no

Font
Theme

အပိုင်း ၄ (ဖောက်ပြန်မှု၏ ကနဦးလက္ခဏာများ)

"အရှင်ဧကရာဇ်က နေ့တိုင်း မပျက်မကွက် အဲ့ဒီကျွန်,မကို သွားတွေ့တယ်ဆို။"

"စားတာသောက်တာအထိ ကိုယ်တိုင် စီမံကွပ်ကဲပေးတယ်ဆိုပဲ။"

"ဘယ်လိုများ ဒီလောက် ဘာသိဘာသာနိုင်တဲ့ပုဂ္ဂိုလ်က။ အံ့ဩစရာကြီး။"

"တော်ဝင်သမားတော်ကိုခေါ်ပြီး ခြေထောက်ကုဖို့ အမိန့်ပေးတယ်ဆိုလား။"

လူတို့၏ တီးတိုးပြောသံများ ချုံနွယ်ပင်များကြားမှ တိုးလျှိုးဝင်လာသည်။ နန်းတော်အတွင်းမှ ဥယျာဉ်ထဲတွင် ပန်းပင်များဖြင့်ဖွဲ့စည်းထားသော လူတစ်ရပ်ကျော်မြင့်သည့် နံရံတံတိုင်းတစ်ခုရှိပြီး ယင်းနံရံတံတိုင်းအလွှာကိုကျော်ကာ ထိုအသံများထွက်လာခြင်းပင်။ ထိုနေရာကား ကျွန်မကိုယ်တိုင်ဒီဇိုင်းဆွဲထားသောဥယျာဉ်ဖြစ်ပြီး လူအသွားအလာမရှိသည့်ထိုနေရာတွင် ကျွန်မအကြိုက်နှင့်အညီ စိတ်တိုင်းကျအထူးပြုလုပ်ထားသော အသိုက်ပုံစံ ဒန်းပုခက်တစ်ခုကို ချိတ်ဆွဲထားရှိ၏။ ကျွန်မတစ်ယောက်တည်း၏ ကိုယ်ပိုင် သီးသန့်လျှို့ဝှက်နေရာလေးပင်။ ဤနေရာကို ဧကရီ၏ ရံရွေတော်များတောင် ခေါ်မလာသည့်အတွက် လူတွေက ကျွန်မဒီမှာရှိနေမှန်းမသိဘဲ ဤသို့သောစကားများကို ပြောကြခြင်းဖြစ်ပေသည်။

'တစ်ပတ်လောက်တောင် ရှိသွားပြီပဲ...'

ကျွန်မ စာအုပ်ကိုပိတ်ကာ ပေါင်ပေါ်တင်လိုက်သည်။

ကျွန်,မတစ်ယောက်အပေါ် ဆိုဗီရ်ရှု၏ စိတ်ဝင်စားမှုက တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာ၍ပေပဲလား၊ နေရာတိုင်းတွင် ထိုသို့သောစကားများကို လွယ်လွယ်ပင် ကြားနေရ၏။ မင်းပျိုမင်းလွင်ဖြစ်သည့် ဧကရာဇ်က ပထမဆုံးအကြိမ် စိတ်ဝင်စားစရာအဖြစ်မြင်သော မိန်းကလေးအပေါ် လူတိုင်းက အာရုံစိုက်လာကြသည်။

အားလုံးထဲမှ တော်သေးသည့်အရာကား ထိုမိန်းမနှင့် ကျွန်မ မျက်နှာချင်းဆိုင်စရာကိစ္စ လုံးဝမရှိခြင်းပင်။ နောက်တစ်ခါ ဆိုဗီရ်ရှုနှင့်အတူ ထမင်းလက်ဆုံစားတော့ ကျွန်မ သူ့အကြောင်းကို တမင်မမေးဘဲနေခဲ့သည်။ ဆိုဗီရ်ရှုကလည်း အရာရာကိုပုံမှန်အတိုင်း ဘာမှမဖြစ်ခဲ့သည့်အလား နှစ်သစ်ကူးအခမ်းအနားပြင်ဆင်မှုအကြောင်းတို့၊ တော်ဝင်ညီလာခံအကြောင်းတို့ကိုသာ ပြောခဲ့၏။

ကျွန်မ ဤစည်းပေါ်မှာပင် အလိုက်သင့် လိုက်လျောပေးဖို့ ဆုံးဖြတ်ထားသည်။ ဂရုမစိုက်ဘဲနေ။ မသိသယောင်ဆောင်။ မကြားချင်ယောင်ဆောင်။

သို့သော် ကံကြမ္မာက လုံးဝထင်မှတ်မထားသောနေရာတွင်မှ ကျွန်မနှင့် ထိုမိန်းမကို မျက်နှာချင်းဆိုင်တွေ့အောင် ဖန်တီးခဲ့လေသည်။

တရစပ်မနားရသော နှစ်သစ်ကူးအခမ်းအနားအတွက် ပြင်ဆင်မှုများကြောင့် အလုပ်ပြီးချိန်ထက် နာရီပေါင်းများစွာ ကျော်လွန်သည်အထိ အစည်းအဝေးခန်းမထဲ၌ စုဝေးရသော တစ်နေ့တွင်။

စကားအများကြီးပြောရသဖြင့် လည်ချောင်းထဲတွင် တစ်ဆို့ဆို့ဖြစ်လာသလို ခံစားချက်ကြောင့် ကျွန်မ ရေနွေးတစ်ခွက် သောက်လိုက်ပြီးသည့်နောက် မွန်းကျပ်မှုပြေလိုပြေငြား ပင်မနန်းဆောင်နားရှိ ဥယျာဉ်ထဲတွင် လမ်းလျှောက်ခဲ့သည်။ အပါးတွင် တော်ဝင်သက်တော်စောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး အာရ်တီနာ တစ်ဦးသာ အတူရှိနေ၏။

နှစ်သစ်ကူးပွဲတော်ရှိ ဂုဏ်ထူးဆောင်ဆုပေးပွဲအခမ်းအနား၌ မည်သူ့အား ဆုတံဆိပ်ချီးမြှင့်ရန် အဆိုပြုရလျှင်ကောင်းမည်နည်းဟု ဆွေးနွေးတိုင်ပင်နေစဉ်တွင် တစ်နေရာမှ "အဲ့ဒီပုဂ္ဂိုလ်လား" ဟူသော တီးတိုးပြောသံကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေကာ သူ့ဘေးတွင် အစေခံမိန်းကလေးနှစ်ဦးက ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။ ကျွန်မနှင့် မျက်လုံးချင်းဆုံသွားသောအခါ ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသမီးက အံ့အားသင့်သွားကာ ထရပ်ဖို့ပြင်လေသည်။ အစေခံမိန်းကလေးများက "မဖြစ်ပါဘူး" ဟုဆိုကာ သူ့လက်မောင်းကို ဆွဲယူရန် ကြိုးစားကြသော်လည်း ကျွန်မအကြည့်ကို သတိထားမိသွားသဖြင့် လက်များကို ရုတ်တရက် ပြန်ရုပ်လိုက်ကြသည်။

ထိုအမျိုးသမီးက ဘီးတပ်ကုလားထိုင်လက်ကိုင်ကို တဆတ်ဆတ်တုန်နေသောလက်များဖြင့် ဆုပ်ကိုင်လျက် ကျွန်မဘက်သို့ ဦးညွှတ်ကာ အရိုအသေပေးခဲ့သည်။

ကျွန်မမှတ်မိသည့် မျက်နှာမဟုတ်။

'ဧကရာဇ် ခေါ်ဆောင်လာတဲ့ ဟိုကျွန်,မများလား' ဟု တွေးမိသော်လည်း၊ ဤနေရာကား ပင်မနန်းဆောင်အနီးတွင်ဖြစ်ပြီး အပျော်မယား လာရမည့်နေရာမဟုတ်ပေ။ အကယ်၍ ယင်းအပျော်မယားက အဆင့်အတန်းမြင့်ပြီး အပ်နှင်းထားသည့်တာဝန်ရှိ၍ ပင်မနန်းဆောင်တွင် အလုပ်လုပ်ရသည်ဆိုလျှင် မပြောတတ်သော်လည်း၊ ဤအခြေအနေက လုံးဝ ထိုသို့မဟုတ်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ခြေထောက်နာနေတာတောင် ထိုကဲ့သို့ ဂါရဝပြုနေသည်ကို လျစ်လျူမရှုနိုင်သဖြင့် ကျွန်မလည်း ခေါင်းတစ်ချက်ဆတ်ကာ အသိအမှတ်ပြုပြီး တစ်ဖက်လှည့်လိုက်သည်။

သို့သော် လမ်းဆက်လျှောက်ရန် ပြင်လိုက်ချိန်တွင် အနောက်မှ 'ဒီမှာရှင့်' ဟူ ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည်။

'ဒီမှာရှင့်ပေါ့လေ။'

'ငါ့ကိုခေါ်တာများလား။'

ဧကရီဖြစ်လာပြီးသည့်နောက်တွင် နန်းတော်ထဲ၌ "ဒီမှာရှင့်..." ဟူသော ခေါ်သံကို ပထမဆုံးအကြိမ်ကြားရခြင်းဖြစ်သဖြင့် ကျွန်မ ကြောင်သွားပြီး လှည့်ကြည့်မိတော့ ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသမီးက ဘီးကြီးများကို တကျွီကျွီမြည်အောင် အားစိုက်လှိမ့်ကာ ကျွန်မရှိရာဆီသို့ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

အစေခံမိန်းကလေးနှစ်ဦးက "လေဒီ ရက်ရ်တာ၊ ဒီအတိုင်းသွားပါတော့။" ဟု တုန်လှုပ်စွာ ဝိုင်းတားကြသော်လည်း ထိုအမျိုးသမီးမှာ တဇွတ်ထိုး ခေါင်းမာလှ၏။

'ငါနဲ့ကိစ္စရှိလို့များလား။ ဒါပေမဲ့ ငါနဲ့ကိစ္စရှိတယ်ဆိုရင် ငါ့ကို ဧကရီမှန်းသိသိကြီးနဲ့ 'ဒီမှာရှင့်' ဆိုပြီး ခေါ်ပါ့မလား။'

နားမလည်နိုင်ဖြစ်နေသည်ကို ဖုံးကွယ်ရင်း စိုက်ကြည့်နေစဉ်၊ ရက်ရှ်တာဟူသော ထိုအမျိုးသမီးက ကျွန်မအနားသို့ ရောက်လာပြီး တစ်ခါထပ်မံ၍ဦးညွှတ်ကာ ဂါရဝပြုပြန်သည်။

"ရက်ရှ်တာပါ။"

ဘာပါလိမ့်။

"ဟုတ်ပြီ...ရက်ရှ်တာ။"

နာမည်ခေါ်စေချင်၍ လိုက်လာတာများလားဟုတွေးကာ နာမည်ခေါ်လိုက်တော့ မခို့တရို့ပြုံးပြလေသည်။

တကယ်ပဲ နာမည်အခေါ်ခံချင်လို့ လိုက်လာတာများလား။ အံ့ဩမိသော်လည်း "ဘာလို့ခေါ်တာလဲ" ဟု မေးရလောက်အောင်မဟုတ်ပေ။

အစည်းအဝေးအချိန် ပြီးသွားပြီဖြစ်ကာ သုံးနာရီလုံးလုံး ကိုယ်မသိသူများ၏ပြဿနာများကို နားထောင်ခဲ့ရ၍ ခေါင်းနောက်နေပေပြီ။ အရေးတကြီးကိစ္စရှိပါက တွေ့တာနှင့် အကူအညီတောင်းရမည်ဖြစ်သော်လည်း ဤကဲ့သို့ မခို့တရို့ပြုံးနေပုံထောက်လျှင် အရေးကြီးကိစ္စလည်း ဖြစ်မည်မဟုတ်ပေ။

ဆက်နေရန်အကြောင်းမရှိတော့ဟုတွေးကာ ကျွန်မလည်း ကျောခိုင်းလှည့်ထွက်လိုက်၏။ သို့သော် ကျောခိုင်းလှည့်ထွက်လိုက်သော ကျွန်မ၏ စကပ်အနားစကို ရက်ရှ်တာက လက်ဖြင့်ဆုပ်ကိုင်ခဲ့သည်။

ဘေးတွင်ရပ်ကာ သူ့ကို တောရိုင်းတိရစ္ဆာန်လို စိုက်ကြည့်နေကြသော ရံရွေတော်များလည်း အလန့်တကြားဖြင့် ရက်ရှ်တာ၏လက်ကို ရိုက်နှက်ကြလေသည်။

"ရိုင်းလိုက်တာ။"

"ဒီလောက်ရိုင်းတဲ့ဟာမျိုး တစ်ခါမှမတွေ့ဖူးဘူး။"

ရက်ရှ်တာက လန့်သွားကာ လက်ကိုပြန်ရုပ်ပြီး "အဲ့ဒါက..." ဟု အထစ်ထစ်အငေါ့ငေါ့ ပြောခဲ့သည်။

"တောင်း...တောင်းပန်ပါတယ်။ ခေါ်ရမှာကို ဘယ်လိုခေါ်လို့ခေါ်ရမှန်း မသိလို့ပါ..."

'ဒီကလေးမ တကယ်ပဲ ငါ့ကို ဧကရီမှန်း မသိဘူးလား။ စောစောက အစေခံမိန်းကလေးတွေနဲ့ 'အဲ့ဒီပုဂ္ဂိုလ်လား' ဆိုပြီး တိုးတိုးပြောနေကြတာက ငါဘယ်သူမှန်း ကြားထားပြီးသားမို့လို့မဟုတ်ဘူးလား။'

သင်္ကာမကင်းစွာ စိုက်ကြည့်နေစဉ် လော်ရာက အေးစက်စွာ အော်ပြောတော့သည်။

"အရှေ့အင်ပါယာရဲ့ ဧကရီအရှင်မပဲ။ အပြုအမူကို သတိထား။"

ရက်ရှ်တာက မျက်လုံးကြီးများကို ဝိုင်းသွားအောင်ပြူးကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။

"ရှင်။ ဟင့်အင်း...အဲ့ဒီလိုမဟုတ်ပါဘူး... ဧကရီမှန်းသိပါတယ်..."

'ဧကရီမှန်း သိတယ်တဲ့လား။'

ထူးဆန်းသောလေသံကြောင့် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့ ရက်ရှ်တာက အကြောက်ကြောက်အရွံ့ရွံ့နှင့် ကျွန်မ၏ အရိပ်အကဲကိုကြည့်ကာ တုန်တုန်ရီရီပြောလာသည်။

"ကျွန်...ကျွန်မက ရက်ရှ်တာပါ။"

'ဘာလဲ ရက်ရှ်တာက။'

ရံရွေတော်တွေရော ကျွန်မပါ လုံးဝ ကြောင်သွားရသည်။ နာမည်သိထားရမည့်သူပဲလား။ ကျွန်မ ခေါင်းထဲ၌ လက်ရှိ တိုင်းတစ်ပါးမှ အရှေ့အင်ပါယာသို့ အလည်အပတ်ရောက်နေကြသော ဂုဏ်သရေရှိဧည့်သည်များအနက် ရွယ်တူဝန်းကျင်လောက်ရှိမည့် အမျိုးသမီးများကို တွေးကြည့်လိုက်သည်။

ဂုဏ်သရေရှိဧည့်သည်ဆိုတိုင်း အားလုံးကို ကျွန်မက တွေ့ဆုံဧည့်ခံရမည်တော့မဟုတ်။ လုပ်ရိုးလုပ်စဉ်များရှိ၏။ တချို့ကို ကျွန်မက ကြိုဆိုနှုတ်ဆက်ကာ၊ တချို့ကို ပြည်ပရေးရာဝန်မင်းက ကြိုဆိုနှုတ်ဆက်ပြီး အနည်းငယ်သော ရွေးချယ်ထားသည့်ပုဂ္ဂိုလ်များကို ဆိုဗီရ်ရှုကိုယ်တိုင် ကြိုဆိုဧည့်ခံသည်။ သို့သော်...ကျွန်မ၏ ဂုဏ်သရေရှိဧည့်သည်တော်များထဲတွင် ဤအမျိုးသမီးနှင့် ဆုံဖူးသည်ဟုတော့ မမှတ်မိပေ။ ဆိုဗီရ်ရှုတို့၊ ပြည်ပရေးရာဝန်မင်းတို့ ကြိုဆိုဧည့်ခံရသူများထဲတွင်လည်း သူ့နာမည် မပါဝင်။

ကျိန်းသေပေါက် ဂုဏ်သရေရှိ ဧည့်သည်တော်မဟုတ်နိုင်။

အထက်တန်းလွှာ မှူးမတ်တစ်ဦးတစ်ယောက်၏ သမီးဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မပင် မသိစေဦး၊ ရံရွေတော် တစ်ယောက်တလေကတော့ မှတ်မိမည်သာ။ သို့သော် ရံရွေတော်များလည်း ရက်ရှ်တာကို မသိကြသော အရိပ်အယောင်ပင်။

"ငါ့ကို သိလား။"

နောက်ဆုံး တဲ့တိုးမေးလိုက်တော့ ရက်ရှ်တာက အံ့ဩတကြီး ပြန်မေးလာသည်။

"ကျွန်မကို မသိဘူးလားရှင့်။"

"မသိဘူး။"

"အာ..."

ရက်ရှ်တာက ကျွန်မဖြေကြောင့် မျက်နှာညှိုးသွားကာ အစေခံမိန်းကလေးများကို 'ဘယ်လိုလုပ်မလဲ' ဟု ခပ်တိုးတိုးလှည့်ပြောလိုက်သည်။ အကုန်ကြားနေရ၏။

'မောလာပြီ။ ငါလည်း ဘယ်သူမှန်းမသိတဲ့လူနဲ့ ဒါက ဘာလုပ်နေမိတာလဲနော်။'

ဤအတိုင်း လျစ်လျူရှုပြီး သွားရန်ပြင်လိုက်ချိန်တွင် ရက်ရှ်တာက တစ်ခါထပ်ပြောလာသည်။

"ကျွန်မက အရှင်ဧကရာဇ်ရဲ့ ကျေးဇူးတော်​ကို ခံယူခွင့်ရပြီး အရှေ့နန်းဆောင်မှာ နေထိုင်နေပါတယ်။"

ဆိုဗီရ်ရှုရဲ့ ကျေးဇူးတော်။ အရှေ့နန်းဆောင်၊ ဒဏ်ရာရထားတဲ့ခြေထောက်၊ မိန်းမ။ အာ....

"ကျွန်လား။"

သို့သော် ထိုကလေးမက ဘာကြောင့် ပင်မနန်းဆောင်တွင် ရှိနေရသနည်း။ မမေးရသေးခင်မှာပင် ရက်ရှ်တာ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားတော့သည်။

"ဧကရီအရှင်မ။ ရိုင်းပျမှုကို ခွင့်လွှတ်ပေးတော်မူပါ။ လေဒီ ရက်ရှ်တာက ကျွန်,မဟုတ်ပါဘူးရှင့်။"

ရက်ရှ်တာ့ဘေးတွင်ရှိသော အစေခံမိန်းကလေးက ကြားဝင်ကာ ကျွန်မစကားကို ပြင်ပေးခဲ့သည်။

'ကျွန်,မဟုတ်ဘူးတဲ့လား။ ဒါပေမဲ့ ရံရွေတော်တွေ သတင်းပေးတော့ ကျိန်းသေပေါက် ကျွန်ပြေးလို့ ပြောခဲ့တာကို။'

ဘာမဟုတ်သည့် ကောလာဟလသာဖြစ်မည်ဆိုလျှင် 'အကြောင်းအရာက တိကျခိုင်လုံမှုတော့ မရှိပါဘူး' ဟု ထည့်ပြောကြမည်မှာ ကျိန်းသေသော်လည်း ထိုကဲ့သို့သော ချေပငြင်းဆိုချက်မျိုး မပါခဲ့ပေ။

သို့သော်လည်း ကာယကံရှင်က မဟုတ်ပါဘူးဟု ပြောနေသည်ကို အတင်းအစ်အောက်မေးမြန်းလျှင် စိတ်သဘောထားသေးသိမ်ရာကျပေလိမ့်မည်။ ထို့ထက်...ဤသို့သောနည်းဖြင့် ထိုကျွန်...အာ။ ကျွန် မဟုတ်ဘူးဟု ပြောထား၏။ ဤသို့သောနည်းဖြင့် ဧကရာဇ်ခေါ်လာသော မိန်းမ၏မျက်နှာကို တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

စိတ်ထဲမထားခဲ့သော်လည်း ထိုမိန်းမအကြောင်း တီးတိုးစကားများကိုတွေးကာ ကြည့်လိုက်တော့ ငြင်းမရခဲ့။ သူက ကောလာဟလတွေအတိုင်း လှပပေသည်။ တူအာနီယာ မြို့စားကတော်ကဲ့သို့ ထင်းခနဲလင်းခနဲ ကျက်သရေရှိပြီး မဟာဆန်သည့် အလှမျိုးမဟုတ်။ 'ကျော့ကွင်းမိနေသည့် သားကောင်လှလှလေး' ဆိုသော စကားနှင့် ကွက်တိလိုက်ဖက်သည်ဟုပဲ ဆိုရလေမလား။

ပြုံးရယ်လိုက်လျှင်ပင် အကာအကွယ်ပေးလိုစိတ်ကို လှုံ့ဆော်နှိုးဆွနိုင်သည့် နက်မှောင်သော မျက်လုံးရွဲကြီးများက အထူးတလည် ဆွဲဆောင်မှုရှိလှသည်။ ဆံပင်က သူ၏ နူးညံ့ဖြူစင်သော ဆွဲဆောင်မှုကို နက်ရှိုင်းအောင် ပံ့ပိုးပေးနေသည့် ငွေရောင်ဖျော့ဖျော့လေးဖြစ်၏။

'နေပါဦး။ ဒါနဲ့ ငါ့ရဲ့ ရံရွေတော်တွေက အဲ့ဒီမိန်းမကို ရေချိုးသန့်စင်ပေးခဲ့ရတယ်ဆိုပြီး အခု ဘာလို့ မမှတ်မိကြတာလဲ။'

လှည့်ပတ်ကြည့်လိုက်တော့ တော်တော်များများက နေရာတွင်ရှိမနေကြပေ။ ကျိန်းသေပေါက် ဤနေရာတွင်ရှိမနေကြသော ရံရွေတော်များက ရက်ရှ်တာကို ရေချိုးပေးရန် အခေါ်ပါးခြင်းခံရသူများ ဖြစ်ပေမည်။

"ဟုတ်ပြီလေ။ ဘယ်သူမှန်း အခု သိသွားပြီ။"

ကျွန်မ ခေါင်းညိတ်လိုက်တော့ ရက်ရှ်တာက နှစ်နှစ်ကာကာ ပြုံးခဲ့သည်။

"တော်ပါသေးရဲ့။ ကျွန်မလေ တကယ်တော့ ဘယ်တော့လောက် နှုတ်ဆက်ခွင့်ရမလဲဆိုပြီး သိချင်နေခဲ့တာပါ။"

"နှုတ်ဆက်မယ်။"

"အရှင်ဧကရာဇ်ကို မေးကြည့်တော့ အာရုံစိုက်စရာမလိုဘူးလို့ချည်းပြော...ပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ရှေ့လျှောက်ကို တောက်လျှောက် တွေ့သွားမြင်သွားရမှာဆိုတော့ နှုတ်ဆက်ရမယ်မဟုတ်လားရှင့်။"

'ရှေ့လျှောက်တွေ့ရမယ်။ ငါ့ကိုလား။ ဘာလို့လဲ။'

"ကျွန်မက ဧကရီအရှင်မကို ဘယ်လိုခေါ်ရမလဲရှင့်။"

"....ဧကရီအရှင်မလို့ ခေါ်။"

"ရှင်။"

"အဲ့ဒါဆို ရပြီ။"

'ပြီးတော့ ငါက ဘာဖြစ်လို့ အဲ့ဒီမိန်းမနဲ့ ဒီနေရာမှာ အခုလိုမျိုး တရင်းတနှီး စကားပြောနေရမှာလဲဆိုတာကိုလည်း မသိတော့ဘူး။'

ပင်ပန်းလာ၍ လှည့်ထွက်ရန်ပြင်လိုက်သည်တွင် ရက်ရှ်တာက တစ်ခါထပ်ပြီး ဘီးတပ်ကုလားထိုင်ကို တကျွီကျွီတွန်းကာ လှုပ်ရှားလေတော့သည်။ ကျွန်မ စိတ်တိုလာသည်ကို ရိပ်မိသော ရံရွေတော်များက သူ့ဘီးတပ်ကုလားထိုင်လက်ကိုင်ကိုကိုင်ကာ အနောက်သို့ တွန်းပို့လိုက်သည်။

"လိုက်မလာနဲ့။"

"ရာရာစစ ဘယ်သူ့ကို ရင်းနှီးချင်ယောင်လာဆောင်နေတာလဲ။"

လော်ရာက ရက်ရှ်တာ နောက်ဆုတ်ဝေးကွာသွားသောအခါ စက်ဆုပ်စွာ တုန်ယင်လျက် သူ့လက်သူ ခါချလိုက်သည်။

"ညစ်ပတ်တယ်။"

ထိုအချိန်တွင်...

"လူကိုများ ညစ်ပတ်တယ်တဲ့လား။ အဲ့ဒါက ဘာစကားလဲ။"

အေးစက်သည့်အသံနှင့်အတူ ဆိုဗီရ်ရှုက ကိုယ်ရံတော်အပေါင်းခြံရံလျက် ပေါ်လာလေတော့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment