no

Font
Theme



နေရောင်ခြည်သည် ယှက်နွယ်နေသောသစ်ပင်ထိပ် ကွက်လပ်များမှနေ ထိုးဖောက်ဝင်ရောက်လာပြီး ညှို့မှိုင်းသောအရိပ် မည်းမည်းများကို ဖြစ်နေစေသည်။

ကြီးမားသည့် သစ်ပင်များသည်လဲ တိမ်များထိတိုင် ထောင်မတ်နေပြီး ရှုပ်ထွေးနေသည့် ပုံစံရှိနေသည့်အပြင် အမြစ်များသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းစွာ ယှက်နွယ်လျှက်ရှိနေသည်။

အပျိုစင်တောထဲရှိ သတ္တဝါများသည် ညဘက်၌သာ အစာရှာရန်အလို့ငှာ ထွက်လာလေ့ရှိကြသည်။ ယခု အချိန်သည် နေ့လည်ပိုင်းအချိန်သာ ရှိနေသေးသည်ဖြစ်၍ သစ်တောသည်လည်း အလွန် တိတ်ဆိတ်နေပြီး လေတိုက်သည့်အခါမှ သစ်ရွက်များ လှုပ်ရှားသံလေးများကို ကြားနေရသည်။

နေရောင်ခြည်သည် သစ်ရွက်များ လှုပ်ရှားသည့်အတိုင်း လှုပ်ရှားယိမ်းနွဲ့နေပြီး အရိပ်များထဲတွင် သစ်တော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုမရှိသည့် တည်ရှိမှုတစ်ခု ရှိနေခဲ့သည်။

ဤသည်က ချောမောလှပသည့် လူငယ်လေးတစ်ယောက်ပဲ ဖြစ်သည်။ လူငယ်လေးသည် ယခုအချိန်တွင် ကြီးမားသည့် သစ်ပင်တစ်ပင်၏ ကိုင်းပေါ်တွင် လှဲလျောင်းနေ၏။

သူ၏ မျက်လုံး‌လေးများသည် ယောင်ယောင်လေး မှေးစင်းနေပြီး သူ၏ ထူထဲသည့် မျက်တောင်များသည် ဖြည်းဖြည်းလေး လှုပ်ခါနေသည်။ သူ၏ နှုတ်ခမ်းထောင့်မှာလည်း ပျော်ရွှင်စရာတစ်ခုကို အိပ်မက်မက်နေသည့် ပုံစံမျိုးနှင့် ပြုံးယောင်လေး သမ်းနေသည်။

“ဝေါင်းး!!"

ကြောက်စရာကောင်းသည့် ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး သူ့နားစည်များလည်း တုန်ခါသွားရသည်၊ ကြောက်လန့်နေသည့် သစ်တောငှက်များသည် သစ်ကိုင်းများပေါ်မှနေ ပျံသန်းသွား‌သည့်အသံကြောင့် သစ်တောသည် တစ်ခဏမျှ ဆူညံသွား‌တော့သည်။

ထို့နောက်တွင် တစ်ခုခုနှင့် ထိခိုက်၍ ပွန်းပဲ့သွားသည့်အသံ တိုးတိုးလေးကို ကြားလိုက်ရ ပြီး လူငယ်လေး လှဲလျောင်းနေသော ကြီးမားသည့် သစ်ပင်သည်လည်း လှုပ်ခါသွား‌တော့သည်။

ခရုကောင်လေး ကျင်းဝူသည် ကျားဟိန်းသံတစ်ခုကြောင့် နိုးထလာပြီး တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူအိပ်နေသော  မြင့်မားသည့် သစ်ကိုင်းပေါ်မှနေ ပြုတ်ကျသွားသည်။

သူသည် ပြုတ်ကျသွားသည့်အချိန်တွင် ကျသည့်အနေအထား အရမ်းမဆိုးသွားအောင်  စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် အသုံးပြုပြီး ကာကွယ်ဖို့လုပ်လိုက်၏။

သို့သော်လည်း ခရုကောင်လေးကျင်းဝူမှာ အဆင်ပြေ  ချောမောစွာ အောက်သို့ မရောက်လိုက်ဘဲ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သာ ပြုတ်ကျသွားတော့သည်။

သူသည် ပြုတ်ကျသွားသည့်နေရာမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး သူ့မျက်လုံးများကို မော့ကြည့်လိုက်သည့်အချိန်တွင်  သူ့အရှေ့၌ သတ္တဝါနှစ်ကောင် ရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ကြောက်လန့်သွားသည်။

ကြီးမားသည့် ဧရာမ ကျားဖြူတစ်ကောင်သည် သစ်ပင်ဘေး၌ လှဲနေပြီး ကျားဖြူသည် သူ၏ သန်မာသည့် ခြေထောက်များကို ထရပ်တော့မယောင် ပုံစံလှုပ်ရှားနေကာ ကျားဖြူ၏ ခေါင်းသည် ခရုလေးကျင်းဝူ ဘက်ကို ထူးဆန်းသည့် အနေအထားနဲ့ စောင်းကြည့်နေသည်။

ခြေလှမ်းအနည်းငယ်အကွာတွင်တော့ ဦးခေါင်းကို အပေါ်သို့မြှောက်လျှက် ပါးပြင်းထောင်ထားကာ လှုပ်ယမ်းနေသည့်  ဦးခေါင်းပုံစံနှင့် အနက်ရောင် စပါးအုံမြွေကြီး တစ်ကောင်ရှိနေပြီး  ရှည်လျားသည့် လျှာကြီးက  လေထဲတွင် တွန့်လိမ်နေကာ  အစိမ်းရင့်ရောင် မျက်လုံးများက  သူ့ကို  အေးစက်စက်စိုက်ကြည့်နေသည်။

ဒီသတ္တဝါ နှစ်ကောင်သည် သစ်ပင်ပေါ်ကနေ ရုတ်တရက်ပြုတ်ကျလာသည့် ခရုကောင်လေးကြောင့်  ထိတ်လန့်သွားပုံရပြီး၊ သူတို့၏ လှုပ်ရှားမှုများသည်လည်း ခဏရပ်တန့်သွား‌လေ၏။

ခရုကောင်လေး သည် သူ၏ဦးနှောက်ကို  ပုံမှန်ထက်  အဆပေါင်းများစွာ  ပိုမိုမြန်ဆန်စွာအသုံးပြုပြီး သူ့ရှေ့က  မြင်ကွင်းကို  လျင်မြန်စွာ  ခွဲခြမ်းစိတ်ဖြာလိုက်ကာ  ကောက်ချက်တစ်ခုကို ချလိုက်သည်။

"ဒီသားရဲနှစ်ကောင် ရန်ဖြစ်နေတဲ့နေရာကို ငါ‌တော့  ကံဆိုးပြီး  ရောက်သွားပြီ။ ရေကန်ထဲက ငါးလေးတစ်ကောင်လိုပဲ ပြေးစရာမြေမရှိ‌တော့ဘူး။ "

မျက်လုံးနှစ်စုံ၏ စိုက်ကြည့်မှုကို ခံရသည့်အတွက် ကျင်းဝူ သည် အနည်းငယ်  ရှက်ကြောက် သွားရသည်။ သူသည် လက်ကို မြှောက်ပြီး သားရဲနှစ်ကောင်ကို ခြောက်ကပ်ကပ် နှုတ်ဆက်လိုက်၏။

"အိုး စိတ်မကောင်းပါဘူး၊ ငါ  နှောင့်ယှက်မိသွားတာလား ဆက်လုပ်ပါ။"

ပြောပြီးသည့်နောက် သူသည် ခေါင်းကိုငုံ့ကာ သူ့ဘေးတွင် ပြုတ်ကျနေသည့် သစ်သီးများထဲမှ အသားအပြည့်ဆုံးနဲ့ အရောင်အလှဆုံး သစ်သီးနှစ်လုံးကို ကောက်ယူလိုက်သည်။ ပြီးတော့မှ သူသည် ဖြည်းဖြည်းချင်း ထရပ်ပြီး အနီးနားတွင် ပြုတ်ကျနေသည့် သစ်တုံးအခြောက်တစ်ခုဆီ ဖြည်းဖြည်းချင်း သွားလိုက်၏။

သူသွားသည့်ပုံစံက အမြန်မသွားဘဲ သူ့နောက်တွင် ဒေါသတကြီး တိုက်ခိုက်နေသည့် သတ္တဝါနှစ်ကောင် မဟုတ်ဘဲ ၊ ချစ်သူနှစ်ယောက် ချိန်းတွေ့နေသလို လုံးဝစိုးရိမ်ပူပန်မှု မရှိသည့်ပုံစံမျိုး ဖြစ်သည်။

ရေမွန်သည် လူငယ်လေး၏ ကျောပြင်ကို အံ့အားသင့်စွာ ကြည့်နေပြီး လူငယ်လေး လမ်းလျှောက်သွားသည့်အတိုင်း ဧရာမမြွေ ဦးခေါင်းကြီးက ဖြည်းဖြည်းချင်း လှည့်သွားသည်။

အနှီလူငယ်လေးသည် အဝတ်အစားမပါဘဲ သူ၏ ခါးတွင် သစ်ပင်အမြစ်များဖြင့် ရက်လုပ်ထားသော ကြမ်းတမ်းသည့် မြက်စကပ်တစ်ထည်ကိုသာ ပတ်ထားသည်။ သူ၏ နှင်းလိုဖြူဖွေးသည့် ခြေထောက်များသည် မြေပြင်ပေါ်ရှိ ထူထဲသည့် သစ်ရွက်ခြောက်များကြား သိသိသာသာ ထင်ရှားနေသည်။

ဒီနေရာမှာ ဘယ်လိုလုပ်ပြီး လူမျိုးစုတစ်ခု ရှိနေနိုင်မှာလဲ?

ရေမွန်၏ ဦးနှောက်ထဲတွင် ဖြစ်နိုင်ချေအမျိုးမျိုး ပြေးလွှားသွားသည်။ သို့ရာတွင် သူသည် ဆက်လက် စဉ်းစားဖို့ အချိန်မရှိပါချေ။ "ဟွပ်" ဆိုသည့် အသံကို ကြားရသည့်အခါ ကျားဖြူသည် မြေပြင်ပေါ်ကနေ ခုန်တက်ရန် သူ၏ နောက်ခြေထောက်များကို ကန်ပြီး ရေမွန်ဆီသို့ ခုန်တက်လာသည်။

ရွှေခရုလေးကျင်းဝူသည် သစ်တုံးကြီးပေါ်၌ အဆင်ပြေပြေနှင့် သက်တောင့်သက်သာရှိသည့်  နေရာတစ်ခုကို  ရှာပြီးထိုင်လိုက်သည်၊ သူ၏  လက်ချောင်းလေးတစ်ချောင်းကို  ဖြည်းဖြည်းလေး လှုပ်ရှားလိုက်သည့်အခါ လေထဲတွင် ရေစီးကြောင်း တစ်ခု ပေါ်လာသည်။

သူသည်  ရေစီးကြောင်းဖြင့်  အသီးကို  ဆေးကြောသန့်စင်လိုက်ပြီး၊ ပါးစပ်ထဲကို  ထည့်ကာ  ကိုက်စားလိုက်‌တော့သည်။ ချိုမြိန်သည့်  အရသာက  သူ့ပါးစပ်ထဲတွင်  ပြည့်နှက်သွားပြီး သူသည်  ကျေနပ်စွာဖြင့်  မျက်လုံးလေးများကို မှေးစင်းလိုက်သည်။

ကျင်းဝူသည်  ခရုတစ်ကောင်ဖြစ်ပြီး၊  နှစ်ပေါင်းထောင်ချီကြာ ကျင့်ကြံအားထုတ်ခဲ့ပြီးနောက်  နောက်ဆုံးတွင်  လွန်ခဲ့သော ရက်အနည်းငယ်က  မိုးကြိုးဘေးဒဏ် အခက်အခဲကို ရင်ဆိုင်ခဲ့ရပြီး ယခုလက်ရှိ လူအသွင်ပုံစံကို ရရှိလာခဲ့တာဖြစ်သည်။

အခက်အခဲကို ဖြတ်ကျော်နိုင်လိုက်သော်လည်း သူသည် ဤနေရာသို့ မကူးပြောင်းလိုခဲ့ချေ။  မိုးကြိုးဘေးဒဏ်သည်  ငှက်များတောင်  မစင်မစွန့်သည့်  ဒီလိုနေရာမျိုးသို့  ရောက်အောင်  ရိုက်ချလိုက်တာသာ ဖြစ်၏။

အိုး မဟုတ်‌သေးဘူး၊ "ငှက်တွေတောင်  မစင်မစွန့်တဲ့နေရာ" ဆိုသည်မှာ  ဥပမာအနေဖြင့် ပြောတာသာဖြစ်သည်။ လက်တွေ့တွင် ဤနေရာ၌ ငှက်အများအပြား ရှိနေသည်။

ကျင်းဝူကို  စိတ်ဓာတ်ကျစေသည့်အချက်ကတော့  ဘာမှားသွားသလဲဆိုတာကို  သူမသိဘဲ၊  ဘေးဒဏ်ခံရသည့်အခက်အခဲကို ဖြတ်ကျော်ပြီးနောက်  ခရုပုံစံသို့ အသွင်ပြန်ပြောင်းလို့မရဘဲ လူပုံစံအတိုင်းသာ  ရှိနေတာပဲဖြစ်သည်။

သူသည် လူသားပုံစံအတိုင်း နေရသည်ကို  လုံးဝ မကြိုက်သည်တော့ မဟုတ်ပါ‌။ သူသည်  လူသားဖြစ်လာရန်အတွက်သာ ထိုမျှလောက်  ကြိုးစားပြီး  ကျင့်ကြံနေခဲ့ခြင်း မဟုတ်လော။

သို့ပေမယ့်  မိုးကြိုးက  ကမ္ဘာပေါ်ရှိ  မည်သည့်နေရာကို  ရိုက်ချလိုက်သည်ဆိုတာ  သူမသိပေ။  သူဘေးဒဏ်ခံရသည့်အချိန်မှာ နွေဦးရာသီ နှောင်းပိုင်းဖြစ်ပြီး ရာသီဥတုကလည်း  အေးမြနေသေးသည်၊ သို့သော်  ဤနေရာသည်  အလွန်ပူသည်၊  ပူအိုက်လာသည့်အခါမျိုးတွင်  သူအရမ်း အိပ်ချင်လာတတ်သည်။

အိပ်ချင်သည့်အခါတိုင်း  သူ၏ခရုခွံထဲသို့  ဝင်ပုန်းကာ အိပ်နေကြဖြစ်၍ ယခုသူ့ခရုခွံလေး  ပျောက်နေသောကြောင့်  သူအိပ်ရန်အတွက် အဆင်မပြေဖြစ်နေသည်။

အပျိုစင်တောထဲရှိ အန္တရာယ်များနှင့်ပတ်သက်သည့်ကိစ္စများကို ကျင်းဝူသည် ဘာမှ စဉ်းစားတွေးတောနေစရာမလိုချေ။

အင်မော်တယ်တစ်ယောက်အနေဖြင့်  ဒီလိုအဆင့်  အန္တရာယ်များက  သူ၏ လုံခြုံရေးကို ထိခိုက်စေရန်  မည်သို့မျှ လုပ်ဆောင်နိုင်စွမ်းရှိမည်  မဟုတ်ပေ။

နတ်ဆိုးလောကတွင် ခရုများသည် စွမ်းအားအဆင့်နိမ့်သာရှိပြီး တိုက်ခိုက်နိုင်သည့် စွမ်းအားများလည်း မရှိချေ။ သို့ပေမယ့် ခရုများတွင် သဘာဝအလျောက် ကောင်းကျိုးများ ရှိပြီး ကာကွယ်နိုင်သည့် စွမ်းအားများသည်လည်း ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။

ကျင်းဝူသည်  ယခုလက်ရှိတွင်  ခရုပုံစံ  ပြန်ပြောင်းလို့မရတော့၍  ကာကွယ်ပေးမည့်  ခရုခွံရှိမနေ‌တော့သော်လည်း သူ့တွင်  နှစ်ပေါင်းထောင်ချီတည်ဆောက်ထားသည့်  ကာကွယ်ရေးစွမ်းအားများ ရှိနေသေးသည်၊ ထို့ကြောင့်  သူ့အတွက် ဘာကမှ ပြဿနာ မဟုတ်ပေ။

ကျင်းဝူသည် သစ်သီးကို နောက်တစ်ကိုက်  ထပ်ကိုက်စားလိုက်ပြီး ခြေဆယ်လှမ်းလောက် ဝေးသည့်နေရာတွင် တိုက်ခိုက်နေသည့် သတ္တဝါနှစ်ကောင်ကို ကြည့်နေသည်။

အနက်ရောင်မြွေကြီးက  သူ၏  အမြီးကို  လှုပ်ရှားလိုက်ပြီး၊  မြေပြင်ပေါ်ကနေ ပြန်ထလာသည့်  ကျားဖြူကြီးကို  ရိုက်ချလိုက်‌သည်။

မြွေအမြီးတွင်  ကြောက်မက်ဖွယ်ကောင်းသည့်  စွမ်းအားများပါဝင်‌နေပြီး၊  လှုပ်ရှားလိုက်သည့်အချိန်၌ လေထဲတွင်ဖြတ်သွားသည့်  စွမ်းအင်စီးကြောင်းကိုပင် ကျင်းဝူ မြင်လိုက်ရသကဲ့သို့ ဖြစ်သည်။

ဟုတ်ပြီ၊ ကျင်းဝူသည်  လတ်ဆတ်သည့်  အသီးတစ်လုံးကို မျိုချလိုက်ပြီး၊  အနက်ရောင်မြွေကြီးကို  အံ့အားသင့်စွာ  ကြည့်လိုက်ကာ သူ၏လက်နှစ်ဖက်ကို  ဖြည်းဖြည်းချင်း  မြှောက်ပြီး  လက်ခုပ်တီး အားပေးလိုက်‌တော့၏။

သူသည်  နှစ်ပေါင်းထောင်ချီ  အသက်ရှင်ခဲ့ပြီး၊  မြွေများသည်  တခြားသားရဲများအား ဘယ်လို  ဖမ်းဆီးသတ်ဖြတ်သလဲဆိုတာကို  အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ မြွေများ၏  တိုက်ခိုက်နည်းများသည် များသောအားဖြင့်  သားကောင်ကို  ခန္ဓာကိုယ်နှင့် ရစ်ပတ်ပြီး  ညှစ်သတ်တာအပြင်၊ အဆိပ်ပါသည့်  သွားများနဲ့  ကိုက်သတ်တာပဲဖြစ်သည်။ သူသည် ယခုကဲ့သို့ မြွေအမြီးနှင့် ရစ်ပတ်ပြီး  ရန်သူကို  ဆွဲမြှောက်သည့်  တိုက်ခိုက်ပုံမျိုးကို  တစ်ခါမှ  မမြင်ဖူးသေးပေ။

အဖြူရောင်ကျားကြီးက မြွေတစ်ကောင်၏အမြီးဖြင့် ခုနှစ် သို့မဟုတ် ရှစ်မီတာလောက်အကွာကို ဆွဲမြှောက်ခံလိုက်ရသောကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

အဖြူရောင်ကျားကြီးမှာ အထိနာသွားပုံပေါက်ပြီး မတ်တပ်ရပ်ရန် ကြိုးစားမှုမှာ အနည်းငယ်နှေးကွေးနေခဲ့သည်။ ထိုအခွင့်အရေးကို အရယူကာ စပါးအုံးမြွေကြီးက လျှပ်စီးလက်သလို အရှိန်ဖြင့် သူ့ဘေးနားကနေ ဖြတ်သန်းသွားပြီး သွေးစွန်းနေသည့် ပါးစပ်ကြီးကိုဟ၍ ကျားကြီး၏လည်ပင်းကို တစ်ချက်တည်း ကိုက်လိုက်‌တော့သည်။ ထို့နောက် မြွေအမြီးကြီးကလဲ ကျားကြီးကို အလျင်အမြန်ပင် ရစ်ပတ်လိုက်ပြန်သည်။

အဖြူရောင်ကျားကြီး၏ နှင်းလို ဖြူ‌ဖွေးနေသည့် အမွှေးအမျှင်များကြားမှ နီရဲ‌နေသည့်သွေးများ စီးကျလာပြီး နာကျင်မှုကြောင့် ကျားကြီးသည် အလွန်ဒေါသထွက်နေခဲ့သည်။

ကျားကြီးသည် ခေါင်းကို ဒေါသတကြီးခါယမ်းပြီး လွတ်နေသည့် ခြေသည်းတစ်ချောင်းဖြင့် လှမ်းကုတ်ကာ တစ်ပြိုင်နက်တည်းမှာပင် အသက်ဆုံးရှုံးသွားစေနိုင်သည့် ကိုက်ချက်ဖြင့်လည်း အမြီးဖြင့်ရစ်ပတ်ခံရခြင်းကနေ လွတ်မြောက်ဖို့ ကြိုးစားလာသည်။

ကျားကြီး လှုပ်ရှားလိုက်တိုင်း မြွေကြီးက ပိုပြီးတင်းကြပ်စွာ ရစ်ပတ်လိုက်ကာ တစ်မိနစ်ခန့် မလွတ်တမ်း ရစ်ပတ်ထားလိုက်သည်။ နောက်ဆုံးတွင် ကျားကြီးသည် လွတ်မြောက်နိုင်စွမ်းမရှိတော့ဘဲ ခေါင်းငိုက်စိုက်ကျသွားပြီး မြွေကြီး၏ကိုယ်ကိုသာ ပြန်ကိုက်နိုင်ရန် ကြိုးစား‌တော့သည်။

သားရဲကြီးနှစ်ကောင်အနက် တစ်ကောင်က မည်းနက်နေပြီး တစ်ကောင်က ဖြူစွတ်နေကာ တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်တွင် ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး ကျားကြီး၏ အာဂေါင်ခြစ်အော်သည့် "ဂါး" ဆိုသည့် အသံကိုသာ  ကြားနေရသည်။

ခဏအကြာတွင် ကျားကြီး၏ခန္ဓာကိုယ်သည် တွန့်လိမ်လာပြီး ဒွါရခုနှစ်ပေါက်ကနေ သွေးများစီးကျလာကာ သေဆုံးသွား‌တော့သည်။

ဤကဲ့သို့ ကြောက်မက်ဖွက် အသက်လုတိုက်ခိုက်ရသည့် သားရဲတိုက်ပွဲကို ခရုငယ်လေးကတော့ အလွန် အံ့သြဖွယ် ကောင်းသည်ဟု ယူဆနေခဲ့သည်။

သူသည် အသီးတစ်လုံးက အသားစိတ်လေးတစ်ဖတ်ကို ကိုက်ဖဲ့စားပြီး အစေ့ကို ပေါ့ပေါ့တန်တန် ပစ်ချလိုက်ကာ နှုတ်ခမ်းစပ်တွင် ကပ်နေသည့် အရည်များကို လျှာနှင့်လျက်ပြီး ကျေနပ်သည့်အမူအရာကို ပြသနေလေသည်။

သူသည် ဒီအပျိုစင်တောအုပ်ကြီးထဲ ရက်အတော်ကြာနေလာခဲ့ပြီဖြစ်၏။ ယဉ်ကျေးသည့်လူ့အဖွဲ့အစည်း၌ ဆယ်စုနှစ်များစွာနေထိုင်ခဲ့သည့် ခရုလေးအတွက်တော့ အင်တာနက်မသုံးနိုင်၊ တီဗီမကြည့်နိုင်၊ ကောင်းကောင်းမအိပ်နိုင်ခြင်းများသည် သူဘဝအတွက်...... မဟုတ်‌သေးဘူး၊ ခရုဘဝအတွက် အလွန်ဆိုးရွားသည့် ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များ၏တိုက်ပွဲကို မျက်မြင်တွေ့လိုက်ရသောကြောင့် ခရုလေးသည် စိတ်သက်သာရာရသွားပြီး လက်ခုပ်တီးပြီး မတ်တပ်ရပ်လိုက်ကာ သူ့ခရီးသူ ဆက်လျှောက်ဖို့ အသင့်ဖြစ်နေ‌လေပြီ။

ဒီအပျိုစင်တောအုပ်ကြီးကနေ သူထွက်သွားရမည်၊ လူသားများနေထိုင်သည့်နေရာကို အမြန်ဆုံးရှာတွေ့မှဖြစ်မည်၊ ပြီးလျှင် သူ့ဆရာ နှင့် ဆက်သွယ်ရမည်။

မဟုတ်လျှင် သူ၏ အားကိုးလို့မရသည့် ဆရာက သူ့ကို စတင်ပြီး ဆက်သွယ်လာမှာမဟုတ်ပေ။ စေတနာနည်းလှသည့် အဖိုးကြီးက သူ(ကျင်းဝူ) လူဖြစ်လာလျှင် သူ့ဆီလာပြီး အကူအညီတောင်းမှာကို စိုးရိမ်နေတာပဲဖြစ်မည်။

ခရုလေးကျင်းဝူသည် နှုတ်ခမ်းကိုစူကာ တွေးတောနေခဲ့သည်။ အမှန်တွင် သူလူဖြစ်လာပြီးနောက် ဘယ်လိုရှင်သန်ရမလဲ ဆိုတာကို သူ အချိန်ကြာမြင့်စွာကတည်းက စဉ်းစားထားပြီးသား ဖြစ်၏။

သူသည် အွန်လိုင်းဆိုင်တစ်ဆိုင် ဖွင့်ကာ ခရုအခွံမျက်နှာဖုံး၊ ခရုအရည် ရေဓာတ်ဖြည့် အရည်၊ ခရုအရည် အဆိပ်ထုတ်ဂျယ်၊ ခရုအရည် ပြုပြင်ရေးခရင်မ်.... စသည်များကို ရောင်းချချင်ခဲ့သည်။

မည်သို့ပင်ဆိုစေ သူ၏ခရုအရည်သည် အလွန်ကောင်းမွန်သည့် အလှအပဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပြီး ပစ္စည်းတိုင်းတွင် တစ်စက်ခန့် ထည့်သွင်းလိုက်ရုံနှင့် အမျိုးသမီးအများစု၏ တစ်ခဲနက် အားပေးမှုကို ရရှိနိုင်မည်ဖြစ်သည်။

သူ၏ အနာဂတ်သည်လည်း ပိုမိုသေချာခိုင်မာ လာလိမ့်မည်ဖြစ်ကာ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ပြီး သူဌေးတစ်ယောက် ဖြစ်လာနိုင်သည်၊ ထို့အပြင် လူ့အဖွဲ့အစည်းနှင့် ပရိသတ်များကြားတွင်ပင် ရေပန်းစားလာနိုင်သေးသည်။

"ဟင့်!"

ကျင်းဝူသည် ခြေလှမ်းစလှမ်းလိုက်သည့်အချိန်၌ ချွန်ထက်သည့်ဆူးတစ်ချောင်းကြောင့် ခြေဖဝါးထိပ်တွင် ဒဏ်ရာရကာ အပွန်းအပဲ့ သေးသေးလေး တစ်ခုဖြစ်သွားရသည်။

လူဖြစ်လာရတာ မကောင်း‌။ ဒဏ်ရာရဖို့ လွယ်ကူလှသည်။ ခရုများသည်တော့ ချွန်ထက်သည့်ဓားပေါ် လမ်းလျှောက်လျှင်ပင် ဒဏ်ရာရမည်မဟုတ်။

ရွှေခရုလေးသည် သူ့အခွံထဲမှ အရည်အနည်းငယ်ကို ယူကာ ဒဏ်ရာအပေါက်ငယ်လေးကို လိမ်းလိုက်သည်။ အပေါက်ငယ်လေးသည် မျက်စိရှေ့တွင်ပင် အလျင်အမြန် ပျောက်ကင်းသွားခဲ့၏။

သူသည် ယခုချိန် ခရုပြန်မဖြစ်နိုင်‌သေးပေမယ့် သူ့တွင် ခရုခွံကတော့ ရှိနေသေးသည်။ သို့ပေမယ့် ယခုအချိန်တွင် သူ့အခွံက သူ့ကျောပေါ်မှာမရှိတော့ဘဲ သူ့ဗိုက်အတွင်းရှိ မမြင်ရသည့်နေရာတွင် ရှိနေ‌လေသည်။

ကျင်းဝူသည် သူ့ခြေထောက်ကို ပတ်ထားရန်အတွက် ကြီးမားသည့် အရွက်များကိုလည်း ရှာဖွေမနေချင်တော့။ ဤနေရာ၏ ရာသီဥတုမှာ အလွန်ပူပြင်းပြီး စိုထိုင်း‌နေသည်။ လေဝင်လေထွက်လဲ မကောင်းသည့်အတွက် သစ်ရွက်များကို သူခြေထောက်ပေါ် အလွှာတစ်ထပ်ပြီးတစ်ထပ်ပတ်ထားမည်ဆိုလျှင် သူနေရတာ အဆင်မပြေဖြစ်လာမည်။ ဘာပဲဖြစ်ဖြစ် သူ၏ မူလခရုအရည်က ဒဏ်ရာကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းသွားစေနိုင်၏။

ကျင်းဝူ မသိလိုက်သည်မှာ သူထွက်သွားပြီး နှစ်မိနစ်ခန့်အကြာ၌ စပါးကြီးမြွေကြီး၏ ရစ်ပတ်မှုကြောင့် သေဆုံးသွားခဲ့သည့် အဖြူရောင်ကျားကြီးသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော ကြောက်စရာပုံစံရှိသည့် အရိုးစုနှင့် ရက်စက်ကြမ်းတမ်းသည့် အကြည့်ရှိနေသော အမျိုးသားတစ်ယောက်အဖြစ် ပြောင်းသွားခြင်းဖြစ်သည်။

ရေမွန်သည် မြွေခေါင်းကို မြှောက်လိုက်ပြီး သူ၏ နက်မှောင်ပြီးအစိမ်းရောင်ရှိသည့် မျက်လုံးများက သေသွား၍ခြောက်နေသည့် သစ်တုံးဘက်သို့ ကြည့်လိုက်သည်။ ပြီးနောက် သူနှင့် မျိုးစိတ်တူ အခြားလူသားတစ်ယောက် မရှိတော့ဘူးဆိုတာကို လဲ တွေ့လိုက်ရ၏။

သူသည် ခဏလောက် အနားယူပြီးနောက် မြွေအမြီးကို ဖြေလျော့လိုက်ပြီး အမြီး၏အဖျားကို အသုံးပြုကာ အလောင်း၏ရင်ဘတ်တွင်ရှိသည့် ခလုတ်ကို ဖွင့်လိုက်သည်။

အမှန်ပင် ၊ ထိုနေရာ၌ ထူးဆန်းသည့် အရုပ်တစ်ခုရှိနေပြီး ပြီးခဲ့သည့်နှစ်ရက်အတွင်း သူသတ်ခဲ့သည့် Orc သုံးယောက်၏ အရုပ်နှင့် အတိအကျတူညီနေသည်။

ရေမွန်သည် သူ၏အမြီးကို အသုံးပြုပြီး အနီးအနားရှိ သစ်ရွက်ထူထူများကို လှည်းကျင်းလိုက်ကာ အလောင်းကို မြှုပ်နှံလိုက်သည်။

လွန်ခဲ့သည့်ခုနစ်ရက်က သူသည် ဇာ့ဂ်ဘုရင်မအား လိုက်ဖမ်းနေစဉ် ရုတ်တရက် စွမ်းအင်များ ပျောက်ဆုံးသွားပြီး သူ၏ ကြွက်သားများနှင့် သွေးကြောများ ပြဲထွက်သွားကာ စွမ်းအား အမှတ်အသားလည်း ပျက်စီးသွားရပြီး ပုန်းကွယ်နေသည့်ကြယ်ပေါ်သို့ ကျသွားရတော့သည်။ သူသည် စွမ်းအား လုံးဝအသုံးပြု၍ မရတော့ဘဲ အသုံးမကျသည့်လူတစ်ယောက် ဖြစ်သွားရ‌လေသည်။

သူ၏သတ္တဝါ ပုံသဏ္ဌာန်က ခြေလက် မပါသည့် မြွေပုံစံဖြစ်တာကြောင့် ကံကောင်းထောက်မစွာဖြင့်  သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ဤသတ္တဝါပုံသဏ္ဌာန်ကို ခဏတာ အသုံးပြုနိုင်သည်။

သူက သစ်ရွက်များနှင့် မြုပ်နေသည့် လူသေကို ကြည့်လိုက်သည်။ အနှီလူကအဆင့် ၄ ရှိသည့် အဆင့်မြင့် Orc တစ်ယောက်ဖြစ်ပြီး သူ၏အစွမ်းက ပြောရလောက်အောင် ကောင်းမနေပေ ။ သာမန်စစ်သားတစ်ယောက်ထက် အားအနည်းငယ် ပိုသန်မာရုံသာရှိသည်။

လွန်ခဲ့သောရက်အနည်းငယ်က ရှိခဲ့သော သူ၏ အဆင့်၈ စွမ်းအားနှင့်ဆိုလျှင် အဆင့်နိမ့်သည့် ဒီပြိုင်ဘက်ကိုအလွယ်တကူ အနိုင်ယူနိုင်ခဲ့မည် ဖြစ်သည်။

ယခုတွင်တော့ သူ၏စွမ်းအ င်အရင်းအမြစ်မှာ ပျက်စီးသွားပြီဖြစ်ပြီး စွမ်းအား အနည်းငယ်လေးကိုတောင် လှုပ်ရှားနိုင်အောင် လုပ်နိုင်ခြင်းမရှိတော့ပေ။

အဆင့်၈ စွမ်းအင်မရှိတော့ဘဲ သားရိုင်းများ၏ ပင်ကိုယ်ဗီဇနဲ့ တိုက်ခိုက်ရေး အတွေ့အကြုံများကိုသာ အားကိုးပြီး အနိုင်ယူရတော့သည်။

ရေမွန်က အလောင်းကို မြှုပ်နှံပြီး မြစ်ငယ်လေးဆီကို ဖြည်းဖြည်းချင်း ရေကူး သွားခဲ့သည်။ မြစ်ထဲက ငါးများ၊ ပုစွန်များကို သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်များကို စားသွားစေချင်သည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည်လည်း လောက်များ တွယ်ကပ်နေပြီဖြစ်သည်။ ဤဒေသ၏ ရာသီဥတုသည် အလွန်ပူပြင်းတာကြောင့် ဒဏ်ရာများက ပိုးဝင်ပြီး ရောင်ရမ်းလာကြသည်။ ထိုအတိုင်းဆက်သွားနေလျှင် တခြားလူများမသတ်ဘဲနှင့်တောင် ဒဏ်ရာများပိုးဝင်ပြီး သူအရင်သေသွားနိုင်၏။

ခရုကောင်လေးကတော့ မြစ်နံဘေးက ကျောက်တုံးပေါ်မှာထိုင်ပြီး ခြေထောက်များကို မြစ်ထဲစိမ်ကာ အေးအေးဆေးဆေးထိုင်ကာ အအေးခံနေသည်။

ငါးလေးတချို့က သူခြေထောက်နားတွင် ရေကူးနေကြပြီး စားစရာရှာနေကြသည်။

စိတ်စွမ်းအားကို အသုံးပြုပြီး ရေညှိပင်လေးတစ်ပင်ကို ရွှေ့လိုက်ကာ ငါးလေးတစ်ကောင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး ရစ်ပတ်လိုက်သဖြင့် ငါးလေးမှာ ကြောက်လန့်တကြားရုန်းကန်ရှာသည်။

ရေညှိပင်က တင်းတင်းကျပ်ကျပ်ရစ်ပတ်မထားတာကြောင့် ငါးလေး ရုန်းကန်ပြီး အကြိမ်အနည်းငယ်အကြာတွင် ရေညှိပင်ထဲက လွတ်သွားပြီး အမြန်ဆုံး ရေကူးကာ ပြေးသွားတော့သည်။

ကောင်ငယ်လေးက ရယ်မောလိုက်ပြီး သူ၏ပါးစပ်ထောင့်ရှိ ချွန်ထက်သည့် ကျားသွားလေးနှစ်ချောင်းကို ပြသလိုက်သည်။

ငါးလေးက သူကိုကြောက်ပြီး ထွက်ပြေးသွားတာကြောင့် ဆော့စရာ ဘာမှမရှိတော့သည့်အတွက် ခရုလေးက မြစ်ထဲကို ဆင်းသွားလိုက်သည်။

ဤနေရာ၏ ရာသီဥတုသည် ပူပြင်းသော်လည်း မြစ်ရေသည်တော့ အေးမြနေသဖြင့် ခရုလေးက ရေထဲကို ခြေလှမ်းအနည်းငယ်လှမ်းကာ တစ်ကိုယ်လုံးရေထဲတွင် စိမ်ကာနေလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment