ဗိုလ်မှူးကြီး ကော်ရေးသည် ဤတစ်ကြိမ်တွင်တော့ စိတ်လည်းလှုပ်ရှား စိတ်လည်းရှုပ်ထွေးဖြစ်သွားရသည်။ သူတို့၏ မာရှယ်တွင် နောက်ဆုံးတွင် သားငယ်လေးတစ်ယောက် ရလာသဖြင့် စိတ်လှုပ်ရှားနေခြင်းပါပေ။
သူစိတ်ရှုပ်ထွေးနေသည်က အပျိုစင်တောအုပ်ထဲတွင် သူတို့၏ မာရှယ်က သားရဲပုံစံနှင့် ထိုရှားပါးသော မျိုးကွဲကောင်လေးကို ကိုယ်ဝန်ရစေပြီး ဤသို့သားငယ်လေးရလာအောင် မည်သို့စွမ်းဆောင်လိုက်သနည်း ဆိုတာကိုပင် ဖြစ်လေသည်။
ကိုယ်ဝန်ဆောင် မိခင် သို့မဟုတ် ကိုယ်ဝန်ဆောင် ခင်ပွန်းအတွက် ကြယ်စင်စု ဗျူရိုသို့ သွားရောက်ရခြင်းသည် ယခုအကြိမ်သည်ကပင် သူ့(ကော်ရေး)အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
စနစ်တကျ စစ်ဆေးပြီးနောက်တွင်မှ ကြယ်စင်စု ဗျူရို၏ ဆရာဝန်များက သားငယ်လေး၏ မျိုးရိုးဗီဇကို မျိုးရိုးဗီဇဘဏ်ထဲသို့ ထည့်သွင်းပြီး မှတ်တမ်းတစ်ခု တည်ဆောက်ပေးမည် ဖြစ်သည်။
ထိုအခါမှသာ ဤကလေးသည် မာရှယ်၏ သားအရင်း ဖြစ်ကြောင်း အတည်ပြုနိုင်မည်။
သူတို့မာရှယ်က ဂုဏ်သတင်းကြီးမားလှကာ နာမည်ကျော်ကြားသောကြောင့်.... သားအရင်း ဖြစ်ကြောင်း စစ်ဆေးအတည်ပြုပြီးနောက်တွင် ထိုသတင်းကို ဖုံးကွယ်ထားရန်မှာ မလွယ်ကူသဖြင့် ဗိုလ်မှူးကြီး ကော်ရေးသည် ခက်ခဲလှသော အခြေအနေတွင် ရောက်ရှိနေလေပြီ။
နရှီဇါဝါက သူ(ကော်ရေး)၏ စိုးရိမ်ဝမ်းနည်းမှုကို မသိဘဲ "ဗိုလ်မှူးကြီး ကော်ရေး၊ ဒီလိုမျိုးကွဲတွေက ကိုယ်ဝန်ရဖို့ မလွယ်ဘူး။ ကိုယ်ဝန်ရပြီးရင်လဲ သေချာဂရုစိုက်ပေးမှရမယ်။ အခု ကြယ်စင်စု ဗျူရိုကို သွားသင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်" ဟု တိုက်တွန်းပြောဆိုလိုက်သည်။
ဗိုလ်မှူးကြီး ကော်ရေးသည် အံကြိတ်ကာ စဥ်းစားဆုံးဖြတ်ပြီး နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်တော့သည်။ ဤကလေးသည် သူတို့ မာရှယ်ချန်ရစ်ခဲ့သော တစ်ဦးတည်းသော သွေးသားရင်းချာ ဖြစ်သည်။
ကျင်းဝူသည် ဗိုလ်မှူးကြီး ကော်ရေးကို ပြန်တွေ့သည့်အခါ သူ့မျက်နှာပေါ်ရှိ လေးနက်သော အမူအရာနှင့် ဂရုစိုက်မှုများကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။ ဒေါက်တာ နရှီဇါဝါက သူ့ကို ပြုံးပြီး သူ့လက်မောင်းကိုကိုင်ကာ ဖေးမပေးထားသည်။
ကျင်းဝူက အူတိအူကြောင်ဖြင့် သူ့လက်များကို ပြန်ရုတ်လိုက်ကာ ဤလူနှစ်ယောက်က ဘာကြောင့် သူလက်မောင်းအား လာကိုင်ပေးနေသည် ကို နားမလည်ဖြစ်နေသည်။
သူတို့အားလုံး မက်လေ့ဗ်ကားပေါ်သို့ တက်လိုက်ကြပြီး ကြယ်စင်စု ဗျူရိုသို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ကျင်းဝူသည် နည်းပညာမြင့် ပစ္စည်းများနှင့် ထိုပစ္စည်းများ၏ မှော်ဆန်သော အစွမ်းများကို မြင်တွေ့ခဲ့ရပြန်သည်။ ကျင်းဝူ၏မျက်နှာ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး ဤသို့ နည်းပညာမြင့် ပစ္စည်းများသည် သူနေခဲ့ဖူးသော ကမ္ဘာမြေပေါ်တွင် ရှိနေလိမ့်မည် မဟုတ်ကြောင်း သဘောပေါက်လာလေပြီ။
ကြယ်စင်စု ဗျူရိုသို့ ရောက်သည့်အခါ ဝင်လိုက်ထွက်လိုက်နှင့် လူများ အလွန်များပြားလှသည်။ အမျိုးသမီးများသည် ယောက်ျားများနှင့်အတူ လာကြပြီး ယောက်ျားများက သူတို့ကို ကြွေလွယ်ရှလွယ်သော ပစ္စည်းများကဲ့သို့ ဂရုတစိုက် ထိန်းကိုင်ထားပေးကြ၏။
သို့သော် တချို့ယောက်ျားများမှာမူ တခြားသူများ၏ ဖေးမမှုနှင့် ဂရုတစိုက်မှုကို ခံနေကြရသည်။ ဖေးမခံရသည့် ယောက်ျားအများစုမှာ ပိန်ပိန်ပါးပါးနှင့် ချောမောလှပသူများပင်ဖြစ်သည်။
ကျင်းဝူအတွက် မြင်တွေ့ရသည့် ကိစ္စတော်တော်များများက အထူးအဆန်းဖြစ်နေပြီး အထူးသဖြင့် အရပ်မြင့်သည့် ယောက်ျားတစ်ယောက်၏ ပုခုံးထက်တွင် ထိုင်နေသည့် နှင်းကျားသစ်ပေါက်လေးကို မြင်လိုက်ရသည့် အချိန်ဖြစ်သည်။
နှင်းကျားသစ်ပေါက်လေးသည် ရုတ်တရက် တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ထိုယောက်ျား၏ ရင်ခွင်ထဲ တန်းဝင်သွားသည့်မြင်ကွင်းဖြစ်သည်။ ထိုနေရာတွင် ရှိနေသည့် လူများကလဲ ထိုဖြစ်ရပ်သည် ဘာမှ မထူးဆန်းဘဲ ပုံမှန်ဖြစ်နေကြကဲ့သို့ပင် ရှိနေကြလေ၏။
ကျင်းဝူတစ်ယောက် အပျိုစင်တောအုပ်ထဲ၌ ရှိနေစဉ်က "မျိုးကွဲ အထူးတပ်ဖွဲ့" ဟု သူထင်ခဲ့သည့် စစ်သားများသည် ရုတ်တရက် တိရစ္ဆာန်(သားရဲ)အမျိုးမျိုးအဖြစ် ပြောင်းလဲသွားခဲ့ဖူးသည်ကို သတိရသွားသည်။
ဤနေရာသည် သူနေခဲ့ဖူးသည့်ကမ္ဘာမြေ မဟုတ်တော့ကြောင်း ချက်ချင်း အတည်ပြုလိုက်နိုင်သွားသည်။ ထို့အပြင် တောအုပ်ထဲ၌ ရုတ်တရက် သားရဲအသွင် ပြောင်းလဲသွားသည့် စစ်သားများသည်လည်း "အထူးတပ်ဖွဲ့ဝင်" များ မဟုတ်နိုင်ပေ။ ဤနေရာရှိလူများသည် ဂြိုလ်သားများလဲမဟုတ်နိုင်။ တိရစ္ဆာန်များအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည့် လူသားများသာ ဖြစ်ရမည်။
ဒါက လုံးဝကို ကမ္ဘာ အသစ်အဆန်းတစ်ခုပါလား။
မကြာသေးမီ နှစ်များအတွင်းတွက် လူ့အဖွဲ့အစည်းနှင့် ရောနှောနေထိုင်ခဲ့ပြီး အချိန်နှင့်အာကာသကိုဖြတ်ကျော်သည့် စိတ်ကူးယဉ်ဝတ္ထုများအား အများကြီး ဖတ်ဖူးခဲ့သည့်အတွက် ကျင်းဝူဟာ စိုးရိမ်ပူပန်မှု မရှိတော့ဘဲ ပိုပြီး တည်ငြိမ်လာသည်။
နောင်တစ်ချိန် သူ ခရုတစ်ကောင်အဖြစ် ပြန်ပြောင်းသွားလျှင်ပင် ဤလူ့အဖွဲ့အစည်း၌ သူ ပုန်းအောင်းနေစရာ မလိုတော့ပေ။
စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ကျင်းဝူတစ်ယောက် သူ့ပတ်ဝန်းကျင်ရှိ အနှီထူးဆန်းသည့်လူသားများကို စောင့်ကြည့်လေ့လာနေလိုက်သည်။
အမျိုးသမီးများနှင့် ဖေးမခြင်းခံရသည့် အမျိုးသားများ၏ နဖူးပြင်များတွင် လက်မအရွယ်လောက်ရှိသည့် တိရစ္ဆာန်(သားရဲ)ပုံစံတွေကို တွေ့လိုက်ရသည်။ အနှီပုံစံများထဲတွင် ကျားများ ၊ ခြင်္သေ့များ၊ ဆင်များ ၊ ကြံ့များ ၊ မြွေများ ၊ ရေမြင်း များ အစရှိသည့် ပုံစံအမျိုးမျိုးပင် ဖြစ်သည်။
ထို့အပြင် ကြွက်သားများနှင့် ထွားကြိုင်းလှသည့် အမျိုးသားများ၏ နဖူးနှင့် မျက်ခုံးများကြား၌ ဘာမှ မရှိပေ။
ကျင်းဝူသည် သူ့မျက်ခုံးကြားရှိ ခရုခွံပုံစံကို ထိကြည့်လိုက်သည်။ တစ်စုံတစ်ယောက်ကသာ ဤပုံစံအကြောင်း မေးလာခဲ့လျှင် ဤသည်မှာ အထူးတက်တူးတစ်မျိုးပါ ဟု ပြောရန် မူလက စီစဉ်ထားလေ၏။
ဤနေရာရှိ လူတော်တော်များများ၌ ဤကဲ့သို့ပုံစံမျိုး ရှိနေကြပြီး နဖူးတွင် အနှီပုံစံမျိုးရှိသည့်လူများကိုလည်း အရမ်းတန်ဖိုးထားပြီး စောင့်ရှောက်ကြသည်ကို သူသဘောပေါက်သွားသည်။
ကျင်းဝူတစ်ယောက် သူ့နဖူးပေါ်ရှိ ဆံပင်များကို လှန်တင်လိုက်ကာ မျက်ခုံးကြားမှ ခရုခွံပုံစံကို မြင်သာအောင် လုပ်လိုက်သည်။
စစ်ဆေးခန်းထဲ ရောက်သည့်အခါ Orc ဆရာဝန်တစ်ယောက်က ကျင်းဝူ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် ရုတ်တရက် အံ့အားသင့်သွားသည့် မျက်နှာအမူအရာကို ပြသလိုက်ကာ ဤမျိုးကွဲ(ကျင်းဝူ)ထံမှ အစွမ်းထက်သည့် Orc ရနံ့ကို ရှူရှိုက်လိုက်မိသည်။
ထိုရနံ့သည်ပင်လျှင် မမြင်ရသည့်ဖိအားတစ်ခုကို သယ်ဆောင်ထားပြီး လူတွေကို မလေးမစား မလုပ်ရဲသည်အထိ ကြောက်ရွံ့စေသဖြင့် ဤမျိုးကွဲ၏ အဖော်မှာ အလွန် အစွမ်းထက်ရမည်။
အနှီ Orc ဆရာဝန်သည် ကြယ်စင်စု ဗျူရိုတွင် အနှစ် ၅၀ ကျော် လုပ်ကိုင်လာခဲ့ပြီး Orc တစ်ယောက်၏ အဖော်ဆီမှ ဤကဲ့သို့သော ဖိအားပေးမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။
Orc ဆရာဝန်သည် အမြန်ဆုံး မျက်နှာထားကို ပြန်ပြင်လိုက်ပြီး တစ်ဖက်လူ၏ မျက်ခုံးကြားရှိ စွမ်းအားကြီးသည့် အမှတ်အသားကို ခိုးကြည့်လိုက်သည်။ သူက အပြုံးကို ထိန်းထားကာ "ခင်ဗျားရဲ့ သားပေါက်လေးက နောင်တစ်ချိန်မှာ မာရှယ်ရေမွန် လိုပဲ အစွမ်းထက်တဲ့ Orc တစ်ယောက် ဖြစ်လာမှာပါ" ဟု ချီးကျူးစကား ပြောဆိုလိုက်သည်။
Orc မျိုးဆက်သစ်များက မာရှယ်ရေမွန် ကို သူတို့၏ အိုင်ဒေါ အဖြစ် သတ်မှတ်ထားကြပြီး ၊ လူကြီးပိုင်း Orc များကတော့ မာရှယ်ရေမွန်အား သူတို့၏ သားသမီးများကို ဆုံးမရာတွင်လည်း စံနမူနာအဖြစ် အသုံးပြုကြသည်။ တစ်နည်းအားဖြင့် သားပေါက်လေးတစ်ယောက်အား နောင်တစ်ချိန်တွင် မာရှယ်ရေမွန်လို ဖြစ်လာလိမ့်မည် ဟု ပြောသည်မှာ လူတိုင်းအတွက် အလွန်ပင် အသုံးဝင်သည့် ချီးကျူးစကားတစ်ခွန်းပင်ဖြစ်သည်။
မမျှော်လင့်ဘဲ သူက ဒီလို ချီးကျူးစကား ပြောလိုက်ပြီးသည့်နောက်တွင် ဘာတုံ့ပြန်မှုမှ မရရှိသည့်အပြင် စစ်ဆေးခန်းထဲက လေထုက ပိုပြီးတောင် တင်းမာလာသလိုပင်။
[T/N : ဆေးစစ်ပေးနေတဲ့ Orcဆရာဝန်က မာရှယ်ရေမွန်ရဲ့ကိုယ်ဝန်မှန်းမသိသေးပါဘူး။ သူက ဒီအတိုင်းပဲ ကလေးက ကျန်းမာရေးကောင်းတယ် တော်မယ်ဆိုပြီး စကားကောင်းလေး ပြောပေးတာကို မာရှယ်ရေမွန်လိုပဲ အစွမ်းထက်မယ်ဆိုပြီး ပြောတာပါနော်။]
အထူးသဖြင့် မျိုးကွဲ၏ နောက်မှ လိုက်ပါလာသည့် Orc ၏ မျက်နှာမှာ ပိုပြီးတောင် မဲမှောင်သွားရပြီး မမြင်နိုင်သည့် ဖိအားများကြောင့် သူ့(ဆရာဝန်)ခြေထောက်များပင် တုန်သွားရသည်။
Orc ဆရာဝန်သည် ဘာမှ ဆက်မပြောရဲတော့ဘဲ တုန်ရီနေသည့် လက်များဖြင့် ကိရိယာကို ကောက်ကိုင်လိုက်ပြီး ကျင်းဝူကို စတင် စစ်ဆေးလိုက်တော့သည်။
စစ်ဆေးနေစဥ်အတွင်း ဗိုလ်မှူးကြီးကော်ရေး ၏ မျက်နှာမှာ ပိုပိုတိုးပြီး စစ်ဆေးနေသော ဆရာဝန်၏ မျက်လုံးများရှိ ရောင်ခြည်များထက်ပင် ပိုပြီး လင်းလက်လာတော့သည်။ သူက တစ်ချက်ကြည့်လိုက်သည်နဲ့ ဤကိုယ်ဝန်သည် မာရှယ်၏ သားပေါက်လေးမှန်း သိလိုက်ရသည်။
သူတို့ မာရှယ်၏ ဂုဏ်သတင်းမှာ မငြင်းဆန် နိုင်လောက်အောင်ပင် ကြီးမားသည်လေ!
ဗိုလ်မှူးကြီးကော်ရေးတစ်ယောက် သွားများကို ကြိတ်လိုက်ပြီး ဤကိစ္စကို ဆရာဝန် နရှီဇါဝါ အား ပြောပြဖို့နှင့် သူ့အတွက် ဖြေရှင်းဖို့နည်းလမ်းတစ်ခုခု ကူစဉ်းစားခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဆရာဝန် နရှီဇါဝါ ၏ စိတ်ဓာတ်နှင့်ဆိုလျှင် မာရှယ်၏ ဂုဏ်သတင်းကို ထိခိုက်စေမည့် ဘယ်အရာကိုမှ လုပ်မည် မဟုတ်ပေ။
သူက နရှီဇါဝါ ကို အပြင်ဘက်ရှိ ထောင့်တစ်ခုဆီ ဆွဲခေါ်သွားပြီး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။
နရှီဇါဝါ က မာရှယ်ရေမွန်၏ ကျဆုံးမှုသတင်းကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားပြီး ဝမ်းနည်းခြင်းများနှင့် ပြည့်နှက်သွားကာ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရသည်။
နရှီဇါဝါက ကော်ရေးကဲ့သို့ မျိုးကွဲလေး၏ သားပေါက်သည့် ဖြစ်စဉ်(မာရှယ်နဲ့ကျင်းဝူရဲ့ ဟိုဒင်းဟိုဟာကိစ္စ)ကို အသေးစိတ် မစဉ်းစားတော့ဘဲ "ဒါ မာရှယ်ရေမွန် ရဲ့ သားငယ်လေးပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို စောင့်ရှောက်ရမယ်။
ခင်ဗျားစိုးရိမ်နေတဲ့အရာတွေအတွက်ကတော့ ကျွန်တော်တို့ မပြောဘူးဆိုရင် ဘယ်သူမှ ဒီအကြောင်းကိုမသိကြပါဘူး" ဟု ပြောလိုက်သည်။
ဆရာဝန်နရှီဇါဝါ က ဤမျှလောက်ပင် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသည့်အခါ ဗိုလ်မှူးကြီးကော်ရေး စိတ်သက်သာရာ ရသွားသည်။
တစ်ချိန်တည်းမှာပင် ဗဟိုကြယ်စု၏ စစ်ဘက်တရားဝင် ဝက်ဘ်ဆိုက်၌ မာရှယ်ရေမွန်၏ ကျဆုံးမှုသတင်းနှင့်အတူ မာရှယ်၏ ပေါက်ကွဲသွားသော မက်ချာ Black Box မှ ရရှိသည့် မာရှယ်ရေမွန်၏စွမ်းအင်များ ပေါက်ကွဲသွားသော ဗီဒီယိုဖိုင်ကိုပါ ထုတ်ပြန်ခဲ့သည်။
ဗီဒီယိုထဲတွင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသည့် စွမ်းအားလှိုင်းက အချိန်ခဏလေးအတွင်း ကီလိုမီတာများစွာ အကွာအဝေးရှိ လေထုများအထိပါ ပြန့်ကား ပေါက်ကွဲ သွားစေပြီးနောက် လေထုကို တဖန်ပြန်လည် ဆွဲစုပ်ပစ်လိုက်သည်။
ထို့နောက် ထိုအင်အားကြီးမားသည့် စွမ်းအင်အောက်၌ ဇာ့ဂ်ဘုရင်မလည်း ပြာကျသွားသည်အထိ သုတ်သင်ခံလိုက်ရသည်။ ကြည့်ရှု့သူများမှာ ပေါက်ကွဲသွားသောစွမ်းအင်၏ ရိုက်ခတ်မှုနှင့် ကိုယ်တိုင်ထိတွေ့မိသကဲ့သို့ ခြောက်ခြားဖွယ် ခံစားလိုက်ကြရသည်။
ဇာ့ဂ်များနှင့် Orc များသည် နှစ်ပေါင်းထောင်ချီပြီး ရန်လိုမုန်းတီးစိတ်များဖြင့် ရှိနေခဲ့ကြသည်။
ဇာ့ဂ်မျိုးနွယ်များက နယ်စပ်ဒေသများကို အဆက်မပြတ် နှောင့်ယှက်ကာ နယ်မြေတိုးချဲ့လာပြီး နယ်စပ်ရှိ Orc များကို ဖမ်းဆီးခေါ်ဆောင်ကာ Orc များ၏ ခန္ဓာကိုယ်များအား အင်းဆက်ဥတွေ မွေးမြူရန်အတွက် အာဟာရအဖြစ် အသုံးပြုခဲ့ကြသည်။
အင်ပါယာရှိ ပြည်သူများသည် ဇာ့ဂ်များကို မုန်းတီးခဲ့ကြသည်။ အခုဆိုလျှက် ဇာ့ဂ်ဘုရင်မ နောက်ဆုံးတွင် သေဆုံးသွားပြီဖြစ်သော်လည်း မာရှယ်ရေမွန်ဟာလည်း ကျဆုံးသွားခဲ့ရသည်။
အင်ပါယာတဝှမ်းလုံး ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်သွားတော့သည်။
ထုံးကျောက်ဂြိုဟ်၏ ကြယ်စင်စု ဗျူရိုရှိ သားပေါက်လေးမျိုးရိုးကို မျိုးရိုးဗီဇဘဏ် ထဲသို့ ရိုက်ထည့်နေသည့် Orc ဆရာဝန်ရှေ့၌ မာရှယ်ရေမွန်၏ ကျဆုံးမှုသတင်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။
သတင်းကို မြင်လိုက်ရသည့် လူတိုင်းဟာ ပထမဆုံးအကြိမ်တွင် တုန်လှုပ်သွားကြပြီး နောက် ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်သွားကြရသည်။
သူတို့ အရမ်းကို လေးစားချစ်ခင်ရတဲ့ မာရှယ်ရေမွန် ကျဆုံးသွားပြီတဲ့လား!
Orc ဆရာဝန်သည် မျက်ရည်များကို သုတ်လိုက်ပြီး လေးလံနေသည့်နှလုံးသားနှင့် ကျန်သည့် အလုပ်များကို ဆက်လုပ်လိုက်သည်။
သူက သားပေါက်လေး၏ မျိုးရိုးများကို မျိုးရိုးဗီဇဘဏ်ထဲသို့ ရိုက်ထည့်လိုက်ပြီး သူ့ရှေ့က မျက်နှာပြင်ကို စိုက်ကြည့်နေရင်းနှင့် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး "ဒါ မာရှယ်ရေမွန် ရဲ့ သားပေါက်လေးလား? ဒါ မာရှယ်ရေမွန် ရဲ့ သားပေါက်လေးပဲ" ဟု အံ့သြတကြီး ရေရွတ်နေမိသည်။
Orc ဆရာဝန်သည် စစ်ဆေးရေးကိရိယာ၏ မျက်နှာပြင်ပေါ်ရှိ တစ်ခုနဲ့တစ်ခု ရစ်ပတ်ထားသောမျိုးရိုး ဗီဇကြိုးနှစ်ချောင်းကို လက်ညှိုးထိုးပြီး တုန်ရီနေသည့် အသံနှင့် "ဒီသားပေါက်လေးရဲ့ဗီဇ ကွင်းဆက်က မာရှယ်ရေမွန် ရဲ့ မျိုးရိုးဗီဇ ကွင်းဆက် နဲ့ တစ်ထပ်တည်း တူညီနေတယ်" ဟု ပြောလိုက်ပြန်သည်။
ဤကဲ့သို့အဖြစ်အပျက်မျိုးဟာ Orc အင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။
ဒါက အံ့ဖွယ်အရာတစ်ခုပဲ။
မာရှယ်၏ အဖော်သည် မာရှယ်ကိုယ်တိုင်အား ကိုယ်ဝန်ဆောင်ထားရသလိုပင်။
ဒါပေမယ့် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?
မာရှယ်ရေမွန်၏ မျိုးရိုးဗီဇများက အလွန် အားကောင်းလွန်းသောကြောင့် သူ့၏ သားပေါက်လေးဆီသို့ အားလုံး လွှဲပြောင်းပေးလိုက်တာသာ ဖြစ်ရမည်။
Orc ဆရာဝန်သည် ဝမ်းသာမျက်ရည်များကျလာပြီး "ဒီသားပေါက်လေးက နောင်တစ်ချိန်မှာ မာရှယ်ရေမွန် လိုပဲ အင်အားကြီးမားတဲ့သူ ဖြစ်လာမှာ သေချာတယ်" ဟု ပြောလိုက်သည်။
ကော်ရေး နှင့် ဆရာဝန် နရှီဇါဝါ လည်း ဝမ်းသာအားရ ဖြစ်သွားကြသည်။ မာရှယ်ရေမွန် ကွယ်လွန်သွားသော်လည်း ကံကောင်းထောက်မစွာနှင့် သူ၏ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပြီး သားလေး၏ မျိုးရိုးဗီဇကလည်း အင်မတန်ပင် စွမ်းအားများဖြင့်ပြည့်ဝနေသည်။
ဗိုလ်မှူးကြီးကော်ရေး၏မျက်လုံး၌ မျက်ရည်များ ဝဲလာရသည်။ သူ သားပေါက်လေးကို စောင့်ရှောက်ပြီး ကြီးပြင်းလာအောင် အားပေးရမည်။ မာရှယ်၏ သားလေးဟာ မာရှယ်ကဲ့သို့ပင် အင်အားကြီးမားသည့် Orc တစ်ယောက်အဖြစ် ကြီးပြင်းလာတာကို မြင်တွေ့ချင်သည်။
နရှီဇါဝါ က ပိုလို့တောင် စိတ်လှုပ်ရှားနေသေး၏။ ဖခင်နှင့် သား၏ မျိုးရိုးဗီဇ ဆင်တူမှုဟာ ၁၀၀% နီးပါးအတိုင်းအတာတစ်ခုအထိသာ နီးစပ်နိုင်ပြီး ၁၀၀% အပြည့်အဝ မဖြစ်နိုင်ဘူးဆိုတာ သူ သိထားသည်။
သို့သော်လည်း သူဟာ ကျင်းဝူ၏ စစ်ဆေးမှုကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်၊ Orc ဆရာဝန်က သားလေး၏ မျိုးရိုးဗီဇကို မျိုးရိုးဗီဇဘဏ် ထဲသို့ ရိုက်ထည့်တာကို မြင်ခဲ့ရသည်၊ ပြီးတော့ သားလေး၏ မျိုးရိုးဗီဇကွင်းဆက်သည် မာရှယ်ရေမွန်၏ မျိုးရိုးဗီဇကွင်းဆက်နှင့် တစ်ထပ်တည်း တူညီနေတာကို မြင်လိုက်ရသည်။
နရှီဇါဝါဟာ မယုံနိုင်သော်လည်း မယုံဘဲလဲ မနေနိုင်ပေ။ ဤသည်မှာ လက်တွေ့ဖြစ်ပျက်နေသော သေချာသည့် အချက်အလက်ဖြစ်သည်။
ဆရာဝန်တစ်ယောက်အနေနှင့် သူသည် မျိုးရိုးဗီဇဆိုင်ရာ အံ့ဖွယ်ဖြစ်တည်မှုအား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည့်အတွက် ဘယ်လိုလုပ် ရင်မခုန်ပဲ နေနိုင်မည်လဲ။
စစ်ဆေးခန်းထဲရှိ ဆရာဝန်များအားလုံးလည်း ပျားပန်းခတ်နေကြပြီး တုန်ရီနေသည့် လက်တွေနှင့် ကျင်းဝူကို စစ်ဆေးခဲ့ရသည့် အချက်အလက် အားလုံးအား စပယ်ရှယ် လျှို့ဝှက်ဖိုင်များအဖြစ် သတိထား ကူးယူနေကြသည်။
Orc အင်ပါယာ၏ သမိုင်းတစ်လျှောက် သူတို့၏ ဝေးလံလှသည့် ဂြိုဟ်ငယ်လေးမှ ကြယ်စင်စုဗျူရိုမှာ ဖခင်ဖြစ်သူနှင့် မျိုးရိုးဗီဇ တစ်ထပ်တည်း တူညီသည့် ပထမဆုံး သားပေါက်လေးကို စစ်ဆေးတွေ့ရှိခဲ့သည်။
သူတို့ ကြယ်စင်စု ဗျူရို၏ နာမည်ကို နောင်တစ်ချိန်တွင် သမိုင်း၌ မှတ်တမ်းတင် ထားကြလိမ့်မည်။
ကျင်းဝူတစ်ယောက် ဘာသာစကား ၁၈ မျိုး နားလည်နိုင်သည်မှာ သူ အသက်အရှည်ကြီးနေခဲ့ရလို့ မဟုတ်ဘဲ ဘာသာစကားသင်ယူရာတွင် မြန်မြန်သင်ယူနိုင်စွမ်း ရှိလို့ပဲဖြစ်သည်။
ဤနေရာရှိ ဘာသာစကားကို နာရီဝက်လောက် ကြားနေရပြီးနောက် သူဟာ အတော်အတန် နားလည်နိုင်နေပြီ။
ထို့အပြင် ခဏခဏ ကြားနေရသည့် စကားလုံးများကတော့ "မာရှယ်ရေမွန်" နှင့် "သားပေါက်လေး" ဆိုသည့် စကားလုံးတွေပင်။
စစ်ဆေးမှု လုပ်နေသည့်အချိန် ဤနေရာရှိ ဆရာဝန်များမှာ သူ၏ ဝမ်းဗိုက်ကိုသာ အာရုံစိုက်နေကြသည်။
ဘာတွေဖြစ်နေလဲဆိုတာကို ကျင်းဝူတစ်ယောက် ရေးတေးတေး ခန့်မှန်းမိလိုက်သည်။
သူ့၏ ဝမ်းဗိုက်ကို သူ ကိုင်ကြည့်လိုက်သည်၊ သူ့ ဝမ်းဗိုက်ထဲက... မဟုတ်သေးဘူး၊ သူ့အခွံထဲက သာ့ဟေး လေးပဲ။
ဒါပေမယ့် ဒီနေရာက စက်ပစ္စည်းတွေက သူ့ကို ကိုယ်ဝန်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး သာ့ဟေး ကိုလည်း သားပေါက်လေးလို့ သတ်မှတ်လိုက်တယ်။
ကျင်းဝူသည် စစ်ဆေးရေး စက်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ကာ ခေတ်မှီသည့်ကမ္ဘာကြီးတွင်ပင် နည်းပညာများက ထိုမျှလောက် မတိုးတက်သေးမှန်း သိသွားတော့သည်။
ထိုသို့ဆိုလျှင်ပင် လူများနေသည့်နေရာတွင် နေထိုင်နိုင်ရန်အတွက် မှတ်ပုံတင်နှင့် လိပ်စာတစ်ခု ရှိဖို့လိုအပ်နေသေးသည်။ ထို့ကြောင့် ကျင်းဝူတစ်ယောက် မျက်လုံးများ လှန်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ ဝမ်းဗိုက်ကို ပွတ်လိုက်ကာ "ဟုတ်တယ်၊ ဒါက ကျွန်တော်နဲ့ မာရှယ်ရေမွန်ရဲ့ သားပေါက်လေးပဲ” ဟု ပြောလိုက်သည်။