no

Font
Theme

Orc အင်ပါယာတွင် လက်ရှိ အသုံးပြုနေတဲ့ စွမ်းအင်အမျိုးအစားငါးမျိုးသည် မည်သည့် အမျိုးအစားပင်ဖြစ်ပါစေ အရောင်မရှိသော ဖောက်ထွင်းမြင်နိုင်သော စွမ်းအင်အရည် အကြည်ရောင်များသာဖြစ်သည်။

 စွမ်းအင် အရည်များ ထုတ်လုပ်သောစက်ရုံ၏ အထူးကိရိယာဖြင့်သာ ထိုစွမ်းအင်အရည်များ၏အမျိုးအစားကို ခွဲခြားနိုင်သည်။

သာမန်လူများအနေနဲ့ အပြင်ဘူးခွံ‌ပေါ်ရှိ အမျိုးအစားကို ရေးသားထားသောစာကို မဖတ်ကြည့်လျှင် ခွဲခြားသိရှိ နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ကျင်းဝူက ဒီစွမ်းအင်အရည်က အပြာရောင်ပါ ဟူ၍ ပြောနေသည်။

ရေမွန်က "စွမ်းအင်အရည်က အရောင်မရှိဘူး။ ဖောက်ထွင်းမြင်ရပြီး ကြည်လင်နေတယ်။" လို့ ပြောလိုက်သည်။

ကျင်းဝူက သူ့လက်ထဲက အပြာရောင်ထိုးဆေးကို ကြည့်လိုက်သည်။ ကြည်လင်တဲ့ အပြာရောင်ပါပဲ။ ရေမွန်က ဘယ်လိုလုပ် အရောင်မရှိဘူးလို့ ပြောနေရတာလဲ။

သူက ဘေးနားရှိ သေတ္တာကို ကြည့်လိုက်သည်။ အပြာရောင်ထိုးဆေးများနဲ့ ပြည့်နေသည်။
"ဒါက အပြာရောင် သေချာနေတာကို"

ရေမွန် မျက်မှောင်ကြုတ်သွားသည်။

သိပ်မဝေးတဲ့နေရာမှာ တခြားစစ်သားတစ်ယောက် ဖွင့်ထားတဲ့ သေတ္တာထဲရှိသော စမ်းသပ်သုံးစွဲရန် ထိုးဆေးဘူးတွေက အနီရောင်တွေချည်းပဲ ဖြစ်သည်။

ကျင်းဝူက အဲဒါတွေကို လက်ညှိုးထိုးပြီး "အဲဒီထိုးဆေးဘူးက အနီရောင်တွေ ချည်းပဲ။ ဟိုဘက်မှာ အဝါရောင်ပါတဲ့ သေတ္တာလည်းရှိတယ်"

ကျင်းဝူ လက်ညှိုးထိုးပြီး ပြောလိုက်သည့် သေတ္တာထဲက အနီရောင်အရည် က နံပါတ် ၄ စွမ်းအင်အရည်၊ အဝါရောင်ဘူးက နံပါတ် ၁ စွမ်းအင်အရည် ဖြစ်သည်။

ရေမွန်၏အမြင်တွင် ဒီစွမ်းအင်အရည်တွေက အရောင်မရှိဘဲ ကြည်လင်နေကြသည်။


ဒါက ကျင်းဝူရဲ့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ဘာကိရိယာမှ မသုံးပဲ သာမန်မျက်စိနဲ့ စွမ်းအင်အရည် အမျိုးမျိုးကို ခွဲခြားသိရှိနိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်နိုင်ကြောင်း ရေမွန် ရုတ်တရက် နားလည် သဘောပေါက် သွားသည်။

သူက ကျင်းဝူကိုခေါ်ပြီး တခြားစွမ်းအင်အရည် သေတ္တာတွေဆီ လျှောက်သွားလိုက်သည်။ နံပါတ် ၂ စွမ်းအင်အရည် အမှတ်အသားပါတဲ့ သေတ္တာကို ဖွင့်ပြီး "ဒီထဲမှာ ဘာအရောင်မြင်လဲ" လို့ မေးလိုက်သည်။
ကျင်းဝူက အစိမ်းရောင် ထိုးဆေးတွေနဲ့ ပြည့်နေတဲ့ ဘူးကို ဖွင့်ကြည့်ပြီး "ဒါတွေအကုန်လုံးက အစိမ်းရောင်ပဲ"

ရေမွန်က နံပါတ် ၅ စွမ်းအင် အရည်အမှတ်အသားပါတဲ့ သေတ္တာကို ထပ်ဖွင့်လိုက်တော့ ကျင်းဝူက "ဒါတွေကတော့ မီးခိုးရောင်" လို့ပြော သည်။

ကျင်းဝူ : "ဟေး???? "
ကျင်းဝူက အံ့သြနေဟန်ဖြင့် တုံ့ပြန်မိသွားသည်။
‘ရေမွန်က အခုလေးတင် ဒီစွမ်းအင်အရည်တွေက အရောင်မရှိဘူး၊ ကြည်လင်တယ်လို့ ပြောနေတာ မဟုတ်ဘူးလား?’


ရေမွန်က တကယ်ပဲ အရောင်ကို ခွဲခြားမသိတဲ့ ရောဂါရှိနေတာလား? အရောင်တွေကို လုံးဝ မခွဲခြားနိုင်တာလား?

သူက အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ မီးခိုးရောင် ဒီအရောင် ငါးမျိုးလုံးကို မခွဲခြားနိုင်ပဲ ကြည်လင်တဲ့ အရောင်တစ်မျိုးတည်း ကိုပဲ မြင်နေရခဲ့ရတာပေါ့။ ဒီလောက်ဆိုးဝါးတဲ့ အရောင် မမြင်တဲ့ရောဂါက တော်တော်ကို ဆန်းကြယ်တာပဲ။

ကျင်းဝူက ရေမွန်ကို ဂရုဏာသက်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ရေမွန် က ဒီအရွယ်အထိကို ကြည်လင်တဲ့ လောကတစ်ခုထဲ မှာပဲ နေထိုင်ပြီး ကြီးပြင်းလာခဲ့ရသည် ။ ရောင်စုံလောကကြီးကို တစ်ခါမှ မြင်တွေ့ပြီး မခံစားဖူးဘူး။ တကယ်ကို သနားစရာပဲ။

ဒါ့အပြင် သူသည်လည်း အရောင်မမြင်တဲ့ရောဂါကို မကုသနိုင်ဘူး။ ဒဏ်ရာကိုပဲ ကုသပေးနိုင်တာ။ ရောဂါကိုတော့ မကုသပေးနိုင်ပေ။

ရေမွန်က ကျင်းဝူရဲ့ အမူအရာကို ကြည့်ပြီး အခု ကျင်းဝူ ဘာတွေတွေးနေလဲ သိလိုက်ပြီး သည်။ တိုးတိုးလေး ရှင်းပြလိုက်သည်။ "ငါတစ်ယောက်တည်း အဲ့လိုမြင်တာ မဟုတ်ဘူး။ ကျန်တဲ့သူတွေလည်း အဲဒီလိုပဲ မြင်ရတာ"

ဘာ!
ဒီလောကက လူတွေအားလုံး အရောင်မမြင်နိုင်ကြဘူးလား။
ကျင်းဝူ မယုံကြည်နိုင် ဖြစ်သွားတော့သည်။

ဒီလောကရဲ့ အရောင်ခွဲခြားမှုက ပုံမှန်ဖြစ်သည်မှာ ထင်ရှားပေသည်။ အဘယ်ကြောင့်ဆိုသော် အဝတ်အစားတွေရဲ့ အရောင်တွဲစပ်မှု၊ လမ်းမှာရှိတဲ့ အလှဆင်ပန်းချီကား တွေ၊ မက်ချာတွေရဲ့ အရောင်တွေက အစတဲ့ အရာအားလုံးက အရောင်အသွေး အစုံပင် ဖြစ်သည်။

အဲဒီအချိန်မှာ စစ်သားတစ်ယောက်က စွမ်းအင်အရည် သေတ္တာတစ်လုံး သယ်လာပြီး သူ့ဘေးက ဖြတ်သွားသည်။
ကျင်းဝူက သူ့ကို ရပ်ခိုင်းလိုက်တယ်။ သူ့လက်ထဲက အစိမ်းရောင်ထိုးဆေးကို ခါပြပြီး "ဒီထဲက စွမ်းအင်က ဘာအရောင်လို့ ထင်လဲ" လို့ မေးလိုက်သည်။
စစ်သားက သူ့ကို သံသယဝင်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ ပြီးတော့ ဘေးနားက မာရှယ်ကို ကြည့်လိုက်သည်။ မာရှယ်က ဘာမှ မပြောဘဲနေတာကို တွေ့တော့ "ဘာအရောင်မှ မပါဘူး" လို့ ပြောလိုက်သည်။
ကျင်းဝူ : "..."

ကျင်းဝူက မီးခိုးရောင်ထိုးဆေးကို ထပ်ယူပြီး "ဒါကကော"
စစ်သားက နားမလည်ပေမယ့် "ဘာအရောင်မှ မပါဘူး" ဟု ပြောလိုက် သည်။
ကျင်းဝူ : "..."
ဒီလောကက လူတွေက အရောင်ခွဲခြားမသိတဲ့ရောဂါ ပြင်းပြင်းထန်ထန်ခံစား နေကြရတာပဲ။

ရေမွန်က စစ်သားကို ထွက်သွားရန် လက်ခါပြလိုက်ပြီး ကျင်းဝူကို တိုးတိုးလေး ပြောလိုက်သည်။ "ဒီ အမျိုးမျိုး မတူတဲ့ စွမ်းအင်အရည်တွေက ငါတို့ရဲ့အမြင်မှာ အရောင်မရှိဘဲ ကြည်လင်နေတယ်။ ဒါပေမယ့် တခြား အရောင်တွေကိုတော့ ခွဲခြားမြင်နိုင်ပါတယ်"
ကျင်းဝူ  :  "............ဟမ်?"
ရေမွန်က သူ့ကို ဘေးကို ဆွဲခေါ်သွားပြီး "ဒါက မင်းရဲ့ ထူးခြားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီမှာတော့ ငါတို့က စက်ကိရိယာတွေ သုံးပြီး အမျိုးမတူတဲ့ စွမ်းအင်တွေကို ခွဲခြားကြတယ်"

ကျင်းဝူက သူ့လက်ထဲက စွမ်းအင်အရည်ကို ကြည့်လိုက်သည်။ ဒီစွမ်းအား အရည်တွေရဲ့ အပြင်ဘူးခွံမှာ မော်ဒယ်နံပါတ်တွေ ရေးထားသည်။

ငါးမျိုးသော အရောင်ရှိတဲ့ စွမ်းအင်အရည်တွေကို ပုံစံအမျိုးအစား (၅) မျိုးနဲ့ ခွဲခြားပြီး အမှတ်အသားပြုထားသည်။
ဒီမှာရှိတဲ့ စွမ်းအင်တွေကက သူရင်းနှီးကျွမ်းဝင်တဲ့ ဒြပ်စင်ငါးပါးရဲ့ စွမ်းအင်နဲ့ အတူတူပဲဖြစ်သည်။ ဒါက ငါးမျိုးသော အခြေခံဒြပ်စင်တွေရဲ့ စွမ်းအင်တွေပဲ။

ဒီနေရာက လူတွေက ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုပြီး ခွဲခြားထားတာမျိုး မဟုတ်ဘဲ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဆိုပြီး ခွဲခြားထားတာကိုး။

ကျင်းဝူ   :  "..."
ဒီလို နာမည်ပေးပုံမျိုးက အရမ်းကို ရိုးစင်းလွန်းပြီး တဲ့တိုးဆန်လွန်းသည်။ သူတို့နတ်ဆိုး ဘုရားကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေကြီးကြားက ငါးမျိုးသော အခြေခံစွမ်းအင်တွေကို စုပ်ယူ ကျင့်ကြံကြတာ၊ အားလုံးက ဒြပ်စင် ပုံစံတွေချည်းပဲ။ ဘာအရောင်မှ မရှိဘူး။

သူ မထင်မှတ်ထားတာကတော့ ငါးမျိုးသော အခြေခံစွမ်းအင်တွေကို အရည်အဖြစ် ဖိသိပ်လိုက်တဲ့အခါမှာ အရောင်တွေ ရှိလာနိုင်ခြင်း ဖြစ်သည်။ ကျင်းဝူသည် ဘယ်အရောင်က ဘယ်အခြေခံစွမ်းအင်ကို ကိုယ် စားပြုမလဲဆိုတာ ရုတ်တရက် အတည်ပြုချင်စိတ် ပေါ်လာသည်။

"ကျွန်တော် ဖွင့်ကြည့်လို့ ရမလား"

"ဒီမှာ မရဘူး" ရေမွန်က တိုးတိုးလေး ပြောလိုက်သည်။

စွမ်းအားအရည်ကို ဖွင့်လိုက်ပြီးရင် ချက်ချင်းထိုးရမှာ ဖြစ်သည်၊ မဟုတ်ရင် လေထဲက မသန့်ရှင်းတဲ့ အရာတွေနဲ့ ရောနှော သွားပြီး စွမ်းအားအရည်၏ သန့်စင်မှုကို လျော့ကျသွားစေနိုင်သည်။

ထို့အပြင် စစ်သားတွေက မာရှယ်၏လက်တွဲဖော် က စွမ်းအင်ထိုးဆေးကို ကစားနေတာမျိုး မြင်သွားရင် ကောင်းတဲ့ ပုံရိပ်မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စွမ်းအင်အရည်၏ ဈေးနှုန်းကလည်း သက်သာတဲ့သည် မဟုတ်ပေ။ စစ်ရေးအတွက် သီးသန့်ထုတ်လုပ်တဲ့ စွမ်းအားအရည်က ပိုမိုသန့်စင်အောင် ပြုလုပ်ထားလို့ ပိုပြီးတော့လည်း ဈေးကြီးသည်။

"ငါနဲ့ လိုက်ခဲ့" ရေမွန်က ပြောလိုက်သည်။

ရေမွန်က စစ်တပ်မှာ အမြင့်ဆုံးသောအမိန့်ပေးနိုင်တဲ့သူ ဖြစ်သောကြောင့် သူ့အတွက် သီးသန့်ထားရှိ‌သော သန့်စင်မှုအမြင့်ဆုံး စွမ်းအင်အရည်များ ရရှိလေသည်။ သူက ကျင်းဝူကို သူနေထိုင်ရတဲ့အခန်းဆီ ခေါ်သွားသည်။ "ကိုယ်ဝန်ဆောင်အခန်း" နဲ့ နှိုင်းယှဉ်ရင် ဒီအခန်းက သက်တောင့်သက်သာ မရှိပေမယ့် နေရာကတော့ ပိုကျယ်သည်။

ရေမွန်က ဗီရိုတစ်ခုကို ဖွင့်ပြီး စွမ်းအင်အရည် သေတ္တာတစ်လုံးကို ထုတ်လိုက်သည်။ သေတ္တာပေါ်မှာ "နံပါတ် ၄ စွမ်းအင်အရည်" ဆိုတဲ့ စာလုံးကြီးတွေနဲ့ ရေးထားသည် မြင်နိုင်သည်။

"ဒါက ငါ့အတွက် သီးသန့် စွမ်းအင်အရည် တွေပဲ၊ မင်းဖွင့်ကြည့်လို့ရတယ်"

သူ ပြောပြီးတော့ သေတ္တာထဲက နံပါတ် ၄ ထိုးဆေးတစ်ဘူးကို ထုတ်ယူ လိုက်ပြီး ကျင်းဝူ၏ရှေ့တွင် ထားကာ ဖွင့်ပေးလိုက်သည်။

အစောပိုင်းတွင် ဂိုဒေါင်ထဲ၌ ကျင်းဝူက နံပါတ် ၄ စွမ်းအင်ထိုးဆေးသည် အနီရောင်ဖြစ် သည်ဟု ပြောခဲ့သည်။ ဒါဆို ရေမွန်က နံပါတ် ၄ စွမ်းအင်အရည်ကို အသုံးပြုတာ ဖြစ်ရမည်။

"ဒါက ဘာလဲ?"

ကျင်းဝူက သူ့ရှေ့တွင် ဖွင့်ထားသော စွမ်းအင်ထိုးဆေးကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသောလေသံဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဘာလို့ အပြာရောင် စွမ်းအင်အရည်က ပါလာတာလဲ"

"ဘာ? ဘယ်တစ်ခုလဲ"

ကျင်းဝူက အနီရောင် ထိုးဆေးများ ပြည့်နေသော သေတ္တာထဲမှ အလွန်သိသာနေသော အပြာရောင် ထိုးဆေးကို ထုတ်ယူပြလိုက်သည်။ ရေမွန်က ယူကြည့်လိုက်တော့ ထိုးဆေးပုလင်းပေါ်တွင် "၄" ဟူသော ဂဏန်းကြီးကို ရှင်းရှင်းလင်းလင်း ရေးထားသည်ကို တွေ့လိုက်ရသည်။ အခြား "နံပါတ် ၄ စွမ်းအင်အရည်" ထိုးဆေးပုလင်းများနှင့် ဘာမှ မခြားနားပေ။

သူ့မျက်ခုံးများ တွန့်သွားပြီး "မင်း သေချာလို့လား"

သေချာတာပေါ့။ အနီရောင်ချည်းပဲ အတန်းလိုက်စီ ထားတဲ့အထဲမှာ ရုတ်တရက် အပြာရောင်တစ်ချောင်း ပါလာတာလေ၊ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တာပေါ့။

ကျင်းဝူ ခေါင်းညိတ် လိုက်တာကို မြင်တော့ ရေမွန်၏ မျက်နှာမှာ သိသိသာသာပင် လေးနက်သွားသည်။

ကျင်းဝူက "ဖွင့်ကြည့်လိုက်ရမလား"

ထိုထိုးဆေးသည် တစ်ခါသုံး အမျိုးအစားဖြစ်ပြီး အဖုံးဟူ၍ မရှိ။ ဖွင့်ချင်လျှင် ချိုးရမည်။ ရေမွန်က ထိုးဆေးကို ယူလိုက်ပြီး သူ့လက်မထိပ်ဖြင့် ဖွဖွလေး ချိုးလိုက်ရာ ထိုးဆေးပုလင်းသည် နှစ်ခြမ်းကွဲသွားတော့သည်။

ထိုပုလင်းထဲမှ စွမ်းအင်အရည်၏ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်လာသည်ကို ကျင်းဝူ ခံစားလိုက်ရသည်။

"ဒါ ရေစွမ်းအင်ပဲ!"

ကျင်းဝူ၏ အခြေခံစွမ်းအင်မှာ သစ်သားဖြစ်ပြီး ပုံမှန်အားဖြင့် လေထဲမှ သစ်သားစွမ်းအင်ကို ရယူစုပ်ယူကာ ကျင့်ကြံလေ့ရှိသည်။ သို့သော် ရေသည် သစ်သားကို အကျိုးပြုသကဲ့သို့ ရေစွမ်းအင်သည်လည်း သစ်သားစွမ်းအင်ကို အထောက်အကူပြုသောကြောင့် ရေစွမ်းအင်ကိုလည်း စုပ်ယူနိုင်သည်။ ကျင်းဝူ လက်ကိုဆန့်ထုတ်လိုက်ပြီး ထိုးဆေးထဲမှ ရေစွမ်းအင်ကို ချက်ချင်း စုပ်ယူလိုက်သည်။
စွမ်းအင်အရည်ကို စုပ်ယူခြင်းက လေထဲမှ စွမ်းအင်ကို စုပ်ယူခြင်းသည့် အမြန်နှုန်းထက် အဆများစွာ ပိုမိုမြန်ဆန်သည်။ စွမ်းအားအရည်ဆိုသည်မှာ တကယ့်ကို ကောင်းမွန်သောအရာပင် ဖြစ်လေသည်။

ရေမွန် တစ်စုံတစ်ရာ မပြောနိုင်သေးခင်မှာပင် သူ့လက်ထဲမှ စွမ်းအင်ထိုးဆေးသည် ချက်ချင်း ဗလာဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ ဘာအရာမှ မကျန်တော့ပေ။

"မင်း......."

ကျင်းဝူက စိတ်ကျေနပ်သည့် အပြုံးဖြင့် "ကျွန်တော် စုပ်ယူလိုက်ပြီ။ ဒါ ရေစွမ်းအင်၊ အင်း... ခုဏက ဂိုဒေါင်ထဲမှာ မှတ်သားထားတဲ့ နံပါတ် ၃ စွမ်းအင်ပဲ"

ရေမွန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment