အပိုင်း ၁၅ (ငါ့ရဲ့ကွီးန် ဘယ်မှာလဲ)
အခစားဝင်မှုများကို လက်ခံတွေ့ဆုံပြီးနောက် ဧကရီနန်းဆောင်သို့ ပြန်ရောက်သည်နှင့် ပုံမှန်ထက်ပို၍ မြန်မြန်လေး သက်သောင့်သက်သာရှိသော အဝတ်အစားများကို လဲဝတ်လိုက်သည်။
အဆက်မပြတ် ပူပန်ခဲ့ရသော ကိစ္စများကြောင့် ခေါင်းက တဒိတ်ဒိတ်ထိုးနေကာ စိတ်ကလည်း ဂနာမငြိမ်ဖြစ်နေ၏။
ဧကရာဇ်နှင့် ချစ်သူ၏ကိစ္စများအပေါ် လုံးဝ စိတ်မဝင်စားလေနှင့်ဟူသော မိခင်ဖြစ်သူ၏ စကားများကို တဖြည်းဖြည်း နားလည်လာတော့သည်။
'ဒါပေမဲ့ အမေရယ်၊ ကျွန်မက စိတ်ထဲမထားဘဲနေလည်း အဲ့ဒီကိစ္စတွေက ကျွန်မမျက်စိရှေ့ကို ပေါ်ပေါ်လာတာလေ။'
"နယ်စားကတော် အယ်လီဇာ။"
"ဟုတ်ကဲ့၊ ဧကရီအရှင်မ။"
"အမေ့ကို ကျွန်မနဲ့ မကြာခင်တွေ့ဖို့... အာ၊ ဘာမှမဟုတ်တော့ပါဘူး။"
"ထရိုဗီ မြို့စားကတော်ကို ခေါ်လာခဲ့ရမလားရှင့်။"
"ဟင့်အင်း၊ ရပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးပွဲတော်မှာ တွေ့ရမှာပဲဆိုတော့ အဲ့ဒီတော့မှပဲ တွေ့လိုက်တာပေါ့။"
"စိတ်ထဲမှာ မသက်မသာဖြစ်နေတယ်ဆိုရင် မြို့စားကတော်နဲ့ တိုင်ပင်လိုက်တာ ပိုကောင်းပါလိမ့်မယ်၊ ဧကရီအရှင်မ။"
တိုင်ပင်လိုက်လျှင် ကျွန်မ၏ စိတ်ကတော့ သက်သာရာရသွားပေလိမ့်မည်။
သို့သော် ထိုအချိန်မှစ၍ မိခင်ဖြစ်သူ၏ စိတ်ထဲတွင်လည်း ဆူးခင်းလမ်း ဖြစ်သွားလိမ့်မည်သာ။
ကျွန်မ စိတ်သက်သာရာရရန်အတွက် မိခင်ဖြစ်သူကို မပင်ပန်းစေလို။ အထူးသဖြင့် ဤပြဿနာကို တစ်လျှောက်လုံး စိုးရိမ်နေခဲ့သည့် မိခင်ဖြစ်နေသောကြောင့်ပင်။
'အခုတော့ တစ်ယောက်တည်း သည်းခံကြည့်ဦးမယ်။ နောက်မှပြောလို့လည်း ရတာပဲ။ ဘာပဲဖြစ်ဖြစ် ရက်ရှ်တာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အမေလည်း ကြားပြီးသား ဖြစ်မှာပါ။'
"ဟုတ်ပါပြီ။ ဪ၊ ဒါနဲ့ လော်ရာရော အဆင်ပြေရဲ့လားဟင်။"
"ဟုတ်ကဲ့။ နန်းတော်ကို မြန်မြန်ပြန်လာချင်နေပါတယ်တဲ့။"
"သူပြန်လာချင်တဲ့အခါ ပြန်လာလို့ရတယ်လို့ ပြောလိုက်ပါ။ ဖြစ်နိုင်ရင်တော့ နှစ်သစ်ကူးပွဲတော် မတိုင်ခင်ပေါ့။ အဲ့ဒီလိုဆိုရင် လူတွေလည်း တီးတိုးတီးတိုး ပြောကြမှာမဟုတ်ဘူးလေ။"
"ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။"
လော်ရာ့အကြောင်းပြောရင်း သူ၏ ဖျတ်လတ်တက်ကြွပြီး အသက်ဝင်သောစွမ်းအင်ကို လွမ်းလာမိသည်။
နယ်စားကတော်ကြီး ခဏလောက် ထွက်သွားစဉ် ကျွန်မလည်း ဆံပင်တွင် သေသေချာချာ ဆင်မြန်းထားသော ရတနာများကိုဖြုတ်ကာ မှန်တင်ခုံပေါ် တင်လိုက်၏။
'ဒီနေ့တော့ စောစော အိပ်ရမယ်။'
ညစာမစားတော့ရန်တွေးပြီး စားပွဲတွင်ထိုင်ကာ မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။
အနောက်မှ အသံတစ်ခု ကြားလိုက်ရသော်လည်း နယ်စားကတော်ပဲဖြစ်မည်ဟုတွေးကာ နောက်လှည့်မကြည့်လိုက်မိပေ။
အနားအထိ ရောက်လာသော လူရိပ်က ဘာစကားမှ မပြောဘဲ ရပ်နေခဲ့သည်။
နယ်စားကတော်သာဆိုလျှင် ထိုသို့လုပ်မည်မဟုတ်။
မင်တံကို မင်တို့လိုက်ရင်းမှ ကျွန်မလည်း မျက်မှောင်ကြုတ်ကာ နောက်လှည့်ကြည့်လိုက်သည်။
"အရှင်ဧကရာဇ်။"
အံ့ဩရလောက်အောင်ပင် ကျွန်မအနောက်တွင် ရပ်နေသူက ဆိုဗီရ်ရှုဖြစ်နေ၏။
ဆိုဗီရ်ရှု အနောက်နန်းဆောင်သို့မလာသည်မှာ မည်မျှကြာသွားခဲ့ပြီလဲ။
ပျော်ရွှင်မှုထက် စိုးရိမ်စိတ်က အရင်ဝင်လာ၏။
ယခုတလော ဆိုဗီရ်ရှုကို မြင်ရလျှင် စိတ်မသက်မသာဖြစ်ရသည်။
"ဘာကိစ္စရှိလို့ပါလဲ၊ အရှင်ဧကရာဇ်။"
"လူက ဘာဖြစ်လို့ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။"
ထင်သည့်အတိုင်းပင်။ ဤတစ်ကြိမ်လည်း ကျွန်မတို့နှစ်ယောက်ကြားတွင် စိတ်မသက်မသာဖြစ်စရာ စကားများ ပြောရပေဦးမည်။
ကြောက်စရာကောင်းသည့် ခံစားချက်ပင်။
ယခု ကျွန်မ၏အခန်းထဲတွင်လည်း ဆိုဗီရ်ရှုနှင့် ဒီလိုတွေဖြစ်နေရတော့မည်လား။
"ပြောင်းလဲသွားတယ်တဲ့လားရှင့်။"
"ရက်ရှ်တာကို ပြောလိုက်တဲ့ စကားကြမ်းကြမ်းတွေ။ အကုန်ကြားပြီးပြီ။"
ရက်ရှ်တာ။ ခန္ဓာကိုယ် သေးသေးသွယ်သွယ်နှင့် မိန်းကလေးတစ်ယောက်။ သို့သော် သူ့နာမည်နှင့် ဖြစ်တည်မှုကတော့ ဘယ်ပဲသွားသွား ကျွန်မ၏ခြေထောက်တွင် ကပ်နေကာ ဘယ်တော့မှ ကွာမသွားချေ။
"ကျွန်မက ဘာတွေများ ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့မိလို့လဲရှင့်။"
"ငါက သူ့နောက်မှာ တခြားချစ်သူတစ်ယောက် ထားဦးမှာဆိုပြီး ပြောခဲ့တယ်ဆို။"
"သူက ကျွန်မနဲ့ ရင်းနှီးချင်တယ်ဆိုပြီး ပြောလာလို့ နောက်ထပ်ချစ်သူတစ်ယောက် ရောက်လာရင် အဲ့ဒီချစ်သူနဲ့ ရင်းရင်းနှီးနှီးနေဖို့ ပြောခဲ့တာပါ။"
"..."
"ကျွန်မက မှားတဲ့စကား ပြောခဲ့မိလို့လားရှင့်။"
"တစ်ဖက်လူက ရန်လိုစိတ်မပါဘဲ ပြောခဲ့တဲ့စကားလေ။ ဆက်ဆက် အဲ့ဒီလို ရွဲ့စောင်းပြီးလှောင်ပြောင်ရမှဖြစ်မှာလား။"
"...... ကျွန်မကို ပြောင်းလဲသွားတယ်လို့ ပြောခဲ့တယ်နော်။ ပြောင်းလဲသွားတာက အရှင်ဧကရာဇ်ပါ။"
"ဧကရီ။"
"အရှင်ဧကရာဇ်နဲ့ သူ့ရဲ့ကိစ္စတွေမှာ ကျွန်မ ဝင်မပါချင်တဲ့အကြောင်း ဘယ်နှခါလောက် ထပ်ပြန်တလဲလဲ ပြောနေရမှာပါလဲ။ အရှင်ဧကရာဇ်ကမှ သူနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်မကြားရအောင် လုပ်နေတာပါ။ အရှင်ဧကရာဇ်နဲ့ လေဒီ ရက်ရှ်တာသာ ကျွန်မကို လာမတွေ့ဘူးဆိုရင် ကျွန်မအနေနဲ့လည်း လှောင်ပြောင်စရာကိစ္စတွေ ရှိလာမှာမဟုတ်ဘူးမဟုတ်လားရှင့်။"
"မဖြစ်မနေ လုပ်ရမဲ့ကိစ္စဖြစ်နေတော့ ဘယ်တတ်နိုင်မလဲ။ ဒီတစ်ခါလည်း ဧကရီက ရက်ရှ်တာကို သွားမထိခဲ့ဘူးဆိုရင် ငါကရော ဒီကိုရောက်လာပါ့မလား။"
ကျွန်မက ဒေါသအလျောက် စိတ်လှုပ်ရှားစွာ အော်ဟစ်ခြင်းမျိုးမလုပ်ဘဲ ဆိုဗီရ်ရှုအတွက် အနာကျင်ဆုံးဖြစ်စေမည့် စကားလုံးများကို ရှာဖွေပြီးပြောလိုက်သည်။
"ဧကန္တ နတ်ရွာစံဧကရာဇ်ကရော နတ်ရွာစံ ဧကရီကို နယ်စားကတော် ဆိုဖီယာအကြောင်းတွေ အမြဲပြောခဲ့တာလားရှင့်။"
နတ်ရွာစံ ဧကရာဇ်နှင့် နတ်ရွာစံ ဧကရီ၊ နောက်ပြီး နတ်ရွာစံဧကရာဇ်၏ အချစ်ဆုံး ချစ်သူအကြောင်းကို ထည့်ပြောလိုက်တော့ ဆိုဗီရ်ရှု၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားတော့သည်။
"ဧကရီက ဒီလောက် စကားကြမ်းကြမ်းတွေပြောတတ်တဲ့ လူစားမျိုးဖြစ်နေမှန်း မသိခဲ့ဘူး။"
ဆိုဗီရ်ရှုက စက်ဆုပ်သည့်မျက်နှာထားနှင့် ကျွန်မ၏အခန်းကို လှည့်ပတ်ကြည့်ကာ စကားပြန်ပြောလာ၏။
"ဒီလောက် ခမ်းနားတဲ့ ပရိဘောဂတွေ အပြည့်ရှိနေတဲ့ အခန်းထဲမှာ လိုချင်တာမှန်သမျှကို ဝယ်နိုင်ရဲ့သားနဲ့။ ဘယ်သူမှမသုံးတဲ့ ကုလားထိုင်လေးတစ်လုံးအတွက် တစ်သက်လုံး ခက်ခက်ခဲခဲ နေလာခဲ့ရတဲ့ လူတစ်ယောက်ကို အဲ့ဒီလိုမျိုး ညှဉ်းပန်းရလား။"
စုတ်တစ်ချက်သပ်လိုက်သည့် ဆိုဗီရ်ရှု၏ မျက်လုံးများတွင် စိတ်ပျက်မှုက ပြည့်လျှံလျက်။
"သူက ငါ့ရဲ့ ချစ်သူမဖြစ်ခင် ဧကရီရဲ့ ပြည်သူတစ်ယောက်ဆိုလည်း ဟုတ်တယ်လေ။ သနားကရုဏာစိတ်လေးတောင် မရှိဘူးလား။"
"မရှိပါဘူး။"
ကျွန်မ၏ တိုတောင်းသည့်အဖြေကြောင့် ဆိုဗီရ်ရှု စုတ်တစ်ချက်သပ်ကာ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်မ၏ ခြေထောက်များတွင်လည်း အားပြတ်သွားတော့သည်။
ကျွန်မ ပြိုလဲကျတော့မလိုဖြစ်ကာ မှန်တင်ခုံက ကုလားထိုင်ပေါ် ထိုင်ချလိုက်တော့ နယ်စားကတော် အယ်လီဇာက ပြေးဝင်လာ၏။
သူက ကျွန်မကို ညင်သာစွာ ထွေးပွေ့ကာ သူ့ရင်ခွင်ထဲတွင် နှစ်သိမ့်ပေးခဲ့သည်။
~~~~
"တကယ်လားဟင်။ အရှင်ဧကရာဇ်က ဧကရီဆီသွားပြီး ဒေါသပေါက်ကွဲခဲ့တယ်တဲ့လား။ ရက်ရှ်တာကြောင့်ပေါ့လေ။"
"ဟုတ်ပါတယ်ဆို။ အသံကျယ်လွန်းလို့ အားလုံးကြားနေရတယ်တဲ့။"
အစေခံ ဂျယ်ရီနီက သဘောတွေ့စွာရယ်ရင်း ပြောလာတော့ ရက်ရှ်တာက လက်နှစ်ဖက်နှင့် သူ့မျက်နှာသူ အုပ်လိုက်သည်။
"ဝါး... ဘယ်လိုလုပ်မလဲ။ အရှင်ဧကရာဇ်က မိုက်လိုက်တာ..."
နောက်ထပ် အစေခံတစ်ယောက်ဖြစ်သည့် ခီးစ်ကလည်း အားကျမခံ နောက်စကားတစ်ခွန်း ထပ်ပြောခဲ့သည်။
"အဲ့ဒါတင် မကသေးပါဘူး၊ ဧကရာဇ်ချစ်သူ ရက်ရှ်တာက ကျွန်ပြေးပါဆိုပြီး ကောလာဟလ ဖြန့်တဲ့သူတွေ အားလုံးကို အပြစ်ပေးမယ်လို့လည်း ပြတ်ပြတ်သားသား အမိန့်ထုတ်ထားပါသေးတယ်။"
အစေခံနှစ်ယောက်၏ မျက်နှာများက မျက်နှာငယ်လေးတွေ ဖြစ်သွားကြသည်။
"အရှင်ဧကရာဇ်က လေဒီ ရက်ရှ်တာကို တကယ်ချစ်တယ်ထင်ပါရဲ့။"
"အင်း..."
"ဒါပေါ့လေ။ ဒီလို လှပပြီး ဖြူစင်တဲ့ မိန်းကလေးကို ဘယ်ယောကျ်ားက မချစ်ဘဲနေနိုင်မှာလဲ။"
"အရှင်ဧကရာဇ်နဲ့ လေဒီ ရက်ရှ်တာက စိတ်ကူးယဉ်ပုံပြင်ထဲက ချစ်သူတွေလိုပါပဲ။"
"တကယ်လည်း အခြေအနေက စိတ်ကူးယဉ်ပုံပြင်ထဲက အချစ်ဇာတ်လမ်းလိုပဲလေ။"
ရက်ရှ်တာက ရှက်သွားကာ ခေါင်းလေးငုံ့ပြီး ခြေချောင်းလေးများကို ကွေးကုပ်လိုက်သည်။
"ရက်ရှ်တာလေ အခုတလော သိပ်ပျော်တာပဲ။ နေ့တိုင်းက အိပ်မက်မက်နေရသလိုပဲလေ။"
ခဏအကြာတွင် အစေခံသုံးယောက်က ပုခက်ကုလားထိုင်ကြီးတစ်ခုကိုသယ်ကာ အခန်းထဲ ရောက်လာတော့ ရက်ရှ်တာ ပိုပျော်သွားရသည်။
"ဒါက..."
"အရှင်ဧကရာဇ်က လေဒီ ရက်ရှ်တာကို ပေးလိုက်တဲ့ လက်ဆောင်ပါ။ အနောက်နန်းဆောင်ကို သွားစရာမလိုဘဲ ဒီမှာ ထိုင်ပါလို့ အရှင်ဧကရာဇ်က မှာလိုက်ပါတယ်။"
ဆိုဗီရ်ရှု အသစ်ပို့ပေးလိုက်သည့် ကုလားထိုင်က အနောက်နန်းဆောင်တွင်ရှိသော ရိုးရိုးရှင်းရှင်း ကုလားထိုင်နှင့်မတူဘဲ အောက်ခံထောက်တိုင်၊ ထိုင်ခုံနှင့် အလှဆင်ပစ္စည်းများ အားလုံးကို ကျောက်မျက်ရတနာများ၊ ရွှေ ငွေများဖြင့် ပြုလုပ်ထား၏။
ထို့အပြင် ငှက်မွေးများနှင့်လုပ်ထားသော ကူရှင်နှင့် ထိုင်ဖုံများကလည်း အင်မတန်နူးညံ့လှသည်။
ရက်ရှ်တာတစ်ယောက် နောက်ဆုံးတွင် ပျော်လွန်း၍ မျက်ရည်ပင်ကျခဲ့ကာ အစေခံများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဂုဏ်ယူစွာ ပြုံးခဲ့ကြလေသည်။
~~~~
အိပ်ရာပေါ်တွင် အသံတိတ်ငိုနေစဉ် တစ်စုံတစ်ရာက ပြတင်းပေါက်ကို တတောက်တောက်ခေါက်လာသည်။
ခေါင်းမော့ကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်တွင် ခံ့ညားလှပသည့်ငှက်တစ်ကောင် တောင်ပံတဖျပ်ဖျပ်ခတ်နေသည်ကို တွေ့လိုက်ရ၏။
တုံ့ဆိုင်းနေရာမှ တံခါးထဖွင့်ပေးလိုက်တော့ ထိုငှက်က အိပ်ရာဖုံးပေါ်သို့ ခုန်တက်လာကာ သူ၏တောင်ပံကိုသပ်ရင်း ကျွန်မကို အကဲခတ်ခဲ့သည်။
"ဒီတစ်ခါတော့ မြန်မြန်ရောက်လာတာပဲ။"
ကျွန်မ မျက်ရည်များကို မြန်မြန်သုတ်ပြီး စကားပြောလိုက်တော့ ထိုငှက်က မျက်လုံးအကြီးကြီးများကိုကျုံ့ကာ ကျွန်မကို စိုက်ကြည့်ခဲ့သည်။
စောစောက ငိုနေသည်ကို အကုန်မြင်ခဲ့ရသကဲ့သို့။
တကယ် ဉာဏ်ကောင်းသည့်ငှက်လေးပင်။
"နင့်သခင်က ဒီအနီးအနားကို ရောက်လာတာထင်တယ်။"
တကယ် စကားနားလည်သည့်အလား ငှက်က ခေါင်းညိတ်ခဲ့၏။
ငှက်ကို ကောက်ကိုင်ပြီး ဒူးပေါ်တင်လိုက်တော့ ငှက်က တစ်ချက်လေး မလှုပ်မယှက် ဖြစ်သွားရာမှ မျက်လုံးအကြီးကြီးများကို အင်မတန်လျှင်မြန်စွာ ဖွင့်လိုက်ပိတ်လိုက်လုပ်ခဲ့သည်။
ကျွန်မလည်း ဆံပင်ကို နားရွက်နောက်သို့ သပ်သိမ်းကာ သူ့ခြေထောက်မှ စာရွက်ကို ဖြုတ်လိုက်၏။
-ငှက်ရဲ့နာမည်ကို 'ကွီးန်' လို့ ပေးလိုက်မယ်ဆိုပေမဲ့ ဒီငှက်က အထီးဆိုတာကိုတော့ မှတ်ထားပါ။
တိုတောင်းသော်လည်း အကျိုးသက်ရောက်မှုရှိသည့် နောက်ထပ်ဝါကျတစ်ကြောင်းပင်။ စောစောက ကျွန်မ၏စိတ်တွေ အင်မတန် လေးလံနေခဲ့သော်လည်း ဘယ်သူမှန်းမသိသူဆီမှ စာတစ်ကြောင်းကြောင့် အလိုလို ပြုံးမိသွားရ၏။
"နင်က အထီးလေးလား။"
ငှက်က 'မသိဘူးလား' ဟု ပြောနေဟန်ဖြင့် သူ၏တောင်ပံများကို လျင်မြန်စွာ တဖျပ်ဖျပ်ခတ်ခဲ့သည်။ သို့သော် ဤငှက်၏မျိုးစိတ်ကိုပင် မသိသည်ကို အထီး၊ အမမှန်း မည်သို့များ သိနိုင်မည်နည်း။
ကျွန်မလည်း ငှက်၏ခေါင်းလေးကို ပွတ်ပေးပြီး စာကြည့်စားပွဲဆီသို့ သွားလိုက်သည်။
ငှက်က စာကြည့်စားပွဲအထိ လိုက်လာ၏။
ကျွန်မ စက္ကူကိုထုတ်ကာ စားပွဲပေါ်တင်ပြီး မင်တံဖြင့် ပြန်စာရေးလိုက်သည်။
-အထီးမှန်းမသိခဲ့ပါဘူး။ အံ့သြရပါတယ်။
စာကိုလိပ်ပြီး ငှက်၏ခြေထောက်တွင် ပြန်ချည်ရင်း ပြက္ခဒိန်ကို ကြည့်လိုက်တော့ မှန်နေ၏။
သိတောင်မသိလိုက်ခင် နှစ်သစ်ကူးပွဲတော်က ချဉ်းကပ်လာခဲ့ပေပြီ။
မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးပွဲတော်၏ ဧည့်သည်တော်များ နန်းတော်သို့ ရောက်လာတော့မည်...
ငှက်က ပြန်စာကို မြန်မြန်ပြန်ယူလာပုံထောက်လျှင် ငှက်၏ အရှင်သခင်ကလည်း ဤအနီးအနားတွင် ရှိနေလောက်ပေသည်။
မနက်ဖြန် ငှက်၏သခင်ရော ရောက်လာလေမလား။
~~~~
Miel's Translations