ဂျက်ကာသည် သူ့၏ အစွမ်းအထက်ဆုံး နောက်လိုက်များထဲမှ တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ သူ့ဘေးတွင် ရှိနေခဲ့သည်။
ကော်ရေး ကဲ့သို့ပင် သူတို့အားလုံးသည် သူ့အတွက် အလွန်တန်ဖိုးထားရသော နောက်လိုက်များနှင့် အနီးကပ် ယုံကြည်စိတ်ချရသူများ ဖြစ်ကြသည်။
ရုတ်တရက် "ဖောက်" ခနဲ အသံနှင့်အတူ ရေမွန် လက်ထဲရှိ အပြာရောင်ထိုးဆေးပုလင်းသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ သွားသည်။
ထိုးဆေးပုလင်းထဲရှိ ရေစွမ်းအင်များသည် ချက်ချင်းပင် လေထဲသို့ ပျံ့နှံ့သွားတော့၏။
အိုးးး စွမ်းအင်တွေကို အလကား ဖြုန်းတီးလိုက်သလို ဖြစ်တော့မယ်။
ကျင်းဝူ သည် အလျင်အမြန် လက်ဆန့်ထုတ်ကာ ရေမွန်၏ လက်ထဲမှ စွမ်းအင်အရည် အားလုံးကို စုပ်ယူလိုက်ပြီးနောက် လေထဲတွင် ပြန့်ကျဲသွားသော ရေစွမ်းအင်များကိုလဲ မလွတ်တမ်း လိုက်လံ စုပ်ယူလိုက်သည်။
ရေစွမ်းအင် ထိုးဆေး နောက်တစ်ပုလင်း ကို ထပ်မံ စုပ်ယူပြီးနောက် ကျင်းဝူသည် အတော်လေး ကျေနပ် သွားတော့သည်။
ရေစွမ်းအင်ကို သူ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအားအဖြစ် ချက်ချင်းပြောင်းလဲ၍ မရသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ဖြည်းဖြည်းချင်း ကျင့်ကြံပြီး ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။
ကျင်းဝူ၏အကြည့်များသည် စားပွဲပေါ်တွင် ကျန်ရှိနေသော အပြာရောင် ထိုးဆေးပုလင်း သုံးပုလင်းဆီသို့ ဆိုက်ရောက်သွားသည်။
သို့သော်လည်း အပြာရောင်ထိုးဆေးပုလင်းကို ဆုပ်ကိုင်ထားသော ရေမွန်၏ လက်သီးဆုပ်အတွင်းမှ အနီရောင်အရည်များ ရုတ်တရက် ကျဆင်းလာသည်ကို ကျင်းဝူ တွေ့လိုက်ရသည်။
"မင်းလက်ရဲ့ ထိခိုက်မိ သွားတာလား။ ငါ့ ကို ပေး ကြည့်ပါဦး။"
ရေမွန်က သူ့လက်သီးဆုပ်ကို ဖြည်းဖြည်းချင်း ဖွင့်ပြလိုက်သည်၊ သူ၏လက်ဖဝါးတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေပြီး ဖန်ကွဲအစအနများစွာသည် သူ့အသားထဲသို့ စိုက်ဝင် နေကြသည်။
ကျင်းဝူသည် တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲ နာကျင် သွားတော့သည်။ "ဘယ်လို လုပ်လိုက်တာလဲ။ တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးချင် နေတာလေ။ ဘယ်သူလဲဆိုတာ ရှာပြီး လက်စားချေလိုက်ရင် မပြီးဘူးလား။ ဘာလို့ ကိုယ့်ကိုယ်ကို ဒီလိုလုပ် ရတာလဲ။"
ကျင်းဝူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အသားထဲသို့ ထိုးဖောက်ဝင်ရောက်နေသော ဖန်အစအနများကို တစ်ခုပြီးတစ်ခု ထုတ်ပစ်လိုက်ပြီး သူ့အခွံမှ ခရုအရည် အနည်းငယ်ကို ယူ၍ ရေမွန် ၏ လက်ဖဝါးပေါ်တွင် လိမ်းပေးလိုက်သည်။
လက်ဖဝါးမှ ဒဏ်ရာများသည် မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင် လျင်မြန်စွာ ပျောက်ကင်း သွားကြသည်။
ရေမွန် သည် ကျင်းဝူမှ ခရုအရည်ဖြင့် ဒဏ်ရာကို ကုသပေးခြင်း ကို ပထမဆုံး အကြိမ် မျက်မြင် တွေ့ဖူးခြင်း ဖြစ်သည်။
"အိုကေ၊ သွားပြီး လက်ဆေးလိုက်တော့။" ကျင်းဝူ သည် သူ့လက်များကို ပြန်ရုတ်ကာ ပြောလိုက်သည်။
ရေမွန် သည် သူ့လက်သီးကို ဖြန့်လိုက် ဆုပ်လိုက် လုပ်ကြည့်လိုက်သည်။ သူ့လက်တွင် သွေးများ မရှိတော့ပါက သူ့လက် ခုဏက ဒဏ်ရာ ရလိုက်တာ ဟုတ်ရဲ့လားဟုပင် သူတွေးမိလိမ့်မည်။
"ကျေးဇူးတင်ပါတယ်။" ရေမွန် သည် အသံတိုးတိုးဖြင့် ပြောလိုက်ပြီး ထရပ်ကာ လက်ဆေးရန် ပြင်လိုက်သည်။
"အင်း၊ အဲဒါက....." ကျင်းဝူ သည် တွန့်ဆုတ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
ရေမွန် သည် သူ့ကို ကြည့်လိုက်သည်။
"အမ်း၊ အဲဒါက... ငါ မင်းကို အခုလေးတင် ကုသပေးလိုက်တာလေ။ အဲဒါက ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ အများကြီး ကုန်သွားတယ်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို တော်တော်နဲ့ ပြန်ပြည့်ဖို့က မလွယ်ဘူး။ အရင်က ငါပြောခဲ့သလိုပဲ နောက်ဆိုရင် မင်းကို အခမဲ့ ကုသပေးနိုင်ပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို ပြန်မဖြည့်ဘဲ ကုန်သွားမယ်ဆိုရင် ဒဏ်ရာကို ကုသပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း သိတဲ့အတိုင်း............ဟမ်း။ အဲ့ဒါကို ရမလား။"
ရေမွန်က တည်ငြိမ်သော မျက်လုံးများဖြင့် ကျင်းဝူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး "မင်း ဘာကို လိုချင်တာလဲ။"
ကျင်းဝူ သည် ရယ်လိုက်ပြီး စားပွဲပေါ်ရှိ အပြာရောင် ထိုးဆေးပုလင်း သုံးပုလင်းကို အထပ်ထပ် အခါခါ ကြည့် နေလိုက်တော့သည်။
ကျင်းဝူ၏အကြည့်ကို သဘောပေါက်သွားကာ "ဒါတွေကို လိုချင်တာလား။" ဟု မေးလာသည်။
ကျင်းဝူ သည် အပြုံးလေးတစ်ခုပေးကာ အဖြေပေးလိုက်သည်။
ရေမွန် သည် သူ့၏ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။ "ဘယ်လောက် လိုချင်တာလဲ။”
"ဘာပဲဖြစ်ဖြစ် မင်းလဲ အဲ့ဒီရေစွမ်းအင် သုံးပုလင်းကို မလိုအပ်ဘူးလေ။ ဘာလို့ ငါ့ကို မပေးလိုက်တာလဲ။"
ရေမွန် : "…..."
သုံးပုလင်းတည်းပဲလား???
ကျင်းဝူ သည် ကြာမြင့်စွာ စောင့်ဆိုင်းနေသော်လည်း ရေမွန် ထံမှ သဘောမတူသည့် အဖြေကို မရခဲ့ပေ။
ယနေ့ ကျင်းဝူ မြင်တွေ့ခဲ့ရသည်များကို ဆက်စပ် ကြည့်ခြင်းအားဖြင့် စွမ်းအင်အရည်သည် ဒီကမ္ဘာတွင် အလွန်တန်ဖိုးရှိသည့်အရာ ဖြစ်ကြောင်း နားလည်ရန် မခက်ပါပေ။
နတ်ဆိုးကျင့်ကြံရေးလောကတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ခုသည် ကျင့်ကြံသူများစွာ၏ အသက်ကို ကယ်တင်နိုင်ပြီး ဒီစွမ်းအင်အရည်ထဲတွင် ပါဝင်သောဒြပ်စင်များသည် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးတစ်ခုနှင့်ပင် ညီမျှလေသည်။
သူသည် မျက်တောင်လေးကို ခတ်လိုက်ပြီး ခြောက်ကပ်ကပ် ပြုံးလိုက်ကာ "တကယ်တော့ နှစ်ပုလင်းလောက် ဆိုလဲ ရပါပြီ။" ဟု လျော့ပေါ့ ညှိနှိုင်းလိုက်သည်။
ရေမွန်သည် ကျင်းဝူမျက်လုံးများထဲရှိ မျှော်လင့်ချက်အရောင်လေးကို ကြည့်လိုက်ပြီး သူ့၏အရည်အချင်းရှိတဲ့ နောက်လိုက်များ၏ သစ္စာဖောက်ခြင်းခံရသည့် မကောင်းသောခံစားချက်သည် ချက်ချင်းပျောက်ကွယ်သွားသည်။
ထို့နောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မင်းလိုချင်ရင် အားလုံး ယူလိုက်ပါ။"
ကျင်းဝူ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် သူ၏မျက်လုံးလေးများ မှေးကျဉ်းသွားသည်အထိ တောက်ပအောင် အပြုံးလိုက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် အပြာရောင် ထိုးဆေးပုလင်း သုံးပုလင်းကို သူ့အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် စိတ်မချသဖြင့် ၎င်းတို့ကို ပြန်ထုတ်ကာ သူ့အခွံထဲသို့ ထိုးထည့်လိုက်သည်။
ကျင်းဝူ သည် ယနေ့ ရေစွမ်းအင် ထိုးဆေးပုလင်း နှစ်ပုလင်းကို စုပ်ယူခဲ့ပြီး ဖြစ်သည်။ စွမ်းအင်များစွာကို ဖိသိပ်ထည့်ထားသော ထိုစွမ်းအင်အရည်တွင် ရေဒြပ်စင်များ အလွန်များပြားစွာပါဝင်သည်။
ထို့ကြောင့် ကျင်းဝူသည် တစ်ကြိမ်လျှင် စွမ်းအင်အရည် အများအပြားကို အလွန်အကျွံ မစုပ်ယူနိုင်ပေ။ ခန္ဓာကိုယ်ထဲသို့ လက်တလောစုပ်ယူထားသော ရေဒြပ်စင်ကို သန့်စင်ပြီး ဝိညာဉ်စွမ်းအားအဖြစ်သို့ အရင် ပြောင်းလဲရဦးမည်ဖြစ်သည် သို့မှသာ နောက်ထပ်စွမ်းအင်အရည်ကို ထပ်မံ စုပ်ယူနိုင်ပေမည်။
ရေမွန် လက်ဆေးပြီး ပြန်ထွက်လာသောအခါ ကျင်းဝူက သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်သည်ကို တွေ့လိုက်ရပြီး သူ့လက်ထဲရှိ ထိုးဆေးပုလင်း သုံးပုလင်းသည် သူ့ဝမ်းဗိုက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ရေမွန် သည် သူ့အကြည့်များကို ရွှေ့လိုက်ပြီး အက်ရှရှသည့် အသံဖြင့် ပြောလိုက်သည်။ "စွမ်းအင်ထိုးဆေးပုလင်းကို ဝမ်းဗိုက်ထဲ ထည့်လို့ မရဘူး။"
"ဟမ်? တခြားနေရာမှာ ထားရမှာလဲ စိတ်မချပါဘူး။"
ရေမွန်က မျက်နှာအမူအရာ တစ်ချက်မှ မပြောင်းလဲဘဲ ပြောလိုက်သည်။ "ဒီဆေးထိုးအပ်က အပူချိန်နည်းနည်းမြင့်တာနဲ့ ပေါက်ကွဲသွားလိမ့်မည်။ အစာအိမ်ထဲထည့်ရင် အန္တရာယ်များတယ်။"
"ရပါတယ်၊ ပေါက်ကွဲသွားရင်တောင် ဒဏ်ရာကို ချက်ချင်းပျောက်အောင် ကျွန်တော်လုပ်နိုင်ပါတယ်။" ကျင်းဝူက အလေးအနက်မထားဘဲ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ဒဏ်ရာကို ပျောက်အောင်လုပ်ဖို့ ဝိညာဉ်စွမ်းအားတွေ အများကြီး သုံးဖို့ မလိုဘူးလား???"
ကျင်းဝူ : "..."
သူ အလိမ်အညာသေးသေးလေး လုပ်ကာ စွမ်းအားအရည် သုံးပုလင်း လှည့်စား ရယူလိုက်သည်။ အခုတော့ ရေမွန်က သူ့ရဲ့ စကားလုံးတွေနဲ့ သူ့ကို ပြန် ဖမ်းမိ သွားသည်။
ကျင်းဝူ မျက်နှာက မတည်မငြိမ်ဖြစ်သွားပြီး ဆေးထိုးအပ်သုံးချောင်းကို ထုတ်ယူပြီး တိုးတိုးလေးနဲ့ ပြောလိုက်သည်။ "ဒါတွေ အပြင်မှာထားရင် မလုံခြုံဘူး။"
"ငါ မင်းအတွက် သိမ်းထားပေးမယ်။" ရေမွန်က ပြောလိုက်သည်။
ကျင်းဝူ တစ်ခုခုပြောဖို့ ပြင်လိုက်ချိန်မှာပင် တံခါးပေါက်ကနေ “သတင်းပို့ပါတယ်” ဟူသော အသံကျယ်အကြီး ထွက်လာခဲ့သည်။
ကော်ရေးသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး ရေမွန်ကို အလေးပြုလိုက်ကာ " မာရှယ်၊ ဂျက်ကာကို ဂိုဒေါင်ထဲမှာ ချုပ်ထားလိုက်ပါပြီ၊ ကျေးဇူးပြုပြီး ညွှန်ကြားချက်ပေးပါ။"
အခုလေးတင် ရေမွန် လက်သွားဆေးသည့်အချိန်တုန်းက ကော်ရေးကို မက်ဆေ့ခ်ျပို့ပြီး ဂျက်ကာကို ချက်ချင်းဖမ်းဖို့ ပြောလိုက်သည်။
ကော်ရေးသည် ဂျက်ကာနှင့် အတူတွဲလုပ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ခင်မင်ရင်းနှီးမှုလည်း ရှိသည်။ သူ့စိတ်ထဲမှာ သံသယတွေ ရှိနေသော်လည်း မာရှယ်၏ အမိန့်ကို အမြဲတမ်း နာခံလေ့ရှိသည်။
သူ ချက်ချင်းပဲ လူတွေခေါ်ပြီး အခြေအနေကို နားမလည်သေးသည့် ဂျက်ကာကို သွားဖမ်းချုပ် ထားလိုက်သည်။
ရေမွန်မျက်နှာတွင် ဒေါသထွက်သည့် အမူအရာတွေ ပေါ်လာပြီး "သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။
သူက စားပွဲပေါ်က "နံပါတ် ၃ စွမ်းအားအရည်" သုံးပုလင်းကို ယူပြီး သိမ်းသွားတော့သည်။
ကျင်းဝူ : "..."
ဟမ်၊ ဘာလို့ သူက ဒါတွေကို ပြန်သိမ်းလိုက်တာလဲ။ ငါ့ကို ယူဖို့ ခွင့်မပြုလိုက်တာလား???
ဂျက်ကာသည် ဂိုဒေါင် အလွတ် တစ်ခုထဲတွင် ချုပ်ခံ ထားရသည်။
ရေမွန်နှင့် ကျင်းဝူ တို့ ဝင်လာသည့်အခါ ဂျက်ကာက ဂိုဒေါင်ထဲကနေ အော်ဟစ်နေသည်။
ရေမွန်ဝင်လာကို မြင်တော့ သူက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။ "မာရှယ် ကျွန်တော် နားမလည်ဘူး၊ ဘာလို့ ကျွန်တော့်ကို ဖမ်းတာလဲ၊ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ။"
ရေမွန်က လက်ကို ယမ်းပြပြီး ကော်ရေးကို နောက်ချန်နေခဲ့ရန် အချက်ပေးလိုက်သည်။
ရေမွန်က ခံစားချက်မဲ့သည့် မျက်နှာသေဖြင့် ဂျက်ကာထံသို့ လျှောက်သွားလိုက်ပြီး စွမ်းအင်အရည်တစ်ပုလင်းကို ထုတ်ပြလိုက်သည်။
ဂျက်ကာက မျက်နှာအမူအရာ တစ်ချက်မှ မပြောင်းလဲဘဲ မေးလိုက်သည်။ "မာရှယ် ဘာကိုဆိုလိုတာလဲ။"
ရေမွန်က ပြောလိုက်သည်။ "ငါ့ရဲ့ သီးသန့်စွမ်းအင်အရည်ကို မင်းက အမြဲတမ်း စောင့်ရှောက်ပေးရတယ်၊ ဒီတစ်ခါ ဇာဂ့် ဘုရင်မနဲ့ တိုက်ပွဲမှာ ငါ့ရဲ့ စွမ်းအင်အရည်တွေထဲက 'နံပါတ် ၃ စွမ်းအင်အရည်' ငါးပုလင်း ရောပါနေတယ်။"
တကယ်တော့ 'နံပါတ် ၃ စွမ်းအင်အရည်' က ခြောက်ဘူး ရှိနေတာဖြစ်ပြီး ရေမွန်က စစ်မြေပြင်မှာ တစ်ပုလင်းသုံးလိုက်ကာ သူ့ရဲ့စွမ်းအားတွေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည်။ ဘေးနားတွင် ရပ်နေသည့် ကော်ရေး၏မျက်နှာဟာ ရုတ်တရက် အပြောင်းအလဲဖြစ်သွားပြီး မယုံကြည် နိုင်စွာဖြင့် ဂျက်ကာကို စိုက်ကြည့်လိုက်သည်။
“မဖြစ်နိုင်ဘူး!!။ မာရှယ်ရဲ့ စွမ်းအားအရည်တွေကို ကျွန်တော်ကိုယ်တိုင် တစ်ပုလင်းချင်းစစ်ဆေးခဲ့တာ။ အကုန်လုံးက ‘နံပါတ် ၄ စွမ်းအင်အရည်’ တွေချည်းပဲ။ ‘နံပါတ် ၃ စွမ်းအင်အရည်’ ပါလာစရာအကြောင်း မရှိဘူး။” ဂျက်ကာက အသံကျယ်ကြီးနဲ့ ပြန်လည် ငြင်းဆန်နေသည်။
ရေမွန်ကတော့ အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။ “ပုလင်းရဲ့ စတစ်ကာကတော့ ‘နံပါတ် ၄ စွမ်းအင်အရည်’ လို့ ကပ်ထားပေမယ့် အထဲမှာ တကယ်ပါနေတာက ‘နံပါတ် ၃ စွမ်းအင်အရည်” တွေပဲ။
စစ်တပ်က သီးသန့်ထောက်ပံ့ပေးသည့် စွမ်းအင်အရည်တွေဟာ သြဇာကြီးမားတဲ့
မြို့စားနိုလန်မိသားစု၏ စွမ်းအင်လုပ်ငန်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး မြို့စားနိုလန်မိသားစုနဲ့ မာရှယ်အိမ်တော်ကြားမှာ အမြဲတမ်း ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ အကောက်ကြံစရာ အကြောင်းအရင်း မရှိပေ။
အရေးကြီးဆုံးကတော့ မာရှယ်အတွက် ရည်ရွယ်ထားသည့် စွမ်းအင်အရည်တွေကို သယ်ယူပို့ဆောင်သည့်အခါ အထူးကိရိယာတွေနဲ့ ထပ်မံ စစ်ဆေး ရသေးသည်။ ထိုအဆင့်ကို တာဝန်ယူ ကြီးကြပ် စစ်ဆေးရ သည်ကလည်း ဂျက်ကာ ရဲ့တာဝန်ပဲ ဖြစ်သည်။
ထို့ကြောင့် ရေမွန်က ထိုကိစ္စမှာ ဂျက်ကာကိုသံသယဝင် မိတာဖြစ်ပြီး မြို့စားနိုလန်မိသားစုကိုတော့ သံသယ မဝင် ခဲ့ခြင်း ဖြစ်သည်။
ဂျက်ကာရဲ့မျက်နှာတွင် မတရားခံရသည့်အတွက် ဝမ်းနည်းကြေကွဲမှုများမှာ အတိုင်းသား ပေါ်လွင်နေပြီး မကျေမနပ်ဖြင့် ပြောလာခဲ့သည်။ “ဘယ်လိုလုပ်ပြီး ‘နံပါတ် ၄ စွမ်းအင်အရည်’ ပုလင်းထဲမှာ ‘နံပါတ် ၃ စွမ်းအင်အရည်’ ပါနိုင်မှာလဲဗျာ။ ဒီစွမ်းအင်အရည်ပုလင်းတွေက တစ်ခါသုံး ပုလင်းတွေဖြစ်ပြီး တစ်ခါဖောက်ပြီးရင် ပြန်သုံးလို့မရတော့ဘူး။ မာရှယ်လည်း စမ်းသပ်ကိရိယာ မရှိဘဲနဲ့ ဒီပုလင်းထဲမှာ ‘နံပါတ် ၃ စွမ်းအားအရည်’ ပါတယ်လို့ ဘယ်လိုလုပ်ပြီး ကောက်ချက် ချနိုင်ရတာလဲ။”
ကော်ရေးက မာရှယ်၏လက်ထဲက စွမ်းအားအရည်ပုလင်းကို လှမ်းကြည့်လိုက်တော့ တကယ်ပဲ ‘နံပါတ် ၄ စွမ်းအင်အရည်’ လို့ ရေးထားတာကို တွေ့လိုက်ရသည်။
‘နံပါတ် ၄ စွမ်းအင်အရည်’ ပုလင်းထဲမှာ ‘နံပါတ် ၃ စွမ်းအင်အရည်’ ပါနေမည်ဆိုလျှင် ပုလင်းကိုဖောက်ပြီး အရည်တွေကို လဲလှယ်ထည့်ထားမှ ပဲရမည်။ သို့ပေမယ့် ထိုစွမ်းအင်အရည် ပုလင်းတွေက တစ်ခါသုံး ပုလင်းတွေ ဖြစ်ပြီး အဖုံး၊ အပိတ်များ ဘာမှမပါဝင်ပါပေ။ တစ်ခါဖောက်ပြီးလျှင် ပြန်ပိတ်လို့မရနိုင်တော့ပေ။ ဤသို့ဆိုလျှင် မာရှယ် မှားယူလာခဲ့သည်လား။
အဓိက အချက်မှာ ဂျက်ကာဟာ သူ့လိုပဲ မာရှယ်၏ ယုံကြည်ကိုးစားမှုကို ရရှိထားသူပင်ဖြစ်သည်။ မာရှယ် လက်အောက်တွင် သစ္စာရှိရှိ အမှုထမ်းနေသရွေ့ သူတို့၏ အနာဂတ်ဟာ အင်မတန် လင်းလက် တောက်ပနေမှာ ဖြစ်ပြီး မာရှယ်ကို ဒုက္ခပေးဖို့ ဘာအကြောင်းအရင်းလဲ မရှိပေ။
ရေမွန်က ပြောလိုက်သည်။ “မင်းက ဒါ ‘နံပါတ် ၄ စွမ်းအင်အရည်’ ဆိုတာ ဒီလောက် ယုံကြည်နေတယ်ဆိုရင် ဒါဆို မင်းကိုယ်တိုင် စမ်းသုံးကြည့်လိုက်လေ။”
ဂျက်ကာ၏ မျက်နှာဟာ အနည်းငယ်ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “ဒါက မာရှယ်ရဲ့ အထူး စွမ်းအင်အရည် တွေပါ။ ကျွန်တော် ဘယ်လိုလုပ် ထိုးသွင်းရဲမှာလဲ။”
ဘေးနားမှာရှိနေသည့် ကော်ရေးက မနေနိုင်စွာ ဝင်ပြောလိုက်သည်။ “ဂျက်ကာ၊ မင်းနဲ့ မာရှယ်က ‘နံပါတ် ၄ စွမ်းအင်အရည်’ ကိုပဲ သုံးတာလေ။ မာရှယ်ရဲ့ အထူးစွမ်းအင်အရည်က ပိုပြီး သန့်စင်တာ။ ကောင်လေး မင်း အခွင့်အရေးရတုန်း ယူထားသင့်တယ်။”
Orc လူမျိုးတွေဟာ စွမ်းအင်အရည်နဲ့ ထိုးဆေးအပ်ချောင်းတွေကို သူတို့နဲ့အတူ အမြဲတမ်း ယူဆောင် သွားလေ့ရှိကြသည်။ ကော်ရေးက သူ့ရဲ့ ကိုယ်ပိုင်နေရာလွတ်ကနေ တစ်ခါသုံးအပ်တစ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ “မာရှယ် ကျွန်တော် ဂျက်ကာကို ထိုးပေးလိုက်ပါ့မယ်။”
ဂျက်ကာ က လှည့်စားမှုတစ်ခုခုသာ မလုပ်ထားဘူးဆိုလျှင် ထို “နံပါတ် ၄ စွမ်းအင်အရည်” ကို သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တာက သူ့ရဲ့ စွမ်းအားကို တိုးလာစေမှာပဲဖြစ်ပြီး ဘာအန္တရာယ်မှ မရှိပေ။ ဒါဟာ သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်သည်။