မာရှယ်ရေမွန်၏အဖော် ကိုယ်ဝန်ပျက်ကျသည့်ကိစ္စအတွက် ကော်ရေးမှာ အပြစ်ရှိသည်ဟု ခံစားနေရသည်။ ကော်ရေး ဘာကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်ကို နရှီဇါဝါ တစ်ယောက် နားမလည်နိုင်ပါပေ။
ထို့ကြောင့် ကော်ရေးသည် နရှီဇါဝ့ါအား ခေါ်ဆောင်ကာ ကိုယ်ဝန်ပျက်ကျပြီးနောက် ကိုယ်ဝန်ဆောင်ခင်ပွန်းသောက်သုံးသင့်သည့် ဖြည့်စွက်ဆေးဝါးများစွာကို သွားရောက် ဝယ်ယူခဲ့ပြီး ကျင်းဝူ၏ အခန်းသို့ တိတ်တဆိတ်ပို့ပေးခဲ့သည်။
ရေမွန်သည် အခန်းထဲတွင် တွေ့လိုက်ရသော အိတ်ကြီးနှစ်အိတ်ကို ယူ၍ ဖွင့်လိုက်စဉ် သူ၏မျက်နှာမှာ မှင်သက်သွားသည်။ ရေမွန် နောက်မှ လိုက်လာသော ကျင်းဝူသည် သူ့ခေါင်းကို ငုံ့ကြည့်လိုက်ပြီး ရေမွန်လက်ထဲက သရေစာအိတ်ကြီး နှစ်အိတ်ကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများ တောက်ပသွားသည်။
ကျင်းဝူသည် မိုးကြိုးကပ်ဘေးမတိုင်ခင်က လူသားပုံစံသို့ ပြောင်းလဲပြီးနောက် လူသားအစားအစာများကို စားသုံးကြည့်ရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။ သူ ဤကမ္ဘာသို့ ပထမဆုံး ကူးပြောင်းလာကစ ရက်အနည်းငယ်အတွင်း သစ်တောထဲရှိ သစ်သီးများကိုသာ စားခဲ့ရသည်။
ယခု သရေစာအိတ် နှစ်အိတ်သည် သူ့ရှေ့တွင် ပေါ်လာသောအခါ ကျင်းဝူသည် သူ၏တံတွေးကို မသိမသာ မျိုချလိုက်မိသည်။
သူသည် ကော်ရေးကို အလွန်အမင်း ထိန်းချုပ်ထားသော အပြုံးဖြင့် “ကျေးဇူးပဲ ကော်ရေး” ဟု ပြောလိုက်သည်။ ကျင်းဝူ စကားပြောပြီးနောက် ရေမွန်လက်ထဲမှ အိတ်များကိုယူကာ သယ်သွားလိုက်သည်။
ကော်ရေးသည် စကားပြောရန် တွန့်ဆုတ်နေပုံဖြင့် ဆက်ရပ်နေသည်။ ရေမွန်က “ဘာကိစ္စရှိသေးလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။ ကော်ရေးက “မာရှယ်ရဲ့သားပေါက်လေးကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းပါဘူး” ဟု တိုးတိုးလေးပြောလိုက်သည်။
ရေမွန်၏ စူးရှထက်မြက်သောအကြည့်များက ကော်ရေးကို လွှမ်းမိုးသွားသည်။ ကော်ရေး ထိုအကြည့်ကို သတိမပြုမိဘဲ “တကယ်ပဲ နှမြောစရာပဲ။ ကလေးငယ်လေးက မာရှယ်ရဲ့ မျိုးရိုးဗီဇနဲ့ တစ်ထပ်တည်းပဲ။ဒါက မျိုးရိုးဗီဇပညာရပ်မှာ အံ့ဖွယ်အခြင်းအရာတစ်ခုပဲ” ဟု ပင့်သက်များ ရိုက်ကာ ပြောနေလေသည်။
ရေမွန်သည် သူ၏မေးရိုးများကို အနည်းငယ် တင်းတင်းစေ့ထားသည်။ ကော်ရေးက “မာရှယ်၊ မင်း မလုပ်သင့်ဘူး။ ကိုယ်ဝန်က ရက်အနည်းငယ်ပဲရှိသေးတယ်။ ဒါက အတည်ငြိမ်ဆုံးအချိန်မဟုတ်သေးဘူး။ မာရှယ်ရဲ့ ထိုးနှက်ချက်နဲ့ ဖိအားတွေကို ဘယ်လိုလုပ် ခံနိုင်ဦးမှာလဲ” ဟု တိုးတိုးလေး ဆက်ပြောနေသည်။ ရေမွန်က သူ့ အံသွားများကို ဖိကြိတ်လိုက်သဖြင့် အံကြိတ်သံတိုးတိုးလေး ထွက်လာ၏။
ထိုအခါမှ ကော်ရေးသည် မာရှယ်၏ မျက်နှာအမူအရာကို မြင်တွေ့သွားပြီး မာရှယ်က သူ့ကိုယ်သူ အပြစ်တင်နေသည်ဟု ထင်မြင်သဖြင့် “အရမ်း မဝမ်းနည်းပါနဲ့၊ မင်းက အခုထိငယ်ရွယ်သေးတယ်၊ အနာဂတ်မှာ ကလေးတွေအများကြီးရလာဦးမှာပါ။ သူတို့အားလုံးက မင်းရဲ့ အားကောင်းတဲ့ မျိုးရိုးဗီဇတွေကို အမွေဆက်ခံရမှာပါ။ မင်းရဲ့ မျိုးရိုးဗီဇနဲ့ တစ်ထပ်တည်းပဲ” ဟု သူ့ကို နှစ်သိမ့်ပြောဆိုလိုက်သည်။
“ဒုန်း!”
ကော်ရေး ရပ်နေသော နေရာ ရှေ့ရှိ တံခါးမှာ ပိတ်သွားပြီး သူ၏ ပေါ်လွင်လှသောနှာတံချွန်ကို တံခါးဖြင့် ရိုက်မိ လုနီးပါးဖြစ်သွားတော့သည်။ ကော်ရေးမှာ အချိန်အတန်ကြာ မှင်သက်နေပြီးမှ ဝမ်းနည်းစွာ သက်ပြင်းချ လိုက်သည်။ မာရှယ်လည်း ဝမ်းနည်းနေမည်မှာ သေချာသည်။
ရေမွန်သည် အခန်းတံခါးကို ကော်ရေးရှိရာ အပြင်ဘက်ခြမ်းသို့ စောင့်ပိတ်လိုက်ပြီး အခန်းထဲသို့ ဝင်လာသောအခါ ကျင်းဝူသည် ခုဏက သူ့ထံမှ ယူသွားသော အိတ်ကိုဖွင့်ကာ စားသောက်နေသည်ကို တွေ့လိုက်ရသည်။
ကျင်းဝူသည် ညဘက်တွင် အစားအသောက်များများ စားလေ့မရှိသော်လည်း ယခုအိတ်ထဲရှိ သရေစာများသည် အခြောက်ခံထားသောသစ်သီးများနှင့် အရောင်အမျိုးမျိုးရှိသော အာဟာရဖြည့် သစ်သီးများဖြစ်သည်။ ၎င်းတို့အားလုံးသည် ကျင်းဝူ အကြိုက်ဆုံးသော အရာများပင်ဖြစ်သည်။
သူသည် အိပ်ရာပေါ်တွင် လှဲလျက် စားနေပြီး နရှီဇါဝါ ပေးလိုက်သော ကိုယ်ဝန်ဆောင် အမျိုးသမီးသင်ခန်းစာကို နားထောင်ရန် တာမင်နယ်ကိုဖွင့်ထားသည်။
ရေမွန်လည်း တာမင်နယ်မှ ကြားနေရသော ကိုယ်ဝန်မရအောင် ကြိုတင်ကာကွယ်မှု အမျိုးမျိုးအကြောင်းကို နားထောင်နေပြီး မရည်ရွယ်ဘဲ ကျင်းဝူ၏ဝမ်းဗိုက်ကို ကြည့်လိုက်မိသည်။ ထို့နောက် သူသည် သူ၏အကြည့်ကို တဖန် မြန်မြန် ပြန်လွှဲလိုက်သည်။
ရေမွန်သည် ကျင်းဝူက ဤကိုယ်ဝန်ဆောင်အမျိုးသမီး သင်ခန်းစာကို နားထောင်နေခြင်းမှာ ဤကမ္ဘာရှိ ဘာသာစကားကို သင်ယူလို၍ဖြစ်မည်မှန်း သူခန့်မှန်းမိလိုက်သည်။
ရေမွန်က သူ၏လည်ချောင်းကို အနည်းငယ်ရှင်းလိုက်ကာ “ဒီမှာရှိတဲ့ စကားလုံးတွေကို သင်ချင်ရင် ငါသင်ပေးနိုင်ပါတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။
ကျင်းဝူသည် မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူမသိသော အခြောက်ခံထားသည့် သစ်သီးတစ်လုံးကို စားပြီး ရေမွန်ကို လက်ယမ်းပြလိုက်ကာ “ဒီကိုလာခဲ့၊ ငါတို့ အရင်ဆုံး စကားပြောရအောင်” ဟု ပြောလိုက်သည်။
ရေမွန်သည် တည်ငြိမ်စွာ လျှောက်သွားပြီး အနီးဆုံးထိုင်ခုံကိုရှာကာ ထိုင်လိုက်သည်။ သူ၏ထိုင်ပုံသည် ရွှေဓားကိုင်ဆောင်ထားသော မြင်းစီး သူရဲကောင်းတစ်ဦး ကဲ့သို့ဖြစ်ပြီး သူ၏လက်များကို ဒူးပေါ်တွင်တင်ထားကာ စစ်သားတစ်ဦး၏ တည်ငြိမ် လေးနက်သော စိတ်နေစိတ်ထားကို ပီပြင်စွာ ဖော်ပြထားသည်။
ကျင်းဝူသည် ထိုင်လိုက်ပြီး ရေတစ်ငုံသောက်ကာ အိပ်ရာမှ ခြေဗလာဖြင့် ဆင်းလာပြီး ရေမွန်ရှေ့တွင်ရပ်ကာ သူ၏နဖူးကို လက်ညှိုးထိုးလိုက်သည်။
ရေမွန်သည် မျက်ခွံများကို နှိမ့်ချလိုက်ရာ ကျင်းဝူ၏ ခြေထောက်ဖြူဖြူလေးများက သူ၏မျက်စိရှေ့တွင် ပေါ်လာသည်။ ကျင်းဝူသည် ခြေဗလာဖြင့်နေရသည်ကို နှစ်သက်ပုံရသည်။
သူတို့ သစ်တောထဲတွင် ပထမဆုံးတွေ့ဆုံချိန်က ကျင်းဝူသည် ခြေဗလာဖြစ်သည်။ မနေ့ညကလည်း ကျင်းဝူသည် မြေပြင်ပေါ်တွင် ခြေဗလာဖြင့် လျှောက်သွားနေသည်။
သူ၏နဖူးမှတဆင့် ရင်းနှီးသော စွမ်းအင်တစ်ခုသည် ဝင်ရောက်လာပြီး သွေးကြောများနှင့် သွေးလွှတ်ကြောများ တစ်လျှောက် ခြေလက်များဆီသို့ ညင်သာစွာစီးဆင်းသွားကာ နောက်ဆုံးတွင် သူ၏စွမ်းအင်အရင်းအမြစ်သို့ စုစည်း ဝင်ရောက်သွားသည်။
ကျင်းဝူသည် သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး “ဟုတ်တယ်၊ ဒါက သာ့ဟေးပဲ။ အတုမဟုတ်ဘူး” ဟု ပြောလိုက်သည်။
ရေမွန် : “…....”
ကျင်းဝူသည် အိပ်ရာပေါ်သို့ ပြန်တက်ထိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည် “ပြောပါဦး၊ ဘာကိစ္စလဲ”။ သူစကားပြောနေရင်းပင် အခြောက်ခံထားသော သစ်သီးတစ်လုံးကိုယူကာ ဝါးစားလိုက်သည်။
ရေမွန်သည် ခဏစဉ်းစားလိုက်ပြီး ကျင်းဝူထံမှ ဖုံးကွယ်ထားရန် ဘာမှမရှိသောကြောင့် သူတို့ စတွေ့သည့် အပျိုစင်တောအုပ်မှ စပြီး ယခုအထိ အဖြစ်အပျက်များနှင့် အခြေအနေများကို အကျဉ်းချုံးရှင်းပြလိုက်သည်။
ကျင်းဝူ ခေါင်းညိတ်ပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် "မင်းရဲ့ရာထူးက အရမ်း မနိမ့်ဘူးမလား။ ငါမင်းကို အကူအညီ တောင်းစရာလေး ရှိလို့" ဟု မေးလိုက်သည်။
ဒီနေရာက "မာရှယ်" ဆိုတဲ့ရာထူးက ကမ္ဘာပေါ်က ဘယ်လိုရာထူးနဲ့ ညီမျှမှန်း သူမသိသေးပါ။
ဒါပေမယ့် ဒီနေ့ ရေမွန့်ရဲ့ဟန်ပန်အမှုအယာတွေကို ကြည့်ရတာ သူက အတော်လေး အာဏာရှိပုံပေါ်သားပဲ။
ဒီလို အာဏာရှိတဲ့ လူမျိုးက သူ့ရဲ့ နောက်လိုက်လေး ဖြစ်လာဖို့ မလွယ်ဘူး။
ဒါပေမယ့် သူက ရေမွန့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် မိတ်ဆွေတော့ဖြစ်လို့ရတယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ရင် မိတ်ဆွေတွေ အချင်းချင်း ကူညီတာက မှန်တယ်မလား။
ရေမွန်က မသိမသာ ကျောကိုမတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် "မင်းဘာလိုချင်လဲ ပြောပါ"
ကျင်းဝူက "ဒီမှာ ငါ့အတွက် အကောင့်တစ်ခု လုပ်ပေးလို့ရမလား" ဟု ပြောလိုက်သည်။
ရေမွန်: "…...."
ရေမွန် ခေါင်းညိတ်ပြလိုက်တော့ ကျင်းဝူ ပြုံးသွားသည်။
သူက ရေမွန်ဆီ လျှောက်သွားပြီး ပုခုံးကို ပုတ်ကာ "ဒီနေ့ကစပြီး မင်းက ငါ့သူငယ်ချင်းပဲ" ဟု ပြုံးပြီးပြောလိုက်သည်။
ရေမွန်: "…...."
"နောက်ကို ဒဏ်ရာတွေ ထပ်ရရင် ငါ့ဆီလာခဲ့၊ ငါ အခမဲ့ကုသပေးမယ်"
ရေမွန်က ကျင်းဝူ၏ မျက်နှာပေါ်ရှိ ကြည်လင်လှသော အပြုံးကို ငြိမ်သက်စွာ ကြည့်နေလိုက်သည်။
"မင်းမိတ်ဆက်ပေးလာတဲ့ သူငယ်ချင်းဆိုရင်တော့ မျက်နှာသာပေးတဲ့အနေနဲ့ ၁၀ ရာခိုင်နှုန်း လျှော့ပေးမယ်"
ကျင်းဝူက ခုနက ရေမွန်၏ အဖြစ်အပျက်ကို ကြားပြီး ရေမွန့်ရဲ့ မိစ္ဆာအမြူတေ... မဟုတ်သေးဘူး၊ ဒီမှာကလူတွေက " မိစ္ဆာအမြူတေ " ကို "စွမ်းအင်အရင်းအမြစ်" လို့ခေါ်ကြတာကို သဘောပေါက်သွားတယ်လေ။
အဲ့ဒီ "စွမ်းအင်အရင်းအမြစ်" ကွဲသွားပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အကြောအချဉ်တွေ ပျက်စီးသွားပြီး တစ်သက်လုံး အကြောသေကာ မလှုပ်ရှားနိုင် ဖြစ်သွားရတယ်တဲ့။
အနှီ စွမ်းအင်များ ကုန်ဆုံးကာ ဖြစ်ပေါ်လာသော "စွမ်းအင်ပေါက်ကွဲမှု" က "စွမ်းအင်အရင်းအမြစ်" ကွဲသွားရသည့် အကြောင်းရင်းဖြစ်ပြီး "စွမ်းအင်ပေါက်ကွဲမှု" မှာ ဤကမ္ဘာရှိ မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုပင် ဖြစ်သည်။ ဘယ်သူမဆို ထို"စွမ်းအားပေါက်ကွဲမှု" ဖြစ်နိုင်ခြေ ရှိနေကြသည်။
ကျင်းဝူတို့ ခရုမျိုးနွယ်များ၏ ကုစားနိုင်စွမ်းအတွက်ကတော့ "စွမ်းအင်အရင်းအမြစ်" ဒါမှမဟုတ် တခြားတစ်ခုခုကို ပြုပြင်ဖို့ဆိုသည်မှာ ပြဿနာ မဟုတ်ပါပေ။
ဤရောဂါကို ကုသဖို့ ဆေးရုံတစ်ခု ဖွင့်နိုင်မည်ဆိုလျှင် အသားအရေပြုပြင်သည့် အရည်မျက်နှာဖုံးများကို အွန်လိုင်းဆိုင်မှာ ရောင်းပြီး ပိုက်ဆံရှာရသည်ထက်ပင် ပိုမိုလွယ်ကူလိမ့်မည်။ ကျင်းဝူ သူ့မေးစေ့ ကို ထိကိုင်ကြည့်ပြီး ငွေရှာနည်းတစ်ခု ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။
ရေမွန်၏ မျက်နှာထားကတော့ လေးနက်သွားသည်။ ဘာသာစကား အခက်အခဲများကြောင့် သူက "စွမ်းအင်ပေါက်ကွဲမှု"၊ "စွမ်းအင်အရင်းအမြစ်ကွဲခြင်း" စသည်များကို ရိုးရိုးရှင်းရှင်းပဲ ပြောပြခဲ့ခြင်းဖြစ်သည်။
ကျင်းဝူက "ပျက်စီးနေသည့် စွမ်းအင်အရင်းအမြစ်များကို ပြုပြင်နိုင်စွမ်း" သည် ဤကမ္ဘာတွင် ဘယ်လောက်ထိ အံ့ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုလဲ ဆိုသည်ကိုပင် မသိသေးပါချေ။
ယခုချိန်၌ နည်းပညာများ တိုးတက်လသည်နှင့်အမျှ သန့်စင်သော စွမ်းအင်ကို ထုတ်ယူနိုင်မှုက ပိုမိုမြင့်မားလာပြီး Orc များက အလွန်သန့်စင်သော စွမ်းအင်ကို အသုံးပြုကာ သူတို့၏စွမ်းရည်များကို ပိုမိုမြန်မြန်ဆန်ဆန် မြှင့်တင်နေကြသည်။
Orc အင်ပါယာက စွမ်အားအဆင့် မြင့်မားခြင်းကို ထောက်ခံ အားပေးသောကြောင် Orc များ၏ စွမ်းအားအဆင့် မြင့်လေလေ အလေးထားကာ အရေးပေးခြင်းကို ပိုခံရလေလေဖြစ်သည်။
သို့သော်လည်း Orc များ၏ စွမ်းအားအဆင့် ဘယ်လောက်ပဲမြင့်ပါစေ "စွမ်းအင်ပေါက်ကွဲမှု”၏အန္တရာယ်ကိုတော့ ရှောင်လွှဲလို့မရပါချေ။ ကျင်းဝူ၏ တည်ရှိမှုက Orc တိုင်းကို ခြိမ်းခြောက်နေသော ဒီကြီးမားသည့်အန္တရာယ်ကို သုညအထိ လျှော့ချနိုင်စွမ်း ရှိနေသည်။
ကျင်းဝူ၏ စွမ်းရည်ကို တစ်ချိန်ချိန်မှာ သိသွားကြလျှင် ဂလက်ဆီတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်သွားမှာ သေချာပြီး ကျင်းဝူက အင်အားစုအားလုံး၏ အပြိုင်အဆိုင် ရယူလိုသော ပစ်မှတ်တစ်ခု ဖြစ်လာမှာ သေချာသည်။
ရေမွန် သည် ဒူးပေါ်၌တင်ထားသည့် သူ့လက်မျကို တဖြည်းဖြည်းနှင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
သူထိုကဲ့သို့အဖြစ်မခံနိုင်ပေ။