no

Font
Theme

ကျင်းဝူ ရေမွန့်နောက်ကို လိုက်ကာ အခန်းထဲဝင်လာပြီးနောက် ရေမွန်က ဆိုဖာပေါ်မ ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူက တစ်ဖက်ခြမ်းရှိ နေရာကို လက်ညှိုးထိုးပြီး "ထိုင်ပါ" ဟု ပြောလိုက်သည်။


ကျင်းဝူ က သူ၏ လျော့ရဲနေသော အဝတ်အစားများကို ဆွဲဆန့်ပြီး ရေမွန့် တစ်ဖက်ခြမ်းမှာ ဝင်ထိုင်လိုက်သည်။
ကျင်းဝူ တံခါးဝကနေ ဝင်လာပြီး ဆယ်စက္ကန့်လောက်အတွင်းမှာပင် သူ့စိတ်များ ငြိမ်သက်သွားရသည်။


ကြောက်စရာဘာမှမရှိဘူး။ သူဘာမှ မလုပ်ခဲ့ဘူး‌လေ။ "ကိုယ်ဝန်" ရှိတယ်လို့ ဟန်ဆောင်ခဲ့ရုံပါပဲ။
ထို့အပြင် "ကလေး" ရှိနေတယ် ဆိုသည်အား သူကအစပြုကာ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူတို့အားလုံးက သူ "ကိုယ်ဝန်" ရှိသည်ဟု ယုံကြည်နေကြပြီး "ကလေး" ဟာ "မာရှယ် ရေမွန်" ၏ ကိုယ်ဝန်ဟုလည်း ယုံကြည်နေကြခြင်းဖြစ်သည်။


သူက ရေလိုက် ငါးလိုက်သာ ပါဝင် ဟန်ဆောင်ခဲ့ခြင်းဖြစ်၏။
ဤကိစ္စတစ်ခုလုံးဟာ ဘာသာစကား အနှောင့်အယှက်ကြောင့် ဖြစ်ပေါ်လာသော အမှားတစ်ခုပင်။
ဟုတ်တယ်၊ အဲဒါ အမှန်ပဲ။


ကျင်းဝူသည် အာရုံစိုက်လိုက်ပြီးနောက် တစ်ဖက်ခြမ်းတွင်ထိုင်နေသည့် ရေမွန်ကို ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
သူ့ မျက်လုံးများက တောက်ပနေပြီး နှုတ်ခမ်းများကလဲ ပန်းရောင်သန်းနေသည်။
သူ့ အပြုံးဟာ ချွန်ထက်သည့် ကျားစွယ်သွားလေးနှစ်ချောင်းကို ပေါ်လွင်စေသည်။ သူ့ဆံပင်ရှည်များက ပါးပြင်နားအထိ ရောက်နေပြီး ကြည်လင်နေသော တောင်ပေါ်စမ်းချောင်းလေးလို သန့်ရှင်းလှပနေ၏။


ရေမွန်တစ်ယောက် မြန်မြန်ဆန်ဆန်ပင် မျက်လွှာချလိုက်ပြီး လည်ချောင်းရှင်းကာ စကားလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မင်းက ငါ့ရဲ့ အိမ်ထောင်ဖက်လို့ ငါကြားတယ်"
ကျင်းဝူသည် နားမလည်ချင်ယောင်ဆောင်ပြီး ပြုံးနေတုန်းပါပင်။


ရေမွန်က ဆက်ပြောသည်။ "ငါ ရက်အနည်းငယ်လောက်က ဒဏ်ရာရခဲ့တယ်"
သူ့ခေါင်းပေါ်ရှိ ပတ်တီးကို ပြသဖို့ သူ့ စစ်တပ်ဦးထုပ်ကို ချွတ်လိုက်သည်။
"ငါ့ခေါင်း ထိသွားတယ်"


ကျင်းဝူတစ်ယောက် သူ့အပြောင်းအလဲများကို ကြည့်နေမိသည်။
"မင်းက ငါ့ရဲ့ အိမ်ထောင်ဖက်ဆိုတာကို ငါ မမှတ်မိ‌တော့ဘူး။ စိတ်မရှိပါနဲ့"
ကျင်းဝူ : "..."


ကျင်းဝူက မျက်တောင်ကို ခတ်လိုက်သည်။
သူ အကြောင်းအရာအားလုံးကို နားလည်သွား‌လေပြီ။


ဘာသာစကား အနှောင့်အယှက်ကြောင့် မဟုတ်ဘဲ  မှတ်ဉာဏ်ပျောက်သွားတာလား။
ရှက်စရာတောင်ကောင်း‌သေးတယ်။


ဒါပေမယ့်... ဘာလို့ သူက နည်းနည်းပျော်နေတဲ့ပုံစံ ပေါက်နေတာလဲ?
"မင်း ငါ့ကို အပြစ်မတင်ဘူးမလား" ဟုပင် ရေမွန်က ပြောလိုက်‌သေးသည်။
ကျင်းဝူ မျက်တောင်ကို ထပ်ခတ်လိုက်၏။


သူ အခု နားလည်သွားပြီလို့ ပြောလိုက်ရမလား။ ဒါမှမဟုတ် နားမလည်သလို ဆက်ဟန်ဆောင်နေရမှာလား။
ရေမွန်က ဆက်ပြောလာသည်။ "ဒါပေမယ့် ဒီကိစ္စကို အပြင်ကလူတွေ မသိဘူး။ မင်းကိုပဲ ငါ ပြောပြတာ။ မင်းက ငါ့ရဲ့... အယုံကြည်ရဆုံး အိမ်ထောင်ဖက် ဖြစ်‌နေလို့ပါ"


ကျင်းဝူ၏အပြုံးက တဖြည်းဖြည်း ပိုကျယ်လာသည်။ ဒါက သူ လိုချင်နေသော ရလဒ်ပင်။
လပေါင်းအနည်းငယ်လောက် ဤကဲ့သို့ ဆက်ပြီးဆွဲဆန့်နိုင်လျှင် ဤကမ္ဘာကြီးနှင့် ရင်းနှီးသွားပြီးသည့်နောက် သူ တစ်ယောက်တည်း နေထိုင်လို့ရသွားမည်ဖြစ်ပြီး ထွက်သွားဖို့ နည်းလမ်းရှာလို့ရ‌လေပြီ။
ငါ့ကံက ဘာလို့ ဒီလောက်ကောင်းရတာလဲ။


သေဆုံးသူ ပြန်အသက်ရှင်သန်လာမှုကို ကြုံတွေ့ခဲ့ရသည့်အပြင် သွေးခဲမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးနေသည်ကိုပါ ကြုံရသေးသည်။
"မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့" ဟု ကျင်းဝူက နားမလည်ချင်ယောင် မဆောင်တော့ဘဲ ပြောလိုက်သည်။ "မင်း အသက်ရှင်နေသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ။ မင်း မကြာခင်မှာပဲ ပြန်မှတ်မိလာမှာပါ"


တစ်ဖက်လူ၏ ယာယီ "အိမ်ထောင်ဖက်" အနေနှင့် ကျင်းဝူသည် "အိမ်ထောင်ဖက်များ၌ ယခုအချိန် ရှိသင့်သည့် စိတ်ခံစားချက်နှင့် ဂရုစိုက်ပေးရမည့် တာဝန်ကို လုပ်ဆောင်လိုက်သည်။
ရေမွန့် ခေါင်းဒဏ်ရာကသွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သွေးဖိအားက မှတ်ဉာဏ် အာရုံကြောတစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ထားသည့်အတွက် မှတ်ဉာဏ်ပျောက်သွားသည် ဟုသူ ခန့်မှန်းမိသည်။


တကယ်တော့ ယခုလိုအခြေအနေမျိုး၌ သူ့ ဝိညာဉ်စွမ်းအား အနည်းငယ်ကို အသုံးပြုကာ ရေမွန့်ဦးခေါင်းကို ကုသပေးပြီး ထိုနေရာတွင်ရှိသည့် သွေးများကို ရှင်းလင်းပေးလိုက်လျှင် မှတ်ဉာဏ် သဘာဝအတိုင်း ပြန်ကောင်းလာမည်ပင်။
သို့သော်လည်း ယခုအချိန်၌ ကျင်းဝူသည် ထို့သို့ လုပ်ချင်စိတ် မရှိ‌ပေ။


ရေမွန် သူ့မှတ်ဉာဏ်များ ဆက်ပြီးဆုံးရှုံးသွားကာ ထာဝရ မမှတ်မိတော့လျှင် ပိုကောင်းဦးမည်။
"သားပေါက်လေး" ကိစ္စနှင့်ပတ်သက်ပြီး သာ့ဟေး တကယ်ပဲထွက်ပြေးသွားလျှင်... သူက "ကိုယ်ဝန်ဖျက်ချ" သည့်ပုံစံလုပ်ဖို့ အခွင့်အရေးကို ရှာဖွေရလိမ့်မည်။
ကျင်းဝူ က သူ့အစီအစဉ်မှာ ပြီးပြည့်စုံသည် ဟုခံစားလိုက်ရသည်။


ရေမွန်တစ်ယောက် မျက်ခွံများကိုနှိမ့်ချလိုက်ကာ စိတ်သက်သာရာရသွားပြီး သူ့ပါးစပ်ကို အဓိပ္ပါယ်ဖော်မရသည့်  မျဉ်းကွေးလေးနှင့် ပြုံးလိုက်သည်။
ထိုအချိန်မှာပင် ဂျက်ကာ က တံခါးခေါက်ပြီးဝင်လာသည်၊ ပထမဦးဆုံး ရေမွန့်ကို စစ်ရေးအရ  နှုတ်ဆက်ပြီး သူ့လက်ထဲရှိသေတ္တာအား ကမ်းပေးလိုက်သည်။


"မာရှယ်, အများသုံး တာမယ်နယ် ကို ကျွန်တော်ဝယ်လာပါပြီ။"
ရေမွန့်  တာမီနယ်မှာ စွမ်းအင်ကုန်သွားသည့် အချိန်၌ပေါက်ကွဲသွားပြီး အစအနပင် မကျန်တော့တာကြောင့် ယခု အများသုံး တာမယ်နယ်ကိုသာ သုံးလို့ရတော့သည်။


အများသုံး တာမင်နယ်စအားနည်းချက်မှာ orc ၏ ကိုယ်ရေးကိုယ်တာ ချစ်ပ် ကို မခွဲခြားနိုင်ပေ။ ထို့ကြောင့် ကိုယ်ရေးကိုယ်တာအကောင့်အားလုံးကိုလည်း ၀င်ရောက်အသုံးပြုလို့မရပေ။


သို့သော်လည်း ကောင်းကောင်း အလုပ်လုပ်နေသေးသည်ဆိုလျှင် ပြသနာမရှိပေ။
ရေမွန် က သူ့မိဘများကို အရင်ဆုံးဆက်သွယ်ရမည်။ ထိုမှသာ  လွန်ခဲ့သည့်နှစ်ရက်က ကြယ်တာရာကွန်ယက် တွင် ဖြစ်ပွားခဲ့သည့် အုတ်အော်သောင်းနင်းသတင်းများကို သူ့မိဘများ မယုံမှာဖြစ်သည်။ နောက်ကွယ်မှလူ၏ ရည်ရွယ်ချက်အတိုင်း ဖြစ်သွားမည်ကို တားဆီးရန်ဖြစ်၏။


လတ်တလောတွင် သူကသာ အသက်စွန့်ပြီး အများအတွက် စွန့်လွှတ်အနစ်နာခံခဲ့သော်လည်း  သူ့ဂုဏ်သတင်းကို ဖျက်ဆီးလိုက်ခြင်းက  လူထု၏ပြင်းထန်သည့်တုံ့ပြန်မှုများကို သူ့မိဘများက ရင်ဆိုင်နေကြရသည်။
ထို့အပြက် သူ့အပေါ်သို့ ဖြည်းဖြည်းချင်းနှင့် အညစ်အကြေးများ ထပ်လောင်းကာ သူ့ဂုဏ်သတင်းကိုဖျက်ဆီးပြီး သူ့စစ်တပ်ကိုလဲ သိမ်းပိုက်လိမ့်မည်။


ဖြစ်ရပ်တစ်ခုလုံး၏ နောက်ကွယ်ရှိလူများက ပြီးပြည့်စုံအောင်စီစဉ်ထားတာပင်ဖြစ်၏။
သူ့ကိုထိခိုက်နစ်နာစေချင်‌သော နောက်ကွယ်မှလက်မည်းများကိုရှာဖွေရန် ဟန်ဆောင်သေဆုံးမှုကို လုပ်ဖို့ သူအစက စီစဉ်ထားခဲ့သည်။ သို့သော်လည်း ယခု သူ့မိဘများက  အပြစ်တင်ဝေဖန်ခံရခြင်း လှိုင်းများ၏ ရိုက်ခတ်မှုအလယ်သို့ ဆက်တိုက် တွန်းပို့ခံနေရပြီး သူ ယခုအချိန် သူမိဘများ ရှေ့မှ ရပ်တည်မှရတော့မည်။

တစ်ချိန်တည်းမှာပင် ဗဟိုကြယ်စု မာရှယ်စံအိမ်၌…
ရိန်း က ပြင်းပြင်းထန်ထန်ပြောလိုက်သည်၊ "ဘိုးဘေးက ဘယ်လိုဖြေရှင်းချင်တာလဲ။"
ဘိုးဘေးက ဘာမှမဖြေဘဲ လက်ဖက်ရည်ခွက်ကိုဖြည်းဖြည်းချင်း ယူပြီး သောက်လိုက်သည်။


ရေမွန့် ဒုတိယဦးလေးက ချောင်းဟန့်လိုက်ပြီး "ဟုတ်တယ်၊ ဘိုးဘေးက မိသားစုကိစ္စကြီးငယ်တွေနဲ့ နှစ်ပေါင်းများစွာဒုက္ခရောက်ခဲ့ရတာပါ။ သူ့  အသက်ကြီးလာတဲ့အချိန်မှာတော့ စိမ်းလန်းတဲ့ဂြိုလ်ပေါ်မှာ အေးအေးချမ်းချမ်းနေထိုင်ချင်ခဲ့တာ‌လေ၊ ဒါပေမယ့် ဒီလိုအဖြစ်အပျက်မျိုးကို တွေး‌တောင် မတွေးရဲခဲ့ဘူး... တခြားကိစ္စတွေဆိုရင် သိပ်အရေးမကြီးပါဘူး၊ ဒါပေမယ့် ဒီဖြစ်ရပ်က ငါတို့တစ်မိသားစုတစ်ခုလုံးရဲ့ဂုဏ်သတင်းကို တိုက်ရိုက်ထိခိုက်စေတယ်လေ..."


ရေမွန့် ဒုတိယဦးလေးက ပေါက်ကရတွေအများကြီးပြောလိုက်‌ချိန် ရိန်းက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်၊ "စိမ်းလန်းတဲ့ဂြိုလ်က  ဗဟိုကြယ်စုနဲ့ အဝေးကြီးပါ။ ဘိုးဘေးက ရေမွန်အသက်စွန့်သွားတဲ့သတင်းကို မနေ့ကမှသိပြီး ညတွင်းချင်းရောက်လာတယ်လို့ ကျွန်တော်ထင်တယ်။ မျိုးနွယ်စုခေါင်းဆောင် နေရာကို နောက်တစ်ယောက် အစားထိုးဖို့ပြင်ဆင်နေတာများလား။"


ရေမွန့်ဒုတိယဦးလေးက ရုတ်တရက်စကားပြတ်သွားသည်အား အလွန်စိတ်မကျေမနပ်ဖြစ်ကာ ရိန်း ကို မျက်စောင်းထိုးလိုက်‌လေသည်၊ သို့သော်လည်း သူတို့အစီအစဉ်ကို တွေးမိသည့်အခါ သူပျော်သွားပြန်သည်။
ဟမ့်..၊ ရေမွန်က သေသွားပြီ၊ ရိန်း က မသန်စွမ်းတဲ့သူတစ်ယောက်အနေနဲ့ ဘာမှလုပ်လို့မရတော့ဘူး၊ ဒိုရစ်ကလည်း မိန်းမသားတစ်ယောက်၊ သူ့ကို ဘာမှကြိုးစားစရာမလိုဘဲ ရှင်းလင်းလိုက်လို့ရတယ်။


အသက်ကြီးပြီဖြစ်သည့် ဘိုးဘေးက မျက်ခွံများကို မြှောက်ကြည့်ပြီး ရိန်းကို ကြည့်ကာ ပြောလိုက်သည်။ "ခေါင်းဆောင်ပြောင်းတာကို စိတ်မပူပါနဲ့။ ရေမွန့်အတွက်တော့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ရေမွန်လည်း မရှိတော့ဘူး။ ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲစရာပဲ ဖြစ်‌နေပါစေ အဖြစ်မှန်က ပြောင်းလဲလို့ မရဘူးလေ။ အခု ငါတို့ ဦးစားပေး ဖြေရှင်းရမယ့် ပြဿနာက ဆိုင်ရယ်လို့ခေါ်တဲ့ မိန်းမပဲ"


"ဘိုးဘေး ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ" ဟု ရိန်း က ထပ်မေးလိုက်သည်။
"ဒါက ရေမွန်ရဲ့ သားပေါက်လေးပဲ။ သူ့ကို ဒီအတိုင်းထားခဲ့လိုက်လို့ မရဘူး။ မိန်းမတစ်ယောက်က သားပေါက်လေးကို ဘယ်လို ယူသွားနိုင်မှာလဲ။ ဒါမှမဟုတ် သူ့ကို ပြန်ခေါ်လာဖို့ နည်းလမ်းရှာကြည့်ရအောင်"


ဒိုရစ်က မထိန်းနိုင်ဘဲပြောလိုက်သည်။ "ကျွန်မတို့ လူတွေစီစဉ်ပြီး သွားခေါ်ခိုင်းသားပဲ၊ ဒါပေမယ့် ဆိုင်ရယ်က လိုက်မလာချင်ဘူး"  
ရေမွန့် ဦးလေးဖြစ်သူက ဝင်ပြောလိုက်၏ "အဲ့ဒါက မင်းတို့ အရင်က နှိပ်စက်ခဲ့လို့နေမှာပေါ့၊ အဲဒီမိန်းမက ဒါကြောင့် ပြန်မလာချင်တော့တာလေ"


ဒိုရစ်က ငြင်းဖို့ ပါးစပ်ဟလိုက်သည်။ ဘိုးဘေးက သူ့လက်ကို မြှောက်ကာ တားလိုက်ပြီး ပြောလိုက်၏။ "အရင်ကကိစ္စတွေကို ငြင်းခုန်မနေနဲ့ ၊ အခု အရေးကြီးဆုံးက ဘယ်လိုချော့ပြီး ပြန်ခေါ်လာရမလဲဆိုတာပဲ"
"အရင်ကကိစ္စ" ဆိုတာက ဘာလဲ။ အဲ့အရင်ကိစ္စဆိုတာ ဘာမှကိုမရှိတာခဲ့တာလေ။


ဒိုရစ်ရင်ဘတ်ထဲ အသက်ရှုမဝတော့သလို ခံစားလိုက်ရသည်။
ရိန်းက "ဘယ်လိုချော့မလဲ" ဟုသာ မေးလိုက်သည်။
ဘိုးဘေးကလည်း ပြောလိုက်၏။ "ရေမွန်မှာ စွမ်းအင်ကြယ်တစ်လုံး ရှိတယ်မဟုတ်လား။ အဲဒီစွမ်းအင်ကြယ်ကို သားပေါက်လေးနာမည်နဲ့ ပေးလိုက်ရုံပဲ။ ဆိုင်ရယ်လို့ခေါ်တဲ့ မိန်းမက ငါတို့ရဲ့ စေတနာကို မြင်ရင် အလိုလိုပြန်လာလိမ့်မယ်"


"မရဘူး!" ရိန်းက ချက်ချင်းငြင်းလိုက်သည် "အဲဒီစွမ်းအင်ကြယ်က ရေမွန်ရဲ့ကိုယ်ပိုင်ပစ္စည်း၊ ကျွန်တော်တို့မှာ ပေးပစ်ပိုင်ခွင့်မရှိဘူး"
ဘိုးဘေးက မျက်လုံးများကို  ကျဉ်းမြောင်းသွားအောင် ရှုံ့လိုက်ပြီး "ရေမွန်က မရှိတော့ဘူး။ သူက ရုတ်တရက် ထွက်သွားခဲ့တာ‌လေ၊ သေတမ်းစာလည်း မချန်ခဲ့ဘူး။ အဲဒါကြောင့် ရေမွန်နာမည်နဲ့ရှိတဲ့ ပစ္စည်းတွေအားလုံးက မျိုးနွယ်စုအပိုင် ဖြစ်သွားသင့်တယ်"
ရေမွန့်ဦးလေးနှင့် ဝမ်းကွဲညီအကိုဖြစ်သူ ကားလ် တို့က ပြိုင်တူပြုံးလိုက်ကြသည်။


ဘိုးဘေးက ဆက်ပြောလိုက်၏ "ငါက အခုချိန်ထိ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မလုပ်ရသေးဘူး‌လေ။ မင်းတို့အတွက်လည်း စဉ်းစားပေးနေတာပါ။ မဟုတ်ရင် စွမ်းအင်ကြယ်ကို မျိုးနွယ်စုကို ခွဲဝေပေးလိုက်ရင် မျိုးနွယ်စုရဲ့ဘုံပစ္စည်း ဖြစ်သွားပြီး ပြန်ထုတ်ယူဖို့ ခက်သွားလိမ့်မယ်"
ဒိုရစ်က ဒေါသကြောင့် တုန်ရီနေသည်။


ရိန်းက လှောင်ပြောင်လိုက်ပြီး "ဘယ်ဟာက ဘိုးဘေးပြောတဲ့ "ကျိုးကြောင်းညီညွတ်တယ်" လို့ ခေါ်တာလဲ။ အင်ပါယာရဲ့ ဥပဒေမှာ၊ Orc တစ်ယောက် သေဆုံးပြီးတဲ့နောက်၊ Orc ရဲ့နာမည်နဲ့ရှိတဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို တိုက်ရိုက်ဆက်ခံမယ့် မိသားစုဝင်မရှိရင်တောင် မျိုးနွယ်စုကို ပြန်ပေးဖို့ မလိုအပ်ဘူး။ ဒိုရစ်က အသက်ရှင်လျက်ရှိနေသေးတာကို ၊ ဘာလို့ ရေမွန်ရဲ့ပုဂ္ဂလိကပိုင်ပစ္စည်းတွေက မျိုးနွယ်စုပိုင် ဖြစ်သွားရမှာလဲ"


ရေမွန့်ဦးလေးက ချက်ချင်း ကြိမ်းမောင်းလိုက်ပြီး "ရိန်း၊ ဒါက မင်း ဘိုးဘေးကို စကားပြောတဲ့ ပုံစံလား။ ရေမွန်က မရှိတော့ဘူး၊ သူ့သားပေါက်လေးရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ။ ဘယ်သူက အစွမ်းအစရှိအောင် သင်ပေးမှာလဲ။ ရေမွန်ရဲ့ပစ္စည်းတွေကို မျိုးနွယ်စုကို ပြန်ပေးလိုက်ရင် မျိုးနွယ်စုဝင်တွေက ရေမွန်ရဲ့သားပေါက်လေးကို သင်ကြားပေးမှာပေါ့။ ဘိုးဘေးက မင်းတို့အတွက် အနစ်နာခံပြီး လုပ်ပေးနေတာ၊ မင်းက ဘာကကောင်းလဲ ဘာကမကောင်းလဲတောင် မသိရတာလဲ"


"ဒုတိယအစ်ကို ဒီကိစ္စကို ဝင်မပါပါနဲ့ ရေမွန်ရဲ့သားပေါက်လေးကို ကျွန်တော်ကိုယ်တိုင် သင်ပေးမယ်"
"မင်းကလား" ရေမွန့်ဦးလေးက အထင်သေးသည့်ပုံစံနှင့် "မင်းက စားစရာနဲ့ရေ တောင် ပါးစပ်ထဲ ထည့်ကျွေးနေရတဲ့သူ‌လေ၊ သားပေါက်လေးကို ဘာအစွမ်းအစ သင်ပေးနိုင်မှာလဲ"


ရိန်းက သူ့ကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
ရေမွန့်ဦးလေးက အထင်သေးသည့်ပုံစံနှင့်ပင် ရယ်လိုက်သည်။
ဒီ့ထက်ပိုပြီး မာမာကျောကျောစိုက်ကြည့်နေလို့‌ရော ဘာလုပ်နိုင်မှာမို့လို့လဲ။


အသုံးမကျတဲ့သူတစ်ယောက်ပဲ‌လေ၊ သူ့လက်ညှိုးလေးနဲ့တင် ကြိတ်ချေပစ်နိုင်တယ်။
ထိုအချိန်တွင် ဘိုးဘေးက ဖြည်းညှင်းစွာပြောလိုက်သည် "ရိန်း၊ ရေမွန် အသက်ရှင်လျက်ရှိသေးရင် ဒီလိုသေးသေးမွှားမွှားကိစ္စတွေကို ငါ ဝင်မပါပါဘူး..."


ရိန်း၏ တာမင်နယ် ကနေ "ဘီ" ဆိုသည့်အသံတစ်ခု ထွက်လာပြီး ဘိုးဘေးရဲ့ စကားကို ဖြတ်တောက်လိုက်‌တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment