ကျင်းဝူ၏ စွမ်းရည်ကို အချိန် အတိုင်းအတာတစ်ခု အထိသာ ဝှက်ထားနိုင်ပြီး တစ်သက်လုံး ဖုံးကွယ်ထား၍ မရနိုင်မှန်း ရေမွန် သိလေသည်။
ကျင်းဝူသည် အရင်က မည့်သည့်ကမ္ဘာမှာ နေထိုင်ခဲ့သလဲ၊ ဤကမ္ဘာသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သလဲ စသည့် မေးခွန်းများကို ရေမွန် စဥ်းစားတွေးတော နေခဲ့သည်။
ကျင်းဝူ အတွက် ဤကမ္ဘာတွင် ဆက်လက် နေထိုင်သွားရန် အစီအစဉ်များကို ရေမွန် စဉ်းစားနေမိသည်။ ထို့ကြောင့် ညဉ့်နက်မှသာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့၏။
ညဉ့်နက်ချိန်၌ ကျင်းဝူ မျက်လုံးများကို ပွတ်သပ်ကာ နိုးလာခဲ့သည်။ အခန်းထဲတွင် အလွန်ပင် မှောင်မဲနေပြီး ပြတင်းပေါက်မှ ဝင်ရောက်လာသော ကြယ်ရောင် မှိန်ပျပျဖြင့်သာ အခန်းထဲရှိ အရာများကို ရေးတေးတေး မြင်နိုင်သည်။
ကျင်းဝူသည် မအိပ်ခင် က အလွန်အကျွံ စားသောက်ခဲ့သောကြောင့် ရေအိမ်သုံးရန် နိုးလာခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စရှင်းပြီးမှ သူ ကောင်းစွာ ပြန်အိပ်နိုင်မည် ဖြစ်သည်။
မနေ့ညက သစ်သီးခြောက်များ အများကြီး စားပြီး ရေများများ သောက်ခဲ့မိသောကြောင့် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။
ကျင်းဝူသည် အလွန်အမင်း အိပ်ချင်နေသဖြင့် မျက်လုံးများကို တဝက်သာ ဖွင့်ကာ ရေချိုးခန်းသို့သွားရန် အိပ်ယာမှ ဆင်းလာခဲ့သည်။ ခြေထောက်အောက်တွင် အေးစက်၍ ချောမွတ်နေသော အရာတစ်ခုကို နင်းမိလိုက်သည်။
ထိုအခါ ကျင်းဝူ အလန့်တကြား အိပ်ယာပေါ်သို့ ပြန်ခုန်တက်မိသည်။ မှောင်မဲနေသော အခန်းထဲတွင် ကျင်းဝူ မြင်လိုက်ရသည်မှာ အနက်ရောင် ဆလင်ဒါပုံ အရာကြီးတစ်ခု မြေပြင်မှ ဖြည်းညင်းစွာ မြင့်တက်လာသည်။
"ဘာကြီးလဲ?!"
ရုတ်တရက် အခန်းထဲတွင် မီးများ လင်းလာသည်။ ကျင်းဝူ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသော မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုမြွေကြီးမှာ သာ့ဟေး မဟုတ်လျှင် ဘယ်သူဖြစ်နိုင်မည်နည်း။
ကျင်းဝူ ဒေါသဖြင့် "မင်းက ဘာလို့ ကြမ်းပြင်မှာ လှဲနေတာလဲ" ဟု သာ့ဟေး ကို မေးလိုက်သည်။
မနေ့ညက ရေမွန်နှင့် စကားပြောပြီးနောက် ကျင်းဝူ အိပ်ပျော်သွားခဲ့သည်။ ရေမွန်သည် အခြားအခန်းတွင် သွားအိပ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ရေမွန်သည် သူ၏ အိပ်ယာအောက်တွင်သာ လှဲနေခဲ့သည်။
ရေမွန် အဖြေမပေးနိုင်ခင်မှာပင် ကျင်းဝူ အိပ်ယာမှ ခုန်ဆင်းကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ရေမွန်၏ မြွေခေါင်းကြီးက ကျင်းဝူနောက်သို့ လည်ပြီး လှည့်ကြည့်နေကာ လျှာတစ်ချက် ထုတ်လိုက်သည်။ ရေချိုးခန်းထဲမှ ရေစီးသံ ကြားလိုက်ရပြီး ရေမွန့် မြွေမျက်နှာမှာ ပူထူလာတော့သည်။
ရေမွန်သည် သူ၏ ခန္ဓာကိုယ်ကြီးကို ဖြည်းညင်းစွာ တွန့်လိမ်၍ မတ်တပ်ရပ်လိုက်ပြီး ကျင်းဝူကို မည်သို့ ရှင်းပြရမည်ကို စဉ်းစားနေစဥ် ကျင်းဝူ ရေချိုးခန်းထဲမှ ထွက်လာပြီ ဖြစ်သည်။
သာ့ဟေးကို ကျော်သွားစဉ် ကျင်းဝူသည် သာ့ဟေး၏ အမြီးကို တမင်တကာ ထပ်ပြီး နင်းလိုက်လေသည်။
အိပ်ယာပေါ်မှ ဆင်းသည့်အချိန်က သူ နင်းမိလိုက်သော အရာမှာ သာ့ဟေး၏ အမြီးဖြစ်ကြောင်း ကျင်းဝူ သိလိုက်သည်။ မြွေများ၏ အမြီးမှာ အလွန်အာရုံခံစားမှု ရှိကြ၏။
ကျင်းဝူသည် ခြေဗလာဖြင့် နင်းလိုက်သောကြောင့် ရေမွန်၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားရတော့သည်။
ကျင်းဝူသည် နူးညံ့သောအိပ်ယာပေါ်သို့ ပြန်တက်ကာ သမ်းဝေရင်း "ညဘက်ကြီး ဘာလို့ မအိပ်ဘဲ ကြမ်းပြင်မှာ လှဲနေတာလဲ" ဟု မေးလိုက်သည်။
ရေမွန်သည် မြွေခေါင်းကို မြှောက်လိုက်ပြီး လူပုံသို့ အသွင်ပြောင်းရန် ပြင်လိုက်သည်။
သို့သော် ကျင်းဝူက "အိပ်ချင်ရင် အပေါ်တက်အိပ်လေ။ ကြမ်းပြင်မှာ အိပ်ရတာ အဆင်မပြေဘူး။ ဒီအိပ်ယာက အရမ်း နူးညံ့တယ်" ဟု ပြောလိုက်လေပြီ။
ရေမွန်သည် လူပုံပြောင်းခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ အစိမ်းရောင် ဒေါင်လိုက်သဏ္ဌာန် မျက်ဆံများမှာ ဝင်းလက်သွားသည်။
ကျင်းဝူက သူ၏ ဘေးနားရှိ နေရာကို ပုတ်ပြီး "ဒီအိပ်ယာက ကျယ်တယ်။ နှစ်ယောက်အိပ်လို့ရတယ်။ အင်း.... မင်း လူပုံပြောင်းမယ် ဆိုရင်ပေါ့။ မဟုတ်ရင် မင်း ဒီပုံစံနဲ့ဆိုရင်တော့ ဒီအိပ်ယာမှာ မဆန့်ဘူး" ဟု ပြောလိုက်လေသည်။
ကျင်းဝူ စကားပြောပြီးနောက် ထပ်မံသမ်းဝေပြီး ခြုံစောင်ကို သူ့ကိုယ်ပေါ်ဆွဲတင်ကာ သူ၏ မျက်နှာကို ခေါင်းအုံးထဲသို့ မြှုပ်၍ ပြောလိုက်သည်။ "မီးပိတ်ဖို့ မမေ့နဲ့ဦး"
ခဏအကြာတွင် ရေမွန်၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကြီးမှာ ပြန်လည် ပြေလျော့သွားသည်။ သူ၏ အမြီးထိပ်ကို ရွှေ့လိုက်တော့ အခန်းထဲရှိ မီးက ပိတ်သွား၏။
ရေမွန်သည် အိပ်ယာဘေးသို့ ဖြည်းညင်းစွာ တိုးကပ်သွားပြီး မှောင်မဲနေသော အခန်းထဲတွင် အိပ်ပျော်နေသည့် ကျင်းဝူကို စိုက်ကြည့်နေသည်။
မြွေများသည် မျက်စိမကောင်းသော်လည်း ရေမွန်မှာ သာမန်မြွေတစ်ကောင် မဟုတ်ပေ။ သူသည် အမြင် အာရုံအလွန်ကောင်းသည့် သားရဲ တစ်မျိုးဖြစ်၏။
အထူးသဖြင့် အဆင့် ၉ သို့ ရောက်ရှိပြီးနောက် သူ၏ မျက်စိမှာ ပိုမိုကောင်းမွန်လာပြီး ညအချိန်တွင်ပင် ရှင်းလင်းစွာ မြင်နိုင်သည်။
ထိုကဲ့သို့ မှိန်ပျပျအလင်းရောင်သာရှိနေသော အခန်းထဲတွင် ကျင်းဝူ၏ မျက်နှာပေါ်ရှိ နှစ်လိုဖွယ် အမွေးအမှင်လေးများကိုပင် သူ မြင်နိုင်သည်။
နောက်ဆုံးတွင် ရေမွန်သည် လူပုံသို့ မပြောင်းဘဲ အရုဏ်တက်ချိန်အထိ မြွေပုံစံဖြင့်သာ ကြမ်းပြင်ပေါ်တွင် အိပ်ပျော်သွားတော့၏။
နောက်တစ်နေ့ မနက်စောစောတွင် ထုံးကျောက်ဂြိုလ်၏ အုပ်ချုပ်သူ ဘရုစ် သည် ထိုအိမ်ငယ်လေးထံသို့ စောစောစီးစီး အစီရင်ခံရန် ရောက်ရှိလာသည်။
မနေ့က ရေမွန်သည် သူ့အား အရပ်သုံး အာကာသယာဉ်တစ်စင်း ပြင်ဆင်ရန် ညွှန်ကြားခဲ့၏။ ဘရုစ်သည် ယမန်နေ့က မိုက်မဲသော အမှားတစ်ခု ကျူးလွန်မိထားသည်။
ထို့ကြောင့် သူသည် သူ၏အမှားကို အာကာသာယာဥ်ကောင်းတစ်ခု စီစဥ်ပေးခြင်းဖြင့် ဖာထေးနိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။ ရိုးရိုး အရပ်သုံး အာကာသယာဉ်တစ်စင်းကိုသာ စီစဥ်ပေးခြင်းက မည်သည့်နည်းနှင့်မျှ သူ့အမှားကို ဖာထေးနိုင်မည် မဟုတ်မှန်း သူသိနေပေသည်။
ရေမွန် ထွက်လာလာချင်း မြင်လိုက်ရသည်မှာ အလွန်ကောင်းသော ကိုယ်ပိုင် ဇိမ်ခံအာကာသယာဉ်ကြီး တစ်စင်း ခြံဝန်းထဲတွင် ရပ်ထားသည်ကို ဖြစ်သည်။
ဤကဲ့သို့ အာကာသယာဉ်မျိုးမှာ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ထားပြီး Orc အင်ပါယာတွင် ချမ်းသာသူများပင် ဝယ်ယူရန် မလွယ်ကူပေ။
ထို့အပြင် ယခုလို ကိုယ်ပိုင် ဇိမ်ခံအာကာသယာဉ်မျိုးကို ခရီးသွားရန် အသုံးပြုလေ့ မရှိကြဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် အတွက်ပင် အကုန်အကျ များစွာ လိုအပ်ပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် အာဏာနှင့် ငွေကြေး ပြည့်စုံသူများသာ ဤကဲ့သို့ ဇိမ်ခံ ကိုယ်ပိုင် အာကာသယာဉ်မျိုးကို ဝယ်ယူထားနိုင်သည်။
မမျှော်လင့်ဘဲ ဘရုစ်က သူတို့အတွက် ဤကဲ့သို့ အာကာသယာဉ်မျိုး စီစဥ်ပေးထားလိမ့်မည်ဟု ရေမွန် တွေးမထားခဲ့ပေ။ ရေမွန်က ဘရုစ်ကို ပြုံးပြလိုက်သည်။
ဘရုစ်က အရိုအသေပြု၍ ရှေ့သို့တိုးလာပြီး ရှက်ရွံ့စွာ ပြုံးရင်း "လေးစားရပါသော မာရှယ်၊ ကျွန်တော့် အကြံအရ မာရှယ့်ရဲ့ အိမ်ထောင်ဖက်က ကိုယ်ဝန်ဆောင်ထားရပြီး ကိုယ်ဝန်စလွယ်ခါစ ဖြစ်တဲ့အတွက် သန္ဓေသား အနေအထား မငြိမ်သက်သေးပါဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ အာကာသယာဉ်ကို အသုံးပြုဖို့ စီစဉ်ပေးထားပါတယ်။ မာရှယ် ဘယ်လို သဘောရပါသလဲ"
ဤကိုယ်ပိုင် ဇိမ်ခံအာကာသယာဉ်ကြီးမှာ ဘရုစ်၏ ပိုင်ဆိုင်မှု ဖြစ်သည်။ သူသည် အာဏာရှိသည့်အပြင် မြင့်မားသော ရာထူးနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည့်အတွက် သူ၏ လက်ထဲတွင် ငွေကြေးဥစ္စာများစွာ ရှိနေပြီ ဖြစ်သည်။
ဤအာကာသယာဉ်တွင် "ကိုယ်ဝန်ဆောင်ခင်ပွန်းအတွက် အထူးခန်း"၊ "ကလေးငယ်ကစားကွင်း" နှင့် "ရှုခင်းကြည့် ဧည့်ခန်း" အစရှိသည့် အပန်းဖြေ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်သည်။
ဘရုစ်အနေဖြင့် သူ၏ ကိုယ်ပိုင် ဇိမ်ခံ အာကာသယာဉ်ကို ပေးအပ်ရန်မှာ အလွန်ပင် နှမြောဖွယ်ရာ ဖြစ်သော်လည်း ထုံးကျောက်ဂြိုလ်ကဲ့သို့ ဝေးလံသော ဂြိုလ်ပေါ်တွင် အဆင့်မြင့် ကိုယ်ပိုင် အာကာသယာဉ် ရှာဖွေရန်မှာ မလွယ်ကူ သောကြောင့် ဘရုစ် သည် ဤဆုံးဖြတ်ချက် ချလိုက်ရခြင်း ဖြစ်သည်။
ရေမွန် ဘာမှပြန်မပြောဘဲ အနားတွင် ရပ်နေသော ကော်ရေးကို လှမ်းကြည့်လိုက်သည်။ ကော်ရေးလည်း ချက်ချင်း နားလည်သွားပြီး ဂျက်ကာနှင့် အခြားသောစစ်သားများကို အာကာသယာဉ်ပေါ်သို့ ခေါ်ဆောင်ကာ အသေးစိတ် စစ်ဆေးစေသည်။
ကော်ရေး၏ လူများမှာ စစ်ရေးဌာနမှ ထူးချွန်သော စစ်သားများ ဖြစ်သည့်အတွက် အာကာသယာဉ် မောင်းနှင်ခြင်းနှင့် ရိုးရှင်းသော ပြုပြင်ထိန်းသိမ်းမှုများကို စိတ်ပူစရာ မလိုပေ။
ဤကဲ့သို့ ကိုယ်ပိုင် အာကာသယာဉ်များ၏ တည်ဆောက်ပုံမှာ စစ်ဘက် အာကာသယာဉ်များနှင့် ဆင်တူသည်။ စစ်သားအနည်းငယ်က အာကာသယာဉ်ကို အတွင်းအပြင် အစစ်အဆေး ပြုလုပ်ပြီး မူမမှန်မှု တစ်စုံတစ်ရာမျှ မတွေ့ရှိကြပေ။ ဘရုစ်မှာ ဘေးတွင် ရပ်လျက် အေးစက်သော ချွေးများကိုသာ သုတ်နေမိသည်။
ခဏအကြာတွင် ကော်ရေးနှင့် စစ်သားအချို့ အာကာသယာဉ်ထဲမှ ထွက်လာကြပြီး လက်ထဲတွင် ပစ္စည်းအရောအနှောများထည့်ထားသော အိတ်ကြီး အနည်းငယ်ကို ကိုင်ဆောင်လျက် ရေမွန်ကို ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ရေမွန်က ဘရုစ်ကို "ဒီအိတ်ထဲက ပစ္စည်းတွေကို အသုံးပြုဖို့ မလိုတော့ပါဘူး။ အာကာသယာဉ်က ကောင်းပါတယ်။ မင်းကို အလုပ်ပိုအောင် နှောက်ယှက်မိပါပြီ" ဟု ပြောလိုက်သည်။
ရေမွန်သည် စွမ်းအင်ပေါက်ကွဲကာ အပျိုစင်တောအုပ်ထဲသို့ ပြုတ်ကျ သွားပြီးနောက် Orc လေးဦး၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် အာကာသယာဥ်တွင် ထည့်သွင်း တပ်စင်ထားသော ပါဝင်ပစ္စည်းများအပေါ် အလွန် သတိထားစစ်ဆေးပြီး ထိုပစ္စည်းများနှင့် ပတ်သက်၍ လက်လွတ်စပယ် မပြုလုပ်ရဲပါပေ။
ဘရုစ်က သူ၏ မေးစေ့မှ ချွေးများကို သုတ်လိုက်ပြီး အားနာစွာ ပြုံးရင်း "ရပါတယ်။ လေးစားရတဲ့ မာရှယ်ကသာ ကျေနပ်မယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ်" ဟုသာ ပြောလိုက်တော့သည်။
ဤပါဝင်ပစ္စည်းများကို သူကိုယ်တိုင် မာရှယ်နှင့် သူ၏ အိမ်ထောင်ဖက်အတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်များအတွက် မုန့်များလည်း ပါဝင်သော်လည်း မာရှယ်က မလိုအပ်ကြောင်း ပြောလာသည်။
ရေမွန် ခေါင်းညိတ်ပြလိုက်။ ဂျက်ကာနှင့် အခြားစစ်သားများက ပါဝင်ပစ္စည်း အိတ်များကို ဘရုစ်ထံ ပြန်ပေးလိုက်သည်။ ဘရုစ်က အားနာစွာ ပြုံးပြီး သူ၏ အာကာသယာဉ်ပေါ်သို့ ပြန်တင်လိုက်သည်။
ကော်ရေးက မနေ့က ထုံးကျောက်ဂြိုလ်ရှိ စစ်တပ် စွမ်းအင်ထောက်ပံ့ရေးစခန်းမှ မာရှယ် ခေါ်ဆောင်လာသော စစ်သားနှစ်ဖွဲ့မှ အယောက်သုံးဆယ်ကို ရွေးချယ်ကာ ဗဟိုကြယ်ဌာနချုပ်သို့ အတူတကွလိုက်ပါရန် ပြောလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသော စစ်သားများ၏ မျက်လုံးများက ဝမ်းသာအားရ တောက်ပနေကြသည်။
သူတို့သည် ထုံးကျောက်ဂြိုလ်ကဲ့သို့ ဝေးလံသော ဂြိုလ်ပေါ်တွင် ရှိနေသောကြောင့် မည်မျှပင် တော်နေစေကာမူ ရာထူးတိုးမြှင့်ခံရရန် အခွင့်အလမ်းက အကန့်အသတ် ရှိသည်။
မာရှယ်ရေမွန်နှင့်အတူ လိုက်ပါရလျှင် အခြေအနေက ကွာခြားသွားပေမည်။ မာရေမွန်၏ လက်အောက်သို့ ရောက်ရှိသွားပါက အနာဂတ်တွင် အတားအဆီး အဟန့်အတားဟူ၍ မရှိတော့ပေ။
ထိုသို့ ရွေးချယ်ခြင်းခံရသော စစ်သား သုံးဆယ်ထဲတွင် သူ၏ ညီလည်း ပါဝင်နေသောကြောင့် ဘရုစ်သည် အလွန်ပင် ဝမ်းသာနေပြီး မျက်နှာမှာ ရဲတွတ်နေသည်။
ဘရုစ်က တိတ်တဆိတ် တွေးလိုက်မိသည်။ ဤကိစ္စ ပြီးသွားလျှင် သူ၏ ညီထံသို့ စာများများ ရေးပို့ရမည်။ မာရှယ့် ရှေ့တွင် မည်သို့ မျက်နှာရစေရန် ပြုမူရမည်ကိုလည်း သင်ပေးရမည်ပင်။
တစ်နေ့နေ့မှာ သူ့ရဲ့ ညီက ကော်ရေးရဲ့ နေရာကို အစားဝင်ပြီး မာရှယ် ရေမွန်ရဲ့ ညာလက်ရုံး ဖြစ်လာနိုင်မယ် မဟုတ်လား။