no

Font
Theme



ရေမွန် က ခရုခွံထဲမှ ထွက်လာပြီး လမ်းပေါ်ရှိ ဆိုင်းဘုတ်များကို ကြည့်လိုက်သည့်အခါ ဤနေရာက ထုံးကျောက်ဂြိုဟ်မှန်း သိလိုက်ရသည်။

သူသည်အရပ်မျက်နှာများကို ဝေဖန်ပိုင်းခြားလိုက်ပြီး‌နောက် တောင်ဘက်အရပ်သို့ လျင်မြန်စွာ တွားသွားလိုက်သည်။ သားရဲပုံစံနှင့်ဆိုလျှင် လူပုံစံထက် သွားလာရ  အများကြီး ပိုမိုမြန်ဆန်‌လေ၏။

ရေမွန်က ဤနေရာ၌ မီးငြိမ်းတောင်တစ်ခု ရှိတာသိ‌သည်။ သူက သူ့စွမ်းအားကို အရင်ဆုံး စမ်းကြည့်ချင်နေ‌လေပြီ။

သူ၏ စွမ်းအင်အရင်းအမြစ်က ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်လည်း ရေမွန် ခံစားနေရသည်မှာ ယခု စွမ်းအင်အရင်းအမြစ်က သူ၏ ယခင် စွမ်းအင်အရင်းအမြစ် နှင့် မတူပေ။

သူ မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် သူ၏ စွမ်းအင်အရင်းအမြစ်က ပုံမှန်ဖြစ်မဖြစ် စမ်းသပ်ရန် အမြန်ဆုံး နေရာတစ်ခု ရှာရမည်။

ရေမွန်တစ်ယောက် အလွန်လျင်မြန်စွာ ရွေ့လျားသွားသည်မှာ ပြင်းထန်သော လေတိုက်အားက သူ့မျက်နှာကို ဖြတ်တိုက်နေပြီး သူ့မျက်နှာပတ်ပတ်လည်တွင် အပြာရောင်မီးတောက်များ ကနေသကဲ့သို့သာ မြင်နိုင်သည်။

နှစ်နာရီခန့်ကြာသောအခါ၌ နောက်ဆုံးတွင် သူ မီးငြိမ်းတောင်ဆီ ရောက်ခဲ့‌‌လေပြီ။

ရေမွန် လူပုံစံပြောင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို တစ်ပတ်လှည့်ပတ်‌စေလိုက်ပြီး မီးတောင်သို့ လက်ဝါးနှင့် ရိုက်ထုတ်လိုက်သည်။

"ဝုန်း" ဆိုသည့် အသံကြီး ထွက်လာကာ မြေကြီးမှာ အလွန်တုန်သွား‌တော့သည်။ ကျောက်တုံးကြီးများ လွင့်စင်သွားပြီး လိမ့်သွားကာ မြေကြီးလှုပ်ခါသံနှင့်အတူ ပူပြင်းသည့် ကျောက်ရေပူများ ပန်းထွက်လာပြီး ခဏလေးအတွင်းမှာပင် ကီလိုမီတာ အတော်များများကို ဝါးမျိုလိုက်‌လေသည်။

ရေမွန်လည်း အလွန်လျင်မြန်စွာသာ မပြေးခဲ့လျှင် သူရိုက်ထုတ်လိုက်သည့် ကျောက်ရေပူများ မျိုချခံရဖို့ နည်းနည်းလေးသာလိုတော့၏။

ဤလက်ဝါး အစွမ်းက အလွန်ကြီးမား‌‌နေလေသည်။ သူ့စွမ်းအင်များ ကုန်ဆုံးသွားသည့်အချိန်က ထွက်လာသော အစွမ်းနှင့်တောင် ဆင်တူနေသဖြင့် ရေမွန် အံ့အားသင့်သွားရ၏။

သူ့ စွမ်းအင်အရင်းအမြစ်က အရင်နှင့် မတူဘူးဟု သူ ဘာလို့ ခံစားရလဲဆိုသည့်အကြောင်းရင်းကို သိသွားရလေပြီ။ ဒါက အဆင့်မြင့်သွားလို့ပဲဖြစ်‌ချေ၏။

သူ အခု Orc အဆင့် ၉ ဖြစ်နေ‌လေသည်။

Orc တစ်ယောက်၏ စွမ်းအင်အရင်းအမြစ်မှာ အမြင့်ဆုံး အဆင့် ၉ အထိသာ ရောက်နိုင်သည်ဆိုတာ အသက် ၅ နှစ်အရွယ် Orc ကလေးတောင် သိသည်။ ဤကဲ့သို့ အဆင့်၉အထိရောက်နိုင်သည်ကလဲ ဒဏ္ဍာရီထဲမှာသာရှိသည်ဟု ဆိုနိုင်‌လောက်အောင် ခက်ခဲလှသည်။

ဘာ‌ကြောင့်ဆို Orc အင်ပါယာကို လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ကျော်တည်းက တည်ထောင်ခဲ့တာဖြစ်၏။ အင်ပါယာကို ပေါင်းစည်းပြီး တည်ထောင်ခဲ့သည့် ဧကရာဇ်တစ်ဦးတည်းကသာ အဆင့် ၉ ကို ရောက်ခဲ့သည်ဟု ဆိုကြသည်။

ထို့နောက်ပိုင်းတွင် မှတ်တမ်းတင်ထားမှု မရှိတော့ပေ။

ရေမွန် ငယ်ငယ်လေးကတည်းမှပင် အလွန် အစွမ်းထက်ကာ သူ့တိုးတက်မှုက အခြားလူများထက် အများကြီး ပိုမြန်သည်။

သို့သော်လည်း သူအရင်က အဆင့် ၈ ၏ အစောပိုင်းအဆင့်မှာသာ ရှိသေးသည်။ ဤသည်မှာ Orc အင်ပါယာတွင် ရှိသည့် တစ်ဦးတည်းဖြစ်သော ငယ်ရွယ်သည့်   အဆင့် ၈ Orc ဖြစ်၏။ ကျန်သည့်သူများမှာ အသက် ၁၀၀ ကျော်နေ‌လေပြီ။ သူက ဒီနှစ်မှ အသက် ၅၀ သာ ရှိ‌‌သေးသည်။

ယခု သူက အဆင့် ၈ အလယ်အလတ်နှင့် အဆင့် ၈ အဆင့်မြင့် များကို တိတ်တိတ်လေး ကျော်ဖြတ်ပြီး အဆင့် ၉ သို့ တန်းရောက်သွားသည်။

သူ့စွမ်းအင်းအရင်းအမြစ်က အရင်ကထက် ပိုပြီး ပိုမိုအားကောင်းလာကာ  ကင်းကောင်ကဲ့သို့ သန်မာနေသည်။

ထို့အပြင် သူ စောစောပိုင်း စွမ်းအင်များ လည်ပတ်နေချိန်က သူ့သွေးကြောများ အရင်ကထက် ပိုပြီး ကျယ်လာသည်ကို သတိထားမိသည်။ ဤသည်မှာ ကျင်းဝူ ဟုခေါ်သည့် အနှီလူမျိုးစိတ် ပြောခဲ့သော သူ့ခန္ဓာကိုယ်ကို ဖွံ့ဖြိုးအောင် ကူညီပေးတာ ဆိုသည်လား။

မဟုတ်ဘူး။ သူက ဒီကလူမျိုးစိတ် မဟုတ်ဘူး။

တကယ်လို့ သူက ဒီအာကာသကြယ်စုက လူတောင် ဟုတ်မနေရင်ရော။



ကော်ရေးတစ်ယောက် အိပ်ပျော်နေတုန်းမှာပင် ရုတ်တရက် ကုတင်တုန်တာကို ခံစားလိုက်ရသည်။ သူ့စစ်မှုထမ်းဘဝအတွေ့အကြုံက သူ့ကို အလွန်သတိရှိနေစေ၍ သူ့မျက်လုံးများကို ချက်ချင်းဆိုသလို ဖွင့်လိုက်သည်။

မြေငလျင်လှုပ်သလိုပဲ?

ကော်ရေး အမြန်ထလိုက်ပြီး နရှီဇါဝါ နှင့် ကျင်းဝူ ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။

နရှီဇါဝါက တံခါးဖွင့်ပြီး အိပ်ချင်မူးတူးနှင့်ပင် "ငလျင်ဌာနက မြေငလျင်လှုပ်မယ်လို့ မခန့်မှန်းထားပါဘူး"

အင်ပါယာ၏ မြေငလျင်ခန့်မှန်းချက် နည်းပညာက ယခုဆို အလွန်ကို သက်တမ်းရင့်နေ‌လေပြီ။ ဘာပြင်းအားမှ မရှိသည့် ငလျင်သေးသေးလေးများကိုပင် ကြယ်တာရာ ငလျင်ဗျူရိုက အတိအကျ ကြိုတင်ခန့်မှန်းပေးနိုင်ပါသည်။

အင်ပါယာ၏ စီရင်ပိုင်ခွင့်အောက်မှာရှိသည့် ဂြိုဟ်တိုင်းနှင့် အင်တာနက်လွှမ်းခြုံနိုင်သော နေရာတိုင်းတွင် မြေငလျင်ကြိုတင်သတိပေးစက်များကို တပ်ဆင်ထားသည်။ မြေငလျင်မစခင် သုံးမိနစ်အလိုတွင် ကြိုတင်သတိပေးချက်များ ပေး၏။ အင်ပါယာ၏ မြေငလျင်ကြောင့် သေဆုံးမှုနှုန်းက ရာစုနှစ်ပေါင်းများစွာ ကြာနေတာတောင် သုညနီးပါးပဲ ဖြစ်သည်။

ကြယ်တာရာ ငလျင်ဌာနက ကြိုတင်ခန့်မှန်းချက်များ မထုတ်ပြန်ထားလျှင် ငလျင်လည်း လှုပ်မှာ မဟုတ်ပေ။

နရှီဇါဝါက ကော်ရေး  အိပ်မက်မက်ပြီး အထင်မှားတာဖြစ်မည် ဟုယူဆလိုက်သည်။

မာရှယ်ရေမွန်က မကြာသေးခင်ကမှ ကျဆုံးသွားခဲ့သည်။ မာရှယ်၏ အဆုံးစွန်သစ္စာရှိ နောက်လိုက်တစ်ဦးအနေနှင့်ရော မာရှယ်၏ ညာလက်ရုံးဟုပါ ဆိုနိုင်သည့် ကော်ရေး ဟာ သူ့ဘဝ၏ ပထမဆုံး အိုင်ဒေါ အဖြစ် သတ်မှတ်ထားသော မာရှယ် ကို ဆုံးရှုံးလိုက်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။

ကော်ရေး အခန်းထဲ ပြန်ရောက်သည့်အခါ အိပ်လို့ မပျော်တော့‌ပေ။ ညဦးပိုင်းက ထုံးကျောက် ဂြိုဟ်၏ အုပ်ချုပ်သူနှင့် ဆက်သွယ်ပြီး သေးငယ်သည့် အရပ်သုံး အာကာသယာဉ်တစ်စင်း ငှားဖို့ တောင်းဆိုခဲ့သည်အား သတိရသွားသည်။

အနှီ သေးငယ်သည့် အရပ်သုံး အာကာသယာဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အထူးခန်း ပါရှိပြီး သူ ယခု မောင်းနှင်နေသော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ထက် ပိုမို သက်တောင့်သက်သာရှိကာ တည်ငြိမ်မှုလည်း ရှိသည်။

ယခုဆိုလျှင် ကြယ်တာရာ၌ မာရှယ်၏ လိမ်ညာ စေ့စပ်ထားသည့်သူနှင့် ကလေးအကြောင်းများ ပျံ့နှံ့နေပြီး ထုံးကျောက်ဂြိုလ်ပေါ်တွင် ဆက်နေလို့ မဖြစ်တော့ချေ။

မာရှယ်၏ မိဘများထံမှ ဆက်သွယ်မှုတစ်ခုခု ရခဲ့လျှင်တောင် သူ ဤမျှလောက် စိတ်ပူမှာ မဟုတ်ပေ။

သူတို့ ပြန်ဖို့ နောက်ကျသွားပြီး အမှန်တရားကို မသိ‌သော မာရှယ်၏ မိဘများက ဆိုင်ရယ်နှင့် သူမနောက်ကွယ်ရှိ လူများ လှည့်စားခံလိုက်ရမှာကို သူ စိုးရိမ်နေသည်။

မထင်မှတ်စွာပင် ထုံးကျောက်ကြယ်၏ အုပ်ချုပ်သူ ကို ဆက်သွယ်လိုက်သည့်အခါ တစ်ဖက်က တဟားဟားနှင့် ရယ်နေကာ ငြင်းဆိုခံလိုက်ရသည်။ သူ့ပြောဆိုပုံမှာလည်း အလွန်ကို အထင်သေး‌နေကာ ဂရုစိုက်စရာမလိုသည့် ပုံစံမျိုးဖြစ်‌နေ၏။

ဒေါသထွက်နေသော ကော်ရေး က ဆက်သွယ်ရေးစက်၏ ဆက်သွယ်မှုလိုင်း ကို ချက်ချင်း ပိတ်ချလိုက်သည်။

သူနှင့် မာရှယ် ဤဂြိုဟ်သို့ အရင်က ရောက်လာချိန်တွင် ဤအုပ်ချုပ်သူ ကောင်စစ်ဝန် က မည်သည့်အခါတွင်မျှ မယဥ်မကျေးမပြုလုပ်ရဲခဲ့ချေ။ ယခုတွင်မူ သူ၏ ယဥ်ကျေးပြူငှာမှုများကို ရပ်တန့်ပစ်လိုက်ပြီ ဖြစ်သည်။

ကော်ရေး ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။ ကော်ရေးမှာ   ကိစ္စတစ်ခုခုရှိသောကြောင့် နရှီဇါဝါက သူ့ကို လာရှာ‌နေသည် ဟုထင်လိုက်၏။ သူ လျှောက်သွားကာ တံခါးဖွင့်ကြည့်လိုက်တော့ အံ့အားသင့်ပြီး ရှုပ်ထွေးသွားရ‌လေပြီ။ "မာ... မာ..."

"ရှယ်" ဆိုသည့် စကားလုံး မပြောနိုင်ခင်မှာပင် တစ်ယောက်ယောက်က သူ့ ပါးစပ်နှင့် နှာခေါင်းကို ပိတ်ကာ အခန်းထဲ တွန်းထည့်ခြင်း ခံလိုက်သည်။ ထို့နောက် တံခါး ပိတ်သွား၏။



 

ကျင်းဝူးလေးကတော့ တစ်ညလုံး ကောင်းမွန်စွာပင် အိပ်ပျော်သွားသည်။

လူသားများ၏ ကုတင်မှာ သက်တောင့်သက်သာရှိလှသည်။ သူ လွန်ခဲ့သည့် ရက်ပိုင်းကတည်းက တောထဲရှိ အကိုင်းများပေါ်၌သာ အိပ်ခဲ့ရခြင်းဖြစ်၏။ ဘယ်လောက် သက်တောင့်သက်သာမရှိလိုက်သလဲဆိုတာ ပြောစရာပင်မလိုခေ။။

သူ အားရကျေနပ်သော မျက်နှာနှင့် ကြမ်းပြင်ပေါ်ကို ကြည့်လိုက်သည်။မနေ့ညက ကြမ်းပြင်ပေါ်တွင် လှဲနေသော သာ့ဟေး က မရှိတော့ချေ။

ကျင်းဝူ က "သာ့ဟေး" လို့ နှစ်ခါတိတိ ခေါ်လိုက်ပေမယ့် ဘာသံမှ မကြားရဘူး။

သူ အလုပ်ရှုပ်သွားရကာ ခြံထဲမှာ သွားရှာသည်။

သူက ဤညီငယ်လေးတစ်ကောင်ကို လက်ခံပြီးတာတောင်မှ ထိုညီငယ်လေးက တိတ်တိတ်လေး ထွက်ပြေးသွားလျှင် သူတော့ အရမ်း နစ်နာသွားရတော့မည်။

ကျင်းဝူး အပြင်ကို ထွက်လာသည်နှင့် သူ့ဆီ ရောက်လာ‌သော နရှီဇါဝါ နှင့် တိုး‌တော့၏။

ဆရာဝန် နရှီဇါဝါ က ပြုံးပြုံးလေးနှင့် သူ့ဆီ လျှောက်လာပြီး "ဒီနေ့ ဘယ်လိုနေသေးလဲ" ဟု မေးလေသည်။

နရှီဇါဝါ က သူ့လက်ထဲက ကိရိယာလေးကို ယူပြီး ကျင်းဝူ၏ ဗိုက်ကို စစ်ဆေးလိုက်သည်။ ကိရိယာလေးက "ဒီ" ဆိုသည့် အချက်ပေးသံ ထွက်လာလေ၏။

နရှီဇါဝါ၏ မျက်နှာ ပြောင်းသွားသည်။

မဖြစ်နိုင်ဘူး။ မရှိတော့ဘူးလား?

ကိရိယာမှာ ပြနေတာက ကိုယ်ဝန်ရှိတဲ့ လက္ခဏာ မတွေ့ရဘူး။

ကျင်းဝူ က နရှီဇါဝါ၏ မျက်နှာကို ကြည့်ပြီး ဘာဖြစ်သလဲဆိုတာကို ချက်ချင်း နားလည်သွားသည်။

သာ့ဟေး က သူ့အခွံထဲမှာ မရှိ‌ချေ။ ဤကိရိယာနှင့် ဓာတ်မှန်ရိုက်ကာ စစ်‌ဆေးလိုက်ခြင်းသာ ဖြစ်ရမည်။

ဤကမ္ဘာသည် နည်းပညာပိုင်းဆိုင်ရာ အရမ်း တိုးတက်သည်ဟု ထင်ရသော်လည်း ကျင်းဝူ၏ အမြင်အရ ဤနေရာတွင်ရှိသည့် အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ အားလုံးက ထိုမျှလောက် မတိကျပါ‌ချေ။

ဥပမာအားဖြင့် မနေ့က  ကြယ်စင်စု ဗျူရို မှာ သူ့ကို စစ်ဆေးသည့် ကိရိယာများနှင့် ယခု နရှီဇါဝါ ကိုင်ထားသည့် ကိရိယာလေးလိုမျိုးပေါ့။

ဤကိရိယာများက သူ့ ခန္ဓာကိုယ်ထဲတွင် အသက်တစ်ခု ရှိသည်ဆိုတာကိုသာ သိနိုင်ပုံရသည်။ ယခု၌ သာ့ဟေး က သူ့အခွံထဲတွင် မရှိတော့သည့်အတွက် ဤကိရိယာက ပုံမှန်မဟုတ်တာကို ပြသနေ‌လေသည်။

နရှီဇါဝါ က မယုံနိုင်စွာဖြင့် ကျင်းဝူ၏ ဗိုက်ကို နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြန်သည်။ ကိရိယာက "ဒီ" ဆိုသော အချက်ပေးသံသာ ထွက်လာပြန်၏။ ကိုယ်ဝန်ရှိသည့် လက္ခဏာ မတွေ့ရဘူးလို့သာ ပြနေ‌လေသည်။

"ဘာဖြစ်တာလဲ။ ဘာလို့ ကလေးကို ဓာတ်မှန် ရိုက်လို့ မရတာလဲ။ ဘာများ ခံစားရလို့လဲ" ဟု နရှီဇါဝါ က အဆက်မပြတ် မေး‌နေသည်။

"ဆရာဝန် နရှီဇါဝါ၊ စိတ်မပူပါနဲ့။ ကိရိယာက ချို့ယွင်းနေတာလဲ ဖြစ်နိုင်ပါတယ်" ဟု ကျင်းဝူ က ပြောလိုက်၏။ "တစ်ခါတလေ စက်တွေက ချို့ယွင်းတတ်တယ်လေ။ ဒီကိရိယာကို ကျွန်တော့်ကို ပြပါဦး"

နရှီဇါဝါ က ကိရိယာကို ကျင်းဝူ ဆီ ထိုးပေးလိုက်ပြီး "ယေဘုယျအားဖြင့်တော့ ဒီကိရိယာက မှားဖို့ မဖြစ်နိုင်ဘူး" ဟု ပြောတော့သည်။

ဤကိရိယာအား ကြယ်စင်စုဗျူရို၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးထားတာဖြစ်ပြီး ဗိုက်ထဲမှာ ရှိနေသေးသည့် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အချိန်မရွေး စစ်ဆေးဖို့ အထူး ပြုလုပ်ထားတာ ဖြစ်သည်။

ကလေး၏ တိကျသော ဖွံ့ဖြိုးမှုကို စစ်ဆေးသည့်နေရာတွင် အနည်းငယ်လေးသာ အမှားအယွင်း ရှိနိုင်သော်လည်း ကလေးကို လုံးဝ မတွေ့ရဘူးဆိုတာမျိုးကတော့ မဖြစ်နိုင်‌ပေ။

ကျင်းဝူ က ကိရိယာကို ယူသည့် ဟန်ဆောင်လိုက်ပြီး ကိုင်ကြည့်လိုက်သည်။ ဆရာဝန် နရှီဇါဝါ အာရုံမစိုက်သည့်အချိန်၌ သူ့ လက်ချောင်းထိပ်မှာ လျှပ်စစ်စီးကြောင်းလေးတစ်ခုကို စုစည်းပြီး ကိရိယာထဲသို့ ထည့်လိုက်‌တော့သည်။

ထို့နောက် သူ့လက်ထဲရှိ ကိရိယာကို လွှင့်ပစ်လိုက်လေ၏။

ကိရိယာက လေထဲသို့ မြောက်တက်သွားကာ ပေါက်ကွဲသွား‌လေသည်။

နရှီဇါဝါမှာ အလွန်ထိတ်လန့်သွားရသည်။

"ဘာဖြစ်တာလဲ။ ဘာလို့ ကိရိယာက ပေါက်ကွဲသွားရတာလဲ"

ကျင်းဝူ လည်း ကြောက်ချင်ယောင်ဆောင်ကာ "မသိဘူး။ လျှပ်စီးပတ်လမ်းကြောင်း တွေ ချို့ယွင်းသွားတာ ဖြစ်မယ်" ဟု ပြောလိုက်သည်။

ကော်ရေး ထိုဘက်သို့ လျှောက်လာနေသောကြောင့် အဖြစ်အပျက်အစအဆုံးကို မြင်လိုက်ရသည်။ အနှီမြင်ကွင်းကို မြင်သည့်အခါ မျက်နှာက ပြောင်းလဲသွားရသည်။ သူ အမြန် လျှောက်လာပြီးကျင်းဝူ ကို အပေါ်အောက် စစ်ဆေးလိုက်၏။

တော်သေးတာ‌ပေါ့။ ဘာဒဏ်ရာမှ မရထားဘူးပဲ။

မနေ့ညက မာရှယ် ရုတ်တရက် အသက်ပြန်ရှင်လာခဲ့သည်။ မှားလို့… အမှန်တော့ သူတို့၏ မာရှယ် က မသေခဲ့‌ပေ။ မသေရုံတင်မက။ သူ၏ စွမ်းအင်တွေလည်း မလျော့သွားချေ။ စွမ်းအင်းအရင်းအမြစ် တွေလည်း ကောင်းနေသေး၏။

ဒါတင်မကပါ‌ပေ။ သူတို့၏ မာရှယ်က အဆင့်တွေတောင် တက်သွားသေးသည်။

အဆင့်ကိုး!

ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ အဆင့်ကိုး!

အဆင့်ကိုးသို့ ရောက်သွားလျှင် ကိုယ့် စွမ်းအင်အရှိန်အဝါ၊အနံ့အသက်များ အားလုံးကို လုံးဝ ဖုံးကွယ်ထား၍ ရသည်ဆိုတာ သိလိုက်ရသည်။

မနေ့ညက သူ့တံခါးအခေါက်မခံရခင် ဘာလို့ ဘာအသံမှ မကြားရတာလဲ။ ဘာအနံ့မှ မရတာလဲဆိုတာ အခုမှ နားလည်သွား‌တော့သည်။

ထိုအချိန်တုန်းက ကော်ရေးမှာ သူသည် မာရှယ် အတု ဖြစ်နေမလားဟုပင် ထင်မိလိုက်သည်။

ကိုယ့်အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားနိုင်သည့် အနှီစွမ်းရည်သည် စစ်မြေပြင်မှာဆိုလျှင် တကယ့်ကို အံ့အားသင့်စရာကောင်းလှသော လက်နက်တစ်ခုပင်။

ကော်ရေးတစ်ယောက် အလွန် စိတ်လှုပ်ရှားသွားပြီး သူ၏ မာရှယ် ကို ပိုပြီးတောင် လေးစားသွားရသည်။

မာရှယ်က ဖြစ်ပျက်ခဲ့သာ့် အကြောင်းအရာများကို ရှင်းပြပြီး ကျင်းဝူ ကို ကာကွယ်ဖို့ရန် သူ့ကို မှာလိုက်သည်။

တကယ်တော့ ကော်ရေးသည် သူ့မာရှယ် နှင့် ကျင်းဝူတို့ ကြားရှိ အကြောင်းအရာများက နှစ်ပွင့်ဆိုင်လား၊ သုံးပွင့်ဆိုင်လား ဆိုသည်အား သိချင်နေသေးသည်။

သို့သော်လည်း မာရှယ် က ကျင်းဝူ အတွက် ရှေးကျသည့်တောအုပ်ထဲတွင် အသီးများ ခူးပေးနေချိန် တောဝက်များ ရောက်လာခဲ့၍ သူ(မာရှယ်)က အနစ်နာခံကာ တောဝက်များအား မျှားခေါ်သွားလိုက်ရသည် ဟုပြောလိုက်၏။ထို့နောက်တော့ ကျင်းဝူ ကို ကယ်တင်ခံပြီး အပျိုစင်တောအုပ် မှထွက်သွားလိုက်သည်။

 

အမှန်တွင် ကော်ရေး လည်းအကြောင်းအရာကိုထပ်မေးကြည့် ချင်သော်လည်း သူ့မာရှယ် ကို ပြန်လှန် မေးခွန်းမထုတ်ရဲချေ။

မာရှယ် က သူ(ကာရေး)က သူ့ဆရာကိုတောဝက်တွေ စားသွားတယ်လို့ ထင်နေတာကို သိသွားရင် ဘယ်လိုလုပ်မလဲ။

မာရှယ် က သူ့အတွေးများက အစကထည်းစ မှားနေသည်ဆိုတာသာ သိသွားလျှင် တောဝက်များကြားထဲ ပစ်ထည့်ပြီး တောဝက်များ သတ်တာခံရအောင်ပင် လုပ်ပစ်ချင် လုပ်လိုက်နိုင်သည်။

ကော်ရေးတစ်ယောက် ကျင်းဝူ နှင့် တောထဲမှာ တွေ့တုန်းက ကျင်းဝူ၏ မျက်နှာတွင် ထိတ်လန့်နေသည့်ပုံစံ၊ ဝမ်းနည်းနေသည့်ပုံစံ မတွေ့ခဲ့ရဘူးဆိုသည်အား အခုမှ သတိရသွားသည်။

ဒါတင်မက‌ပေ။ ကျင်းဝူ ကို သူ ခေါ်သွားတော့မည့်အချိန်တွင် ကျင်းဝူ က သစ်တော၏ အတွင်းပိုင်းသို့ လက်ညှိုးထိုးပြကာ လက်ယမ်းပြခဲ့သည်မှာ မာရှယ် က အထဲမှာ ရှိနေသေးသည် ဟုပြောနေ ဖြစ်နိုင်သည်။

သူက ကျင်းဝူ၏ အဓိပ္ပာယ်ကို နားမလည်ဘဲ မာရှယ့်ကို တောထဲမှာ ထားခဲ့မိသည်မှာ  အလွန်ဝမ်းနည်းစရာကောင်းလှသည်။

သူတို့၏မာရှယ် က တောထဲမှနေ ခြေလျင် ထွက်လာခဲ့ရပြီး အာကာသယာဉ်နှင့် သူတို့နောက်ကို လိုက်လာခဲ့ရသည်။

မာရှယ် က သူ့လို မိုက်မဲလှ‌သော လက်အောက်ငယ်သားကို အပြစ်မတင်သည့်အပြင် အရေးကြီး တာဝန်တစ်ခုကိုပါ ပေးအပ်လိုက်သေးသည်။ ထိုအရာကတော့ ကျင်းဝူ နှင့် ကလေးကို ကာကွယ်ရန်သာ ဖြစ်၏။

"ကလေး" ဆိုသည့် စကားလုံးကို ပြောလိုက်‌သောအခါတွင် သူ့မာရှယ်၏  မျက်နှာက အနည်းငယ် ထူးဆန်းသွားသည်။ သူ့ကိုယ်တိုင်ပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုဖြစ်‌သောကြောင့် ဖြစ်မည်ထင်ပါ၏။

အနှီ "အဖြစ်အပျက်တစ်ခု" ဆိုသည်ကတော့ ကော်ရေး၏ ခေါင်းထဲရှိ စိတ်ကူးယဉ် အတွေးတစ်ခု သက်သက်သာ ဖြစ်သည်။ ထိုကဲ့သို့ ရန်သူများ ဝိုင်းနေ‌သော အခြေအနေမျိုးတွင် ဘယ်သူကများ နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ၊ ခြောက်ခါလုပ်ရန် အချိန်ရှိမည်လဲ။

ယခုတော့ မာရှယ် က သူ့ကို အလွန်တန်ဖိုးထားပြီး ကျင်းဝူ ကို ကာကွယ်ရန် မှာလိုက်သည်။သို့သော်လည်း ဒီမနက် သူ ရောက်လာသည်နှင့် ဤကဲ့သို့ အန္တရာယ်များသော မြင်ကွင်းမျိုးကို တွေ့လိုက်ရလေပြီ။

"ဗိုလ်မှူးကြီး ကော်ရေး၊ ဘာတွေ ဖြစ်နေတာလဲ" ဟု နရှီဇါဝါ က မေးလိုက်သည်။ နရှီဇါဝါ က ခဏတော့ ကြောက်လန့်နေပြီး အရာအားလုံးဟာ ထင်သလောက် မရိုးရှင်းဘူးဆိုသည်အား သူ သဘောပေါက်သွား‌တော့၏။

ကော်ရေး က "တစ်ယောက်ယောက်က မာရှယ်ရေမွန် ရဲ့ တွဲဖက်နဲ့ ကလေးတွေကို ဒုက္ခပေးဖို့ ကြိုးစားနေတယ်" လို့ ပြောလိုက်သည်။

ကျင်းဝူ: "..."

ကျင်းဝူ က မြေကြီးပေါ်က မီးလောင်နေတဲ့ ကိရိယာကို တိတ်တဆိတ် ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောတော့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment