no

Font
Theme


ထုံးကျောက်ဂြိုဟ်၏ အုပ်ချုပ်သူ ဘရုစ်သည် မာရှယ့်လက်တွဲဖော် ယာယီနေထိုင်ရာအိမ်တွင် အလွန်ထိတ်လန့်ဖွယ်ရာများနှင့် ကြုံတွေ့ခဲ့ပြီးနောက်  အင်အားချည့်နဲ့သော ခြေထောက်များဖြင့် သူ၏ကြယ်စင်စုစီမံခန့်ခွဲရေးအိမ်သို့  ပြန်လာခဲ့သည်။

ကြယ်စင်စုဗျူရို၏  ညွှန်ကြားရေးမှူးကို မေးမြန်းရန် အချိန်မရသေးခင်ပင် ထုံးကျောက်ဂြိုဟ် ငလျင်ဗျူရို၏  ညွှန်ကြားရေးမှူးသည် အလျင်အမြန် အစီရင်ခံရန် ရောက်ရှိလာခဲ့သည်။

"ဆရာ၊ ဆရာ၊ ပြဿနာကြီးတစ်ခုဖြစ်နေပြီ မကောင်းတော့ဘူး!"

ဘရုစ်သည်  စိတ်မရှည်စွာဖြင့်  "ဘယ် ပြဿနာက ကြီးပြီး မကောင်းတာလဲ"

ဘယ်လို မကောင်းတဲ့ကိစ္စဖြစ်ဖြစ် မာရှယ်ရေမွန် ရုတ်တရက် အသက်ပြန်ရှင်လာတာလောက်တော့ ပြဿနာကြီးနိုင်ဦးမလား?

သေခြင်းမှ ပြန်လည်ရှင်သန်လာသော မာရှယ်ရေမွန်သည် သူတို့၏ ထုံးကျောက်ဂြိုဟ် ကြယ်စင်စုဗျူရိုမှ ပြန်လည် ပေးလိုက်သော "ကိုယ်ဝန်စစ်ဆေးရေးကိရိယာ" ပေါက်ကွဲသွားသည်ကို မြင်လိုက်ရပြီး မာရှယ်ရေမွန်၏ အဖော်နှင့် သားပေါက်လေးတို့ကိုပါ ထိခိုက်လုနီးပါး ဖြစ်စေခဲ့သည်။

ဘရုစ်က ဤကိစ္စကို သူသာ ကောင်းစွာ မကိုင်တွယ်နိုင်ပါက သူ၏ အုပ်ချုပ်သူအခွင့်အာဏာများ ဆုံးရှုံးရတော့မည် ဟု ခံစားနေရလေသည်။

"ဆရာ" ငလျင်စီမံခန့်ခွဲရေးဌာန၏  အကြီးအကဲသည် သူ၏  ချွေးများကို သုတ်လိုက်ပြီး အမောတကောဖြင့် ပြောလာသည်။ "မနေ့ညက ငလျင်လှုပ်ခဲ့တယ်။ ငလျင်စီမံခန့်ခွဲရေးဌာနက မြေပြင်ရွေ့လျားမှုနဲ့ ပတ်သက်ပြီး  ကြိုတင်လက္ခဏာတွေကို မခန့်မှန်းမိထားဘူး။ အခု ကြယ်တာယာကွန်ယက်မှာ လူတွေက မိုးပြိုမတတ်ကို ပြောဆိုနေကြပြီ!"

"ဘာ?? ငလျင်လှုပ်တယ်??!!"

ဘရုစ်က  ထိတ်လန့်တုန်လှုပ်သွားပြီး ထိုင်ခုံမှ ရုတ်တရက်  ထရပ်လိုက်သော်လည်း သူ၏အားနည်းနေသည့် ခြေထောက်များကြောင့် ပြန်လဲကျသွားခဲ့ရသည်။

မနေ့ညက သူ ဘာမှ မခံစားမိခဲ့ပါဘူး။ ဒါ့အပြင် အင်ပါယာမှာ နှစ်ပေါင်းရာနဲ့ချီပြီး ငလျင်စီမံခန့်ခွဲမှုက အမှားအယွင်းမရှိဘဲ ငလျင်‌တွေကို ကြိုတင်ခန့်မှန်းချက်ထုတ်ခြင်းက‌နေ ကြိုတင်သတိပေးချက်အထိ တိကျစွာခန့်မှန်းနိုင်ခဲ့တယ်‌လေ။

"အခု ငလျင်လှုပ်ရတဲ့  အကြောင်းအရင်းကို ရှာတွေ့ပြီလား?!"

ငလျင်ဗျူရို၏ အကြီးအကဲက လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။ "တွေ့ပြီ။ ရှစ်ရာကီလိုမီတာအကွာမှာရှိတဲ့ နန်ရှန်အုပ်စုက မီးငြိမ်းတောင်တစ်ခု ရုတ်တရက်  ပေါက်ကွဲခဲ့တာ။"

မီးငြိမ်းတောင်များသည် သားရဲအင်ပါယာ  သမိုင်းတ‌လျှောက်တွင် မည်သည့်အခါမှ မပေါက်ကွဲဖူးသော မီးတောင်များဖြစ်သည်။ ထိုမီးတောင်များသည် ကာလရှည်ကြာ မပေါက်ကွဲသောကြောင့်  ပြိုကွဲကာ တိုက်စား သွားပြီဖြစ်သည်။  ပျက်စီးယိုယွင်းလာသည်နှင့်အမျှ  ပေါက်ကွဲနိုင်စွမ်းသည်လည်း အရင်ကတည်းက  ဆုံးရှုံးသွားပြီ ဖြစ်၏။

မည်သို့ဖြစ‌်စေ  ပေါက်ကွဲနိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်သော မီးငြိမ်းတောင်တစ်ခုသည် ကြိုတင်သတိပေးချက်မရှိဘဲ ပြန်လည်ပေါက်ကွဲနိုင်မည်နည်း။

"ဘာကြောင့်  မီးငြိမ်းတောင်တစ်ခုက အကြောင်းအရင်းမရှိဘဲ ပေါက်ကွဲရတာလဲ? မင်းတို့ ငလျင်စီမံခန့်ခွဲရေးဌာနက ပညာရှင်အုပ်စုက  အလကားစားနေကြတာလား?!"

ငလျင်စီမံခန့်ခွဲရေးဌာန၏  အကြီးအကဲ(ညွှန်ကြားရေးမှူး)သည် ချွေးများ ထွက်လာကာ "ထုံးကျောက်ဂြိုဟ်ပေါ်မှာ မီးငြိမ်းတောင်ပေါင်း  နှစ်ထောင်ကျော်ရှိတယ်။ ငလျင်စီမံခန့်ခွဲရေးဌာနက လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က တစ်ခုချင်းစီရဲ့ နေရာအကုန်နီးပါးကို စုံစမ်းစစ်ဆေးခဲ့ပြီး မြေပြင်မှာလည်း မြင့်မားတဲ့  အပူချိန်ရှိတဲ့  ကျောက်ရေပူတွေ အမြောက်အမြား စုပုံနေတာကို မတွေ့ရှိခဲ့ပါဘူး။"

"လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ငါကိုယ်တိုင် စစ်ဆေးခဲ့တာ၊ ငါးနှစ်တစ်ကြိမ် လဲ စစ်ဆေးထားသေးတာ!" ဘရုစ်က  ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ငလျင်စီမံခန့်ခွဲရေးဌာန၏  အကြီးအကဲသည် အုပ်ချုပ်သူ၏  ဒေါသတကြီး အော်ဟစ်သံကြောင့်  ကြောက်လန့် တုန်လှုပ်သွားရသည်။ ထို့အပြင် စစ်ဆေးမှုများကို ငါးနှစ်တစ်ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် လူအင်အားနှင့်  ပစ္စည်းအင်အား မည်မျှ အသုံးပြုလိုက်ရသည့်အကြောင်းကို သူ့စိတ်ထဲက အတွေးအဖြစ်သာ ထားလိုက်တော့သည်။

ငလျင်စီမံခန့်ခွဲရေးဌာနမှ လူတိုင်းသည် အခြားအလုပ်များမလုပ်နိုင်ဘဲ  စစ်ဆေးမှုများပြုလုပ်ရန် မီးငြိမ်းတောင်များရှိရာသို့ နေ့စဉ်မရပ်မနား ကမ္ဘာတစ်ဝှမ်း ပြေးလွှားနေရသည်။ မီးငြိမ်းတောင်ပေါင်း နှစ်ထောင်ကျော်ကို စုံစမ်းစစ်ဆေးပြီးစီးရန် ငါးနှစ် အချိန်ယူခဲ့ရသည်။ ထို့သို့ သူတို့ တစ်ဌာနလုံး မအားမလပ်လုပ်ကိုင်ခဲ့သော်လည်း ပြဿနာက ဖြစ်ပေါ်လာခဲ့သည့်အတွက် အကြီးအကဲ(ညွှန်ကြားရေးမှူး)က အုပ်ချုပ်သူကို ပြန်ပြောရန် စကားမရှိဖြစ်နေခဲ့သည်။

သို့ သော် ထိုအခိုက်တွင် အုပ်ချုပ်သူဘရုစ်သည်  ဒေါသတကြီး အော်ဟစ်နေကာ နဂါးတစ်ကောင် မီးထမှုတ်တော့မည်ကဲ့သို့ ဖြစ်နေသောကြောင့် ငလျင်စီမံခန့်ခွဲရေးဌာန၏  ညွှန်ကြားရေးမှူးသည် သူနှင့်  ငြင်းခုံရန် မဝံ့မရဲဖြစ်နေသည်။ သို့သော်လည်း ထိုသူအား မေးလိုက်မိသည်။

"ဆရာ၊ အခု ဘာလုပ်ရမလဲ? ပြည်သူတွေက ငလျင်စီမံခန့်ခွဲရေးဌာနရဲ့  ရှင်းလင်းချက်ကို တောင်းဆိုနေကြတယ်။"

"ပြည်သူတွေက ငလျင်စီမံခန့်ခွဲရေးဌာနရဲ့  ရှင်းလင်းချက်ကို တောင်းဆိုနေတာလေ၊ ဘာကိစ္စ ငါ့ကို လာရှာနေတာလဲ? ငါက မင်းတို့ကို ငလျင်စီမံခန့်ခွဲရေးဌာနရဲ့  ညွှန်ကြားရေးမှူးအဖြစ် မွေးမြူထားတာ.. ဘယ်လိုလုပ်ရမလဲဆိုတာ ငါက မင်းတို့ကို သင်ပေးရဦးမှာလား? မင်း မလုပ်နိုင်ဘူးလို့  ခံစားရရင် မလုပ်နဲ့! အရည်အချင်းရှိတဲ့  နောက်လူကို တင်ပြလိုက်မယ်!"

ငလျင်ဗျူရို၏  အကြီးအကဲသည် ခေါင်းငိုက်စိုက်ကျနေမိသည်။ ထိုကိစ္စကို ကောင်းစွာ မကိုင်တွယ်နိုင်ပါက ဗဟိုကြယ်ထိတ်တန်းအရာရှိများက သတိပြုမိသွားလိမ့်မည်။ ထိုအခါ ထုံးကျောက်ဂြိုဟ် ငလျင်စီမံခန့်ခွဲရေးဗျူရို၏  ညွှန်ကြားရေးမှူးတစ်ယောက်တည်း မဟုတ်ဘဲ ထုံးကျောက်ဂြိုဟ်၏  အုပ်ချုပ်သူ ဘရုစ်ပင် အလုပ်ပြုတ်ကာ ထွက်ခွာရနိုင်ပေသည်။

“ဒါကိုဖြေရှင်းဖို့ မြန်မြန်မလုပ်ပဲနဲ့ မင်းဒီမှာ ဘာလုပ်နေတာလဲ”

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော် အခုသွားလိုက်ပါမယ်!" ငလျင်စီမံခန့်ခွဲရေးဌာန၏  ညွှန်ကြားရေးမှူးသည် စကားပြောပြီးသည်နှင့်  လှည့်ကာ ထွက်ပြေးသွား‌တော့သည်။

ဘရုစ်သည် ဒေါသထွက်နေဆဲ ဖြစ်ပြီး သူ၏ မုတ်ဆိတ်မွှေးများ တဖျပ်ဖျပ် တုန်နေသည်။ ဘာမှ စိုးရိမ်စရာမရှိ‌ပေ။ သူ့အတွက် ပိုကြီးမားသည့် အရာတစ်ခု စောင့်ကြိုနေသည်ဟု တွေးမိပြီး တံခါးကို လှမ်းအော်လိုက်သည်။ "လာကြဦး၊ ငါ့ကို ကြယ်စင်စုဗျူရိုရဲ့ ညွှန်ကြားရေးမှူး လာတွေ့ဖို့  ခေါ်ပေးကြ!"

မာရှယ် ရေမွန်က ကိုယ်ဝန်စမ်းသပ်ကိရိယာ တွင် မိုက်ခရိုဗုံးများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ဘရုစ်အား နေ့တစ်ဝက်သာ အချိန်ပေးခဲ့သည်။

ဤကဲ့သို့ အချိန်တိုလေးအတွင်း၌ ဘာမှရှာဖွေဖော်ထုတ်ဖို့ မဖြစ်နိုင်ပါပေ။

ဘရုစ်သည် ကြယ်စင်စုဗျူရို ညွှန်ကြားရေးမှူးကို အပြစ်ပုံချ၍ မာရှယ် ရေမွန်၏ ဒေါသမှ လွတ်မြောက်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ယခုတွင် သူသည် မာရှယ်ရေမွန်ထံ တောင်းပန်ရန်အတွက် ထုံးကျောက်ဂြိုလ်၏ ကြယ်စင်စုဗျူရို ညွှန်ကြားရေးမှူးကို ခေါ်ဆောင်လာခဲ့သည်။ ရေမွန်သည် ကျင်းဝူ၏အခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဘရုစ်၏ ၀ဖြိုးသော ခန္ဓာကိုယ်သည် ပူပြင်းသော နေရောင်အောက်တွင် ရပ်နေသည်။

မာရှယ်ရေမွန် ထွက်လာသည်ကို တွေ့သောအခါ ဘရုစ်သည် ချက်ချင်းပင် ရိုသေစွာ ခြေတစ်လှမ်းတိုးလာပြီး  လျှောက်တင်လိုက်သည် "မာရှယ်၊ ကိုယ်ဝန်စမ်းသပ်ကိရိယာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရှာဖွေတွေ့ရှိပြီးပါပြီ"

ရေမွန်သည် မျက်ခုံးကို မြှင့်လိုက်ပြီး ပြောလိုက်သည်  "အိုး? ပြောပြပါဦး"

ထုံးကျောက်ဂြိုလ်၏ အုပ်ချုပ်သူ ဘာတွေ ရှာဖွေတွေ့ရှိထားသလဲဆိုသည်အား သူသိလိုလှသည်။ ဘရုစ်သည် မာရှယ်ရေမွန်က သိပ်ဂရုမစိုက်ဟန် တွေ့လိုက်ရသောအခါ ပို၍ ကြောက်လန့်သွားသည်။ မျက်နှာပြင်ပေါ်ရှိ ဤကဲ့သို့သော ဂရုမစိုက်မှုသည် အမှန်တကယ်တွင် အတွင်းပိုင်း၌ အလွန်ဒေါသထွက်နေခြင်း၏ အကြောင်းပြချက် တစ်ခုဖြစ်သည်။

ဘရုစ်၏ နဖူးပေါ်ရှိ ချွေးများသည် စီးကျလာသော်လည်း သူသည် မသုတ်ရဲပေ။

သူ့နောက်ရှိ ထုံးကျောက်ဂြိုလ်၏ ကြင်စင်စုဗျူရို ညွှန်ကြားရေးမှူးကို ဆွဲထုတ်လာပြီး "အစွန်းရောက် ရာဇ၀တ်ကောင်တွေက ကြယ်စင်စုဗျူရိုထဲ ရောနှောဝင်ရောက်ပြီး 'ကိုယ်ဝန်စမ်းသပ်ကိရိယာ' မှာ မိုက်ခရိုဗုံးတွေ တပ်ဆင်ပြီး ကြယ်စင်စု ငြိမ်းချမ်းမှုပျက်ပြားအောင် နဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားစေဖို့ ကြံရွယ်ခဲ့ကြပါတယ်။ ဒါတွေအားလုံးက ကြယ်စင်စုဗျူရိုရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်ရတာပါ။ ကျွန်တော် ကြယ်စင်စုဗျူရိုညွှန်ကြားရေးမှူးကို ခေါ်လာခဲ့ပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်" ဟု လျှောက်တင်လိုက်သည်။

ဗျူရိုညွှန်ကြားရေးမှူးသည် အလွန် အံ့အားသင့်သွားရလေသည်။ ယခု အုပ်ချုပ်သူ ပြောနေသောစကားများသည် ဒီကို မလာခင်က ဆွေးနွေးခဲ့သည့် အရာနှင့် လုံးဝကွာခြားနေသည်။

ယခု သူ(အုပ်ချုပ်သူ)ဆိုလိုနေသည့်အရာမှာ သူ့(ဗျူရိုညွှန်ကြားရေးမှူး)ကို အပြစ်ပုံချရန် ကြိုးစားနေခြင်းပင်။ သူ(ဗျူရိုညွှန်ကြားရေးမှူး)သာ ဤကိစ္စကို သဘောတူလိုက်ပါက သူသည် အပြစ်ရှိသူ ဖြစ်လာပြီး သူ၏အပြစ်ကင်းမှုကို ဖော်ထုတ်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

ဗျူရိုညွှန်ကြားရေးမှူးသည် မိုက်မဲသူ မဟုတ်‌ချေ။ သူသည် ထိုကဲ့သို့ အဖြစ်ခံမည် မဟုတ်။ အုပ်ချုပ်သူ၏ အကြံပြုချက်ကို လျစ်လျူရှုကာ ဗျူရိုညွှန်ကြားရေးမှူးသည် အခြေအနေအမှန်ကို ချက်ချင်းပင် တင်ပြလိုက်သည်။

“မာရှယ်၊ ကျွန်တော်တို့ ဗျူရိုက ဒီသတင်းကို ရပြီးတဲ့နောက်မှာ သိုလှောင်ထားတဲ့ ကိုယ်ဝန်စမ်းသပ်ကိရိယာ အားလုံးကို ချက်ချင်းပဲ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုအချိန်အထိ ကိရိယာတစ်ခုခုမှာ ပြဿနာ တစ်စုံတစ်ရာ မတွေ့ရှိရသေးပါဘူး။ မာရှယ့်လက်‌တွဲဖော် ရရှိခဲ့တဲ့ ကိုယ်ဝန်စမ်းသပ်ကိရိယာ က အရည်အသွေးပြဿနာကြောင့် ရှော့ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ နောက်ဆုံးအဖြေရရှိဖို့ ချို့ယွင်းနေတဲ့ စမ်းသပ်ကိရိယာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။"

ရေမွန်သည် ဗျူရိုညွှန်ကြားရေးမှူးရဲ့ တည်ငြိမ်တဲ့ပုံစံကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည် "ဒါဆိုရင် မင်း စမ်းသပ်ကိရိယာကို အရင်ကြည့်လို့ရတယ်"
17.3

ဘရုစ်သည် ဗျူရိုညွှန်ကြားရေးမှူးကို ခါးသီးစွာ ကြည့်လိုက်ပြီး မာရှယ်၏စကားကို ကြားသောအခါ ခေါင်းငုံ့ကာ မည်သည့်စကားမျှ မပြောဝံ့တော့ပေ။

ဗျူရိုညွှန်ကြားရေးမှူးသည် မြေပြင်ပေါ်တွင် ပစ်ချထားပြီး ပေါက်ကွဲနေသော 'ကိုယ်ဝန်စမ်းသပ်ကိရိယာ' ကို ကောက်ယူလိုက်ပြီး ချက်ချင်းပင် အပြင်ဘက်အဖုံးကို ဖယ်ရှားလိုက်သည်။

သူသည် စက်ကိရိယာများနှင့် အကျွမ်းတဝင် ရှိပြီး  ကြယ်စင်စုဗျူရို ညွှန်ကြားရေးမှူး ရာထူးအထိ တက်လှမ်းလာနိုင်သည်မှာ သူ့တွင် စက်ကရိယာများနှင့်ပတ်သတ်သည့် စက်ကိရိယာများကို ကိုင်တွယ်‌သော တမူထူးခြားသည့် နည်းလမ်းများရှိသောကြောင့်ဖြစ်သည်။

ဗျူရိုညွှန်ကြားရေးမှူးသည် စစ်ဆေးမှုကို အမြန်ဆုံး ပြီးစီးသွားခဲ့ပြီး မာရှယ်အား လေးစားစွာ အစီရင်ခံလိုက်သည်။ "မာရှယ်၊ ဒီစမ်းသပ်ကိရိယာမှာ  မိုက်ခရိုဗုံးတစ်ခုမှ တပ်ဆင်ထားတဲ့ လက္ခဏာ မတွေ့ရှိရပါဘူး။ ရုတ်တရက် ထပေါက်ကွဲတာက လျှပ်စစ်ပတ်လမ်းရှော့ဖြစ်တာ ဒါမှမဟုတ် စက်ရုံကနေ ထွက်လာစဉ်ကတည်းက ချို့ယွင်းနေတဲ့ ထုတ်ကုန် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။"

"ကောင်းပြီ၊ ဒီကိရိယာ ပေါက်ကွဲရတဲ့ ဖြစ်နိုင်ချေအကြောင်းအရင်းကို သိပြီဆိုတော့  ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်။ အနာဂတ်မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိထား ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ရမယ်။ အင်ပါယာရဲ့  မျိုးဆက်သစ်တွေကို အန္တရာယ်ဖြစ်စေမယ့်  အရာတွေကို ဘယ်တော့မှ သည်းခံမှာမဟုတ်ဘူး။"

ကြယ်စင်စုဗျူရို ညွှန်ကြားရေးမှူး - "...?????!!!"
အုပ်ချုပ်သူ ဘရုစ် - "...?????!!!"
ဒါပဲလား??

သူ့လက်တွဲဖော်နှင့် သားပေါက်လေးကို ထိခိုက်စေနိုင်သည့် ဤအဖြစ်အပျက်အတွက် မာရှယ်က သူတို့ကို စိတ်မဆိုးချေ။ မာရှယ်သည် ထိုကိစ္စကို ပေါ့ပေါ့တန်တန်ပင် လွှတ်ချလိုက်ပြီး သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်သည်။

မာရှယ်ရေမွန်သည် အမှန်တကယ်ပင် ထက်မြက်လှပေသည်။

ဗျူရိုညွှန်ကြားရေးမှူးသည် အလွန်ပင် ကျေနပ်သွားပြီး မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားသည်။ သူသည် မာရှယ်ရေမွန်အား ကျေးဇူးတင်သည့်အနေဖြင့် အစွမ်းကုန် ကူညီမည်ဟု ဆုံးဖြတ်လိုက်၏။

ဘရုစ်သည် ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤအဖြစ်အပျက်ကို ဤမျှ ပေါ့ပေါ့တန်တန် ဖြေရှင်းနိုင်သည်ကိုသာ သိခဲ့လျှင် သူသည် အမှန်အတိုင်း ပြောခဲ့လိမ့်မည်ဖြစ်သည်။ ယခုတော့ သူ့ လုပ်ရပ်ကြောင့် သူ၏အရည်အချင်းရှိသော လက်အောက်ငယ်သားများနှင့် ကောင်းမွန်သောဆက်ဆံရေးကို ပြတ်တောက်သွားစေသည်။

ရေမွန်သည် ထိုသူနှစ်ဦးကို ကြည့်လိုက်ပြီး ၎င်းတို့၏ အတွေးများကို ကောင်းစွာ သိရှိလိုက်သည်။

သူသည် ထုံးကျောက်ဂြိုလ်၏ ဗျူရိုညွှန်ကြားရေးမှူး ကို ကြည့်လိုက်သည်။ သူ၏လုပ်ဆောင်ချက်များက မဆိုးပေ။ ထုံးကျောက်ဂြိုလ်ရှိ အုပ်ချုပ်သူ ရာထူး အပြောင်းအလဲလုပ်ရန် အချိန်တန်ပြီဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရေမွန်သည် လက်ရှိ အုပ်ချုပ်သူ၏ အကူအညီကို လိုအပ်နေသေးဆဲဖြစ်၏။

"ဘရုစ်၊ ငါတို့အတွက် အရပ်သုံး အာကာသယာဉ်ငယ်တစ်စီး ပြင်ဆင်ပေးပါ။ ကိုယ်ဝန်ဆောင်တွေအတွက် ပြင်ဆင်ထားတဲ့ သိုလှောင်ခန်းတစ်ခုလည်း စီစဉ်ပေးပြီး မနက်ဖြန် မနက်အစောကြီး ဒီကိုပို့ပေးပါ။"

ကျင်းဝူသည် ကိုယ်ဝန်မရှိသော်လည်း ရေမွန်၏စိတ်ထဲတွင် ပုန်းကွယ်နေသော ကြယ်၏ အပျိုစင်သစ်တောတွင် သူတို့ ပထမဆုံးတွေ့ဆုံခဲ့စဉ်က အဖြစ်အပျက်(ကျင်းဝူလေး ခြေဗလာနဲ့လမ်းလျှောက်တော့ ခြေထောက်ဒဏ်ရာ ရသွားတာကိုပြောတာပါ)ကို မတွေးတောဘဲ မနေနိုင်အောင်ရှိနေသည်။

ကျင်းဝူ၏ စွမ်းရည်သည် မယုံနိုင်စရာ ကောင်းသော်လည်း ခန္ဓာကိုယ်မှာမူ အလွန်ပါးလျပြီး အားနည်းလှသည်။ ဗဟိုကြယ်သို့ သွားရမည့် ခရီးသည် အလွန်ဝေးကွာပြီး စစ်တပ်အာကာသယာဉ် အပြင်အဆင် အနေအထားက   သူ့အတွက် သက်တောင့်သက်သာမရှိနိုင်သောကြောင့်  ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

နရှီဇါဝါသည် အိမ်မှ ထွက်လာသည်နှင့် "ကိုယ်ဝန်ဆောင်အတွက် သိုလှောင်ခန်း တစ်ခု စီစဉ်ပေးပါ" ဟူသော ရေမွန်၏စကားကို ကြားလိုက်ရသည်။ ရေမွန်သည် သူ၏အိမ်ထောင်ဖက် "ကိုယ်ဝန်ပျက်ကျသွားသည်" ကို မသိသေးဘူး ဆိုသည်ကို သူယုံကြည်ရန် ခက်ခဲနေသည်။  

အမှန်ပင် ဤကဲ့သို့သော သားရဲအား ဘုရားသခင်က အဘယ်ကြောင့်များ လက်တွဲဖော်ပေးခဲ့ပါသနည်း။

နရှီဇါဝါသည် စိတ်ထဲမှ စကားအနည်းငယ် ပြင်ဆင်ပြီးနောက် မာရှယ်ရေမွန်နှင့် စကားပြောရန် စီစဉ်လိုက်သည်။

[T/N:

1. ကြယ်စင်စုဗျူရို ကို တစ်ခါတစ်ခါ ဗျူရိုလို့ပဲရေးထားပါတယ်။ နောက်က ညွှန်ကြားရေးမှူးပါ ပါရင် စာရှည်နေလို့ဖတ်ရအဆင်မပြေမှာစိုးလို့ပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment