အပိုင်း ၆ (ဘယ်သူနဲ့ ယှဉ်နေတာလဲ)
ပြောပါဟု အရင်မေးလိုက်တော့ ဆိုဗီရ်ရှုက တစ်ချက်တွေးနေသလို မျက်မှောင်ကြုတ်သွားသည်။
"ဧကရီရဲ့ရံရွေတော်။ အကျဉ်းချခံရတဲ့ အဲ့ဒီရံရွေတော်က..."
"လော်ရာပါ။ တာရီတာ မားကီးစ်အိမ်တော်က သမီးပါ။"
"ဧကရီက အဲ့ဒီရံရွေတော်ကို ကိုယ်တိုင်သွားခေါ်ခဲ့တယ်ဆို။"
"ကျွန်မရဲ့ရံရွေတော်မဟုတ်ပါလား။ ၅ရက်တောင် ဒုက္ခခံခဲ့ရတာကို။"
ဆိုဗီရ်ရှုက ထိုစကားကို မကျေနပ်၍ပဲဖြစ်မလား၊ ပိုပြီးမျက်မှောင်ကြုတ်သွားတော့သည်။
"မဖြစ်မနေ အဲ့ဒီလိုလုပ်မှဖြစ်မှာလား။"
" 'အရှင်ဧကရာဇ် အပြစ်ပေးထားတဲ့ ရံရွေတော်ကို ဂရုစိုက်ပေးမှဖြစ်မှာလား' အဲ့ဒီလိုမေးနေတာလားရှင့်။"
'တကယ်လည်း အကင်းပါးပါပေတယ်' ဟု ဆိုဗီရ်ရှုက ခနဲ့တဲ့တဲ့ ပြောခဲ့သည်။
"ငါ ပြောချင်တဲ့စကားကို သိထားပြီးသားပဲ။ အဲ့ဒါတောင် ဧကရီက ငါစိတ်မချမ်းမသာဖြစ်မှာ သိသိရက်နဲ့ အဲ့ဒီရံရွေတော်ကို ကိုယ်တိုင်စောင့်ရှောက်ပေးခဲ့တာလေ။ မဟုတ်ဘူးလား။"
တစ်ဝက်မှန်ပေသည်။
ဆိုဗီရ်ရှု စိတ်ဆိုးလောက်မည်ကိုလည်း စဉ်းစားမိ၏....
သို့သော်လည်း ၅ရက်ရှိပြီဖြစ်သောကြောင့် သူ့ဒေါသလည်း ငြိမ်လောက်ရောပေါ့ဟု တွေးခဲ့မိသည်။
'ဒေါသပြေသွားရင် ဆိုဗီရ်ရှုတစ်ယောက် ဒီတစ်ခေါက် လော်ရာကို အပြစ်ပေးခဲ့တဲ့ကိစ္စက သာမန်ထက် အင်မတန်လွန်ကဲသွားပြီဆိုတာကို သိလောက်မှာပဲလေဆိုပြီးတော့လည်း မျှော်လင့်ခဲ့မိတာပေါ့။'
ထိုသို့မဟုတ်သည့်ပုံပင်။
"အရှင်ဧကရာဇ် စိတ်မသက်မသာဖြစ်ရမယ်ဆိုတာကို တွေးမိပါတယ်။"
"အဲ့ဒါတောင် သူ့ကို စောင့်ရှောက်ပေးတယ်ပေါ့လေ။ ဧကရီက ငါ့အတွက် တွေးပေးတယ်ဆိုရင် ချက်ချင်း သူ့ကို မောင်းထုတ်ရမှာပေါ့။ ဧကရီက ငါအပြစ်ပေးခဲ့တဲ့သူကို စောင့်ရှောက်ပေးတော့ ငါက ဘာဖြစ်သွားမလဲ။"
"ကျွန်မအတွက်ကြောင့် အပြစ်ပေးခံခဲ့ရတဲ့ကလေးမကို နှင်ထုတ်တာက မှန်ကန်သင့်မြတ်တဲ့အရာမဟုတ်ပါဘူး။ ပြီးတော့ အဲ့ဒီကလေး လုပ်ခဲ့တဲ့လုပ်ရပ်က လုံလုံလောက်လောက်ကို ကျင့်ဝတ်ထုံးတမ်းနဲ့ညီပါတယ်။"
"လူကို ညစ်ပတ်တယ်လို့ ပြောတာကလား။"
"အလန့်တကြားဖြစ်ရလောက်တဲ့အထိ အဝတ်ကိုလာဆွဲတဲ့သူကို ဖယ်ရှားရင်း ပြောလိုက်တဲ့စကားပါ။ ဆူပူဆုံးမလိုက်ရင်ဖြစ်တဲ့ကိစ္စပါပဲ။"
ဆိုဗီရ်ရှုက ကျွန်မ သူ့စကားကို ပြန်လည်ချေပလိုက်တိုင်းတွင် မျက်နှာထားတင်းသွားလေသည်။
"အဲ့ဒီတော့။ အဆုံးအထိ အဲ့ဒီရံရွေတော်ကို ဆက်ခေါ်ထားမယ်ပေါ့။"
"ကျွန်မရဲ့ရံရွေတော်အဖြစ် ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာက အပြည့်အဝ ကျွန်မရဲ့လုပ်ပိုင်ခွင့်ပါ။"
ဤကိစ္စကြောင့် လော်ရာ နန်းတော်ကိုကြောက်ပြီး ရံရွေတော်မလုပ်ချင်တော့ဘူးဟု ပြောလာမည်ဆိုလျှင်တောင် လတ်တလောတော့ သူ့ကိုခေါ်ထားဖို့ တွေးထား၏။
ကျွန်ပြေးဟုသတင်းပြန့်နေသော ဧကရာဇ်၏ချစ်သူကြောင့် အပြစ်ပေးခံခဲ့ရသည်ဟူသော အချက်နှင့်တင် လုံလုံလောက်လောက်ကို သူများလက်ညှိုးထိုးစရာဖြစ်နေပေပြီ။
ဤအခြေအနေတွင် ချက်ချင်း မောင်းထုတ်လိုက်မည်ဆိုပါက ဆိုဗီရ်ရှုတင်မကဘဲ ကျွန်မ၏ အကာအကွယ်ပါ မရှိတော့ဘူးဟုယူဆကာ လုံးဝ ရယ်စရာဖြစ်သွားပေမည်။
ဘာမဟုတ်သည့် အပျော်မယားကြောင့် ဘေးပို့ခံလိုက်ရသည့် ဧကရီဟု သတင်းပြန့်နေသော်လည်း အရှေ့အင်ပါယာကြီး၏ ဧကရီက ကျွန်မသာလျှင်ဖြစ်သည်။ လော်ရာကို ကာကွယ်ဖို့ရန် နာမည်လေးကိုတော့ သုံးနိုင်သေး၏။
ဆိုဗီရ်ရှုက ကျွန်မကို စိုက်ကြည့်နေရာက သက်ပြင်းချကာ လှည့်ထိုင်လိုက်သည်။
"ဧကရီနဲ့ စကားများရတာလည်း မောလိုက်တာ။ တစ်ခါလောက်လေးပဲဖြစ်ဖြစ် ဒီအတိုင်း ငါ့စကားကို လိုက်နာပေးလို့မရဘူးလား။"
"ဧကရီဆိုတာ အရှင်ဧကရာဇ်ရဲ့သဘောအတိုင်း တစ်သဝေမတိမ်း လိုက်နာရမဲ့လူမဟုတ်ပါဘူး။"
"ဧကရီက အမြဲတမ်း ဒီလိုတွေလုပ်နေလို့ ယှဉ်ကြည့်စရာတွေဖြစ်လာတာပေါ့။"
'ယှဉ်ကြည့်တယ်။...ဘယ်သူနဲ့လဲ။'
တည့်တည့်စိုက်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက အမှားလုပ်မိထားသလိုမျက်နှာနှင့် ထွက်သွားရန်အမိန့်ပေးခဲ့သည်။
"ပင်ပန်းနေပြီ။ ပြန်လိုက်တော့။ ပြန်သွားပြီး အဲ့ဒီ မလိမ်မိုးမလိမ္မာ အမိုက်အမဲလေးကိုပဲ စောင့်ရှောက်နေ။"
~~~~~
ဧကရီ နာဗီရယ် ထွက်သွားပြီးသည့်နောက်တွင် ဆိုဗီရ်ရှုက သက်ပြင်းချကာ စားပွဲဝိုင်းပေါ်ရှိ ခေါင်းလောင်းလေးကိုတီးလိုက်သည်။
ချက်ချင်းပင် တံခါးပွင့်သွားတော့၏။
သို့သော် ဝင်လာသူက အစေခံမဟုတ်ဘဲ ရက်ရှ်တာဖြစ်နေသည်။
"မင်းက ဘယ်တုန်းကစပြီး အပါးတော်မြဲရဲ့အလုပ်တွေ လုပ်နေတာလဲ။"
ဆိုဗီရ်ရှုက အံ့အားသင့်စွာ ကြည့်လိုက်တော့ ရက်ရှ်တာက ရှက်ကိုးရှက်ကန်းနှင့် နှစ်နှစ်ကာကာ ရယ်ခဲ့သည်။
"တစ်လျှောက်လုံး ဘာအလုပ်မှမလုပ်ဘဲ နေနေရတော့ စိတ်မသက်မသာဖြစ်လာလို့ပါ။"
"အဲ့ဒါနဲ့ အပါးတော်မြဲရဲ့အလုပ်ကို လုပ်မယ်ပေါ့။"
ရက်ရှ်တာက သွက်လက်ချက်ချာစွာ လက်နှစ်ဖက်ကိုဖြန့်ပြလိုက်တော့ ဆိုဗီရ်ရှုက ဟက်ခနဲရယ်လေသည်။
"ကိုယ့်ဘာသာတောင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲနဲ့ အပါးတော်မြဲရဲ့အလုပ်ကို ဘယ်လိုလုပ်မှာလဲ။"
ထို့အပြင် ဧကရာဇ်ကို အလုပ်အကျွေးပြုရသည့် အပါးတော်မြဲအစေခံအလုပ်က မှူးမတ်များကြားမှာလည်း အင်မတန်ဂုဏ်ရှိသောအလုပ်ဖြစ်သဖြင့် တရားဝင်အရိုက်အရာဘွဲ့မရှိသော အဆင့်မြင့်မှူးမတ်များတောင် လုပ်ချင်ကြသောအလုပ်ပင်။
'အဲ့ဒါကို စိတ်မသက်မသာဖြစ်လို့ ဧကရာဇ်ရဲ့ အပါးတော်မြဲအလုပ်ကို လုပ်တယ်တဲ့လား...'
ဤနေရာကို မျက်စောင်းထိုးနေကြသော မှူးမတ်များ ထိုစကားကိုကြားလျှင် ကိုယ့်လည်ပင်းကိုယ်ဆုပ်ကိုင်ပြီး လဲသွားကြမည်ဖြစ်သော်လည်း ရက်ရှ်တာကတော့ ဤသို့သောကိစ္စများနှင့်ပတ်သက်ပြီး သိနားလည်ခြင်းမရှိချေ။
"ရယ်ရတဲ့ကောင်ပဲ။"
ဆိုဗီရ်ရှုက ထိုအချက်ကိုပဲ သဘောတွေ့ကာ လေသံဖြင့်ရယ်လိုက်သည်။
နွေးထွေးသည့်စရိုက်မဟုတ်သော ဆိုဗီရ်ရှု၏ ဘဝတွင် မိန်းမဟူ၍ ယခုအချိန်အထိ နှစ်ယောက်သာရှိခဲ့ဖူး၏။
တစ်ဦးက နတ်ရွာစံ ဧကရီ မယ်တော်ဖြစ်ပြီး၊ နောက်တစ်ဦးက လက်ရှိဧကရီ နာဗီရယ်ပင်။
ငယ်ငယ်ကတည်းက ဧကရီဖြစ်ရန် လိုအပ်သော ပညာရပ်များကိုသာမက ဧကရာဇ်သင်ယူရသော ပညာရပ်တချို့ကိုပါ ယှဉ်တွဲသင်ယူခဲ့ကြသော သူတို့နှစ်ဦးကို ရင်းနှီးအသားကျနေသော်လည်း ဆိုဗီရ်ရှုအတွက် နမော်နမဲ့နှင့် ဖြူစင်နုနယ်စွာ ပြုမူသော ရက်ရှ်တာက ဆန်းကြယ်နေခဲ့သည်။
"ဒီကိုလာပြီး မုန့်ဖြစ်ဖြစ်စားဦး။"
ဆိုဗီရ်ရှု တစ်ခါထပ်ပြီး ခေါင်းလောင်းတီးလိုက်တော့ တံခါးနားတွင် စိုးတထိတ်ထိတ်ဖြင့် အသင့်စောင့်နေသော အပါးတော်မြဲက ချက်ချင်း ဝင်လာသည်။
"ရွှေဖရုံသီးပိုင်။ အချိုများများ။ ပြီးတော့ စပျစ်ဝိုင် ယူလာခဲ့။ သိပ်မပြင်းတဲ့ဟာ။"
အပါးတော်မြဲထွက်သွားသည်နှင့် ရက်ရှ်တာက 'ရွှေဖရုံသီးပိုင်' ဟု အားတက်သရော လက်ခုပ်လေးတီးပြီး အော်ခဲ့သည်။
"ဘာမဟုတ်တဲ့ စားစရာလေးအတွက် အဲ့ဒီလောက်တောင် ပျော်တာလား။"
"ဘာမဟုတ်တဲ့စားစရာလေးမဟုတ်ပါဘူး။ ရွှေဖရုံသီးပိုင်ကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမစားဖူးတဲ့လူတွေ ဘယ်လောက်တောင်များလိုက်လဲလို့။"
'ဟဲဟဲ' ဟု ရယ်နေသော ရက်ရှ်တာက ကလေးငယ်တစ်ယောက်သဖွယ် ပျော်နေချိန်တွင် ဆိုဗီရ်ရှုက ယင်းပုံစံလေးကို ဘာမှမပြောဘဲ ငေးကြည့်နေသည်။
"ဧကရီက ဘယ်လောက်ပဲ အဖိုးတန်တဲ့ရတနာတွေပေးပေး တုံ့ပြန်မှုက အေးစက်နေတာကို မင်းကတော့ သေးသေးမွှားမွှားလေးပေးတာတောင် ဒီလောက်ပျော်နေတာ အံ့ဩစရာပဲ။"
"ဧကရီက ရတနာတွေရတာတောင် သဘောမကျဘူးလားရှင့်။"
"သဘောကတော့ကျတာပေါ့၊ ကျေးဇူးလည်းတင်တယ်၊ ဒါပေမဲ့ နဂိုကတည်းကကို ဧကရီက စိတ်အပြောင်းအလဲ သိပ်မများလို့ ဘယ်လိုခံစားချက်မျိုးပဲဖြစ်ဖြစ် ကြီးကြီးမားမား မဖော်ပြတတ်ဘူး။"
ရက်ရှ်တာက နဖူးလေးကိုရှုံ့ပြီး သက်ပြင်းရှည်ရှည်ချလိုက်သည်။
"ဧကရီက တယုတယပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာရတော့ ခက်ခဲကြမ်းတမ်းတဲ့ လောကအကြောင်း မသိလို့ပါ။ ဘယ်လိုရတနာမျိုးပဲရရ မလွဲမသွေရမဲ့ သဘာဝကျကျကိစ္စဖြစ်နေတော့ အဲ့ဒီလိုဖြစ်တာပေါ့ရှင့်။"
"ဟင်။"
"ဧကရီရဲ့အမှားတော့ မဟုတ်ပါဘူး။ ဒီအတိုင်း၊ အများကြီးပိုင်ဆိုင်ထားတဲ့ လူတွေဆိုတာ နဂိုကတည်းက အဲ့ဒီလိုပဲမဟုတ်လားရှင့်။ အရှင်ဧကရာဇ်ကိုယ်တိုင်လည်း ရတနာအကြီးကြီး လက်ဆောင်ရရင်တောင် ကြီးကြီးမားမား ခံစားရမှာမဟုတ်တာကို..."
"အဲ့ဒါကတော့ အဲ့ဒါပေါ့။ ဘုရားရေ။ ငါ့ရဲ့ သားကောင်လေးက ထင်ထားတာထက်ပိုပြီး ပါးနပ်တာပဲ။"
ခေါင်းတညိတ်ညိတ်လုပ်နေသည့် ဆိုဗီရ်ရှုက နောက်နေသလား၊ အတည်လား ပြောမရသည့် ချီးမွမ်းစကားကို ပြောလိုက်တော့ ရက်ရှ်တာက မျက်နှာလေးနီရဲသွားကာ နှုတ်ခမ်းလေးကိုစူလိုက်သည်။
"ဟွန်း။ အမြဲတမ်း သားကောင်လို့ ခေါ်နေတာချည်းပဲ။"
"ငါ့ထောင်ချောက်ထဲ မိထားမှတော့ ငါ့ရဲ့သားကောင်ပဲပေါ့။"
"ဟို....အရှင်ဧကရာဇ်။"
ပေါ့ပေါ့ပါးပါး နောက်ပြောင်မှုကို တခစ်ခစ်ရယ်နေသော ရက်ရှ်တာက ရုတ်တရက် မရွံ့မရဲလေး ခေါ်လိုက်တော့ ဆိုဗီရ်ရှုက ပြောဟု ခေါင်းညိတ်လိုက်သည်။
ရက်ရှ်တာက လက်နှစ်ဖက်ကိုစုပြီး ဂနာမငြိမ်ဖြစ်နေရာက သတိထားပြီး မေးခဲ့၏။
"ရက်ရှ်တာ့ကို အရှင်ဧကရာဇ်ရဲ့ ချစ်သူလုပ်မယ်ဆိုပြီး ပြောခဲ့တယ်မဟုတ်လား..."
"ဟုတ်တယ်လေ။"
"ဧကရီက အခုအထိ အဲ့ဒါကို မသိသေးဘူးထင်တယ်နော်......"
ဆိုဗီရ်ရှုက အသာလေးရယ်ပြီး ချော့သလိုပြောလိုက်သည်။
"မလောဘဲ ဖြည်းဖြည်းချင်းသွားကြတာပေါ့။ အခုအထိ ခြေထောက်က အပြည့်အဝ မသက်သာသေးဘူးမဟုတ်လား။"
"လောတာတော့မဟုတ်ပေမဲ့....စောစောက ဧကရီအရှင်မနဲ့တွေ့တော့ အိုးတိုးအမ်းတမ်းဖြစ်ရလို့ပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမိတ်ဆက်ရမှန်းမသိတော့ နည်းနည်း။ ရှေ့လျှောက်လည်း ဆက်တိုက် အဲ့ဒီလိုအဖြစ်မျိုးတွေ ရှိလာမဲ့ပုံပေါ်နေတော့...."
~~~~~
Miel's Translations