no

Font
Theme

အပိုင်း ၁၃ (ကျွန်မ၏ အသိုက်လေး)

နောက်ဆုံးတွင် ကျွန်မလည်း သည်းမခံနိုင်တော့ဘဲ စိတ်ထဲတွင်ရှိနေသည့် ခံစားချက်များကို ပေါက်ကွဲမိတော့သည်။ ဆိုဗီရ်ရှုက အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေ၏။ မျက်လုံး များတွင် မျက်ရည်များဝိုင်းလာသော်လည်း ကျွန်မ ကိုယ့်လျှာကိုယ်ကိုက်ပြီး မျက်ရည်များကို ထိန်းထားလိုက်သည်။ ဧကရီတစ်ပါးအနေနှင့် မိမိ၏မျက်ရည်များကို မပြသင့်ပေ။

"ရံရွေတော်တွေက အဲ့ဒီလိုမျိုး ကျွန်မက ခိုင်းခဲ့ပါတယ်ဆိုပြီး ပြောခဲ့တာလည်း မဟုတ်တာကို။ အဲ့ဒီလို ကောလာဟလတွေ ပျံ့နေပါတယ်လို့ပဲ ပြောခဲ့တာပါ။ အရှင်ဧကရာဇ်က အဲ့ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် ကျွန်မကို အပြစ်လာတင်နေတာလား။"

"ငါလည်း အကြာကြီး စဉ်းစားခဲ့ပြီးပြီ။ ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ အဲ့ဒီလို ကောလာဟလတွေပျံ့လို့ အကျိုးအမြတ်ရမဲ့သူက ဧကရီအပြင် တခြားဘယ်သူမှရှိမှာမဟုတ်ဘူးလေ။"

"ကျွန်မက ဘာအကျိုးအမြတ်တွေများ ရမှာမို့လို့လဲရှင့်။"

"ရက်ရှ်တာက ဧကရီအတွက် ပြိုင်ဘက်လိုဖြစ်နေလို့ ဧကရီက အခုလိုတွေ လုပ်နေတာမဟုတ်ဘူးလား။"

"..."

"ပြီးတော့ ရက်ရှ်တာ့ကို ကျွန်ပြေးပါဆိုပြီး ဧကရီကိုယ်တိုင် ငါ့ကို တစ်ခါပြောဖူးတယ်လေ။ မဟုတ်ဘူးလား။ ဧကရီက ကောလာဟလရဲ့ မူရင်းဇာစ်မြစ်ကိုလည်း မဖော်ပြခဲ့ဘူး။ ဟင့်အင်း၊ မဖော်ပြနိုင်တာ။ အစကတည်းက ဧကရီကိုယ်တိုင် ဖြန့်ခဲ့တဲ့ ကောလာဟလမို့လို့။"

ဆိုဗီရ်ရှု၏ ထင်မြင်ချက်က တစ်ဖက်သတ်ဆန်ပြီး စော်ကားနေသလိုပင်။ ကျွန်မ သူ့ကိုကြည့်ရင်း အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သည်။ အသက်ကို လုံလောက်စွာရှူသွင်းပြီး စိတ်ငြိမ်အောင်ကြိုးစားလိုက်၏။ သို့သော် ကျွန်မ တည်ငြိမ်ဖို့ ကြိုးစားလေလေ၊ ဆိုဗီရ်ရှုက ပိုပြီးသံသယဝင်လာလေပင်။ အချိန်အနည်းငယ်ကြာပြီးသည့်နောက် နောက်ဆုံးတွင် ကျွန်မလည်း အင်မတန် ပုံမှန်ဆန်သည့် အသံကို ညှစ်ထုတ်ပြီး ပြောလိုက်သည်။

"အရှင်ဧကရာဇ်ရဲ့ ချစ်သူက ကျွန်မအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။"

"ဘာ။"

"အရှင်ဧကရာဇ်က ကျွန်မရဲ့ ချစ်သူလည်းမဟုတ်ဘဲနဲ့ သူက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။"

ဆိုဗီရ်ရှု၏ မျက်နှာထားလည်း လှုပ်ခတ်တုန်ယင်သွားတော့၏။ ကျွန်မက မှန်ရှေ့တွင် အကြိမ်ပေါင်းထောင်ချီ လေ့ကျင့်ခဲ့သည့် ဘာမှမမှုသလို ပေါ့ပေါ့ပါးပါးအပြုံးလေး ပြုံးပြကာ ခါးကိုမတ်မတ်ထားပြီး သတိပေးလိုက်သည်။

"အရှင်ဧကရာဇ်အတွက်တော့ သူက အဖိုးတန်တဲ့ ချစ်သူတစ်ယောက်ဆိုပေမဲ့ ကျွန်မအတွက်ကတော့ သူစိမ်းတစ်ယောက်ပါပဲ။ ဒီလို စိတ်မောစရာကိစ္စတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နေစရာ မလိုပါဘူး။ အဲ့ဒါကြောင့် ထပ်ပြောပါရစေ၊ အရှင်ဧကရာဇ်။ အရှင်ဧကရာဇ်နဲ့ ချစ်သူရဲ့ ကိစ္စတွေမှာ ကျွန်မကို ဆွဲမထည့်ပါနဲ့တော့။"

ကျွန်မ ကျောခိုင်းလှည့်ထွက်လိုက်ကာ တံခါးကို မြန်မြန်ဖွင့်ပြီး ထွက်လာခဲ့၏။ ရင်တမမနှင့် စင်္ကြံလမ်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ဘဏ္ဍာရေးဝန်ကြီးက ခေါင်းလှည့်ကြည့်လာသည်။ ကျွန်မနှင့် မျက်လုံးချင်းဆုံတော့ သူ့မျက်လုံးများ ပြူးကျယ်သွား၏။ ကိုယ့်မျက်နှာထားကိုယ် ကောင်းကောင်းမထိန်းနိုင်ခဲ့သည်မှာ သေချာပေသည်။ ကျွန်မ သူ့ကိုလည်း ပြုံးပြလိုက်ပြီး ယင်းစင်္ကြံလမ်းမှ မြန်မြန်ထွက်လာကာ အနောက်နန်းဆောင်သို့ တန်းသွားခဲ့၏။ ရံရွေတော်များကိုပင် မခေါ်တော့ဘဲ လူသူကင်းမဲ့သည့် အသိုက်ပုံစံ ကုလားထိုင်လေးဆီသို့ ပြေးသွားပြီး တစ်ကိုယ်လုံးမြုပ်သွားအောင် ထိုင်လိုက်သည်။ တစ်ကိုယ်လုံးကိုပွေ့ဖက်ပြီး အသံမထွက်စေဘဲငိုရန် အစွမ်းကုန် ကြိုးစားခဲ့၏။ ဧကရီတစ်ပါးက မငိုသင့်ပေ။ ဧကရီက လူအများအရှေ့တွင် မငိုသင့်။ ဆိုဗီရ်ရှုနှင့် သူ၏ချစ်သူက အသေးအဖွဲ အရေးမပါသောသူများဖြစ်ကြသဖြင့် ကျွန်မအနေနှင့် လုံးဝ ယိမ်းယိုင်တုန်လှုပ်ခြင်းမဖြစ်သင့်ဘူးဟု ခေါင်းထဲတွင် အဆုံးမရှိအောင် ရေရွတ်နေမိသည်။ သို့သော် ကျွန်မ၏ နှလုံးသားတစ်နေရာက လုံးဝ လစ်ဟာသွားသလို အင်မတန်နာကျင်လှသဖြင့် သည်းမခံနိုင်ခဲ့။

ထိုနေရာ​တွင် အချိန်မည်မျှကြာသွားခဲ့သည်မသိ။ နောက်ဆုံးတွင် အမှောင်ထုက လုံးဝ လွှမ်းမိုးလာခဲ့ပေပြီ။ ရံရွေတော်များလည်း ကျွန်မကို လိုက်ရှာနေမည်မှာ သေချာ၏။ ကျွန်မလည်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည်။ နာရီပိုင်းလောက်ကြာအောင် ထိုအတိုင်း ထိုင်နေခဲ့သဖြင့် ကျွန်မ၏ ခန္ဓာကိုယ်က တောင့်တင်းနေကာ ခြေတွေ လက်တွေကလည်း သစ်သားအရုပ်လို ခံစားနေရ၏။ ထိုစဉ် ခပ်လှမ်းလှမ်း တစ်နေရာမှ "ပီ" ဟူသော အသံလေးကို ကြားလိုက်ရသည်။ အသိုက်ထဲမှ ခေါင်းလေးပြူကာ အပေါ်ကို ကြည့်လိုက်တော့ ကောင်းကင်မှနေ၍ ကြီးမားသည့်ငှက်တစ်ကောင် သက်ဆင်းလာနေသည်ကို တွေ့လိုက်ရ၏။

"အာ။"

ခံ့ညားလှပသည့် ထိုငှက်ပင်။ အရက်မူးနေသော တိုင်းတစ်ပါးသား၏စာကို ဆောင်ယူလာပေးခဲ့သည့် ငှက်။ ဒီတစ်ခါလည်း ထိုငှက်က ကျွန်မဆီသို့ ပျံသန်းလာကာ ကျွန်မနှင့် အင်မတန် ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းလို ဒူးပေါ်တွင်ထိုင်နားပြီး ကျွန်မကို စိုက်ကြည့်နေ၏။ ချစ်စရာကောင်းလွန်းသဖြင့် ရယ်လိုက်မိတော့ ထိုငှက်က သူ့မျက်လုံးအကြီးကြီးများကို ပေကလပ်ပေကလပ်လုပ်ကာ ခေါင်းလေးကို ငဲ့စောင်းခဲ့သည်။

"နင်ကတော့ ငါ့ကို ကောင်းကောင်း ရှာတွေ့တာပဲနော်။"

ဤတစ်ကြိမ်တွင်လည်း ထိုငှက်၏ ခြေထောက်တွင် စာတစ်စောင် ချည်ထားလျက်ရှိနေသည်။ စာကို ဖွင့်လိုက်တော့ သေသပ်သော စာလုံးများ ပေါ်လာ၏။

-အဲ့ဒါမျိုး လိုအပ်လို့လား။ လိုအပ်တယ်ဆိုရင်လည်း ခင်ဗျားပဲ ပေးလိုက်ပေါ့။

ကျွန်မလည်း ငှက်ကို ကြည့်လိုက်သည်။ ဘယ်သူမဆို ချီးကျူးမိမည့် ခံ့ညားလှပသည့် ငှက်က သူ၏ ခေါင်းလေးကို ဟိုဘက်ငဲ့လိုက်၊ ဒီဘက်ငဲ့လိုက် မကြာမကြာလုပ်နေ၏။ ပုံမှန်ထက် ကျွန်မကို ပိုပြီးသေသေချာချာ စောင့်ကြည့်အကဲခတ်နေသလို ခံစားရသည်။ ကျွန်မ၏စိတ်အခြေအနေက ပုံမှန်ထက်ပိုပြီး မှိုင်တွေနေမှန်း သူ သတိထားမိတာများလား။

"ငှက်လေး။"

-…

"ငှက်လေးရေ။"

-…

တောက်ပသည့် ငှက်၏ မျက်လုံးများကို ကြည့်ရင်း ဤငှက်ကတော့ ကျွန်မစကားကို နားလည်နိုင်လိမ့်မည်ဟု တွေးလိုက်မိ၏။ မိုက်မဲသည့်အတွေးဟု ထင်မိလျက်ကပင်။ ဟင့်အင်း၊ ဉာဏ်ကောင်းသောငှက်များက လူစကား နားလည်သည်ဟု ပြောကြသည်ပဲမဟုတ်လား။ ကျွန်မလည်း ခဏလောက် တွေဝေတုံ့ဆိုင်းနေရာမှ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ငှက်ကို ညင်သာစွာပွေ့ဖက်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဒီနေရာက... ငါ့ရဲ့ လျှို့ဝှက်နေရာလေးလေ။"

ငှက်က တစ်ချက်တွန့်သွားရာမှ ကျွန်မကို ငေးကြည့်နေခဲ့သည်။ ကျွန်မက ငှက်၏ကျောပြင်ကို ညင်သာစွာ ပွတ်ပေးရင်း အိုးတိုးအမ်းတမ်းနှင့် စကားဆက်ပြောလိုက်၏။

"တခြားနေရာတွေမှာ ငိုလို့မဖြစ်ပေမဲ့ ဒီနေရာမှာတော့ ငိုရင်လည်း ကိစ္စမရှိဘူးထင်လို့။ ဒါပေမဲ့ ဒါက လျှို့ဝှက်ချက်ဆိုတော့ ငါ ငိုတာကို နင်တစ်ယောက်တည်းပဲ သိထားမှဖြစ်မယ်နော်။"

ငှက်က သူ့မျက်လုံးအကြီးကြီးများကို တစ်ဖန်ထပ်ပြီး မှိတ်လိုက်ဖွင့်လိုက် လုပ်ပြန်သည်။ ခဏနေတော့ ထိုငှက်က ကြီးမားလှသော သူ့တောင်ပံများနှင့် ကျွန်မ၏ ပါးပြင်ကို ညင်သာစွာထိလာ၏။ ယင်းလုပ်ရပ်မှာ ကျွန်မကို နှစ်သိမ့်ပေးနေသလိုဖြစ်နေသဖြင့် ကျွန်မလည်း ရယ်မိတော့သည်။

"လိမ္မာတဲ့ ငှက်လေးပဲ။"

ချီးကျူးသလို သူ၏ခေါင်းလေးကို နမ်းလိုက်တော့ ထိုငှက်က "ဂူးဂူး" ဟူ၍ ဆန်းကြယ်သည့်အသံမျိုးပြုကာ တောင်ပံဖြင့် ယူလာသည့် စာကို ဖွင့်ခဲ့သည်။ အဖြေကို လိုချင်တာပဲလား။ တကယ် ဉာဏ်ကောင်းသည့်ငှက်ပင်။ တော်သေး၍ ကျွန်မတွင် စာရွက်ငယ်လေးများနှင့် အိတ်ဆောင်ဖောင်တိန်ကို ယခင်ကတည်းက ဆောင်ထားလျက်ရှိနေ၏။ ကျွန်မလည်း စာရွက်နှင့် ဖောင်တိန်ကိုထုတ်ကာ ငှက်အတွက် သင့်တော်မည့် နာမည်တစ်ခုကို စဉ်းစားပြီး ရေးလိုက်သည်။

-ငှက်ရဲ့နာမည်ကို 'ကွီးန်' (Queen) လို့ ပေးလိုက်ပါတယ်။

စာကို အဆုံးသတ်ပြီးသည့်နောက်တွင် ငှက်ကိုပြန်ကြည့်လိုက်တော့ စာဖတ်တတ်သည့်အလား ကျွန်မ၏လက်ကို စိုက်ကြည့်နေသည့် ငှက်လည်း ဆတ်ခနဲ တုန်သွားတော့သည်။ ငှက်က ကြီးမားသည့် သူ့ခြေထောက်နှင့် 'ကွီးန်' ဆိုသည့် စာလုံးကို ဖိလိုက်၏။

"နင့်နာမည်ပဲ။ နင့်သခင်သာ ဒီနာမည်အတိုင်း ပေးမယ်ဆိုရင်ပေါ့လေ။"

စာကို ငှက်၏ခြေထောက်တွင် ချည်ပေးပြီးနောက် ကျွန်မ ငှက်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

ဧကရီ။ အမှန်ပင်။ ဘယ်သူဘာပဲပြောပြော ဧကရီက ကျွန်မသာဖြစ်၏။ ဆိုဗီရ်ရှု ဘာပဲပြောပြော ချစ်သူက ချစ်သူဖြစ်ပြီး ဧကရီက ဧကရီပင်။ ကျွန်မလည်း လက်ကိုင်မှန်ကိုထုတ်ကာ မျက်ရည်များကြောင့် ရဲနေသည့်နေရာကို ဖိနှိပ်လိုက်ပြီးနောက် အသက်ရှူသွင်းလိုက်၏။ မိခင်၏ စကားများကို မြဲမြဲမှတ်ထားမှဖြစ်ပေမည်။ ထိုလူများကြောင့် မယိမ်းယိုင်သင့်ပေ။

"ပြည်သူတွေ ငါ့ဆီကနေ မျှော်လင့်တာက ဧကရာဇ်ရဲ့ အချစ်ကိုရတဲ့ ဧကရီမဟုတ်ဘူး။"

-....

"ငါ့ရဲ့ ဘဝပန်းတိုင်ကလည်း ဧကရာဇ်ရဲ့ အချစ်ကိုရတဲ့မိန်းမ ဖြစ်လာဖို့မဟုတ်ဘူး။"

နဂိုကတည်းက ပြီးပြည့်စုံသည့် ဧကရီတစ်ပါးဖြစ်လာရန် သင်ယူပြီး ရှင်သန်ကြီးပြင်းလာသည့် ကျွန်မပင်။ ကျွန်မသည်လည်း လူသားတစ်ယောက်ဖြစ်သဖြင့် နာကျင်မှုကိုမသိဘဲနေထိုင်ရန် မဖြစ်နိုင်သော်လည်း နာကျင်ရသည်ဆိုသော အကြောင်းပြချက်လောက်နှင့်တော့ လက်လျှော့၍မဖြစ်ပေ။ ဤမျှလောက်ဆို ဝမ်းနည်းတာလည်း လုံလောက်ရောပေါ့။ အားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်ရပေမည်။ ကျွန်မလည်း အသက်ရှူသွင်းလိုက်ပြီး ငှက်၏ဦးခေါင်းကို တစ်ခါထပ်နမ်းလိုက်ကာ ကောင်းကင်သို့ လွှတ်ပေးလိုက်သည်။ ငှက်က ခဏလောက် ကျွန်မ၏ ဦးခေါင်းထက်တွင် ရစ်ဝဲပျံသန်းပြီး တုံ့ဆိုင်းနေသလို ထင်ရသော်လည်း ခဏနေတော့ ပုံမှန်အတိုင်း ဝေးဝေးကို ပျံသန်းသွား၏။ ကျွန်မလည်း နှုတ်ခမ်းကိုကွေးကာ အပြုံးလေ့ကျင့်ပြီးနောက် ပုံမှန်အတိုင်း ဧကရီနန်းဆောင်သို့ ပြန်လာခဲ့တော့သည်။

~~~~

တောင်ပံတဖျပ်ဖျပ်ခတ်ပြီး ကောင်းကင်တွင် ပျံသန်းနေသော ကြီးမားသည့်ငှက်က အနီးအနားရှိ တောင်ပေါ်သို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ တောင်ပေါ်သို့ ရောက်သည်နှင့် ထိုငှက်က သစ်ပင်များကြားတွင် ခဏလောက် လျှောက်သွားနေခဲ့ရာမှ ငှက်အမျိုးမျိုး စုဝေးနေထိုင်ရာနေရာကိုတွေ့တော့ ယင်းနေရာသို့ ပျံသန်းသွား၏။ ကြီးမားပြီး ခံ့ညားလှပသည့်ငှက် ပျံသန်းလာသောအခါ ကျန်ငှက်များက တစ်ပြိုင်နက်တည်း တောင်ပံတဖျပ်ဖျပ်ခတ်ကာ ခုန်တက်ကြတော့သည်။ ကြီးမားသည့်ငှက်က ကွက်လပ်တစ်ခုတွင်ရှိနေသည့် ဧရာမ ကျောက်တုံးပေါ်သို့ ဆင်းသက်လာ၏။ ဆန်းကြယ်လှစွာပင် ထိုငှက်က ကျောက်တုံးပေါ်တွင် ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ချောမောလှပသော အမျိုးသားတစ်ယောက်အဖြစ် ​အသွင်ပြောင်းသွားတော့သည်။ ခန္ဓာကိုယ်တွင် ထွင်းထုထားသလို ကြွက်သားများရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အချိုးအစားက ပန်းချီကားတစ်ချပ်နှယ် လှပ၏။

"ငှက်အထီးကို 'ကွီးန်' တဲ့လား။"

လူငယ်က တီးတိုး​ရေရွတ်ရင်း သူ့ငယ်ထိပ်သူ မကြာမကြာ ပွတ်နေခဲ့သည်။ အနီးအနားတွင် ထိုင်နေသော အပြာရောင်ငှက်ကလည်း သစ်ပင်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဆံပင်အပြာရောင်ရှိသော အမျိုးသားတစ်ယောက်အဖြစ် ​အသွင်ပြောင်းသွား၏။ ဆံပင်အပြာရောင်နှင့်လူက မျက်လုံးများကိုကျုံ့ပြီး သစ်ပင်အနီးမှ အနီရောင်ဝတ်ရုံကို ကောက်ယူကာ ပူညံပူညံလုပ်လေတော့သည်။

"ဘာစကားလဲဗျ။ ထောက်လှမ်းရေးသွားလုပ်မယ်လို့ ပြောပြီး၊ မဟုတ်မှ တခြားနေရာကို သွားခဲ့တာတော့ မဟုတ်ပါဘူးနော်...။"

"အာ၊ ဟင့်အင်း။ မဟုတ်တာ။ တကယ် ထောက်လှမ်းရေးသွားလုပ်ပြီး ပြန်လာခဲ့တာ။"

"မိန်းမလှလေးတွေကိုလား။"

"ဘာစကားလဲ။ တော်ဝင်နန်းတော်ကို သွားခဲ့တာလို့။ နန်းတော်ကို။"

"... သေချာရဲ့လားဗျ။"

ဆံပင်အပြာရောင်နှင့်လူက မယုံသင်္ကာအကြည့်နှင့်ကြည့်တော့ လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကို မယုံဘူးလား။"

ထိုအခါမှသာ ဆံပင်အပြာရောင်နှင့်လူက လူငယ်၏ ပခုံးပေါ်သို့ အနီရောင်ဝတ်ရုံကို ရုံပေးတော့၏။

"မယုံစရာလားဗျာ။ ဒါပေမဲ့ ကျေးဇူးပြုပြီး သတိနဲ့ပြုမူပါ၊ အရှင့်သား ဟိုင်န်ရီ။ အရှင့်သားက အနောက်ဘုရင့်တိုင်းပြည်ရဲ့ ထီးနန်းဆက်ခံခွင့် ပထမဆုံးနေရာမှာရှိတဲ့ ပုဂ္ဂိုလ်ဆိုတာကို ကျေးဇူးပြုပြီး မှတ်ထားမှဖြစ်ပါမယ်။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment