ကျင်းဝူသည် မနက်မိုးလင်းမှသာ ပုံမှန်အတိုင်း နှိုးလာခဲ့သည်။ ထို့နောက် ရေချိုးသန့်စင်ပြီး အခန်းထဲမှထွက် ဖြည်းညှင်းစွာ ထွက်လာသောအခါ ခြံဝင်းထဲရှိအာကာသယာဥ်ကို မျက်စိရှေ့ဝယ် အထင်းသား မြင်လိုက်ရသည်။
သူ၏မျက်ဝန်းအစုံများ တလတ်လတ်တောက်ပသွားပြီး ''ဒီအာကာသယာဥ်က အရမ်းခမ်းနား ပြီးလှပတာပဲ'' ဟုပြောသည်။
ယောက်ျားလေးများသည် မိမိုက်သောအရာများနှင့်ပတ်သတ်လျှင် ရူးသွပ်သောခံစားချက်များ ရှိတတ်ကြ စမြဲပင်။
ကျင်းဝူ လူသားအသွင် မပြောင်းလဲခင်တုန်းကပင် အင်တာနက်ပေါ်မှ စူပါကားကို အလွန်ပင် ပိုင်ဆိုင်ချင် ခဲ့ဖူးသည်။ ထို့ကြောင့် သူလူ့အသွင် ရပြီးနောက်တွင် ကိုယ်တိုင် ငွေရှာကာ စုဆောင်းပြီး ထိုကားမျိုး တစ်စီးလောက် ကိုယ့်ကိုယ်ကို ဆုချီးမြှင့်ဦးမည်ဟုပင် စိတ်ကူးရှိခဲ့သည်။
ယခုတော့ သူ၏ရှေ့က အာကာသယာဥ်နှင့် နှိုင်းယှဥ်လိုက်သော် စူပါကားသည် ခလုတ်ဖုန်းဟောင်း နှင့် မျက်နှာပြင်ပြည့် စမတ်ဖုန်းကို ယှဥ်ကြည့်ရသလိုပင် ဖြစ်နေသည်။
ရေမွန် ထိုယာဥ်ပေါ်မှ ဆင်းလာသည့်အခါ တလတ်လတ် မျက်ဝန်းများနှင့် ကြည့်နေသော ကျင်းဝူကို တွေ့လိုက် ရသည်။
ယနေ့မနက်ခင်းတွင် ကျင်းဝူ အပေါ်ထပ်ဝတ်စုံ ကိုပင် မဝတ်ထားဘဲ နို့နှစ်ရောင် လက်ရှည်ဆွယ်တာ အင်္ကျီတစ်ထည်ကိုသာ ဝတ်ထားလေသည်။
ထိုအင်္ကျီသည် သာမန်ပုံစံမျှသာ ဖြစ်သော်လည်း ကျင်းဝူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။
ကျင်းဝူ၏ အင်္ကျီအောက်ရှိ အလွန် သေးသွယ်လှသောခါးကို မြင်နေပြီး ထိုခါးလေးသည် ဧကန်အမှန်ပင် အလွန်သေးသွယ်လှပြီး အဘယ်သို့များ ယခုလောက်သေးသွယ်လှသော ခါးနေရှိ ဗိုက်လေးထဲသို့ သူ၏ ကြီးမားလှသောမြွေ ခေါင်းကို မည်သို့ ထည့်သွင်းခဲ့သည်ကို သူစဥ်းစားနေမိသည်။
ရေမွန်သားရဲ အဖြစ်သို့ပြောင်းသွားသည့်အခါ မီတာ သုံးဆယ်နီးပါးလောက် အရှည်ရှိပြီး ထောင်နှင့်ချီသော အလေးချိန်ရှိသည်။ ထိုဗိုက်လေးထဲတွင် သူ့ကိုထည့်ရန် ဝင်ဆံ့သည့်အပြင် နောက်ထပ် အလွန် ကျယ်ပြန့်သော နေရာလွတ်သည်လည်း ထပ်ရှိနေသေးသည်။
သူအထဲတွင် လက်ပစ်ကူး၍ ရေကူးရန်ဆန္ဒရှိလျှင်ပင် ကူးနိုင်သေးသည်။
အကယ်၍ အခွင့်အရေးရပြီး သူ ထပ်ပြီးသာ ဝင်နိုင်ခဲ့လျှင် ....
“သာ့ဟေး သာ့ဟေး ရေမွန်”
ရေမွန် အသိစိတ်များ ပြန်ဝင်လာပြီး ''ဟမ်? ဘာလဲ?''
သူ၏ပါးပြင်များ ပူနွေးလာကာ 'ငါခုနက ဘာတွေ တွေးနေမိပါလိမ့် !' ဟု ရှက်ရွံ့နေမိသည်။
ကျင်းဝူသည် ''ငါတို့တွေ ဒီယာဥ်ကြီးနှင့် သွားကြမှာလား ''ဟုရယ်ရင်း မေးလိုက်သည့်အခါ
သူခေါင်းငြိမ့်ပြပြီး တခဏလောက် ရပ်လိုက်ပြီး တိုးညှင်းသည့် အသံဖြင့် '' မင်းတက်လာပြီး ကြည့်ချင်လား'' ဟု မေးလိုက်သည်။
''ကောင်းပြီ'' ဟူသည့် ကျင်းဝူ၏အဖြေကို သူကြားသည့်အခါ စက်လှေကားရှိရာသို့ သူအရင်တက်သွားလိုက်သည်။
ယာဥ်တံခါးဝသို့ အရောက်တွင် သူတစ်ခုခုကို စဥ်းစားမိသွားကာ ကျင်းဝူကို ပြန်လှည့်ကြည့်ပြီး ခဏတာ တွန့်ဆုတ်၍ လက်တစ်ဖက်ကို ဆန့်ထုတ်ပေးခဲ့သည်။
ကျင်းဝူတစ်ယောက် ရယ်ကာ ''မလိုဘူး မလိုဘူး'' ဟု ပြောသည်။
စက်လှေကားသည် မတ်စောက်သည်မှာ အမှန် ဖြစ်သော်လည်း သူမတက်နိုင်လောက်သည် အထိတော့ မဟုတ်ခဲ့ပေ။
အာကာသယာဥ်အတွင်းသို့ ဝင်ရောက်ပြီးသည့်အခါ ရေမွန်၏ဦးဆောင်မှုအောက်တွင် အဓိကထိန်းချုပ်ခန်း ၊ဧည့်သည်ခန်း၊ ပြုပြင်ထိန်းသိမ်းရေးအခန်း စသည်တို့ကို လှည့်ပတ်ကြည့်ရှု ပြီးနောက် ထိုအာကာသယာဥ်၏ ဇိမ်ခံပစ္စည်းတို့သည် ကျင်းဝူကို ပိုက်ဆံ ရှာချင်စိတ်များ ပိုရှိလာအောင် နှိုးဆော်ပေးနေသည့် သဖွယ် ဖြစ်ခဲ့တော့သည်။
အစာစားပြီးနောက် ဗဟိုကြယ်သို့ တရားဝင် ခရီးထွက်ခဲ့ကြပြီး ရေမွန်သည် လမ်းတစ်လျှောက် နိုးနိုးကြားကြားနေရန် ကော်ရေးအား အမိန့်ပေးလိုက်သည်။
သူတို့ ယခုတစ်ခေါက် ဗဟိုကြယ်သို့ ပြန်ရာ၌ ယာဥ်အတွင်းတွင် ကိုယ်ဝန်ဆောင်ခင်ပွန်းအတွက် ဂိုဒေါင်အဆောင် ထားရှိသည့်အပြင် ပုန်းကွယ်ထားနိုင်သော အစီအမံတစ်ခုလည်း ထပ်ရှိနေသေးသည်။
သူ အသက်ဆက်ရှင် နေသေးသည်ကို သိသည့်သူ အနည်းငယ်မျှလောက်သာ ရှိပြီး နောက်ကွယ်က လူများသည် သူ့ကို သေစေနေကြခြင်း ဖြစ်သည် ။
အကယ်၍ သူအာကာသယာဥ်နှင့် ဗဟိုကြယ်သို့ပြန်လာသည်ကို သူတို့သိသွားလျှင် နောက်ကွယ် လူများ သတိထားမိသွားမည် ဖြစ်သည်။
သို့သော်လည်း ရေမွန်တစ်ယောက် စိတ်မတင်မကျဖြစ်နေခဲ့သည်။
သူ ထိန်းချုပ်ခန်းထဲမှ ထွက်လာပြီး ဂိုဒေါင်ခန်းသို့ သွားကြည့်ရန် အသွား ကိုယ်ဝန်ဆောင်အခန်းသို့ ဖြတ်သွားချိန်တွင် သူ၏ခြေအစုံများ ရပ်တန့်သွားခဲ့သည်။
နရှီဇါဝါသည် ထုံးကျောက်ဂြိုလ်တွင် အလုပ်ကိစ္စများမပြီးဆုံးသေးသည့်အတွက် သူတို့နှင့်အတူ ဗဟိုကြယ်သို့မလိုက်ခဲ့ပေ။
ယခု ယာဥ်ပေါ်တွင် ကျင်းဝူကလွဲ၍ Orcများသာ ရှိကြသည်။
သူ၏လက်အောက်မှ Orcများသည် ကျင်းဝူသည် မာရှယ်၏မိတ်ဖက် ဖြစ်သည်ကိုသိကြပြီး ကျင်းဝူသည် အလွန် မျက်စိကျသဖွယ်ရှိ လှပသော်လည်း မည်သည့်Orcမှ ကိုယ်ဝန်ဆောင်ခင်ပွန်းဂိုဒေါင်သို့ ကျင်းဝူနှင့် စိတ်ပြေလက်ပျောက် စကားစမြည်ပြောရန် အတင့်ရဲ၍ မဝင်ရဲကြပေ။
ရေမွန်သည် အတွင်းရှိ စက်ပစ္စည်းမှ ထွက်လာသော တိုးညှင်းသော အသံတချို့ကို ကြားလိုက်ရသည်။
သူတံခါးကို ညှင်သာစွာ ဖွင့်လိုက်သည့်အခါ ပြတင်းပေါက်ကို မှီအိပ်နေသည့် ကျင်းဝူကို တွေ့လိုက်ရသည်။
ရေမွန် တိတ်တဆိတ်ဝင်လာပြီး တာမင်နယ် မှ ဖွင့်ထားသော “ကိုယ်ဝန်ဆောင်ခင်ပွန်းသည်သင်ခန်းစာ” ကို ပိတ်လိုက်သည့်အခါ ကျင်းဝူ၏နားအစုံသည် အသံ ရပ်သွားသည်ကို သိလိုက်၍ သူ၏မျက်လုံးအစုံတို့ ဖွင့်လာတော့သည်။
ရေမွန် သူနှိုးလာသည်ကို တွေ့သော် ''ပင်ပန်းနေပြီလား ဘာလို့အိပ်ရာပေါ်မှာ သွားမအိပ်တာလဲ''ဟု မေးလိုက်သည်။
ကျင်းဝူက ဟွားခနဲ တစ်ချက်သန်းရင်း ''အရမ်းပျင်းတာပဲ ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ''ဟုမေးလိုက်သည်။
သူ အာကာသယာဥ်ပေါ်ကို စရောက်စဥ်က တီဗွီထဲမှာလိုပင် အဆုံးမရှိ တောက်ပလှပသည့် ကြယ်တာရာများကို တွေ့ရမည်အထင်နှင့် အလွန်ပင် စိတ်လှုပ်ရှားခဲ့သော်လည်း လက်တွေ့တွင် မှောင်မဲနေသည့် ဟင်းလင်းပြင်ကလွဲ၍ ဘာမျှ မရှိသည်ကို သိခဲ့ရသည်။
အာကာသယာဥ်သည်လည်း အလွန်ငြိမ့်ငြောင်းစွာ ပျံသန်းနေသောကြောင့် '' ဝူးဝူး'' ဆိုသည့် စက်အသံကိုသာ အိပ်ငွေ့ချခံရသကဲ့သို့ ကြားနေရကာ သိပ်မကြာခင်မှာပင် ကျင်းဝူ အိပ်ပျော် သွားခဲ့ခြင်းဖြစ်သည်။
''ရောက်ဖို့ နှစ်ရက်လိုသေးတယ်''ဟုရေမွန်ပြန်ဖြေသည့်အခါ
''နှစ်ရက်ဟုတ်လား အရမ်းကြာပြီး အရမ်းပျင်းဖို့ ကောင်းတာပဲ''ဟု သူ၏ရှေ့ရှိ စားပွဲကိုမှီရင်း ကျင်းဝူက ပြန်ပြောသည်။
ယာဥ်ပေါ်တွင် ကြယ်တာရာကွန်ယက်နှင့် ချိတ်ဆက်၍မရသဖြင့် တီဗွီလိုင်းတို့လည်း မရပေ။ ဖျော်ဖြေရေးခန်းတွင်သာ ပျော်စရာ အနည်းငယ်တော့ ရှိသည်။
သို့သော် ထိုအခန်းသည် ဇိမ်ခံသူတို့အတွက် ယုတ်ညံ့ဖွယ် ပစ္စည်းတို့နှင့် ဒီဇိုင်းဆွဲထားသည့်အတွက် ရေမွန်သည် ကျင်းဝူကို ထိုအခန်းနှင့် မပတ်သတ်စေချင်ပေ။
ရေမွန် အချိန်အတော် ကြာစဥ်းစားပြီးမှ ''မင်းပျင်းရင် ငါမင်းကို စာလုံးရေးတာ သင်ပေးမယ်''ဟုပြောလိုက်သည်။
ကျင်းဝူ စားပွဲပေါ်တွင် တစ်ပတ်လိမ့်လိုက်ပြီး
ရေမွန်ကို တစ်စောင်း ကြည့်လျက် ''ဟုတ်ပြီ'' ဟုဖြေလိုက်သည်။
သူ၏မျက်နှာတစ်ဖက်ကို စားပွဲပေါ်တွင်ဖိကာ ပြန်ဖြေသည့်အတွက် အသံမှာ ဝိုးတိုးဝါးတားဖြစ်နေပြီး ကျင်းဝူ၏ ဤပုံစံသည် ချစ်စရာကောင်းသည် ဟု ရေမွန် တွေးမိသွားသည်။
နှုတ်ခမ်းနှစ်ဖက်ကို အပေါ်သို့ကော့ညွှတ်စွာ ပြုံးလျက် ကျင်းဝူ၏တာမင်နယ်ကို ပြန်ဖွင့်လိုက်သည်။
တာမင်နယ် ကိုသုံးရသည်မှာ အလွန် ရိုးရှင်းလွယ်ကူပြီး ကွန်ယက်ချိတ် မရသည့်အချိန်တွင် လက်နှင့်ရေးပြလို့ရသည့် စနစ်ပါရှိသည်မှာ အလွန်ပင် အထောက်အကူ ဖြစ်လှသည်။
ရေမွန်သည် လက်ရေးစနစ်ကို လေထဲတွင် ဖြန့်ကာဖွင့်လိုက်ပြီး ကျယ်ပြန့်လှသောမျက်နှာပြင်ပေါ်တွင် စာလုံးတစ်ချို့ကို ရေးလိုက်သည်။
သူထိုစာလုံးများကို ညွှန်ပြကာ ''ဒါငါ့ရဲ့နာမည်'' ဟု ပြောပြသောအခါ ''ရေမွန်ဆိုတဲ့ မင်းရဲ့ဒီနာမည်နှစ်လုံးလား '' ဟု ကျင်းဝူက ကြည့်နေရင်းပြောသည်။
''စာလုံးရေ အလုံးနှစ်ဆယ်လောက်ရှိတဲ့ စာလုံးပဲ အရမ်းရှည်တာပဲ''
ရေမွန်သည် ခဏတာမျှ စိတ်ရှုပ်သွားပြီး ကျင်းဝူ နေထိုင်ခဲ့သည့်ကမ္ဘာတွင် ရေမွန်ဆိုသည့် စကားလုံးသည် နှစ်လုံးမျှသာ ရှိနိုင်သည်ဟု တွေးလိုက်မိတော့သည်။
''ဒါနဲ့ နာမည်က ရှည်ပေမဲ့ အသံထွက်ကတော့ နှစ်သံပဲနော်' 'ဟု သူဆက်ပြောသည်။
ရေမွန်က ခေါင်းကို ငြိမ့်ပြပြီး သူ့နာမည်၏ နံဘေးတွင် ကျင်းဝူ ဟူသောစာလုံးကို ထပ်ရေးလိုက်သည်။
ကျင်းဝူသည် နှစ်ခါလောက်မျှသာ လိုက်ရေးပြီး မှတ်မိသွားသည်မှာ သူ၏မှတ်ဉာဏ်သည် အလွန်ကောင်းသည် ဟုဆို ရပေမည်။
လက်ထဲတွင် သင်ရိုးစာအုပ်မရှိပဲ ရေမွန်သည် နေ့စဥ်သုံးဝေါဟာရ အလုံးနှစ်ဆယ်လောက်ကို သင်ပြီးသည့် နောက်တွင် သူ ဘာဆက် သင်ပေးရမှန်း မသိပဲ ဖြစ်လာသည်။
ထိုအခါ ကျင်းဝူသည် စိတ်အားထက်သန်စွာဖြင့် သူအရင်က နားထောင်နေကျဖြစ်သော “ကိုယ်ဝန်ဆောင်ခင်ပွန်းသည်သင်ခန်းစာ” ကို ထုတ်လာကာ ရေမွန်ကို သင်ပြခိုင်းတော့သည်။
ရေမွန် : “.......”
ရေမွန် လည်ချောင်းကို ရှင်း၍ ထို ''သင်ခန်းစာ'' ကိုဖွင့်ကာ စာတစ်လုံးချင်းစီကို ဖတ်ပြတော့သည်။
ကျင်းဝူ သည်လည်း လိုက်ရွတ်ရင်း တစ်ဖက်ကလည်း စာလုံးပေါင်းကို လိုက်ရေးနေခဲ့သည်။
ကလေးငယ်၏ ဖွဲ့စည်းမှုနှင့် ကြီးထွားမှုဟူသည့် စာလုံးကို ဖတ်လိုက်သည့်အချိန်တွင် ရေမွန်၏မျက်လုံးအစုံ တို့သည် ကျင်းဝူ၏ဗိုက်သို့ ထိန်းချုပ်နိုင်စွမ်းမဲ့ကာ ရောက်သွားတော့သည်။
ကျင်းဝူ ထိုစားလုံးများကို လိုက်ဖတ်ပြီးသည့်နောက် ရေမွန်ကိုကြည့်ကာ ''ဘာကြည့်နေတာလဲ' 'ဟု မေးလိုက်သည်။
ရေမွန် လန့်သွားကာ သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။
ကျင်းဝူ ရယ်ကာ လှောင်ပြောင်သော လေသံဖြင့် ''ထပ်ပြီးတော့ အထဲမှာဝင်နေချင်လို့လား''ဟုမေးရာ
ရေမွန်သည် ''မဟုတ်ပါဘူး''
ရေမွန်၏ အတည်ပေါက် ပြန်ဖြေသည့် အမူအရာကြောင့် ကျင်းဝူ၏စနှောက်ချင်စိတ်များ တဖွားဖွားပေါ်လာပြီး
''သြော် ငါက မင်းဝင်နေချင်တယ်လို့ ထင်နေတာ ဒီအခန်းထဲကို မင်းဝင်လာကတည်းက ငါ့ရဲ့ဗိုက်ကိုကြည့်တာ သုံးခါတောင်ရှိနေပြီ''ဟု ပြောသည့်အခါ
'အဲ့လောက်တောင် ရှိသွားတာလား'
ရေမွန် ရှက်သွေးများဖြာကာ ကျင်းဝူသည် သတိထားမိပြီး အကြိမ်အရေ အတိအကျတောင် ရေတွက်ထားသည်ကို သူသိလိုက်ရသည်။
ကျင်းဝူ လက်တစ်ဖက်ဖြင့် ရေမွန်၏မျက်နှာကိုင်ကာ ရယ်လျက် '' ငါ့ဗိုက်ထဲမှာနေရတာ... သက်တောင့်သက်တာရှိတယ်မလား အဲဒီနေရာက ငါအရင်က အိပ်တဲ့နေရာလေ'' ဟုပြောသည်။
ရေမွန် : “.......”
သူ၏ဗိုက်ထဲတွင် သူပြန်အိပ်နိုင်သောကြောင့် ရေမွန် အနည်းငယ်အံ့သြသွားသည်။
''အံ့သြစရာပဲ မလား''
ရေမွန် ဘာပြန်ပြောရမှန်း မသိခင်မှာပဲ ''အထဲမှာ နေရာအကျယ်ကြီးကွ''
''ဒါကသဘာဝပဲလေ'' ကျင်းဝူ ဂုဏ်ယူ ဝင့်ကြွားဟန် လေသံဖြင့် ''စတုရန်းမီတာပေါင်း တစ်ထောင်ကျော်လောက် တောင် ကျယ်တယ်''ဟုပြောသည်။
သူ၏ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ အခွံအတွင်းရှိ နေရာလွတ်သည်လည်း အဆမတန်လိုက် ကျယ်ပြန့်လာကာ အထဲရှိ ခရုအရည်များသည်လည်း တိုးပွားလာမည်ဖြစ်သည်။
''ဒီအထဲကို မင်းကလွဲပြီး ဘယ်သူ့ကိုမှ ငါမထည့်ဖူးဘူး။ မင်းဂုဏ်ယူသင့်တယ်မလား'' ဟု သူ၏ဗိုက်ကို ပွတ်သပ်ရင်း ပြောသည်။
''မင်းက လွဲပြီး ဘယ်သူ့ကိုမှ မထည့်ဖူးဘူး'' ထိုအကြောင်းအရာကို ရေမွန်၏ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပြန်ကြားနေရသည်အထိ အထိန်းအကွပ်မဲ့စွာ ပြန်ကြားယောင် နေမိသည်။
''အဲဒီနေ့က မင်းထွက်ပြေးသွားတုန်းက သတ္တဝါတစ်ကောင်ကို ငါဖမ်းထည့်မလို့ စဥ်းစားမိသေးတယ်'' ဟု ကျင်းဝူရယ်လျက်ပြောသည်။
''တခြားသူကို မထည့်ရဘူး'' ရေမွန်လေးနက်သောအသံဖြင့် '' မင်းရဲ့ ဒီလိုမျိုးသဘာဝစွမ်းအားမျိုးကို တတိယမြောက် လူထပ်သိလို့ မဖြစ်ဘူး'' ဟုပြောသည်။
ရေမွန်သည် ကျင်းဝူက တစ်ခါတရံတွင် အမြော်အမြင်ရှိပြီး တစ်ခါတရံတွင် တုံးအသည်ဟုပင်ထင်မိသည်။
အဲဒီနေ့ကသာ ကျင်းဝူသည် တွေ့ကရာလူကို သူ၏ဗိုက်ထဲသို့ထည့်လိုက်လျှင် ထိုသူသည် သူ၏အစွမ်းကို သိသွားမည် မဟုတ်လား။
ကျင်းဝူ၏ လျှို့ဝှက်ချက်ပေါက်ကြားသွား သည်နှင့် ဒုက္ခများမည်မှာ အမှန်ဖြစ်ပြီး ကျင်းဝူတွင်လည်း လူသတ်နိုင်လောက်သည့် ဗီဇစွမ်းရည်မျိုးရှိမနေခဲ့ပေ။
ကျင်းဝူသည် သူက သာ့ဟေးမှန်း သိသွားပြီး သူ၏လျှို့ဝှက်ချက် အားလုံးကို သိသွားပြီးနောက်တွင်တောင်မှ သူ့ကို လက်စဖျောက် သတ်ပြစ်လိုသော စိတ်ကူးမျိုး မရှိခဲ့ပါချေ။
ကျင်းဝူသည်လည်း သူ၏လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ လျှောက်မပြောရမည်ကို သိသော်လည်း ဤကမ္ဘာတွင် လူသည် သတ္တဝါအဖြစ် ပြောင်းလဲလို့ ရသည်ကို မသိ၍ ပထမဆုံးအကြိမ် သာ့ဟေးကို သူ၏အခွံထဲသို့ ထည့်မိခြင်းပင်ဖြစ်သည်။
သာ့ဟေး ထွက်ပြေးသွားသည့်နောက် အစားထိုးရန် အခြားသတ္တဝါ တစ်ကောင်ကို ရှာထည့်ချင်သော်လည်း မိမိ၏ဗိုက်ထဲတွင် ထိုသတ္တဝါရှိနေမည်ကိုစဥ်းစားမိသည်နှင့် ဗိုက်များအောင့်လာတော့သည်။
သာ့ဟေးသည်သာလျှင် ချွင်းချက်ဖြစ်ခဲ့သည်။
ရေမွန်သည် သူကောင်းဖို့အတွက် ပြောသည့်အတွက် သူပြုံးပြကာ ''ကောင်းပြီ''ဟု ပြောလိုက်သည်။
ကျင်းဝူ၏ သဘောတူမှုကို ကြားလိုက်ရ၍ ရေမွန် စိတ်လျှော့နိုင်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဆင်မြန်း လိုက်တော့သည်။
''ဒါကြောင့်မလို့ မင်း ငါ့ရဲ့ဗိုက်ထဲကို ထပ်သွားကြည့်ချင်သေးလား''
ရေမွန် : “.......”
ကျင်းဝူ၏ မျက်လုံးများသည် စနောက်ချင်စိတ်များကြောင့် အရောင်တောက်ကာ လင်းလက်နေသည်။ သူ့လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ လျှပ်တပြတ်အတွင်း ရေမွန်၏အနားသို့ ရောက်လာပြီး ရေမွန်၏လက်ကို ဖမ်းဆုပ်လိုက်သည်။
တခဏအကြာတွင် ရေမွန်သည် မဲမှောင်သောနေရာ သို့ရောက်နေပြီး ခြေထောက်သည်လည်း စိုစွတ်၍ ပြောင်စေးနေသော စေးကပ်ကပ် အရည်ပေါ်တွင် ရပ်နေလျက် ရှိတော့၏။
ရေမွန် : “.......”