကြသည်။

"တွေ့တာတောင် ရက်ပိုင်းလေးပဲရှိသေးတာကို အခုကတည်းက ဒီလိုဖြစ်နေပြီဆိုရင် ရှေ့လျှောက် ဘယ်လိုတွေဖြစ်လာမှာလဲ။"

ဤအခြေအနေတွင် ကျွန်မတတ်နိုင်တာ ဘာမှမရှိပေ။

ဆိုဗီရ်ရှုနှင့်ကျွန်မက ပင်မနန်းဆောင်တွင် မျက်နှာချင်းဆိုင်တွေ့ကြတိုင်း တစ်ယောက်နှင့်တစ်ယောက် ဘာမှမဖြစ်ခဲ့ဖူးသလို ဟန်ဆောင်ခဲ့ကြသည်။

ကျွန်မက အတတ်နိုင်ဆုံး အလုပ်များကိုဖိလုပ်ကာ ထိုနေ့ကိုမေ့ပစ်ရန် တမင်ကြိုးစားခဲ့၏။

တစ်ယောက်တည်း အခန်းထဲမှာရှိနေချိန်တွင် ကျွန်မကို စိုက်ကြည့်ခဲ့သော ဆိုဗီရ်ရှု၏ ရေခဲတမျှအေးစက်သည့်အကြည့်ကို ပြန်တွေးမိပြီး နှလုံးက စူးခနဲဆစ်ခနဲအောင့်သွားတတ်သော်လည်း အလုပ်လုပ်နေချိန်တွင်မူ သက်သာသွားတတ်သည်။

ထိုသို့ဖြင့် နောက်ဆုံး လော်ရာ၏ အပြစ်ဒဏ်ကာလ ၅ရက်ပြည့်သောနေ့၌...

ကျွန်မကိုယ်တိုင် ခံတပ်တံတိုင်းပေါ်သို့တက်ကာ လော်ရာကို သွားခေါ်ခဲ့သည်။

ရံရွေတော်များကို အကူအညီတောင်းပြီး လော်ရာကို ကျွန်မ၏ ရေချိုးဆောင်မှာပင် ရေချိုးသန့်စင်စေကာ စွပ်ပြုတ်တိုက်ခဲ့သည်။

ထိုမှတစ်ဖန် လော်ရာအကြိုက်ဆုံး ကိတ်မုန့်ကို ဖုတ်ပေးဖို့ မှာကြားလိုက်ချိန်တွင်။

ဆိုဗီရ်ရှုလွှတ်လိုက်သော လက်ထောက်က ကျွန်မထံအခစားဝင်ပြီး တရိုတသေ ဂါရဝပြုကာ ဧကရာဇ်၏စကားကို လျှောက်တင်လေသည်။

"စိုးရွံ့မိပါတယ်၊ ဧကရီ အရှင်မ။ အရှင်ဧကရာဇ်က ဧကရီအရှင်မကို ခေါ်ဆောင်လာဖို့ အမိန့်တော်ပါးလိုက်ပါတယ်။"

"ငါ့ကိုလား။"

"ဟုတ်ပါတယ်။"

'ဘာကိစ္စများပါလိမ့်။'

ကျွန်မ ခေါင်းညိတ်လိုက်ပြီး နယ်စားကတော်ကြီး အယ်လီဇာကို အကူအညီတောင်းလိုက်သည်။

"ကိတ်မုန့်ရလာရင် လော်ရာကို ဒီမှာပဲစားခိုင်းပြီး မားကီးစ်အိမ်တော်ကိုတော့ ရက်ပိုင်းလောက် အပြည့်အဝနားပြီးမှပဲ ပြန်ခိုင်းလိုက်ပါ။"

"ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။"

လက်ထောက်ကို မျက်ရိပ်မျက်ကဲပြလိုက်တော့ သူက ချက်ချင်းပင် အရှေ့ကနေ ဦးဆောင်ပြီး လျှောက်သွားခဲ့သည်။

အရှေ့ဘက်တွင်ရှိသော နယ်နိမိတ်ဆီသို့ သွားလိုက်သည်နှင့် နန်းတော်ဝင်းတံတိုင်းတစ်ခုတည်းအတွင်း၌ရှိနေသော နေရာပင်ဖြစ်သော်လည်း ပတ်ဝန်းကျင်လေထုက လုံးဝပြောင်းလဲသွား၏။

နှစ်နေရာကို လုံးဝကွဲပြားသည့် နည်းလမ်းများဖြင့် အလှဆင်ထားသောကြောင့် ဖြစ်ပေမည်။

ဧကန္တ ဤနေရာတွင် ရက်ရှ်တာနှင့် ထပ်တွေ့ရဦးမလားမသိဘူးဟု စိုးရိမ်မိသော်လည်း ဆိုဗီရ်ရှု၏ အိပ်ခန်းဆောင်ဆီသွားရာလမ်းတွင် ရက်ရှ်တာနှင့် မဆုံခဲ့ပေ။

ဆိုဗီရ်ရှုက စားပွဲဝိုင်းအသေးလေးတွင် ထိုင်နေလေသည်။

"ခေါ်တယ်လို့သိရပါတယ်။"

သူ့ဆီလျှောက်သွားလိုက်တော့ ဆိုဗီရ်ရှုက တစ်ချက်လောက် စကားမပြောဘဲ ကျွန်မကို ငေးကြည့်နေသည်။

ပြောစရာတွေ အများအပြားရှိနေသည့် မျက်လုံးများပင်။

"ဘာကိစ္စများရှိလို့ပါလဲ။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment