no

Font
Theme



ရေမွန်တစ်ယောက် သူ့ကိုယ်အား ဥခွံထဲရှိ အရည်များဖြင့် ရစ်ပတ်ခံထားရ၍ နွေးထွေးပြီး လုံခြုံနေသလို ခံစားနေခဲ့ရသည်။ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူပျစ်နေသည့် အရည်များနှင့် ပြည့်နေပြီး သူ မသိ‌သောနေရာတစ်ခု၌ ရောက်‌နေသည်အား တွေ့လိုက်ရသည်။ ဤနေရာရှိ အလင်းရောင်သည် အလွန်အားနည်း၍ မှောင်မဲနေပြီး ဘာကိုမှ မမြင်ရသလောက်ပင်ဖြစ်သည်။

ရုတ်တရက် သူ့နားထဲ ရှင်းလင်းသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ "ဟုတ်တယ်၊ ဒါက မာရှယ်ရေမွန်နဲ့ ကျွန်တော့်ရဲ့ သားပေါက်လေးပဲ"

ရေမွန်: "???"

အနှီအသံအား တစ်နေရာရာတွင် ကြားဖူးနေသလို ဖြစ်နေသော်လည်း  သူ့မှတ်ဉာဏ်ထဲ ချက်ချင်း ပေါ်မလာခဲ့ပေ။

ထိုလူ၏ အသံနေအသံထားမှာ အနည်းငယ် ထူးဆန်းနေပြီး စကားပြောနှုန်းကလည်း နှေးနေသည်။

သို့ပေသိ သူပြောသည်ကို နားလည်လို့တော့ ရသေးသည်။ သူပြောသည့် အကြောင်းအရာကို နားလည်လို့ ရသည့်အတွက်ကြောင့်ပင် ထိုစကား၏ အဓိပ္ပါယ်ကို ပိုပြီး နားမလည်နိုင် ဖြစ်သွားရ သည်။

သူ့ရဲ့ သားပေါက်လေး? သူက ဘယ်ကနေ သားပေါက်လေး ရလာတာလဲ? သူက ဘွဲ့ရပြီးတာနဲ့ စစ်တပ်ထဲ ဝင်ပြီး ဘဝကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်ပြီး နည်းဗျူဟာအမျိုးမျိုးကိုပဲ လေ့လာနေခဲ့တာလေ။ မိန်းမတွေနဲ့ တခြားမျိုးစိတ်တွေကို အဆက်အသွယ်လုပ်တာ နည်းလွန်းလို့ သူ့မှာ ဘယ်လိုလုပ် သားပေါက်လေး ရှိနိုင်မှာလဲ?

ရေမွန် ထိုအရာကို စဉ်းစားနေတုန်းမှာပင် သူ့ခန္ဓာကိုယ်၏ မူမမှန်မှုကို သတိထားမိလိုက်သည်။ သူ့တွင် ယရင်က နာကျင်နေသည့် ဒဏ်ရာမ‌ှာ လုံးဝမနာကျင်တော့‌ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြေးခွံများကို ရွှေ့ပြီး သူ့ခန္ဓာကိုယ်ကိုလဲ တွန့်လိမ်ကာ စမ်းသပ်ကြည့်လိုက်သည်။

ရေမွန် အလွန်ပင် အံ့သြသွားရတော့သည်။ သူ၏ အလွန်ဆိုးရွားလှသောဒဏ်ရာများအပြင် ကျိုးသွားသည့် ကျောရိုးနှင့် နံရိုးများကပါ ပြန်ဆက်နေကြပြီ ဖြစ်သည်။

ကျင်းဝူသည် သူ့အခွံလေးထဲမှ ယားယံမှုလေးကို ခံစားလိုက်ရသည်၊ ဤသည်မှာ သူ့ညီလေး သာ့ဟေး နိုးလာပြီဖြစ်သည့်အတွက်ကြောင့် ဟု သူ ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း ယခုချိန်၌ သာ့ဟေးကို ထုတ်၍ မရသေးသည့်အတွက် သူ ခဏလောက် သည်းခံနေရဦးမည်။

ရေမွန့်အတွက် လက်ရှိ ဖြစ်ပျက်‌နေသည့်အရာများက မယုံနိုင်စရာများပင်။ သူ့ဒဏ်ရာများမှာ အလွန်ကို ဆိုးရွားလွန်းလှသည့်အတွက် ဆရာဝန်များက အရိုးများအား ပြန်ဆက်ပေးလိုက်လျှင်ပင် ဤမျှလောက် မြန်မြန် ပျောက်ကင်းသွားဖို့ ဆိုတာ မဖြစ်နိုင်‌ပေ။ သိပ်မကြာခင်မှာပင် ရေမွန်တစ်ယောက် သူ့ဒဏ်ရာများ အဘယ့်ကြောင့်ထူးဆန်းစွာ ပျောက်ကင်း သွားသည်လဲဆိုတာကိုပင် ဂရုမစိုက်နိုင်တော့ချေ။

သူ့ကြွက်သားများနှင့် အကြောများ ပျက်စီးသွားပြီးနောက် ပျောက်ဆုံးသွားခဲ့သော စွမ်းအင်များက သူ့ခန္ဓာကိုယ် အနှံ့တွင် ပျံ့နှံ့နေသည်အား သူသတိထားမိလိုက်သည်။

နောက်ထပ်ထပ်ပြီး....!

ရေမွန့်၏မြွေခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရတော့သည်!

သူ့စွမ်းအင်အရင်းအမြစ်က .......

သူ့စွမ်းအင်အရင်းအမြစ်သည် ၊ လွန်ခဲ့သည့် ရက်အနည်းငယ်က စွမ်းအင်များ အားလံုး ကုန်အောင်သုံးစွဲခဲ့မိသည့်အတွက် ပျက်စီးသွားခဲ့တာဖြစ်သည်။

အဲ့ဒါလဲ ပြန်ကောင်းသွားပြီ!

ထိုပြတ်ရှသွားသည့် သွေးကြောများကလည်း သူ့စွမ်းအင်အရင်းအမြစ်နှင့် ပြန်လည်ချိတ်ဆက်နေပြီ ဖြစ်သည်။

သူ့ စွမ်းအင်အရင်းအမြစ်က ဘယ်တုန်းကမှ မပျက်စီးခဲ့ဖူးသလို၊ သူ့ သွေးကြောများကလည်း ဘယ်တုန်းကမှ မပြတ်တောက်ခဲ့ဖူးသလို အကောင်းအတိုင်း ပြန်ဖြစ်လို့နေသည်။

ရေမွန်သည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များမှာ ပုံမှန်အလုပ်လုပ်နေရုံသာမက သူ့ခန္ဓာကိုယ်ထဲ တိုက်ခိုက်နေသည့် စွမ်းအင် ၂ခု၏ ပြဿနာလည်း မရှိတော့ဘူးဆိုတာကို တွေ့လိုက်ရသည်။ အမြဲတမ်း တည်ငြိမ်ပြီး ယုံကြည်မှုရှိနေတတ်သည့် ရေမွန်တစ်ယောက် ယခုချိန်၌ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရနှင့် သူ့ အမြီးလေးကို လှုပ်ရမ်းမိသွားသည်။

"အယ်" ကျင်းဝူက သူ့ဝမ်းဗိုက်ကို ဖုံးအုပ်ရင်း နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။

"ဘာဖြစ်တာလဲ? တစ်နေရာရာက နေလို့မကောင်းလို့လား?" သူ့ကို စောင့်ကြည့်နေသည့် နရှီဇါဝါက စိုးရိမ်တကြီး မေးလိုက်သည်။ စစ်ဆေးခန်းထဲရှိ တခြားဆရာဝန်များကလည်း သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ ဤမျိုးကွဲလေးမှာ မာရှယ်ရေမွန်၏ အိမ်ထောင်ဖက်ဖြစ်ရုံသာမက အင်ပါယာ၏ သမိုင်းတစ်လျှောက် သူ့ဖခင်နှင့် မျိုးရိုးဗီဇတူညီသည့် ပထမဆုံး သားပေါက်လေးကို လွယ်ထားရသည့်သူမို့ အားလုံးက ဂရုစိုက်နေကြသည်။

ကျင်းဝူက သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးရင်း ပြောလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး၊ ကျွန်တော့်ဗိုက်ထဲက သားပေါက်လေး လှုပ်သွားလို့ပါ"

နရှီဇါဝါ နည်းနည်းရယ်ချင်သွားရသည်၊ Orc များက ဥမှ ပေါက်ဖွားကြတာဖြစ်ပြီး ၊ ဝမ်းဗိုက်ထဲက ဥသည် ရွေ့လို့လှုပ်လို့ မရပေ။ ရေမွန် အမှတ်အသားပေးထားသည့် ဤမျိုးစိတ်မျိုးကွဲမှာ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်တာဖြစ်၍ ဤကဲ့သို့ အခြေခံအချက်များအား မသိတာဖြစ်မည်။ သူ ထိုကောင်လေးအား ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သတ်ပြီး ကောင်းကောင်း ရှင်းပြပေးဖို့ လိုအပ်နေပြီဖြစ်သည်။

"ဝမ်းဗိုက်ထဲက ဥတွေက မလှုပ်ကြဘူး။ ပြီးတော့ မင်းက ကိုယ်ဝန်ရှိတာလည်း သိပ်မကြာသေးဘူး။ ဥလေးတောင် ဖြစ်ဦးမှာ မဟုတ်သေးဘူး"

ကျင်းဝူ : "..."

‘အော် ဒါဆို သူက ဥကို ကိုယ်ဝန်ဆောင်ထားရတာပါလား။ အာ.. မဟုတ်‌သေးဘူး၊ မဟုတ်‌‌သေးဘူးလေ၊ အဲ့ဒါက သူ့ရဲ့ ညီလေး၊ မြွေဆိုးကြီးလေ။’

ကျင်းဝူက အေးအေးဆေးဆေးပဲ ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော့် စိတ်ထင်တာဖြစ်မှာပါ၊ တစ်ခုခု ရွေ့နေသလို ခံစားနေရလို့ပါ”

"ကိုယ်ဝန် အခုမှ ရှိဖူးတဲ့သူတွေက ဒီလိုမျိုး မှားပြီးတွေးတတ်ကြပါတယ်" Orc ဆရာဝန်က ပြောလိုက်သည်။

ထို့နောက် ကိုယ်ဝန်ဆောင်များအတွက် အခြေခံ အသိပညာများ ၊ ဂရုစိုက်ရမည့် အချက်များကို ရှင်းပြပြီး ကျင်းဝူ၏ သားပေါက်လေးအတွက်  ကြယ်စင်စု ဗျူရိုတွင် မှတ်တမ်းတင်ဖို့ အကြံပြုလိုက်သည်။

ရေမွန်တစ်ယောက် အပြင်ဘက်မှ စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်၊ ကော်ရေး၏ အသံကိုပင် သူကြားလိုက်ရသေးသည်။

ထိုအသံများက အရမ်းနီးနီးကပ်ကပ် ကြားနေရသော်လည်း အလွှာတစ်ခုခု ခြားနေပြီးသာ ကြားနေရသကဲ့သို့ဖြစ်နေသည်။ ထို့အပြင် "မာရှယ်ရေမွန်" နှင့် "သားပေါက်လေး" ဆိုသည့် စကားလုံးများက သူ့ကို အလွန် ထူးဆန်းစေသည်။

သူ ဤနေရာမှ ထွက်သွားနိုင်ဖို့ ထွက်ပေါက်ကို ရေကူးပြီး ကြိုးစားရှာဖွေနေ‌သော်ငြား အချိန်အတော်ကြာသည်အထိ ထွက်ပေါက်ကို ရှာမတွေ့ခဲ့ပေ။

ရေမွန်သည် "နံရံ" တစ်လျှောက် ဖြည်းဖြည်းချင်း စမ်းသပ်ပြီး ရှာဖွေနေသည်။ အနှီ "နံရံ" သည် အလွန်ပင် ထူးဆန်းလှသည်။ နွေးထွေးပြီး ပူနေသည်။ ပိုပြီး ထူးဆန်းသည်မှာ ဤနေရာ၏ အောက်ခြေ "မြေပြင်" ဖြစ်၏။ နူးညံ့နေပြီး "မြေပြင်" တွင် ထူထဲသည့် အကျိအချွဲတွေ ရှိနေသည်။

"အယ်"

ကျင်းဝူက နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။ သူ့ညီလေးက အလွန်ဆိုး၏။ နိုးလာလျှင်ပင် ခဏလောက် ငြိမ်ငြိမ်လေး နေနေရမည် မဟုတ်ပါလော။

 

မည်သူမျှ မရှိသည့်အခါတွင်တော့ ကျင်းဝူက သူ့ကို အပြင် ထုတ်ပေးလိုက်မှာဖြစ်သည်။ ဤကဲ့သို့ လှုပ်လှုပ်ရွရွ လုပ်နေလျှင် တစ်ခြားသူများ သတိထားမိ သွားလိမ့်မည်။ သူ့(ကျင်းဝူ)အတွက်လည်း သက်သောင့်သက်သာ မရှိပေ။

တခြားသူများ မသိလိုက်ခင်မှာ ကျင်းဝူ တစ်ယောက် မြန်မြန်ဆန်ဆန်ပင် သူ့အခွံထဲသို့ လက်နှိုက်ပြီး သတိပေးသဘောနှင့် သူ့ညီလေးကို ရိုက်လိုက်သည်။

ရေမွန် "နံရံ" တစ်လျှောက် ဖြည်းဖြည်းချင်း ကူးခတ်နေတုန်း ရုတ်တရက် ကောင်းကင်မှနေ တစ်ခုခု ပြုတ်ကျလာပြီး သူ့နဖူးကို လာရိုက်သလို ခံစားလိုက်ရသည်။

ကြီးလာတဲ့အထိ ဘယ်တုန်းကမှ နဖူးကို လာရိုက်တာ မခံရဖူးတဲ့ မာရှယ်ရေမွန် : "......"

သို့သော်လည်း ခရုခွံအပြင်ဘက်တွင်တော့ ကျင်းဝူ ၊ ကော်ရေးနှင့် နရှီဇါဝါ တို့သည် Orc ဆရာဝန်ပြောသည့် ဤနေရာ(ထုံးကျောက်ဂြိုလ်)ရှိ ကြယ်စင်စု ဗျူရိုတွင် မှတ်တမ်းတင်ရန် ကိစ္စကို မလုပ်ဖြစ်ကြတော့ပေ။ ဤဂြိုလ်သည် ဗဟိုကြယ်စုမှ အလွန်ကွာ‌ဝေးလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်လောက်ကမှ ကြယ်တာရာကွန်ရက်နှင့် စတင် ချိတ်ဆက်ထားတာဖြစ်သည်။ ဗဟိုကြယ်စုနှင့်ယှဉ်လျှင် အတော်လည်း နောက်ကျနေသေး၏။ မာရှယ်ရေမွန်၏  သားပေါက်လေး မှတ်တမ်းဖိုင်သည်  ဤကဲ့သို့နေရာမျိုးတွင် မတည်ဆောက်သင့်ပေ။ ထင်ရှားသောကြယ်ပွင့်များ၏မှတ်တမ်းများ ထားရှိသည့် ဗဟိုကြယ်စုတွင်သာ မှတ်တမ်းတင်သင့်သည်။

မာရှယ်ရေမွန့်ထံတွင် အမွေဆက်ခံဖို့ ဘီလီယံရာချီရှိသေးသည့်အပြင် ဗဟိုကြယ်စု၌ပင် အကောင်းဆုံးကျောင်းများရှိပြီး အကောင်းဆုံးပညာရေးကို ရနိုင်သည်။

ကော်ရေး နှင့် ဆွေးနွေးပြီးနောက်၊ နရှီဇါဝါ က ကျင်းဝူကို သားပေါက်လေးအတွက် ဖိုင် မတည်ဆောက်ခင် ဗဟိုကြယ်စုကို ပြန်သွားဖို့ အကြံပေးခဲ့သည်။

ကျင်းဝူတစ်ယောက် မျက်လုံးများကို လှိမ့်လိုက်မိသည်။ ဤလူနှစ်ယောက်၏ အစီအစဉ်နှင့်ဆိုလျှင် သူ့နေထိုင်ခွင့်ပြဿနာက အလွယ်တကူ ပြေလည်သွားလိမ့်မည်။ ထို့အပြင်၊ ကွယ်လွန်သွားပြီဖြစ်သည့် " မာရှယ်ရေမွန်" မှာ အလွန်ချမ်းသာသူ ဖြစ်ရမည်။ ထို့ကြောင့် အနှီကောင်းမွန်လှသည့် အကြံပြုချက်ကို သူအလျင်အမြန်ပင် လက်ခံလိုက်သည်။



ကြယ်တာရာကွန်ရက်တွင် မာရှယ်ရေမွန့်အတွက် ဝမ်းနည်းကြောင်း သတင်းကြော်ငြာချက်များဖြင့် ကွန်ရက်တစ်ခုလုံး ပြည့်နှက်နေခဲ့‌လေသည်။ ထိုထဲတွင် ဆိုင်ရယ် ဟုခေါ်သည့် မိန်းကလေး Orc တစ်ယောက်လည်း ပါဝင်ပြီး အကြိမ်ကြိမ် ငိုယိုပြီးသည့်နောက် မူးမေ့လဲသွားခဲ့သည်။

သူမက မာရှယ်ရေမွန်၏ စေ့စပ်ထားသူလို့ သူမကိုယ်သူမ ပြောဆိုထားပြီး လက်ရှိတွင် သူမ၏ကိုယ်ဝန်မှာ နှစ်လကျော်ရှိနေပြီဖြစ်သည်။ မာရှယ်၏ ဥများကို မကြာခင်မှာ မွေးဖွားတော့မည်ဖြစ်၏။

သူမသည် ရေမွန် အောင်ပွဲခံပြီး ပြန်လာမည်ကို ပျော်ရွှင်စွာစောင့်ဆိုင်းနေခဲ့ပြီး သူမတို့၏ ကလေးလေးရောက်ရှိလာခြင်းကို ရေမွန်နှင့်အတူတူ ကြိုဆိုရန်  ဖြစ်လေသည်။ သို့သော်လည်း ဝမ်းနည်းဖွယ် သတင်းဆိုးက သူမကို ဦးစွာစောင့်ကြိုနေခဲ့လေသည်။

ဗီဒီယိုထဲရှိ ဆိုင်ရယ်၏ လှပသည့် နဖူးပေါ်တွင် မြွေပုံစံ အမှတ်အသား‌လေးရှိပြီး ဗိုက်လေးကလည်း ဖောင်းနေသည့်အတွက် မကြာခင် ကလေးမွေးတော့မည်ဟုပင် ထင်ရသည်။

ထိုဗီဒီယိုမှာ ကြယ်ကွန်ရက်လိုင်းပေါ်၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့‌တော့သည်။ မာရှယ့်အား နတ်ဘုရားကဲ့သို့ကိုးကွယ်ပြီး မာရှယ်၏ နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံမှုအပေါ် ဝမ်းနည်းကြေကွဲနေသော လူအတော်များများက ဆိုင်ရယ်ကို အင်မတန် စာနာသနားသွားကြသည်။

သူတို့သည် ဆိုင်ရယ်၏ဗီဒီယိုအား အလျင်အမြန်ပင် ပြန်လည်မျှဝေခဲ့ကြသည်။ မကြာခင် ဆိုင်ရယ်၏ဗီဒီယိုမှာ မာရှယ်ရေမွန်၏ စွမ်းအင်များကုန်ခမ်းပြီး ဇာဂ့်ဘုရင်မကို ပြာဖြစ်သွားအောင် ဖောက်ခွဲလိုက်သည့် ဗီဒီယိုနှင့်အတူ ဗီဒီယိုနှစ်ခု အတူတူတွဲကာ ကြယ်ကွန်ရက်လိုင်း‌ပေါ်တွင် ပျံ့နှံ့သွား‌တော့သည်။

ဗီဒီယိုထဲရှိ ဆိုင်ရယ်လို့ခေါ်သည့် အနှီ Orc မိန်းကလေးမှာ အလွန်လှပပြီး မျက်ရည်များဟာလည်း မိုးသီးကြွေကျသလို တပေါက်ပေါက်နှင့် ကြွေကျလာသည့် မြင်ကွင်းမှာလည်း အလွန်ပင် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။

"မာရှယ်နဲ့ စေ့စပ်ထားတဲ့သူက အရမ်းသနားဖို့ကောင်းတာပဲ။”

"ချစ်ရတဲ့သူပြန်လာပြီး လက်ထပ်ဖို့ စောင့်နေခဲ့ပေမယ့် ချစ်ရတဲ့သူကတော့ ဒီလိုဖြစ်သွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ စစ်မြေပြင်ကပြန်လာတဲ့ ချစ်သူရဲ့ အလောင်းကိုပဲ စောင့်နေရတယ်။ ဘယ်သူကမှ ဒီလိုဖြစ်ရပ်မျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူး။"

"ဒီကလေးက မာရှယ့်လိုပဲ ဖြစ်လိမ့်မယ်၊ သန်မာတဲ့ orc  တစ်ယောက် ဖြစ်လာလိမ့်မယ်။"

"မစ္စစ် ဆိုင်ရယ်ရဲ့ ဝမ်းနည်းမှုကို ကျွန်တော်တို့ အားလုံး နားလည်ပါတယ်။ မင်း စိတ်‌တွေခိုင်မာမှရမယ်၊ မင်းရဲ့ ကလေးကို ကောင်းကောင်းမွေးမြူရမယ်။"

ဤကဲ့သို့ ထောက်ခံမှုနှင့် ဆိုင်ရယ်ကို သနားကြင်နာသည့် မှတ်ချက်များကြားတွင် ရံဖန်ရံခါမှာ သံသယဖြစ်ဖွယ် အသံတစ်ချို့ ပေါ်ထွက်လာခဲ့သည်။

"မစ္စစ် ဆိုင်ရယ်၊ ဒီကလေးက မာရှယ် ရေမွန်ရဲ့ ကလေးဖြစ်ကြောင်း သက်သေပြဖို့  ကြယ်စင်စု ဗျူရို ရဲ့ မျိုးရိုးဗီဇစစ်ဆေးချက်ကို ပြသပေးပါ။"

"မာရှယ်ရေမွန်မှာ ဘီလီယံရာနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရှိတာကြောင့် အခွင့်အရေးကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ ၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေကို ကာကွယ်ဖို့  ကြယ်စင်စု ဗျူရို ကထုတ်ပေးတဲ့ မျိုးရိုးဗီဇ ခိုင်မာမှုကို ပြသသင့်ပါတယ်။ မာရှယ်ရေမွန်ရဲ့ ကလေးကို ကိုယ်ဝန်ရှိတယ်လို့ ပြောတိုင်း အမွေဆက်ခံလို့ မရပါဘူး။"

ထိုကဲ့သို့သော သံသယများကြောင့် သဘာဝကျကျပင် အင်တာနက်သုံးစွဲသူ အတော်များများက မကျေမနပ် ဖြစ်ခဲ့ကြသည်။

"မာရှယ် ရဲ့တရားဝင် အချက်အလက်တွေအရ သူက အိမ်ထောင်မပြုရသေးဘူးလို့ ဖော်ပြထားပြီး မာရှယ်ရဲ့စေ့စပ်မှုနဲ့ ပတ်သက်ပြီး မာရှယ်ကိုယ်တိုင်က ဘာသတင်းမှ ထုတ်ပြန်ထားတာ မရှိဘူး။ အခုမှ ရုတ်တရက် စေ့စပ်ထားတဲ့သူ ပေါ်လာတာက သံသယဖြစ်စရာပဲ။"

"အပေါ်ကလူရေ၊ တရားဝင် အချက်အလက်တွေအရ အိမ်ထောင်မပြုရသေးဘူးဆိုတာနဲ့ပဲ စေ့စပ်ထားတဲ့သူ မရှိဘူးလို့ မဆိုလိုဘူး‌လေ။ အဲ့ဒါအပြင် ဒီနေ့ခေတ်မှာ စုံတွဲတိုင်းက အိမ်ထောင်မပြုခင် စေ့စပ်ရမယ်လို့လဲ မဆိုလိုဘူး။ စေ့စပ်ပွဲ မလုပ်ဘဲ တိုက်ရိုက် အိမ်ထောင်ပြုတဲ့သူတွေမှ အများကြီးပဲ။"

"မစ္စစ် ဆိုင်ရယ်က အရမ်းကို စိတ်ဒုက္ခရောက်နေပြီး သနားဖို့ကောင်းနေတဲ့အချိန်မှာ ဒီလို သံသယမေးခွန်းတွေ ထုတ်နေသေးတယ်။ ကိုယ်ချင်းစာတရား နည်းနည်းလေးမှ မရှိကြဘူးလား?!"

"ဒီလို ကိစ္စကြီးကို ဘယ်သူက နောက်ပြောင်‌နေမှာလဲ၊ မာရှယ်ရေမွန်က သူ့ရဲ့သွေးသားကို ချန်ထားရစ်ခဲ့တာက အားလုံးအတွက် နှစ်သိမ့်မှုတစ်ခုပဲ မဟုတ်ဘူးလား။"

"မာရှယ်ရဲ့ အဖေနဲ့ အမေက ဘာမှ မေးခွန်းမထုတ်ဘဲ ငြိမ်နေတာက ဆိုင်ရယ်က မာရှယ်ရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်ကြောင်းနဲ့ ဆိုင်ရယ် ကိုယ်ဝန်ရှိတာ မှန်ကန်ကြောင်း ဖော်ပြနေတာပဲ‌လေ။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment